စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

ဘဝကို ပေါင်နှံနေကြရသူများ …



အောင်သက်ဝိုင်း ဇွန် ၁၈၊ ၂၀၀၈

ဒဂုံမြို့သစ်(အရှေ့ပိုင်း) မိုးကောင်းလမ်းထိပ်မှာရှိတဲ့ ရတနာ ပုဂ္ဂလိကလိုင်စင်ရ ငွေချေးလုပ်ငန်းဆိုပြီး ဆိုင်းဘုတ်တပ်ထား တဲ့ တိုက်ခန်းအတွင်းကို အဖြူရောင်ပျောက်ပြီး သံချေးရောင်ပေါက်နေတဲ့ အထက်တန်း ကျောင်းတံဆိပ်ပါ အင်္ကျီနဲ့ အစိမ်း ရောင်မရှိတော့ဘဲ မွဲခြောက်ခြောက် လုံချည်စိမ်းကို ၀တ်ဆင်ထားတဲ့ အသက် ၁၃ နှစ်အရွယ် ကျောင်းသူလေးတဦး ၀င်လာပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆယ်ကျော်သက်အရွယ်ဖြစ်ပေမယ့် သူမရဲ့မျက်နှာလေးက အရွယ်နဲ့မလိုက်အောင် အိုစာညှိုးနွမ်းလွန်းလှတယ်။ သူမ ကိုယ်ခန္ဓာက ကြုံလှီသေးကွေးလွန်းလှပြီး နီကျင်ကျင်အသားရေနဲ့ ခြေထောက်တွေမှာ ရွှံဗွက်အလိမ်းလိမ်းနဲ့ ပေကျံ ညစ်ပတ်နေပါတယ်။

တိုက်ခန်းထဲ ရောက်တယ်ဆိုရင်ပဲ အပ်ချည်ချူပ် အဖာရာတွေပြည့်နေတဲ့ သူမရဲ့ ခပ်စုတ်စုတ်လွယ်အိတ်လေး ထဲက သေသေသပ်သပ်ထုပ်ထားတဲ့ အထုပ်လေးတထုပ်ကို ဆွဲထုတ်ပြီးအပေါင်ဆိုင်ပိုင်ရှင်ရဲ့လက်ထဲကို အပ် လိုက်တယ်။ သူမဟာ အထုပ်ကို ယူစစ်ဆေးနေတဲ့ ဆိုင်ရှင်ကိုပဲ အရောင်လက်နေတဲ့ မျှော်လင့်ချက် မျက်လုံး တွေနဲ့ စူးစူးစိုက်စိုက်ကြည့်နေပါတယ်။

အထုပ်ထဲမှာ ပါလာတာကတော့ အရောင်ခပ်မွဲမွဲ ပါတိတ်ထဘီလေးတထည်ဖြစ်ပြီး ဆိုင်ရှင်က အထည်ကို သေသေချာချာ လှန်လှော စစ်ဆေးနေတယ်။

“သုံးရာရမယ်”ဆိုတဲ့ အပေါင်ဆိုင်ရှင်ရဲ့ စူးရှတဲ့အသံထွက်ပေါ်လာတယ် ဆိုရင်ပဲ ကျောင်းသူကလေးမရဲ့ အရောင်တောက် တဲ့ မျက်လုံးတွေက ဖျော့တော့နွမ်းလျသွားပါတယ်။

“အန်တီရယ် ငါးရာတော့ပေးပါ။ သမီး ဒီနေ့ကျောင်းစာအုပ်ဖိုးသွင်းရမှာမို့လို့ပါ”ဆိုတဲ့ တိုးညင်းလှတဲ့အသံလေးက သနား စဖွယ် ပေါ်ထွက်လာပါတယ်။ ဆိုင်ရှင်က ကျောင်းသူမလေးကို တချက် စိုက်ကြည့်လိုက်ပြီး အထည်ကို ကြိုးနဲ့ ချည်နှောင် ထုပ်ပိုးပြီး စာရင်းသွင်းလိုက်ပါတယ်။

ခဏကြာတော့မှ ဆိုင်ရှင်က ငွေငါးရာနဲ့ အဖြူရောင်ဘောက်ချာလေးတခုကို ကျောင်းသူမိန်းကလေးဆီ သံဆန်ခါတွေ ကာရံထားတဲ့ အပေါက်လေးထဲကနေ လှမ်းပေးလိုက်ပါတယ်။

အဲဒီနောက်မှာ ကျောင်းသူကလေးမဟာ ငွေငါးရာနဲ့ ဘောက်ချာကို လွယ်အိတ်ထဲထည့်ပြီး ရွှင်လန်းတက်ကြွ တဲ့ အသွင် အပြင်နဲ့ မိုးပေါက်လေးတွေတဖွဲဖွဲကျနေတဲ့ လမ်းမပေါ်ကို အမိုးအကာမပါဘဲ ပြေးထွက်သွားပါတော့တယ်။

ရတနာ အပေါင်ဆိုင်ထဲမှာတော့ ပစ္စည်းပေါင်ပြီးငွေချေးဖို့ ရောက်နေကြတဲ့ အမျိုးသား၊ အမျိုးသမီးတွေက ကျောင်းသူ ကောင်မလေးကို စိတ်မကောင်းကြီးစွာ လှမ်းမျှော်ကြည့်နေကြပါတယ်။

သူတို့တွေအားလုံးရဲ့မျက်နှာမှာ ကလေးမကိုသနားစာနာတဲ့ အမူအရာတွေနဲ့ ကူညီရိုင်းပင်းလိုတဲ့ အသွင်အပြင်တွေ အထင်း သားပေါ်လွင်နေပါတယ်။ ဒါပေမယ့် သူတို့ကိုယ်တိုင်လည်း ကျောင်းသူကလေးမလေးလိုပဲ စားဝတ် နေရေးနဲ့ စီးပွားရေး အကြပ်အတည်းဖြေရှင်းဖို့အတွက် အပေါင်ဆိုင်မှာငွေချေးမလို့ ရောက်နေကြ သူတွေ ပါပဲ။

“နာဂစ် မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်း အ၀တ်အထည်နဲ့ အိုးခွက်ပန်းကန်တွေ အများဆုံးလာပေါင်ကြတယ်။ အထူးသဖြင့် အမျိုးသမီးထဘီနဲ့ ဒန်အိုးဒန်ခွက်တွေကတော့ အများဆုံးလက်ခံရတဲ့ အပေါင်ပစ္စည်းတွေပဲ”လို့ လှိုင်သာယာမြို့နယ်က ပုဂ္ဂလိကလိုင်စင်ရငွေချေးလုပ်ငန်း အပေါင်ဆိုင် ပိုင်ရှင်တဦးက ပြောပါတယ်။

နာဂစ်မုန်တိုင်း မတိုက်ခတ်မီကပင် ရန်ကုန် နယ်နမိတ်အတွင်းဖွင့်လှစ်ထားတဲ့ လိုင်စင်ရ ပုဂ္ဂလိက ငွေချေး လုပ်ငန်းတွေမှာ ပစ္စည်းလာရောက်ပေါင်နှံသူတွေ အများအပြားရှိနေပြီး နာဂစ်မုန်တိုင်းတိုက်ပြီးတဲ့ နောက်ပိုင်းမှာ အပေါင်ဆိုင်ကိုလာရောက် တဲ့သူတွေ အလွန်ပေါများလာတယ်လို့ အပေါင်ဆိုင်လုပ်ငန်းရှင်တွေက ဆိုပါတယ်။

“အိမ်တွေပြို ၊ အလုပ်အကိုင်တော်တော်များလည်း ရပ်ကုန်တော့ လူတွေက ငွေရဖို့ အပေါင်ဆိုင်တွေကို အားကိုး လာရ တယ်။ ကျနော့်ဆိုင်မှာ အရင်တုန်းက တနေ့ကို လူ ၆၀ နဲ့ ၁၀၀ ကြားလောက်ပျမ်းမျှလာပေါင်တယ်။ နာဂစ် မုန်တိုင်းနောက် ပိုင်း လာပေါင်တဲ့လူ အရေအတွက် အရမ်းများလာတယ်”ဟု အင်းစိန်မြို့နယ် အင်းစိန် ဈေးအနီးရှိ အပေါင်ဆိုင်လုပ်ငန်းရှင် တဦးက ဆိုပါတယ်။

နာဂစ် မုန်တိုင်းနောက်ပိုင်း အင်းစိန်မြို့နယ်အတွင်းရှိ အပေါင်ဆိုင်တွေမှာ နေ့စဉ်လာရောက်ပေါင်နှံတဲ့ လူဦးရေ ၂၀၀ နဲ့ ၃၀၀ အကြားရှိနေပြီး အများစုမှာ အ၀တ်အထည် ၊ အိမ်သုံးလျှပ်စစ်ပစ္စည်းများ နဲ့ မီးဖိုချောင်သုံး ပစ္စည်း တွေ ပေါင်နှံကြတယ်လို့ သိရပါတယ်။

