စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

ရေဘေးစိုးရိမ်ပြီး ပြောင်းရွှေ့မှုများဖြစ်


မော်လမြိုင်မြို့ အရှေ့ပိုင်း ရထားဘူတာအနီး မြေနိမ့်ပိုင်း တနေရာ

NEJ/ ၁၇ ဇွန် ၂၀၀၈

မော်လမြိုင်မြို့ အရှေ့ပိုင်း ရထားဘူတာအနီး မြေနိမ့်ပိုင်း တနေရာ
မုန်တိုင်းဝင်ရောက်ပြီး ရေကြီးမည်ဆိုသည့် သတင်းများကြောင့် မွန်ပြည်နယ်၊ မော်လမြိုင်၊ ချောင်းဆုံ၊ ပေါင်မြို့နယ်နှင့် ကျေးရွာအချို့တို့မှ ပြည်သူများသည် နီးစပ်ရာသို့ ရွှေ့ပြောင်း နေထိုင်ကြကြောင်း ဒေသခံများထံမှ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မော်လမြိုင်မြို့ခံတဦးက “မုန်တိုင်းဝင်မယ်၊ ရေကြီးမယ်ဆိုတဲ့သတင်းဖြစ်နေတာကြာပြီ၊ ဇွန်လ (၈) ရက်နေ့ကတည်းက ဖြစ်နေတာ။ မိုးကလည်း ဆက်တိုက်ရွာနေတော့ ချောင်းဆုံ၊ ဘီလူးကျွန်းဘက် ပင်လယ်ကမ်းစပ်ကျေးရွာက လူတွေ အတွင်းပိုင်းရွာတွေကို ရွှေ့လာတာရှိတယ်။ တချို့ မော်လမြိုင် ဘက် ကူးလာကြတယ်။ ဘုန်းကြီးကျောင်းတွေ၊ နီးစပ်ရာ မိတ်ဆွေအိမ်တွေမှာ တည်းခိုနေကြတယ်” ဟု ပြောသည်။

မော်လမြိုင်မြို့ ၀င်းစိန်တောရဆရာတော်က လာမည့် ဇွန် (၁၆) ရက်၌ မုန်တိုင်းတိုက်ပြီး ရေကြီး မည်ဟု မိန့်ကြားရာမှ ယခုကဲ့သို့ သတင်းများထွက်ပေါ်လာခြင်းဖြစ်ကြောင်း၊ ယင်းမတိုင်ခင် ကလည်း ပြည်သူများသည် ဧရာဝတီတိုင်း ရေဘေးသတင်းကို ကြားသိပြီး ကြောက်ရွံ့နေကြ ကြောင်း အဆိုပါမြို့ခံက ပြောသည်။

လေတိုက်ပြီး မိုးသည်းထန်လာပါက အနိမ့်ပိုင်း ဒိုင်းဝန်ကွင်း ရပ်ကွက်ဘက်မှ ပြည်သူများ ကျိုက် သံလံ စေတီရှိရာ တောင်ရိုးတန်းပေါ်မှ ဘုန်းတော်ကြီးကျောင်းများတွင် ညသွားအိပ်ကြကြောင်း၊ ရေဘေးသတင်းကြောင့် ယခုတပတ်အတွင်း မော်လမြိုင်တမြို့လုံး စည်ကားခြင်းမရှိဘဲ လိုင်းကား စီးသူ နည်းသွားသကဲ့သို့ အနီးအနား ကျေးရွာမှ လူများ အလာကျဲသွားသောကြောင့် ဈေးများ ခြောက်ကပ်နေကြောင်း မြို့ခံများကပြောသည်။

မော်လမြိုင် တဖက်ကမ်း ကျုံဝမ်းကျေးရွာဘက်မှ လူများကမူ ရေဘေးဖြစ်လာပါက အလွယ်တကူ ပြေးလွှားနိုင်ရန် တန်ဖိုးရှိပစ္စည်းများကို အိမ်တိုင်းတွင် ထုပ်ပိုးထားကြကြောင်း၊ ပြီးခဲ့သည့် စနေ နေ့၌မူ ပေါင်မြို့နယ် သဲကုန်းရွာတွင် ရေတက်လာပြီဟု သတင်းဖြစ်ကာ ရွာသူရွာသားများသည် မြို့ပေါ်သို့ အုပ်စုလိုက် တက်လာကြကြောင်း၊ ယခင် ရေဘေးခံရဖူးသည့် ပေါင်မြို့နယ် အလှပ် ကျေးရွာ၌လည်း ပြည်သူအများအပြား ကွဲခြံဘုန်းတော်ကြီးကျောင်းသို့ လာရောက်ခိုလှုံကြကြောင်း၊ အမှန်တကယ် ရေမကြီးမှ ပြန်သွားကြကြောင်း သိရသည်။

ရေဘေးဖြစ်မည်ဆိုသည့် ယခုလ (၁၆) ရက်တွင် စာသင်ကျောင်းများ ဖွင့်သော်လည်း မိဘများက ကလေးများကို ကျောင်းသို့မလွှတ်သည့်အတွက် ကျောင်းများတွင် ကျောင်းသူ ကျောင်းသား နည်း ပါးပြီး ဈေးထဲတွင်လည်း အရောင်းအ၀ယ် မရှိသလောက် နည်းကြောင်း၊ သို့သော် ယင်းနေ့တွင် မိုးသည်းထန်စွာ မရွာကြောင်း ကျုံဝမ်းကျေးရွာသားများက ပြောသည်။

ဘင်္ဂလားပင်လယ်အော်တွင် အနောက်တောင်မုတ်သုန်လေ အလွန်အားကောင်းလျက်ရှိပြီး မြန်မာ့ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် မကြာခဏ မိုးသက်လေပြင်းကျ ရောက်ပြီး လေပြင်းကျစဉ် ရေပြင်မြေပြင်လေသည် တနာရီ (၄၅) မိုင်မှ မိုင်(၅၀) ထိတိုက်ခတ်နိုင် ကြောင်း၊ မုတ်သုန်လေအားကောင်းမှုကြောင့် မြန်မာ့ကမ်းရိုးတန်းတလျှောက်တွင် ဇွန် (၁၄) ရက် ညနေမှ နောက် (၇၂) နာရီအတွင်း နေရာအနှံ့အပြား မိုးရွာပြီး မိုးကြီးနိုင်ကြောင်း ဇွန် (၁၄) ရက် မိုးလေ၀သနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ။

Rest of your post


No comments: