စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

လေဘေးသင့်ဒုက္ခသည် သုံးပုံတပုံခန့် စိတ်ဝေဒနာခံစားနေရ

NEJ/ ၁၇ ဇွန် ၂၀၀၈

နာဂစ်လေမုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များ၏ စိတ်နေသဘောထားများ ပုံမှန်အနေအထား မရှိဘဲ သုံးပုံတပုံခန့်မှာ စိတ်ဝေဒနာခံစားနေကြရသဖြင့် ၎င်းတို့အတွက် အစီမံကောင်းများ လိုအပ်ကြောင်း အင်ဒိုနီးရှားဆေးကုသရေးအဖွဲ့မှ စိတ်ရောဂါအထူးကု ဆရာဝန်တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇွန် (၄) ရက်မှ စတင်၍ အင်ဒိုနီးရှားဆေးအဖွဲ့ဝင် (၂၉) ဦးကို ဦးဆောင်ကာ ကော့မှူးမြို့နယ်တွင် လေဘေးဒုက္ခသည်များကို ဆေးကုသပေးနေသည့် ပရော်ဖက်ဆာ ဒေါက်တာ Munar Lubis က ပြောကြားခြင်းဖြစ်သည်။

အင်ဒိုနီးရှားနိုင်ငံ၌လည်း ၂၀၀၄ ခုနှစ်ကဖြစ်ပေါ်ခဲ့သည့် ဆူနာမိငလျင်ကြောင့် သေကျေ ပျက်စီး မှုများရှိခဲ့ပြီး အဆိုပါဖြစ်စဉ်ကြောင့် အင်ဒိုနီးရှားတွင် စိတ်ဝေဒနာရှင်များစွာကို တွေ့ခဲ့ရကြောင်း ဒေါက်တာ Lubis က ပြောသည်။

၎င်းက “ မြန်မာနိုင်ငံမှာလည်း အခုကုသရတဲ့အခါ အင်ဒိုနီးရှားမှာလို တွေ့ရတာပါပဲ။ သဘာဝ
ဘေးအန္တရာယ်ကြောင့် ဖြစ်တတ်တဲ့ ဝေဒနာပါ။ ဒါကို ပြုပြင်ပြောင်းလဲနိုင်ဖို့ အစီအမံကောင်းတွေ လိုအပ်တယ်လို့ ထင်ပါတယ်၊ အားပေးရမှာပါ” ဟု ပြောသည်။

ဒေါက်တာ Lubis နှင့်အဖွဲ့သည် ကွမ်းခြံကုန်းတွင် သုံးပတ်ကြာ ဆက်လက် ဆေးကုသသွားမည်ဟု သိရသည်။

ဖျာပုံမြို့နယ်ရှိ အားကစားကွင်း၌ ဖွင့်လှစ်ထားသော အိန္ဒိယဆေးအဖွဲ့ခေါင်းဆောင် ဒေါက်တာ Srikumar ကလည်း “ဒီမှာ မေ (၁၆) ရက်နေ့က ဆေးခန်းစဖွင့်ပါတယ်။ နေ့စဉ် လူဦးရေ (၇၀၀) ခန့် လာကုပါတယ်။ စိတ်ကျနေတဲ့ လက္ခဏာတွေ ရှိတယ်။ ဒါဟာ ဆုံးရှုံးမှုတွေဖြစ်သွားတဲ့ လတ်တလောအနေအထားကို လက်မခံနိုင်သေးတဲ့အချက်ပါ၊ ဖြစ်တတ်ပါတယ်။ သူတို့ရဲ့ စိတ် ကျန်းမာရေး ကောင်းမွန်ဖို့ကတော့ လက်ရှိစားဝတ်နေရေး အနေအထားကို အဆင်ပြေအောင် ဆောင်ရွက်ပေးနိုင်ဖို့လည်း လိုအပ်ပါတယ်။ ဒါလည်း အချက်တချက်ပါ။ နောက်တခုက ပတ်ဝန်းကျင်က ပြုပြင်ပေးဖို့ လိုပါတယ်” ဟု ပြောသည်။

ဖျာပုံမြို့နယ်တွင် ဒေါက်တာ ဆရီကူမာက အဖွဲ့ဝင် (၂၃) ဦးနှင့်အတူ အကန့်အသတ်မဲ့ ကုသ ပေးနေခြင်းဖြစ်သည်။

ပြင်သစ်အခြေစိုက် FXB (francois - xavier bagnoud myanmar) အန်ဂျီအိုအဖွဲ့မှလည်း မြန်မာ နိုင်ငံမှ စိတ်ရောဂါဆိုင်ရာ ဆရာဝန်များ လိုက်ပါလျက် ဖျာပုံ၊ ကျိုက်လတ်၊ ဒေးဒရဲ၊ ဘိုကလေး (၄) မြို့နယ်တွင် ကျန်းမာရေးစစ်တမ်းများ လိုက်လံကောက်ခံနေသည်။ ထိုသို့စစ်တမ်းကောက်ချက်အရ လေဘေးဒုက္ခသည် အတော်များများတွင် စိတ်ရောဂါ (၃) မျိုးတွေ့ရှိရကြောင်း ယင်းအဖွဲ့၏ ဌာနေ ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတဦးက ပြောသည်။

ပထမ တမျိုးမှာ မေးသည်ကိုဖြေသည်၊ သို့သော် ဦးတည်ချက်မဲ့ ဘာကိုပြောဆိုနေသည်ကို မသိ ခြင်း၊ ဒုတိယမှာ မေးခွန်းမေးသည်ကို တွေဝေနေပြီး အဖြေကို မသိခြင်း၊ တတိယမှာ သွက်သွက်ခါ စိတ်ဖောက်သွားခြင်းတို့ဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။

FXB အန်ဂျီအိုအဖွဲ့သည် မြန်မာနိုင်ငံတွင် HIV-AIDS ပညာပေးနှင့် ကျန်းမာရေးအထောက်အကူ လုပ်ငန်းများလုပ်ကိုင်နေသော အဖွဲ့ဖြစ်သည်။ ယင်းအဖွဲ့မှာ မုန်တိုင်းဒုက္ခသည်များ၏ ကျန်းမာရေး အခြေအနေကို ကွင်းဆင်းလေ့လာနေပြီး ကုသရေးများ ဆက်လက်လုပ်သွားမည်ဟု သိရသည်။

ဆိုင်ကလုန်းမုန်တိုင်းကြောင့် ဒုက္ခရောက်သူ (၂.၄) သန်းအနက် အတော်များများမှာ စားစရာ၊ အမိုးအကာနှင့် သောက်ရေသန့်တို့ အမြောက်အမြား လိုအပ်နေဆဲဖြစ်ပြီး ဒုက္ခသည်အများစုသည် ဆက်လက် အသက်ရှင်ချင်စိတ်များ ကုန်ခန်းနေကြကြောင်း နယ်ခြားမဲ့ဆရာဝန်များအဖွဲ့(MSF) ကလည်း ပြောကြားခဲ့သည်။

မေ (၂-၃) ရက်နေ့တို့တွင် တိုက်ခတ်ခဲ့သော နာဂစ်မုန်တိုင်းဒဏ်ခံခဲ့ရသည့် လေဘေးသင့် ဒုက္ခ သည်များအား ထိုင်း၊ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ ဂျပန်၊ အင်ဒိုနီးရှားနှင့် အိန္ဒိယနိုင်ငံတို့မှ အစိုးရ ဆေးဖက်ဆိုင်ရာအဖွဲ့များက လာရောက်ကုသပေးလျက်ရှိရာမှ ယခုလ (၃) ရက်တွင် ထိုင်း ဆေးအဖွဲ့၏ အကူအညီမလိုအပ်တော့ကြောင်း မြန်မာစစ်အစိုးရက ပြောခဲ့သည်ဟု သိရသည်။
Rest of your post

No comments: