စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 12, 2008

နာဂစ်ဆိုင်ကလုန်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်္ခန်းစာရရှိ

အေးချမ်းမြေ့ ဇူလိုင် ၁၁၊ ၂၀၀၈

မေလဆန်းက တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းက မြန်မာစစ် အစိုးရနှင့် ပြည်သူများကို သဘာဝပတ်ဝန်း ကျင်နှင့် ပတ်သက်သည့် သင်္ခန်းစာတခု ပေးသွား ခဲ့ကြောင်း မြန်မာ့သဘာဝပတ်ဝန်းကျင် ပညာရှင်တဦးဖြစ်သည့် ဦးအုန်းက သုံးသပ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒါ သဘာဝကပေးတဲ့ ကောင်းချီးမင်္ဂလာပဲဗျ။ ဖြစ်သွားတာတော့ ဖြစ်သွားပြီ။ ဒါပေမယ့် နောက်ကို ဒီလိုဆိုးဆိုးရွားရွား မဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ အစိုးရကိုကော ပြည်သူကိုပါ အမြင်ပွင့်အောင် လုပ်ပေးလိုက်သလိုပဲ” ဟု ဦးအုန်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက ဒီရေတောများ မျိုးသုဉ်းပျောက်ကွယ်လျှက်ရှိသည့် မြစ်ဝကျွန်းပေါ် ဒေသများသည် နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဒဏ်ကို ဆိုးဆိုးရွားရွား ပိုမို ခံစားခဲ့ရသည်ဟု ရှင်းပြသည်။
“ဆူနာမီတုန်းက ဒီလောက်ဒဏ်မခံခဲ့ရဘူး။ အခုနာဂစ်မှာ တော်တော်သိသိသာသာ ခံလိုက်ကြရတယ်” ဟု ၎င်းကပြောသည်။
ဦးအုန်းသည် ရန်ကုန်အခြေစိုက်သဘာဝပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖရီးဒါ (FREDA) ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။ ယခုအခါ ၎င်းအဖွဲ့အစည်းက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးရန် ကျိုးစားလျှက် ရှိသည်။
ဦးအုန်းက မြန်မာစစ်အစိုးရကော ပြည်သူများပါ ယခင်က သဘာဝပတ်ဝန်းကျင်ကို အလေးထား ဂရုစိုက်သင့်ကြောင်း အသိမရှိခဲ့သော်လည်း ယခုကဲ့သို့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဆိုးရွားစွာ ပျက်စီးဆုံးရှုံးခဲ့ပြီးသည့်အချိန်တွင် သဘာဝပတ်ဝန်းကျင်ကို အလေးထားရကောင်းမှန်း သိရှိလာသဖြင့် အဆိုးထဲမှ အကောင်းတခု ဖြစ်သည်ဟု ဆိုသည်။
စစ်အစိုးရပိုင် သတင်းစာတစောင်ဖြစ်သည့် ဇူလိုင် ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဒီရေတောများ ထိန်းသိမ်းရန် ဆောင်းပါးတပုဒ် ထည့်သွင်းရေးသား လာသည်ကို တွေ့ရသည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် ယခင်က ဒီရေတောများ ထူထပ်များပြားစွာ ပေါက်ရောက် ရှင်သန်လျှက်ရှိသော်လည်း လယ်မြေ အတွက် ဒီရေတောများရှင်းလင်းခြင်း၊ ငါးပုစွန် ကန်များအတွက် ဒီရေတောများကို တမန်တုတ်ကာ ပျက်သုဉ်းစေခြင်း၊ စီးပွားဖြစ် မီးသွေးဖုတ်ရန်အတွက်သော်လည်းကောင်း ထင်းအတွက်သော်လည်းကောင်း ဒီရေတောများကို ခုတ်ထွင်ခဲ့သဖြင့် ဒီရေတောများ ရှားပါးမျိုးသုဉ်းပျောက်ကွယ် ခဲ့ရသည်ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်များက သုံးသပ်သည်။
“ခု အဖြစ်အပျက်က သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ပျက်ကွက်ခဲ့တဲ့အတွက် တိုက်ရိုက်ဆိုးကျိုးခံစားရတယ် ဆိုတာ ထင်ထင်ရှားရှားပြလိုက်တာပဲ။ ကျနော်တို့ရဲ့ ဒီရေတောတွေကို ဆက်မထိန်းသိမ်းဘူးဆိုရင် နောက်တခါကျ ဒီထက် ဆိုးဆိုးရွားရွား ခံစားရလိမ့်ဦးမယ်” ဟု ဦးအုန်းက ပြောသည်။
မြန်မာပြည်၏ သဘာဝ သစ်တောကြိုးဝိုင်းဧရိယာမှာ ဟက်တာ ၃၄ သန်း ရှိပြီး အရှေ့တောင် အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးလျင် အကြီးဆုံးဖြစ်သည်။ သို့ရာတွင် ဧရာဝတီတိုင်း၌ သစ်တော ပြုန်းတီးမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလအတွင်း ဒီရေတောပမာဏ ၂၀ ရာခိုင်နှုန်းကျော် မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြောင်း ဝါရှင်တန် ဒီစီ အခြေစိုက် အကျိုးအမြတ်မရရှိသော အဖွဲ့အစည်း Conservation International ၏ လေ့လာတွေ့ရှိချက်အရ သိရသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျန်ရှိနေသည့် ဒီရေတောများစွာ ပျက်သုဉ်းခဲ့သည့် အပြင် ရန်ကုန်မြို့ရှိ နှစ် ၅၀ မှ ၁၀၀ အတွင်းသက်တမ်းရှိသည့် သစ်ပင်ကြီးများစွာ ပျက်စီး ပြိုလဲခဲ့ရသည်။
“ပြည်သူ့ဥယျာဉ်ထဲက သစ်ပင်တွေဆို မရှိတော့သလောက်ဘဲ။ ဟိုးဘက်လမ်းကို ဒီဘက်ပြည်လမ်းကနေ တိုးလျှိုပေါက် မြင်နိုင်လောက်အောင် ဖြစ်သွားတယ်။ ရန်ကုန်တက္ကသိုလ်ထဲက သစ်ပင်တွေလည်း ဒီတိုင်းပဲ။ အရင်က သီရိဆောင်တို့ မာလာဆောင်တို့ကို ကွယ်ထားတဲ့ အပင်ကြီးတွေ ဘာတပင်မှ မရှိတော့ဘူး” ဟု ရန်ကုန် မြို့ခံတဦးကဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက တာဝန်ရှိသူတဦး၏ ပြောကြား ချက်အရ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့ရှိ နှစ် ၅၀ နှင့် အထက် သက်တမ်းရင့် သစ်ပင် ၅၃၁ ပင် အပါအဝင် အပင်ပေါင်း ၁၀၀၀၀ နီးပါးခန့် ပြိုလဲ ပျက်စီးခဲ့ရကြောင်း ပြည်တွင်းဂျာနယ် တချို့တွင် ရေးသား ဖော်ပြထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြိုလဲပျက်စီးခဲ့ရသည့် သစ်ပင်ကြီး များကို သိမ်းဆည်းသွားပြီး မည်ကဲ့သို့ အသုံးချသည်ကို မသိရကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။
ရန်ကုန်အခြေစိုက် ယခုတပတ် ဆဲဗင်းဒေး နယူးစ် အပတ်စဉ်ဂျာနယ်တွင်မူ စစ်အစိုးရက နာဂစ် ဆိုင်ကလုံးကြောင့် ပြိုလဲ ကျခဲ့သည့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်းမှ သစ်ပင်များနှင့် သစ်မြစ်ဆုံများကို ပုံစံပြောင်းကာ ပြည်တွင်းနှင့် နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင် များအတွက် လေလံပစ်တော့မည်ဟု ဖော်ပြပါရှိသည်။
ပုံစံပြောင်းကာ ပန်းပုထုရန်အတွက် ပဲခူးနှင့် ဒါးပိန်တို့မှ ပန်းပုဆရာ ၄၅ ဦးခန့်ကို ရွေးချယ် ခေါ်ယူထားသည်ဟု ၎င်းဂျာနယ် တွင် ရေးသားထားသည်။
ယခုအခါတွင် စစ်အစိုးရအနေနှင့် မုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားသော သစ်ပင်များ နေရာတွင် သစ်ပင်ပေါင်း ၃၀၀၀၀ ကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ၎င်းတို့ပိုင် သတင်းစာများတွင် ရေးသားထားသည်ကို တွေ့ရသည်။

အပြည့်အစုံဖတ်လိုလျှင်

မစ္စတာ ဂန်ဘာရီ ကုလသမဂ္ဂ အထွေထွေညီလာခံ ဥက္ကဌ နှင့် တွေ့ဆုံ

ဧရာဝတီ ဇူလိုင် ၁၁၊ ၂၀၀၈

ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင် ဂန်ဘာရီ နှင့် အထွေထွေညီလာခံ ဥက္ကဌ မစ္စတာ ဆာဂျန် ကာရမ် (Srgjan Kerim) နှင့် တွေ့ဆုံကာ လက်ရှိ မြန်မာ့နိုင်ငံရေးအခြေ အနေနှင့် နာဂစ်မုန်တိုင်း ကူညီထောက်ပံ့ရေး အခြေအနေများကို ဆွေးနွေးကြကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရ၏ ဒီမိုကရေစီ တိုးတက်ပြောင်းလဲမှုအခြေအနေနှင့် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများကို စစ်အစိုးရ၊ ကုလ သမဂ္ဂနှင့် အာဆီယံများ ပူးပေါင်းလုပ်ဆောင်လျက်ရှိသည့် ကယ်ဆယ်ရေး အခြေအနေ များကိုလည်း ဆွေးနွေးခဲ့ကြသည်။
မစ္စတာ ဂန်ဘာရီသည် ယခုလကုန်ပိုင်းတွင် မြန်မာနိုင်ငံသို့ သွားရောက်ရန်ရှိပြီး နေ့ရက်အတိအကျ မသတ်မှတ်ရသေးပေ။
မစ္စတာ ဆာဂျန် ကာရမ် က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ ဆုံးဖြတ်ချက်များ အကောင် အထည်ပေါ်စေရေးအတွက် စစ်အစိုးရအား မစ္စတာ ဂန်ဘာရီနှင့် ပူးပေါင်းဆောင်ရွက်ရန် အပြင်းအထန် တိုက်တွန်းလိုက် ကြောင်း ပြောဆိုသည်။
မစ္စတာ ဂန်ဘာရီသည် ယခုနှစ် မတ်လ ၆ ရက်နေ့က မြန်မာနိုင်ငံသို့ နောက်ဆုံးအကြိမ် ရောက်ရှိခဲ့သည်။
၂၀၀၇ ခုနှစ်အတွင်းကလည်း မြန်မာနိုင်ငံသို့ ၂ ကြိမ် လာရောက်၍ စစ်အစိုးရ ခေါင်းဆောင်များ၊ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အန်အယ်လ်ဒီ အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။ ယင်းခရီးစဉ်များနှင့်ပတ်သက်၍ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က တိုးတက်မှုနည်းပါး၍ စိုးရိမ်ကြောင်း ထုတ်ဖော်ပြောကြားခဲ့ဖူးသည်။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးအတွက် ဒေါ်လာ သန်း ၂၈၀ ထပ်မံလိုအပ်

မစ္စတာ ဂျွန် ဟုမ်းလ်စ်နှင့်အဖွဲ့ နာဂစ်ဒုက္ခသည်များအား တွေ့ဆုံစဉ် (ဓာတ်ပုံ - အေအက်ဖ်ပီ)
ဧရာဝတီ ဇူလိုင် ၁၁၊ ၂၀၀၈


နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် ဒုက္ခသည်များ ပြန်လည်ထူထောင်ရေးအတွက် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၈၀ ထပ်မံ လှူဒါန်းရန် ကမ္ဘာ့ကုလသမဂ္ဂက အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ယမန်နေ့ကပြုလုပ်သည့် အထူးအစည်းအဝေးပွဲ၌ ကုလသမဂ္ဂ လူသားချင်း ညှာတာထောက်ထားမှုဆိုင်ရာ ဌာနအကြီးအကဲ မစ္စတာ ဂျွန် ဟုမ်းလ်စ်က ရန်ပုံငွေတောင်းခံခြင်းဖြစ်ပြီး ၎င်း ရန်ပုံငွေအား ကုလသမဂ္ဂ လက်အောက်ခံအဖွဲ့ ၁၃ ဖွဲ့နှင့် အန်ဂျီအိုအဖွဲ့ ၂၃ ဖွဲ့က မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်း ၁၀၃ မျိုး အတွက် အသုံးပြုမည်ဟု ဟုမ်းလ်စ်က ပြောသည်။
ပြန်လည်ထူထောင်ရေးလုပ်ငန်းများအတွက် စုစုပေါင်းလိုအပ်သည့် ရန်ပုံငွေမှာ အမေရိကန်ဒေါ်လာ ၄၈၁ သန်း ဖြစ်ပြီး မူလကတောင်းခံထားသည့် အမေရိကန်ဒေါ်လာ ၂၀၁ သန်း အနက် တချို့တ၀က်ရပြီးဖြစ်သောကြောင့် ထပ်မံလိုအပ်ငွေ စုစုပေါင်းသည် အမေရိကန်ဒေါ်လာ ၃၀၄ သန်းဖြစ်သည်ဟုလည်း ဟုမ်းလ်စ်က ဖြည့်စွက် ပြောဆိုသည်။
နယူးယောက်ရှိ ကုလသမဂ္ဂရုံးချုပ်တွင်ပြုလုပ်သည့် အဆိုပါအစည်းအဝေးပွဲသို့ အာဆီယံ အတွင်းရေးမှူးချုပ် မစ္စတာ ဆူရင် ပစ်ဆူဝန် (Surin Pitsuwan) နှင့် ရန်ကုန်ရှိ ကုလသမဂ္ဂ လူသားချင်းညှာတာထောက်ထားမှုဆိုင်ရာ ဌာနအကြီးအကဲ မစ္စတာ ဒန်နီရယ် ဘိတ်ကာ (Daniel Baker) တို့လည်း တက်ရောက်ကြသည်။
ပြန်လည်ထူထောင်ရေး ရန်ပုံငွေများအနက် စားနပ်ရိက္ခာအတွက် အမေရိကန်ဒေါ်လာ ၁၁၂ သန်း၊ စိုက်ပျိုးရေးအတွက် ၅၈ သန်း၊ အစောပိုင်း ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ၅၄ သန်း၊ သောက်သုံးရေသန့်အတွက် သန်း ၅၀နှင့် ထောက်ပံ့ပို့ ဆောင်ရေးအတွက် သန်း ၅၀ အသုံးပြုသွားမည်ဟု ဟုမ်းလ်စ် က ပြောသည်။
မုန်းတိုင်းသင့်ဒေသများသို့ နိုင်ငံတကာမှကယ်ဆယ်ရေးများ ၀င်ရောက်လုပ်ကိုင်ခွင့်မရခင် ကိုယ်ထူကိုယ်ထ ကယ်ဆယ်ရေး လုပ်ခဲ့ကြသည့် ဒေသခံပြည်သူများ၊ ရဟန်းသံဃာတော်များနှင့် ပုဂ္ဂလိက အလှူရှင်များ၏ အစွမ်းကို လျှော့တွက်မိခဲ့သည် ဟုလည်း ဟုမ်းလ်စ်က ပြောဆိုလိုက်သည်။
မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့က မြန်မာနိုင်ငံ ရန်ကုန်တိုင်းနှင့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသတို့ကို တိုက်ခတ်သည့် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် လူဦးရေ ရှစ်သောင်းကျော် အသက်ဆုံးရှုံးကာ ငါးသောင်းကျော် ပျောက်ဆုံးနေကြောင်း စစ်အစိုးရ စာရင်းများအရ သိရသည်။ လူဦးရေ ၂ ဒဿမ ၄ သန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

မြစ်ရေကြီး၍ ပဲခူးတိုင်း စပါးစိုက်ခင်းများ ပျက်စီး

ကိုစိုး ဇူလိုင် ၁၁၊ ၂၀၀၈

စစ်တောင်းမြစ် ရေကြီး ရေလျှံ ဖြစ်မှုကြောင့် ပဲခူးတိုင်း အတွင်းရှိ လယ်ယာမြေများ ရေမြုပ်၍ စပါးစိုက်ခင်းများစွာ ပျက်စီး ဆုံးရှုံးမှုရှိကြောင်း ဒေသခံများက ပြောသည်။
စစ်တောင်းမြစ်နှင့် စစ်တောင်းတူးမြောင်းမှ ရေလျှံသောကြောင့် ပဲခူးမြို့အပါအ၀င် သနပ္ပင်၊ က၀ ၊ ဝေါ မြို့တို့တွင် ပျိုးကျဲ ထားသည့် လယ်မြေများရေမြုပ်ပျက်စီးကုန်သော်လည်း သက်ဆက်ဆိုင်ရာ တာဝန်ရှိ သူ များက မည်သည့် ဆောင်ရွက်ပေး မှုမှ မရှိကြောင်း ပဲခူးမြို့မှ ရှေ့နေကြီး ဦးမြတ်လှက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ရေက ကျနော်တို့ ပဲခူးမြို့ထဲတောင် ၀င်နေပြီ၊ ပဲခူးတ၀ိုက်က စစ်တောင်းမြစ် ရေလျှံတာ၊ ပဲခူးမြစ်နဲ့ စစ်တောင်း မြစ်နဲ့ ဆက်ထားတဲ့ စစ်တောင်းတူးမြောင်းလဲ ရေလျှံတယ်၊ သနပ္ပင်၊ က၀ ၊ ဝေါ တို့မှာလည်း ရေလျှံတယ်၊ သနပ္ပင် မှာ မျိုးစပါးတွေ ကျဲထားတာ ရေမြုပ်ကုန်ပြီ၊ အဲဒါ ၃ ရက် လောက်ရှိနေပြီ၊ ပဲခူးမြို့ထဲမှာလည်း အနိမ့်ပိုင်းတွေဖြစ် တဲ့ ဇိုင်းဂနိုင်းပိုင်းတို့၊ ကျောက်ကြီးစုပိုင်းတို့ကို ရေရောက် နေတာ ၂ ရက်ရှိပြီ၊ အမြင့်ပိုင်းကိုတော့ မရောက်သေး ဘူး၊ သက်ဆိုင်ရာကလည်း ဘာမှ စီစဉ်ပေးတာမရှိဘူး၊ လူ အသေအပျောက်တော့ မရှိသေးဘူး၊ လယ်တွေတော့ ပျက်စီးတယ်”ဟု ဦးမြတ်လှ က ပြောသည်။
နှစ်စဉ် ဇူလိုင်၊ သြဂုတ်လများတွင် ယခုကဲ့သို့ မြစ်ရေတက်တတ်သော်လည်း သက်ဆိုင်ရာအာဏာပိုင်များ အနေနှင့် မည်သည့် ကြိုတင်ပြင်ဆင်မှုမှ မရှိကြောင်း၊ ရေဆက်တက်ရန် အလားအလာ ရှိကြောင်းလည်း ၎င်း က ပြော သည်။
ပဲခူးတိုင်း ပြွန်တန်ဆာ မြို့နှင့် ဒေသတ၀ိုက်ရှိ ၀ါးရင့်ကုန်း၊ စံဖဲ ၊ အလယ်ရွာ ၊ အေးရွာ စသည့် ရွာများသည်လည်း ယခင်လ ၁၅ ရက်ပိုင်းက စတင်၍ စစ်တောင်း မြစ် ရေ လျှံသောကြောင့် လယ်သမားများ ယခုအချိန်အထိ စပါး စိုက်ရသည် မှာ၂ ကြိမ် ရှိသည့်တိုင် လယ်မြေများ ရေမြုပ် နေဆဲ ဖြစ်၍ စိုက်ပျိုးထားသော စပါးများ ပျက်စီးဆုံးရှုံး ရ ကြောင်း ဒေသခံတဦးက ပြောပြသည်။
“ရေက ဂိတ် ၁၈-၁၉ လောက်ကနေတက်တာ အခု ၃၉ လောက်အထိရှိနေပြီ၊ ဟို ၅ ရက် လောက်က ရေပြန်ကျ သွားလို့ လယ်တွေ ပြန်စိုက်တာ၊ အခု ပြန် မြုပ်ကုန်ပြီ၊ ရေပြန်တက်နေတာ ၇ ရက် ၊ ၈ ရက်လောက် ရှိနေပြီ၊ စပါး တွေ ၂ ခါသေ သွားပြီ၊ ရေတွေ ဖွေးနေ တုန်းပဲ၊ စစ်တောင်းမြစ်က တက်တာ၊ မဒေါက်ဘက်လည်း နည်းနည်းတက် တယ်” ဟု ၎င်း က ပြောသည်။
ပြွန်တန်ဆာ မြို့တွင် ယမန်နှစ်က ရေမတက်သော်လည်း ယခုနှစ်တွင် မြို့သစ်ပိုင်း၌ ရေ တက်သောကြောင့် လှေဖြင့် သွားလာနေရသည့်အတွက် သွားရေးလာရေး ခက်ခဲလျှက်ရှိသည်ဟုလည်း သိရသည်။
“ပြွန်တန်ဆာ မြို့ ထဲမှာတော့ မတက်ဘူး၊ မြို့သစ်နောက် ကျောပိုင်းမှာ ရေတွေ တအားနဲ့ဖွေးနေပြီးတော့ လှေတွေ နဲ့ပဲ သွားနေရတယ်၊ မနှစ်က ရေမရှိဘူး၊ ဒီနှစ်က တာတွေ ဟိုက ဖြတ်ပိတ်၊ ဒီကဖြတ်ပိတ်နဲ့ဆိုတော့ ရေတွေ တက်ပြီး လယ်တွေလည်း တော်တော်ပျက်စီးတယ်” ဟု ပြွန်တန်ဆာ ဒေသခံက ပြောသည်။
ယခုကဲ့သို့ ရေတက်ရက်ကြာရှည်၍ လယ်ယာမြေများ ရေမြုပ်ပျက်စီးရခြင်းသည် တာတမံများပြုလုပ်မှုကြောင့်လည်း ပါဝင်ကြောင်း ၎င်းက ဆိုသည်။
“ညောင်လေးပင် အထွက်ကနေ တာဖို့ထားတာ၊ ကျောင်းရွာတို့ ဂျောင်းတာတို့ ဘက်ကို သွားတဲ့ တာ၊ မဒေါက်မြစ်ကို ကာထားတဲ့ တာပေါ့၊ အဲဒီ ညောင်လေးပင်နားမှာ ဖို့ထားတာ၊ အဲဒီတာတွေကြောင့် ပါတာပေါ့၊ ပြီးခဲ့တဲ့ လ ၁၅ ရက်လောက် ကနေ ရေတက်လိုက်တာ ၄-၅-၁၀ ရက်နေတော့ နည်းနည်း ပြန်ကျသွားတယ်၊ ၂၈-၂၉ ရက်လောက် ကနေ အခုအချိန်အထိ ရေမကျသေးဘူး၊ မနှစ်က ရေတက်တာ အခုလောက်မဖြစ်ဘူး၊ ၂ ရက် ၃ ရက်ဆို ပြန်ကျ တာပဲ၊ အခုက ၀ါးပတော ရေအား လျှပ်စစ်ဘက်က ရေလာတာ ကျမတို့ ၀ါးရင့်ကုန်း၊ စံဖဲ ၊ အလယ်ရွာ တွေမှာ ရေတွေ ဖွေးနေ တာပဲ”ဟုလည်း ၎င်းက ဆက်ပြောသည်။
ပဲခူးတိုင်း ရွှေကျင် ၊ မဒေါက် မြို့များဘက်တွင်လည်း မြစ်ရေကြီးမှုဖြစ်နေကြောင်း သိရသည်။
“ရွှေကျင်မှာ တောင်ငူချောင်းဘက်ကတော့ တက်တယ်၊ ရွှေကျင်ချောင်းဘက်ကတော့ မတက်သေးဘူး၊ မဒေါက်ဘက်လည်း တက်တော့ တက်တယ်၊ သိပ်အများကြီးတော့ မတက်သေးဘူး၊ ရေ ချောင်းဘေးနားက လယ်တွေထဲ ရောက်တာတော့ ရှိတယ်၊ တအားမြုပ်တာတော့ မရှိသေးဘူး”ဟု ရွှေကျင်ဒေသခံ အအမျိုးသမီး တဦးက ပြောပြ သည်။
စစ်တောင်း မြစ်ရေသည် မဒေါက်မြို့တွင် ၁၀၉၄ စင်တီမီတာသို့ ရောက်နေပြီး စိုးရိမ်ရေမှတ်အထက် ၂၄ စင်တီမီတာ ကျော်လွန်နေကြောင်း၊ ယင်းမြစ်ရေသည် အင်္ဂါနေ့မွန်းတည့်မှ နောက် ၇၂ နာရီအတွင်း စိုးရိမ်ရေမှတ်အထက်တွင် ဆက်လက်တည်ရှိ နိုင်ကြောင်း ယမန်နေ့က ထုတ်ဝေသော အစိုးရ မြန်မာ့လင်း သတင်းစာတွင် မိုးလေ၀သ နှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနကို ကိုးကား၍ ဖော်ပြထားသည်။
ယခင်အပတ်အတွင်းက စတင်၍ စစ်ကိုင်းတိုင်း အထက်ပိုင်း ချင်းတွင်း မြစ်ဖျားတွင် မိုးသည်းထန်စွာ ရွာသွန်းမှု ကြောင့် ချင်းတွင်းမြစ် ရေသည် ခန္တီး၊ ဟုမ္မလင်းနှင့် မော်လိုက်မြို့များ၏ စိုးရေမှတ်သို့ ရောက်ရှိခဲ့ပြီး လွန်ခဲ့သည့် ၂ ရက်ခန့်က စတင်၍ မုံရွာမြို့ ချင်းတွင်းမြစ်ကမ်း ရှိ လူနေအိမ်တချို့နှင့် ပွဲရုံတချို့မှာ ရေလွတ်ရာ အမြင့်ပိုင်းသို့ ပြောင်းရွှေ့မှုများပြုလုပ် နေကြောင်း၊ မုံရွာမြို့နှင့် ညောင်ပင်ကြီးမြို့သို့ ကူးသည့် ညောင်ပင်ကြီး ဆိပ်ကမ်းကို လည်း ယမန်နေ့က စတင်၍ ပိတ်ထားကြောင်း ဒေသခံ တဦးကပြောသည်။
“လှေတွေကို ဟိုဘက်ကမ်း ဒီဘက်ကမ်း ဘယ်ကမ်းကိုမှ ကပ်ခွင့်မပြုဖို့ အာဏာပိုင်တွေက အမိန့်ထုတ်ထားတယ်၊ အန္တရာယ် များမှာ စိုးလို့တဲ့”ဟု ၎င်း မုံရွာဒေသခံက ဆိုသည်။
ယနေ့ထုတ် အစိုးရ မြန်မာ့အလင်းသတင်းစာတွင် ချင်းတွင်းမြစ်ရေသည် ခန္တီးမြို့နှင့် ဟုမ္မလင်းမြို့များ၏ စိုးရိမ်ရေမှတ် အောက်သို့ ပြန်လည်ကျဆင်းသွားကြောင်းနှင့် မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့များတွင်မူ စိုးရိမ်ရေအမှတ် အထက်၌ ဆက်လက် တည်ရှိနေကြောင်း ဖော်ပြထားသည်။

အပြည့်အစုံဖတ်လိုလျှင်

မေဒေးအဖမ်းခံရသူများ အယူခံပယ်ချမှု ILO ရှုတ်ချ

11 July 2008
၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့ နိုင်ငံတကာ အလုပ်သမားနေ့မှာ အလုပ်သမား အခွင့်အရေးအကြောင်း ဟောပြောပွဲကို သွားတက်ခဲ့ရာက ဖမ်းဆီး အပြစ်ပေးခံထားရသူ ၆ ယောက်ရဲ့ အယူခံမှုကို မြန်မာဗဟိုတရာရုံးချုပ်က ပယ်ချလိုက်တဲ့ အပေါ် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အခု ဖမ်းဆီး အပြစ်ပေးခံထားရသူ ၆ ယောက်ဟာ အမေရိကန် စင်တာမှာကျင်းပတဲ့ အလုပ်သမားနေ့အခမ်းအနားကို သွားတက်ခဲ့ရာ အခုလို ဖမ်းဆီး အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ အယူခံမှုရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အခု အဖမ်းခံထားရတဲ့ ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်း၊ ကိုညီညီဇော်နဲ့ ကိုကျော်ကျော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့က အမေရိကန်စင်တာမှာ ကျင်းပတဲ့ နိုင်ငံတကာ အလုပ်သမားနေ့ အခမ်းအနားကို သွားတက်ရာက အဖမ်းခံခဲ့ကြရတာပါ။
ဒီအထဲက ကိုညီညီဇော် နဲ့ ကိုကျော်ကျော်တို့ ၂ ယောက်ကို ထောင်ဒါဏ် အနှစ် ၂၀ စီနဲ့ ကျန် ၄ ယောက်ကိုတော့ ၂၈ နှစ်စီ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ထဲမှာပဲ ပြစ်ဒဏ်ပေးတာပါ။
အခုလို သူတို့ရဲ့ အယူခံလွှာကို ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်တဲ့အပေါ် ILO နိုင်ငံတကာ အလုပ်အသမား အဖွဲ့ချုပ်အနေနဲ့ စိတ်ပျက်မိကြောင်း ILO အမှုဆောင် ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ ကရီ တာပီယိုးလာ (Kari Tapiola) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"သူတို့ရဲ့ အယူခံလွှာကို ပယ်ချလိုက်တဲ့အပေါ် စိတ်ပျက်မိပါတယ်။ အစိုးရအနေနဲ့ သူတို့အမှုကို အသေအချာ ပြန်လည် ဆန်းစစ်ပြီး လွှတ်ပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ဒီကိစ္စက ဒီမှာတင် ဆုံးမှာ မဟုတ်ပါဘူး၊ ကျနော်တို့က ဒီအမှုကို အမြဲတမ်း စောင့်ကြည့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ "
အခု အယူခံလွှာ ပယ်ချခံလိုက်ရသူ ၆ ယောက်နဲ့ တခြား အဖမ်းခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ILO အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ဖြစ်ပေါ်ရင် လုပ်အားပေးခိုင်းစေခံရသူ ကိုယ်၌ပဲဖြစ်ဖြစ်၊ ဒါကို ကိုယ်တိုင် ကြုံတွေ့ရသူကပဲဖြစ်ဖြစ် ILO ထံမှာ လာရောက် တိုင်ကြားခွင့်ပြုဖို့ စစ်အစိုးရနဲ့ ILO အကြား ရရှိထားတဲ့ သဘောတူညီချက် ဆက်လက် အကျုံးဝင်နေပြီး နောက်ထပ် တိုင်ကြားမှုတွေ ရှိတယ်လို့လည်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။
အခု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်တွေကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ILO အလုပ်အမှုဆောင် အစည်းဝေးကျရင် တင်ပြပြီးတာနဲ့ ထုတ်ပြန်သွားမယ်လို့ မစ္စတာ တာပီယိုးလားက ပြောသွားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အကျဉ်းထောင်အတွင်းက အလင်းရောင်များ

အကျဉ်းထောင်အတွင်းက အလင်းရောင်များ(အန္တိမ သန္နိဋ္ဌာန် - အမည်မသိ)
မိုးမခဇူလိုင် ၁၁၊ ၂၀၀၈
အကျဉ်းထောင်ထဲကနေ ပြင်ပကို ထွက်လာတဲ့ အနုပညာတွေဆိုတာ တန်ဖိုးကြီးလှပါတယ်။ သူတို့ကို စိတ်ရော ကိုယ်ပါ အကျဉ်းချ ချုပ်နှောင်ထားတဲ့ကြားက လွတ်လပ်တဲ့ လိပ်ပြာ၊ ပြင်းထန်တဲ့ မျှော်လင့်ချက်တွေနဲ့ သူတို့တွေရဲ့ အတွေးအမြင်၊ ခံစားချက်တွေကို ထုတ်ပြန်ကြရတာကိုး။ အမှတ်တရ ဖော်ပြလိုက်ပါရစေ။

အန္နိမ သန္နိဋ္ဌာန်

"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားကို
ငါတို့ မျိုးဆက်မှာ
ကျိုးပျက်စေရမယ်၊
ညိုလွင် နီစွေး
တော်လှန်ရေး သွေးစီးကြောင်းထဲက
အလောင်းချင်း ထပ်ခဲ့တဲ့
ပြည်သူဟာ …
ဝုန်းကနဲ
ထ ရပ်
စူးရှစွာ ကြွေးကြော်ခဲ့ပြီးပြီ။
"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားကို
ငါတို့မျိုးဆက်မှာ
ကျိုးပျက်စေရမယ်။
အို …
လေမုန်တိုင်းထဲ
ကြွေးကြော်ရဲတဲ့
ငါတို့ ပြည်သူ
တိုက်ပွဲရလဒ်
အောင်လံ အဆက်ဆက်ကို ကိုင်စွဲဖို့
နောက်တဖန် …
အားခဲ ရှေ့ထွက်ရတော့မယ်။
ဒါကြောင့်
"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားဟာ
ငါတို့ မျိုးဆက်မှာ
ထပ်မကြားရတော့အောင်
ကျိုးပျက်သွားစေရမယ်။ ။


အပြည့်အစုံဖတ်လိုလျှင်

အလင်းအိမ် မဂ္ဂဇင်းလေး ဖတ်ကြပါဦး

Read this document on Scribd: luminary magazine 2 of 11 part2[1]

အပြည့်အစုံဖတ်လိုလျှင်

တကယ်ပဲ ဒီလို အားလုံး ဖြစ်ကုန်ကြပြီလား.....???

Read this document on Scribd: Reality c pdf11 7 2008[1]

အပြည့်အစုံဖတ်လိုလျှင်

ဒေါက်တာလွဏ်းဆွေ၏ အိတ်ဖွင့်အကြံပြုစာ (၈-ဇူလိုင်-၂၀၀၈)

လက်ရှိဦးဆောင်မှုပေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုကော်မတီဝင်များနှင့် ပြည်တွင်းပြည်ပ အတိုက်အခံခေါင်းဆောင်များသို့ အိတ်ဖွင့်အကြံပြုစာ
(၈-ဇူလိုင်-၂၀၀၈)
ဒေါက်တာလွဏ်းဆွေ


မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည့် ခေါင်းဆောင်များခင်ဗျား …

၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်တစ်ဦးအနေနှင့် လည်းကောင်း၊ ဒီမိုကရေစီရေးတိုက်ပွဲဝင် မြန်မာပြည်သားတစ်ဦးအနေနှင့်လည်းကောင်း ဒီမိုကရေစီတိုက်ပွဲအား လူကြီးမင်းတို့ ဦးဆောင်ဦးရွက် ပြုပေးနေမှုများအပေါ် မထောက်မညှာ ဝေဖန်အကြံပြုစကား ပြောကြားလိုက်ရပါသည်။ တိုက်ပွဲအနေအထား ကျဉ်းထဲကျပ်ထဲတွင် ရောက်ရှိနေပြီး အဆုံးစွန်သော ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေါ်လာလို ပေါ်လာငြား ဤသို့မထောက်မညှာ အမုန်းခံ ပြောကြားရခြင်း ဖြစ်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် လက်ရှိတိုင်းပြည်အခြေအနေသည် နူရာဝဲစွဲ လဲရာသူခိုးထောင်းအဆင့် မကတော့ဘဲ ယင်တလောင်းလောင်း လင်းတ(လဒ)တ၀ဲဝဲ အခြေအနေသို့ပင် ဆိုက်ရောက်နေသည်ကို လူကြီးမင်းတို့အသိ ဖြစ်ပါသည်။ ထိုသို့ အဆိုးဆုံး အခြေအနေကို ဆိုက်ရောက်ရခြင်းတွင် ဒီမိုကရေစီတိုက်ပွဲ မရှည်ကြာသင့်ဘဲ ရှည်ကြာခဲ့ရသည့် အကြောင်းတရားသည် အဓိက ဖြစ်ပါသည်။

ထိုသို့တိုက်ပွဲရှည်ကြာခြင်းသည် ပြည်သူလူထု ပါဝင်မှုအနေအထား အားနည်းသည့်အတွက်ကြောင့် လုံးဝမဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှ ယနေ့အထိ တာဝန်အကျေဆုံးနှင့် သတ္တိအရှိဆုံးသည် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများပင် ဖြစ်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ရွှေဝါရောင် တော်လှန်ရေးကို ကြည့်လျှင် ပြည်သူလူထု၏ တာဝန်ကျေခဲ့မှုအပိုင်းကို အထင်းသား မြင်နိုင်ပါသည်။

တိုက်ပွဲရှည်ကြာရခြင်းသည် အဓိကအကြောင်းတရား နှစ်ချက်ကြောင့် ဖြစ်ပါသည်။
(၁) စစ်တပ်အာဏာ တည်မြဲရေးအတွက် န၀တ/နအဖစစ်အုပ်စုမှ နည်းမျိုးစုံ ဖိနှိပ်လုပ်ဆောင်နေမှု
(၂) အတိုက်အခံခေါင်းဆောင်များ (အဓိက ပြည်သူလူထုထံမှ Mandate ရထားသည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များ) ၏ ဦးဆောင်ဦးရွက်ပြုမှုအပိုင်း ချွတ်ယွင်း အားနည်းမှု … စသည်တို့ကြောင့် ဖြစ်ပါသည်။

နအဖစစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုနှင့် ပတ်သက်၍ ပြောရလျှင် စစ်ခေါင်းဆောင်များသည် အာဏာလက်လွှတ်ချင်သူများ မဟုတ်သည့်အတွက် သူတို့အား တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနှင့် စည်းရုံးဖျောင်းဖျ၍ ရမည့်အနေအထားမျိုး ယခင်ကလည်း မရှိခဲ့၊ နောင်လည်း ရှိမည်မဟုတ်ပါ။ တစ်လျှောက်လုံး သူတို့၏ မျက်နှာပြောင်တိုက် ဖိနှိပ်ရက်စက်ခဲ့မှုများကို ကြည့်လျှင် သူတို့အား ကုတ်နှင့် ကလော်ထုတ်မှသာ ရာဇာပလ္လင်ပေါ်မှ ဆင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ပြီ ထင်ပါသည်။ ဖိနှိပ်ရကောင်းလားဟု သူတို့အား သွားအပြစ်ဖို့နေခြင်းထက် မဖိနှိပ်အောင် မည်သို့တွန်းလှန်မည်လဲ ဆိုသည်ကိုသာ စဉ်းစားကြဖို့ရှိသည်ဟု မြင်ပါသည်။ ထိုသို့တွန်းလှန်ဖို့ မကြိုးစားခဲ့ဘဲ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် အဖြေရှာဖို့ (မစွန့်ချင်တာနှင့် သူရဲဘောကြောင်တာလည်း ရာခိုင်နှုန်း အတော်များများပါမည်) ကြိုးစားနေခဲ့၍သာ တိုက်ပွဲ အနှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီး ပြည်သူလူထု အဆုံးအစွန်ထိ ဒုက္ခရောက်ခဲ့ကြရခြင်း ဖြစ်ပါသည်။

အနှစ်နှစ်ဆယ် တိုက်ပွဲကာလအတွင်း အတိုက်အခံအများစု (အဓိက ဦးအောင်ရွှေ၊ ဦးလွင် ဦးဆောင်သည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ) အနေနှင့် သူတောင်းစားဝါဒ (Beggarism) နှင့် တိုက်ပွဲဝင်ခဲ့ကြခြင်းသည် အဓိက မဟာအမှားဟု သုံးသပ်မိပါသည်။ သူတောင်းစားဝါဒဆိုသည်မှာ ပြည်တွင်းပြည်ပ၌ အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်း အတော်များများ တစ်ချိန်လုံး Statement ထုတ်ပြီး တောင်းဆိုနေခြင်းနှင့် ပြည်ပတွင် အတိုက်အခံ အများစုမှာ ဒုက္ခသည်အရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး၊ ဗုတ်နိုး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နာဂစ်ဒုက္ခသည်များ ကူညီရေး … စသည့် အရေးကိစ္စမှန်သမျှအတွက် ပရိုပိုဇယ်တင်တောင်ပြီး လှုပ်ရှားဆောင်ရွက် နေရခြင်းများကို ဆိုလိုပါသည်။

ထိုသို့ သူတောင်းစားဝါဒနှင့် ချီတက်နေကြသည့်အတွက် ဘောလုံးစကားနှင့် ပြောရလျှင် ဂိုးသွင်းခွင့် ရခဲ့သည့် အခွင့်အရေးများကို အမိအရ အသုံးမချနိုင်ဘဲ ဘန်ကေး (ဘေးကန်) ခဲ့သည့် ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ကြုံခဲ့ရသည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တွေ့နိုင်ပါသည်။ တစ်ချပ်မှောက် ဖဲစကားနှင့် ပြောရလျှင်မူ နအဖ ဟောက်စားလုပ်သည်ကို အဲန်အယ်လ်ဒီ တာဝန်ရှိပုဂ္ဂိုလ်များ တစ်လျှောက်လုံး ငြိမ်ခံလာသည့်အတွက် ယခုအချိန်အထိလည်း နအဖက ဟောက်စားလုပ်ပြီး ၂၀၁၀သို့ ချီတက်ရန် စိတ်ကူးယဉ်နေနိုင်ခြင်းဟု သုံးသပ်မိပါသည်။ နောက်ဆုံးတွင် တောင်းလွန်းမက တောင်းနေသည့် အဲန်အယ်လ်ဒီကို “အခုအထိ တောင်းတုန်းပဲလား”ဟု အပြစ်မြင်လာကြပြီး တခါမှ မပေးခဲ့သည့် နအဖကို အပြစ်မပြောတော့သည့် အနေအထားနှင့် ရယ်သွမ်းသွေးဖွယ် ကြုံလာရပါသည်။ရသ

အတိုက်အခံအများစု ထိုသို့တောင်းစားရသည့် အခြေအနေများ ဖြစ်ကုန်ကြရုံမက တော်တော်များများလည်း တတိယနိုင်ငံများတွင် သွားရောက်ကျွန်ခံရသည့် အနေအထားတွေ ဖြစ်ကုန်ကြပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဤအခြေအနေသည် ပကတိ ဆိုက်ရောက်နေသည့် အခြေအနေမှန်ပင် ဖြစ်ပါသည်။ ထိုပရိုပိုဇယ် guideline များ၊ resettlement programme များကြောင့် အင်အားစုများ ညီညွတ်မလာဘဲ ပို၍စိတ်ဝမ်းကွဲပြီး အပြိုပြို အလဲလဲ ဖြစ်ကုန်ပါသည်။ နအဖစစ်အုပ်စုကတော့ ထိုသို့ အင်အားများ ဖြိုခွဲပေးနေသည့် နိုင်ငံတကာမှ ကျေးဇူးရှင်များကို ဦးကုန်းချနေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ တကယ်တော့ ပရိုပိုဇယ်ပေးသည့် သူများသည် ကျနော်တို့ မြန်မာပြည်သူပြည်သားများ ခံစားနေရသည့် ပကတိအခြေအနေနှင့် တိုက်ပွဲအနေအထားအကြောင်းကို ဂဃနဏ သိကြသူများ မဟုတ်ပါ။ သိချင်သူများလည်း မဟုတ်ပါ။ သိပြီး ပွဲပြီးအောင် ကူညီမည့်သူများလည်း မဟုတ်ကြပါ။ လုပ်စားကိုင်စား အဆင့်တွင်သာ အားပေးအားမြှောက် ပြုနေကြမည့်သူများ ဖြစ်ပါသည်။ သို့သော် ယူထားသည့် ပရိုပိုဇယ်မျက်နှာကြောင့် သူတို့က အကြမ်းမဖက်နှင့်ဆိုတိုင်း အကြမ်းမဖက်ကြဖို့ ကျွန်တော်တို့လူတွေ လိုက်အော်နေကြရသည်ကို ကြည့်ရသည်မှာ အတော့်ကို ကြေကွဲစရာ ကောင်းလှပါသည်။

ကျွန်တော်တို့၏ လက်ရှိတိုက်ပွဲအနေအထားကို ဖိနှိပ်ရက်စက်မှုမျိုးစုံ ခံနေရသည့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသာ အသိဆုံး ဖြစ်ပါသည်။ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နေသည့် စစ်အာဏာရှင်အုပ်စုကို အကြမ်းမဖက်သည့် နည်းလမ်းတစ်ခုတည်းနှင့် တိုက်ပွဲဝင်ဖို့ မလုံလောက်တော့ကြောင်း ရွှေဝါရောင်တော်လှန်ရေးက ပြဋ္ဌာန်းပေးပြီး ဖြစ်သည်ကိုလည်း ကျွန်တော်တို့အားလုံး သိရှိကြပြီး ဖြစ်ပါသည်။

ထို့ကြောင့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အင်အားစုများအနေနှင့် အချိန်မနှောင်းမီ လက်ရှိကျင့်သုံးနေသည့် သူတောင်းစားဝါဒကို စွန့်လွှတ်ပြီး နအဖစစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်မည့် နည်းလမ်းများ အမြန်ဆုံး ရှာကြံကျင့်သုံးကြဖို့နှင့် ၉၀ ရွေးကောက်ပွဲရလဒ်ကို အလျင်အမြန် အကောင်အထည်ဖော်နိုင်အောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းကြဖို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သို့မဟုတ်ပါက အီးရောအီးရော၊ ယောင်တောင်ပေါင်တောင်၊ ဖင်လှည့်ခေါင်းလှည့်နှင့် ၂၀၁၀ သို့ ရောက်ရှိသွားပြီး တတိုင်းပြည်လုံး စစ်ကျွန်အဖြစ် နွံနစ်ဖို့သာရှိတော့မည့်အကြောင်း တပ်လှန့်သတိပေးလိုက်ရပါသည်။

ကြည့်လုပ်ကြပါဦး ခေါင်းဆောင်တို့ …။

တိုက်ပွဲသစ္စာဖြင့် …
ဒေါက်တာလွဏ်းဆွေ
(၁၉၉၀ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်တစ်ဦး)

အပြည့်အစုံဖတ်လိုလျှင်