“ပစ္စည်းလာပေါင်ကြတဲ့ လူတွေက တနေ့လုပ်တနေ့စား အခြေခံလူတန်းစားတွေ၊ အောက်ခြေအဆင့် အစိုးရ ၀န်ထမ်းတွေ အများဆုံးလာကြတယ်”လို့ လှိုင်မြို့နယ်မှ အပေါင်ဆိုင်ပိုင်ရှင်တဦးကလည်း ဆိုပါတယ်။

လှိုင်သာယာမြို့နယ်ရှိ အပေါင်ဆိုင်တွေမှာလည်း လက်လုပ်လက်စား အခြေခံလူတန်းစားတွေ အများဆုံး လာ ရောက်ပေါင် နှံကြပြီး နေ့ချင်းပြန် ပစ္စည်းတွေပေါင်နှံရွေးယူမှု များပြားကြောင်း လှိုင်သာယာအပေါင်ဆိုင် တွေရဲ့ အပြောအရသိရပါတယ်။

“မနက် အလုပ်သွားခါနီး ဒန်အိုးဒန်ခွက်တွေလာပေါင်ပြီး အလုပ်သွားလုပ်ဖို့ လမ်းစရိတ်နဲ့ မနက်စာ မုန့်လေး ဘာလေးစားဖို့ စရိတ်ရှာတယ်။ ညနေအလုပ်ကပြန်လာတဲ့ အခါ မနက်က ပေါင်ထားတဲ့ ဒန်အိုးဒန်ခွက်တွေကို အတိုးရော၊ အရင်းပါဆပ်ပြီး အိမ်မှာထမင်းဟင်းချက်ဖို့ အိုးခွက် တွေပြန်ရွေးတယ်။ အဲလို နေ့စဉ်ပေါင်နှံ လမ်း စရိတ်ရှာပြီးအလုပ်သွားတယ်”လို့ လှိုင်သာယာ ၂၁ ရပ်ကွက်မှာနေထိုင်ပြီး ရန်ကုန်မြို့တွင်း ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုမှာ အလုပ်လုပ်နေတဲ့ နေ့စားပန်းရံဆရာတဦးက ဆိုပါတယ်။

နေ့စဉ်စားဝတ်နေရေး အခက်အခဲတွေရှိနေပြီး လစာနဲ့မလုံလောက်တဲ့အတွက် ၀န်ထမ်းများအနေနဲ့လည်း ပစ္စည်းပေါင် ငွေချေးငှားကြရပြီး လစာရရှိချိန် ပြန်လည်ရွေးလိုက် လုပ်ရကြောင်း၊ အပေါင်ဆိုင်တွေနဲ့ကင်းရှင်းတဲ့ ၀န်ထမ်းရယ်လို့ အင်မတန်ရှားတယ်လို့ ဆိုကြပါတယ်။

“လကုန်ပြီး ၁၂ ရက်လောက်ဆိုရင် လက်ထဲမှာပိုက်ဆံပြတ်သွားပြီ။ တနေ့စာ တနေ့ စားဖို့ အပေါင်ဆိုင်တွေကို ပြေးရတယ်။ အရင်က ဌာနကပေးတဲ့ ဆန်၊ ဆီ တွေရတော့ စားဖို့ကို ရှိတာနဲ့ ဖြစ်သလိုစားတော့ အပေါင်ဆိုင်တွေ သိပ်သွားစရာမလိုဘူး။ ဒါပေမယ့် အစိုးရလစာတွေ တိုးမြှင့်ပြီးနောက်ပိုင်းတော့ ဆန်၊ ဆီတွေ မရတော့တဲ့ အတွက် အပေါင်ဆိုင်နဲ့ ၀န်ထမ်းတွေ ထိတွေ့လာရတယ်”လို့ တပ်မတော်ချည်မျှင်နဲ့ မိုးရေကာဖျင် ၀န်ထမ်း တဦးက ဆိုပါတယ်။

ရန်ကုန်မြို့အတွင်း အောင်မြင်ဖြစ်ထွန်းတဲ့ စီးပွားရေးလုပ်ငန်းတွေမှာ အပေါင်ဆိုင်လုပ်ငန်းက တခုအပါအ၀င် ဖြစ်တဲ့အတွက် လုပ်ကိုင်လိုသူပေါများပြီး နှစ်စဉ်အပေါင်ဆိုင် အရေအတွက်တိုးများလာတယ်လို့ အပေါင်ဆိုင် လုပ်ပိုင်ခွင့်လိုင်စင် ချပေးတဲ့ ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ အဆင့်မြင့် အရာရှိကြီးတဦးက ပြောပြတယ်။

သူ့ အဆိုအရ ရန်ကုန်မြို့မှာ၂၀၀၀-၂၀၀၁ ခုနှစ် ဘဏ္ဍာရေးနှစ်က အပေါင်ဆိုင် ၁၃၇ ဆိုင်၊ ၂၀၀၁-၂၀၀၂ ခုနှစ် ဘဏ္ဍာရေး နှစ်မှာ အပေါင်ဆိုင် ၁၆၀ ၊၂၀၀၂-၂၀၀၃ ခုနှစ်မှာ ၁၆၂ ဆိုင်၊ ၂၀၀၃-၂၀၀၄ ခုနှစ်မှာ ၁၆၂ ဆိုင်၊၂၀၀၄-၂၀၀၅ ခုနှစ်မှာ ၁၈၉ ဆိုင်၊၂၀၀၅-၂၀၀၆ ခုနှစ်မှာ၂၁၄ ဆိုင်၊ ၂၀၀၆-၂၀၀၇ မှာ ၂၅၀ ဆိုင်၊ ၂၀၀၇-၂၀၀၈ မှာ ၂၅၅ ဆိုင် ရှိပြီး အခု ၂၀၀၈-၂၀၀၉ ဘဏ္ဍာရေးနှစ်မှာ အပေါင်ဆိုင် ၂၅၆ ဆိုင်ရှိကြောင်း သိရှိရ ပါတယ်။

အပေါင်ဆိုင်လိုင်စင်ရဖို့ လုပ်ငန်းရှင်တွေအပြိုင်အဆိုင်လေလံဆွဲတဲ့နေရာမှာ စည်ပင်ကို လာဘ်ငွေထိုးရပြီး လာဘ်ငွေအများ ဆုံးပေးနိုင်တဲ့သူတွေသာ လိုင်စင်ရနိုင်တယ်လို့ အပေါင်ဆိုင်လုပ်ငန်းရှင်တွေက ရှင်းပြတယ်။

“ရန်ကုန်ဆင်ခြေဖုံးမြို့နယ်မှာ အပေါင်ဆိုင်ဖွင့်ဖို့ လိုင်စင် ကြေး သိန်းငါးဆယ် သွင်းရမယ်ဆိုရင် နောက်ထပ် စည်ပင် ကို လိုင်စင်ရဖို့ သိန်း ၂၀ လောက် လာဘ်ထိုးရတယ်။ အားလုံးပေါင်း လိုင်စင်ကြေးအတွက်ချည်းပဲ ငွေသိန်း ၇၀ လောက် ကုန်တယ်”လို့ လှိုင်သာယာမြို့နယ်မှ အပေါင်ဆိုင် ပိုင်ရှင် က ပြောပြတယ်။

အပေါင်ဆိုင်လိုင်စင်ကြေးမှာ မြို့နယ်အလိုက်ကွာခြားမှုရှိပြီး ဆင်ခြေဖုံးမြို့နယ်တွေရဲ့ လိုင်စင်ကြေးက အနည်းဆုံး သိန်း ငါးဆယ် ရှိကြောင်း၊ မြို့တွင်းမှာ လိုင်စင်ကြေး အနည်းဆုံး သိန်း ရှစ်ဆယ်ရှိကြောင်း လုပ်ငန်းရှင် တွေရဲ့ အဆို အရ သိရပါတယ်။

အပေါင်ဆိုင်တခုတည်ထောင်ဖို့အတွက် သိန်း၂၀၀၀ ခန့် လိုအပ်ပြီး ရန်ကုန်မြို့အပေါင်ဆိုင်အများစုမှာ စုပေါင်း ရှယ်ယာစနစ်နဲ့ ဖွင့်လှစ်ကြကြောင်း၊ တနိုင်တပိုင် လိုင်စင် မလျှောက်ဘဲ လုပ်ကိုင်ကြတဲ့ တရားမ၀င် အပေါင်ဆိုင် အများအပြားလည်း ပေါ်ပေါက်နေကြောင်း လုပ်ငန်းရှင်တွေက ရှင်းပြပါတယ်။

“ရပ်ကွက်တွေထဲမှာ ငွေလိုတဲ့သူတွေကို အပေါင်ပစ္စည်းယူငွေချေးတဲ့ အပေါင်ဆိုင်လေးတွေ အများကြီး ရှိလာ တယ်။ သူတို့ကတော့ လိုင်စင်မလိုဘဲ တနိုင်တပိုင်လုပ်ကြတာ။ အဲဒီဆိုင်လေးတွေ များလာတော့ လိုင်စင်နဲ့ လုပ်တဲ့ အပေါင်ဆိုင်ကြီး တွေ လုပ်ငန်းနည်းနည်း ကျတာပေါ့”လို့ သင်္ကန်းကျွန်းမြို့နယ်မှ အပေါင်ဆိုင် လုပ်ငန်းရှင် တဦးကဆိုပါတယ်။

Rest of your post

No comments: