စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, July 16, 2008

၂၀၁၀ ရွေးကောက်ပွဲဆိုင်ရာ ပြဿနာများ

မင်းဇင် ဇူလိုင် ၁၆၊ ၂၀၀၈

မြန်မာနိုင်ငံ၏ ပဋိပက္ခက ရေရှည်ပြီး၊ ဖြေရှင်း၍ ပြေလည်နိုင်ဖွယ် မရှိသည့် နောက်ထပ်အဆင့်တခုသို့ တက်လှမ်းတော့မည် ဖြစ်သည်။ တနည်းဆိုရသော် ၂၀၁၀ ခုနှစ်တွင် မြန်မာနိုင်ငံ၏ ပဋိပက္ခက စုဖွဲ့စည်းထားသည့် အခြားပုံစံတမျိုးသို့ ပြောင်းလဲ သွားတော့မည် ဖြစ်သည်။
စစ်အစိုးရက "လမ်းပြမြေပုံ" အဆင့် (၇) ခု၏ တခန်း တကဏ္ဍအနေဖြင့် ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပြီး၊ ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲများ ကျင်းပရန် ဆက်လက်ပြင်ဆင်နေခြင်းဖြင့် ကစားပွဲအသစ်အတွက် စည်းမျဉ်းဥပဒေသများကို တဖက်သတ်ချမှတ်နေပြီ ဖြစ်သည်။ သို့သော်လည်း ယခုဖွဲ့စည်းပုံ အခြေခံဥပဒေက မြန်မာနိုင်ငံအတွက် အထူးလိုအပ်နေ သည့် နိုင်ငံတော်တည်ဆောက်ရေးဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အခိုင်အမာ အချက်အလက်များ ပါဝင်လှသည် မဟုတ် ပါ။ နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းအသီးသီးက အတူတကွ တွေ့ဆုံညှိနှိုင်းကြ၍ သူတို့၏ ထင်မြင်ယုံကြည်ချက်များကို ဖလှယ် ညှိနှိုင်းနိုင်ကြရန် အခွင့်အလမ်းလည်း ဖြစ်ပေါ်လာဖွယ် မရှိပါ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဤသို့ နိုင်ငံတော်ပြုပြင်တည်ဆောက်ရေး လုပ်ငန်းများကို သွားမည့်အစား၊ မြန်မာနိုင်ငံ၏ ဦးတည်ချက်က တလွဲဖြစ်နေခဲ့ သည်။ မြန်မာနိုင်ငံက "နိုင်ငံခြားရေး မူဝါဒဆိုင်ရာ မဂ္ဂဇင်း" (Foreign Policy magazine) နှင့် ငြိမ်းချမ်းရေးဆိုင်ရာ ရန်ပုံငွေ အဖွဲ့တို့၏ တင်ပြခဲ့သည့် ၂၀၀၈ ခုနှစ် "ကျရှုံးနိုင်ငံ ညွှန်းကိန်း" (failed state index) အရ နိုင်ငံပေါင်း ၁၇၇ ခုတွင် အကြမ်း ဖက် ပဋိပက္ခများ ဖြစ်ပေါ်၍ နစ်နာဖွယ်ရှိသော၊ လူမှုရေးအရ ဆုတ်ယုတ်ကျဆင်းမှုများ ဖြစ်ပေါ်လာဖွယ်ရှိသော ၁၂ ခု မြောက်နိုင်ငံအဖြစ် တန်းစီသတ်မှတ်ခံထားရသည်။ ၂၀၀၇ ခုနှစ်၊ လေ့လာချက်အရ မြန်မာနိုင်ငံက အဆင့် ၁၄ နေရာတွင် ရှိခဲ့ပြီး၊ မြန်မာနိုင်ငံက ယခုနှစ်တွင် ပိုမိုကျဆင်းသွားခဲ့ခြင်း ဖြစ်သည်။ နိုင်ငံတော် ပြိုကွဲကိန်း ဆိုက်နေရပြီ ဖြစ်သည်။
" ယခုအခြေအနေမှာတော့ မြန်မာနိုင်ငံမှာ ကောင်းတဲ့အနာဂတ် အလားအလာတွေ ဖြစ်ပေါ်နေတာ ကျနော်တကယ်ကို မတွေ့ရသေးပါဘူး" ၀ါရှင်တန် ဒီစီမြို့ ဂျော့ခ်ျတောင်းတက္ကသိုလ်ရှိ မြန်မာနိုင်ငံရေးရာ ကျွမ်းကျင်သူ ဒေးဗစ် စတိန်းဘာ့ဂ် (David Steinberg) က ပြောသည်။
စစ်တပ်ထိပ်သီးခေါင်းဆောင်များနှင့် တိုင်းရင်းသားလူနည်းစုများ အပါအ၀င် အတိုက်အခံ အင်အားစုများ၏ ရည်ရွယ်ချက် များက ပြဒါးတလမ်း၊ သံတလမ်းဖြစ်နေကြပြီး ယခု ဖွဲ့စည်းပုံအသစ်နှင့် ၂၀၁၀ ရွေးကောက်ပွဲများကြောင့်လည်း အပြောင်း အလဲများ ဖြစ်ပေါ်တိုးတက်လာရန် မမြင်ရပါ။
အတိုက်အခံအင်အားစုများကလည်း အမျိုးသားပြန်လည် ရင်ကြားစေ့ရေးအတွက် တတ်နိုင်သမျှ ဆက်လက်တိုက်ပွဲဝင် လှုပ်ရှားကြလိမ့်မည် ဖြစ်သည်။ သို့သော်လည်း အသစ်သော ဖွဲ့စည်းပုံ အခင်းအကျင်းများအရ အတွင်းဝင်၍ ဆောင်ရွက် လျှင်လည်း ထိရောက်မှု အနည်းငယ်မျှသာ ရနိုင်ခြေ ရှိပါသည်။ အကြောင်းမှာ စစ်တပ်က အသာစီးယူ လွှမ်းမိုးထိန်းချုပ် ထားသောကြောင့် ဖြစ်ပြီး၊ သို့ဆိုလျှင် အခြားရွေးချယ်စရာ လမ်းကြောင်း၊ လှုပ်ရှားမှုများကိုသာ ဆက်လက်ဖော်ဆောင်ကြရ ဖွယ် ရှိပါတော့သည်။ ဥပမာအားဖြင့်- လူထုကို လှုံ့ဆော်စည်းရုံး လှုပ်ရှားစေသည့် လုပ်ငန်းများနှင့် နိုင်ငံတကာကို စည်းရုံး တိုက်တွန်းသည့် လုပ်ငန်းများကိုသာ ပို၍ ဦးစားပေး လုပ်လာရဖွယ် ရှိနေသည်။
အခြားတဖက်တွင်လည်း စစ်တပ်က သူ၏တဖက်သတ်ရည်မှန်းချက်ဖြစ်သည့် အကြွင်းမဲ့ ထိန်းချုပ်ရေးကို ဖွဲ့စည်းပုံအသစ် နှင့် ရွေးကောက်ပွဲများကို အသုံးချ၍ ဆက်လက် အတင်းအကျပ် အကောင်အထည်ဖော်လိမ့်မည် ဖြစ်သည်။ ပဋိပက္ခ ကြောင့် သူတို့ပေးဆပ်ရမည့် အရင်းအနှီး တန်ဖိုးများကို လျှော့ချရန် မဖြစ်နိုင်ပါ။ ဤမူဝါဒများအတိုင်း ဆက်၍သွားပါက မြင်သာ သည့်ရလဒ်မှာ နိုင်ငံတကာက ဆက်လက် ၀ိုင်းပယ်ခံရခြင်းနှင့် နိုင်ငံ၏ စီးပွားရေး တိုး၍ ကျဆင်းရမည့် အခြေ အနေပင် ဖြစ်ပါသည်။
"စစ်တပ်က တဖက်သတ် အဖြေရှာတဲ့ အနေအထားမျိုးကို ကျနော်တို့ လုံးဝ လက်မခံနိုင်ဘူး" ယခင် နိုင်ငံရေးအကျဉ်းသား ဟောင်းတဦး ဖြစ်သူနှင့် အမေရိကန်ပြည်ထောင်စုရှိ မြန်မာအရေးလှုပ်ရှားနေသည့် US Campaign for Burma အဖွဲ့၏ အမှုဆောင် ဒါရိုက်တာတဦး ဖြစ်သူ ဦးအောင်ဒင်က ပြောပါသည်။ "စစ်တပ်ရယ်၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ရယ်၊ တိုင်းရင်းသားကိုယ်စားလှယ်တွေရယ် အတူတကွ စေ့စပ်ညှိနှိုင်း ပြေလည်မှု မရမချင်း အမေရိကန်ဦးဆောင်တဲ့ အနောက်နိုင်ငံတွေက စီးပွားရေးဒဏ်ခတ်မှုတွေ ရုပ်သိမ်းသွားမှာ မဟုတ်ဘူး" သူက ပြောသည်။
နိုင်ငံပြင်ပရှိ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးကမူ ထိုထက်ပို၍ ခန့်မှန်းပြောဆိုခဲ့သည်။ " အနောက်တိုင်း စီးပွားရေး ပိတ်ဆို့ဒဏ်ခတ်မှုတွေ ရှိနေနေ-မရှိနေနေ၊ စစ်အစိုးရရဲ့ မူဝါဒအမှားတွေနဲ့ လွဲချော်နေတဲ့ စီမံခန့်ခွဲမှုတွေကြောင့် ဖွံ့ဖြိုးတိုး တက်လာဖို့ အလားအလာ မရှိဘူး။ လူထုတွေ သက်သာချောင်ချိရေးလည်း ရလာဖွယ် မရှိဘူး။ သူတို့ကိုယ်တိုင် ပြန်ဖျက် ဆီးသလို ဖြစ်နေတယ်။ ၂၀၁၀ အပြီးမှာ နိုင်ငံရဲ့ စီးပွားရေးအခြေအနေက ပိုလို့ ဆိုးသွားလိမ့်မယ်" ဟု ပြောခဲ့သည်။
စစ်တပ်က အများသူငါ အကျိုးစီးပွားများနှင့် ညှိနှိုင်းပြေလည် ရယူလိုစိတ် မရှိသောကြောင့်၊ နောက်ထပ် လူထုအုံကြွလှုပ် ရှားမှုများ ဖြစ်ပေါ်ရန် အလားအလာ၊ ခြိမ်းခြောက်မှုများလည်း ရှိနေပါသေးသည်။ ပို၍ ဖိနှိပ်မှုများ လုပ်ဆောင်လာဖွယ်ရှိနေ ပြီး၊ စစ်တပ်အပေါ် လူထုက နာကျည်းဒေါသဖြစ်နေရမှုများ၊ မုန်းတီးမှုများကလည်း တိုး၍ ဖြစ်လာဖွယ် ရှိပါသည်။
" ၂၀၁၀ ရွေးကောက်ပွဲပြီးတဲ့တိုင်အောင် စစ်တပ်ဗိုလ်ချုပ်တွေက လူတွေကို အခုလို အတင်းအကျပ်ခိုင်းစေ အုပ်ချုပ်တာ တွေ ဆက်လုပ်နေကြဦးမှာပဲ။ လူတွေမှာ အခုခံစားနေကြရတဲ့ ဒေါသတွေက လွန်ခဲ့တဲ့နှစ် သံဃာ့ဆန္ဒပြပွဲတွေကို အကြမ်း ဖက်နှိမ်နင်းတဲ့အချိန်ကစလို့ အမြင့်ဆုံးအနေအထား ရောက်လာတယ်။ နောက်ပိုင်း မုန်တိုင်းကယ်ဆယ်ရေးကိစ္စတွေမှာ လူထုဒုက္ခတွေကို စစ်အစိုးရက လျစ်လျူရှုထားတာကြောင့် မကြေနပ်မှုတွေ ပိုလို့ ထပ်ဆောင်းပြင်းထန်လာတယ်" မြန်မာ နိုင်ငံ၏ စစ်ဖက်-အရပ်ဖက် ဆက်ဆံရေးကိစ္စများကို လေ့လာနေသူ သုတေသီ ဦးဝင်းမင်းက ပြောပါသည်။ "အရပ်ဖက်- စစ်ဖက် ဆက်ဆံရေးမှာ ပဋိပက္ခသဘောဆောင်ပြီး ဆက်သွားလိမ့်မယ်"။
အဖွဲ့အသီးသီး၏ ရည်မှန်းချက်များနှင့် ဆက်ဆံရေးကိစ္စများကို ပြုပြင်ပြောင်းလဲစေအောင် မစွမ်းဆောင်နိုင်ရုံမျှမက၊ ၂၀၁၀ ရွေးကောက်ပွဲအပြီး တက်လာမည့် အစိုးရကလည်း ယနေ့မြန်မာနိုင်ငံက ကြုံတွေ့ရင်ဆိုင်နေရသော အရေးပါသည့် ပြဿနာ များကို ပြောင်းလဲစေနိုင်လိမ့်မည် မဟုတ်ပါ။ ယခု အထီးကျန်အနေအထားကိုလည်း ပြောင်းလဲနိုင်ဖွယ် အကြောင်း တစုံတရာ မမြင်ရပါ။
စစ်အစိုးရက ပြဌာန်းခဲ့သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်အရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က စစ်တပ်ရေးရာကိစ္စများ ကို လွတ်လပ်စွာ စီမံခန့်ခွဲရှိမည်ဖြစ်ပြီး၊ တပ်သားသစ်စုဆောင်းမှုနှင့် တပ်တိုးချဲ့မှု လုပ်ပိုင်ခွင့်များ၊ ရာထူးခန့်ထားမှု၊ တပ် နေရာချထားမှု၊ ဘဏ္ဍာရေး၊ စစ်တပ်ပိုင် စီးပွားရေးလုပ်ငန်းများ၊ စစ်လက်နက်ပစ္စည်း ၀ယ်ယူ ထုတ်လုပ်မှုဆိုင်ရာကိစ္စများ အပါအ၀င် သူ့သဘောအတိုင်း စီမံခွင့်ရှိနေမည် ဖြစ်သည်။
တပြိုင်နက်တည်းမှာပင် ကလေးစစ်သားပြဿနာ၊ အဓမ္မ ပြောင်းရွှေ့နေရာချထားမှုများ၊ အဓမ္မလုပ်အားခိုင်းစေမှုများ၊ မြေမြှုပ်မိုင်း ပြဿနာ၊ ပြည်တွင်းတွင် အခြေမဲ့ ပြောင်းရွှေ့ထွက်ပြေးနေကြရသူ ဒုက္ခသည်များ၊ အိမ်နီးချင်းနိုင်ငံများသို့ ဒုက္ခ သည်များ ထွက်ပြေးနေရမှု၊ မုဒိမ်းမှုနှင့် အခြားသော လူ့အခွင့်အရေးချိုးဖောက်မှုများ စသဖြင့် စစ်ဆေးထိန်းကွပ်မှုမရှိဘဲ ကျင့်သုံးနေကြသည့် စစ်တပ်၏ အကျိုးစီးပွားဆိုင်ရာနှင့် အမူအကျင့်ဆိုင်ရာ ဆက်စပ်နေသည့် ပြဿနာများမှာလည်း ဖြေ ရှင်းနိုင်ခြင်း မရှိဘဲ ဆက်လက်ဖြစ်ပေါ်နေကြမည် ဖြစ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံ အရှေ့ပိုင်းကဲ့သို့သော တိုင်းရင်းသား ဒေသများတွင် ဤပြဿနာများ ဆက်လက် ဖြစ်ပေါ်နေပေလိမ့်မည်။
ထို့အပြင် ရွေးကောက်တင်မြှောက်ခံထားရသည့် ကိုယ်စားလှယ်များ၏ ဥပဒေပြုခွင့်အာဏာကို ကန့်သတ်ချုပ်ချယ်ထားခြင်း ကြောင့်လည်း စစ်တပ်ကို ကြီးကြပ်ခွင့်ရကြမည် မဟုတ်ပေ။ စစ်တပ်က ကျူးလွန်ချိုးဖောက်ခဲ့သော ပြစ်မှုများကိုလည်း ပြန်လည် ကုစားဖြေရှင်းပေးနိုင်မည့် အရပ်ဖက်ယန္တယားများကိုလည်း ဖွဲ့စည်းဆောင်ရွက်နိုင်ကြလိမ့်မည် မဟုတ်ပေ။ ရာဇ ၀တ်မှု ကျူးလွန်သည်ဟု စွပ်စွဲခံရသူ တပ်မတော်သားများကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်သူများဖြင့် ဖွဲ့ စည်းသည့် စစ်တပ်ခုံရုံးများတွင်သာ စစ်ဆေးအပြစ်ပေးမည်ဖြစ်ပြီး၊ သေချာသည်မှာ အရေးယူအပြစ်ပေးခံရခြင်း မရှိဘဲ စစ်တပ်ကို ဆက်လက်၍ လူ့အခွင့်အရေးချိုးဖောက်ခွင့် ပေးထားဦးမည့်ပုံ ရှိနေပါသည်။
သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲကြောင့် ကနဦးကာလတွင် ရုပ်ပြသဘောဖြစ်စေ ခေါင်းဆောင်မှု ပြောင်းလဲသွားဖွယ် အခြေအနေ ရှိနေပါသည်။ အာဏာဗဟိုချက်မ ၂- ခုဖြစ်လာဖွယ် ရှိပြီး တဖက်က စစ်တပ်၊ တဖက်က အစိုးရ ဖြစ်လာဖွယ် ရှိ နေပါသည်။ စစ်တပ်အတွက် လွှတ်တော်ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို သီးသန့်ဖယ်ချန်ထားစေသည့် အပြင်၊ အရေးကြီး သည့် ၀န်ကြီးနေရာ ၃- ခုဖြစ်သည့် (ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ဒေသ ရေးရာ ၀န်ကြီးဌာန) တာဝန်များကို ခန့်အပ် တာဝန်ပေးခွင့်လည်း စစ်တပ်က ရယူထားပါသေးသည်။ ထို့အပြင် စစ်ဗိုလ်ချုပ်များက ကျန်သည့် အစိုးရ၀န်ကြီးဌာနနေရာ များနှင့် လွှတ်တော်အမတ်နေရာများကို ၎င်းတို့၏ လူမိုက်ဆန်ဆန် အရပ်သားအဖွဲ့အစည်း၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) အဖွဲ့ဝင်များဖြင့် ဖြည့်ဆီးရန်လည်း ကြံစည်ထားကြပါသေးသည်။
ရွေးကောက်ပွဲတွင် မဲခိုး၊ မဲညစ်မည်၊ ကြံ့ဖွံ့အဖွဲ့ဝင်များကလည်း အတိုက်အခံကိုယ်စားလှယ်များနှင့် နှီးနွယ်သူများကို ခြိမ်း ခြောက်မှုများ၊ ဗိုလ်ကျတိုက်ခိုက်မှုများ ပြုကြမည်မှာ သေချာနေပါသည်။ ခိုင်လုံသည့် သာဓကများလည်း ရှိနေပါသည်။ ၂၀၀၃ ခုနှစ်က ကြံ့ဖွံ့အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်၏ ကားတန်းကို အကြမ်းဖက်တိုက်ခိုက်ခဲ့ကြပြီး၊ နောက်ပိုင်းနှစ်များ တွင် အတိုက်အခံလှုပ်ရှားသူများကို ကိုယ်ထိလက်ရောက် ကျူးလွန်တိုက်ခိုက်မှုများလည်း ကျူးလွန်ခဲ့ကြဖူးသည့် လက်မရွံ့ သာဓကများ ရှိနေကြပါသည်။ ကမ္ဘာကြီးအနေဖြင့် မကြာသေးမီက ပြီးခဲ့သည့် ဇင်ဘာဘွေရွေးကောက်ပွဲများနည်းတူ လူမိုက်အုပ်စုများဖြင့် ရမ်းကားဗိုလ်ကျကြမည့် ဒီမိုကရေစီမျိုးကို မြင်တွေ့ကြရဖွယ် ရှိနေပါသည်။
မည်သို့ပင်ဆိုစေ ရွေးကောက်ပွဲပြီးနောက်ပိုင်း အာဏာခွဲဝေမှုတွင် အာဏာဗဟိုချက်မ ၂-ခု အကြား ပဋိပက္ခများ ကြုံလာရ ဖွယ် ရှိနေပါသည်။ အမိန့်ပေးစနစ် ဖွဲ့စည်းပုံနှင့် ပုဂ္ဂလိကဆိုင်ရာ အကျိုးစီးပွားကိစ္စများအပေါ် အခြေခံပြီး ပေါ်ပေါက်လာ ဖွယ် ရှိပါသည်။ ယခုအချိန်ကတည်းကပင် သတင်းများအရ စစ်တပ်မှ အရာရှိများနှင့် ကြံ့ဖွံ့အဖွဲ့ဝင်များအကြား ကြီးလေးသည့် သဘောထားကွဲလွဲမှုများ၊ တင်းမာမှုများ စတင်ပေါ်ပေါက်လာနေပြီဟု ဆိုကြပါသည်။ ကြံ့ဖွံ့အဖွဲ့ဝင်များက စစ်တပ်၏ အုပ်ချုပ် ရေးလုပ်ပိုင်ခွင့်အတွင်း ၀င်ရောက်စွက်ဖက်မှုများ ရှိလာခဲ့ပြီး၊ အကျိုးစီးပွားဆိုင်ရာ ပြဿနာများအပေါ် အခြေခံ၍ မကြေ လည်မှုများ ပေါ်ပေါက်လာခြင်း ဖြစ်ပါသည်။
စစ်တပ်က အာဏာခွဲဝေအုပ်ချုပ်ခြင်းဆိုင်ရာ ကိစ္စများတွင် အတွေ့အကြုံ မရှိခဲ့ကြသည့်အလျောက်၊ စစ်ဗိုလ်ချုပ်များက လည်း ကြံ့ဖွံ့အဖွဲ့ဝင်များ အစွမ်းပြလာကြသည်ကို လက်ခံနိုင်ရန် ခက်ခဲပါလိမ့်မည်။
"စစ်တပ်ထဲက အရာရှိတော်တော်များများက ကြံ့ဖွံ့တွေကို မုန်းကြတယ်။ ဗိုလ်ချုပ်သန်းရွှေ အချိန်လွန်သွားတာနဲ့အမျှ သူတို့လည်း ကျသွားမှာပဲလို့ တွက်ထားကြတယ်" စစ်တပ်နှင့် နီးစပ်သည့်သူများက ဆိုကြပါသည်။
မည်သူက ကြိုးဆွဲသည်ပင်ဖြစ်စေ၊ အစိုးရက အာဏာဗဟိုချက်မ ၂-ခုနှင့် အလုပ်လုပ်နေရလျှင် ကြီးလေးသည့် အတွင်း ဂိုဏ်းဂဏ ပဋိပက္ခများကြုံရဖွယ် ရှိသလို၊ အုပ်ချုပ်ရေးအဖွဲ့အတွင်း ဘာမှ လုပ်၍ကိုင်၍ မရသည့် အခြေအနေမျိုးလည်း ဖြစ်နေနိုင်ပါသည်။
အချို့သော ထောက်ခံပြောဆိုသူများက ယခုပုံစံအတိုင်းဖြင့် တဖြည်းဖြည်း ပြောင်းလဲတိုးတက်လာကာ နောက်ဆုံး ပွင့်လင်း လွတ်လပ်သည့် အခြေအနေ ရောက်သွားနိုင်သည်ဟုလည်း ဆိုကြပါသည်။ ထိုသူများက စစ်တပ်၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အားနည်းချက်များ ရှိနေသော်လည်း၊ နောက်ထပ် မျိုးဆက်သစ် စစ်တပ်ခေါင်းဆောင်များအတွက် ပြုပြင် ပြောင်းလဲနိုင်သော အခွင့်အလမ်းများ ရလာစေမည်ဟု ယုံကြည်နေကြပါသည်။ ထိုသူများက ယခု ဗိုလ်ချုပ်များရေးဆွဲ ထားသည့် အားနည်းချက်များပြည့်နေသော ဒီမိုကရေစီပုံစံကို လက်ခံလိုက်ပြီး၊ ရေရှည်တွင် လူအများက ပို၍ လက်ခံနိုင် ဖွယ်ရှိသည့် အဖြေဖြစ်ပေါ်လာစေရန် စတင်သည့် တာထွက်အဖြစ် အသုံးချနိုင်သည်ဟုလည်း ဆိုကြပါသည်။
သို့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့် အစိုးရ၏ အာဏာပြိုင်ဆိုင်မှု သဘောသဘာဝအတွင်း၌ လမ်းပွင့်လာမည့်သဘော၊ ရေရှည်တွင် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေး ဖြစ်ပေါ်လာမည့် အနေအထားကို မတွေ့ကြရပါ။ ဤသို့ဖြစ်ခဲ့မည်ဆိုလျှင်သော်မှ ရေရှည်သည် မည်မျှအချိန်ယူ စောင့်ကြရမည်နည်း၊ မည်မျှ ရေရှည်မည်နည်းဟု မေးခွန်း ထုတ်ဖွယ် ရှိနေပါသည်။ သိပ်ရေရှည်ကြာမြင့်လွန်းမည်ဆိုပါကလည်း တိုင်းပြည်အတွင်းနှင့် ပြင်ပရှိ အတိုက်အခံအဖွဲ့ အစည်းများအနေဖြင့် မဟာဗျူဟာအရ အရေးမပါတော့သည့် အနေအထားတိုင် ရောက်ရှိသွားနိုင်ပါသည်။
အမှန်တွင် စစ်အစိုးရက အတင်းအကျပ်ချထားသည့် ဖွဲ့စည်းပုံ အခြေခံဥပဒေအတွင်း၌ နိုင်ငံရေးအရ ပြုပြင်ပြောင်းလဲမှုများ ဖြစ်ပေါ်လာရန် အခြေအနေ မရှိပါ။ စစ်တပ်၏ ဖွဲ့စည်းပုံတွင် ပြင်ဆင်ဖြည့်စွက်ချက်များ ပြုရန် ကြံစည်ထားသည် ထားဦး၊ စစ်တပ်က လွှမ်းမိုးထားသည့် လွှတ်တော်ဆွေးနွေးပွဲများတွင်သော်လည်းကောင်း၊ အသစ်သော အာဏာဖွဲ့စည်းပုံအရ သော်လည်းကောင်း၊ တဖြည်းဖြည်းပြုပြင်ပြောင်းလဲရေးများ လုပ်ဆောင်သွားမည်ဟူသည့် မျှော်လင့်ချက်မှာ ဖြစ်နိုင်ခြေ မရှိ ပါ။ လူထုက ဖိအားပေးတောင်းဆိုကြပြီး၊ နောက်ဆုံး စစ်တပ်က လိုက်လျောညှိနှိုင်းဆွေးနွေးရသည့် အခြေအနေမှသာ လက်ရှိ ဗိုလ်နေမြဲ-ကျားနေမြဲ အခြေအနေမှ ရုန်းထွက်နိုင်ဖွယ် ရှိပါသည်။ သို့မဟုတ်ပါက ၂၀၁၀ ရွေးကောက်ပွဲပြီး အလား အလာများကလည်း အားလျော့ဖွယ် မှေးမှိန်နေပါသည်။
သို့အတွက်ကြောင့် ကုလသမဂ္ဂ ဦးဆောင်သည့် နိုင်ငံတကာမိသားစုအနေဖြင့် မြန်မာနိုင်ငံတွင် အင်အားစုအားလုံး ပါဝင်နိုင် သည့် နိုင်ငံရေးပြေလည်မှု ရရှိစေရေးအတွက် ၂၀၁၀ မတိုင်မီတွင် ၎င်းတို့၏ ကြိုးပမ်းမှုများကို နှစ်ဆတိုးဆောင်ရွက်ကြရန် လိုအပ်နေပါသည်။ အရေးပါသည့် အင်အားစု၊ အဖွဲ့အသီးသီးအကြား အဓိပ္ပါယ်ရှိသည့် တွေ့ဆုံဆွေးနွေးပွဲများ ဖြစ်လာစေ ရေးအတွက် အင်အားသုံးစေ့စပ်စေသည့် သံတမာန်ရေးနည်းလမ်းဖြင့် ကြားဝင်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။ စစ်အစိုးရကို "ယုံကြည်လက်ခံနိုင်ဖွယ်ရှိသည့်၊ အင်အားစု အားလုံးပါဝင်နိုင်သည့်" ရွေးကောက်ပွဲများ ကျင်းပပေးပါရန် မေတ္တာရပ်ခံနေရုံ မျှဖြင့် အလုပ်မဖြစ်နိုင်ပါ။
ဤရွေးကောက်ပွဲများမှ ထွက်ပေါ်လာမည့်ရလဒ်သည် စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေအလိုကျအတိုင်း ဖြစ်လာလိမ့်မည်ကို နိုင်ငံတကာ မိသားစု အနေဖြင့် အပြည့်အ၀ နားလည်သဘောပေါက်ထားရန် လိုအပ်ပါသည်။ သို့မဟုတ်ပါက ဇူလိုင် ၁၉ ရက်နေ့က ဘရပ်ဆယ်တွင် ဥရောပသမဂ္ဂခေါင်းဆောင်များ ပြုခဲ့ကြသကဲ့သို့ အမှားကြီး ထပ်မံကျူးလွန်ဖွယ် ဖြစ်လာနိုင်ပါ သည်။ ထိုအစည်းအဝေးတွင် ဥရောပသမဂ္ဂခေါင်းဆောင်များက စစ်အစိုးရအနေဖြင့် " ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု ကြေညာထားသည့်အတိုင်း ပြင်ဆင်မှုများ သေချာဆောင်ရွက်ရန်နှင့် လူအများလက်ခံယုံကြည်နိုင်သည့်၊ အားလုံးက အပြည့်အ၀ ပါဝင်ဆောင်ရွက်နိုင်ခွင့်ရှိသည့် ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေးလုပ်ငန်းစဉ်အဖြစ် အကောင် အထည်ဖော်ရန်" တောင်းဆိုခဲ့ကြသည်။ အတွင်း တရားကိုယ်သဘောအရ၊ နောက်ဆက်တွဲ ဖြစ်လာနိုင်သည့် အကျိုးဆက် များအရ အန္တရာယ်ကို တွက်ဆခြင်းမပြုဘဲ ဥရောပသမဂ္ဂ ခေါင်းဆောင်များက ၂၀၁၀ ရွေးကောက်ပွဲကို အလောသုံးဆယ် တွန်းအားပေးခဲ့ကြသည်။ ဤသို့ဆောင်ရွက်ခဲ့သည်ကိုလည်း သူတို့က မြန်မာပြည် ဒီမိုကရေစီအရေး အတွက် ဆောင်ရွက် ပေးခဲ့ပြီဟု ကြေနပ်ပုံလည်း ရနေကြသည်။ ကျင့်ဝတ်ပိုင်းဆိုင်ရာအရ ၀မ်းနည်းဖွယ်ကိစ္စဖြစ်ပြီး၊ မဟာ ဗျူဟာအရ အကြီးအကျယ်လွဲချော်မှုလည်း ဖြစ်ပေသည်။
မကြာမီကာလတွင် မြန်မာနိုင်ငံသို့ နောက်ထပ်တခေါက် လာရန် ရည်ရွယ်ထားသည့် ကုလသမဂ္ဂ၏ အထူးသံ မစ္စတာ အီဗရာဟင် ဂမ်ဘာရီအနေဖြင့်လည်း စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံဥပဒေနှင့် ၂၀၁၀ ရွေးကောက်ပွဲကို တရားဝင် ထောက် ခံမှု မပေးမိလိုက်စေရန် အထူးသတိထားရပါလိမ့်မည်။ အင်အားစု အားလုံးပါဝင်နိုင်ခြေရှိသည်ဟု တွက်ဆခဲ့ပြီး စစ်အစိုးရ၏ "လမ်းပြမြေပုံ" ကို တချိန်က ထောက်ခံခဲ့သည့် ကုလသမဂ္ဂ အနေဖြင့်၊ ယခုအချိန်တွင် ဤမြေပုံသည် အခြားအရေးပါသည့် အင်အားစုများကို စုစည်း ဆွဲဆောင်နိုင်ခြင်း မရှိတော့သည့်အတွက် မကိုက်ညီတော့ကြောင်း ပြတ်သားရှင်းလင်းစွာ ပြောဆိုရတော့မည့် အချိန် ဖြစ်ပါသည်။
အချုပ်ဆိုရသော် ကုလသမဂ္ဂ ဦးဆောင်သည့် နိုင်ငံတကာမိသားစုအနေဖြင့် ၂၀၁၀ ခုနှစ် မတိုင်မီအတွင်း မြန်မာနိုင်ငံတွင် အင်အားစုအားလုံး ပါဝင်ဖြေရှင်းနိုင်မည့် နိုင်ငံရေးပြေလည်မှု ရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်ချက်များကို လက်မလျှော့ သင့်သေးပါကြောင်း တင်ပြလိုက်ရပါသည်။


မင်းဇင်ရေးသားသည့် The 2010 Election Challenges ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

အပြည့်အစုံဖတ်လိုလျှင်

သတင်းထောက်တဦးရဲ့ ရင်ဖွင့်သံ … လပွတ္တာမြင်ကွင်း

အောင်သက်ဝိုင်း/ လပွတ္တာ ဇူလိုင် ၁၆၊ ၂၀၀၈
ကျနော် အခု လပွတ္တာက ပြန်ရောက်ရောက်ချင်း အင်တာနက်ဆိုင်ကိုတန်းဝင်လာတာပါ။ အခြေအနေတွေက အစိုးရပြော သလို လုံးဝမဟုတ်ဘူးဗျ။ တော်တော်ကို ဆိုးတယ်။ အရင်တုန်းက ဒုက္ခသည်တွေက စခန်းတွေမှာ ဒုက္ခခံရတယ်။ အခု ကိုယ့်နေရာကိုယ်ပြန်ပြီး ဒုက္ခခံရတယ်။ ကိုင်းသောင်၊ ကညင်ကုန်း၊ ရွေး၊ ပြင်စလူ ရွာတွေရောက်ခဲ့တယ်။ ပြန်လည်ထူထောင် ရေးအတွက်ဆိုပြီး လုပ်အားဝင်ပေးခိုင်းတာ အကြီးအကျယ်ပဲ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မင်းတို့ ရပ်ရွာတွေ ပြန်လည်ထူထောင်ဖို့ ငါတို့စစ်သားတွေက ရောက်လာတာ။ မင်းတို့တတွေ ငါတို့နဲ့ ပူးပေါင်းလုပ်” ဆိုပြီး လုပ်အားပေးခိုင်းတာပဲ။ ရိုက်တာ၊ နှက်တာတွေလည်း ရှိတယ်။ ၃မိုင်၊ ၅မိုင်နဲ့ ရတနာဒီပ ကစားကွင်းက နေရပ်မပြန်သေးတဲ့ ဒုက္ခသည်တွေအများကြီး လုပ်အားပေးအခိုင်းခံနေရတယ်။ သူတို့က လုံးဝမပြန်ချင်ကြဘူး။ လုပ်အားပေးမလိုက်ရင် စခန်းက မောင်းထုတ်မယ်ဆိုလို့သာ လုပ်အားပေး လိုက်ကြရတာ။ စခန်းတွေကို သြဂုတ် ၅ ရက်နေ့ နောက်ဆုံးထားပြီး ဖျက်မယ်၊ မပြန်ရင် အကြမ်းဖက်မယ်လို့သတိပေးထားတယ်။
ကုလသမဂ္ဂကို သိပ်အထင်မကြီးနဲ့ဗျို့။ သူတို့တွေက လူထုနဲ့တသားတည်းမဖြစ်ဘူး။ ဒေါ်လာရလို့ အလုပ်လာလုပ်နေကြတာ။ ဒုက္ခသည်တွေ အရမ်းအခက်အခဲဖြစ်နေတယ်ဆိုတာ သိတာတောင် သတင်းမထုတ်ပြန်ပေးကြဘူး။ အစိုးရငြိုငြင်မှာ အရမ်း ကြောက်နေကြတယ်။ သူတို့တွေက အခြေအနေကို အမြဲထိတွေ့နေရတာ။ သိတယ်။ သူတို့ရဲ့ဒေါ်လာရနေတဲ့ လုပ်ငန်းတွေ ရပ်သွားမှာစိုးလို့ သိရဲ့သားနဲ့ မသိလိုက် မသိဘာသာ မျက်လုံးစုံမှိတ်နေကြတာ။
သူတို့အတွက်သုံးနေတဲ့ စရိတ်တွေက ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့စရိတ်ထက် များမယ်လို့ ထင်တယ်။ အိမ်အကောင်း စားတွေကို တလ ကျပ် ၁၀ သိန်း နဲ့ ၁၅ သိန်းအကြားပေးပြီး ငှားနေကြတယ်။ တကယ်လို့သာ သူတို့တွေ စေတနာရှိရင် အသုံးစရိတ်ကို လျှော့ချပြီး ဒုက္ခသည်တွေအတွက် သုံးငွေ အပိုထွက်လာအောင် လုပ်သင့်တာပေါ့ဗျာ။ ပြီးတော့ သူတို့တွေက ၀တ်ကျေတန်းကျေဗျ။ လူမှုရေးစိတ်ဓာတ်အရင်းခံပြီး လာလုပ်နေတာ မဟုတ်ဘူး။ တော်တော်စိတ်ပျက်ဖို့ ကောင်းတယ်။
အခု ထပ်တောင်းတဲ့ ဒေါ်လာ သန်း ၂၈၀ ဆိုတာ သူတို့အတွက်ပဲ နေမှာပေါ့။ ဒုက္ခသည်တွေကတော့ တာပေါ်လင်စကို အမိုး အကာလုပ်၊ ၀ါးလုံးနဲ့ တဲထိုး၊ WFP က မသေရုံပေးတဲ့ ဧည့်မထ ဆန်ညံ့ကို စားနေရတာ။ မိုးလေးရွာနေလို့ ဒုက္ခသည်တွေ အတွက် ရေအဆင်ပြေနေတာ။ မိုးသာမရွာရင်တော့ ဖြစ်လိုက်မယ့်ကပ်ရောဂါတွေ။ ဆေးကုသမှုအပိုင်းနဲ့ ပတ်သက်လို့လည်း အဲဒီ အန်ဂျီအိုတွေ မရောက်သေးတဲ့ နေရာတွေ အများကြီး ရှိသေးတယ်။ အဓိက ပြောချင်တာကတော့ ဒုက္ခသည်တွေမှာ အားကိုးရာမရှိဘူး။
ကျနော်ရောက်သွားတဲ့ ရွာတွေက ဒုက္ခသည်တွေက ကျနော့်ကိုတိုင်ကြတယ်။ သူတို့ရင်ဆိုင်နေရတဲ့ အခြေအနေတွေကိုပေါ့။ သူတို့စိတ်ထဲမှာ ကျနော်က သူတို့ကို တခုခုဖြစ်အောင် ကူညီပေးနိုင်မယ်ဆိုပြီး မျှော်လင့်နေကြတယ်။ အဲဒါ ကျနော် ၀မ်းအနည်းဆုံးပဲ။ ကျနော်က သူတို့အတွက် သတင်းရေးပေးရုံကလွဲရင် ဘာဆိုဘာမှ မတတ်နိုင်ဘူးဗျ။ ကျနော်ရေးတဲ့ သတင်းတွေက သူတို့တွေကို မကယ်တင်နိုင်ဘူးဆိုတာ ကျနော်ကိုယ်တိုင် သိတယ်။
ကမ္ဘာက သိမယ်၊ နိုင်ငံတကာက သိမယ်၊ ဒါလောက်ပဲ။ အဲဒါအကုန်ပဲ။ ကုလသမဂ္ဂဆိုတဲ့ အဖွဲ့အစည်းကြီး တွေတောင် လပွတ္တာ မြို့ပေါ်မှာရှိနေပြီး ဒီဒုက္ခသည်တွေကို မကူညီနိုင်တာ ကျနော်လို သတင်းထောက် တယောက်က ဘာကူညီနိုင် မှာလဲ။ ကျနော့်အတွက်တော့ သတင်းကောင်းတွေ ရမယ်၊ လူတွေဖတ်ကြမယ်၊ အရေးကောင်းရင် ချီးကျူးကြမယ်၊ ဒါပဲ။ လာမယ့် ဇူလိုင်လကုန်ဆိုရင် ၃ မိုင်၊ ၅မိုင်၊ ရတနာဒီပက လူတွေကို ဆွဲထုတ်မယ်။ တဲတွေဖျက်မယ်။ နှင်မယ်။ ပြောမရရင် ရိုက်ကောင်းရိုက်မယ်။
ဟိုးအရင် လပွတ္တာမြို့ပေါ်က ဒုက္ခသည်စခန်းတွေကနေ ဒုက္ခသည်တွေကို ၃ မိုင်၊ ၅မိုင်နဲ့ ရတနာဒီပ စခန်းတွေကို ပို့တုန်းက ဘယ်လို ပို့ခဲ့တယ်ထင်လဲ။ ဘုရားကြီးဝင်းနဲ့ မြို့ပေါ်စခန်းက လူတွေကိုညနေ ၄ နာရီလောက် လပွတ္တာ မြို့မှာတပ်စွဲထားတဲ့ တပ်မ ၆၆ က စစ်သားတွေက နံပါတ်တုတ်တွေ သေနတ်တွေကိုင်၊ ဒုက္ခသည်စခန်းတွေကို ၀ိုင်း၊ ပြီးတော့ ကားကြီးတွေပေါ် ကို ကျွဲနွားတွေလို မောင်းတင်ခဲ့တာဗျ။ အဲဒါ အခုမှ ဒုက္ခသည်တွေက ကျနော့်ကို ပြောပြတာ။ သူတို့အဲဒီလို ထပ်လုပ်ခံရမှာ ကြောက်နေကြတယ်။
အဲဒီလို ဒုက္ခသည်စခန်းတွေကို အင်အားသုံးရွှေ့တာ ကုလသမဂ္ဂက မြန်မာဝန်ထမ်းတွေသိတယ်။ ဘာဖြစ်လို့ သတင်းမထုတ် ခဲ့ကြတာလဲ။ အဲဒီဖြစ်ရပ်ကို မြို့ခံတွေအားလုံးလည်းသိတယ်။ အခုနောက်တကြိမ် အဲဒီလို ဖြစ်ဦးမယ်။ ပြီးတော့ စခန်းကို တာဝန်ယူထားတဲ့တပ်နဲ့ အာဏာပိုင်တွေက ညနေ အရက်မူးလာရင် “သူများ ထမင်းစားပြီး အပျင်းတက်နေတဲ့ ဟာတွေ၊ သူတောင်းစားတွေ၊ ကိုယ့်အိမ်ကိုယ် ပြန်ကြပါလား” ဆိုပြီး ဆဲတယ်။ အဲဒါ မခံနိုင်တဲ့ ဒုက္ခသည်မိသားစုတွေက၊ အထူးသဖြင့် ယောက်ျားတွေက ပြန်အော်ရင် ခေါ်ပြီးရိုက်၊ ပြီးတော့ အဲဒီမိသားစုကို စခန်းက မောင်းထုတ်တယ်။ အဲဒါ တကယ့်ဖြစ်ရပ်မှန် တွေ။ စခန်း ၃ ခုစလုံးမှာ ဖြစ်နေတာ။ ပြီးတော့ အလှူရှင်တွေလာရင် ဘာမှ မလိုအပ်ဘူးဆိုပြီး ပြောခိုင်းတယ်။ အရမ်းလှူချင် တဲ့သူတွေက ဇွဲကောင်းကောင်းနဲ့ အကြာကြီး စကားတွေပြောပြီးမှ လှူလို့ ရတယ်။ အဲဒီအခြေအနေတွေကို ကုလသမဂ္ဂ သိမှာပါ။ ဒါပေမယ့်သူတို့ ဘာကြောင့် နှုတ်ဆိတ်နေကြတာလဲ ...။
ပြီးတော့လည်း TCG (အာဆီယံ၊ ကုလသမဂ္ဂ၊ နအဖ … သုံးပွင့်ဆိုင် ဗဟိုအဖွဲ့) ဘာတွေ ဘယ်လို စာရင်းကောက် သွားတယ် မသိဘူးလို့ လပွတ္တာ မြို့ခံတွေက ပြောတယ်။ လူငယ်လေးတွေ လာတယ်တဲ့။ သူတို့က အာဆီယံ ... ဘာဘာ ညာညာ အဖွဲ့ ကပါပေါ့။ ရွာတွေမှာ ဘာတွေ ဖြစ်နေလဲသိချင်တယ်ဆိုပြီး လပွတ္တာမြို့ပေါ်မှာနေတဲ့ ရယကကို မရမက မေးတယ်။ ဟိုက ကျနော်တို့ အရမ်းကြီးမသိဘူး။ ရွာကို လိုက်ပို့ပေးမယ်ဆိုပြီးပြောတော့ အချိန်မရလို့ပါ၊ မြန်မြန်နဲ့ ခန့်မှန်းပြောပါဆိုပြီး စာရင်း တွေကောက်သွားလေရဲ့။ အဲဒါဘယ်လိုလုပ်ပြီး စာရင်းအမှန် ထွက်မလဲ။ ကျနော့်မှာ လူသက်သေတွေ၊ အထောက်အထား တွေအများကြီးရှိတယ်။ စာရင်းတွေကို အပေါ်ယံ လုပ်သွားကြတာလေ။ အဲဒါ TGC ပေါ့။ အဲဒီ အစီရင်ခံစာက အခြေအနေမှန် ကို လုံးဝထင်ဟပ်မပြနိုင်တာ သေချာပေါက်ပဲ။
ပြီးတော့ အစိုးရနဲ့ VOA နဲ့ ဖြစ်ခဲ့တဲ့ လေဆင်နှာမောင်းကိစ္စ။ အစိုးရက လေဆင်နှာမောင်း မတိုက်ဘူး။ VOA ကတိုက်တယ် ဆိုပြီး ဖြစ်ခဲ့တာ။ တကယ်တော့ တိုက်ခဲ့တယ်။ လပွတ္တာမြို့ ၃ မိုင် နားက ရွာတွေမှာ အိမ်တွေ အလုံးလိုက်ကို ကျွတ်ထွက် တာ။ သို့သော် VOA က ပြောတဲ့နေရာ လွဲသွားတာ။ အဲဒါ အစိုးရက ချက်ကောင်းရပြီဆိုပြီး ကိုင်လိုက်တာဗျ။
နောက်တခုက အစိုးရ ပြောနေတဲ့ လယ်ထွန်စက်တွေ ပေးနေတယ်။ မျိုးစပါးတွေ ပေးနေတယ်။ လှေတွေ၊ ပိုက်တွေပေးနေ တယ်ဆိုတဲ့ကိစ္စ။ ရွာက လူတွေက ကျနော့်ကို ဘာပြောလဲသိလား။ မင်းက အစိုးရဘက်ကလားတဲ့။ သူတို့ဘာမှမရဘူးတဲ့။ ရတဲ့ရွာတွေတော့ ရှိတယ်တဲ့။ ဟုတ်တယ်။ ရတဲ့ရွာတွေရှိတယ်။ သို့သော် စက်အစုတ်။ လယ်တဧကကို ဒီဇယ်ဆီ ၂ ဂါလန် ပေးတယ်။ ဒါပေမယ့် အဲဒီစက်အစုတ်တွေက ပျက်တယ်။ ပြီးတော့ ဆီအရမ်းစားတယ်။ တဧက ထွန်ဖို့ ၄ ဂါလံနဲ့ ၅ ဂါလံ ကုန်တယ်တဲ့။ ပြီးတော့ စက် ၁၀ လုံးမှာ ၃ လုံးလောက်ပဲ ကောင်းတယ်တဲ့။ အဲဒီကောင်းတဲ့ ၃ လုံးကို ကိုယ့်လယ်မှာ ထွန်နိုင် ဖို့ ရွာလူကြီးကို ၂ သိန်းလာဘ်ထိုးရတယ်။ ပြီးတော့ ပေးတာက အသုံးမကျတဲ့စပါး၊ နှံကား ဆိုတာ။ သူက ဆန်နာမည်ဆိုရင် မနောသုခပေါ့။ ကျဲလိုက်တယ်။ တပင်မှ မပေါက်ဘူး။ သူတို့အရင်ကစိုက်တဲ့ မျိုးစပါးကလည်း လုံးဝမရတော့ လယ်သမား တွေ ပက်လက်လန်ရော။
စပါးပင်မရှိတဲ့လယ်ကွင်းတွေကို မြစ်ကမ်းတလျှောက်မှာမြင်ခဲ့တယ်။ အစိုးရ လိမ်တာတွေကတော့ အံ့ရောပဲ။ စပါးပင်ရှိတဲ့ လယ်ကွင်းတွေကိုတော့ လပွတ္တာမြို့အ၀င် လမ်းတလျှောက်မှာပဲ တွေ့ခဲ့ရတယ်။ ဒါက မုန်တိုင်းသင့် ဧရိယာ တခုလုံးနဲ့ နှိုင်းရင် ဘာမှ မဟုတ်ဘူးနော်။ တကယ့်ကို ရင်မောစရာပဲ။
ဒုက္ခသည်တွေကြောင့် ဒုက္ခသည်စခန်းကို အုပ်ချူပ်တဲ့ လူကြီးမင်းတွေနဲ့ မြို့ရဲ့ ရယက၊ မရက ဆွေတော်၊ မျိုးတော်၊ လပွတ္တာ မြို့ခံ အိမ်ပိုင်ရှင်တွေ အတော့်ကို ချမ်းသာလာကြပြီ။ စားသောက်ဆိုင်တွေဆိုတာ ကြက်ပျံမကျ။ ပြီးတော့ လပွတ္တာမှာ UN က မမတွေ၊ ကိုကိုတွေ၊ ဦးကြီးတွေ၊ တခြား INGO က ကိုကို၊ မမ၊ ဦးကြီးတွေရဲ့ ချစ်ဇာတ်လမ်းလေးတွေကတော့ ဒေါ်လာငွေ ရာချီပေးငှားထားတဲ့ အိမ်ကြီး အိမ်ကောင်းတွေပေါ်မှာ ရှိလာပြီ။
ဒုက္ခသည်တွေကို လျစ်လျူရှုတဲ့သူတို့ကို ကျနော်တကယ်မုန်းတယ်။ ဒါပေမယ့် ဘာမှမသိရှာလေတဲ့ ဒုက္ခသည် အများစုက တော့ UN နဲ့ INGO က ကျပ်ငွေ သောင်းဂဏန်းနဲ့ ဆန်လေးတွေပေးတာကို ကယ်တင်ရှင်ကြီးတွေအလား ထင်မှတ်ယူဆ ကိုးကွယ်နေကြတယ်ဗျ။ ဆရာမ၊ ဆရာဆိုပြီး လေးလေးစားစား ရိုရိုသေသေ အောက်ကျို့ ဆက်ဆံနေကြတယ်။ အေးပေါ့ လေ။ အစိုးရက လုပ်မပေးတာထက်စာရင် သူတို့ကလုပ်ပေးနေတော့ ကယ်တင်ရှင်ကြီးတွေလို့ ထင်နေတာ သိပ်တော့ မဆန်းပါဘူး။ ကျနော်ကတော့ သူတို့ကို ဆောရီးပဲ။ အပြောကတော့ ရွှေမန်းတင်မောင်၊ အကကတော့ ချိုမိုင်မိုင်ဆိုတာတွေ။အရင် ခရီးစဉ်တုန်းက ဒုက္ခသည်တွေကို သနားစိတ်၊ ဒီUN နဲ့ INGO တွေကို မုန်းတဲ့စိတ်နဲ့ ပြန်ခဲ့ရတယ်။ အခု ခရီးစဉ်လည်း ဒီလိုပဲ၊ နောက်ခရီးစဉ်လည်း ဒီလိုပဲလာဦးမှာပဲ။ ဘာဖြစ်လို့လည်းဆိုတော့ သူတို့တွေက လူစိတ်မရှိတဲ့သူတွေ ဖြစ်နေလို့ပါ။ အိုကေ။ ကျနော်ပြောတာတွေ စိတ်ရှည်လက်ရှည် နားထောင်ပေးတဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်။ ရင်ထဲမှာ တော်တော်လေး ပေါ့သွားပြီ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကုလသမဂ္ဂ အထူးသံတမန်ကို မြန်မာစစ်အစိုးရ ဖိတ်ခေါ်

NEJ/ ၁၆ ဇူလိုင် ၂၀၀၈

ဒီမိုကရေစီစနစ် ကျင့်သုံးရန်နှင့် လူ့အခွင့်အရေး မှတ်တမ်းများ တိုးတက်ကောင်းမွန်လာစေရန် နိုင်ငံတကာ၏ ဖိအားပေးခံနေရသည့် မြန်မာနိုင်ငံက ကုလသမဂ္ဂ အထူးသံတမန် မစ္စတာ ဂမ်ဘာရီကို လာရောက်လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။
ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်း၏ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် အီဘရာဟင် ဂမ်ဘာရီအား ဖိတ်ခေါ်ချက်သည် စစ်အစိုးရ၏ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံ အမတ်ကြီး ဦးကျော်တင့်ဆွေက ယခုလ အလှည့်ကျ လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ဗီယက်နမ် သံအမတ်ကြီး လီလောင်မင်းထံ ပေးပို့သည့်စာ၌ ပါရှိခြင်းဖြစ်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံ သွားရောက်မည့် နေ့ရက်အတိအကျနှင့် ခရီးစဉ်ရည်ရွယ်ချက်ကို မသတ်မှတ်ရသေးသော်လည်း လာမည့် သြဂုတ်လယ်၌ သွားရောက်မည်ဟု မျှော်လင့်ကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူ မာရီအိုကာဘီက သတင်းထောက်များကို ပြောကြားသည်။

မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြီးခဲ့သည့် မေလကတည်းက မစ္စတာဂမ်ဘာရီက စစ်အစိုးရထံ တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်းမုန်တိုင်း သဘာဝဘေးရင်ဆိုင်နေရ သဖြင့် ယခုမှ လာခွင့်ပြုလိုက်ခြင်းဖြစ်သည်။

မစ္စတာဂမ်ဘာရီသည် ပြီးခဲ့သည့် စက်တင်ဘာလ သံဃာ့အရေးအခင်းအပြီး မြန်မာနိုင်ငံသို့ (၃) ကြိမ် သွားရောက်ခဲ့သည်။ နောက်ဆုံးအကြိမ်အဖြစ် မတ်လ (၆) ရက်မှ (၁၀) ရက်ထိ (၅) ရက်ကြာ သွားရောက်ခဲ့သည်။

ယင်းခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီးသန်းရွှေနှင့် တွေ့ခွင့်မရသော်လည်း ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်ဆန်း ခေါင်းဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် (၂) ကြိမ်၊ ဒေါ်အောင် ဆန်းစုကြည်နှင့် (၂) ကြိမ်၊ ဆန္ဒခံယူပွဲ ကျင်းပရေးကော်မရှင်၊ အန်အယ်လ်ဒီ၊ တစည၊ ကြံ့ဖွံ့၊ အိုင်စီအာစီ စသည်တို့မှ တာဝန်ရှိသူများနှင့်လည်း တွေ့ဆုံခဲ့သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာပြည် မစ္စတာဂမ်ဘာရီနှင့် စစ်အစိုးရ၏ နိုင်ငံရေးမျှော်လင့်ချက် ရောင်ခြည်


(သတင်းသုံးသပ်ချက်)ပီတာအောင်/ ၁၆ ဇူလိုင် ၂၀၀၈

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ဂမ်ဘာရီသည် လာမည့် သြဂုတ်၌ မြန်မာနိုင်ငံသို့ ထပ်မံသွားရောက်မည်ဟု ကုလသမဂ္ဂက ယမန်နေ့က သတင်းထုတ်ပြန်သည်။
မြန်မာနိုင်ငံသို့ သွားရောက်ရန် ပြီးခဲ့သည့် မေလကတည်းက မစ္စတာ ဂမ်ဘာရီက စစ်အစိုးရထံ တောင်းဆိုခဲ့သော်လည်း မြန်မာနိုင်ငံ၌ နာဂစ်ဆိုင်ကလုန်း သဘာဝဘေး ရင်ဆိုင်နေရသဖြင့် ယခုမှ လာခွင့်ပြုလိုက်ခြင်းဖြစ်သည်။ မစ္စတာဂမ်ဘာရီ အလာကောင်းသော်လည်း အခါနှောင်းပြီဟု အတိုက်အခံဘက်က မြင်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်အစိုးရဘက်က အမျိုးသားညီလာခံပြီးစီးအောင်လုပ်၊ မုန်တိုင်းဒုက္ခသည်များကို မျက်ကွယ်ပြုပြီး ဖွဲ့စည်းပုံအခြေခံဥပဒေကို (၉၂) ရာနှုန်း ထောက်ခံမှုရအောင်လုပ်ပြီး နိုင်ငံရေး အသာစီးယူထားချိန် မျိုးမှာမှ လာသည့်အတွက် မည်သည့် နိုင်ငံရေး အပေးအယူမျိုးမှ မစ္စတာဂမ်ဘာရီ လက်ထဲပါလာ မည်ဟု အတိုက်အခံဘက်က မယူဆပေ။ စစ်အစိုးရဘက်ကလည်း ဆန္ဒခံယူပွဲ အနိုင်ယူထားချိန် ရွေးကောက်ပွဲအတွက် ဟန်ရေးပြနေချိန်မျိုးမှာမှ ရွေးပြီး မစ္စတာဂမ်ဘာရီကို ဖိတ်ကြားခဲ့ခြင်း ဖြစ်သည်။

ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများကမူ မစ္စတာ ဂမ်ဘာရီ၏ မြန်မာနိုင်ငံခရီးစဉ်အပေါ် မျှော်လင့်ချက် မထားကြောင်းနှင့် တွေ့ဆုံဆွေးနွေးရေး ဖြစ်ပေါ်လာရန် လမ်းစ မမြင်တွေ့ရသေး ကြောင်း သုံးသပ်ပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံဆွေးနွေးရေးသည် စစ်အစိုးရက ဆက်ဆံရေးဝန်ကြီး ခန့်အပ်၍ ဆောင်ရွက်ခဲ့သည့် ယမန်နှစ် အောက်တိုဘာ၌ လမ်းစပွင့်လာခဲ့သော်လည်း ယခုထိ သိသာထင်ရှား သည့် တိုးတက်မှု မတွေ့ရသေးဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ပြောခွင့်ရပုဂ္ဂိုလ် ဦးဥာဏ်ဝင်းက ပြောကြားသည်။

၎င်းက “ကုလသမဂ္ဂက ကမ္ဘာ့အဖွဲ့အစည်းဖြစ်လို့ ကျနော်တို့ ကြိုဆိုပါတယ်။ ဒါပေမယ့် အခု မစ္စတာ ဂမ်ဘာရီရဲ့ခရီးစဉ်ဟာ တခေါက်နဲ့တခေါက် အချိန်ကြာတယ်။ လက်ရှိ အာဏာရှိနေတဲ့ ပုဂ္ဂိုလ်တွေ၊ ကုလသမဂ္ဂနဲ့ ကျနော်တို့ ပူးပေါင်းဆောင်ရွက်မှသာ အကျိုးအမြတ် ရှိနိုင်မယ်လို့ မြင်ပါတယ်။ ဒါပေ မယ့် အခုလို အချိန်ကြန့်ကြာပြီးမှ တခါလာ ဒီလိုနည်းနဲ့ဆိုရင်တော့ တိုင်းပြည် အရမ်းနစ်နာနေတယ် လို့ ပြောချင်ပါတယ်” ဟု ပြောသည်။

မစ္စတာ ဂမ်ဘာရီကို အလာကျဲသည်ဟု အန်အယ်လ်ဒီက အပြစ်မြင်သော်လည်း ပြီးခဲ့သည့် အခေါက် တွင် မြန်မာစစ်ခေါင်းဆောင်ပိုင်းက ဗီဇာထုတ်မပေးသဖြင့် အခက်တွေ့ခဲ့သည့် သာဓကရှိပြန်သည်။

မစ္စတာ ဂမ်ဘာရီ ဒုတိယအကြိမ် လာစဉ်က အန်အယ်ဒီလ်နှင့် တွေ့ခွင့်ရသည်။ အမျိုးသား ရင်ကြား စေ့ရေးအတွက် တွေ့ဆုံဆွေးနွေးရေးက စတင်သင့်သည်ဟု အန်အယ်လ်ဒီက တင်ပြရာ ဖြစ်နိုင် ချေက စတင်ကြိုစားပါမည်ဟုသာ မစ္စတာဂမ်ဘာရီက မတင်မကျ ပြောနိုင်ခဲ့သည်။

မစ္စတာဂမ်ဘာရီအနေဖြင့် ပြီးခဲ့သည့် ခရီးစဉ်များတွင် မြန်မာနှင့် ပတ်သက်သည့် ကုလသမဂ္ဂ၏ ဆုံးဖြတ်ချက်များ အကောင်အထည်ပေါ်အောင် ဆောင်ရွက်နိုင်ခြင်း မရှိသဖြင့် ယခုခရီးစဉ်ကိုလည်း မျှော်လင့်ချက် မထားကြောင်း ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ အတွင်းရေးမှူး ဦးအေး သာအောင်က ပြောကြားသည်။

၎င်းက “ဂမ်ဘာရီလာမယ့်ခရီးစဉ်အပေါ်မှာ သိပ်ပြီး လေးလေးနက်နက် မျှော်လင့်ချက်မထားပါဘူး။ သိပ်ပြီးတော့ ထွေထွေထူးထူး ထူးထူးခြားခြား ဖြစ်လာမယ်လို့တော့ မထင်ဘူး။ ဘာကြောင့်လဲဆို တော့ နအဖက သူတို့သွားမယ့်လမ်းကြောင်းကို ခိုင်ခိုင်မာမာ ပီပီပြင်ပြင် ချထားပြီးဖြစ်တယ်။ ဂမ်ဘာ ရီ ပြောပေမယ့်လည်းပဲ သူတို့ လိုက်ပြီးတော့ ဆောင်ရွက်မယ့်သဘော ရှိမယ်လို့ မထင်ဘူး။ ဂမ်ဘာ ရီကလည်းပဲ ယူအန်ရဲ့လုပ်ရမယ့် တာဝန်တွေကို တွန်းတွန်းတိုက်တိုက် နအဖကို ပြောနိုင်လိမ့် မယ်လို့ မမျှော်လင့်ဘူး။ အဲတော့ ဂမ်ဘာရီရဲ့ ခရီးစဉ်ဟာ သာမန်ပဲ။ ယူအန်က လွှတ်လိုက်တဲ့ ကိုယ်စားလှယ်တယောက် လာတဲ့ သဘောလောက်ပဲ ရှိမယ်လို့ ကျနော်မြင်တယ်” ဟု ပြောသည်။

ဝါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကလည်း “ကုလသမဂ္ဂအနေနဲ့ အပေါ်ယံအားဖြင့် လူတွေက အားကိုးစရာလို့ထင်ပေမယ့် တကယ့်တကယ်ကျတော့ ခုထိအောင်တော့ ကုလသမဂ္ဂရဲ့ ဆောင်ရွက် မှုကြောင့် မြန်မာပြည်ရဲ့ နိုင်ငံရေးတိုးတက်မှု တခုမှမရှိဘူး” ဟု ဝေဖန်ပြောကြားသည်။

မြန်မာနိုင်ငံရေး အပြောင်းအလဲ ဖြစ်လာစေရန် စစ်ခေါင်းဆောင်များကို အပြည်ပြည်ဆိုင်ရာ ရာဇ
ဝတ်မှု တရားခုံရုံး တင်ကာ ဖိအားပေးသည့်နည်း၊ လူ (၂) သောင်းခန့်က အဖမ်းခံ၊ အသေခံ၍ ဆန္ဒပြသည့်နည်းနှင့် အန်အယ်လ်ဒီပါတီအနေဖြင့် ရွေးကောက်ပွဲဝင်ရောက်ပြီး အနိုင်ရအောင်လုပ်၍ လွှတ်တော်၌ ဆွေးနွေးသည့် နည်းလမ်းတို့ လုပ်ဆောင်သင့်သည်ဟု သခင်ချန်ထွန်းက ယူဆသည်။

ဆန္ဒခံယူပွဲအလွန် ကာလ၌ ကုလသမဂ္ဂ၏ မြန်မာနိုင်ငံရေး ပြဿနာအပေါ် ချဉ်းကပ်သည့် မူဝါဒ တိတိကျကျ မသိရကြောင်း၊ အမြင်ရှင်းစေရန် မစ္စတာဂမ်ဘာရီအနေဖြင့် မြန်မာနိုင်ငံ မသွားခင် ပြည်တွင်းပြည်ပရှိ နိုင်ငံရေးအင်အားစုများနှင့် ဆွေးနွေးတိုင်ပင်သင့်ကြောင်း ပြည်ထောင်စု မြန်မာနိုင်ငံ အမျိုးသားညွန့်ပေါင်းအစိုးရ၏ ကုလသမဂ္ဂ ကိုယ်စားလှယ် ဒေါက်တာသောင်းထွန်းက ပြောသည်။

၎င်းက “မစ္စတာဂမ်ဘာရီအနေနဲ့ မြန်မာနိုင်ငံ မသွားခင် မြန်မာနိုင်ငံမှာ အမျိုးသားပြန်လည်သင့် မြတ်ရေးနဲ့ ဒီမိုကရေစီရေးဖြစ်ဖို့အတွက် ဘယ်လိုချဉ်းကပ်မှုလုပ်မယ်ဆိုတာ ရှင်းလင်းဖို့လိုပါတယ်။ နအဖရဲ့လမ်းပြမြေပုံဟာ ဒီနေ့ဒီအချိန်မှာ ဘယ်လိုမှ ဖာထေးပြုပြင် လို့ရတဲ့လမ်းကြောင်း မဟုတ် တော့ဘူး။ ၂၀၁၀ ရွေးကောက်ပွဲဟာလည်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေးပြဿနာကို ဖြေရှင်းနိုင်မယ့် ရွေးကောက်ပွဲ မဟုတ်ဘဲနဲ့ စစ်အာဏာရှင်စနစ်ကို ပိုပြီးတော့ သက်ဆိုးရှည်စေမယ့် ရွေးကောက် ပွဲမျိုးပဲဖြစ်တယ်။ ဒါကြောင့်မို့လို့ မသွားခင်ကတည်းက နိုင်ငံရေးချဉ်းကပ်မှုရှင်းလင်းဖို့လိုတယ်” ဟုပြောသည်။

နအဖကိုဖိအားပေးနိုင်မည့် လူထုလှုပ်ရှားမှုကြီးတရပ်ကို ဖော်ဆောင်နိုင်မှသာ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ ပြန်လည်ရှင်သန်လာမည်ဖြစ်ပြီး ထိုသို့မလုပ်နိုင်ပါက ကုလသမဂ္ဂအနေဖြင့် အကူအညီပေးနိုင်မည်မဟုတ်ဟု ဒေါက်တာသောင်းထွန်းက ဖြည့်စွက်ပြောကြားသည်။

သို့သော် ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာပံ့ပိုးကူညီမှုများသည် အချည်းနှီးမဖြစ်ကြောင်းနှင့် ပြည်သူလူထုနှင့်နိုင်ငံရေးလှုပ်ရှားသူများအတွက် အင်အားတရပ်ဖြစ်ကြောင်း ဒီမိုကရေစီ အင်အားစုများက ပြောကြားသည်။

အထူးသဖြင့် မစ္စတာဂမ်ဘာရီနှင့် တချိန်က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ ရာဇာလီတို့၏ အခန်းကဏ္ဍနှင့် ပတ်သက်ပြီး နားလည်မှု ရှုတ်ထွေးခဲ့သည့် သာဓကရှိသည်။ မစ္စတာရာဇာလီကို ၂၀၀၀ ပြည့်နှစ် ဧပြီလ (၄) ရက်နေ့၌ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန်အဖြစ် ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်မှ ခန့်အပ်စဉ်က မြန်မာနိုင်ငံနှင့် ပတ်သက်ပြီး ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီ (၂၉) ရက်၌ ချမှတ်ခဲ့သည့် ဆုံးဖြတ်ချက် အမှတ် (၅၄/၁၈၆) ကို အကောင်အထည် ဖော်နိုင်ရန်ဆိုပြီး တာဝန်ပေးခဲ့ခြင်း ဖြစ်သည်။

ထိုဆုံးဖြတ်ချက်မူရင်း စာသားအရဆိုလျှင် မြန်မာစစ်အစိုးရအနေဖြင့် ကြိမ်ဖန်များစွာ ကတိပေး ထားသည့်အတိုင်း ၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်သည် ပြည်သူများ ဖော်ထုတ်ခဲ့သည့် ဆန္ဒနှင့် အညီ မြန်မာနိုင်ငံမှာ ဒီမိုကရေစီ ပြန်ထွန်းကားရန် လိုအပ်သည့်ကိစ္စမှန်သမျှ လုပ်ဆောင်ရန်ဆိုပြီး ကုလသမဂ္ဂ အထွေထွေညီလာခံကနေ ဆုံးဖြတ်ချက်အမှတ် (၅၄/၁၈၆) ဖြင့် တိုက်တွန်းထားသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် ကုလသမဂ္ဂ အထွေထွေညီလာခံ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရာတွင် မြန်မာနိုင်ငံ၏ ကြိုးပမ်းအားထုတ်မှုကို အထောက်အကူဖြစ်ရန် အတွက် သက်ဆိုင်ရာ ကုလသမဂ္ဂအဖွဲ့အစည်းများနှင့် ညှိနှိုင်းဆောင်ရွက်သွားမှာ ဖြစ်သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်၏ မူလထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မစ္စတာဂမ်ဘာရီ၏ ယခုခရီးစဉ်သည် အတိုက်အခံအတွက် မျှော်လင့်ချက် မရှိသော်လည်း စစ်အစိုးရ ဘက်ကမူ Road Map မျှော်လင့်ချက်ရောင်ခြည် သန်းနေသည်။ စစ်ခေါင်းဆောင်များ၏ နိုင်ငံရေး မျှော်လင့်ချက် ရောင်ခြည်အပေါ် မစ္စတာဂမ်ဘာရီ မည်သို့ သဘောထားမည်ဆိုသည်မှာ စောင့်ကြည့် ရမည်ဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ရိုက်နှက်ဖမ်းဆီးခံရသည့် အန်အယ်လ်ဒီပါတီဝင်များကို ရုံးထုတ်စွဲချက်တင်


ပီတာအောင်/ ၁၆ ဇူလိုင် ၂၀၀၈

ပြီးခဲ့သည့် ဇွန် (၁၉) ရက် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က စွမ်းအားရှင်နှင့်ကြံ့ဖွံ့တို့၏ ရိုက်နှက် ဖမ်းဆီးခံရသည့် အန်အယ်လ်ဒီပါတီဝင်များကို ရန်ကုန်မြို့ကျောက်တံတားမြို့နယ်ရှိ စုပေါင်း တရားရုံး၌ ဆူပူအုံကြွမှုတို့ဖြင့် ယနေ့ရုံးထုတ် တရားစွဲဆိုကြောင်း တရားခွင်သို့ သွားရောက်ခဲ့သူ တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တရားစွဲခံရသည့် တွံတေးမြို့ အန်အယ်လ်ဒီအဖွဲ့ဝင် ဦးချစ်ခင်၏ သားဖြစ်သူ ကိုအောင်စိုးမင်းက “ဒီနေ့ ရုံးထုတ်တယ်၊ နှစ်ကြိမ်ရှိပြီလို့ကြားတယ်။ ခုတကြိမ်မှ တွေ့ခွင့်ရတာပေါ့။ သူတို့ကို (၁၂) နာရီ လောက်မှာ အင်းစိန်ထောင်က ခေါ်လာတယ်။ တခါတည်း ရုံးကိုတင်တယ်။ (၂) ယောက်တွဲ၊ (၂) ယောက်တွဲ လက်ထိပ်တွေ ခတ်ပြီး ခေါ်လာတယ်။ စကားပြောခွင့်ရတယ်။ ရုံးမှာ ချက်ချင်းစစ်ဆေး ပြီး ချက်ချင်းပြန်ခေါ်သွားတယ်” ဟု ပြောသည်။
ဖမ်းဆီးခံရသူများမှာ ဦးပဉ္စင်း ဦးစန္ဒိမာ၊ ရှေ့နေ ဦးရောဘတ်စန်းအောင်နှင့် အန်အယ်လ်ဒီပါတီဝင် (၁၂) ဦးတို့ဖြစ်ပြီး ၎င်းတို့ကို ၅၀၅ (ခ)၊ ပုဒ်မ (၁၄၃) တို့ဖြင့် တရားစွဲထားသည်ဟု သိရသည်။
ပုဒ်မ ၅၀၅ (ခ) သည် အစိုးရနှင့် နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုကို ထိခိုက်စေသည့် ပြစ်မှုဖြစ်ပြီး (၂) နှစ်ခန့် ပြစ်ဒဏ်ချနိုင်ကြောင်းနှင့် ပုဒ်မ (၁၄၃) သည် လူ (၅) ဦးထက်ပို၍ စုရုံးသည့် ပြစ်မှုဖြစ်ပြီး (၆) လခန့် ပြစ်ဒဏ်ချမှတ်နိုင်သည်ဟု ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးအောင်သိန်းက ပြောသည်။
အန်အယ်လ်ဒီ ရန်ကုန်တိုင်း အတွင်းရေးမှူး ဒေါက်တာဝင်းနိုင်က “ရိုက်နှက်ခံရတဲ့ ပုဂ္ဂိုလ်တွေကို ထပ်ပြီးတော့ ဖမ်းဆီးထိန်းသိမ်းထားတယ်ဆိုတာ ဒါတွေဟာ ဥပဒေပြင်ပက လုပ်ရပ်တွေပါ။ ဒီရိုက် နှက်ခံရတဲ့လူတွေက တရားစွဲပိုင်ခွင့်တို့ ဥပဒေကြောင်းအရ အရေးယူပိုင်ခွင့်တွေ ဘာမှ အခွင့်အရေး တွေ ကျနော်တို့မှာ မရဘူး” ဟုပြောသည်။
ဖမ်းဆီးတရားစွဲခံရသူများအတွက် အမှုရင်ဆိုင်ရန် အန်အယ်လ်ဒီက စီစဉ်ထားကြောင်းနှင့် လာမည့် (၂၅) ရက်၌ ထပ်မံ ရုံးထုတ်ရန်ရှိကြောင်း သိရသည်။
အဖမ်းခံရသူ (၁၄) ဦးတို့မှာ ဦးစန္ဒိမာ၊ ရှေ့နေ ရောဘတ်စန်းအောင်၊ အန်အယ်ဒီပါတီဝင် ဦးထွန်းမြင့် (ဗဟန်း)၊ ဦးစိုးအုန်း (ဗဟန်း)၊ ဦးကျော်ကျော်သန်း (ညောင်လေးပင်)၊ ဦးသိန်းဝင်း (တာမွေဒု-ဥက္ကဋ္ဌ)၊ ဦးမောင်မောင်သိမ်း (မင်္ဂလာဒုံ)၊ ဦးဌေးအောင် (မရမ်းကုန်း)၊ ဦးမြင့်ဆွေ (ကြည့်မြင်တိုင်)၊ ဦးတင်အုန်း (ရွှေပြည်သာ)၊ ဦးမောင်စိန် (လှိုင်)၊ ဦးဟန်စိန် (အင်းစိန်)၊ ဦးချစ်ခင် (တွံတေး)၊ ဦးစံဘော် (တွံတေး) တို့ဖြစ်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာကျောက်မျက်ရတနာများ အမေရိကန်နိုင်ငံ တင်သွင်းခွင့် ပိတ်တော့မည်

Agencies/ ၁၆ ဇူလိုင် ၂၀၀၈

မြန်မာစစ်အစိုးရ၏ နိုင်ငံခြားဝင်ငွေ အဓိကလုပ်ငန်းတခုဖြစ်သည့် မြန်မာ့ကျောက်မျက်ရတနာများ အမေရိကန်နိုင်ငံတင်သွင်းမှု ပိတ်ဆို့မည့် ဥပဒေမူကြမ်းတခုကို အမေရိကန်အောက်လွှတ်တော်က ယမန်နေ့တွင် အတည်ပြုလိုက်ပြီး အထက်လွှတ်တော်သို့ ပြန်လည်တင်ပြတော့မည်ဖြစ်သည်။
မြန်မာနိုင်ငံ၏ ဒီမိုကရေစီ လှုပ်ရှားမှုကို အကြမ်းဖက် နှိမ်နင်းလေ့ရှိပြီး အဂတိလိုက်စားသည့် မြန်မာစစ်အစိုးရအပေါ် ဘဏ္ဍာရေးအရ ဖိအားပေးရန် ရည်ရွယ်၍ အဆိုပါဥပဒေမူကြမ်းကို အတည်ပြုလိုက်ကြခြင်းဖြစ်ကြောင်း အောက်လွှတ်တော် နိုင်ငံခြားရေးရာ ကော်မတီဥက္ကဋ္ဌ ဟိုးဝဒ် ဘားမန်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဟိုးဝဒ် ဘားမန်းက “ဒီဥပဒေအရ မြန်မာ့ကျောက်မျက်တွေကို အမေရိကန်နိုင်ငံထဲ တင်သွင်းတာကို ပိတ်ဆို့တာ၊ ပြီးတော့ သူတို့ရဲ့ ပိုင်ဆိုင်မှုတွေကို တိုးချဲ့ပိတ်ဆို့တာတွေ ဖြစ်လာတဲ့အတွက် ဒီစစ် အစိုးရအတွက် ဒေါ်လာ သန်း ရာဂဏန်းချီပြီး နှစ်စဉ်နစ်နာမှာ ဖြစ်ပါတယ်” ဟု ပြောကြောင်း အေပီ သတင်းတွင် ဖော်ပြသည်။

၂၀၀၃ ခုတွင် သမ္မတဘုရှ် ထုတ်ပြန်ခဲ့သော မြန်မာနိုင်ငံ လွတ်မြောက်ရေးနှင့် ဒီမိုကရေစီဥပဒေ Burmese Freedom and Democracy Act အား ပိုမိုခိုင်မာသစ်ဆန်းစေရန် ရည်ရွယ်ပြီး ကွယ်လွန် သူ အောက်လွှတ်တော် နိုင်ငံခြားရေးရာကော်မတီ ဥက္ကဋ္ဌဟောင်း မစ္စတာတွမ်လန်းတော့စ်က Block Burmese JADE Act ခေါ် အဆိုပါ ဥပဒေမူကြမ်းကို ၂၀၀၇ ခု၌ ဦးဆောင်ရေးဆွဲ အဆိုပြုခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့က အတည်ပြုလိုက်သည့် ဥပဒေမူကြမ်းကို တစ်ဖ်နီနှင့် ဘာဂါရီကဲ့သို့သော အမေရိကန် ကျောက်မျက်ရတနာ ကုမ္ပဏီကြီးများ အပါအ၀င် ရတနာအရောင်းဆိုင် (၁၁,၀၀၀) ကလည်း ထောက်ခံကြကြောင်း ဟိုးဝဒ် ဘားမန်းက ပြောသည်။

ပိတ်ဆို့ရေးဥပဒေကို အတည်ပြုရခြင်းမှာ မြန်မာနိုင်ငံတွင် ရွေးကောက်ခံ ဒီမိုကရက်တစ် အစိုးရ တရပ်ဖြင့် အစားထိုးနိုင်ရေးအတွက် မြန်မာစစ်အစိုးရအား ဖိအားပေးခြင်းဖြစ်ပြီး ပိတ်ဆို့မှုအသစ် ကြောင့် မြန်မာကျောက်မျက်များကို တတိယနိုင်ငံများမှ တဆင့် အမေရိကန်နိုင်ငံသို့ တင်သွင်း နေသည့် စစ်အစိုးရ လုပ်ရပ်များကို ထိခိုက်စေမည်ဖြစ်ကြောင်းလည်း သိရသည်။

မြန်မာစစ်အစိုးရနှင့် ဆက်စပ်နေသော နိုင်ငံရေးနှင့် စစ်ရေးခေါင်းဆောင်များ၊ ၎င်းတို့၏ မိသားစု
ဝင်များက တတိယနိုင်ငံများမှ တဆင့် အမေရိကန် ဘဏ္ဍာရေးအဖွဲ့အစည်းများ အသုံးပြုနေမှုကို ကာကွယ်နိုင်ရန်အတွက် ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း ယခု ဥပဒေသစ်အရ ထိန်းချုပ်သွား နိုင်မည်ဖြစ်သည်။ ထို့အပြင် ဒီမိုကရေစီအရေး လှုပ်ရှားဆန္ဒပြသူများအား အကြမ်းဖက် နှိမ်နင်း ရာတွင် ပါဝင်ခဲ့သော စစ်အစိုးရ တာဝန်ရှိသူများကိုလည်း အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ထုတ်ပေး မည် မဟုတ်ပေ။

မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့ထားခြင်းသည် သာမန်မြန်မာပြည်သူများကို ထိခိုက် ရန် မဟုတ်ဘဲ စစ်အစိုးရအပြင် စစ်အစိုးရနှင့် ဆက်စပ်နေသည့် အဖွဲ့အစည်းများ၊ ကုမ္ပဏီများ၊ စစ်အစိုးရကို မှီပြီး စီးပွားရှာနေသူများအတွက် ရည်ရွယ်ပစ်မှတ်ထားသည့် Targeted Sanctions ဖြစ်ကြောင်း အမေရိကန်အစိုးရက ရှင်းရှင်းလင်းလင်း ပြောဆိုထားသည်။

ထို့ပြင် မြန်မာနိုင်ငံမှာ စစ်အစိုးရဘက်က လူ့အခွင့်အရေး ချိုးဖောက်မှုများ ရပ်သွားစေမည့် သိသာ ထင်ရှားသည့် အဓိက တိုးတက်မျိုးများ ရှိခဲ့လျှင်ဖြစ်စေ၊ အရပ်သားအစိုးရကို အာဏာလွှဲပေးပါ မည်ဟု ဒီမိုကရေစီ အင်အားစုများအပေါ် စစ်အစိုးရက ကတိပေးလျှင်ဖြစ်စေ၊ နိုင်ငံရေးအကျဉ်း သားများ လွှတ်ပေးပြီး ဒီမိုကရေစီ အစိုးရတရပ် ပေါ်ပေါက်လာအောင်လည်း ဖော်ဆောင်မည် စသည့်အချက်များ ရှိပါပြီဆိုသည့် အခြေအနေများကို ရွေးကောက်ခံထားရသည့် မြန်မာအရပ်သား အစိုးရက မေတ္တာရပ်ခံလာပါက မြန်မာနိုင်ငံအပေါ် စီးပွားရေး ဒဏ်ခတ်ထားခြင်းကို အမေရိကန် သမ္မတက ရုပ်သိမ်းနိုင်သည်ဟု ဒဏ်ခတ်ပိတ်ဆို့သည့် ဥပဒေတွင် ပြဋ္ဌာန်းထားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဒဏ်ခတ်ပိတ်ဆို့မှု ဥပဒေသစ်က မြန်မာနိုင်ငံမှ အမေရိကန်ကုမ္ပဏီတခုကို သက်သာခွင့်ပေး

Agencies/ ၁၆ ဇူလိုင် ၂၀၀၈

အမေရိကန် အောက်လွှတ်တော်အမတ်များ ယမန်နေ့က အတည်ပြုခဲ့သည့် မြန်မာနိုင်ငံအပေါ် ချမှတ်သည့် ပိတ်ဆို့မှု ဥပဒေအသစ်သည် မြန်မာစစ်အစိုးရနှင့် လုပ်ငန်းတွဲလုပ်နေသည့် အမေ ရိကန် စွမ်းအင်ကုမ္ပဏီ ရှဗရွန်ကိုလည်း ဖိအားပေးရာ ရောက်မည်ဖြစ်ကြောင်း လွှတ်တော် တာဝန်ရှိသူများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရှဗရွန်ကုမ္ပဏီက အခြားအမေရိကန်ကုမ္ပဏီတခုဖြစ်သော ယူနိုကယ်ထံမှ ရှယ်ယာ (၂၈) ရာခိုင် နှုန်းကို ၂၀၀၅ ခုတွင် ၀ယ်ယူခဲ့ပြီး ရတနာသဘာဝဓာတ်ငွေ့ ထုတ်လုပ်ရေး စီမံကိန်းတွင် ရင်းနှီး မြှုပ်နှံ၍ လုပ်ကိုင်နေခြင်းဖြစ်သည်။
ရှဗရွန်က ခံစားနေရသော အခွန်လျော့ပေါ့ပေးဆောင်ရမှုအား ရပ်စဲရမည်ဟု ပိတ်ဆို့ရေး ဥပဒေ အသစ်ကို စတင် တင်သွင်းခဲ့စဉ်က ပါဝင်သော်လည်း စီမံကိန်းမှ ထွက်ခွာခဲ့သော် တရုတ်နှင့် အိန္ဒိယတို့မှ ကုမ္ပဏီများက လွယ်ကူစွာ အစားထိုးရယူသွားမည်ဟု ရှဗရွန်က ပြန်လည်ပြောဆို ခဲ့သည့်အတွက် ထိုပြဋ္ဌာန်းချက်ကို ထည့်သွင်းခြင်း မပြုရန် သဘောတူခဲ့သည်။
အထက်လွှတ်တော်ကလည်း ခွင့်ပြုမည်ဟု မျှော်လင့်ရသော အဆိုပါ ပိတ်ဆို့ရေး ဥပဒေမူကြမ်းက မြန်မာနိုင်ငံရှိ သဘာဝဓာတ်ငွေ့ စီမံကိန်းလုပ်ငန်းများတွင် လုပ်ကိုင်နေသော ရင်းနှီးမြှုပ်နှံသူများ အနေဖြင့် အကယ်၍ မြန်မာစစ်အစိုးရက စစ်မှန်သည့် ပြုပြင်ပြောင်းလဲရေးများ မလုပ်ခဲ့ပါက မိမိတို့ဆန္ဒအလျောက် လုပ်ငန်းများ ပြန်လည်ရုပ်သိမ်းကြရန် ရှင်းလင်းစွာ တောင်းဆိုထားသည်။
ရတနာသဘာဝဓာတ်ငွေ့ လုပ်ကွက်အတွင်းရှိ ရှဗရွန်၏ အကျိုးတူ လုပ်ဖော်ကိုင်ဖက်များ ဖြစ်ကြ သော ပြင်သစ်ရေနံကုမ္ပဏီ တိုတယ်၊ ထိုင်းစွမ်းအင် ရှာဖွေထုတ်လုပ်ရေးကုမ္ပဏီ ပီတီတီ၊ မြန်မာ့ ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းတို့အား ရှဗရွန်က ငွေပေးချေရန်ရှိသည်များကိုလည်း ဥပဒေ အသစ်က ပိတ်ပင်ထားသည်။
အကယ်၍ ရှဗရွန်က ၎င်းပိုင် အစုရှယ်ယာများကို ပြန်ရောင်းမည်ဆိုပါက မြန်မာနိုင်ငံ၏ ဥပဒေအရ စစ်အစိုးရအား အမေရိကန်ဒေါ်လာ သန်း (၅၀၀) ခန့် ပေးရမည်ဖြစ်သည်။
ဥပဒေမူကြမ်း၏ အဓိက ဦးတည်ချက်မှာ မြန်မာစစ်အစိုးရအတွက် ဒေါ်လာ သန်းရာနှင့်ချီ၍ နစ်နာစေရန်အတွက် မြန်မာ့ကျောက်မျက်များ အမေရိကန်နိုင်ငံသို့ တင်ပို့မှုကို ပိတ်ဆို့ရန်နှင့် ငွေကြေးဆိုင်ရာ ပိတ်ဆို့မှုများ ပြုလုပ်ရန်ဖြစ်သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်မြို့ ကမာရွတ်ရဲစခန်းအနီး ပစ္စည်းယူ လူသတ်မှု ဖြစ်ပွား

NEJ/၁၆ ဇူလိုင် ၂၀၀၈

ရန်ကုန်တိုင်း ကမာရွတ်မြို့နယ် အမှတ် (၈) ရပ်ကွက် လှည်းတန်းလမ်း တိုက်နံပါတ် (၁၀၃) အခန်း (A) မြေညီထပ်တွင် ပစ္စည်းယူ လူသတ်မှုတခု ဖြစ်ပွားခဲ့သည်။
အခင်းဖြစ်ပွားသည့်နေရာမှာ ရန်ကုန်မြို့ ကမာရွတ်ရဲစခန်းအနီးရှိ ရွှေမူဆယ် အပ်ချုပ်လုပ်ငန်းနှင့် အထည်အလိပ် လက်လီလက္ကား အရောင်းဆိုင်တွင်ဖြစ်ပြီး သေဆုံးသူမှာ ဆိုင်ပိုင်ရှင် ဒေါ်လှမြင့် အသက် (၅၆) နှစ်ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလ (၁၄) ရက် နံနက် (၉) နာရီခန့်တွင် ဆိုင်အလုပ်သမားများက ဆိုင်ကိုလာသည့်အခါ ဆိုင်မဖွင့်သေးဘဲ ရှိနေသည့်အတွက် အတွင်းသို့ ၀င်ရန် ဆိုင်အနီးအနားရှိ လူများကို ခေါ်၍ ဖွင့်ခဲ့ရာတွင် ဒေါ်လှမြင့်ကို လက်နောက်ပြန် ကြိုးတုတ်ကာ ပါးစပ်တွင် အ၀တ်စည်း နှောင်ရက် သားဖြင့် သေဆုံးနေသည်ကို တွေ့ရကြောင်း ဆိုင်အနီးနားမှ မျက်မြင်တဦးက ပြောသည်။
တရုတ်လုပ် ဗီစီဒီစက်တလုံး၊ ငွေ (၁) သိန်း၊ ဆွဲကြိုး (၁) ကျပ်သား တကုံး၊ အ၀တ်အထည်များ ပျောက်ဆုံးသွားကြောင်း သေဆုံးသူနှင့် ဆွေမျိုးတော်စပ်သူတဦးက ထွက်ဆိုကြောင်း ရဲက စစ်ချက်ရရှိသည်ဟု ကမာရွတ်ရဲစခန်းမှ အမှုလိုက် ဒု- ရဲအုပ်ဖြစ်သူက ပြောသည်။
အဆိုပါအခန်းတွင် ဒေါ်လှမြင့်သည် တယောက်တည်း အိပ်ကြောင်း၊ အမှုကို (ပ) ၁၅၄/ ၂၀၀၈ ပုဒ်မ ၃၀၂/ ၃၉၄ ဖြင့် အမှုဖွင့်ထားကြောင်း၊ တရားခံကို ယခုထိ သဲလွန်စ မရသေးကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ နေအိမ်အနီး နေထိုင်သူတဦးက “သေမှုသေခင်း ဖြစ်တဲ့နေရာဟာ လူစည်ကား ရာ လှည်းတန်းလမ်းမ ဖြစ်ပြီး လှည့်ကင်းတွေ ညစဉ်ကင်းလှည့်နေတဲ့ နေရာလေ။ တိုက်ခန်းကို လူဝင်သတ်ဖြတ်သွားတဲ့ကိစ္စက အတွင်းလူ ဒါမှမဟုတ် ရပ်ကွက်က အာဏာပိုင်အချို့ ပါဝင်နိုင် တယ်” ဟု ပြောသည်။
လူသတ်မှု ဖြစ်ပွားရာနေရာမှာ လှည်းတန်းကျောင်းရှေ့မှတ်တိုင် အရှေ့နားတွင် ရှိပြီး ရဲစခန်းနှင့် ဘတ်စ်ကားမှတ်တိုင် တမှတ်တိုင်အကွာခန့်သာ ဝေးသည် ရန်ကုန်မြို့တွင် မုန်တိုင်းမတိုက်မီ ကတည်းက စားဝတ်နေရေး ကျပ်တည်းမှု၊ ငွေဖောင်းပွမှု စသည်တို့ကြောင့် ရာဇ၀တ်မှုများ မကြုံစဘူး များနေရာ မုန်တိုင်းလွန်ကာလတွင် ယခုကဲ့သို့ လူသတ်မှုများပါ တိုးလာခြင်းဖြစ်သည်။
မကြာခင်ကလည်း ကွမ်းခြံကုန်းမြို့နယ် တော်ခရမ်းရွာတွင် ဘဲဥ အလုံး (၅၀) အတွက် ဓားပြ တိုက်သွားသည်မှာ ပြည်သူများ မုန်တိုင်းလွန်ကာလ စားဝတ်နေရေး ကျပ်တည်းမှုကို ပြနေ သည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ပြီးခဲ့သည့် မတ်လ (၃) ရက် ညပိုင်း၌လည်း အဆိုပါ မာရွတ်မြို့နယ် အမှတ် (၉) ရပ်ကွက် စိမ်းလဲ့ ကန်သာလမ်းတွင် နေထိုင်သူ ဦးချာလီ၊ ဒေါ်စန်းစန်းမြင့်၊ သမီးတူမများဖြစ်သည့် မမြစန္ဒာ၊ မနှင်း ပွင့်အေးနှင့် အိမ်ဖော် မအယ်ဖောတို့ (၅) ဦးအား ဦးခေါင်းကို သေနတ်ဖြင့် ပစ်သတ်ခဲ့သည့် လူသတ်မှုဖြစ်ပွားခဲ့ပြီး တရားခံကို ယခုတိုင် ဖော်ထုတ်နိုင်ခြင်း မရှိသေးပေ။
နေပြည်တော် ပြည်ထဲရေး ရဲအရာရှိတဦးက အဆိုပါ (၅) လောင်းပြိုင် လူသတ်မှုကို ပြီးခဲ့သည့် မေလ နောက်ဆုံးထား ဖော်ထုတ်မည်ဟု ပြောကြားခဲ့ဖူးသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံသားများကို တိုးရစ်ဗီဇာထုတ်ပေးရန် ရန်ကုန်ရှိ ထိုင်းသံရုံးက တင်းကျပ်

ဧရာဝတီ ဇူလိုင် ၁၅၊ ၂၀၀၈

ရန်ကုန်မြို့ရှိ ထိုင်းနိုင်ငံသံရုံးက မြန်မာနိုင်ငံသားများကို ထိုင်းပြည်ဝင်ခွင့်ဗီဇာလျှောက်ထားရာ၌ ယခင်ကထက် ပိုမိုတင်းကျပ် လာသည်ဟု ထိုင်းဗီဇာ လျှောက်ထားသူများက ဧရာဝတီကို ပြောသည်။

နိုင်ငံကူးလက်မှတ်အသစ် ကိုင်ဆောင်သူများ ထိုင်းဗီဇာလျှောက်ထားပါက အခြားသူများထက် ဗီဇာရရန် ပိုခက်သည်ဟု ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ခဲ့သူက ဧရာဝတီကို ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါ ဗီဇာလျှောက်ခဲ့သူက “လူသစ်တွေအတွက် ဗီဇာလျှောက်ရတာ ပိုခက်တယ်။ အိမ်၊ ခြံ၊ ကား၊ တယ်လီဖုန်း စတဲ့ ပိုင်ဆိုင်မှုတခုခု၊ ဒါမှမဟုတ် ၃ လစာ ဘဏ်စာရင်းပြရတယ်။ ဘဏ်စာရင်းမှာ အနည်းဆုံး ကျပ် ၁၈ သိန်း ရှိဖို့လိုတယ်” ဟု ပြောသည်။

ဗီဇာလျှောက်ထားသူတိုင်းသည် ရန်ကုန်ရှိ ထိုင်းသံရုံးတွင် ဗီဇာလျှောက်ထားချိန်၌ အမေရိကန်ဒေါ်လာ ၆၀၀ ကို ဗီဇာဌာန အားပြရကြောင်းလည်း သိရသည်။

မကြာခင်က ထိုင်းနိုင်ငံသို့ရောက်လာသည့် မြန်မာပြည်သားတဦးကလည်း ရန်ကုန်ရှိ ထိုင်းသံရုံးက ဗီဇာလျှောက်လွှာများကို ယခင်ကထက်ပို၍ စိစစ်လျက်ရှိပြီး စာရွက်စာတမ်းတုများဖြင့် ဗီဇာလျှောက်ထားသည်ကိုတွေ့ရှိပါက ထိုသူ၏ ဗီဇာလျှောက် ထားခွင့်ကို လအတန်ကြာ ဆိုင်းငံ့ခံရမည်ဟု ပြောသည်။

“နာဂစ်မုန်တိုင်းပြီးကတည်းက ထိုင်းသံရုံးမှာဗီဇာလျှောက်တဲ့သူ တဖြည်းဖြည်းနည်းလာတာတွေ့ရတယ်။ ကျမ သွားလျှောက် တုန်းကဆို သံရုံးကိုဗီဇာလာလျှောက်တဲ့လူ ၂ ယောက် တွေ့ခဲ့တယ်” ဟု ၎င်းက ဆက်ပြောသည်။

ထိုင်းဗီဇာများရရှိရန် ခက်ခဲလာခြင်းသည် ထိုင်းနိုင်ငံခြားရေးဌာန၏ မူဝါဒအပြောင်းအလဲ (သို့မဟုတ်) သံရုံးအာဏာပိုင်တို့၏ ဆုံးဖြတ်ချက်တို့ကြောင့်ဖြစ်နိုင်ပြီး ရှင်းလင်းစွာမသိရကြောင်း ရန်ကုန်ရှိ ခရီးသွားလုပ်ငန်း လုပ်ကိုင်သူများက ပြောသည်။

ရန်ကုန်မြို့ရှိ ထိုင်းသံရုံး၏ ပထမအတွင်းဝန်ကမူ ထိုင်းဗီဇာလျှောက်ထားသည့် အစီအစဉ်များ အပြောင်းအလဲ မရှိကြောင်း ဧရာဝတီကို ပြောသည်။

“နာဂစ် ပြီးတဲ့နောက်ပိုင်းမှာလည်း ဗီဇာလျှောက်တဲ့အစီအစဉ်တွေ မပြောင်းလဲပါဘူး။ အရင်က မလျှောက်ဘူးတဲ့သူတွေ ဗီဇာလာလျှောက်ရင် ငွေကြေးပိုင်ဆိုင်မှုဆိုင်ရာ အထောက်အထားတွေကို အရင်ပြရမှာပါ။ ဒီအတိုင်းလုပ်ခဲ့တာလည်း နှစ်အနည်းငယ် ကြာခဲ့ပါပြီ” ဟု ပထမအတွင်းဝန်က ပြောသည်။

မြန်မာ့အရေး လေ့လာသူများကမူ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း နိုင်ငံ၏စီးပွားရေးအခြေအနေ ပိုမိုဆိုးယုတ်လာ သဖြင့် မြန်မာပြည်သားအမြောက်အများ ရွှေ့ပြောင်းအခြေချမည်ကို ထိုင်းအစိုးရအနေနှင့် စိုးရိမ်မှုများရှိနိုင်သည်ဟု သုံးသပ် ကြသည်။

လွန်ခဲ့သည့်အပတ်ကထုတ်ဝေသည့် ဘန်ကောက်ပို့စ် သတင်းစာတစောင်တွင် ယခုနှစ် ပထမ ၆ လအတွင်း ထိုင်း-မြန်မာ နယ်စပ် မဲဆောက် ချစ်ကြည်ရေးတံတားမှ မြန်မာနိုင်ငံသား ၂၉၈၈၄၇ ဦး တရားဝင် ဖြတ်ကျော် ၀င်ရောက်ခဲ့ပြီး ၈၆၅၁၇ ဦးသာ မြန်မာနိုင်ငံသို့ ပြန်ခဲ့ကြောင်း ဖော်ပြခဲ့သည်။

ထိုင်းနိုင်ငံတွင် လာရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသား အနည်းဆုံး တသန်းရှိသည်ဟုလည်း အဆိုပါ သတင်းစာက ဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

ဧရာဝတီ လေဘေးဒုက္ခသည်များ ရန်ကုန်သို့ ပြောင်းရွှေ့ အခြေချ

အေးချမ်းမြေ့ ဇူလိုင် ၁၅၊ ၂၀၀၈

နဂို မူလကတည်းက အိမ်ခန်းငှားစားသည့် လုပ်ငန်းများဖြင့် စည်ပင်ခဲ့သော ရန်ကုန်မြို့ စက်မှုဇုန်များ အနီးတဝိုက်ရှိ ဆင်ခြေဖုံး ရပ်ကွက်များတွင် နာဂစ်ဆိုင်ကလုန်း တိုက်ခတ်ပြီး နောက်ပိုင်း ဧရာဝတီ တိုင်းဘက်မှ ပြောင်းရွှေ့လာသူများ ကြောင့် အခန်းငှား စီးပွားရေး လုပ်ငန်း ပိုမိုကျယ်ပြန့်လာခဲ့သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

“ကျနော်တို့နေရာက စက်မှုဇုန်နဲ့ နည်းနည်းလှမ်းတာတောင် ပွဲစားက ခေါ်လာပေးလို့ အိမ်ငှားတဲ့ မိသားစုတစုရတယ်” ဟု လှိုင်သာယာ မြို့နယ်တွင် နေထိုင်သည့် ကိုဇော်ဝင်း က ပြောသည်။ ကိုဇော်ဝင်း၏ အိမ်ခန်းကို တဝက်ပိုင်းကာ ဧရာဝတီတိုင်း လပွတ္တာ မြို့နယ်အပိုင် ရွာတရွာမှ ပြောင်းရွှေ့လာသည့် မိသားတစုကို ငှားထားသည်ဟု ဆိုသည်။

ကိုဇော်ဝင်း၏ အိမ်ကလေးမှာ ပျဉ်ကာသွပ်မိုး ဖြစ်ပြီး ၎င်းအိမ်ကို အလယ်မှကန့်လိုက်သော အခါ အကျယ် ၁၄ ပေ၊ အရှည် ၂၅ ပေခန့် ရှိသည်။ အိမ်ငှားသည့်မိသားစုဝင်မှာ ၅ ဦးဖြစ်သည်။

“ကျနော်တို့လှိုင်သာယာ မြို့နယ်ထဲမှာ အိမ်ပိုင်တွေအားလုံး အဲလိုပဲ အိမ်ကိုပိုင်းငှား ကြတယ်။ ကျနော့်အိမ်က တလကို ကျပ် ၁ သောင်းခွဲနဲ့ ငှားတာ။ ပွဲစားကို ၁ လစာ ပေးရတယ်” ဟု ကိုဇော်ဝင်းက ရှင်းပြသည်။

လပွတ္တာမြို့နယ်အပိုင် ဇင်ရွဲ၊ ကိုခွေးကြီး၊ ကံဘဲ့ စသည့် ရွာများမှ မိသားစုများ အစုလိုက်၊ အပြုံလိုက် ပြောင်းရွှေ့လာကြခြင်း ဖြစ်ပြီး လှိုင်သာယာမြို့နယ် တမြို့နယ်တည်းကို ဧရာဝတီတိုင်းမှ ဒုက္ခသည် မိသားစုပေါင်း ၁၀၀ ကျော် ရွှေ့ပြောင်းလာခဲ့ သည်ဟု သူက ဆက်ပြောသည်။

စက်မှုဇုန် ၃ နှင့် ၄ ကြားတွင်ရှိသော ရေဥက္ကံရွာ ဆိုလျင် ယခင်ကတည်းက အဆောင် မရှိသော အိမ်မရှိဟု ကိုဇော်ဝင်းက ပြောသည်။ ယခင်ကတည်းက နယ်အသီးသီးမှလာ၍ စက်မှုဇုန်များတွင် အလုပ်လုပ်ကြ သူများမှာ ရေဥက္ကံရွာတွင် အခန်းငှား နေကြသည်။

“အခန်းဆိုရုံပါဗျာ။ ၆ ပေ၊ ၇ ပေလောက်ပဲ ကျယ်တာ။ အိပ်ရုံ၊ ပစ္စည်းထားရုံပဲ လုပ်လို့ရတယ်။ လူနေလို့ မရပါဘူး။ အဲလိုအခန်းလေးမျိုးကို ၂ ခန်းပေါင်းပြီးတော့ ခု မိသားတစု လောက်ကို ငှားကြတယ်” ဟု ကိုဇော်ဝင်းက ပြောပြသည်။ ၆ ပေ၊ ၇ ပေ ကျယ်သည့် အခန်း တခန်းကို တလလျင် ကျပ် ၃၀၀၀၊ ၃၅၀၀ ခန့် ပေးရပြီး နှစ်ခန်းပေါင်း လိုက်သောအခါ အိမ်ရှင်က တလ ၆၀၀၀၊ ၇၀၀၀ စသည်ဖြင့် ယူသည်ဟု ဆို၏။

ဧရာဝတီတိုင်းဘက်မှ ပြောင်းရွှေ့လာကြသူများမှာ ရရာအလုပ် ဝင်လုပ်မည်ဟူ၍ ရန်ကုန်တက်လာခြင်း ဖြစ်သည်။ အမျိုးသားများအတွက် အလုပ်အကိုင် အနည်းငယ် အဆင်ပြေ နိုင်သော်လည်း အမျိုးသမီးများ အတွက် အခက်အခဲရှိ သည်ဟု သိရသည်။

“ကျနော့်မှာ လယ်ဧက ၂၀ လောက်ရှိတယ်။ ဒါပေမယ့် လယ်ပြန်စဖို့ ဘာမှမရှိဘူး။ လက်ချည်းပဲ ကျန်ခဲ့တာဆိုတော့ ငွေချေးပြီးလည်း မလုပ်ချင်တော့တာနဲ့ ရန်ကုန်တက် ရရာလုပ်မယ်ဆိုပြီး မိသားစုလိုက် ပြောင်းလာတာ” ဟု အသက် ၅၀ အရွယ် ဦးမြင့်စိုးက ပြောပြသည်။ ဦးမြင့်စိုးသည် လပွတ္တာမြို့နယ်အပိုင် ဇင်ရွဲရွာမှ လာခဲ့ခြင်းဖြစ်ပြီး ၎င်းနှင့်အတူ ဇနီး၊ သားနှင့် သမီး ၂ ယောက်ပါလာခဲ့သည်။ အငယ်ဆုံး သမီးကတော့ မုန်တိုင်းကြောင့် သေဆုံးခဲ့ရသည်တဲ့။

ဦးမြင့်စိုးနှင့် သားဖြစ်သူတို့မှာ နေ့စဉ် ဘုရင့်နောင်ပွဲရုံများရှိရာသွားပြီး ကုန်ထမ်းရန် စောင့်ဆိုင်းရသည်ဟု ဆို၏။ ၎င်း၏ သားဖြစ်သူမှာ အသက် ၂၅ နှစ်ခန့်ရှိပြီ ဖြစ်သည်။

“ကုန်ကားဝင်ရင် ပစ္စည်းထမ်းတဲ့ အလုပ်ရတယ်။ မဝင်ရင်တော့ ဒီတိုင်း ပြန်လာရတာပဲ။ အဲဒီမှာက ကုန်ထမ်းတဲ့ အဖွဲ့တွေ ရှိပြီးသားဆိုတော့ သူတို့မနိုင်မှ အလုပ်ရတာ” ဟု ၎င်းကပြောပြသည်။

ပြောင်းရွှေ့လာသူအများစုမှာ ဆွေမျိုးသားချင်း၊ မိတ်ဆွေ အခံရှိသူများဖြစ်ပြီး တချို့မှာ မည်သည့် အဆက်အသွယ်မျှ မရှိဘဲ ရန်ကုန်တက်လာကြခြင်းဖြစ်ကြောင်း သိရသည်။

“ကျနော်သိသလောက်တော့ ဧရာဝတီတိုင်းမှာကတည်းက ဘောက်လုပ်လာတဲ့သူတွေ များပါတယ်။ ကျနော်တို့လို လယ်ဧက နည်းနည်းပါးပါး ပိုင်တဲ့သူတွေလည်း ပါမှာပေါ့” ဟု ဦးမြင့်စိုးကပြောသည်။ ဘောက်လုပ်သည် ဆိုခြင်းမှာ ကြုံရာ ကျပန်း ဝင်ရောက်လုပ်ကိုင်သူများကို ဆိုလိုခြင်းဖြစ်သည်။

မိန်းကလေးငယ်များမှာ စက်မှုဇုန်ရှိ အထည်ချုပ်စက်ရုံများတွင် အလုပ်ရရန် စောင့်ဆိုင်းလျှက်ရှိကြပြီး လက်တွေ့တွင် အလုပ်လက်မဲ့များအဖြစ်သာ ရှိနေကြကြောင်း ရွှေလင်ဗန်း စက်မှုဇုန် အနီးတွင် နေထိုင်သော ရန်ကုန် အခြေစိုက် သတင်းထောက် တဦးကပြောသည်။ စက်မှုဇုန် ၃ ရှေ့ရှိ ကျန်စစ်သားအိမ်ရာတွင် အိမ်ခန်းတိုင်း နယ်ကလူများနှင့် ပြည့်နေခဲ့ပြီး ယခုနာဂစ်ပြီးနောက်ပိုင်းတွင် ဧရာဝတီတိုင်းဘက်မှ ပြောင်းလာသူ ပိုမို များပြားလာသည်ဟု ၎င်းက ဆက်ပြောသည်။

“ဒီဝန်းကျင်မှာ နယ်ကနေ လာနေကြတဲ့ မိန်းကလေး တော်တော်များများက နေ့ပိုင်း စက်မှုဇုန်တွေမှာ အလုပ်ဆင်းတယ်။ ညပိုင်း ကာရာအိုကေဆိုင် တွေမှာ သွားအလုပ်လုပ်ကြတယ်။ အဲလိုမှပဲ စရိတ်ကာ မိကြတာ။ ခုနောက်ပိုင်း အဲလို မိန်းကလေးတွေ ပိုများလာတာ တွေ့ရတယ်” ဟု ၎င်း သတင်းထောက်က ပြောသည်။

အသက် ၇ နှစ်၊ ၈ နှစ် ဝန်းကျင်အရွယ် ယောက်ျားလေးများမှာ လက်ဘက်ရည်ဆိုင်တွင် စားပွဲထိုးအလုပ် ဝင်ရောက် လုပ်ကိုင်ကြသည်ဟု ကိုဇော်ဝင်းက ပြောပြသည်။ တချို့ကို အုပ်ထိန်းသူကိုယ်တိုင် လာရောက် အပ်နှံသွားခြင်း ဖြစ်ကြောင်း သိရသည်။

“ကျနော် ထိုင်နေကျဆိုင်မှာတောင် တနေ့က ၂ ယောက်လာအပ်သွားတာတွေ့ရတယ်။ ကလေးတွေက လက်ဘက်ရည် ခွက်တောင် မနိုင်သေးပါဘူးဗျာ။ ကလေးတွေကိုအပ်ပြီး လစာ ကြိုထုတ်သွားကြတယ်။ တယောက်ကို စားရိတ်ငြိမ်း ကျပ် ၇၀၀၀ ပေးလိုက်တယ်တဲ့” ဟု ကိုဇော်ဝင်းက ဆက်ပြောသည်။

လှိုင်သာယာဝန်းကျင်မှာ စက်မှုဇုန်များနှင့် နီးသောကြောင့် ပြောင်းရွှေ့ အခြေချသူ ပိုမို များပြားပြီး ရန်ကုန်မြို့ တခြားသော ရပ်ကွက်များ၊ ဆင်ခြေဖုံးဒေသများ၊ မြို့နှင့် အနီးတဝိုက် မြို့နယ်များသို့ ပြောင်းရွှေ့ အခြေချသူ ဧရာဝတီတိုင်းသားများ လည်း များစွာရှိကြောင်း ဒေသခံများထံမှ သိရသည်။ အမျိုးသားများမှာ ရရာအလုပ် ဝင်ရောက်လုပ်ကိုင်ကြပြီး မိန်းကလေး များကို အိမ်ဖော်အလုပ်လုပ်ကိုင်ရန် ခေါ်ယူလိုသူများ ရှိသည်ဟု သိရသည်။ သို့ရာတွင် မိန်းကလေးများမှာ အိမ်ဖော် အလုပ်ကို လုံးဝဝင်ရောက်လုပ်ကိုင်ခြင်းမရှိဟု လှိုင်သာယာ ဒေသခံတဦးက ဆိုသည်။

“ကျမ အစ်မအိမ်က လူလိုလို့ လုပ်ချင်မလားလို့ ရှာကြည့်တာ။ လုံးဝမရဘူး။ သူတို့က အိမ်ဖော် အလုပ်ကို မလုပ်ချင်ကြဘူး လေ။ လစာက နည်းတာကိုး။ ကျပ် ၂၀၀၀၀ လောက်ပဲ အများဆုံးရနိုင်တာ။ ကာရာအိုကေတို့၊ အနှိပ်ခန်းတို့မှာ လုပ်တာ အများကြီးပိုရတယ်ဆိုတော့ အဲဒီလိုနေရာတွေမှာပဲ လုပ်ချင်ကြတယ်” ဟု ၎င်းက ဆက်ပြောသည်။

ရန်ကုန်အခြေစိုက် သတင်းထောက်က “စက်မှုဇုန်အနီးအနားနေရာတွေမှာ၊ မြို့စွန်ရပ်ကွက်တွေမှာ လူသစ်တွေနဲ့ ပြည့်နေပြီ။ အိမ်ပွဲစားတွေလည်း ခြေချင်းကို လိမ်နေတာပဲ။ တော်တော်လေး အလုပ်ဖြစ်နေတာ တွေ့ရတယ်။ မိန်းကလေး ခပ်ငယ်ငယ် တွေအတွက်တော့ ပြဿနာရှိတယ်ဗျ။ လက်ဘက်ရည်ဆိုင်တွေ၊ စားသောက်ဆိုင်တွေမှာ တောင်းစားတဲ့ သူတွေဆိုရင်လည်း အရင်ထက် အများကြီးများလာတယ်” ဟု ပြောပြသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးသင့်ဒေသရှိ ဆန်စက်များ ပြန်လည်နေသော်လည်း ရေရှည်မဖြစ်နိုင်

ဧရာဝတီတိုင်းမှ ဆန်အိတ်များ ရန်ကုန်ဆိပ်ကမ်းသို့ ဆိုက်ရောက်နေပုံ (ဓာတ်ပုံ - မြန်မာ့အလင်း)

ကိုသက် ဇူလိုင် ၁၅၊ ၂၀၀၈

နာဂစ်မုန်တိုင်းသင့်ဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်းမြို့နယ်ရှိ ဆန်စက်များနှင့် ဘိုကလေးမြို့နယ်ရှိ ဆန်စက်တချို့ ပြန်၍လည်ပတ်ကာ ရန်ကုန်ဈေးကွက်သို့ ဆန်များတင်ပို့နေသော်လည်း ပုံမှန်အခြေအနေအတိုင်း ရေရှည် တင်ပို့နိုင်မည်မဟုတ်ကြောင်း ဒေသခံများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မေလ ၂ ရက်နှင့် ၃ ရက်နေ့များက ဧရာဝတီမြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းတို့တွင် တိုက်ခတ်သော ဆိုင်ကလုန်း မုန်တိုင်းကြောင့် ကြိတ်ခွဲရန်အသင့်ဖြစ်နေသည့် စပါးများလည်းပျက်စီးခဲ့ရာ မုန်တိုင်း လွတ်စပါးတချို့ကြောင့် ဆန်စက်များ လည်ပတ်နိုင်ခြင်းဖြစ်ပြီး နောက်ထပ် ၂ လ ခန့်အတွက်သာ ကြိတ်ခွဲရန် စပါးရှိသည်ဟု မော်လမြိုင်ကျွန်းရှိ လယ်သမားများနှင့် နီးစပ်သူ ဒေသခံက ဆိုသည်။
အဆိုပါ ဒေသခံက “မော်လမြိုင်ကျွန်းမှာ ဆန်စက်တွေကတော့ ပြန်လည်နိုင်ပြီ။ အောက်ဘက် ပင်လယ်ပိုင်း ရွာတွေက ရေ၊ လေ နှစ်မျိုးလုံးထိတော့ လှောင်ထားတဲ့စပါးတွေအပါအ၀င် အားလုံးပျက် ကုန်တယ်။ ဒါပေမယ့် မော်လမြိုင်ကျွန်း အထက်ပိုင်းက တချို့ကျေးရွာအုပ်စုတွေက လေဘဲ နည်းနည်းထိပြီး အပျက်အစီး သိပ်မရှိတော့ အဲဒီကစပါးတွေကို ကြိတ်နိုင်တယ်” ဟု ပြောသည်။
အဆိုပါဒေသများမှ ရန်ကုန်ဆန်ဈေးကွတ်သို့ တင်ပို့လျက်ရှိသည့် ဆန်များတွင် နိုင်ငံခြားသို့တင်ပို့သည့် ဆန်ကောင်းများ ပါဝင်သော်လည်း အာဏာပိုင်ကဆိုသကဲ့သို့ ပုံမှန်အခြေအနေမဟုတ်ကြောင်းလည်း ၎င်းက ဆက်ပြောသည်။
လွန်ခဲ့သည့် အပတ် ၈ ရက်နေ့ထုတ် စစ်အစိုးရ သတင်းစာတွင် လေဘေးသင့်ဒေသများဖြစ်ကြသည့် ဧရာဝတီတိုင်း မော်လမြိုင်ကျွန်း၊ ဖျာပုံ၊ ဘိုကလေးအပါအ၀င် ဒေးဒရဲ၊ မြောင်းမြ၊ ကျိုက်လတ်မြို့နယ်များမှ ဆန်အိတ်များ ရန်ကုန်သို့ နေ့စဉ်ပုံမှန်ဝင်ရောက်သည်ဟု မြန်မာနိုင်ငံ ဆန်ကုန်သည်များအသင်းကို ကိုးကားဖော်ပြထားသည်။ ဇူလိုင်လ ၁ ရက်နေ့မှ ၆ ရက်နေ့အထိ ဧရာဝတီတိုင်း မြို့နယ်များမှ ဆန်အိတ်ပေါင်း နှစ်သိန်းနှစ်သောင်းကျော် ရန်ကုန်ဈေးကွက်သို့ တင်ပို့နိုင်ခဲ့ ကြောင်း သတင်းစာက ဆိုသည်။
“ဘိုကလေးကတော့ မောင်လမြိုင်ကျွန်းလောက်တောင် အခြေအနေမကောင်းဘူး။ ဆန်စက်တွေလည်း သိပ်မလည်နိုင် သေးဘူး၊ စပါးပျက်တာလည်း ပိုများတယ်” ဟု ဒေသခံက ပြောသည်။နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း လပ္ပတ္တာ၊ မော်လမြိုင်ကျွန်း၊ ငပုတော၊ ဘိုကလေး၊ ဖျာပုံ၊ ကျိုက်လတ်နှင့် ဒေးဒရဲ မြို့နယ်များရှိ လယ်စိုက်မြေစုစုပေါင်း ၁၀၆၆၂၇၁ ဧက ပင်လယ်ဆားငန်ရေးများဝင်ကာ ပျက်စီးခဲ့ကြောင်း စစ်အစိုးရ စာရင်းဇယားများအရ သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ငါးလောင်းပြိုင် လူသတ်မှု တရားခံများ မမိသေးခြင်းမှာ ရှက်ဖွယ်ကောင်းလှ

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 15 2008 14:09 - မြန်မာစံတော်ချိန်


၃ လကျော် ကြာမြင့်သွားပြီ ဖြစ်သော်လည်း ရန်ကုန်မြို့လယ်တွင် လူ ၅ ဦးကို သေနတ်များဖြင့် သွေးအေးစွာ ပစ်သတ်သွားသည့် ရာဇဝတ်မှု ကျူးလွန်သူများကို ယနေ့တိုင် ခုံရုံးမတင်နိုင်သေးသည့်အပြင် လူသေအောင်ပင် နှိပ်စက်စစ်ကြောမှုများ လုပ်ခဲ့ခြင်းအတွက် တာဝန်ရှိသူများကို အရေးယူအပြစ်ပေးမှု ပြုလုပ်ရမှာ ဖြစ်သည်။ မတ်လ ၃ ရက်နေ့က အမှတ် ၁၂၆၊ စိမ်းလဲ့ကန်သာလမ်း၊ ကမာရွတ်မြို့နယ်တွင် မိသားစုဝင် ၄ ဦးနှင့် အိမ်အကူ လုပ်သားတဦးကို နေ့ခင်းကြောင်တောင် သေနတ်များဖြင့် ပစ်သတ်ခဲ့မှုများ ဖြစ်ပွားခဲ့သည်။ ရန်ကုန်မြို့၏ လူကုံထံ ရပ်ကွက်ရှိ အခင်းဖြစ်ပွားရာ နေရာသည် အစောင့်အကြပ် ထူထပ်ပြီး တစိမ်းတရံ မျက်နှာမွဲတဦး ဝင်ရောက် ဖြတ်သန်းရန်ပင် လွယ်ကူလှသည့် နေရာမဟုတ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဦးချာလီ (ဦးစောကြည်ဖ) (၆ဝ နှစ်)၊ ဇနီးဖြစ်သူ ဒေါ်စန်းစန်းမြင့် (၅၈ နှစ်)၊ သမီးများဖြစ်သော ဒေါ်မြစန္ဒာ (၃၆ နှစ်)၊ မနှင်းပွင့်အေး (၂၇ နှစ်) နှင့် အိမ်ဖေါ် မအယ်ဖော (၁၅ နှစ်) တို့ ဦးခေါင်းတွင် သေနတ် ဒဏ်ရာများဖြင့် သေဆုံးနေသည်။ သို့သော် စစ်အစိုးရ၏ လုံခြုံရေး ယန္တရားက အသက် ၆၃ နှစ်ပြည့်သွားပြီ ဖြစ်သည့် နိုဘယ်လ် ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် သူမကို ထောက်ခံသော ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော် ပြသသူတို့ကိုသာ ဖမ်းဆီး ကန့်သတ်ထားရေး အမြဲတစေ အာရုံစိုက်နေရသဖြင့် ရာဇဝတ်ကောင်များ ထူပြော များပြားလာပြီး လက်ရဲဇက်ရဲ ကျူးလွန်မှု သိသာစွာ များပြားလာခဲ့သည်။ မောင်ဝိတ်၊ အောင်ဇော်ရဲမြင့်တို့ အပါအဝင် ရုပ်ရှင်၊ ဂီတ အနုပညာနယ်ပယ်တွင် ကြောက်မက်ဖွယ် ကောင်းလှအောင် မူးယစ်ဆေးဝါး သုံးစွဲမှု ပြန့်နှံ့နေခြင်းက သက်သေတခု ဖြစ်သည်။ ထို့အပြင် သတင်းစာ လွတ်လပ်ခွင့် ပိတ်ပင်ထားသည့်အတွက် မကောင်းမှုအတွက် ဆိတ်ကွယ်ရာ ဖန်တီးပေး မွေးမြူထားသလို ဖြစ်နေသည်။ ပြည်တွင်းထုတ် ပုဂ္ဂလိက ဂျာနယ်များတွင် လူသတ်မှုခင်းနှင့် ပတ်သက်၍ သတင်းထုတ်ပြန်ခွင့် ရသည်က အမှုဖြစ်ပွားပြီး သီတင်းရက်သတ္တပတ်များ အတော်ကြာမှ ဖြစ်သည်။ အစောပိုင်းက “တရားခံ ရှာပေးရန် အမိန့်နာခံနေသည့် ဝိညာဉ်လေးဦး” ဆိုသည့် သတင်းဆောင်းပါးကြောင့် ဈေးကွက်ကို ဖြန့်ချိမည့် ဆဲဗင်းဒေးနယူးစ် ဂျာနယ်ကို ပိတ်ပင်ကာ အပြစ်ပေးခဲ့သည်။ စိမ်းလဲ့ကန်သာ ငါးလောင်းပြိုင် လူသတ်မှုဖြစ်ပေါ်ပြီး အနောက်ပိုင်းခရိုင် ရဲတပ်ဖွဲ့က ခေါ်ယူစစ်ဆေးမှုများ ပြုလုပ်ရာ ဇွန်လ ၈ ရက်နေ့တွင် အမျိုးသားတဦး စစ်ဆေးနေစဉ် သေဆုံးသွားခဲ့သည်။ ရဲက သေဆုံးသူ၏ မိဘများကို လျော်ကြေးပေး ကြေအေးစေခဲ့သည်။ မိသားစုအနေနှင့် ထုတ်ဖော်ပြောဆိုခွင့် မရသလို အာဏာပိုင်တို့၏ လုပ်ရပ်အားလုံး ကောင်းပါသည်သာ လုပ်နေရသည်။ ရဲချုပ် ဗိုလ်မှူးချုပ် ခင်ရီ အပြောအရ သေနတ်တလက်ထက် ပိုသုံးထားသည့် ယခုအမှုတွင် ကျည်ဆံများတွင်လည်း ကာကွယ်ရေး စက်လက်နက်ပစ္စည်း စက်ရုံထုတ် ကျည်များလည်း ပါဝင်နေသည်။ စစ်အစိုးရကို ဝေဖန်ရေးသားသော ဘလော့ဂ်ရေးသူကိုပင် စွမ်းစွမ်းတမံ ဖမ်းလေ့ရှိသော် လုံခြုံရေး တပ်ဖွဲ့များအတွက် လွန်ခဲ့သည့် ၃ လကျော်က ဖြစ်ပွားသော ငါးလောင်းပြိုင်လူသတ်မှု တရားခံ မမိသည်မှာ ထူးဆန်းလှသည်တော့ မဟုတ်ပါ။ လူ ၁၁ ဦးသေဆုံးပြီး ၁၆၂ ဦး ဒဏ်ရာရခဲ့သည့် မေ ၇ ရက်၊ ၂ဝဝ၅ ခုနှစ်က ရန်ကုန်မြို့ နေရာ ၃ နေရာတွင် ဆက်တိုက် ပေါက်ကွဲခဲ့သည့် ဗုံးများအတွက် လက်သည် အစစ်အမှန်ကို ယခုထက်တိုင်ပင် အသေအချာ ဖမ်းဆီးနိုင်မှု မရှိခြင်းက ညံ့ဖျင်းမှုကို မီးမောင်းထိုး ပြနေတော့သည်။

အပြည့်အစုံဖတ်လိုလျှင်

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မလား၊ ကန့်ကွက်မလား (၂)

မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဂျူလိုင်လ 15 2008 18:46 - မြန်မာစံတော်ချိန်


ဦးအေးသာအောင် (အတွင်းရေးမှူး၊ လွှတ်တော်ကိုယ်စားပြု ကော်မတီ - စီအာပီပီ)
၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်နဲ့အညီ ပြည်သူ့လွှတ်တော် ခေါ်ဆိုနိုင်ရေးအတွက် လွှတ်တော်ကိုယ်စားလှယ် ၂၅၁ ဦး၏ ထောက်ခံချက်ဖြင့် ရွေးကောက်ပွဲ အနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နှင့် တိုင်းရင်းသား လူမျိုးစုပါတီကြီး ၄ ပါတီ (ရခိုင်၊ ရှမ်း၊ မွန်၊ ဇိုမီး) မှ ကိုယ်စားလှယ်များက ဦးဆောင်ကာ စီအာပီပီကို ၁၉၉၈ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့တွင် ဖွဲ့စည်းခဲ့သည်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အန်ကယ်တို့အနေနဲ့ ဘယ်လို သဘောထား ရှိပါသလဲ ခင်ဗျ။

ဖြေ။ ဒါတွေကို အန်ကယ်တို့အနေနဲ့ လက်မခံပါဘူး။ ဆန္ဒခံယူပွဲရော၊ ၂ဝ၁ဝ ရွေးကောက်ပွဲရောကို လက်မခံနိုင်ပါဘူး။ ရွေးကောက်ပွဲကိုလည်း ဝင်မှာ မဟုတ်ဘူး။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မေး။ ဘာကြောင့် လက်မခံနိုင်တာလဲခင်ဗျ။

ဖြေ။ အဓိကကတော့ နအဖရဲ့ လမ်းပြမြေပုံ ၇ ဆင့်မှာ ဖွဲ့စည်းအုပ်ချုပ်ပုံ ဥပဒေ ရေးဆွဲတာ၊ အခြေခံဥပဒေ ရေးဆွဲတဲ့ အနှစ်သာရ၊ အဓိကအားဖြင့် လုပ်ငန်းစဉ်တွေ အားလုံးဟာ ၉ဝ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ နိုင်ငံရေးပါတီကို အဓိက မထားဘူး၊ အလေးအနက် မထားဘူး။ နအဖက တဖက်သတ်လုပ်နေတဲ့ လုပ်ရပ်တွေ ဖြစ်တယ်။ ဒါ့အပြင် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေမှာ တပ်မတော်က ၂၅ ရာခိုင်နှုန်းကို ယူထားတဲ့အပြင် နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍမှာ ပါရမယ်ဆိုတဲ့ အတွက်ကြောင့်၊ အဓိကအနေနဲ့ (၁) ဒီဖွဲ့စည်းပုံမှာ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့ ဦးတည်တာ မဟုတ်ဘူး။ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိုလည်း ဖော်ဆောင်မယ့် ဖွဲ့စည်းပုံ မဟုတ်ဘူး။ ဒါကြောင့်မို့လို့ လက်မခံဘူး။ ဒါကြောင့်မို့လို့ ဒီ ဖွဲ့စည်းပုံကို ပြည်သူလူထုနဲ့ တွဲပြီးတော့ ဆန္ဒခံယူပွဲနဲ့ ပတ်သတ်လို့လည်း လက်မခံဘူး၊။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ လက်မခံနိုင်ဘူး။ ဒါပဲ။

စီအာပီပီ က အစည်းအဝေး မခေါ်တာ ကြာပြီ။ စီအာပီပီ ရဲ့ သဘောထားကို ပြောတာထက် အန်ကယ်ရဲ့ ကိုယ်ပိုင် သဘောထားကို ပြောတာ။ စီအာပီပီ က မူလ သဘောထားကတော့ အကောင်အထည် ဖော်ရမယ်။ ပြည်သူလွှတ်တော်ကို ခေါ်ပေးရမယ်။ ဒါတွေနဲ့လည်း မကိုက်ညီဘူး။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲ လုပ်လာရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်က ပျက်ပြယ် မသွားနိုင်ဘူးလား ခင်ဗျ။

ဖြေ။ မပျက်ပြယ်နိုင်ဘူး။ ၉ဝ ရွေးကောက်ပွဲကို တစုံတခု အတိုင်းအတာအထိ အကောင်အထည် မဖော်ဘူးဆိုရင် ဒါပျက်ပြယ်သွားတယ်လို့ ပြောလို့မရဘူး။ ရွေးကောက်ပွဲရဲ့ သက်တမ်းကို ဘာနဲ့တိုင်းတာလို့ ရမလဲ။ လွှတ်တော် ခေါ်ရမယ်။ လွတ်တော်မှာ လွှတ်တော် ကိုယ်စားလှယ်များကို အသိအမှတ် ပြုရမယ်။ ဒါတွေ မလုပ်ဘဲနဲ့ ပျက်ပြယ်သွားပြီလို့ ပြောတဲ့လူကို အန်ကယ်တို့ လက်မခံနိုင်ဘူး။

မေး။ မြန်မာအလင်း သတင်းစာမှာ ရိပ်ဖမ်းသံဖမ်း ရေးနေတဲ့အပေါ် အန်ကယ်တို့အနေနဲ့ ဘယ်လို ပြောချင်ပါသလဲ။

ဖြေ။ (၁) အချက် နိုင်ငံတော်ကို တာဝန်ယူထားတဲ့ အစိုးရ တရပ်အနေနဲ့ တာဝန်ယူရမယ်။ ကိုယ်လုပ်ခဲ့တဲ့ ရွေးကောက်ပွဲပေါ်မှာ အကောင်အထည် ဖော်ရမယ်။ အဲဒါကို မဖော်ဘဲနဲ့ တရားမဝင်ဘူးလို့ ပြောရင် ဒါ မမှန်ဘူး။ နောက်တခါ သတင်းစာတွေမှာ အစိုးရအာဘော်လား၊ ဘယ်သူ့အာဘော်လား မသိဘူး။ အဲလို ရေးနေတာကိုက တရားမဝင်ဘူး။

မေး။ ဆန္ဒခံယူပွဲကိုရော၊ ၂ဝ၁ဝ ရွေးကောက်ပွဲကိုရော လက်မခံဘူးဆိုတော့ အန်ကယ်တို့အနေနဲ့ ၉ဝ ရွေးကောက်ပွဲနဲ့ ပတ်သတ်ပြီး အန်ကယ်တို့ ဘယ်လိုမျိုး ဆက်လက် ဆောင်ရွက်သွားမလဲဗျ။

ဖြေ။ အခု နအဖ က ဘယ်လိုပဲ တဖက်သတ် လုပ်လုပ် တိုင်းရင်သား အင်အားစုတွေ၊ ဒီမိုကရေစီ အင်အားစုတွေ ပြည်သူတွေကတော့ လက်မခံဘူး။ အဲဒီလို အင်အားစုတွေကတော့ ဒီတိုင်းပြည်ကို ဒီမိုကရေစီ ထွန်းကားဖို့ တိုင်းရင်းသားတွေရဲ့ အခွင့်အရေးရဖို့၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးနဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေးကို တည်ဆောက်ဖို့အတွက် ပူးပေါင်းပြီးတော့၊ ဆက်လက်ပြီးတော့ ကြိုးပမ်းသွားမှာ ဖြစ်တယ်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဆက်ပြီးတော့ မဖြစ်မနေ လုပ်သွားမယ်ဆိုရင် အန်ကယ်တို့က ဘယ်လို ရပ်တည်သွားမလဲဗျ။

ဖြေ။ ဒါကတော့ နအဖ ဟာ ဘာကြောင့် တဖက်သတ် လုပ်သလဲ။ လုပ်ပေမယ့်လည်း အန်ကယ်တို့အနေနဲ့ ကိုယ်မူနဲ့ကိုယ် ရပ်တည်နေတယ်။ ဆက်ပြီးတော့လည်း ရပ်မှာဖြစ်တယ်။

မေး။ အတင်းအကျပ်လုပ်လာရင် ၉ဝ ရွေးကောက်ပွဲ ရလဒ်ကို ပယ်ဖျက်လိုက်တဲ့ သဘောမျိုး သက်ရောက် မနေဘူးလား ခင်ဗျ။

ဖြေ။ သူတို့က ဒီလိုမျိုး လုပ်နေကြတာပဲ။ ၉ဝ ခုနှစ် ရွေးကောက်ပွဲကို ပယ်ဖျက်လို့ ဘယ်လိုမှ မဖြစ်နိုင်ဘူး။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး ဘာဆက်ပြောချင်ပါသေးလဲဗျ။

ဖြေ။ အန်ကယ်တို့က ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဘူး။ ဆန္ဒခံယူပွဲကို လက်မခံခဲ့သလို၊ ဖွဲ့စည်းပုံကိုလည်း လက်မခံခဲ့သလို ၂ဝ၁ဝ ရွေးကောက်ပွဲကို လက်မခံဘူး။ ပြင်လည်း မပြင်ဘူး။ တူရာတူရာ တိုင်းရင်းသားတွေ၊ ဒီမိုကရေစီ အင်အားစုတွေ လက်တွဲပြီးတော့ ရပ်တည်သွားမယ်။ သူတို့လုပ်သမျှကို လိုက်မလုပ်နိုင်ဘူး။ သူတို့ တဖက်သတ် လုပ်တိုင်းကို လိုက်မလုပ်နိုင်ဘူး။


ရဲဘော် ဖိုးသံချောင်း (ပြောရေးဆိုခွင့်ရှိသူ၊ ဗမာပြည် ကွန်မြူနစ်ပါတီ)
ကိုလိုနီ နယ်ချဲ့ဆန့်ကျင်ရေးနှင့် လွတ်လပ်ရေးတိုက်ပွဲ လှုပ်ရှားမှုတွင် ပါဝင်ခဲ့သူ အများစုဖြင့် ၁၉၃၉ ခုနှစ်တွင် ကွန်မြူနစ်ပါတီကို မြေအောက်ပါတီအဖြစ် စတင်ဖွဲ့စည်းခဲ့သည်။ သက်တမ်း ၆၉ နှစ်အတွင်း ၁၉၄၅ မှ ၁၉၄၈ ခုနှစ်အထိ ၃ နှစ်သာလျှင် ဥပဒေတွင်း ပါတီဘဝဖြစ်ခဲ့ပြီး ၁၉၄၈ မှ ၁၉၈၉ ခုနှစ်အထိ ပြည်သူ့ ဒီမိုကရေစီ တော်လှန်ရေး လက်နက်ကိုင်တိုက်ပွဲ၊ ၁၉၉ဝ မှ ယခုအထိ မြေအောက်ပါတီအဖြစ် ရပ်တည်နေရသည်။ ပါတီစုံ ဒီမိုကရေစီ စနစ်ကို သွားရမည်ဟု ယုံကြည် လက်ခံထားသည်။

မေး။ ၂ဝ၁ဝ မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို အကိုတို့အနေနဲ့ ဘယ်လို့ မြင်ပါသလဲ ခင်ဗျ။

ဖြေ။ ၂ဝ၁ဝ ရွေးကောက်ပွဲဟာ ဟိုတလောက အတည်ပြုလိုက်တဲ့ ဖွဲ့စည်းပုံ ဥပဒေဘောင်ထဲမှာ လုပ်မယ့် ရွေးကောက်ပွဲ ဖြစ်တယ်။ ဆိုလိုတာကတော့ စစ်အစိုးရ ဖွဲ့စည်းပုံအတိုင်း အာဏာ တည်မြဲရေးအတွက် လုပ်ထားတဲ့ ဘောင်ထဲမှာ လုပ်ရတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ ဒီရွေးကောက်ပွဲဟာ ပြည်သူလူထု ရွေးချယ်ခဲ့တဲ့ ၁၉၉ဝ ရွေးကောက်ပွဲနဲ့ နှိုင်းယှဉ်လို့ လုံးလုံး မရဘူး၊ မဖြစ်နိုင်ဘူး။ အများကြီး ကွာတယ်။ အခု ရွေးကောက်ပွဲကနေ ရွေးကောက်လာမယ့် အမတ် အရေအတွက်မှာ စစ်တပ်က သူတို့အတွက် ၄ ပုံ၊ ၁ ပုံ ထားပြီးသား။ ကျန်တဲ့ နေရာတွေအတွက် ရွေးရမှာ ဖြစ်တယ်။ အဓိကနေရာတွေ တိုင်းပြည်အတွက် အဓိက နေရာတွေ၊ ဌာနတွေကို စစ်တပ်က ဦးစီးထားပြီးသား ဖြစ်တယ်။ ဒါကြောင့်မို့လို့ အခုရွေးကောက်ပွဲက ရွေးချယ်တင်မြှောက်လိုက်တဲ့ အမတ်ဟာ အမတ်ဦးရေအားဖြင့်ရော၊ ဒါမှမဟုတ်ရင် လုပ်ပိုင်ခွင့်အားဖြင့် သော်လည်းကောင်း စစ်အစိုးရရဲ့ လက္ခဏာ၊ စစ်အုပ်စုက ဗမာပြည်ကို ချုပ်ကိုင်ထားတဲ့ လက္ခဏာ၊ စစ်အာဏာရှင်ဆိုတဲ့ လက္ခဏာကို ဘယ်လိုမှ မပြောင်းလဲနိုင်ဘူး။

မေး။ အဲဒီလိုဆိုတော့ NLD အနေနဲ့ ဘယ်လို ရပ်တည်သင့်တယ်လို့ မြင်ပါသလဲ။

ဖြေ။ ကျနော်တို့ အဖွဲ့အစည်းအနေနဲ့ အမှန်အတိုင်း ပြောရရင် တခြားအဖွဲ့စည်းတွေကို ဘယ်လိုလုပ်ပါ ဆိုပြီးတော့ ပြောလို့ မသင့်တော်ဘူး။ ပြောလေ့လည်း မရှိဘူး။

ကျနော် ပြောနိုင်တာကတော့ NLD ဟာ NLD အနေအထားဟာ သူက ၁၉၉ဝ ရွေးကောက်ပွဲမှာ လူထုက ရွေးချယ်ပေးထားတာ ဖြစ်တယ်။ အဲဒါကြောင့်မို့ သူတို့ စဉ်းစားတဲ့ နည်းက ကျန်တဲ့ လူတွေ စဉ်းစားတာနဲ့ တူချင်မှ တူမယ်။ ကျန်တဲ့လူတွေ လုပ်တဲ့ဟာမျိုး သူတို့ လုပ်မရတာ။ သူတို့ဘက်က ကြည့်လိုက်လို့ ရှိရင်လည်း သူတို့နောက်မှာ ပြည်သူလူထု ရှိတယ်။ ကျန်တဲ့လူတွေမှာ နောက်ခံအင်အား မရှိဘူး။ အဲဒီလို အနေအထားတွေပေါ် မူတည်ပြီးတော့ သင့်တော်စွာ သူတို့ဘာသာ သူတို့ လုပ်နိုင်လိမ့်မယ်လို့ မျှော်လင့် ယုံကြည်တယ်။

မေး။ ကွန်မြူနစ် ပါတီကရော ၂ဝ၁ဝ မှာ ဘယ်လိုမျိုး ရပ်တည်သွားမလဲဗျ။

ဖြေ။ ကျနော်တို့က ခုနက အခြေခံ၊ ရွေးကောက်ပွဲရဲ့ အခြေခံ။ အဲဒီလိုဆိုတော့ ရွေးကောက်ပွဲရယ်လို့ လက်တွေ့ ကျင်းပလာမယ်ဆိုရင်၊ ကျင်းပလာပြီဆိုရင် သပိတ်မှောက်ဖို့ ဆိုရင်တော့ မတော်ဘူး။ ကျနော်တို့ ပြည်သူလူထု အနေနဲ့ သူတို့ စစ်ဗိုလ်တွေ လုပ်ချင်ရာလုပ်တော့ ဆိုပြီးတော့ လွှတ်တော်တခုလုံး ထိုးအပ်တဲ့ဟာမျိုး မဖြစ်အောင်လည်း စဉ်းစားသင့်တယ်လို့ ထင်တယ်။ နောက်ပြီးကျတော့ ပြည်သူလူထုဆိုတာလည်း အမျိုးမျိုးရှိတယ်။ စဉ်းစားနည်းတွေလည်း အမျိုးမျိုး ရှိတယ်။ တချို့ကလည်း ရွေးကောက်ပွဲ ဝင်ချင်တယ်။ လက်ဆုံစားချင်တယ်။ တချို့ကလည်း မစားချင်တော့ဘူး။ အဲဒါမျိုးတွေ ရှိနိုင်တယ်။ တချို့ စားချင်တဲ့လူတွေ အားပေးရမယ်၊ ပျော်ပျော်ပါးပါး စားစေချင်တယ်။ သူတို့စားမယ့်ဟာက အစိုးရကို ထိပ်တိုက်တွေ့မယ်၊ ရင်ဆိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တွေ့တာ။ အားပေးသင့်တယ်လို့ ကျနော် ထင်တယ်။ အဲဒီလိုလူတွေ ရွေးကောက်ဝင်တာ ဝင်သင့်တယ်လို့ ထင်တယ်။ ရွေးကောက်ပွဲကို သပိတ်မှောက်လိုက်တဲ့ ဟာမျိုး၊ ဥပေက္ခာ ပြုလိုက်တာမျိုး မဖြစ်သင့်ဘူး။

မေး။ ပါတီအနေနဲ့ မြေပေါ်မှာ ပြန်လည်လှုပ်ရှားဖို့ ရည်ရွယ်ချက်မျိုး ရှိလား။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ရှိလား။

ဖြေ။ ကျနော်တို့ အဖွဲ့အစည်းက မြေပေါ်မှာ ရပ်တည်ခွင့် ရမှ မရတာ။ ကျနော်တို့ကို မြေပေါ်ရပ်တည်ခွင့် ပြုလို့ရှိရင် မြေပေါ်ပါတီတခု အနေနဲ့ သင့်တော်တဲ့ လုပ်ငန်းစဉ်၊ လမ်းစဉ်တွေ ပြန်ချမှတ်ပြီးတော့ လုပ်သွားမှာ အမှန်ပဲ။ ကျနော်တို့ဟာ အစောကြီးကတည်းက ၁၉၉ဝ ခုနှစ် အပြီးကတည်းက စစ်အစိုးရဆီကို ဗြောင်ပြောပြီးသားပဲ။ ကျနော်တို့ ပါတီအနေနဲ့ တခြား အဖွဲ့အစည်းများနည်းတူ တရားဝင် ရပ်တည်ခွင့် တခုသာ လိုချင်ပါတယ်။ တခြား ဘာမှ တောင်းတာ မဟုတ်ပါဘူး၊ အတိအလင်း ပြောပြီးသား။ အဲဒီတုန်းက ကွန်မြူနစ် ဆန့်ကျင်ရေး၊ ဆိုရှယ်လစ် ဆန့်ကျင်ရေး ဆိုတဲ့ အဖွဲ့အစည်းလို ဟာမျိုးတွေတောင်မှ ဆိုင်းပုဒ်ထောင်ခွင့် ရတယ်။ ကျနော်တို့ ဆိုင်းပုဒ်ထောင်ခွင့် မရဘူး။ အဲဒီတုန်းက အဲဒီလို တင်ပြခဲ့တာ ရှိတယ်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ဝင်ရောက် ယှဉ်ပြိုင်ဖို့အတွက် ပါတီထောင်ခွင့် ရှိတယ်ဆိုရင် ကွန်မြူနစ်ပါတီ အနေနဲ့ မဟုတ်ဘဲ တခြားနာမည်နဲ့ ပါတီထောင်ဖို့ ရည်ရွယ်ချက် ရှိပါသလား။

ဖြေ။ ကျနော်တို့ ကွန်မြူနစ်ပါတီက ကွန်မြူနစ်ပါတီအတိုင်း ရပ်တည်မှာဖြစ်ပြီး တခြား နာမည်နဲ့တော့ ပါတီထောင်ဖို့ ရည်ရွယ်ချက် မရှိပါဘူး။

မေး။ အခု ၂ဝ၁ဝ မှာ ပါတီတွေဖွဲ့ဖို့ လုပ်ရမယ်ဆိုတော့ တစညတို့၊ ကြံ့ဖွံ့တို့က ပါတီတွေ ထောင်လာနိုင်မယ့် အနေအထား ရှိပါသလား။

ဖြေ။ ဝင်လာမယ်လို့ ကျနော်တို့ တွက်ထားတယ်။ သူတို့နဲ့ နီးစပ်တဲ့ အဖွဲ့တွေ၊ အရေအတွက်အရ များသထက် များအောင် လုပ်မယ်။ ငြိမ်းအဖွဲ့တွေကိုလည်း အတင်း ထောင်ခိုင်းမှာပဲ။

မေး။ တချို့ ငြိမ်းအဖွဲ့တွေက ပါတီထောင်လို့ရှိရင် လက်နက်ကိုင်လမ်းစဉ် စွန့်ရမယ်ဆိုတဲ့ ဟာမျိုးတွေ ရှိတဲ့အတွက်ကြောင့် ငြိမ်းအဖွဲ့ရဲ့ သဘောထားတွေနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ သူတို့ အနေအထားတွေ ရှိပါတယ်။ တချို့က နားလည်ယူရမယ့် ဟာလေးတွေ ရှိတယ်။ ကျန်တဲ့ အဖွဲ့အစည်းတွေနဲ့ တိုက်ရိုက်ပုံတူ မရဘူး။ ဗမာပြည်ရဲ့ နိုင်ငံရေး အခြေအနေအရ မတူတဲ့ဟာတွေ အမျိုးမျိုးရှိတယ်။ အဲဒီအတွက်ကြောင့် တပြေးညီ သတ်မှတ်တောင်းဆိုလို့ မရဘူး။ မတူတဲ့ အနေအထားအရ ကျနော်တို့ တမူထူးခြားတဲ့ အနေအထားရှိတယ်။ သာမန် ဗမာပြည်က ပုံမှန်လည်ပတ်နေတာ မဟုတ်ဘူး၊ နောက်တခါ မတူတဲ့ အနေအထားတွေမှာ ကျနော်တို့ အသိအမှတ်ပြု၊ အဲဒါတွေအရ အကြိမ်ကြိမ် ခွဲခြမ်းစိတ်ဖြာတဲ့ အဖွဲ့အစည်းတခု လူတဦးချင်း သုံးသပ်တာ အဲဒီလို လုပ်သင့်တယ်။

မေး။ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲတွေ ဖြစ်လာလို့ရှိရင် ဝင်ပြိုင်မယ့် ပါတီတွေလည်း ရှိလာမယ်။ အဲဒီလို ရှိလာလို့ရှိရင် NLD ရဲ့ အခန်းကဏ္ဍက ဘယ်ရောက်သွားမယ်လို့ ထင်လဲခင်ဗျ။

ဖြေ။ သူတို့က ဘယ်အခြေအနေ၊ ဘယ်ခြေလှမ်း လှမ်းမယ်ဆိုတာ တိုက်ရိုက် ဆက်နေတယ်လို့ ထင်တယ်။ ကျနော်တို့ သဘောကတော့ NLD ဟာ ပြည်သူလူထုနဲ့ ငြိမ်းငြိမ်းချမ်းချမ်း ရပ်တည်နိုင်မှ အသက်ရှည်မယ်လို့ တင်တယ်။ ပြည်သူလူထုနဲ့ ကင်းကွာသွားလို့ရှိရင် အသက်တိုမယ်လို့ ထင်တယ်။ အဲဒါ တရားသဘော ပြောလိုက်တာပါပဲ။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲက အခု မေလမှ ကျင်းပသွားသလိုပဲ နိုင်ရာ၊ နိုင်ရာကို ဆွဲပြီးတော့ စစ်အစိုးရအနေနဲ့ ကျင်းပသွားခဲ့မယ် ဆိုလို့ရှိရင်ရော။

ဖြေ။ ကျနော်တို့ သဘောကတော့ နအဖ က လုပ်တဲ့ ခြေလှမ်းတွေ၊ လမ်းပြမြေပုံ အပါအဝင် အဲဒီနောက်ကို အတိုက်အခံတွေက လိုက်မျောပါနေလို့ မဖြစ်ဘူး။ ကိုယ်လုပ်စရာရှိတာကို ကိုယ့်ဘာသာ လမ်းစဉ်ချမှတ်ပြီးတော့ လုပ်ရမှာ။ တပါထဲမှာ သူတို့ လုပ်တဲ့ဟာတွေကိုလည်း၊ ပေါ်ပေါက်လာတဲ့ ဟာတွေကိုလည်း အခါအားလျော်စွာ ရင်ဆိုင်ဖို့ လိုတယ်။ အဲဒီဟာနောက်ကို မျောပါမနေဘဲနဲ့၊ သူတို့နောက်ကနေ လိုက်မနေဘဲနဲ့၊ ဆန်စင်ရာ ကျည်ပွေ့လိုက် မဟုတ်ဘဲနဲ့ ကိုယ့်ဟာကိုယ် အဖွဲ့အစည်းထဲမှာ လုပ်ငန်းစဉ် ချမှတ်ထားပြီးတော့ အကောင်အထည် ဖော်နေရမယ်လို့ ယုံကြည်တယ်။

မေး။ အဲဒါဆိုတော့ NLD ရဲ့ အခန်းကဏ္ဍက သူတို့ ပါတီ မူအတိုင်း လုပ်သင့်တယ်ဆိုတဲ့ ဟာမျိုးပဲလား။ ၂ဝ၁ဝ မှာ ပါတီတွေ ဖွဲ့ပါဆိုလို့ရှိရင် ၉ဝ ခုနှစ် ရွေးကောက်ပွဲ ရလဒ်က ပျက်ပြယ် သွားမှာပဲလားခင်ဗျ။

ဖြေ။ ပါတီတိုင်းက သူ့လမ်းစဉ်အတိုင်း လုပ်ကြမှာ ဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို ဖြစ်လာလို့ရှိရင် ပျက်သွားမှာတော့ အမှန်ပဲ။ နအဖ က ဖျက်ပစ်ရင်၊ အခုကိုပဲ ကြေညာပြီးပြီပဲ။ တရားဝင်တာ မဟုတ်သေးတာပဲ။ ဒီဟာကို အသိအမှတ် မပြုတော့ဘူး၊ ပြီးသွားပြီဆိုတဲ့ ပုံသဏ္ဍာန်မျိုး ကြေညာပြီးပြီပဲ။ အဲဒီ ရလဒ်ကို ပျက်တယ်၊ မပျက်ဘူး ဆိုတာက ကျနော်တို့ ဆန္ဒအပေါ် မူမတည်ဘူး။ ကျနော်တို့ကတော့ အပျက်မခံချင်ဘူး။ သူက ဖျက်လို့ ပျက်သွားလို့ရှိရင် ဘာတတ်နိုင်မှာလဲ။ ကျနော်တို့ နောက်တလှမ်း လှမ်းဖို့ ဘာဆက်လုပ်သင့်လဲဆိုတာ စဉ်းစားဖို့ လိုတယ်။

မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အကို့အနေနဲ့ ဘာများ ပြောချင်ပါသေးလဲခင်ဗျ။

ဖြေ။ ကျနော်တို့က တခြား အဖွဲ့အစည်းနည်းတူ တရားဝင် ပါတီထောင်ဖို့ ရှိတယ်။ ဒါပေမဲ့ နအဖ က ရှေ့လျှောက် မိုက်မိုက်ကန်းကန်း လုပ်မှာပဲ။ ကျနော်တို့ စိတ်ကူးယဉ်နေလို့ကတော့ မရဘူး။ နအဖ များ ပြန်လည်လာအုံးမလား၊ စိတ်ကောင်းလေး ပြန်ဝင်လာအုံးမလား၊ စိတ်ကူးယဉ်တဲ့ အထဲမှာ - ပြည်ပကများ အကူအညီတွေ ပေးနေအုံးမလား၊ အခုချိန်မှာ အဲဒီဟာတွေ စိတ်ကူးယဉ်တာ တမျိုးပဲ၊ မကောင်းဘူး။ တကယ့်ကို ဓား ဓားချင်း၊ လှံ လှံချင်း လုပ်ဖို့ ပြင်ရတော့မယ့် အခြေအနေမျိုး ရှိတယ်။ လျော့ရိ လျော့ရဲ လုပ်နေလို့ရှိရင် တိုင်းပြည်လည်း နာလှပြီ။ ထိပ်တိုက်ပဲ ပြောချင်တယ်။ ရှောင်နေလို့တော့ မရတော့ဘူးလို့ ပြောချင်တယ်။ သူတို့က ဆက်ပြီးတော့ ရမ်းနေတာ၊ သူတို့ ဖြစ်ချင်တာကို မဖြစ်ဖြစ်အောင် လုပ်တော့မယ့် အခြေအနေ ဖြစ်တယ်။ ကျနော်တို့က ရှောင်နေလို့၊ ဟိုပြေးဒီပြေး လုပ်နေလို့တော့ မရတော့ဘူး။ ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး။

မေး။ ထိပ်တိုက်ရင်ဆိုင်မလား၊ နအဖ လုပ်တဲ့ လမ်းစဉ်ပေါ်မှာ အခြေခံပြီးတော့၊ ရွေးကောက်ပွဲကို ဝင်ပြီးတော့မှ အတွင်းကနေ တိုက်မလားဆိုတဲ့ နှစ်ခုထဲက ဘယ်လိုမျိုးဟာကို လုပ်သင့်တယ် ထင်ပါသလဲ။

ဖြေ။ ထိပ်တိုက်ဆိုတာကလည်း Confrontation ထိပ်တိုက်ရင်ဆိုင်မှုမျိုး မဟုတ်ဘဲ နည်းပရိယာယ်တွေနဲ့ လုပ်သွားဖို့ လိုတယ်။ ကိုယ့်ဘက်က အစီအစဉ် ဆွဲပြီးတော့မှ အသေအချာလုပ်မှ ဖြစ်တော့မယ်။ အိရော အိရောနဲ့ အရင်လို တိုက်ပွဲ ပုံသဏ္ဍာန်ဟောင်းတွေ၊ မအောင်မြင်တဲ့ ဟာတွေ ပြန်လိုက်နေလို့တော့ မဖြစ်တော့ဘူး။ လုပ်မှ ဖြစ်တော့မယ်။

အပြည့်အစုံဖတ်လိုလျှင်

၂ဝ၁ဝ ရွေးကောက်ပွဲ ဝင်မလား၊ ကန့်ကွက်မလား (၁)

မဇ္ဈိမသတင်းဌာန
တနင်္လာနေ့၊ ဂျူလိုင်လ 14 2008 13:36 - မြန်မာစံတော်ချိန်


အတိုက်အခံများ၏ အားပေးထောက်ခံမှု မပါရှိဘဲ ကျင်းပခဲ့သည့် နအဖ ၏ နိုင်ငံရေး လမ်းပြမြေပုံ အဆင့် ၇ ဆင့်အနက် နံပါတ် ၄ အဆင့်ဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံဥပဒေ (မူကြမ်း) အတည်ပြုရေး ပြည်သူ့ဆန္ဒခံယူပွဲကို ပြီးခဲ့သည့် မေလအတွင်းက အတည်ပြုခဲ့ပြီး ဖြစ်သည်။
လမ်းစဉ်အရ နောက်ဆင့်ကတော့ ရွေးကောက်ပွဲတခု ၂ဝ၁ဝ တွင် ပြုလုပ်ရေး ဖြစ်သည်။ မဲလိမ်မှုများနှင့် လှည့်ဖျားမှုများ ပြုလုပ်ခဲ့သည်ဟု စစ်အစိုးရ ဆန့်ကျင်ရေး အတိုက်အခံများက အကြီးအကျယ် ဝေဖန်ခဲ့ကြသည့် နိုင်ငံအုပ်ချုပ်ရေးတွင် စစ်တပ်၏ အခန်းဂဏ္ဍကို တရားဝင် အသိအမှတ် ပြုပေးထားသည့် ဖွဲ့စည်းပုံအပေါ် ဆန္ဒခံယူမှုအပြီး ရွေးကောက်ပွဲ ဝင်မလား၊ မဝင်ဘူးလားဆိုသည့် လမ်းဆုံတရပ် ရောက်ရှိလာပြန်သည်။ ဝင်ပြန်လျှင်လည်း သဘောမတူခဲ့သည့် ဖွဲ့စည်းပုံအပေါ် အသိအမှတ်ပြုရာကျပြီး အမည်ခံ အတိုက်ခံ ဖြစ်မည့်အရေးနှင့် ရွေးကောက်ပွဲ မဝင်ပြန်လျှင်လည်း နိုင်ငံရေးနယ်ပယ် ပါဝင်ခွင့်မှ ပိုမို ကန့်သတ်ဘေးဖယ် ခံရမည့် အန္တရာယ်အပေါ် ဒီမိုကရေစီစနစ် ပီပြင်စွာ အကောင်ထည်ဖော်လိုသူ အတိုက်အခံများအတွက် စဉ်းစားစရာ ဖြစ်လာသည်။
စစ်အစိုးရအနေဖြင့်တော့ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ကို ဤနည်းဖြင့်သာ သွားလို့ ရနိုင်မည်ဟု ပြောနေခဲ့သည်။
ထို့အပြင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်လို ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲတွင် မဲအများဆုံးနှင့် အနိုင်ရခဲ့သည့် ပါတီကြီးအတွက် ထိုရလာဒ်ကို စွန့်ပစ်လိုက်ရခြင်းလည်း ဖြစ်ပြန်သည်။

မေလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင် နှစ်သုတ်ခွဲ ကျင်းပခဲ့သော ဆန္ဒခံယူပွဲများတွင် မဲပေးသူ အားလုံး၏ ၉၂ ဒဿမ ၄၈ ရာခိုင်နှုန်းက ထောက်ခံသဖြင့် ဖွဲ့စည်းပုံကို အတည်ပြုလိုက်ကြောင်း မေလ ၂၆ ရက်နေ့တွင် နအဖ စစ်အစိုးရက ကြေညာခဲ့သည်။ သို့သော် မဲကောက်ခံခဲ့သည့် လုပ်ငန်းစဉ်တလျှောက် ပွင့်လင်း လွတ်လပ်မှုကတော့ မရှိခဲ့ပါ။
သို့သော် အာဏာသိမ်း စစ်အစိုးရက တရားမျှတမှု မရှိသော်လည်း လမ်းပြမြေပုံ အဆင့် ၅ အရ ရွေးကောက်ပွဲကို ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပသွားမည်ဟုလည်း ကြေညာခဲ့ပြီး ဖြစ်သည်။
အဆိုပါ ရွေးကောက်ပွဲအပေါ် ပြည်တွင်းပြည်ပရှိ မြန်မာ့နိုင်ငံရေး နယ်ပယ်အသီးသီးမှ တသီးပုဂ္ဂများ၊ ပါတီ အဖွဲ့အစည်းများ၊ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုများအကြားတွင် လက်ရှိအချိန်တွင် မည်ကဲ့သို့ ရှုမြင် သုံးသပ်ချက်နေသည်ကို သိရှိနိုင်ရန်အတွက် ဆက်သွယ် မေးမြန်းထားသည်များကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

ရွှေဝါရောင် တော်လှန်ရေးနှင့် ဂယက်၊ နာဂစ်မုန်တိုင်း တိုက်ပြီးခါစ အခြေအနေတွင် အချို့ကလည်း စဉ်းစားနေဆဲ၊ အချို့ကတော့ လုံးဝ လက်မခံရေးနှင့် အချို့ကတော့ ပြင်ဆင်သင့်သည်ဟု ကွဲပြား ထွက်လာတော့သည်။
မဇ္ဈိမအနေဖြင့် မတူကွဲပြားသော နိုင်ငံရေး အဖွဲ့အင်အားစုများ အားလုံး၏ ဤမြင်များကို ထင်ဟပ်နိုင်ရန် ကြိုးစားသွားမှာဖြစ်ပြီး ထပ်မံ၍လည်း တွေ့ဆုံမေးမြန်းမှုများ ယခု အကြောင်းအရာနှင့် ပတ်သက်၍ တင်ဆက်သွားမည် ဖြစ်သည်။

ဦးဉာဏ်ဝင်း (ပြောခွင့်ရပုဂ္ဂိုလ်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်)

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင်မှာ ဒေါ်အောင်ဆန်းစုကြည်ဖြစ်ပြီး နေအိမ်အကျယ်ချုပ် ကျခံနေရသည်။ ၁၉၉ဝ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို အမတ်နေရာ ၈၂.၅ ရာခိုင်နှုန်းကျော်ဖြင့် အနိုင်ရခဲ့သည့် ပါတီဖြစ်ပြီး ပါတီလုပ်ငန်းများ လည်ပတ်မှုကိုလည်း စစ်အစိုးရက ကန့်သတ်ထားသည်။

မေး။ အန်အယ်ဒီ အနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ဖို့ ရှိပါသလား။

ဖြေ။ လောလောဆယ်တော့ ဘာမှ မပြောနိုင်သေးပါဘူး။ ပါဝင်နိုင်မယ်၊ မပါဝင်နိုင်ဘူး ဆိုတာကို သေချာ မပြောနိုင်သေးဘူး။

မေး။ အန်အယ်ဒီက ရွေးကောက်ပွဲမှာ မပါဝင်ခဲ့ဘူးဆိုရင် နောက်ပိုင်း နိုင်ငံရေး အခန်းကဏ္ဍတွေမှာ ဘယ်လို လှုပ်ရှားသွားမလဲရှင်။

ဖြေ။ ရွေးကောက်ပွဲမှာတောင် ပါဝင်မယ်၊ မပါဝင်ဘူး ဆိုတာတောင် တိတိကျကျ မပြောနိုင်သေးခင်မှာ နောက်ဆက်တွဲတော့ကို ကျနော်တို့ မသိနိုင်သေးပါဘူး။

ဗိုလ်မှူးကြီး ဂွမ်မော် (ကချင်လွတ်မြောက်ရေးအဖွဲ့၊ KIO)
ကချင်အမျိုးသားများအကြား အကြီးဆုံး အင်အားစုတခုဖြစ်သည့် ကချင်လွတ်မြောက်ရေး အဖွဲ့သည် စစ်အစိုးရ ဦးဆောင်ကျင်းပသော အမျိုးသား ညီလာခံကို တက်ရောက်ခဲ့သူဖြစ်ပြီး ငြိမ်းချမ်းရေး ရယူထားသော လက်နက်ကိုင်တပ်လည်း ရှိသည့်အဖွဲ့ ဖြစ်သည်။ ညီလာခံတွင် အခြေခံဥပဒေကို ပြင်ဆင်လိုသည်များနှင့် ပတ်သက်ပြိး တင်ပြခဲ့သော်လည်း ပယ်ချခံခဲ့ရသည်။

မေး။ ကေအိုင်အို အနေနဲ့ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် ဘာတွေ ပြင်ဆင်ထားပါသလဲ။

ဖြေ။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် တစုံတခု ဆုံးဖြတ်ချက်ကို အခုအချိန် မချရသေးဘူး။ ဘာလုပ်မယ်ဆိုတာကို ပြောဖို့ မဖြစ်နိုင်သေးပါဘူး။ ကျနော်တို့အနေနဲ့ အခုအချိန်ထိ ဒါနဲ့ ပတ်သက်ပြီး အစည်းအဝေး မလုပ်ရသေးပါဘူး၊ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ သေချာတာကတော့ နဂိုဆုံးဖြတ်ချက်ကို အခုအချိန်ထိ ဆက်လက် ကိုင်ထားဆဲပါပဲ။

မေး။ နဂိုဆုံးဖြတ်ချက်ဆိုတာ ဘာကို ပြောတာလဲ။

ဖြေ။ ကေအိုင်အို အနေနဲ့ နဂိုမူလက ချမှတ်ထားတဲ့ ဆုံးဖြတ်ချက်ဆိုတာက အဖွဲ့အစည်းအနေနဲ့ ရွေးကောက်ပွဲကို တိုက်ရိုက်ပါဝင်မှာ မဟုတ်ဘဲ အဖွဲ့ဝင်တယောက် ပါဝင်ခဲ့ရင်လည်း သူ့အနေနဲ့ ကေအိုင်အို အဖွဲ့ဝင်အဖြစ်ကနေ အနားယူရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ပါ။ အဲဒါ အခုအချိန်ထိ ပြောင်းလဲသေးခြင်း မရှိသေးပါဘူး။ ဆက်လက် ဆုပ်ကိုင်ထားဆဲပါပဲ။

မေး။ ကျနော်တို့ သိရတာက ကေအိုင်အို အနေနဲ့ ရွေးကောက်ပွဲ ဝင်တော့မယ်ဆိုတာ မှန်ပါသလား။

ဖြေ။ တချို့အဖွဲ့ဝင်တွေက ရွေးကောက်ပွဲဝင်ဖို့ ပြောဆိုတာတွေ ရှိပါတယ်။ ဒါပေမဲ့ ဒါက ဘာမှ တရားဝင် ဆုံးဖြတ်တာတွေ မရှိသေးပါဘူး။ ပြောနေတဲ့အဆင့်မှာပဲ ရှိသေးတာပါ။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကေအိုင်အိုရဲ့ သဘောထားက ဘယ်လိုပါလဲ။

ဖြေ။ ကျနော်တို့ကတော့ အခုချိန်ထိ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုတဲ့၊ အားလုံးထောက်ခံတဲ့ ပါတီတခု ထွက်လာဖို့ ထောက်ခံ အားပေးနေဆဲပါ။ ဒါကလည်း အဖွဲ့အစည်းတွေနဲ့ ကင်းရှင်းပြီး သီးသန့် ရပ်တည်နေတဲ့ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုတဲ့ ပါတီပါ။

စစ်အစိုးရလည်း ကေအိုင်အိုကို ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး အခုအချိန်ထိ တစုံတခု ဖိအားပေးတာမျိုးတွေ မရှိသေးပါဘူး။

မေး။ ငြိမ်းအဖွဲ့တွေကို လက်နက် ဖြုတ်သိမ်းခိုင်းတယ်လို့ သိရတယ်။ အဲဒါ ဟုတ်ပါသလား။

ဖြေ။ လက်နက်ဖြုတ်သိမ်းရေး ကိစ္စနဲ့ ပတ်သက်ပြီးတော့လည်း ယခုအချိန်ထိ နအဖ ဘက်က တရားဝင် ပြောဆိုတာ မရှိသေးဘူး။ ဒါပေမဲ့ ပြည်နယ်နဲ့ နယ်ခြားစောင့် တပ်ဖွဲ့အဖြစ် ပြောင်းလဲဖွဲ့စည်းစေဖို့ ရှိနိုင်တယ်ဆိုတဲ့ ကောလာဟလတွေတော့ ကြားနေရပါတယ်။ ကေအိုင်အို အနေနဲ့ လက်နက်ချ ဖြုတ်သိမ်းဖို့တော့ မဖြစ်နိုင်တဲ့ အကြောင်းလည်း အဖန်တလဲလဲ ပြောဆိုခဲ့ပြီး ဖြစ်ပါတယ်။

ကိုနေမျိုးဝေ (တသီးပုဂ္ဂလ ၊ ရန်ကုန်)
မြန်မာ့လေကြောင်းမှ အင်ဂျင်နီယာတဦး ဖြစ်ပြီး အတိုက်အခံများကို အတိုက်အခံလုပ်ပြီး စစ်အစိုးရနှင့် ပူးပေါင်းဆောင်ရွက်ရန် တသီးပုဂ္ဂလ အနေဖြင့် အင်တာနက် အီးမေးလ်မှတဆင့် သူ၏ နိုင်ငံရေးအမြင် သုံးသပ်ချက်များကို ဖြန့်ချီနေသူတဦး ဖြစ်သည်။ ၂ဝ၁ဝ တွင် ဖြစ်ပေါ်လာနိုင်သည့် ရွေးကောက်ပွဲဝင်တွင် အခြေအနေပေးလျှင် ဝင်ပြိုင်ရန် စိတ်ဝင်စား ပြင်ဆင်နေသူ ဖြစ်သည်။ နိုင်ငံရေးတွင် ပါတီအဖွဲ့အစည်းထက် လူကောင်း လူတော်များ ပါဝင်လာအောင် လမ်းဖွင့်သင့်သည်၊ လူထုက မေးခွန်း ထုတ်သင့်သည်ဟု သူက ဆိုသည်။ စစ်အစိုရ၏ လမ်းပြမြေပုံကို ခေါင်းညိမ့်ယုံမှတပါး အခြားလမ်းမရှိဟု သူက ယုံကြည်ထားသည်။

မေး။ ၂ဝ၁ဝ ခုနှစ် ရွေးကောက်ပွဲအတွက် ဘယ်လို ပြင်ဆင်ထားပါသလဲရှင်။

ဖြေ။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ ပါတီတွေတော့ သိပ်အများကြီးထွက်မှာ မဟုတ်ဘူး။ ပါတီက ၃ ခု၊ ၅ ခု အဲလောက်ပဲ ရှိမယ်ထင်တယ်။ ပါတီထောင်နိုင်မယ့် အနေအထားအရ။

မေး။ ဘာကြောင့် အခုလိုမျိုး ပြောရတာလဲရှင့်။

ဖြေ။ ပြည်တွင်းမှာ နိုင်ငံရေးပါတီတွေကို စိတ်ဝင်စားတဲ့လူတွေ အားနည်းတယ်။ လူတွေအကုန်လုံးက စားဝတ်နေရေးကိုပဲ စိတ်ဝင်စားနေရတယ်။ အဲဒီအခါကျတော့ ပြည်သူလူထုရဲ့ နိုင်ငံရေးအပေါ် စိတ်ဝင်စားမှု နည်းနေတာ။ ပါတီဆိုတာကလည်း အင်အားကြီးမှ ထောင်လို့ရတာ ဖြစ်တယ်။ စည်းရုံးရေးကောင်းမှ ထောင်လို့ရမှာ ဖြစ်တယ်။ ဖြစ်နိုင်ခြေများတာကတော့ ၅ ပါတီလောက် ရှိမယ်။

မေး။ ဖြစ်နိုင်ခြေများတဲ့ ပါတီတွေက ဘယ်လိုမျိုးတွေ ပြောတာလဲ။

ဖြေ။ တစည (တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ) ကလည်း ဝင်လာနိုင်တယ်။ တစည ဆိုတာက ရပ်ကွက်တွေထဲမှာ အဖွဲ့ဝင်လေးတွေ တိုးလာတာ ရှိတယ်။ တစည ရှိတယ်။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေး အသင်းကလည်း ပါတီ အသွင်သဏ္ဍာန် ပြောင်းလာနိုင်တယ်။ သူကတော့ ပြောင်းလာနိုင်ရင် အားများတယ်။ အန်အယ်ဒီ (အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်) နအနေနဲ့လည်း ဝင်လည်း ဝင်လာနိုင်တယ်၊ မဝင်ဘူးဆိုရင်လည်း သူတို့အနေနဲ့ အန်အယ်ဒီ ပါတီဝင်တွေပဲ၊ ဒီလူတွေပဲ နောက်ထပ် ပါတီတခု ထပ်ပြောင်းပြီးတော့ ဝင်ရင်လည်း ဝင်လာနိုင်တယ်။ ၃ ခုရှိပြီးပေါ့နော်။ သက်သက် အသစ် တက်လာနိုင်တာကတော့ အမျိုးသားနိုင်ငံရေး အင်အားစုများကလည်း ပါတီထောင်နိုင်တယ်။ ထောင်နိုင်ရင် ထောင်နိုင်မယ်၊ မထောင်နိုင်ရင်လည်း မထောင်နိုင်ဘူး။ သူတို့တောင် ခန့်မှန်းဖို့ ခက်တယ်။ တနိုင်ငံလုံးအနေနဲ့ လုပ်ရမှာကိုး။ သူတို့အနေနဲ့ ကြိုးစားမယ်လို့ ပြောကြတာပါပဲ။

မေး။ ဘာကြောင့် ဒီလိုမျိုးပါတီတွေ ထောင်လာနိုင်တယ်လို့ မြင်တာလဲ။

ဖြေ။ ပြည်သူလူထုက နိုင်ငံရေးထဲကို ဆက်မသွားဘူးဗျ။ ပြည်သူလူထု နိုင်ငံရေးထဲကို ပြန်ဝင်လာနိုင်အောင် လုပ်ဖို့ တော်တော်လေး ခက်သွားပြီ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးတွေကို လူတွေက ဘာဖြစ်တယ်၊ ညာဖြစ်တယ် ပြောကြတယ်။ သို့သော် တကယ် သူကတော့ တကယ့်ကို အင်အားကြီးတဲ့ အထဲမှာ ပါသွားပြီ။ ကျနော်တို့ တွေ့ရတာပေါ့နော်။ ကျနော်တို့ ရပ်ကွက်ထဲမှာ ဖွဲ့စည်းပုံအတွက် မဲစာရင်း ကောက်တဲ့အခါမှာ ၁၈ နှစ်ကျော်တဲ့ အထဲမှာ ထောက်ခံမဲ ၄ဝဝဝ ကျော် ရတယ်။ အဲဒီထဲမှာ ပြည်ထောင်စု ကြံ့ခိုင်ဖွံ့ဖြိုးရေး အသင်းဝင်က တော်တော်များများ ပါတယ်။ တကယ်ကို ခံယူချက်နဲ့ လုပ်တဲ့သူက ၃ ပုံ ၁ ပုံလောက် ရှိတယ်။ အဲဒီတော့ သူ့အင်အားက နည်းတာ မဟုတ်ဘူး။ နောက်ပြီးတော့ ပြောရရင် အမေရိကန် နိုင်ငံရေးသမိုင်းမှာ စကားရပ်တခု ရှိတယ်။ ငွေသည် နိုင်ငံရေးတွင် မိခင်၏ နို့ရည် ဖြစ်သည်လို့ ရှိတာ ကြားဖူးမှာပါ။ အဲလိုကျတောဗျာ ဒီမှာ တခုခုလုပ်ရင် စာရွက်ကလေး ဝေတာကအစ ငွေရေးကြေးရေး တောင့်တင်းဖို့ လိုတယ်။

မေး။ ဒီဖွဲ့စည်းပုံ အခြေခံမူကြမ်းဟာ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်နိုင်မယ်လို့ ယူဆပါသလား။

ဖြေ။ ကျနော်ကတော့ စစ်မှန်တဲ့ အပြောင်းအလဲ ဖြစ်မယ်လို့ ယူဆတယ်၊ ယုံကြည်တယ်။ ကျနော်တို့လင်မယား ၂ ယောက်လုံး ထောက်ခံမဲ ပေးခဲ့တယ်။

မေး။ ဘာဖြစ်လို့ အဲလိုမျိုး ယုံကြည်ရတာလဲ။

ဖြေ။ ကျနော် ယုံကြည်တယ်၊ ဒီဖွဲ့စည်းပုံက တသက်လုံး မတည်မြဲဘူး။ ရာသက်ပန် မပြောင်းမလဲဘဲ တည်မြဲတဲ့အရာ ဘာမှ မရှိဘူး။ ခေတ်ကာလအရ လိုက်လျောညီထွေစွာ ဖွဲ့စည်းပုံဆိုတာ ပြောင်းလဲလာမှာပါပဲ။ ဒီခေတ်၊ ဒီကာလမှာ ဒါလေးပဲ သွားလို့ ရတာလေ။ ဒီအချိန်မှာ ဖွဲ့စည်းပုံကို ပြန်လည် ငြင်းခုံနေမယ် ဆိုရင်လည်း အချိန်လွန်သွားပါပြီ။ ကျနော်သာ ညီလာခံကို တက်ခွင့်ရနိုင်မယ်ဆိုရင် ကျနော့်မှာ ပြောစရာတွေ ရှိတယ်။ ထောက်ခံမဲ ပေးကြတဲ့အထဲက ၇ဝ ရာခိုင်နှုန်းကတော့ တကယ့်ကို ထောက်ခံကြတာပါ။ ကျနော် လောင်းရဲတယ်။ ငြင်းခုန်နေတာတွေ မြန်မြန်ပြီးသွားရင် ပြီးရောဆိုပြီး ထောက်ခံကြတာပေါ့။

မေး။ ရွေးကောက်ပွဲမှာ တသီးပုဂ္ဂလအနေနဲ့ ပါဝင်ဖို့ စီစဉ်ရတယ်ဆိုတော့ ဘာကြောင့် ယှဉ်ပြိုင်ချင်ရတာလဲရှင်။

ဖြေ။ ပါဝင်ဖို့ ရှိပါတယ်။ ဘာကြောင့်ဆိုရင် နိုင်ငံရေး လုပ်တဲ့အခါမှာ ပေါ်လစီတွေကို ပြောလို့ရတယ်၊ လွှတ်တော်အမတ်တွေရဲ့ တာဝန်ရှိတယ်။ လွှတ်တော်က ဥပဒေပြုလွတ်တော် အုပ်ချုပ်ရေးတွေကိုလည်း သူက ဦးဆောင် ဖွဲ့စည်းလို့ရတယ်။ လွှတ်တော်အမတ်တယောက် ဖြစ်ပြီဆိုရင်တော့ ဥပဒေတခု ထုတ်တယ်ဆိုရင်ကို ကိုယ်က ကြိုက်တယ်၊ မကြိုက်ဘူး တမဲပေးလို့ရတယ်။ ဥပမာ ကျနော်တို့နိုင်ငံမှာ လူတိုင်း လက်နက်ကိုင်ခွင့် ရှိတယ်ဆိုရင် ကျနော်ကတော့ ဆန့်ကျင်တဲ့မဲကို အမြဲပေးတယ်ဗျာ။ ပညာရေးအနေနဲ့ စာသင်သားတွေကို ကျနော်ဝါဒတွေ ဖြန့်ချင်တာတွေ တရားဝင် လုပ်လို့ရမယ်။ အဲလိုပုံစံမျိုး ကျနော်က လုပ်လို့ရမယ်။ ဒါပေမဲ့ ငွေရေး၊ ကြေးရေးလည်း လိုသေးတာပဲ။

ပြောခွင့်ရပုဂ္ဂိုလ်တဦး (ဝ’ ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော်၊ UWSA)
တပ်မတော်မှလွဲလျှင် လက်နက်ကိုင် တပ်ဖွဲ့အင်အား အများဆုံးဖြစ်ပြီး လေယာဉ်ပစ် အမြောက်များပင် ပိုင်ဆိုင်သော ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့ကြီး ဖြစ်သည်။ ကျန်အဖွဲ့များနှင့် ယှဉ်လျှင် ငြိမ်းချမ်းရေး ရယူထားသော အဖွဲ့အစည်းများ ထိန်းချုပ်ရာ ဒေသများအနက် လုပ်ပိုင်ခွင့် သီးခြားအများဆုံး စစ်အစိုးရဆီက ရယူထားနိုင်သော အဖွဲ့လည်း ဖြစ်သည်။ မူးယစ်ဆေးဝါး ထုတ်လုပ်ရောင်းချခြင်းကြောင့် နာမည်ပျက်ရသည့် အဖွဲ့လည်း ဖြစ်သည်။ လက်နက်မချနိုင်ဟု အခိုင်အမာ ပြောဆိုထားသည်။

မေး။ အဖွဲ့အနေနဲ့ ၂ဝ၁ဝ မှာ ရွေးကောက်ပွဲဝင်ဖို့ ရှိပါသလား။

ဖြေ။ ဝ’ပြည် သွေးစည်းညီညွှတ်ရေး တပ်မတော် အနေနဲ့ ရွေးကောက်ပွဲအတွက် အခုအချိန်ထိ ဆုံးဖြတ်ချက် တိတိကျကျ မဆုံးဖြတ်ရသေးပါဘူး။ သို့ပေမဲ့လည်း ရွေးကောက်ပွဲကို ဝင်ရောက်ဖြစ်ခဲ့ရင် ကျနော်တို့ရဲ့ ဗဟိုအုပ်ချုပ်ရေး ကော်မတီဖြစ်တဲ့ ဝ’ ပြည် သွေးစည်းညီညွှတ်ရေး ပါတီက ဝင်ရောက် အရွေးခံနိုင်ပါတယ်။

ကျနော်တို့ ဒါအတွက် အစည်းအဝေးတွေ၊ ဆွေးနွေးပွဲတွေ တခုမှ မလုပ်ရသေးပါဘူး။ ဒီလိုပဲ စစ်အစိုးရဘက်ကလည်း ကျနော်တို့ကို တစုံတခု ပြောဆိုတာ မရှိသေးပါဘူး။ ဒါကြောင့် အခြေအနေကို ဆက်လက် စောင့်ကြည့်နေဆဲပါ။ မဖြစ်မနေ ဝင်ပြိုင်ရမယ်ဆိုရင်တော့ ကျနော်တို့ရဲ့ ဝ’ပြည် သွေးစည်းညီညွတ်ရေး ပါတီက ဝင်ပြိုင်နိုင်ပါတယ်။

မေး။ ဝ ပြည် သွေးစည်းညီညွတ်ရေး ပါတီက အားလုံးကို ကိုယ်စားပြုထားနိုင်ပါသလား။

ဖြေ။ ဝ ပြည် သွေးစည်းညီညွတ်ရေးပါတီက ဝ လက်နက်ကိုင် အဖွဲ့အစည်း တခုလုံးကို အဓိက ချုပ်ကိုင်ထားတဲ့ ဌာနပါ။ နောက်ပြီး ပြည်နယ်တခုလုံးနဲ့ စုပေါင်းနေထိုင်နေတဲ့ တိုင်းရင်းသား အနည်းဆုံး ၁ဝ စုလောက်ကိုလည်း ကိုယ်စားပြုပါတယ်။ နောက်ပြီး ဒီပါတီက လက်နက်ကိုင်အဖွဲ့အစည်း မစခင်ကတည်းက အရင် ရှိနှင့်ပြီးသားပဲ။ ဒီပါတီကပဲ အဓိက ဆုံးဖြတ် လုပ်ဆောင်သွားမှာပါ။

မေး။ ရွေးကောက်ပွဲဝင်ဖို့ သေချာသလောက်ရှိပြီလို့ ပြောလို့ရမလား။ လက်နက်ချခိုင်းတယ်ဆိုတဲ့ ကိစ္စက ဘယ်လိုရှိပါသလဲ။

ဖြေ။ မဖြစ်မနေဆိုရင်တော့ ကျနော်တို့ရဲ့ ဗဟိုအုပ်ချုပ်ရေး ပါတီက ဝင်ရောက် အရွေးခံနိုင်ပါတယ်။ ဒါပေမဲ့ လက်နက်ချဖို့တော့ ဘယ်လိုမှ မဖြစ်နိုင်တဲ့ အရာပါပဲ။

မေး။ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ဝ ပြည်နယ်က ပြည်သူတွေရဲ့ သဘောထားကရော ဘယ်လိုရှိပါသလဲ။

ဖြေ။ ပြီးခဲ့တဲ့ ဆန္ဒခံယူပွဲ အပါအဝင်ပေါ့။ လာမယ့် ၂ဝ၁ဝ ရွေးကောက်ပွဲကိုလည်း စိတ်ဝင်စားတဲ့လူ တော်တော်နည်းပါတယ်။ မဖြစ်မနေ လုပ်နေတဲ့ သဘောလောက်ပါပဲ။ အများပိုင်းကတော့ စိတ်မဝင်စားကြပါဘူး။

ဇခုန်တိန့်ရိမ်း (ဒီမိုကရက်တစ် ကချင်တပ်မတော်သစ်၊ NDA-K)
ကချင်အဖွဲ့ကွဲတခုဖြစ်ပြီး စစ်အစိုးရနှင့် နီးစပ်သော စီးပွားရေး အဓိကထား လုပ်ကိုင်နေသော အဖွဲ့တခုဖြစ်သည်။ ကချင်လွတ်မြောက်ရေး တပ်မတော်နှင့် ပြိုင်ဘက်ဖြစ်ပြိး ရွေးကောက်ပွဲတွင် ကချင်အမျိုးသားပါတီ များမည်ကို စိုးရိမ်နေသူ ဖြစ်သည်။

မေး။ ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်အရွေးခံမှာလား။ အဖွဲ့အစည်းကို ပါတီနာမည်ပြောင်းပြီး အရွေးခံမယ်ဆိုတာ ဟုတ်ပါသလား။

ဖြေ။ အဲဒါ မမှန်ပါဘူး။ အဖွဲ့အစည်း အနေနဲ့တော့ နာမည်ပြောင်း၊ ပါတီဖွဲ့ပြီး တိုက်ရိုက် ယှဉ်ပြိုင်ဖို့ မရှိပါဘူး။

ကျနော်တို့အနေနဲ့ ပါတီအဖြစ် နာမည်ပြောင်းပြီး ဝင်ရောက်ယှဉ်ပြိုင်မှာ မဟုတ်ဘူး။ ဒါပေမဲ့ ကချင်ပြည်သူ တရပ်လုံးကို ကိုယ်စားပြုပြီး သွားရောက်ယှဉ်ပြိုင်နိုင်တဲ့ ပါတီ ပေါ်ပေါက်လာဖို့ အတွက်ကတော့ အားပေး ထောက်ခံသွားမှာပါ။

မေး။ ရွေးကောက်ပွဲကိုရော ဘယ်လိုမြင်ပါသလဲ။

ဖြေ။ ကချင်ပြည်သူတွေအနေနဲ့ ပါတီဖွဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင် သင့်ပါတယ်။ အဲဒါမှလည်း ကိုယ်ကြိုက်တဲ့ အုပ်ချုပ်သူတွေ ရမှာကိုး။

မေး။ ရွေးကောက်ပွဲကရော တရားမျှတမယ်လို့ မျှော်လင့်သလား။

ဖြေ။ ဒါကတော့ ပြောဖို့ စောပါသေးတယ်။ လူထုအနေနဲ့ ကိုယ်ကြိုက်တဲ့ အုပ်ချုပ်ရေးအဖွဲ့ ရရှိချင်တယ် ဆိုလို့ရှိရင် ပါတီကို ရွေးချယ်ခန့်ထားပြီး ရွေးကောက်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်ဖို့ပါပဲ။

မေး။ ကချင်ပြည်သူတွေကို ကိုယ်စားပြုတဲ့ ပါတီဆိုတာ ဘယ်လိုပါတီကို ဆိုလိုချင်ပါသလဲ။

ဖြေ။ ပြည်သူအားလုံးကို ကိုယ်စားပြုထားတဲ့ အားလုံးရဲ့ ထောက်ခံမှုရ ပါတီသစ်တခု ဖြစ်ပေါ်လာဖို့ တိုက်တွန်း ထောက်ခံ၊ အားပေးနေပါတယ်။ ၂ဝ၁ဝ ရွေးကောက်ပွဲမှာ အဲဒီ ပါတီတခုထဲ အနေနဲ့ ဝင်ရောက်ယှဉ်ပြိုင်ဖို့ ကျနော်တို့အနေနဲ့ ဆန္ဒရှိပါတယ်။

ပါတီအများကြီး ပေါပေါက်လာဖို့ မတွေ့ချင်ပါဘူး၊ အားလည်း မပေးပါဘူး။ လိုတာက အားလုံး (လက်နက်ကိုင် အဖွဲ့အစည်းတွေ အပါအဝင် ကချင်လူမျိုးစု အားလုံး) ကို ကိုယ်စားပြုနိုင်တဲ့ ပါတီတခုထဲပါ။

(ဆက်လက်၍ အင်တာဗျူးများ တင်ဆက်သွားပါမည်။)

အပြည့်အစုံဖတ်လိုလျှင်