စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

ပဲခူးတိုင်း လယ်သမားများ၏ အမတော်ကြေး အဓမ္မ ဖြတ်တောက်ခံနေရ

ကိုစိုး ဇွန် ၁၇၊ ၂၀၀၈

ပဲခူးတိုင်းအတွင်းရှိလယ်သမားများ၏ စိုက်ပျိုးစရိတ် ချေးငွေများကို ဒေသအာဏာပိုင်များက မုန်တိုင်း ကယ်ဆယ်ရေး အတွက်ဟု အကြောင်းပြ၍ နှုန်းထားသတ်မှတ်ပြီး အတင်းအကျပ် ဖြတ်တောက်ယူမှုများ ပြုလုပ်နေကြောင်း ဒေသခံ လယ်လုပ်သူများက ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သာယာဝတီမြို့နယ်ရှိ လယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေ အမတော်ကြေးအပေါ်မှ လယ်တဧက လျှင် ကျပ် ၂၀၀၀ ခန့် သတ်မှတ်၍ ခယက၊ မယက တို့က ဖြတ်တောက်ယူနေသည်ဟု သာယာဝတီမြို့ရှိ လယ်လုပ်သူ တဦး က ပြောသည်။

“အမတော်ကြေးက လယ်သမားတွေက တဧက ကို ကျပ် ၈၀၀၀ လောက်ပဲ ရတယ်လေ၊ ၁၀ ဧက လုပ်တဲ့လူ က ၈၀၀၀၀ ရတယ်၊ ဧက ၂၀-၃၀ လုပ်တဲ့ လူလည်း ၈၀၀၀၀ ပဲ ရတယ်၊ အမြင့်ဆုံး ၈၀၀၀၀ ပဲရတာ၊ ဒါပေမယ့် ဖြတ် တောက်တာတွေကို ပေးရတော့ နာတာပေါ့၊ တဧက ၂၀၀၀ ဆို ၁၀ ဧက ရှိတဲ့ လူက ၂၀၀၀၀ လောက် ပြန်ပေးရ တာ ပေါ့”ဟု ၎င်းက ပြောဆိုသည်။

ထို့အပြင် ယင်းအစိုးရ စိုက်ပျိုးစရိတ်ချေးငွေအား စပါးပေါ်ချိန်တွင် ငွေသားပြန်လည်ပေးဆပ်ရပြီး အတိုးနှုန်း ၁ ကျပ် ခွဲ ခန့် ပေးရကြောင်းနှင့် ယခုဖြတ်တောက်လိုက်သည့် ငွေအတွက် အတိုးငွေကိုလည်း လယ်သမားက ကျခံ ရမည်ဖြစ်သည်ဟု သိရသည်။

သာယာဝတီမြို့နယ် ဂုဏ်မင်းမြောင်ရွာ လယ်သမား တဦးက“မနှစ်က အကြွေး မကြေရင် ဒီနှစ် အမတော်ကြေး ထုတ်မချေး ဘူး၊ တဝက်မကြေသေးဘူးဆိုရင်လည်း တဝက်ဖိုးပဲ ပေးတယ်၊ ၈ ဧက ရှိတယ်ဆိုရင် တဧက ၈၀၀၀ နှုန်းနဲ့ ၄ ဧကဖိုးပဲပေး တယ်၊ ပြီးတော့ ကျနော်တို့ သိထားတာက အစိုးရ ပြဌာန်းထားတဲ့ အမတော်ကြေး ဥပဒေမှာ ဘာမှ ငွေကြေး ဖြတ်တောက် ခွင့် မရှိဘူး၊ အဲဒါကို အခုဖြတ်တော့ လယ်သမားတွေက မခံနိုင်ဘူးဖြစ်တာပေါ့”ဟု ရှင်းပြသည်။

ယင်းသို့ မကျေနပ်သော လယ်သမားတချို့က သက်ဆိုင်ရာသို့ လိပ်မူ၍ တိုင်စာများပေးပို့ကြောင်းလည်း သိရသည်။

“တချို့လယ်သမားတွေကတော့ ခယက ၊ မယက ၊ စိုက်ပျိုးရေးဘဏ်စတာတွေကို လိပ်မူပြီးတိုင်ကြတာရှိတယ်၊ ဒါပေမယ့် ထူးမှာမဟုတ်ပါဘူး၊ တကယ်တော့ ဒီဖြတ်တဲ့ငွေက မယက က ယူတာ၊ စိုက်ဘဏ်က နည်းနည်းပဲ ရ တာ၊ အခုလို ဖြတ်တောက် နေတာ ပဲခူးတိုင်း တတိုင်းလုံးမှာ လုပ်တာလို့ သိရတယ်၊ အစိုးရအစီအစဉ်နဲ့ ဖိအား ပေးလုပ်တာ၊ အဲဒါ က သဒ္ဓါ ကြေးမဟုတ်တော့ဘူး၊ ကျနော်ကိုယ်တိုင် လယ် ၁၀ ဧက လုပ်တာဆိုတော့ ၂၀၀၀၀ ပါသွားတယ်၊ အကုန်လုံး တပြေးညီခံရတာ”ဟု သာယာဝတီမြို့ရှိ လယ်လုပ်သူက ပြောသည်။

ထိုသို့ အစိုးရက စိုက်ပျိုးစရိတ်အပေါ်မှ ဖြတ်တောက်မှုများ ပြုလုပ်နေသော်လည်း ဒေသဆိုင်ရာ ကြံ့ဖွံ့အဖွဲ့က ကြံ့ဖွံ့အဖွဲ့ဝင် လယ်သမားများကို တဦးလျှင် ကျပ် ၅၀၀၀၀ ထုတ်ချေးမည်ဟူသော သတင်းများထွက်ပေါ် နေ ကြောင်း သိရသည်။

“ကျေးရွာတရွာကို လယ်သမား ၁၀၀ လောက်ပဲ ငွေထုတ်ချေးမှာတဲ့ ၊ အဲဒါလည်း မညီမျှ မှုတွေရှိနေတဲ့ အတွက် မကျေနပ်မှု တွေ ရှိနေကြတယ်တဲ့၊ ကြံ့ခိုင်ရေးက စည်းရုံးရေးလုပ်တာလို့ပဲ ကျနော်တို့ က ယူဆတယ်၊ လူတွေက ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ကြိုလုပ်နေတယ်လို့ သုံးသပ်နေကြတယ်”ဟု သာယာဝတီ မြို့ခံတဦးကပြော သည်။

သာယာဝတီ မြို့နယ်တွင် ဂုဏ်မင်းမြောင်၊ ကြောင်လျှာကုန်း၊ ကိုးပင်၊ စမ်းတွင်း၊ စာဖြူစု၊ စစ်စခန်း၊ ဂွေးချောင်း၊ သာယာ အေး၊ ဖားရွှေကျော် စသော ရွာများပါဝင်သည့် ရွာပေါင်း ၃၀၀ ခန့်ရှိ ကျေးရွာအုပ်စု ၄၈ စု ရှိကြောင်း သိရ သည်။

အလားတူ ပဲခူးတိုင်း သနပ္ပင်နှင့် ကဝမြို့နယ်ရှိ လယ်သမားများ၏ စိုက်ပျိုးစရိတ်ချေးငွေများကိုလည်း ဒေသ အာဏာပိုင် များက မုန်တိုင်း ရန်ပုံငွေအတွက်ဟု ဆိုကာ အဓမ္မဖြတ်တောက်မှုများရှိသည်ဟု ဒေသခံ တဦးက ပြောသည်။

“ကျနော်တို့ သနပ္ပင်ဘက် ရွာတွေက လယ်သမားတွေကို ဖြတ်တာကြတော့ အချိုးမတူဘူး၊ ဘယ်လိုဖြတ်သလဲ တော့ မသိဘူး၊ တချို့က လယ်ဧက ပေါ်မှာ တဧက ကို ၂၀၀-၃၀၀ ဖြတ်တယ်၊ တချို့က စိုက်ပျိုးဘဏ်စာအုပ် တအုပ်ကို ၂၀၀၀ - ၃၀၀၀ ဖြတ်တယ်၊ အဲဒါ ပြီးခဲ့တဲ့ လကုန်လောက်ကတည်းက ဖြတ်နေတာ၊ လယ်သမားတွေ မှာက စပါးပြန်စိုက်ဖို့ကိုပဲ တော်တော် အခက်အခဲ ဖြစ်နေကြတာ”ဟု ၎င်းကပြောသည်။

ယင်း သနပ္ပင်နှင့် ကဝမြို့နယ်ရှိ လယ်ယာစိုက်ခင်းတချို့မှာ နာဂစ်မုန်တိုင်း ဒဏ်ကြောင့် ပျက်စီးဆုံးရှုံးမှုများရှိ၍ ယခုအခါ လယ်သမားများ စပါးပြန်လည်စိုက်ပျိုးရန်အတွက် မျိုးစပါးနှင့် ကျွဲ နွားများအပါအဝင် စိုက်ပျိုးရေး ပစ္စည်းကိရိယာများစွာ လိုအပ်ချက်ကြောင့် အခက်အခဲဖြစ်နေကြကြောင်းလည်း ၎င်းက ဆက်ပြောသည်။

“စောစောပိုင်း တုန်းက တိုင်းက အစီအစဉ်နဲ့ဆိုပြီး မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လယ်သမားတွေအကူဆိုပြီး ကျပ် သိန်း ၆၀ ချပေးတယ်တဲ့၊ အဲဒါ နီးစပ်ရာဝေယူလိုက်ကြတယ်လို့ကြားတယ်၊ ဒါပေမယ့် တကယ်တမ်းမှာ အဲဒီ ငွေကလည်း ဒုက္ခ ရောက်နေတဲ့ လူတွေနဲ့မမျှပါဘူး၊ နောက်သိပ်မကြာဘူး တခါ အစိုးရက တမြို့နယ်ကို မုန်တိုင်း ကူဖို့ သိန်း၂၀ နဲ့ ကျွဲ နွား အကောင် ၁၀၀ ပြန်တောင်းတယ်လေ”ဟုလည်းဒေသခံ လယ်သမားတဦးကပြော သည်။

ပဲခူးမြို့မှ ရှေ့နေကြီး ဦးမြတ်လှက“အခု မုန်တိုင်းဒဏ်ကြောင့်ရော၊ စီးပွားရေးမကောင်းလို့ အဆင်မပြေတာရော နဂို ကတည်းကမှ ငွေမရှိတဲ့ လယ်သမား တွေဆီက ဒီလိုအဓမ္မငွေဖြတ်နေတာတွေဟာ မလုပ်သင့်တဲ့အလုပ်ကို လုပ်နေတာ ပဲလို့ ပြောချင်တယ်”ဟု ပြောဆိုသည်။
Rest of your post

No comments: