စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, June 21, 2008

အဆိုတော် ဇေယျာသော်ကို ရုံးထုတ်

ကိုစိုး ဇွန် ၂၀၊ ၂၀၀၈

စစ်အစိုးရက လွန်ခဲ့သော မတ်လအလယ်တွင် ဖမ်းဆီးထားသည့် ဂီတ အနုပညာရှင် ကိုဇေယျာသော်နှင့် ၅ ဦးကို ရန်ကုန်မြို့ လမ်းမတော် မြို့နယ် တရားရုံး၌ ယနေ့ ရုံးထုတ်ကြောင်း သိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုဇေယျာသော်အပါအဝင် ကိုအောင်ဇေဖြိုး၊ ကိုအာကာဗိုလ်၊ ကိုဝေလွင်မျိုး၊ ကိုရန်နိုင်သူ၊ ကိုသီဟဝင်းတင် တို့ကို ပုဒ်မ ၆/၈၈ အရ ခွင့်ပြုချက်မရှိဘဲ အသင်းအဖွဲ့ ဖွဲစည်းမှုဖြင့် အာဏာပိုင်များက တရားစွဲဆို၍ ရုံးထုတ် ခြင်းဖြစ်ကြောင်း ယင်းအမှု အား အကျိုးဆောင်ပေးနေသူ ရှေ့နေ ဦးအောင်ကြီးက ပြောသည်။

“ပုဒ်မ ၆/၈၈ နဲ့ တရားစွဲထားပါတယ်၊ ၁၉၈၈ ခုနှစ်တုန်းက ထုတ်တဲ့ ခွင့်ပြုချက်မရှိဘဲ အသင်းအဖွဲ့ ဖွဲ့တဲ့ အသင်း အဖွဲ့ဆိုင်ရာပုဒ်မပါ၊ ပြစ်မှု မြောက်တယ်ဆိုရင် အမြင့်ဆုံး ထောင်ဒဏ် ၅ နှစ် ချမှတ်နိုင်ပါတယ်”ဟု ၎င်းက ဧရာဝတီသို့ ပြောသည်။

ကိုဇေယျာသော်တို့ ၆ ဦးအား မတ်လ ၁၂ ရက်နေ့ ညဦးပိုင်းတွင် ဗဟန်းမြို့နယ်ရှိ စားသောက်ဆိုင် တဆိုင်၌ အာဏာပိုင်များက ဖမ်းဆီးခဲ့ပြီး ၎င်းတို့ကို အင်းစိန်ထောင် သီးသန့်ဆောင်တွင် ချုပ်နှောင်ထားခြင်းဖြစ်ကြောင်း သိရသည်။

“သူတို့ကို ဖမ်းတဲ့ အချိန်တုန်း က သူတို့လက်ထဲမှာ ဘာ သက်သေ အထောက်အထားမှ ရမသွားပါဘူး၊ ဒါပေမယ့် မြန်မာငွေ ကျပ် တသောင်းလောက်တောင်မရှိတဲ့ နိုင်ငံခြားငွေ အကြွေတချို့ကို တွေ့သွားပါတယ်၊ အဲဒါကို တော့ အမှုတခု ဆင်နိုင်ပါ တယ်၊ အဲဒီ ပိုက်ဆံတွေက အမှတ်တရသိမ်းထားတာတွေပါ၊ မိသားစုကလည်း စိုးရိမ် ပူပန်နေ ပါတယ်”ဟု ကိုဇေယျာသော် ၏ အဒေါ် တော်စပ်သူ ရှေ့နေ ဒေါ်အေးအေးနိုင်က ပြောသည်။

ကိုဇေယျာသော်တို့အား ဗဟန်းတွင် ဖမ်းဆီးခဲ့သော်လည်း ဗဟန်းရဲစခန်းက လမ်းမတော် ရဲစခန်းသို့ လွှဲပြောင်း၍ လမ်းမတော်မြို့နယ် တရားရုံးတွင် ရုံးထုတ် အမှုစစ်ခြင်းဖြစ်ကြောင်းနှင့် ယခုစွဲဆိုထားသော အမှုသည် ပြစ်မှု မမြောက် ကြောင်းဆိုသည်ကို ခုခံကာကွယ်သွားမည်ဖြစ်ကြောင်း ရှေ့နေ ဦးအောင်ကြီးကပြောဆိုသည်။

“အစိုးရက တရားစွဲဆိုတာကို ကျနော်တို့က ပြစ်မှုမမြောက်ဘူးဆိုတဲ့အကြောင်း ကာကွယ်ရမှာပေါ့၊ ဒါပေမယ့် ရှေ့နေတဦး အနေနဲ့ အမှုအပေါ်မှာ သုံးသပ်ဖို့ဆိုတာက တရားလိုပြ သက်သေက ၁၁ ဦးလောက်ရှိတယ်၊ အဲဒါ အခုမှ စစ်နေတုန်းပါ”ဟု ဦးအောင်ကြီး ကဆိုသည်။

ယင်းအမှုအား ယနေ့ ရုံးထုတ်ရာတွင် တရားရုံးသို့ တရားလိုပြ အစိုးရသက်သေ ဗဟန်း ရယကက မလာရောက် နိုင်သော ကြောင့် အမှုကို လာမည့် ၂၇ ရက်နေ့သို့ ရုံးချိန်း ပြန်ချိန်းလိုက်သည်ဟု သိရသည်။

ကိုဇေယျာသော်နှင့် အတူ ဟစ်ပ်ဟော့ ဂီတအဖွဲ့ အက်ဆစ်အဖွဲ့ကို တည်ထောင်ခဲ့သည့် အဆိုတော် ရန်ရန်ချန်း ကိုလည်း ပြီးခဲ့သည့် ဧပြီလအတွင်းတွင် အာဏာပိုင်များက ဖမ်းဆီးခဲ့သေးသည်။

ကိုဇေယျာသော်၊ ရန်ရန်ချန်း၊ အနဂ္ဃနှင့် ဟိန်းဇော် တို့သည် ၂၀၀၀ ပြည့်နှစ် နှစ်ကုန်ပိုင်းတွင် အက်ဆစ်အဖွဲ့ကို စတင် တည်ထောင်ခဲ့ခြင်း ဖြစ်သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စစ်အစိုးရ၏ အရေးပါသော ရာထူးများတွင် အပြောင်းအလဲများလုပ်

မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 20 2008 21:15 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ မြန်မာနိုင်ငံမှ လျှို့ဝှက် သိပ်သည်းလှသော ဗိုလ်ချုပ်ကြီးများသည် အစိုးရ အဖွဲ့တွင်းနှင့် တပ်တွင်း အရေးပါသော ရာထူး နေရာများကို အပြောင်းအလဲ ပြုလုပ်လိုက်သည်။

ကက်ဘိနက်အတွင်း အပြောင်းအလဲများကို စစ်အစိုးရက တရားဝင် ကြေညာသော်လည်း စစ်တပ်တွင်း တပ်မှူး အပြောင်းအလဲများနှင့် စစ်ဆင်ရေးနှင့် ကွပ်ကဲမှု ဌာနချုပ်များ (ကစထ) အပြောင်းအလဲများကိုမူ ထုံးစံအတိုင်းပင် ထုတ်ပြန် ကြေညာခြင်း မပြုပါ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခင်က ဝန်ကြီးဌာန ၂ ခုကို ပူးတွဲ ကိုင်ထားခဲ့သော ဗိုလ်ချုပ် မောင်မောင်ဆွေကို လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာန တနေရာကိုသာ တာဝန်ယူရန် လျှော့ချလိုက်သည်။ အခြား ဝန်ကြီးဌာနတခု ဖြစ်သော လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့အင်အား ဌာနကိုမူ အသစ် ခန့်အပ်လိုက်သော ဗိုလ်ချုပ် စောလွင်က တာဝန်ယူမည် ဖြစ်သည်။

ဗိုလ်ချုပ် စောလွင်၏ ယခင် ရာထူးဖြစ်သော စက်မှု (၂) ဝန်ကြီး တာဝန်ကို ရေတပ် စစ်ဦးစီးချုပ် ရေတပ် ဒုတိယဗိုလ်ချုပ်ကြီး စိုးသိန်းက လွှဲပြောင်း တာဝန်ယူမည် ဖြစ်သည်။

ယင်းကို လေ့လာသူများက အာဏာ လျောကျသွားခြင်း ဖြစ်သည် ဟု သုံးသပ် ပြောဆိုနေကြသည်။

ထိုအတောအတွင်း တပ်မှူး အပြောင်းအလဲ အများအပြားကို မြန်မာ စစ်အစိုးရက ကြေညာခြင်း မပြုဘဲ ပြုလုပ်ခဲ့ သည်။ ငယ်ရွယ်သော အရာရှိများကို တပ်မှူးများအဖြစ် ရာထူး တိုးမြှင့်ပေးခဲ့ပြီး ကစထ သို့ တိုးမြှင့် ခန့်အပ်ခဲ့သည်။

စစ်တပ် အသိုင်းအဝိုင်းမှ လာသော သတင်းအရ အရေးပါသော စစ်တပ် တပ်မှူး ၄ ဦးကို ကစထမှူးများအဖြစ် ခန့်အပ်ခဲ့သည်ဟု သိရသည်။

အဆိုပါတပ်မှူးကြီး ၄ ဦးမှာ အရှေ့မြောက်တိုင်းမှူး ဗိုလ်ချုပ် အောင်သန်းထွဋ်၊ မြောက်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်အုန်းမြင့်၊ ဗိုလ်ချုပ်မင်းအောင်လှိုင်၊ တောင်ပိုင်းတိုင်းမှူး ဗိုလ်ချုပ်ကိုကို တို့ ဖြစ်ကြသည်ဟု မဇ္ဈိမက စုံစမ်း သိရှိရသည်။

မြန်မာစစ်တပ်တွင် ကထစမှူးရာထူး ၅ နေရာရှိပြီး ယခင် ကစထမှူးများထဲမှ ဗိုလ်ချုပ်မောင်ဘို တဦးသာ မူလရာထူးတွင် ကျန်ရစ်သည်။ ဗိုလ်ချုပ် ရဲမြင့်၊ ဗိုလ်ချုပ် အောင်ထွေး၊ ဗိုလ်ချုပ် ကျော်ဝင်း နှင့် ဗိုလ်ချုပ် ခင်မောင်သန်း တို့ကိုတော့ အငြိမ်းစားပေးလိုက်သည်။

အနားယူသွားရပြီ ဖြစ်သော ကစထမှူးများမှာ စစ်အစိုးရ အဖွဲ့အတွင်း နံပါတ် ၃ ခေါင်းဆောင် ပူးတွဲညှိနှိုင်း ကွပ်ကဲရေးမှုး (ကြည်း၊ ရေ၊ လေ) ဒုဗိုလ်ချုပ်ကြီး ရွှေမန်းထက် ဝါရင့်သူ (သို့မဟုတ်) အကြီးအကဲဟောင်းများ ဖြစ်ခဲ့ကြခြင်းကြောင့် စစ်တပ်ပုံစံ အမိန့်ပေး ကွပ်ကဲမှုအရ ကသိကအောက် ဖြစ်ခဲ့ကြသည်။

အသစ်ခန့်အပ်မည့် တိုင်းမှူးသစ်များတွင် ကလော စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ကျော်ဖြိုးနှင့် သံတောင် စစ်ဦးစီးတက္ကသိုလ် ကျောင်းအုပ် ဗိုလ်မှူးချုပ် ရာပြည့် တို့ ပါဝင်မည် ဖြစ်သည်။ အခြား ၂ ဦး၏ အမည်ကိုမူ ဆက်လက် စုံစမ်းဆဲ ဖြစ်သည်။

ဤအတောအတွင်း အရေးပါသော ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်လှဌေးဝင်း ကိုလည်း တပ်မတော် လေ့ကျင့်ရေး အရာရှိချုပ်အဖြစ် ခန့်ထားလိုက်သည်။ ယခင်က အဆိုပါတာဝန်ယူထားသော ဒုတိယ ဗိုလ်ချုပ်ကြီး အောင်ထွေးမှာမူ အငြိမ်းစား ယူလိုက်သည်ဟု သတင်းရပ်ကွက်များကပင် ပြောကြားသွားပါသည်။

"တပ်မှူးတွေ အကုန်လုံး အပြောင်းအလဲ ရှိတယ်၊ မပြောင်းတာဆိုလို့ (ဗိုလ်ချုပ်မှူးကြီး) သန်းရွှေနဲ့ (ဒုဗိုလ်ချုပ်မှူးကြီး) မောင်အေးဘဲ ရှိတယ်" ဟု စစ်တပ် အသိုင်းအဝိုင်းက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရွှေဝါရောင် နေကြာတပွင့် (သို့မဟုတ်) ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ

ညိုထက်ညို
စနေနေ့၊ ဇွန်လ 21 2008 16:11 - မြန်မာစံတော်ချိန်

(ဒီမိုကရေစီစနစ် ဖော်ဆောင် ထွန်းကားစေလိုသူ စစ်အစိုးရ အတိုက်အခံ နိုင်ငံရေး အင်အားစုများက လှူတန်းမှုကို ကြည်ဖြူစွာ လက်ခံကာ စစ်အစိုးရ အလိုကျ မလုပ်ဆောင်သည့် ခြောက်ထပ်ကြီး ဘုရားဝင်းအတွင်းရှိ သာသနာ့သိပံ္ပ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တ တေဇိန္ဒာစာရကို အမှတ်တရ ရေးဖွဲ့ထားသော ဆောင်းပါးဖြစ်ပါသည်၊ ဆရာတော်သည် သက်တော် ၇၂ နှစ် ၊ ၀ါတော် ၅၂ နှစ် တွင် ပျံလွန်တော်မူခဲ့သည်) ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
"နိုင်ငံရေးဆိုတာဘာလဲ၊ နိုင်ငံသူ နိုင်ငံသားတွေရဲ့အရေးပဲပေါ့" "ရပ်နဲ့ ရွာနဲ့နေရင် ရပ်ရေးရွာရေးဆိုတာ ရှိတယ်။ မြို့နဲ့ နယ်နဲ့ နေရင် မြို့ရေး နယ်ရေး ဆိုတာရှိတယ်။ တိုင်းနဲ့ ပြည်နဲ့ နိုင်ငံနဲ့ နေရင် တိုင်းရေးပြည်ရေး နိုင်ငံရေး ဆိုတာရှိတယ်။ ခေါင်းရှောင်နေလို့ မရဘူး။ ခေါင်းရှောင်တာဟာ တာဝန်မဲ့တာပဲ။

အခုဟာက နိုင်ငံရေး မလုပ်ရဘူး၊ နိုင်ငံရေးနဲ့ မပတ်သက်ရဘူးဆိုတော့ ဘာလဲ ဒကာကြီးရ၊ ဒါ နိုင်ငံတော်ကို သစ္စာဖောက်တာပဲ။ နိုင်ငံရေးဆိုတာ နိုင်ငံသူ နိုင်ငံသား အားလုံးနဲ့ သက်ဆိုင်တဲ့ အရေးဥစ္စာ။ ပြီးတော့ ပါတီနိုင်ငံရေး ဆိုတဲ့ စကားရှိသေးတယ်။ ပါတီဆိုတာ အသင်းအဖွဲ့ပဲဥစ္စာ။ အသင်းအပင်း အဖွဲ့ အစည်းနဲ့မှ နိုင်ငံ့ရေးရာကို လုပ်လို့ကိုင်လို့၊ ဆောင်ရွက်လို့ ရမှာပေါ့။ ဥပဒေနဲ့အညီ ဖြစ်နေရင် ပြီးတာပဲဟာ" ။

ဆရာတော်က စကားကို ခဏဖြတ်၍ ရေနွေးကြမ်း တခွက်ဘုန်းပေးသည်။ သူကတော့ ဆရာတော်၏ စကားတွင်သာ အာရုံနစ်ဝင်နေမိသည်။ နေရာက ရွှေဂုံတိုင်ရှိ သူတို့၏ အိမ်။ သည်နှစ်ထဲတွင် ဆွမ်းမကျွေးရသေး၍ ဆရာတော် အပါအဝင် သံဃာတော် ၅ ပါးအား ဆွမ်းကပ်လှူနေခြင်း ဖြစ်ပါသည်။ တကယ်က ဆရာတော် သီတင်းသုံးရာ သာသနာ့သိပ္ပံ ကျောင်းတိုက်နှင့် သူတို့အိမ်က ဘာမှမဝေး။ ဟိုဘက်လမ်း ဒီဘက်လမ်းမျှသာ ဖြစ်သည်။ သို့သော် သူကတော့ ဆရာတော်နှင့်တကွ သံဃာတော် ၅ ပါးအား ၉ နာရီခွဲ သာသာလောက်ကတည်းက သွားပင့်ခဲ့သည်။ ဒါကလည်း အကြောင်းရှိသည်။

ဆရာတော်က စကားပြော၊ တရားဟောကောင်းသူ ဖြစ်သည်။ သူတို့မိသားစုကလည်း ဆရာတော်နှင့် ကြုံတုန်းဆုံခိုက် တရားနာရုံမက စကားပါပြောလိုသည်။ ဆရာရင်း ဒကာရင်းဖြစ်နေ၍ ပြောရဆိုရ သည်မှာလည်း စီးစီးပိုင်ပိုင် ရှိသည်။ နယ်ရေဖတ်ရေ ရှိသည်။ ဆရာတော့်အတွက်ကတော့ ကိစ္စမရှိလှပါ။ မည်သည့်ပရိသတ် အလယ်တွင်မဆို ဆရာတော်က သူယုံကြည်ရာကိုသာ ပြောဆိုမြဲ။ ယခု ပရိသတ်ကတော့ သိပ်မများလှပါ။ သူတို့ မိသားစု၊ ဆွေမျိုးရင်းချာများနှင့် မိတ်သင်္ဂဟအချို့သာ ဖြစ်ပါသည်။

"ဒကာကြီး အခု ပင်စင်ယူပြီ ဆိုတော့ ဘာလုပ်မယ်စိတ်ကူးလဲ" ဟု ဆရာတော်က သူ့ ဦးလေးတော်ကို မေးလိုက်ခြင်း ဖြစ်သည်။ "တပည့်တော် လောလောဆယ်တော့ ဘာမှ အထွေအထူး မစဉ်းစားရသေးပါဘူး ဘုရား" ဟု ဦးလေးက ပြန်ဖြေသည်။ "ဒါဆိုလည်း နိုင်ငံရေးလုပ်ပေါ့ ဒကာကြီးရ။ အမျိုး ဘာသာ သာသနာအရေး တတ်စွမ်းသမျှပေါ့" ဟု ဆရာတော်က ဆက်ပြောလိုက်သည်။ ထို့နောက်တွင်တော့ ဆရာတော်က နံရံပေါ်မှ တိုင်ကပ်နာရီကို တချက်လှမ်းကြည့်သည်။ "အေး တချက်တောင် ထိုးတော့မှာပဲ၊ ဘုန်းကြီး ပြန်ကြွတော့မယ်" ဆရာတော်၏ တိုးတိုးညင်သာ စကားအဆုံးတွင်တော့ သူတို့အားလုံး ဆရာတော့်ကို ဦးချကြသည်။ ဆရာတော့်နှုတ်မှ ဆုတောင်းပတ္ထနာ မြွက်ဟသံ အဆုံးတွင်တော့ လှူဖွယ်ဝတ္ထု ပစ္စည်းများကို ကားရှိရာသို့ သူ သယ်သွားသည်။ နေကစူးစူးရှရှ တောက်ပ နေပါသည်။

တကယ်က သူ ဆရာတော့်ကို စတင် သိကျွမ်းရချိန်တွင် သူ ၁၀ နှစ်သားသာသာ အရွယ်သာရှိသေးသည်။ ၁၉၈၇ ခုနှစ်တွင် ရွှေဂုံတိုင်ရှိ သူတို့ပိုင် မြေကွက်လပ်တွင် အိမ်စဆောက်သည်။ သည်မှာပင် ဆရာတော်နှင့် ဆုံစည်းသိကျွမ်းရန် အကြောင်းဖန်လာသည်။ သူ့ဖခင်၏ တပည့်ရင်းဖြစ်သူက ဆရာတော်၏ ဒကာရင်း ဖြစ်နေသည်။ ထိုတပည့်ဖြစ်သူ၏ ဆက်သွယ်ပေးမှုနှင့်ပင် ဆရာတော်နှင့် သူတို့မိသားစု စတင် ရင်းနှီးခဲ့ရသည်။ ဆရာတော်ကပင် သူတို့ ဆောက်မည့်အိမ်အား ပန္နက်ရိုက်ပေးခဲ့သည်။ ဆရာတော်က သာသနာ့သိပ္ပံကျောင်းတိုက် ကျောင်းထိုင်ဖြစ်သည်။ ကျောင်းနှင့် သူတို့ အိမ်ကလည်း နီးသည်။ ထို့ကြောင့် နောက်ပိုင်းတွင် အိမ်နှင့်ပတ်သက်သည့် ပြုသင့်ပြုအပ်ရာ မင်္ဂလာကိစ္စ အဝဝတို့တွင်လည်း ဆရာတော့်ကိုသာ သူတို့ အားကိုးအားထားပြုခဲ့သည်။

ထိုစဉ်က ဆရာတော်က သက်တော် ၅၀ ဝန်းကျင်။ ထောင်ထောင်မောင်းမောင်း ကြံ့ကြံ့ခိုင်ခိုင် ဆရာတော်၏ ပုံသဏ္ဍာန်က ဥပဓိရုပ် ကောင်းသည်ဟု ဆိုရမည်ဖြစ်သည်။ တရားဟောရာတွင်လည်း အသံသြဇာကောင်းကောင်း ဌာန်နှင့် မာန်နှင့် ဟောတတ်ပြောတတ်သည်။ သူတို့ ကတော့ ဆရာတော့်ကို ဗဟန်းဘုန်းဘုန်းဟုသာ ညွှန်းဆိုခေါ်ဝေါ် ကြပါသည်။ ထိုစဉ်ကတော့ ဆရာတော်နှင့်ပတ်သက်၍ သူသိသမျှက သည်လောက်သာဖြစ်သည်။ သူ အသက်ငယ်ရွယ်သေး၍ ဖြစ်ပါလိမ့်မည်။

၁၉၉၀ ပြည့်လွန်နှစ်များ အစောပိုင်းလောက်တွင်တော့ သူတို့ အိမ်ငှားထား၍ ဆရာတော်နှင့် အထိအတွေ့ အနည်းငယ် ကျဲပါးသွားသည်။ လုံးဝ အဆက်ပြတ်သည်တော့လည်း မဟုတ်ပါ။ တနှစ် အနည်းဆုံး နှစ်ခေါက် သုံးခေါက်တော့ ဆရာတော့်ကျောင်းသို့ ရောက်မြဲဖြစ်ပါသည်။ ၁၉၉၅ လောက်တွင်တော့ ဆရာတော်နှင့် သူတို့ ခပ်စိပ်စိပ် တွေ့ဖြစ်ပြန်သည်။ သူတို့အိမ်ရှိရာ လမ်းတွင်ပင် သူ့အဒေါ်က အိမ်ဆောက်သည်။ ထိုအိမ်ကိုလည်း ဆရာတော်ပင် ပန္နက်ရိုက်ပေးခဲ့သည်။ သည်မှာပင် ဆရာတော့် ကျောင်းသို့ ဝင်ခလုတ် ထွက်ခလုတ် ရောက်ဖြစ်ပြန်သည်။ ထိုစဉ်ကတော့ သူအသက် ၂၀ ရှိခဲ့ပြီမို့ ဆရာတော့်အကြောင်း တစွန်းတစ သိရှိလာသည်။ ဆရာတော်က မြန်မာ့ဒီမိုကရေစီရေးအတွက် တက်တက်ကြွကြွ ထောက်ခံ အားပေးသူဖြစ်ကြောင်း သိလာရသည်။

အတိုက်အခံ ပြည်သူ့ အင်အားစုတို့ကလည်း ဗုဒ္ဓဘာသာဝင်တို့ ပြုမြဲထုံးစံ အလှူအတန်းတို့ကို ဆရာတော့်ကျောင်းတွင်ပင် ပြုလုပ်လေ့ ပြုလုပ်ထ ရှိကြသည်။ ဒါကလည်း အကြောင်းရှိသည်။ အကြောင်းကြောင်းသော အကြောင်းကြောင်းတို့ကြောင့် ဘုန်းကြီးကျောင်းတိုင်းတွင်လည်း နှစ်ပတ်လည်နေ့များ၊ အခမ်းအနားများက ကျင်းပ၍ ရသည်မဟုတ်။ ဆရာတော်ကတော့ ဘာကိုမျှ ဂရုမစိုက်ပါ။ လာဘ်သပ်ပကာ ပေါများခြင်း ရှားပါးခြင်းကို စိတ်ဝင်စားသူ မဟုတ်။ သပိတ်ကို ရေကျင်း သောက်လျှင်လည်း ဆွမ်းဖြစ်သည်ဟု ခံယူထားသူ ဖြစ်ပါသည်။

ကျောင်းတိုက်ဝင်းသို့ သူ ဝင်ဝင်ချင်း ဆရာတော့်လက်ထောက် ဦးပဉ္စင်းကို တွေ့သည်။ ဆရာတော် အပေါ်ထပ်တွင် ရှိကြောင်းပြော၍ သစ်သားလှေကားကျဉ်းကျဉ်း ကလေးအတိုင်း သူ တက်လာသည်။ အပေါ်ထပ်ရှိ ဦးပဉ္စင်းတပါးက သူ့ကို နေရာထိုင်ခင်းပေးပြီး ဆရာတော့်ထံ သွားပြောသည်။ သူ ဘုရားဝတ်ချပြီး ကျောင်းခန်းပတ်လည်ကို စေ့စေ့ငုငု ကြည့်မိသည်။ ဆရာတော့်ကျောင်းကလေးက တောကျောင်းဆန်ဆန် ကျောင်းကလေး။ ထည်ထည်ဝါဝါ တောက်တောက်ပပ မရှိ။ ပစ္စည်းပစ္စယလည်း များများစားစားမထား။ အရာရာက ညိုညိုမွဲမွဲအရောင်ကို ဆောင်လျက်။ ဒါကပင် ငြိမ်းငြိမ်းချမ်းချမ်း၊ အေးအေးမြမြ ဖြစ်နေသည်ဟု သူခံစားမိပြန်သည်။

ကျောင်းတော်ဝိဟာရ၏ အရိပ်အာဝါသအောက်တွင် သူ နှစ်သိမ့်နေမိချိန်တွင်ပင် ဆရာတော်က သီတင်းသုံးရာ အခန်းတွင်းမှ ထွက်လာသည်။ သူ ဝတ်ဖြည့်ပြီး အိမ်မှယူဆောင်လာသော လှူဖွယ်ဝတ္ထုတို့ကို ဆက်ကပ်သည်။ ထို့နောက်တွင်တော့ ဆရာတော်နှင့် သူ စကားစမြည်ပြောကြသည်။ သူက ဆရာတော်နှင့် စကားပြောရသည်ကို နှစ်သက်သည်။ ဆရာတော်၏ အတွေးအမြင် အယူအဆတို့ကလည်း သမားရိုးကျမဆန်။ သစ်သစ်လွင်လွင်၊ လန်းလန်းဆတ်ဆတ်။ ဟောသောတရားကလည်း တက်ခေတ်တရား။ ဆရာတော်က ကျယ်ကျယ်ပြန့်ပြန့် လေ့လာထား၍ လွတ်လွတ်လပ်လပ်၊ ပေါ့ပေါ့ပါးပါးလည်း ပြောတတ်ဆိုတတ်သည်။ ကမ္ဘာ့အကြောင်းကော၊ မြန်မာ့အကြောင်းကိုပါ ခြုံမိငုံမိသည်။ တဖက်သတ် ပြောခြင်းမျိုးလည်း မည်သည့်အခါမျှ မရှိ။ တဖက်လူ၏ အမြင်ကို တလေးတစား နားဆင်သည်။ ထို့ကြောင့်လည်း ဆရာတော့်ဆီ ရောက်လျှင် သူ ခဏနှင့် ပြန်လေ့မရှိ။ ဆရာတော်ကလည်း လူငယ်လူရွယ်တို့နှင့် စကားပြောရဆိုရသည်ကို နှစ်ခြိုက်ဟန်တူသည်။

သာရေးနာရေး မိသားစုအရေး ပြောနေရာမှ "ဒီရက်ပိုင်းတော့ တို့ကျောင်းလည်း အစောင့်အရှောက်တွေများ နေတယ်ဟေ့" ဟု ဆရာတော်က သူ့ကိုပြောသည်။ သူ ရုတ်တရက် နားမလည်။ နောက်မှ ဆရာတော့်ဘေးမှ ဦးပဉ္စင်းက စကားဖြည့်၍ ပြောသည်။ အာဇာနည်နေ့ နီးလာ၍ ဆရာတော့်ကျောင်းကို ထောက်လှမ်းရေးများ စောင့်ကြည့်နေကြသည်ဟု။ သည်တော့မှ သူလည်း ဆရာတော်နှင့်အတူ ရယ်မိမောမိတော့သည်။ ဟုတ်သည်။ ဆရာတော်က အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြုလုပ်သော အာဇာနည်နေ့၊ နှစ်ပတ်လည်နေ့များဆိုင်ရာ ဘာသာရေး အခမ်းအနားများသို့ တက်ရောက် ချီးမြှင့်လေ့ရှိသည်။ သာမှုနာမှု အလှူအတန်း ကိစ္စအဝဝကိုလည်း လက်ခံ ကျင်းပပေးလေ့ ရှိသူဖြစ်သည်။

သူပြန်ခါနီး ဝတ်ဖြည့်တော့ ဆရာတော်က ပေးမြဲဆုကို ပေးသည်။ "အမျိုး ဘာသာ သာသနာအတွက် စွမ်းစွမ်းတမံ ဆောင်ရွက်နိုင်သူ ဖြစ်ပါစေ" ဟု။ ဆရာတော်ပေးသော ဆုက သာမန်နှင့်မတူ ကွဲကွဲပြားပြား ရှိလှသည်ဟု သူ ထိုဆုကို ခံယူတိုင်း ခံစားမိခဲ့ပါသည်။

၂၀၀၀ ပြည့်လွန်နှစ်များတွင်တော့ ဆရာတော်ကို မြို့ထဲရှိ သူတို့အိမ်နှင့် ရွှေဂုံတိုင်ရှိ သူ့အဒေါ်ခြံတွင် ဆွမ်းကပ်ဖြစ်သည်။ အရွယ်အတန်ငယ် ရလာသော်လည်း ဆရာတော်က နဂိုအတိုင်း။ ယုံကြည်ရာကို ယုံမြဲယုံလျက်။ သည်ဘက် နှစ်ပိုင်းတွင်တော့ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးရေး အရေးကြီးပုံကို ဆရာတော်က စကားအလျဉ်းသင့်တိုင်း အလေးအနက် ပြောကြားလာသည်ကို သူ သတိထားမိသည်။ တွေ့ရဆုံရသော ဒကာ ဒယိကာမတိုင်းကိုလည်း နိုင်ငံရေးရာ လုပ်ငန်းဆောင်တာများတွင် ဝင်ရောက်လုပ်ကိုင်ကြရန် အစဉ် တိုက်တွန်းလေ့ ရှိသည်။ တိုင်းရေးပြည်ရေး နိုင်ငံရေးအတွက် ဆရာတော်သည် တရက်ကလေးမျှ ရတက်အေးဟန်မရှိဟု သူကတော့ ထင်မြင်မိသည်။

တရက်တွင်တော့ သူတို့ ဟိုဟိုသည်သည် ပြောကြဆိုကြရင်း အသစ်ဖွင့်လှစ်ထားသော ရွှေတိဂုံဘုရား အောက်ဘက်နားရှိ "သူရဲကောင်း စစ်သည်ဗိမာန်" အကြောင်း ရောက်သွားကြသည်။ သည်တွင် ဆရာတော်က "ညီအကိုချင်း သတ်တာ သူရဲကောင်းလားကွ" ဟု ရုတ်တရက် ပြောချလိုက်သည်။ ထို့နောက်မှ ဆက်၍ "ပြည်တွင်းစစ်ကို အမြန်ဆုံးရပ်စဲရန် အရေးကြီးကြောင်း၊ မည်သည့်ဘက်မှ သေကြေပျက်စီးသည်ဖြစ်စေ ညီအကိုချည်းမို့ တိုင်းပြည် အထူးနစ်နာကြောင်း" ပြောသည်။ ဆရာတော့်စကား အဆုံးတွင်တော့ သူတို့အားလုံး သက်ပြင်းဖွဖွ ချမိကြပါသည်။

ဆရာတော်နှင့် သူ နောက်ဆုံး တွေ့ဆုံခွင့်ရခဲ့သည်က ၂၀၀၆ ခုနှစ် အလယ်ပိုင်းလောက်တွင် ဖြစ်သည်။ သည့်နောက်တော့ သူနိုင်ငံရပ်ခြားသို့ ထွက်ခွာလာသည်။ နောက်တကြိမ် ဆရာတော့်အား ပြန်လည်ဖူးတွေ့ခွင့် ရသည်က မဇ္ဈိမ စာမျက်နှာပေါ်တွင် ဖြစ်သည်။ ရှစ်လေးလုံး အရေးတော်ပုံ ၁၉ နှစ်ပြည့် အခမ်းအနားကို ဆရာတော်၏ သာသနာ့သိပ္ပံ ကျောင်းတိုက်တွင်ပင် ကျင်းပသည်။ ဆရာတော်က ၈၈ ရှစ်မျိုးဆက် ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြုံးပြုံးရွှင်ရွှင် ရယ်ရယ်မောမော။ သံရုံးတာဝန်ခံများနှင့် စကားပြောနေပုံ၊ တရားချီးမြှင့်နေပုံတို့ကို အတော်စုံစုံလင်လင် သူ မြင်တွေ့ရသည်။

နောက်တလအကြာ ၂၀၀၇ စက်တင်ဘာတွင် ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပွားသည်။ ဘုန်းဘုန်းတို့နှင့် ပြည်သူတို့၏ ဆန္ဒပြပွဲသတင်းများကို သူ ရင်တခုန်ခုန်၊ ဖိုဖိုလှိုက်လှိုက် ကြည့်ရင်းရှုရင်း ဆရာတော့်ကို အထူးတလည် သတိရမိသည်။ ဆရာတော် ဘယ်လိုများနေပါလိမ့်။ သိပ်မကြာ။ စက်တင်ဘာလကုန်တွင်ပင် ဆရာတော့်သတင်းက သူ့ဆီ ရောက်ရှိလာသည်။ ဆရာတော်နှင့်တကွ သာသနာ့သိပ္ပံကျောင်းရှိ သံဃာတော်များအား ဖမ်းဆီး ခေါ်ဆောင်သွားပြီ ဖြစ်ကြောင်း သတင်းကို သူ ဖတ်ရှုရသည်။ ဆက်တိုက် ဆိုသလိုပင် နောက်ဆက်တွဲ သတင်းများ ကြားရပြန်သည်။ ဆရာတော့်ကို အင်းစိန် ဂျီတီအိုင်ဝင်းတွင် ချုပ်နှောင်ထားကြောင်း၊ ဆရာတော် ကျန်းမာရေး အလွန် ဆိုးရွား ကျဆင်းနေကြောင်း စသည်။

သူ အိမ်နှင့် ဆက်သွယ်ရန် အမြန် ကြိုးစားသော်လည်း မရ။ ရပြန်တော့လည်း စကား လွတ်လွတ်လပ်လပ် ပြော၍ မရပြန်။ သည်လိုနှင့် ၃-၄ လကြာမှ ဆရာတော့်သတင်းကို သူ ပြန်ကြားရသည်။ သတင်းကောင်းနှင့် သတင်းဆိုး ရောယှက်လျက်။ ဆရာတော် ပြန်လည် လွတ်မြောက်လာပြီ။ သို့သော်….ဆရာတော့်တွင် ကင်ဆာရောဂါ စွဲကပ်နေခဲ့ချေပြီ။

ဆရာတော် ပြန်လည် လွတ်မြောက်လာသော်လည်း ဆရာတော့်ကျောင်းမှ သံဃာတော် ၅ ပါးနှင့် လူ ၆ ဦးကို ပုဒ်မ ၅၀၅ (ခ) ငြိမ်ဝပ် ပိပြားရေးနှင့် လုံခြုံရေးကို ထိခိုက်ပျက်ပြားရန် သွေးထိုး လှုံ့ဆော်သည့်ပုဒ်မနှင့် ဗဟန်းမြို့နယ် တရားရုံးတွင် စွဲချက်တင်ပြီ ဖြစ်ကြောင်း မတ်လအတွင်းတွင် သူ ဖတ်ရှုရပြန်သည်။ သင်္ကြန် မတိုင်မီ သူ့အိမ်နှင့် စကားပြောခွင့် ကြုံသောအခါတွင်တော့ သူ ဆရာတော့် သတင်းကို မေးမိသည်။ ဆရာတော့် အခြေအနေမှာ ထူးထူးခြားခြား သက်သာလာခြင်း မရှိတော့ကြောင်း သူ့အိမ်က ပြောသည်။ နှစ်ဆန်း တရက်နေ့တွင် ဆရာတော့်ကို ဝတ္ထုငွေ သွားရောက်ကပ်လှူမည် ဖြစ်ကြောင်းလည်း ပြောသည်။ ဆရာတော့်အတွက် သူ့အနေနှင့်ပါ ဝတ္ထုကပ်လှူပေးရန် သူ့အမေကို ပြောသည်။ သည်တကြိမ်သည် နောက်ဆုံးကပ်လှူခြင်း ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။

ဇွန်လ ဒုတိယပတ်တွင် သူ့အိမ်နှင့် စကားပြောသေးသော်လည်း ဆရာတော့်သတင်းကို ဘာမှမပြော။ ဇွန်လ ၁၆ ရက်နေ့တွင်တော့ သူ မဇ္ဈိမ သတင်းကို ဖတ်ရှုမိချိန်တွင် "သာသနာ့သိပ္ပံကျောင်း ချိတ်ပိတ်ခံရကြောင်း" သတင်းကို ဖတ်ရသည်။ သတင်းတနေရာတွင်က "လစ်လပ်သွားသော ကျောင်းထိုင်ဆရာတော်" ဟူသော စာသား။ "လစ်လပ်သွားသော" ဆိုပါလား …. ဆရာတော် ပျံလွန်သွားပြီလား … လှုပ်ရှားနေသော စိတ်ကိုထိန်းရင်း အခြားသတင်းများကို လိုက်ရှာသည်။ မူလစာမျက်နှာသို့ ပြန်သွားသည်။ ဓာတ်ပုံဆလိုက်ရှိုး နေရာသို့ ကြည့်လိုက်မှ ဆရာတော့် ဓာတ်ပုံအား တွေ့လိုက်ရသည်။ "သာသနာ့သိပ္ပံ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တတေဇိန္ဒာစာရ၏ ဈာပန အခမ်းအနားကို ရန်ကုန်မြို့ ရေဝေးသုသာန်တွင် ဇွန်လ ၇ ရက် ၂၀၀၈ ခုနှစ်က ကျင်းပစဉ်" တဲ့။ ဆရာတော့်ဓာတ်ပုံအား ဦးဉ္စင်းနှစ်ပါးက ကိုင်ဆောင်လျက်။ ဟုတ်သည်။ ဆရာတော် ပျံလွန်တော်မူသွားခဲ့ပြီ ဖြစ်ပါသည်။

"လူကို လေ့လာပါ၊ ပတ်ဝန်းကျင်ကို လေ့လာပါ" ဟု သူ့ကို ပြောကြားသော ဆရာတော်၏ နောက်ဆုံးသြဝါဒကို သူ ယခု ပြန်လည် ကြားယောင်သည်။ "တယောက်နဲ့ တယောက် အပြစ်မရှာစတမ်း၊ ရန်သတ္တရု မပြုစတမ်း၊ တွေ့ဆုံ ဆွေးနွေးခြင်း နည်းလမ်းနဲ့ တို့တိုင်းပြည်ရဲ့ အကျပ်အတည်းကို ဖြေရှင်းကြရမယ်။ ဒီအချိန်မှာ ဒီ့ထက် အရေးကြီးတာ ဘာမှမရှိတော့ဘူး" ဟု ဆရာတော်၏ ယုံကြည် လေးနက်စွာ ပြောနေသော အသွင်ကို သူ ပြန်လည်မြင်ယောင်သည်။ မေတ္တာနှလုံးနှင့် ရွှင်ရွှင်ပြုံးပြုံး နေတတ်ထိုင်တတ်၊ သူ့တိုင်းသူ့ပြည်အတွက် အမြဲတစေ စိုးရိမ်ပူပန် နေတတ်သော ဆရာတော့်ကို ပြန်ပြောင်းအောက်မေ့သည်။

သည်စာကို ရေးနေချိန်တွင်ပင် သူ့အမေထံမှ စာရောက်လာသည်။ "သားလေး ဗဟန်းဘုန်းဘုန်း ပျံလွန်တော်မူသွားတဲ့ ကိစ္စနဲ့ ပတ်သက်လို့ သား စိတ်မကောင်းမှာ စိုးလို့ အမေ မပြောဘဲ ထားတာပါ။ ဗဟန်းဘုန်းဘုန်းဟာ လူသားတယောက် အနေနဲ့ မွေးဖွားလာပြီး သူ့တာဝန် သူ ကျေပွန်အောင် ဆောင်ရွက်သွားပါတယ်။ တိုင်းပြည်အတွက်၊ အများကောင်းကျိုး အတွက်လည်း တတ်နိုင်သရွေ့ ဆောင်ရွက်တော်မူခဲ့တဲ့ ပုဂ္ဂိုလ်တဦးပါပဲ။ သူ့ရဲ့ ပျံလွန်တော်မူတဲ့ နာရေးသတင်းကို သတင်းစာထဲမှာ ထည့်ခွင့်မပြုဘူး။ အခုလည်း သူ့ကျောင်းကို ချိတ်ပိတ်လိုက်တယ်လို့ ကြားပါတယ် ….." အမေ့စာကို ဖတ်၍ သူငိုင်နေမိသည်။

သူ့ အသည်းနှလုံးကို တစုံတရာက ဆုပ်ကိုင်ဖြစ်ညှစ်ထားသလို သူ ခံစားရသည်။ ဆရာတော် သာသိလျှင် ဘာများမိန့် မြွက်ဦးမလဲ….သူ ဝမ်းပန်းတနည်း စဉ်းစားနေမိသည်။ ဆရာတော်ဖြတ်သန်းခဲ့ရာ ဘဝက ရိုးသားရဲရင့်မှုတို့ဖြင့် ပြည့်လျှမ်းလျက်။ ဖြူဖြူစင်စင် လျှောက်လှမ်းခဲ့ရာ လမ်းဖြစ်သည်။ ချော့သော်လည်း မပျော့ခဲ့၊ ခြောက်သော်လည်း မကြောက်ခဲ့။ နကမ္ပတိ တည်ကြည်သော စိတ်ဖြင့်သာ နေထိုင်ရှင်သန်ခဲ့သူ ဖြစ်သည်။ သူ အလေးဂရုပြုရာ၊ သူမြတ်နိုးရာ အမျိုးဘာသာ သာသနာအတွက် မြှုပ်နှံဆောင်ရွက်ခဲ့သူဖြစ်သည်။ မည်သို့ဆိုစေ ဆရာတော်၏ မျှော်လင့်ချက်တို့က သည်မျှဖြင့်တော့ နိဂုံးမချုပ်တန်ရာ၊ နိဋ္ဌိမတံ တန်ရာဟု သူ ယုံကြည်နေမိပြန်သည်။ နောက်တကြိမ် …. ဟုတ်သည် ….. အနည်းဆုံး နောက်တကြိမ်တော့ ဆရာတော်သည် သူ့ယုံကြည်ချက်တို့ကို သူ အကောင်အထည်ဖော်ခွင့် ရနိုင်ပါလိမ့်ဦးမည် …. ဆရာတော် ထာဝစဉ် လိုလားခဲ့သော ပြည်သစ်ကိုတည်၍ ကျီသစ်ကို ဆောက်နိုင်ပါလိမ့်မည်။ ထိုသောအခါတွင် …. သူ့ပြည်သူ့ရွာသည် အထွေထွေ အထူးထူးသော ပန်းပေါင်းတရာတို့၏ ရနံ့ဖြင့် မွှေးကြိုင် သင်းပျံ့နေပါလိမ့်မည် ။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဘီလူးကျွန်းတဝိုက် အစိမ်းရောင်အလံများ စိုက်ထူ



ရေကြီးမည်ဆိုသော ကောလာဟလကြောင့် လူအများ အထိတ်တလန့် ဖြစ်ခဲ့သည့် မွန်ပြည်နယ် ဘီလူးကျွန်းနှင့် မော်လမြိုင်တွင် အာဏာပိုင်များက ယခုအခါ အစိမ်းရောင် အလံများ လွှင့်တင်ထားကြသည်။

မဇ္ဈိမသတင်းဌာန
စနေနေ့၊ ဇွန်လ 21 2008 15:56 - မြန်မာစံတော်ချိန်

မော်လမြိုင်။ ။ ရေကြီးမည်ဆိုသော ကောလာဟလကြောင့် လူအများ အထိတ်တလန့် ဖြစ်ခဲ့သည့် မွန်ပြည်နယ် ဘီလူးကျွန်းနှင့် မော်လမြိုင် တွင် အာဏာပိုင်များက ယခုအခါ အစိမ်းရောင် အလံများ လွှင့်တင်ထားကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဘုန်းတော်ကြီးတပါးက နမိတ်ဖတ် ပြောသည်ဆိုကာ မွန်ပြည်နယ် ဘီလူးကျွန်းတဝိုက် တောင်ပေါ် ဒေသများနှင့် ရေနှင့် ဝေးမည့် နေရာသို့ ပြောင်းရွှေ့မှုများ ရှိခဲ့သည်။ ထိုမှ အာဏာပိုင်များက မယက၊ ရယကရုံးနှင့် လူစည်ကားသော နေရာများတွင် ရေကြောင်းဆိုင်ရာ အန္တရာယ် ကင်းရှင်းခြင်း အမှတ်အသား အစိမ်းရောင် အလံများ စိုက်ထူလာခြင်း ဖြစ်သည်။

“ဘုန်းကြီးဟောတဲ့ အချက်အလက်ရှိနေ၊ ၁၅ ရက်နေ့မှာ မိုးလေဝသနဲ့ ဇလဗေဒ ရဲ့ ကြေညာချက်ထွက် ဆိုတော့ သူတို့ ကြောက်ကြတာပေါ့” ဟု ခိုလှုံခွင့်ပေးခဲ့သူ မော်လမြိုင်မြို့ တောင်ပိုင်းရပ် ဆရာတော်က မိန့်ကြားတော်မူသည်၊

ဇွန် ၁၇ ရက်နေ့တွင် နေရပ်သို့ ပြန်သွားခဲ့ကြပြီ ဖြစ်သော ထွက်ပြေးလာသည့် မိသားစုမှ အမျိုးသမီးက ပြောရာတွင် “ဘီလူးကျွန်း မရမ်းမှာဆို ရွာလုံးကျွတ် ပြောင်းသွားကြတာ၊ အိမ်မှာစောင့်ဖို့ ယောက်ျား တယောက်ပဲ ထားခဲ့တယ်” ဟု ပြောသည်။

“မိုးဇလက တနာရီ မိုင် ၄၅-၅ဝ ရှိတယ် ပြောပေမယ့် ဧရာဝတီတိုင်းတုံးကလည်း ဒီလိုပဲ ကြေငြာတာ၊ နာဂစ်ုမုန်တိုင်း ဗီစီဒီတွေကတဆင့် လူတွေ သေကြတာ မြင်တော့ စိတ်မကောင်းဘူ၊ ကိုယ်လဲ ဒီလိုပဲ ဖြစ်မှာဆိုပြီး ကြောက်ကြတာပေါ့” သူမက ဆက်ပြောသည်။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နအဖ ဝန်ကြီးအဖွဲ့အတွင်း ရာထူး အပြောင်းအလဲ လုပ်

နေသွင်
သောကြာနေ့၊ ဇွန်လ 20 2008 18:19 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ မြန်မာစစ်အစိုးရအတွင်း ရာထူး အပြောင်းအလဲများ စတင် ပြုလုပ်နေပြီ ဖြစ်ရာ စတင်သိရှိရသော အပြောင်းအလဲမှာ ရေတပ် ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး စိုးသိန်းကို စက်မှု ၂ ဝန်ကြီးအဖြစ် ခန့်အပ်လိုက်ပြီး၊ စက်မှု (၂) ဝန်ကြီး ဗိုလ်ချုပ် စောလွင်ကို လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနသို့ ပြောင်းလဲ ခန့်အပ်လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရေတပ်ဦးစီးချုပ်ကို ဝန်ကြီးအဖြစ် ပြောင်းလဲ ခန့်အပ်ခြင်းသည် စစ်အစိုးရလက်ထက် အပြောင်းအလဲများတွင် ပထမဆုံး ဖြစ်လာသည်။ ယခင်က လဝက ကို ဗိုလ်ချုပ် မောင်မောင်ဆွေက လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ဝန်ကြီးဌာနနှင့် တွဲကိုင်ခဲ့သည်။

နအဖ စစ်အစိုးရအဖွဲ့အတွင်း ယနေ့ ထွက်ပေါ်လာသော ရာထူး အပြောင်းအလဲ ကိစ္စသည် ထူးခြားမှု ရှိသည်ဟု မြန်မာ့စစ်ရေး အကဲခတ်များက သုံးသပ်သည်။

လေမုန်တိုင်း ကျရောက်စဉ်က ရေတပ် အထိနာသွားသဖြင့် ရေတပ်ဦးစီးချုပ်ကို ဟန်ပြ အပြစ်ပေးသည့် သဘောမျိုး ဖြစ်နိုင်သည်ဟုလည်း သူက တွက်ဆသည်။

နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က ရန်ကုန်မြစ်ဝနှင့် ဟိုင်းကြီးကျွန်း အနီးတွင် တပ်ချထားသော ရေတပ် အထိနာခဲ့သည်ဟု သတင်းများ ထွက်ပေါ် ခဲ့သည်။

ထိုင်းနိုင်ငံရှိ စစ်ဘက်ရေးရာ ကျွမ်းကျင်သူ ဦးဝင်းမင်းက “ဗိုလ်ချုပ်မောင်အေး ယောက်ဖ ရာထူးတခု ပြုတ်သွားတာတော့ ထူးခြားတယ်” ဟု ပြောသည်။ စစ်အစိုးရ အဖွဲ့အတွင်း ဗိုလ်ချုပ်မောင်အေး၏ အာဏာ လျော့ကျနေသည့် သဘော ဖြစ်သည်ဟု သူက သုံးသပ်သည်။ သို့သော် ထိုသို့ ဟုတ်မဟုတ် စောင့်ကြည့်ရပေမည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းဝန်ကြီးချုပ် ရာထူးမှ နှုတ်ထွက်ရန် ဆန္ဒပြတောင်းဆို

အစိုးရရုံးရှေ့ ဆန္ဒပြသူများနှင့် ရဲများအကြား ရုံးရင်းဆန်ခတ် ဖြတ်ပွားနေပုံ (ဇွန်လ ၂၀၊ ၂၀၀၈)

21 June 2008

ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ဒရာဝေ ရာထူးကနေ နှုတ်ထွက်ပေးဖို့ တောင်းဆိုတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ ၀န်ကြီးချုပ်ရုံး အပြင်ဖက်မှာ စခန်းချနေကြပါတယ်။

သောကြာနေ့ကတော့ အစပိုင်းမှာ ရဲတွေနဲ့ ဆန္ဒပြသူတွေအကြား ရုန်းရင်းဆံခတ် ရှိခဲ့ပေမယ့် နောက်ပိုင်း ၀န်ကြီးချုပ်ရုံးရှေ့ဂိတ်ကို လူအုပ်ကြီး ရောက်လာတဲ့နောက် ရဲဖက်က တင်းတင်းမာမာ ကိုင်တွယ် ဆောင်ရွက်တာမရှိပါဘူး။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆန္ဒပြသူတွေဟာ အစိုးရဆန့်ကျင်ရေး မိန့်ခွန်းတွေ ပြောဆိုကြပြီး၊ အလံတွေကို ဝှေ့ရမ်း သီချင်းတွေကို သီဆိုကြပါတယ်။

ဝန်ကြီးချုပ် ရာထူးကနေ ဆင်းမယ့်အချိန်အထိကို ၀န်ကြီးချုပ်ရုံးရှေ့မှာ ဆန္ဒပြသွားမယ်လို့ ဆန္ဒပြသူတွေက ပြောနေပါတယ်။

PAD ဒီမိုကရေစီပြည်သူ့မဟာမိတ်အဖွဲ့ဝင်တွေဟာ အခုလို ၀န်ကြီးချုပ် ဆမတ် နှုတ်ထွက်ပေးဖို့ ဘန်ကောက်မြို့ လမ်းတွေပေါ်မှာ စုရုံး ဆန္ဒပြခဲ့ကြတာ လွန်ခဲ့တဲ့ သုံးပတ်ကတည်းကပါ။

ဝန်ကြီးချုပ် ဆမတ် အစိုးရအဖွဲ့ဟာ လွန်ခဲ့တဲ့ ၂ နှစ်က ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့ ၀န်ကြီးချုပ်ဟောင်း သက်ဆင် ရှင်န၀ပ်ရဲ့ ရုပ်သေးအစိုးရသာ ဖြစ်တယ်လို့ PAD က စွပ်စွဲထားပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်များနေ့မှာ မြန်မာအစိုးရကို အမေရိကန်သမ္မတ ကတော်က ဝေဖန်

21 June 2008

မနေ့က ကမ္ဘာတ၀ှမ်း ကမ္ဘာ့ဒုက္ခသည်နေ့ အခမ်အနား ကျင်းပခဲ့ကြပါတယ်။ ဒုက္ခသည်များနဲ့ လူဝင်မှုဆိုင်ရာ အမေရိကန် ကော်မတီက ကမ္ဘာတ၀ှမ်း ဒုက္ခသည်ပေါင်း ၁၄ သန်းထက်မနဲ ရှိတယ်လို့ ကြာသပတေးနေ့က ပြောဆိုပြီး ဒါဇင်နဲ့ချီ နိုင်ငံတွေမှာ သူတို့ဟာ မတရားပြုကျင့်ခံရပြီး အကူအညီ မရကြဘူးလို့ ပြောပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၀၀၃ ခုနှစ်မှာ အမေရိကန်ဦးဆောင်တဲ့ ၀င်ရောက်တိုက်ခိုက်မှုနောက်ပိုင်း အီရတ်ကနေ လူ ၂ သန်းလောက် ထွက်ပြေးခဲ့တယ်လို့ အစီရင်ခံစာက ဖော်ပြပါတယ်။ အီရတ်ဒုက္ခသည် အများအပြားဟာ ဂျော်ဒန်နဲ့ ဆီးရီးယား နိုင်ငံတွေမှာ အခြေချခဲ့ကြပေမယ့် တရားဝင် အလုပ်လုပ်ကိုင်ခွင့်မရကြဘူးလို့ အစီရင်ခံစာက ဆိုပါတယ်။ မနေ့က အိမ်ဖြူအခမ်းအနားမှာ သမ္မတကတော် လော်ရာဘုရှ်က အီရတ်နဲ့ အာဖဂန်နစ်စတန်မှာ နေထိုင်တဲ့ မိသားစု အများအပြားဟာ ခြိမ်းခြောက်မှု ခံနေရတုန်းပဲလို့ ပြောပါတယ်။

မြန်မာနိုင်ငံက တိုင်းရင်းသား လူမျိုးစုတွေကို ဒုက္ခသည်စခန်းတွေဆီရောက်အောင် ဖိနှိပ်ချုပ်ချယ်တဲ့ မြန်မာစစ်အစိုးရက တွန်းထုတ်ခဲ့တယ်လို့ သမ္မတကတော်က ဆက်လက်ပြောကြားပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေး အကူအညီ ပို့ဆောင်ရေး ရံပုံငွေ ပြတ်လပ်တော့မည်


20 June 2008


မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထုအတွက် စားနပ်ရိက္ခာတွေ အဓိကထောက်ပံ့နေပြီး သယ်ယူပို့ဆောင်ရေး အတွက်လည်း အဓိက တာဝန်ယူဆောင်ရွက်နေတဲ့ WFP ကုလသမဂ္ဂစားနပ်ရိက္ခာအဖွဲ့ဟာ သယ်ယူပို့ဆောင်ရေး ကဏ္ဍအတွက် ရန်ပုံငွေ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရပါပြီ။ သယ်ယူပို့ဆောင်ရေးအတွက် WFP ကလိုအပ်တဲ့ ရန်ပုံငွေ စုစုပေါင်းရဲ့ တ၀က်ကျော်ကိုပဲ ခုချိန်ထိ ရထားသေးတာကြောင့် ရန်ပုံငွေအရေးပေါ်လိုအပ်နေတဲ့အကြောင်း WFP က ဒီကနေ့ထုတ်ပြန်ထားပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရောက်၊ ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက ဆက်ပြောပြပါမယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံက မုန်တိုင်းဒဏ်သင့်လူထု ၂ ဒဿမ ၄ သန်းတို့အတွက် ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ အကူအညီပေး အဖွဲ့အစည်း ၅၀ လောက်တို့ရဲ့ အဓိကကျတဲ့ သယ်ယူပို့ဆောင်ရေးဟာ ရဟတ်ယာဉ်တွေပေါ်မှာ မှီခိုနေရပါတယ်။ အခုတော့ ဒီရဟတ်ယာဉ်တွေအတွက်အပါအ၀င် သယ်ယူပို့ဆောင်ရေးကဏ္ဍအတွက် ရန်ပုံငွေတွေပြတ်လပ်နေတာကြောင့် ရန်ပုံငွေ အရေးပေါ်လိုအပ်နေတဲ့အကြောင်း WFP ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒီနေ့အချိန်ထိဆိုရင် စုစုပေါင်းလိုအပ်တဲ့ ရန်ပုံငွေ အမေရိကန်ဒေါ်လာ သန်း ၅၀ ရဲ့ တ၀က်ကျော်လောက်ကိုပဲ ရသေးတယ်လို့ ဆိုပါတယ်။ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး မစ္စတာ ခရစ္စ ကေး (Chris Kaye) က -

"ဒီနေ့ထိဆိုရင် ခန့်မှန်းခြေ ရန်ပုံငွေ အမေရိကန်ဒေါ်လာ ၂၃ ဒဿမ ၅ သန်း လိုအပ်နေပါတယ်။"


ရထားပြီးသား ရန်ပုံငွေတွေထဲက အများစုဟာလည်း ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသက မုန်တိုင်းဒဏ်အပြင်းအထန်ခံခဲ့ရတဲ့ ဝေးလံ ခေါင်သီတဲ့နေရာတွေကို အရေးပေါ်လိုအပ်တဲ့ ပစ္စည်းတွေပေးပို့ရာမှာ အသုံးပြုဖို့ လှေအမျိုးမျိုးအတွက် အသုံးပြုခဲ့ရပြီးပါပြီ။

လက်ရှိလိုအပ်နေတဲ့ ရန်ပုံငွေပမာဏဟာ ရဟတ်ယာဉ်တွေအတွက် သက်သက်မဟုတ်ဘဲ သယ်ယူပို့ဆောင်ရေး ကဏ္ဍတခုလုံး အတွက် ဖြစ်ပါတယ်လို့ ခရစ္စကေးက ပြောပါတယ်။ ဒီထဲမှာ ထိုင်းနိုင်ငံ ဒွန်မောင်းလေဆိပ်ကနေ မြန်မာနိုင်ငံ ရန်ကုန်မြို့ကို စားနပ် ရိက္ခာတွေနဲ့ အကူအညီပစ္စည်းတွေ လူးလာခေါက်တုန့်သယ်ဆောင်နေတဲ့ လေယာဉ်တွေအတွက် စရိတ်လည်းပါဝင်ပါတယ်။ ရဟတ်ယာဉ်တွေဟာ အဓိကကျပေမယ့် တခြား သယ်ယူပို့ဆောင်ရေး ရေယာဉ်တွေလည်း ပါဝင်ပါတယ်လို့ ခရစ္စကေးက ပြောပြပါတယ်။

"ကျနော်တို့မှာ မြစ်တွင်းသွားလှေမျိုးစုံရှိပါတယ်။ ဒီယာဉ်တွေအကုန်လုံးဟာ လူသားဘေးဒုက္ခ ကူညီကယ်ဆယ်ရေးပစ္စည်း မက်ထရစ်တန် ၄၀၀၀ လောက်ကို သယ်ယူနိုင်တဲ့စွမ်းအင်ရှိကြပါတယ်။ ဒါဟာ မြစ်ဝကျွန်းပေါ်ဒေသမှာ အရေးကြီးတယ် ဆိုတာ ထင်ရှားပါတယ်။ ဒီ သယ်ယူပို့ဆောင်နိုင်စွမ်းအားကို လပေါင်းအတော်ကြာတဲ့ထိ ကျနော်တို့ ဆက်ထိန်းထားနိုင်ဖို့ လိုပါတယ်။"


ရဟတ်ယာဉ်တွေဟာ အဆိုးရွားဆုံးထိခိုက်ပျက်စီးခဲ့ရတဲ့ ဒေသတွေမှာ နေထိုင်သူတွေဆီ ကူညီကယ်ဆယ်ရေးပစ္စည်း ပိုပြီးတော့ များများ ပေးပို့နိုင်စွမ်းရှိပါတယ်။ ပြီးခဲ့တဲ့သီတင်းပတ်အတွင်း ရဟတ်ယာဉ်တွေဟာ အပြင်းအထန် အလုပ်လုပ်ခဲ့ကြရတယ်လို့ ခရစ္စ ကေးကဆိုပါတယ်။ လုပ်ငန်းတွေထဲမှာ အကူအညီပစ္စည်းတွေ ပေးပို့တာသာမက ကုလသမဂ္ဂ၊ ASEAN နဲ့ မြန်မာအစိုးရတို့ ပူးတွဲလုပ်ဆောင်နေတဲ့ အပျက်အစီးနဲ့လိုအပ်ချက် တိုင်းတာစစ်ဆေးမှုကို ကူညီတာလည်းပါပါတယ်။

ဒါ့ကြောင့်လည်း ရန်ပုံငွေတွေ အမြန်ဆုံး ထည့်ဝင်လှူဒါန်းကြဖို့ WFP က မေတ္တာရပ်ခံချက် ထုတ်ပြန်ထားပါတယ်။ တကယ်က တော့ WFP အနေနဲ့ ရင်ဆိုင်နေရတဲ့ပြဿနာတွေထဲမှာ သယ်ယူပို့ဆောင်ရေးကဏ္ဍတခုထဲ သက်သက်မဟုတ်ပါဘူး။ ဒုက္ခသည်တွေကို ထောက်ပံ့နေတဲ့ ဆန်အကူအညီဟာလည်း ပြတ်လပ်မယ့်အရေး ရင်ဆိုင်နေရတာပါ။ ဒါနဲ့ပတ်သက်ပြီး ခရစ္စ ကေးက "လက်ရှိအချိန်မှာ ဒီကိစ္စနဲ့ပတ်သက်ပြီး ပြဿနာကြီး ရင်ဆိုင်နေရပါတယ်။ ဇူလိုင်လလယ်ထိတော့ ဆန်အလုံအလောက် ဖြန့်ဖြူး ပေးနိုင်စွမ်းရှိပါတယ်။ ဒါပေမယ့် အဲဒီနောက်ပိုင်းကျရင်တော့ စားနပ်ရိက္ခာထောက်ပံ့မှု ပြတ်လပ်တာနဲ့ ရင်ဆိုင်ရပါမယ်။ ဒါဟာ လက်ရှိအချိန်မှာ အင်မတန်ကြီးမားတဲ့ စိုးရိမ်ဖွယ်ကိစ္စပါ။" လို့ WFP ရဲ့ မြန်မာနိုင်ငံဆိုင်ရာ ညွှန်ကြားရေးမှူး ခရစ္စ ကေးက ပြောပါတယ်။

လက်ရှိမှာတော့ မြန်မာအာဏာပိုင်တွေက WFP ကို ပြည်ပကနေ ဆန်တင်သွင်းခွင့်ပြုထားပြီးပါပြီ။ ဒါပေမယ့် ဒီနေရာမှာလည်း ဆန်ဝယ်ရဖို့နဲ့ မြန်မာနိုင်ငံဆီ အချိန်မီ ပို့နိုင်ရေးဟာ ပြဿနာဖြစ်နေရသေးကြောင်းပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုကို စစ်လက်နက်သဖွယ် သုံးနေကြပြီလော

20 June 2008

လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေး လက်နက် တခုသဖွယ် ပြုနေတယ်လို့ ဆိုပြီး ဒီလို အကြမ်းဖက်မှုတွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ကြာသပတေးနေ့က အစည်းအဝေး တက်ရောက်လာကြတဲ့ နိုင်ငံပေါင်း ၆၀ ကျော်က ရှုတ်ချလိုက်ပါတယ်။ ဒီလအတွက် လုံခြုံရေးကောင်စီ အလှည့်ကျ သဘာပတိနေရာကို အမေရိကန် ပြည်ထောင်စုက ယူထားတာဖြစ်သလို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က လုံခြုံရေး ကောင်စီမှာပြုလုပ်တဲ့ ဒီအစည်းအဝေးအတွင်း သဘာပတိအဖြစ် ဆောင်ရွက်ခဲ့ပါတယ်။ ဒီအစည်းအဝေးနဲ့ပတ်သက်လို့ ကုလသမဂ္ဂဌာနချုပ်ရှိရာ နယူးယောက်မြို့ကနေ ဗွီအိုအေ သတင်းထောက် Margaret Besheer သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အခုလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေး လက်နက်တခုသဖွယ် အသုံးပြုနေတာနဲ့ ပတ်သက်လို့ လုံခြုံရေးကောင်စီမှာ ဆွေးနွေးသင့်တဲ့ အကြောင်းအရာ ဟုတ်မဟုတ် နှစ်နဲ့ချီ အငြင်းပွားခဲ့ကြရတယ်လို့ နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် က ဆိုပါတယ်။

"လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုကိစ္စဟာ လုံခြုံရေးအရ အမှန်တကယ် စိုးရိမ်စရာ ဖြစ်တယ်ဆိုတာကို ကုလသမဂ္ဂက အခု အသိအမှတ် ပြုလာပါပြီ။ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုဟာ အမျိုးသမီးတွေရဲ့ ကျန်းမာရေးနဲ့ လုံခြုံမှုကိုပဲ ထိခိုက်တာမဟုတ်ပါဘူး။ နိုင်ငံတခုရဲ့ စီးပွားရေးနဲ့ လူမှုရေး မတည်ငြိမ်မှုတွေကို ဖြစ်စေပါတယ်။"

တရက်ကြာ အခြေအတင် ဆွေးနွေးမှု အပြီးမှာတော့ လက်နက်ကိုင် ပဋိပက္ခတွေအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရာ အကြမ်းဖက်မှုတွေကို အဆုံးသတ်ဖို့ ဆုံးဖြတ်ချက်တရပ်ကိုလည်း ချမှတ်နိုင်ခဲ့ပါတယ်။

"အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေနဲ့ပတ်သက်လို့ အများသိအောင် ကြိုးပမ်းတဲ့ လုပ်ငန်းစဉ်တရပ်ကို ဒီ ဆုံးဖြတ်ချက်ထဲမှာ ချမှတ်ခဲ့ကြပါတယ်။ အထူးသဖြင့် - ဒီ ဆုံးဖြတ်ချက်ကနေ လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေးလက်နက်သဖွယ် အသုံးပြုနေတာနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဖို့နဲ့ ရရှိလာတဲ့ အချက်အလက်တွေကို လုံခြုံရေးကောင်စီမှာ ပုံမှန် တင်ပြသွားနိုင်တဲ့ လုပ်ငန်းစဉ်တရပ် ချမှတ်နိုင်ရေး ပြင်ဆင်ဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကိုလည်း တောင်းဆိုထားပါတယ်။"

ကွန်ဂို သမ္မတ နိုင်ငံနဲ့ ဆူဒန်နိုင်ငံတွေလို ပဋိပက္ခဖြစ်နေတဲ့ဒေသတွေမှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအရ အကြမ်းဖက်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ရှိနေတာနဲ့ပတ်သက်လို့ စိုးရိမ်မကင်း ဖြစ်တဲ့အကြောင်းလည်း နိုင်ငံခြားရေး ၀န်ကြီး ရိုက်စ်က ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ကုလသမဂ္ဂရဲ့ ငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေနဲ့ နောက် လစ်ဗျားနိုင်ငံမှာ ရောက်ရှိနေတဲ့ ကုလသမဂ္ဂ ၀န်ထမ်းတချို့ကလည်း အမျိုးသမီးတွေကို ခေါင်းပုံဖြတ် အသုံးချမှုတွေ လုပ်နေတယ် ဆိုတဲ့ အစီရင်ခံစာတွေ ရှိတဲ့အကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။

ကုလသမဂ္ဂအနေနဲ့ ဒီလို ပြဿနာတွေကို ဖြေရှင်းဖို့ ကြိုးစားဆောင်ရွက်နေပြီး သူ့ ၀န်ထမ်းတွေအနေနဲ့ ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာအရ ခေါင်းပုံဖြတ်အသုံးချတာကို လုံးဝ သည်းခံမှာမဟုတ်တဲ့အကြောင်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အစည်းအဝေးမှာ ပြောကြားသွားခဲ့ပါတယ်။

ပဋိပက္ခတွေကနေ လွန်မြောက်ပြီး ပြန်လည် တည်ဆောက်ရေးအတွက် ကြိုးပမ်းနေကြတဲ့ တချို့ လူ့အဖွဲ့အစည်းတွေမှာ ဆိုရင်လည်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ဆိုးဆိုးရွားရွား အခြေအနေမှာ ရှိနေသေးသလို ဒီကိစ္စကို ထိပ်ဆုံးကထားပြီး ဖြေရှင်းဖို့ လိုအပ်တဲ့အကြောင်းလည်း အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ဆက်ပြောသွားခဲ့ပါတယ်။

ဘောစနီးယား၊ ရ၀မ်ဒါ၊ ကမ်ဘောဒီးယား၊ ဟိတ်တီ၊ လစ်ဗျား နဲ့ ယူဂန်ဒါ စတဲ့ ကမ္ဘာတ၀ှမ်းက လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပွားရာ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် လိမ်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ရှိနေတာနဲ့ပတ်သက်လို့ မှတ်တမ်းတွေ ရှိပါတယ်။ အကြမ်းဖက်ခံရတဲ့ အမျိုးသမီးတွေဟာ သူတို့ရဲ့ မိသားစု၊ ဒါမှမဟုတ် လူ့အဖွဲ့အစည်းရဲ့ စွန့်ပယ်မှု ခံရတာတွေရှိသလို တချို့ကလည်း အိပ်ခ်ျအိုင်ဗွီ အိပ်စ် ရောဂါ ကူးစက်တာ ခံရသူတွေလည်း ရှိပါတယ်။

စစ်ပွဲဖြစ်ပွားတဲ့ ကာလတွေအတွင်းမှာ အမျိုးသမီးတွေဟာ အတင်းအဓမ္မ ပြုကျင့်ခံရတာတွေအပြင် အတင်းအကျပ် ပြည့်တန်ဆာအဖြစ် စေခိုင်းခံရတာ၊ နောက် စားဝတ်နေရေး အတွက် သူတို့ရဲ့ ခန္ဓာကိုယ်ကို ပေးဆပ်ရတာ စတာတွေနဲ့ ကြုံတွေ့ရလေ့သလို တချို့ အမျိုးသမီးငယ်တွေဆိုရင် ကလေးစစ်သားအဖြစ် အတင်းအဓမ္မ စုဆောင်းတာတွေလည်း ခံရလေ့ ရှိပါတယ်။

ဒီလို လက်နက်ကိုင် ပဋိပက္ခတွေအကြား အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို စစ်ရေးလက်နက်သဖွယ် အသုံးပြုနေတာတွေဟာ စစ်အစိုးရအုပ်ချုပ်တဲ့ မြန်မာနိုင်ငံမှာလည်း ရှိနေတယ်လို့ WLB အမျိုးသမီးများ အဖွဲ့ချုပ် (မြန်မာနိုင်ငံ) ရဲ့ သဘာပတိ အဖွဲ့ဝင်တယောက်လည်းဖြစ်၊ ပလောင်အမျိုးသမီးသမဂ္ဂ ကို ထူထောင်ခဲ့သူဖြစ်တဲ့ မလွေအေးနန်းက အခုလို ပြောပြပါတယ်။

"စစ်ပွဲတွေ ဖြစ်တဲ့နေရာမှာ၊ တိုက်ပွဲတွေ ဖြစ်တဲ့နေရာမှာ ကြည့်မယ်ဆိုလို့ရှိရင် ဥပမာ ကရင်ဒေသမှာ ရှိတဲ့ဟာတွေ၊ နောက်ပြီး ရှမ်းပြည်မှာ ဖြစ်နေတဲ့ဟာတွေ ရှိတယ်။ တိုင်းရင်းသူ အမျိုးသမီးတွေ အကုန်လုံး ခံနေရတာတွေ ရှိတယ်။ ဥပမာ ပြောမယ်ဆိုလို့ရှိရင် စစ်ပွဲထဲမှာ ဖြစ်နေတဲ့ဟာက အမျိုးသမီးတွေက စစ်ကြောင်းတကြောင်းက ၀င်လာပြီဆိုရင် တိုက်ပွဲတွေ ဖြစ်လာပြီဆိုလို့ရှိရင် အဲဒီမှာ ရှိနေတဲ့ အမျိုးသားတွေက အကုန်လုံး ထွက်ပြေးသွားတာမျိုးတွေ ရှိနေတယ်။ နောက်ပြီးတော့ ပေါ်တာဆွဲခံရလို့ ထွက်ပြေးရတဲ့ အမျိုးသားတွေ ရှိတယ်။ နောက်ဆုံး ကျန်တာက အဲဒီရွာထဲမှာ အမျိုးသားတွေ လိုက်ရှာမရလို့ အချိန်မှာ အမျိုးသမီးတွေက ဓါးစားခံ ဖြစ်လာတာပေါ့နော်။ အဲဒီမှာရှိတဲ့ အမျိုးသမီးတွေက အစုလိုက်အပြုံလိုက်လိုမျိုးပေါ့နော်။ မုဒိမ်းကျင့် ခံရတဲ့ဟာမျိုးတွေ ဖြစ်လာတာပေါ့နော်။ အဲဒါတွေကလည်း စစ်လက်နက်တခုအနေနဲ့ပေါ့နော် အဲဒီမှာရှိနေတဲ့ ရွာသားအမျိုးသားတွေကို လိုက်ရှာမတွေ့တော့တာနဲ့ ရန်သူတွေကို လိုက်ရှာမတွေ့တော့တာနဲ့ ကျန်နေခဲ့တဲ့ အမျိုးသမီးငယ်တွေကို၊ မိခင်တွေကို မုဒိန်းကျင့်တာတွေက ဒါတွေဟာ အမျိုးသမီးတွေကို စစ်လက်နက်သဖွယ် အသုံးပြုပြီးတော့ အကြမ်းဖက်နေတာမျိုးတွေ ဖြစ်တာပေါ့။"

ဟုတ်ကဲ့။ မြန်မာစစ်တပ်ဘက်က ကျူးလွန်တာတွေပေါ့နော်။ မြန်မာစစ်အစိုးရကို လက်နက်ကိုင် တော်လှန်နေတဲ့ အဖွဲ့အစည်းတွေဘက်မှာရော ဒီလို အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ မရှိဘူးလားရှင့်။ -

"အဲဒါက ပြောရမယ်ဆိုရင် ကျမတို့ အတွေ့အကြုံရှိတာက ကျမတို့ ပလောင်မှာ Palaung State Liberation Army ဆိုတာ ရှိတယ်။ အခု ပြီးခဲ့တဲ့ ၂၀၀၅ ခုနှစ်တုန်းက အတင်းအဓမ္မ လက်နက်ချ ခံရတဲ့အဖွဲ့ ရှိတာပေါ့နော်။ ဒါကို ကြည့်မယ်ဆိုရင် သူတို့ကလည်း လက်နက်ကိုင်ဖြစ်တာပေါ့နော်။ သူတို့ကြားထဲမှာ ဒီလို ကိစ္စရပ်တွေဖြစ်လားလို့ ကြည့်မယ်ဆိုလို့ရှိရင် ကျမတို့ ဘက်လိုက်ပြီးတော့ ပြောတာမဟုတ်ပါဘူး။ ကိုယ့် ပလောင် မိုလို့ ဘက်လိုက်ပြီး ပြောတာမဟုတ်ဘူး။ ဒါတွေက မရှိနေပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ကျမတို့ ပလောင် လက်နက်ကိုင်အဖွဲ့တွေ ရှိနေတာက ကျမတို့ ပလောင်ပြည်သူလူထုတွေက ဒီစစ်အာဏာရှင်တွေ၊ နအဖ စစ်တပ်ကနေ ထိုးစစ်ဆင်တဲ့နေရာမှာ ဒီမှာရှိတဲ့ ပြည်သူလူထုတွေကို ပလောင်လူထုတွေကို အကြမ်းဖက်နေတာတွေကို မတော်မတရားလုပ်နေတာတွေက ကာကွယ်ဖို့အတွက် ရပ်တည်နေတာဖြစ်တာကြောင့် ကျမတို့လူထုတွေကို ကာကွယ်တာမျိုး ဖြစ်တယ်။ တချို့နေရာဒေသတွေမှာဆိုရင် ကျမတို့ ဒီမှာရှိနေတဲ့ ပလောင်အမျိုးသမီးတွေက မုဒိမ်းကျင့်ခံရတာမျိုးဆိုလို့ရှိရင် သွားပြီးတော့ သူတို့တွေကိုယ်တိုင် လိုက်ပြီးတော့ ဒါတွေကို အကာအကွယ် ပေးနေတဲ့ အဆင့်မျိုးတွေ ရှိတာပေါ့နော်။ သူတို့ကြားထဲမှာ ဒါတွေကလည်း ဖြစ်လို့မရဘူး။ ဖြစ်လည်း မဖြစ်နေဘူး။ ရှိလည်း မရှိနေဘူးပေါ့။"

ပလောင်အမျိုးသမီးသမဂ္ဂက မလွေအေးနန်း ပြောပြခဲ့တာဖြစ်ပါတယ်။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

63rd Birthday of Amay Su rememberance 2

အပြည့်အစုံဖတ်လိုလျှင်

63rd Birthday of Amay Su rememberance 1

အပြည့်အစုံဖတ်လိုလျှင်