စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 17, 2008

မုန်တိုင်းသင့် လပွတ္တာတွင် လေဆင်နှာမောင်း ဝင်တိုက်ပြန်

ဖနိဒါ
အင်္ဂါနေ့၊ ဇွန်လ 17 2008 14:37 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ ဧရာဝတီတိုင်း လပွတ္တာမြို့နယ် ကျေးရွာအချို့တွင် ယမန်နေ့က လေဆင်နှာမောင်းတခု တိုက်ခတ်သွားသဖြင့် နေအိမ်အချို့နှင့် ဒုက္ခသည် စခန်းတခု၌ အပျက်အစီးများ ဖြစ်ပွားခဲ့သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယမန်နေ့ နံနက်ပိုင်းက ဧရာဝတီတိုင်း လပွတ္တာမြို့နယ်ရှိ ကျောက်မော်၊ ကျောက်ဖြူ၊ လေးအိမ်တန်း ကျေးရွာနှင့် ဒုက္ခသည် စခန်းတခုတွင် မွှေနှောက် တိုက်ခတ်သွားသော လေဆင်နှာမောင်းကြောင့် အနည်းဆုံး နေအိမ် ၆ လုံးနှင့် ဒုက္ခသည်စခန်းရှိ တဲအချို့ ပျက်စီးခဲ့ရခြင်း ဖြစ်သည်။

“မနက် ၁ဝ နာရီလောက်မှာ လေတအားတိုက်တယ်။ ညနေပိုင်းမှာ မိုးတအားရွာတယ်။ လေဆင်နှာမောင်းက ဒီကနေ ၄ မိုင်၊ ၅ မိုင်လောက် အကွာက ကျောက်မော်၊ ကျောက်ဖြူဆိုတာ ရှိတယ်လေ။ ကျောက်မော်က အိမ် ၆ လုံး ပါသွားတယ်တဲ့။ လေးအိမ်တန်းက အိမ်တွေ ပျက်တယ်။ ၅ မိုင် ဒုက္ခသည်စခန်း ခေါင်မိုးတွေ လန်သွားတယ်။ တချို့ တဲတွေ လန်သွားတယ်” ဟု လပွတ္တာ ဒေသခံတဦးက ပြောသည်။

ကျောက်မော်သည် အိမ်ခြေ ၅၃၉ ရှိပြီး နာဂစ်မုန်တိုင်း တိုက်ခတ်စဉ်က သေဆုံးသူ ၁၅ ဦးရှိကြောင်း နအဖ စစ်အစိုးရက သတင်းထုတ်ပြန်ခဲ့ သော ကျေးရွာ ဖြစ်သည်ဟု အဆိုပါ ဒေသခံက ဆက်ပြောသည်။

လေဆင်နှာမောင်းငယ်သည် ၁၅ မိနစ်ခန့် အကြာတွင် အားပျော့သွားသည်။

ယမန်နေ့ မွန်းတည့်ချိန်တွင် မိုးလေဝသနှင့် ဇလဗေဒက ကပ္ပလီ ပင်လယ်အော်နှင့် ဘင်္ဂလား ပင်လယ်အော်တွင် မုတ်သုန်လေ အားကောင်း နေပြီး မွန်ပြည်နယ်တွင် နေရာအနှံ့ မိုးကြီးနိုင်သည်ဟု ထုတ်ပြန် ကြေညာခဲ့သည်။

မိုးလေဝသနှင့် ဇလဗေဒမှ တာဝန်ရှိသူတဦးက မြန်မာ့ ကမ်းရိုးတန်းတလျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တွင် မိုးသက်လေပြင်းများ မကြာခဏ ကျရောက်နိုင်ပြီး လှိုင်းကြီးနိုင်ကြောင်းနှင့် မိုးသက်လေပြင်း ကျရောက်စဉ် ရေပြင်မြေပြင်လေသည် တနာရီလျှင် ၄၅ မိုင်မှ မိုင် ၅ဝ အထိ တိုက်ခတ်နိုင်ကြောင်း ပြောသည်။

သူက “မုတ်သုန်လေ အားကောင်းမယ်။ ပယ်လယ် ကမ်းရိုးတန်းတလျှောက် မိုးကြီးမယ်။ မွန်၊ တနင်္သာရီ ကမ်းရိုးတန်းတလျှောက်၊ အထက် မြန်မာပြည်မှာ မိုးကြီးမယ်၊ နေရာအနှံ့အပြား။ ကယား၊ စစ်ကိုင်း၊ မကွေး၊ မန္တလေး၊ ပဲခူး၊ ရခိုင်ပြည်နယ်၊ ရန်ကုန်တိုင်း၊ ဧရာဝတီတိုင်း၊ နေရာ ကွက်ပြီး မိုးကြီးနိုင်တယ်။ ရာခိုင်နှုန်း ၈ဝ ။ နောက်နှစ်ရက်အတွက် မုတ်သုန်လေ အားကောင်းမယ်။ အခုဟာက မုတ်သုန်လေပဲလေ။ မုန်တိုင်းတော့ မဟုတ်ဘူး” ဟု ပြောသည်။

ကမ္ဘာကြီး ပူနွေးလာမှုများ ဖြစ်ပေါ်လာပြီး ကမ္ဘာ့လေ လမ်းကြောင်းများ ပြောင်းလဲမှုကြောင့် ဘင်္ဂလား ပယ်လယ်အော် (Bay of Bengal) အတွင်း ၌ မုန်တိုင်းများ ဖြစ်ပေါ်လာခဲ့ပါက ဧရာဝတီတိုင်းသို့ ထပ်မံ ဝင်ရောက်နိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနနှင့် ADPC (Asian Disaster Preparedness Center) တို့မှ ပညာရှင်များက ဇွန်လ ၅ ရက်နေ့ နေပြည်တော် ပို့ဆောင်ရေး ဝန်ကြီးဌာန အစည်းအဝေး၌ ကျင်းပ သော တတိယအကြိမ် မုန်သုန်ဖိုရမ် ၂ဝဝ၈ ဆွေးနွေးပွဲတွင် သုံးသပ် ပြောကြားခဲ့ကြောင်း ရန်ကုန်အခြေစိုက် The Voice ဂျာနယ်တွင် ယမန်နေ့က ရေးသားဖော်ပြခဲ့သည်။

ယခုလ ၁၆ ရက်မှ ၁၈ ရက်နေ့အတွင်း မြစ်ရေ လျှံတက်နိုင်သည် ဆိုသော ကောလာဟလ သတင်းများ ပေါ်ထွက်နေသဖြင့် ရန်ကုန်တွင် အခြေခံ စားကုန်များဖြစ်သော ဆန်၊ ဆီ၊ ကော်ဖီနှင့် ကုန်ခြောက်အချို့ အနည်းငယ် ဈေးတက်သွားသည်။

မရမ်းကုန်းရှိ ဘုရင့်နောင်ပွဲရုံ ပိုင်ရှင်က “တချို့ ငါးသေတ္တာတွေဆို ပစ္စည်းပြတ်သလောက် ဖြစ်သွားတယ်” ဟု ဆိုသည်။

တာမွေရှိ မင်္ဂလာဈေးမှ ကုန်သည်တဦးကလည်း ဆန်ဈေးနှုန်း အနည်းငယ်သာ တက်သွားပြီး ဝယ်ယူမှုမှာ ထင်သလောက် များပြားခြင်း မရှိကြောင်း ပြောသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ခြင်္သေ့ကြီး မျက်လုံးနီနေပြီ

နေသန်မောင်
တနင်္လာနေ့၊ ဇွန်လ 16 2008 23:28 - မြန်မာစံတော်ချိန်

ဒီကနေ့ ကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သိပံ္ပနည်းကျ ဆောင်ရန်၊ ရှောင်ရန်တွေကို ပညာရှင်တွေက နေ့စဉ်လိုလို စိုးရိမ်တကြီး သတိပေးနေပေမယ့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဘာသာရေးအရ၊ သက်ဝင် ယုံကြည်မှုအရ မြန်မာ အပါအဝင် အာရှတိုက်သား အများစုရဲ့ ရာသီဥတု အပေါ် ယူဆချက်တွေက အများအားဖြင့် တူညီကြပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မီး အကြီးအကျယ်လောင်တာ၊ တောလဲသံကြီးတွေ မြည်ဟီးပြီး မြေငလျှင်တွေ လှုပ်တာ၊ ရေကြီးတာ၊ မုန်တိုင်းဝင်တာ၊ အဲဒါတွေရဲ့ နောက်ဆက် တွဲအဖြစ် အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးတွေ ဆိုက်တာ၊ လူပေါင်း သိန်း၊ သန်းချီ သေကြေပျက်စီးတာတွေဟာ ကောင်းကင်ဘုံရဲ့ နိမိတ်လက္ခာတွေအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။

ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်တာတွေဟာ လူတွေရဲ့ အမှားကြောင့်ဆိုတာ အားလုံး လက်ခံထားကြသလို သဘာဝ ကပ်ဘေးတွေ ရက်ဆက်ဆိုသလို ကြုံတွေ့ရတာ။ မထင်မှတ်တဲ့ အချိန်မှာ ဆိုးဆိုးရွားရွား ကြုံရတာတွေဟာ အုပ်ချုပ်သူတွေရဲ့ ပြည်သူတွေအပေါ် ဓမ္မနဲ့အညီ မအုပ်ချုပ်တာ၊ လူတွေအချင်းချင်း သစ္စာတရား ကင်းမဲ့ပြီး ဒုစရိုက်တွေ ပေါများလာတာ၊ လူ့ကျင့်ဝတ်တွေ ဖောက်ပြားပြီး မောဟ၊ ဒေါသ၊ မာန်မာနတွေ ဖုံးလွှမ်းတာတွေကြောင့် ကောင်းကင်ဘုံကနေ လောကလူသားတွေအပေါ် ပြစ်ဒဏ်ခတ်တာလို့ ဘာသာရေးဆိုင်ရာ တရားတော်တွေအရ ကောက်ချက် ဆွဲကြပါတယ်။

အထူးသဖြင့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ သိန်းနဲ့ချီတဲ့ သံဃာတော်တွေ မိုးထဲလေထဲ ပြည်သူ့ အကျပ်အတည်းတွေအတွက် လမ်းမတွေ ထွက် ကြွချီပြီး မြို့ရွာတွေအနှံ့ မေတ္တာသုတ် ရွတ်ဖတ် သရဇ္ဈယ်တဲ့အပေါ် မြန်မာစစ်အစိုးက လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲပြီး သံဃာတော်တွေကို စာသင်တိုက်တွေကနေ မောင်းထုတ်ခဲ့တာ၊ ဖမ်းဆီး ထောင်ချခဲ့တာတွေအပေါ် ဗုဒ္ဓဘာသာဝင် လူထုဟာ သွေးပျက်ထိတ်လန့်စွာ ကြုံတွေ့ခဲ့ရ ပါတယ်။

ဓမ္မတရားကို ဖောက်ပြန်ပြီး ပြည်ရဲ့ ဦးခေါင်း၊ လက်ရုံးနဲ့ မျက်လုံးတွေ သုတ်သင်ခံရပြီဆိုတဲ့ အချိန်မှာ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်တာကို ခံရတော့မယ်လို့ လူတွေက တထစ်ချ ယုံကြည်ခဲ့ကြပါတယ်။

ဒီလို အခြေအနေတွေ ကြုံရတဲ့အခါမှာ မြန်မာပြည်သူတွေဟာ ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရတဲ့ အတိတ်ကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးပြီး ဒီကနေ့ ရှင်ဘုရင်ရူး ရူးနေတဲ့ သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေအတွက် နေဝင်ချိန်ဟာ ၂ဝဝ၈ မကျော်တော့ဘူးလို့ ခန့်မှန်းလာကြပါတယ်။ အတိတ် တဘောင်တွေ၊ ဗေဒင်ယတြာတွေနဲ့အတူ လူထုဟာ သူတို့နည်း သူတို့ဟန်နဲ့ သစ္စာတရားရဲ့ ထာဝရ မှန်ကန်ခြင်းကို ဆုတ်ကိုင်ကြပါတယ်။

အနီးစပ်ဆုံး ဆွဲယူပြတဲ့ ဥပမာတွေကတော့ မြန်မာလူမျိုးတွေရဲ့ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက် နန်းတွင်းက မင်းညီမင်းသားတွေ အစုလိုက်အပြုံလိုက် သုတ်သင်မှုရဲ့ နောက်ဆက်တွဲ နိုင်ငံအနှံ့ လုံခြုံမှုလျော့ရဲပြီး စီးပွားပျက် ကပ်ဆိုက်မှု၊ အထက်မြန်မာနိုင်ငံအနှံ့ ကျောက်ရောဂါ ကပ် တမဟုတ်ချင်း ပျံ့နှံ့ပြီး သီပေါရဲ့ တဦးတည်းသော သားတော် သေဆုံးခဲ့မှု၊ ပါတော်မမူခင် ကောင်းကင်တခွင်လုံး သွေးတွေ ပက်ကြဲထား သလို နီရဲနေခြင်း၊ မိုးကြိုးပစ်ခြင်း၊ အချိန်အခါမဟုတ် လျပ်ပြက်ကာ လေပြင်းတိုက်ခြင်း စသည့် နိမိတ်များအကြောင်း ပါးစပ်စကားနဲ့တဆင့် သယ်ဆောင်ခဲ့ပါတယ်။

ဒုတိယမြောက် ထင်ရှားတဲ့ ဥပမာကတော့ အာဏာရှင် ဦးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈) နှစ်ပေါင်း ထောင်ချီ တည်တံ့ခဲ့တဲ့ ပုဂံမြေက တန်ခိုးကြီးဘုရားတွေ အများအပြား ၁၉၇၅ ခုနှစ်မှာ ကြီးမားတဲ့ ငလျှင်ဘေးကြောင့် မြေပြင်ပေါ် ပြားပြားဝပ်ခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်အကြာ မန္တလေးမြို့မှာ မီး အကြီးအကျယ် လောင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို ပြည်သူအများစုက နိမိတ်တွေအဖြစ် လက်ခံခဲ့ကြပါတယ်။ ရလဒ် ကတော့ ၁၉၈၈ ခုနှစ်မှာ ကြီးမားတောင့်တင်းပြီး ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ (မဆလ) တပါတီကြီးနဲ့အတူ ဦးနေဝင်း တယောက် တပြည်လုံးရဲ့ ဆန့်ကျင်မှုကြောင့် ရာဇပလ္လင်ပေါ်ကနေ ဆင်းခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် မတ်လမတိုင်မီ ကောင်းကင်တခွင်ဟာ ညအခါမှာ သွေးကဲ့သို့ နီရဲနေတယ်လို့ လူကြီးသူမတွေက နိမိတ်တွေအဖြစ် ယုံကြည်ခဲ့ပါသေးတယ်။

တရုတ်ပြည်ရဲ့ တုနှိုင်းမဲ့ ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၇၆ ခုနှစ်က လူ သိန်းနဲ့ချီ သေကြေခဲ့ရတဲ့၊ ကြီးမားတဲ့ ငလျှင်ကြီး လှုပ်ခတ်အပြီး လအနည်းငယ် အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မော်တယောက် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရတာလို့ သူ့လက်အောက် ဒုက္ခပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေက တညီတညွတ်တည်း ယုံကြည်ခဲ့ကြပါတယ်။

လူတွေဟာ သိပ်ကို အားကိုးရာမဲ့လာတဲ့အခါ၊ ခိုးကိုးရာမဲ့လာတဲ့အခါ ဘာသာတရားနဲ့ ဆက်နွယ်တဲ့ နိမိတ်ပုံတွေကို ပိုမိုလက်ခံလာကြတာ ဓမ္မတာပါ။

ဒီနေရာမှာ သိပံ္ပနည်းကျ နိုင်ငံရေး ဖလော်ဆိုဖီတွေကို ခဏ ဘေးချိတ်ထားပြီး ပြည်သူတွေအားလုံး တညီတညွတ်တည်း စိတ်ဝင်စားနေကြတဲ့ ဒီ နိမိတ်တွေအကြောင်းက ပိုပြီး အရေးပါလာတာကတော့ ငြင်းလို့ မရပါဘူး။ မနှစ်က စက်တင်ဘာလမှာ သံဃာတွေ ဝါးရင်းတုတ်နဲ့ ရိုက်ခံရတာ၊ သေနတ်နဲ့ ပစ်သတ် ခံရတာတွေဖြစ်ပြီး လူထုအများစုက ဒီလို အခြေအနေတွေကို မသိစိတ်ကနေ ထင်ကြေးပေးခဲ့ပါတယ်။

ဒီနှစ်ဆန်းမှာ မန္တလေးမှာ မီး အကြီးအကျယ် လောင်ခဲ့တာ၊ မေလမှာ ဧရာဝတီနဲ့ ရန်ကုန်မှာ မုန်တိုင်းကျပြီး လူ သိန်းနဲ့ချီ သေဆုံးခဲ့တာတွေဟာ ဒီထင်ကြေးကို ပိုပြီး အားဖြည့်ပေးခဲ့ပါတယ်။ လူထုဟာ ဒီမိုကရေစီကို ငတ်မွတ် တောင့်တနေကြပေမယ့် အများစုကတော့ အုပ်ချုပ်သူတွေဟာ ဘုန်းတန်ခိုးပြည့်စုံမှ တိုင်းပြည်ကို တည်ငြိမ် အေးချမ်းအောင် ဆောင်ကျဉ်းနိုင်မယ်၊ အုပ်ချုပ်သူတွေ တရားပျက်တဲ့အခါ တိုင်းပြည်ဟာ အန္တရာယ် အသွယ်သွယ်၊ ကပ်ဆိုးတွေအဖုံဖုံ ကြုံရမယ်လို့ ယုံကြည်နေကြတုန်းပါပဲ။

အသေချာဆုံး ဖြစ်လာမယ့် ဘေးကတော့ မြန်မာပြည်ရဲ့ ဆန်အိုးကြီးဟာ နာဂစ်ဒဏ်ကြောင့် မှောက်သွားပါပြီ။ နောက်ဆက်တွဲအဖြစ် အစာရေစာ ငတ်မွတ် ခေါင်းပါးတဲ့ဘေးက လအနည်းငယ်မှာ ပေါ်ပေါက်လာဖို့က သေချာနေပါတယ်။ ပြည်ကတော့ တင်းနေပါပြီ။

တချိန်တည်းမှာပဲ မုတ်သုန်ရာသီရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မုန်တိုင်းတွေက မြန်မာ့ ပင်လယ်ပြင်အနီးမှာ နိမိတ်တွေ ပြနေသလို မုတ်သုန်မိုးကြောင့် ရေကြီး၊ မြေပြိုဖြစ်ရပ်တွေက နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဖို့ ဖြစ်လာနေတော့တာပါပဲ။ မြန်မာ့သမိုင်းတလျှောက် ရာဇပလ္လင်ထက် ခွေးတက်လို့ သွေးပျက်စရာတွေ များစွာ ဖြစ်ခဲ့ဖူးပါတယ်။ လူထုဟာ ကောင်းကင်ဘုံရဲ့ နိမိတ်ကို ယုံကြည်တယ်ဆိုရင် ရင်ဆိုင်ရမယ့် ဘေးတွေအတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဒီမိုကရေစီဟာ အသင့် ချက်ထားပြီးသား ထမင်းအိုးတအိုး မဟုတ်ပါဘူး။ ပြည်သူတွေဟာ ထမင်းအိုးတအိုး ဖြစ်ဖို့အတွက် စိတ်ဓာတ်တွေ ပြင်ထားဖို့ လိုပါတယ်။ ခေတ်သစ်တည်ဖို့ အရှိန်ယူထားဖို့ လိုပါတယ်။

ခြင်္သေ့ကြီး မျက်လုံးနီနီ ... ပုဂံပြည်ကြီး ပျက်လတ္တံ့ ... ဆိုတဲ့ အတိတ်ဘောင်တွေကို ယုံကြည် ကြသေးတယ်ဆိုရင် ပြည်သစ်တည်ဖို့ အားတွေ မွေးကြဖို့ အချိန်ရောက်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ခြင်္သေ့ကြီး မျက်လုံးနီနေလို့ပါပဲ။ ။

နေသန်မောင်
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လယ်သမားများ ယခုနှစ်မိုးစပါး စိုက်ပျိုးနိုင်ခြင်း မရှိသေး

ဖြိုးကြီး။ ဇွန် ၁၆၊ ၂၀၀၈

မုန်တိုင်းသင့်ဒေသများတွင် စိုက်ပျိုးရေးလုပ်ငန်းများ လုပ်ကိုင်ရန်အတွက် လယ်သမားများမှာ အခက်ခဲအနှင့် ကြုံတွေ့နေရပြီး ယခုနှစ်မိုးစပါးစိုက်ပျိုးနိုင်ခြင်း မရှိသေးကြောင်းသိရသည်။

စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ကိရိယာများနှင့် မျိုးစပါးများမရှိသည့်အပြင် အစိုးရက ထောက်ပံမှုများ ထိရောက်မှုမရှိကြောင်း ဧရာဝတီတိုင်း၊ ဘိုကလေးမြို့နယ် စက်ဆန်းကျေးရွာမှ လယ်သမားတဦးက ပြောဆိုခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စိုက်ပျိုးရေးလုပ်ငန်းများနှင့်ပတ်သက်၍ “စပါးစိုက်ဖို့အခြေအနေက အခုထိတော့ ဘာမှမဖြစ် သေးဘူး၊ ဒီနှစ်မှာ လယ်တွေပြန်စိုက်နိုင်ဘို့ဆိုတာ တော်တော်ကို မျှော်လင့်ချက်နည်းတယ်၊ အများစုကတော့ မလုပ်နိုင်ဘူး၊ အစိုးရကလည်း ကူညီတာမရှိဘူးလေ” ဟုပြောသည်။

စစ်အစိုးရအာဏာပိုင်များက စိုက်ပျိုးရေးလုပ်ငန်းအတွက် လိုအပ်သည့် ထွန်စက်များနှင့် လိုအပ် သည်များ ပို့ထားသည်ဟုဆိုသော်လည်း ၎င်းစက်ကိရိယာများမှာ လယ်သမားများထံသို့ ရောက် ရှိခြင်းမရှိဘဲ အာဏာပိုင်များနှင့် နီးစပ်သည့်သူများသာရရှိကြောင်း ဆက်လက်ပြောသည်။

“လယ်သမားကတော့ လမ်းလျှောက်နေရတုန်းဘဲ၊ စိုက်ပျိုးရေးဘဏ်ကပေးမယ်ဆိုလို့ သွား လိုက်၊ ထွန်စက်စခန်းက ပေးမယ်ဆိုလို့ သွားလိုက်နဲ့ ဘာမှလဲမရပါဘူး၊ ဆန်စက်ပိုင်ရှင်တွေ၊ ကျေးရွာ (ရယက) တွေလောက်ဘဲရတယ် ကျန်တဲ့လယ်သမားတွေကတော့မရပါဘူး” ဟု အဆို ပါ လယ်သမားတဦးက ဆက်လက်ပြောသည်။

နိုင်ငံခြားမှ လှူထားသည့်ထွန်စက်များကို ဘိုကလေးမြို့ပေါ်တွင် တစီးလျှင် ကျပ်(၁,၀၀၀,၀၀၀) ကျော်ပေးဝယ်ရပြီး အရစ်ကျငွေပေးချေရကြောင်းနှင့် ယခုလက်ရှိ စိုက်ဘဏ်နှင့် ထွန်စက်စခန်း တို့က ထုတ်ပေးခြင်းမရှိသေးကြောင်း ၎င်းကဆက်လက်ပြောသည်။

စက်ဆန်းကျေးရွာအုပ်စုရှိ ရွာပေါင်း (၂၆) ရွာတွင် စိုက်ပျိုးမြေဧက (၃၀,၀၀၀) ခန့်ရှိပြီး လက်ရှိ အခြေအနေအရ သုံးပုံတပုံပင် စိုက်ပျိုးနိုင်ခြင်းမရှိသေးဟု ဆိုသည်။

လယ်သမားများအနေဖြင့် လက်ရှိနေထိုင်ရန်အတွက် မိုးကာများဖြင့်တဲထိုးနေရပြီး အစိုးရက ပေးသည့် ဆန်(၆) ပြည်နှင့် ငါးသေတ္တာသုံးဗူးသာ ရရှိကြောင်းနှင့် ပုဂ္ဂိကအလှူရှင်များက ပေးလှူသည်များဖြင့်သာ ဖြစ်သလိုနေနေရကြောင်း ၎င်းကပြောသည်။

“ကိုယ့်လယ်လေးကိုယ်လုပ်ပြီး နေချင်တာပေါ့၊ လိုက်ပြီးတော့ ဟိုကပေးဒီကပေးတာလေးတွေ စားပြီးတော့ ဘယ်နေချင်မလဲ၊ ကိုယ့်အလုပ်လေးနဲ့ ကိုယ်နေချင်တာပေါ့၊ နိုင်ငံတော်က မကူညီ နိုင်ရင်လည်း နိုင်ငံတကာက ကူညီရင်တော့ ကောင်းတာပေါ့၊ ဒါပေမဲ့ မရတော့လည်း ဘာမှ မတက်နိုင်ဘူး၊ ကျနော်တို့က ဘယ်သူကိုပြောရမှန်းလည်း မသိ၊ ဘာလုပ်ရ မယ်ဆိုတာလည်း မသိတော့ဘူး” ဟု ဆက်လက်ပြောဆိုခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

စစ်ခေါင်းဆောင်များအား ဖမ်းဆီး၍ရုံးတင်စစ်ဆေးရန် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များတောင်းဆို

ရိုးမ ၃။ ဇွန် ၁၆၊ ၂၀၀၈

ဧရာဝတီမြစ်ဝကျွန်းပေါ်သို့ ကယ်ဆယ်ရေးတပ်ဖွဲ့များ အမြန်ဆုံးအင်အားသုံးဝင်ရောက်ပြီး လေဘေး ဒုက္ခသည်များအပေါ် တာဝန်မဲ့လျစ်လျူရှူနေသည့် မြန်မာစစ်ခေါင်းဆောင်များအား ဖမ်းဆီး၍ နိုင်ငံတကာတရားရုံးတွင် ရုံးတင်စစ်ဆေးရန် ပြည့်သူကိုယ်စားလှယ်များက ယနေ့ တောင်းဆိုလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
(၁၉၉၀) ပြည့်နှစ် ရွေးကောက်ပွဲအနိုင်ရ ပြည်သူလွှတ်တော်ကိုယ်စားလှယ်များက နအဖ စစ်အစိုးရ၏ လေဘေးသင့်ဒုက္ခသည်များအပေါ် လူသားချင်းဆိုင်ရာ ညှာတာထောက်ထားခြင်း မရှိဘဲ ရက်ရက်စက်စက်ပြစ်မှုများ ကျူးလွန်လုပ်ဆောင်နေသည့်ကိစ္စရပ်များကို အမှတ်စဉ် အလိုက် ရေးသား၍ တိုက်တွန်းတောင်းဆိုလိုက်ခြင်း ဖြစ်သည်။

စစ်အစိုးရအနေဖြင့် မုန်တိုင်းသတင်းကို ကြိုတင်သိရှိထားသော်လည်း ပြည်သူလူထုအား မှားယွင်းစွာ ထုတ်ပြန်အသိပေးခြင်း၊ မုန်တိုင်းကျရောက်သည့်ဒေသများမှ ပြည်သူများအား ကြိုတင်အသိပေး ပြောင်းရွှေ့ခိုင်းခြင်း လုံးဝမရှိခဲ့ကြောင်း လွှတ်တော်အမတ်များ၏ ပြောသည်။

ထို့ပြင် ကယ်ဆယ်ရေးလုပ်ငန်းများကို ချက်ချင်းမလုပ်ဆောင်သည့်အပြင် ဆန္ဒခံယူပွဲကို ရက် မရွှေ့ဆိုင်းဘဲ အတင်းအကြပ်ပြုလုပ်ကြောင်း၊ နိုင်ငံတကာမှ ကူညီကယ်ဆယ်ရေးအဖွဲ့များ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားကာ အကူညီပေးပစ္စည်းများကို အလွဲသုံးစားပြုကြောင်းနှင့် ဒုက္ခသည်များထံ ပြည်တွင်းလုပ် ပစ္စည်းအညံ့စားများဖြင့် အစားထိုးလဲလှယ်မှုများ ပြုလုပ်ခဲ့ ကြောင်း ယင်းတိုက်တွန်းချက်တွင် ဖော်ပြထားသည်။

လေဘေးဒုက္ခသည်များအား ၎င်းတို့ယာယီနေထိုင်သည့် ဒုက္ခသည်စခန်းများမှ မောင်းထုတ်ခြင်း၊ မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားသည့်ကလေးများကို ကလေးစစ်သားအဖြစ် စုဆောင်းခြင်း၊ အတင်းအဓမ္မ လုပ်အားပေးခိုင်းစေခြင်းများကို ကျူးလွန်နေသည့်အပြင် ထိရောက်သည့် ဆေးဝါးရိက္ခာများမရသည့်အတွက် ပြည်သူလူထုမှာ အာဟာရချို့တဲ့ကာ ကူးဆက်ရောဂါများ ဖြစ်ပွားနေသည်ဟုလည်း ဖော်ပြထားသည်။

ထို့အပြင် စစ်အစိုးရအနေဖြင့် နိုင်ငံတကာကယ်ဆယ်ရေးလုပ်သားများ ဝင်ရောက်ခွင့်ကို ဆက်လက်ဟန့်တား နှောင့်ယှက်နေခြင်း၊ သေဆုံးသွားသူများအလောင်းကို ကောင်းမွန်စွာ မြုပ်နှံသဂြိုလ်ခြင်းမရှိသည့်အပြင် လူသတ်မှုနှင့် လုယက်မှုများဆက်လက်ဖြစ်ပွားအောင် လုပ် ဆောင်နေခြင်းသည် ပြည်သူများအား အစုလိုက်အပြုံလိုက် သေစေလိုသည့်သဘောဖြင့် ရက်ရက်စက်စက်နှိပ်ကွက်နေကြောင်း တိုက်တွန်းချက်တွင် ဆက်လက်ဖော်ပြထားသည်။

ထိုကဲ့သို့ စစ်အစိုးရသည် မုန်တိုင်းဒုက္ခသည်များအပေါ် တာဝန်မဲ့မှု၊ လျစ်လျူရှူထားမှု၊ ဖိနှိပ်ရက် စက်မှု၊ အဖြစ်မှန်များကို ဖုံးကွယ်ထားပြီး အာဏာဆက်လက်တည်မြဲရေးကိုသာ လုပ်ဆောင်နေ သည့်အတွက် ကုလသမဂ္ဂလုပ်ပိုင်ခွင့် (Responsibility to Protect) ကိုအသုံးပြု၍ ကယ်ဆယ် ရေးအဖွဲ့များ အင်အားသုံးဝင်ရောက်ပြီး ပြစ်မှုကျူးလွန်နေသည့် စစ်ခေါင်းဆောင်များကို နိုင်ငံ တကာတရားရုံးတွင် ရုံးတင်စစ်ဆေးရန်အတွက် ဖမ်းဆီးခေါ်ဆောင်ရန် လွှတ်တော်အမတ်များ က တိုက်တွန်းတောင်းဆိုလိုက်ခြင်းဖြစ်သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဗိုလ်ချုပ်ကြီးရဲမြင့်အခြေအနေ အရာရှိကြီးများစောင့်ကြည့်

ဗထူး။ ဇွန် ၁၆၊ ၂၀၀၈

သားဖြစ်သူ အောင်ဇော်ရဲမြင့်အား မူးယစ်ဆေးဝါးရောင်းဝယ်မှုနှင့်ဖမ်းဆီးခဲ့ပြီးနောက် ဖခင်ဖြစ် သူ ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်နှင့်ပတ်သက်၍ အထက်အရာရှိကြီးများက စိတ်ဝင်တစားနှင့် စောင့်ကြည့်နေကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမှတ်(၁) စစ်ဆင်ရေးအထူးအဖွဲ့မှူး ဒုတိယဗိုလ်ချုပ်ကြီးရဲမြင့်သည် နေပြည်တော်စစ်ရုံးချုပ် တွင်ရှိနေပြီး ယခင်ကကဲ့သို့ နယ်မြေလှည်လည်စစ်ဆေးမှုများမတွေ့ရသဖြင့် စစ်တပ်အတွင်းရှိ အရာရှိကြီးများက သူနှင့်ပတ်သက်၍ နောက်ဆက်တွဲသတင်းများကို အထူးစိတ်ဝင်တစား စောင့်ကြည့်နေခြင်းဖြစ်သည်။

“သူ့ကိုနယ်မြေစစ်ဆေးတာ မတွေ့ရတော့တာကတော့ နာဂစ်မတိုင်ခင်ကတည်းကပဲ၊ သူ့သား ကိစ္စကနောက်မှ ဖြစ်တာလေ၊ သူ့သားကိစ္စနဲ့ပတ်သက်ပြီး အရေးယူခံမယ်၊ မခံရဘူးဆိုတာကို တော့ ဗိုလ်မှူးကြီးပိုင်းတွေအထိ တိတိကျကျမပြောနိုင်သေးဘူး” ဟု စစ်တပ်နှင့်နီးစပ်သူတဦးက ပြောသည်။

အောင်ဇော်ရဲမြင့်အား ကြည့်မြင့်တိုင်ရှိ ၎င်းပိုင် ရဲတံခွန်ဆောက်လုပ်ရေးပစ္စည်း ကုမ္ပဏီရုံးခန်း တွင် စစ်ဖက်ရေးရာ လုံခြုံရေးတပ်ဖွဲ့ (စရဖ) မှ ဦးဆောင်ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

“(စရဖ) က (ရဲမြင့်လေး) ဗိုလ်ချုပ်ရဲမြင့်က တပ်ချုပ်ကြီးကို တိုက်ရိုက်အစီရင်ခံပြီး ဖမ်းလို့ တိုင်းမှူးနဲ့ ဒုတိယဗိုလ်ချုပ်ကြီးမြင့်ဆွေတို့တောင် သိပ်မကျေလည်တဲ့ပုံဖြစ်နေတယ်၊ ဒီကိစ္စ ကြောင့်ပဲ ဧရာဝတီတိုင်းဘက်ရောက်နေတဲ့ (ဦးအေး) ဒုတိယဗိုလ်ချုပ်မှူးကြီး မောင်အေးတောင် နေပြည်တော်က ချက်ချင်းပြန်ခေါ်လို့ ခရီးစဉ်ကနေပြန်လှည့်သွားရတယ်” ဟု စစ်တပ်နှင့် နီးစပ် သူကပြောသည်။

အောင်ဇော်ရဲမြင့်အား ဖမ်းဆီးထားပြီး ရန်ကုန်မြို့ရှိ နေရာတခုတွင် စစ်ဆေးမေးမြန်းမှုများ ပြုလုပ်နေပြီး သရုပ်ဆောင်နဝရတ်ကိုလည်း စစ်ဆေးနေသည်ဟု ၎င်းကဆက်လက်ပြောဆို သည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ ရန်ကုန်မြို့ခံတဦးက “လူတွေကတော့ဒီသတင်းကို သိပ်စိတ် မဝင်စားဘူး၊ လတ်တလောကတော့ တုပ်ကွေးတွေဖြစ်နေတယ်၊ ဥရောပဖလားပွဲတွေကလည်း လာနေတော့ စိတ်မဝင်စားပါဘူး၊ အားလုံးပြုတ်ကုန်သေကုန်ကြလည်းကောင်းတာပါပဲဗျာ” ဟု ပြောဆိုသွားခဲ့သည်။


Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန် လမ်းမများပေါ်က ဧရာဝတီရဲ့ မိဘမဲ့ ကလေးငယ်များ

ကြည်ဝေ ဇွန် ၁၆၊ ၂၀၀၈

ရန်ကုန်ဘူတာရုံအနီး၊ ပန်းဆိုးတန်း ခုံးတံတားကြီးအောက်ဘက် ညာဘက်လူသွားလမ်းကလေး အနီးရှိ တံတားထောက်တိုင် အောက်ခြေအနီးမှာ ထိုင်ပြီးပိုက်ဆံတောင်းနေသော ရှပ်အင်္ကျီနက်ပြာရောင်၊ အညိုရောင်ဘောင်းဘီတိုလေးနှင့် ပိန်ကပ်ကပ် ဖြူဖျော့ဖျော့၊ အသက် ၉ နှစ်အရွယ် ကောင်လေးဆီကို နံရိုးတွေအချောင်းလိုက်မြင်နိုင်သည့် ညစ်နွမ်းပေရေနေသော ချိုင်းပြတ်စွပ်ကျယ်ဖားဖားကြီးနှင့် ပုဆိုးကို ဖရိုဖရဲဝတ်ထားသော အရိုးပေါ်အရေတင် ၁၄ နှစ်သားအရွယ် ယောက်ျားလေးက ခပ်သွက်သွက်လှမ်းလာပြီး ကြွပ်ကြွပ်အိတ်ထုပ်ကလေးကို လှမ်းပေးလိုက်သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကြွပ်ကြွပ်အိတ်ထဲမှ ဟင်းအနှစ်နီနီများ ဆမ်းထားသောထမင်းများကို ၉နှစ်သားအရွယ် ကလေးငယ်က ညာလက် ဖြင့်နှိုက် ယူပြီး လည်ချောင်းထဲ နင်လောက်အောင်ပင် ပလုတ်ပလောင်းစားနေသည်ကို ၁၄နှစ် အရွယ်ကောင်လေးက တချက်ကြည့် ပြီး ပြန်လှည့်ထွက်သွားသည်။

ထမင်းလာကျွေးသော ကောင်လေးနှင့် ထမင်းစားနေသော ကောင်လေးမှာ ဆွေမျိုးတော်စပ်သော ညီအစ်ကိုတွေ မဟုတ်ကြ ပါ။ တမြို့တရွာတည်းမှာ အတူနေပြီး ကြီးပြင်းလာကြသော သူငယ်ချင်းများလည်း မဟုတ်ကြပါ။ သို့ပေမယ့် သူတို့ နှစ်ယောက်စလုံးမှာ တူညီသော ခံစားချက်များနှင့် ဘ၀ပေး အခြေအနေတို့ ရှိကြသည်။

အသက် ၉ နှစ်အရွယ်ကောင်လေးနှင့် အသက် ၁၄ နှစ်အရွယ်ကောင်လေးမှာ မုန်တိုင်းဒဏ်ကြောင့် မိဘနှင့် ကွဲကွာရခြင်း၊ မိဘမဲ့ ဖြစ်ရခြင်း၊ အိုးမဲ့အိမ်မဲ့ဖြစ်ရတာခြင်း စသည့် အချက်တို့ တူညီကြသလို၊ လေးဘေးကြောင့် မိဘနှင့် ညီအစ်ကို မောင်နှမများဆုံးပါးခဲ့သော ရပ်ရွာကိုစွန့်ပြီး ရန်ကုန်မြို့သို့ လာရောက်ခဲ့ကြတာခြင်းလည်း တူညီကြသည်။

"ဘယ်သွားလို့ ဘယ်လာရမှန်းမသိတာနဲ့ ရန်ကုန်မြို့ကိုလာခဲ့တာပါ။ ကျနော်နဲ့အတူ သူငယ်ချင်း တယောက် ပါသေးတယ်။ ဒီကောင်လေးကိုတော့ ဈေးထိပ်မှာ ထိုင်ငိုနေတာတွေ့တာနဲ့ သနားလို့ခေါ်လာတာ၊ သူကတော့ အလုပ်မရသေးဘူး" လို့ အသက် ၁၄ နှစ်အရွယ် ကောင်လေးက သူတို့၏ အဖြစ်အပျက်ကို ပြောပြသည်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ သမက်ရွာမှာ မေလ ၃၁ ရက်နေ့တွင် ထွက်လာခဲ့သော အသက် ၁၄ နှစ် အရွယ်ကောင် လေးသည် ရန်ကုန်ရောက်ပြီး နောက်တရက်မှာပင် ၃၄လမ်းထိပ်မှ စားသောက်ဆိုင်တဆိုင်တွင် စားပွဲထိုးအဖြစ် အလုပ်ရ သည်။ သူ့ သူငယ်ချင်း တဦးကလည်း လက်ဖက်ရည်ဆိုင်တဆိုင်တွင် အလုပ်ဝင်နေပြီ ဖြစ်ကြောင်း သူက ပြောပြသည်။

သူ သနားစိတ်ဖြင့် ခေါ်လာခဲ့သော ၉ နှစ်အရွယ်ကောင်လေးမှာ ကျန်းမာရေးကောင်းပုံ မရသောကြောင့် အလုပ် မရသေး ကြောင်း၊ အလုပ်မရခင် သူကထမင်းတနပ်ကျွေးပြီး အိပ်စရာ နေရာပေးထားသလို၊ ညနေစာအတွက် ကောင်လေးမှာ တောင်းစားနေခြင်းဖြစ်ကြောင်း သိရသည်။

ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့နယ်၊ သရက်သုံးပင်ရွာတွင် နေထိုင်ခဲ့သော ၉ နှစ်အရွယ်ကလေး၏ မိဘ နှစ်ပါးစလုံး နှင့် အသက် ၁၅ နှစ်အရွယ် အစ်ကို တယောက်၊ ၈ နှစ်အရွယ် ညီမတယောက်မှာ မုန်တိုင်းထဲ သေဆုံးသွားရပြီ ဟု ယူဆ ကြောင်း သူ့အနေနှင့် ရွာမှာ ပြန်နေရန်အတွက် အခက်အခဲရှိသည့်အပြင် ထမင်းစားရန် အတွက်လည်း ခက်ခဲနေသော ကြောင့် ကွမ်းခြံကုန်းမြို့ဈေးအနီးတွင် ထိုင်ငိုနေခြင်းဖြစ်ကြောင်း သိရှိရသည်။

"ရွာကို မပြန်တော့ဘူး၊ ရွာမှာ သားကို ထမင်းကျွေးမဲ့သူလည်းမရှိဘူး၊ နေစရာအိမ်လည်း မရှိတော့ဘူး၊ အဖေ အမေတို့နဲ့ အကိုတို့ကိုလည်း ရှာမတွေ့တော့ဘူး၊ ဒီက အကိုနဲ့ပဲ နေတော့မယ်" ဟု အသက် ၉ နှစ်အရွယ် ကလေးက ပြောသည်။

ရန်ကုန်တိုင်းအတွင်း လူအသေအပျောက်အများဆုံးဖြစ်သော ကွမ်းခြံကုန်းမြို့နယ်တွင် အိုးမဲ့အိမ်မဲ့ဖြစ်ရခြင်း၊ မိသားစုဝင် များ ဆုံးရှုံးရခြင်းအပြင် အလုပ်အကိုင်များ ပျက်စီးဆုံးရှုံးရခြင်းများရှိသောကြောင့် လေဘေးသင့် မိသားစုများမှာ လုပ်ငန်း ခွင်သို့ ပြန်ဝင်နိုင်ခြင်းမရှိသေးဘဲ စားဝတ်နေရေးအတွက် အလှူရှင်များ လာရောက် လှူဒါန်းမည်ကိုသာ မျှော်လင့်နေထိုင် နေရခြင်းဖြစ်ကြောင်း ကွမ်းခြံကုန်းမြို့တွင် နေထိုင်သူ တဦး၏ ပြောပြချက်အရ သိရသည်။

"ဒီမှာလည်း လယ်တွေကော လုပ်ငန်းတွေကော အားလုံး ပျက်စီးကုန်တယ်၊ လူတွေမှာ အလုပ်မရှိကြတော့ဘူး၊ စားဖို့လည်း မရှိကြဘူး၊ အလှူရှင်တွေရှိမှ စားရသောက်ရတဲ့ ဘ၀တွေရောက်ကုန်ကြတယ်။ အလှူရှင်တွေ မလာတော့တဲ့နေ့ ငတ်ကြ တာပဲ" ဟု သူက ပြောပြသည်။

ကွမ်းခြံကုန်းမြို့နယ်တွင်းရှိ ရွာများမှာ အလုပ်အကိုင်မရှိခြင်း၊ အလုပ်အကိုင်အတွက် လိုအပ်ချက်များ ရှိနေခြင်း တို့ကြောင့် အလုပ်မလုပ်နိုင်ကြသလို၊ ရသမျှ ဆန်ကိုလည်း မျှပြီး စားသောက်နေရခြင်းတို့ကြောင့် စားဝတ်နေ ရေး အတွက်သာမက ရေရှည် ဘ၀ရပ်တည်ရှင်သန်ရေးအတွက်ပါ အခက်အခဲများကြုံနေရကြောင်း သူက ပြောဆိုသည်။

ထို့ကြောင့်လည်း ကွမ်းခြံကုန်းမြို့နယ်တွင်းမှ အမျိုးသားများနှင့်ကလေးများမှာ အလုပ်အကိုင်ရရှိရေးအတွက် နီးစပ်ရာ မြို့များတွင် သွားရောက်ပြီး အလုပ်ရှာဖွေနေကြရခြင်းဖြစ်ကြောင်းသိရှိရသည်။

ရန်ကုန်မြို့ပေါ်ရှိ လက်ဖက်ရည်ဆိုင်တချို့၊ စားသောက်ဆိုင်တချို့တို့တွင် မုန်တိုင်းဒဏ်ကြောင့် လူသေဆုံးမှု အများဆုံးဖြစ် သော ကွမ်းခြံကုန်းမြို့နယ်နှင့် ဧရာဝတီတိုင်းတို့မှ မိဘမဲ့ကလေးငယ်များကို စားပွဲထိုးများ အဖြစ် ၀င်ရောက် အလုပ်လုပ် ကိုင်နေကြသည်ကို တွေ့မြင်ကြရသည်။

"လမ်းထိပ်က လက်ဖက်ရည်ဆိုင်မှာ စားပွဲထိုးကောင်လေး အသစ်၂ ယောက်ရောက်တယ်ဆိုလို့ မေးကြည့်တော့ ဧရာဝတီ တိုင်းကနေ ခေါ်လာတာလို့သိရတယ်။ တယောက်က တော်တော်ငယ်သေးတယ် ၇ နှစ် ၈ နှစ်လောက်ပဲ ရှိမယ်၊ နောက် တယောက်ကတော့ ၁၂ နှစ်လောက်ရှိပြီ"ဟု ရန်ကုန်မြို့ တာမွေမြို့နယ်တွင် နေထိုင်သူ တဦးက မုန်တိုင်းကြောင့် မိဘမဲ့ ဖြစ်ခဲ့ရသော ကလေးများကို အလုပ်ခိုင်းရန် ခေါ်လာသည်တွေ့မြင်ရသည့်အတွက် စိတ်မကောင်းဖြစ်ရကြောင်း ပြောဆိုသည်။

နာဂစ်မုန်တိုင်းဒဏ်ကို လူပေါင်း ၂.၄ သန်းခန့် အပြင်းအထန်ခံလိုက်ရပြီး ၄၀ ရာခိုင်နှုန်း ကျော် (တသန်းနီးပါး) မှာ ကလေး သူငယ်များဖြစ်ကြောင်း ရန်ကုန်အခြေစိုက် ယူနီဆက်၏ ခန့်မှန်းစာရင်းများအရ သိရသည်။

ယူနီဆက်မှ မုန်တိုင်းဒဏ်သင့်ဒေသများမှ မိဘမဲ့ကလေးငယ်များ၏ စာရင်းစစ်တမ်းကောက်ယူလျက်ရှိ ကြောင်း၊ ကလေး ငယ်များအတွက်လည်း ဘ၀လုံခြုံရေးနှင့်စိတ်ပိုင်းဆိုင်ရာ အစီအစဉ်များအတွက် ရန်ကုန်တိုင်းနှင့်ဧရာဝတီ တိုင်းတို့မှ ကလေးအကျိုးပြု နေရာ ၃၀ ထူထောင်ထားပြီး ဂေဟာ ၆၀ ကိုလည်း ထူထောင်နေဆဲဖြစ်ကြောင်း ယူနီဆက် ကလေး သူငယ်ကာကွယ်စောင့်ရှောက်ရေး အဖွဲ့မှ တာဝန်ရှိသူ တဦးက ပြောသည်။

"မုန်တိုင်းကြောင့် နောက်ဆက်တွဲဖြစ်ရပ်ဆိုးတွေ ကြုံတွေ့နေရတဲ့ ကလေးတွရဲ့ အခြေအနေနဲ့ပတ်သက်ပြီး စိုးရိမ်မကင်း ဖြစ်နေရပါတယ်"ဟု အဆိုပါ ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောသည်။

မိဘမဲ့ကလေးများအပါအဝင် မိဘနှင့်ကွဲကွာနေကြသော ကလေးများနှင့်ပတ်သက်ပြီး လူမှုဝန်ထမ်း ဦးစီးဋ္ဌာနနှင့် အန်ဂျီအို များ၊ အဖွဲ့အစည်းများက ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်းတို့ရှိ ဒေသတချို့မှ စတင်ကာ စစ်တမ်းကောက်ယူ လျက်ရှိကြောင်း အိုင်အန်ဂျီအိုအဖွဲ့အစည်းတခုမှ စေတနာ့ဝန်ထမ်းတဦးက ပြောဆိုသည်။

"အစိုးရက စခန်းတွေ သိမ်းလိုက်တော့ ပိုဆိုးကုန်တယ်။ ဒုက္ခသည်တွေလည်း ပျံ့ကုန်တယ်၊ အထူးသဖြင့် ကလေး တွေပေါ့၊ မိဘမရှိပေမယ့် ဆွေမျိုးကျန်ခဲ့တဲ့သူက ပြဿနာမဟုတ်ပေမယ့် ဘယ်သူမှ မကျန်ခဲ့တဲ့ ကလေးတွေကတော့ ဘယ်သွားလို့ သွားရမှန်းမသိ ဖြစ်နေတဲ့အချိန်မှာ လာခေါ်တဲ့သူတွေရှိတော့ လိုက် သွား ကြတယ်၊ ဘယ်သူကမှလည်း လိုက်ပါ မလိုက်နဲ့ ၀င်မပြောနိုင်ကြဘူး၊ ကလေးက လိုက်ချင်ရင် လိုက်သွားကြ တာပဲ" ဟု သူက လပွတ္တာမြို့နယ်တွင် မြင်တွေ့ခဲ့ရသည်ကို ပြောဆိုသည်။

မိဘမဲ့ကလေးတချို့ကို သနားကရုဏာစိတ်ဝင်ကာ မွေးစားလိုသူများရှိသော်လည်း လက်တွေ့တွင်မူ မွေးစားရန် မလွယ်ကူ သော အခြေအနေကြောင့် လက်တွန့်သွားကြသည်ကို တွေ့မြင်ရကြောင်း၊ မိဘမဲ့ ကလေးတချို့မှာတခြားနေရာဒေသများသို့ ပြောင်းရွှေ့နေထိုင်ကြသောကြောင့် စစ်တမ်းကောက်ယူရာတွင်လည်း စာရင်းအတိ အကျ ရရန် ခက်ခဲလျက်ရှိကြောင်း သူက ပြောဆိုသည်။

နာဂစ်မုန်တိုင်းကြောင့် မိဘမဲ့ဖြစ်သွားရသောကလေးများနှင့် မိဘနှင့်ကွဲကွာနေကြသော ကလေးများကို လတ်တလော အခြေအနေတွင် မည်သူ့ကိုမှ မွေးစားခွင့်မပြုကြောင်း လူမှုဝန်ထမ်း ဦးစီးဋ္ဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်ထွန်းခိုင်က ဇွန်လပထမပတ်တွင် ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းသို့ မွေးစားခွင့်မပြုခြင်းမှာ ကလေးများအား လူကုန်ကူးခြင်းမှ ကာကွယ်ရန်၊ နှိပ်စက်ညှဉ်းပန်းခြင်းမှ ကာကွယ်ရန်နှင့် အဓမ္မ စေခိုင်းခြင်းတို့မှ ကာကွယ်ရန်အတွက် ဖြစ်သည်ဟု သူက ပြောဆိုခဲ့သည်။

လူကုန်ကူးမှုတားဆီးကာကွယ်ရေးအဖွဲ့မှ ဒုတိယ ရဲမှူးကြီး ရာလျန်မုန်းကလည်း လေဘေးသင့်ဒေသများမှ ကလေးငယ် များကို အလုပ်အတွက် ခိုင်းစေရန် ခေါ်ယူခြင်းသည် လူကုန်ကူးမှုမြောက်ပြီး ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်သည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်ကြောင်း ပြည်တွင်းဂျာနယ်များတွင် ဖော်ပြရန် အတွက် သတင်းထောက်များအား ပြောကြားခဲ့ကြောင်း သိရသည်။

နာဂစ်ကြောင့် မိဘမဲ့ဖြစ်သွားခဲ့ရသော ကလေးများနှင့်ပတ်သက်ပြီး ပြည်တွင်းပြည်ပ အဖွဲ့အစည်းများနှင့် အစိုးရပိုင်းဆိုင်ရာ အဖွဲ့အစည်းများမှ အစီအစဉ်များရှိသည်ဟု ပြည်တွင်း ၈ျာနယ်များတွင် အကျယ်တ၀င့် ဖော်ပြထားကြသော်လည်း လက်ရှိ အခြေအနေတွင် လုပ်ဆိုင်မှုအားဖြင့် မတွေ့ရသေးကြောင်း ပြည်တွင်း သတင်းထောက်တဦးက ပြောဆိုသည်။

မိဘမဲ့ကလေးများနှင့် ပတ်သက်ပြီး နေရာဒေသအချို့တွင် ဂေဟာများကို ထူထောင်ထားတာ တွေ့မြင်ရသော်လည်း အမှန်တကယ် မိဘမဲ့ကလေးဦးရေနှင့် စာလျှင် နည်းပါးလျက်ရှိသလို၊ မိဘမဲ့ကလေးငယ်များကို လိုက်လံ ရှာဖွေ ထိန်းသိမ်း ခြင်းများလည်း မည်သည့်အဖွဲ့အစည်းကမှ ပြုလုပ်နေသည်ကိုမတွေ့ရှိကြောင်း လေဘေးသင့် ဒေသများသို့ သွားရောက် သတင်းယူခဲ့သော ပြည်တွင်း ဂျာနယ်သတင်းထောက်များ၏ ပြောပြချက်အရ သိရှိရ သည်။

"ခုချိန်ထိ ဘာလုပ်ပေးမယ်၊ ညာလုပ်ပေးမယ်ဆိုပြီး ပြောနေကြတုန်းပဲ၊ လက်တွေ့လုပ်ဆောင်မှု ပိုင်းက အားနည်း နေတော့ ကလေးတွေလမ်းပေါ်ရောက်ကုန်တာပေါ့၊ သူတို့အနာဂတ်တွေက မတွေးရဲစရာပဲ" ဟု ပြည်တွင်းဂျာနယ် အယ်ဒီတာ တဦးက သူ့အမြင်ကို သုံးသပ်ပြောဆိုသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပျော်ရွှင်ဖွယ် ဇာတ်ပေါင်းခန်း မတွေ့သေးပါ

ရဲနည် ဇွန် ၁၆၊ ၂၀၀၈

နာဂစ်ဆိုင်ကလုန်း မုန်တိုင်းနောက်ပိုင်း သတင်း များကိုဖေါ်ပြသည့်နေရာတွင် နိုင်ငံတကာနှင့် ပြည်ပရောက် မြန်မာ သတင်းမီဒီယာတို့က အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပါသည်။ သို့သော်လည်း ယခုအချိန်အထိ မျှော်လင့်ချက် ရောင်ခြည်သန်းသည့် စိတ်ကြည်နူးဖွယ် သတင်းမျိုး မတွေ့ရသေးချေ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာ စစ်အစိုးရသည် ကပ်ဘေးများနှင့် ပတ်သက်လာလျင် သဘာဝဘေးဒုက္ခများဖြစ်စေ လူကြောင့်ဖြစ်ရသော ကပ်ဘေးဒုက္ခအကြောင်းများကို ဖြစ်စေ တလျှောက်လုံး ဖုံးကွယ်ခဲ့သည်ချည်း ဖြစ်သည်။ နာဂစ် မုန်တိုင်းတိုက်အပြီး စစ်အစိုးရပိုင် သတင်းမီဒီယာများက သတင်းဖေါ်ပြပုံမှာလည်း အလားတူဖုံးကွယ် ဖော်ပြနေခဲ့သည် မှာ ဘာမျှအံ့သြစရာ မရှိပါ။ အခြေအနေကို စစ်ဗိုလ်ချုပ်များက နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်ကြောင်း ပြသရန် နောက်ထပ် အခွင့်အလမ်း တခုထက် ဘာမှပို မဖော်ပြခဲ့ချေ။

မြန်မာပြည်သူလူထုကို အမှောင်ချထားလိုသော စစ်အစိုးရ၏ ပင်ကိုစိတ်နေစိတ်ထားမှာ မုန်တိုင်းမတိုက်မီကပင် ပေါ်လွင် ထင်ရှားခဲ့ပြီး ဖြစ်သည်။ အိန္ဒိယနှင့် ထိုင်းနိုင်ငံရှိ မိုးလေ၀သ အေဂျင်စီများက ဆိုင်ကလုန်း မုန်တိုင်း ဖြတ်သမ်းလာဖွယ် ရှိသော လမ်းကြောင်းကို စစ်အစိုးရထံ ၂ ရက် ကြိုတင် အသိပေးခဲ့သော်လည်း စစ်အစိုးရက ၎င်းအန္တရာယ်အကြောင်း ပြည်သူတို့ကို တိတိပပ အသိမပေးခဲ့ပေ။

မုန်တိုင်းတိုက်ပြီးစ ရက်များက စစ်အစိုးရ၏ သတင်းစာများသည် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသတွင် အနည်းဆုံးလူပေါင်း ၁၃၄,၀၀၀ ကျော် သေဆုံးခဲ့ရပြီး လူသန်းပေါင်းများစွာ၏ အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံးသွားစေခဲ့သော ကပ်ဘေး ဒုက္ခကြီး၏ အတိုင်းအဆကို ခြုံငုံဖေါ်ပြပေးနိုင်ခြင်း မရှိခဲ့ရုံမက မျက်နှာဖုံးသတင်းပင် မဖေါ်ပြခဲ့ပေ။

မြန်မာနိုင်ငံ၏ သတင်းမီဒီယာလုပ်ငန်းများကို စောင့်ကြည့်လေ့လာနေသူ တချို့၏ အဆိုအရ စစ်အစိုးရ အာရုံကျနေသည်မှာ ကျင်းပတော့မည့် ဖွဲ့စည်းပုံ ဆန္ဒခံယူပွဲဖြစ်ပြီး အများပြည်သူတို့၏ စိတ်ထဲတွင်လည်း ဤဆန္ဒခံယူပွဲကိုသာ ဦးစားပေးအဖြစ် ထည့်သွင်းပေးထားလိုခြင်း ဖြစ်သည်။ စစ်အစိုးရက ဖြောင့်ဖြောင့်မှန်မှန် သတင်းပေးလိုစိတ် သည့်ထက်ပို၍ ရှိမည်ဆိုစေဦး အစိုးရသတင်းများ၏ တိကျမှန်ကန်မှုကို ပြည်သူအများက ယုံကြည်လေ့မရှိပေ။

တိုင်းပြည်ကို ထိခိုက်စေခဲ့သော ကပ်ဘေးဒုက္ခများထဲတွင် အကြီးမားဆုံးဖြစ်သည်ဟူသော အချက်ကို အသိအမှတ်မပြုခဲ့ရုံ မျှမက တခြားသူများ မသိရလေအောင်လည်း စစ်အစိုးရက အထူးသတိထား ပိတ်ဆို့နေခဲ့ သည်။

နိုင်ငံခြားမှ ကယ်ဆယ်ရေးလုပ်သားများကဲ့သို့ပင် နိုင်ငံတကာ သတင်းမီဒီယာလောကမှ သတင်းစာဆရာများကိုလည်း ဆိုင်ကလုန်း အပြင်းထန်ဆုံး တိုက်ခတ်ဖျက်ဆီးခဲ့သည့် နေရာဒေသများသို့ မ၀င်ရောက်နိုင်အောင် တားဆီးထားခဲ့သည်။
ဘီဘီစီ သတင်းထောက် အင်ဒရူး ဟာဒင်း ကဲ့သို့သော ပုဂ္ဂိုလ်များကို တိုင်းပြည်ထဲသို့ပင် ၀င်ခွင့်မပြုခဲ့ချေ။ ဟာဒင်းကို ပြည်ဝင်ခွင့်ဗီဇာ စည်းကမ်းချိုးဖောက်မှုဖြင့် ရန်ကုန်နိုင်ငံတကာလေဆိပ် ရောက်ရောက်ချင်းမှာပင် ပြန်ပို့ခဲ့သည်။ မြန်မာ သတင်း ကြေညာသူ ကမူ "ပုံမှားရိုက်ထားသော ခရီးသွားဗီဇာ" ကိုင်ဆောင်ထားမှုကြောင့်ဟု ဆိုသည်။

“လူတွေ သိန်းနဲ့ချီပြီး သေနေကြတယ်။ လူသန်းပေါင်းများစွာက အကူအညီ လိုအပ်နေတယ်။ နိုင်ငံခြား ကယ်ဆယ်ရေး လုပ်သားတွေကလည်း ဗီဇာရဖို့ စောင့်နေရတာ စိတ်မရှည်ကြတော့ဘူး။ သတင်းကြေညာသူက ဒီကိစ္စတွေအားလုံးကို ဘေးချိတ်ထားပြီး ကျနော့် ပြစ်မှုနဲ့ ကျနော်ပြန်ပို့ခံခဲ့ရတဲ့ အကြာင်းကိုပဲ အချိန်အကုန်ခံပြီး ခပ်တည်တည် ဖတ်ပြနေတယ်” ဟု ဟာဒင်းက သူ့အတွေ့အကြုံကို ပြောပြခဲ့သည်။ ဗြိတိသျှ သတင်းစာဆရာ၊ စာရေးဆရာ အင်ဒရူး မာရှယ်လည်း ပြန်ပို့ခံခဲ့ရသည်။

စီအန်အန် သတင်းထောက် ဒင်ရေးဗား ကဲ့သို့ အထဲဝင်ရောက်သွားနိုင်သူ အတွက်မူ အတွေ့အကြုံက ဆန်းနေ သည်သာ မက သည်းထိတ်ရင်ဖို ကြောက်စရာလည်းကောင်းနေသည်။ ရက်ပေါင်းများစွာ အာဏာပိုင်များ မတွေ့အောင် ရှောင်နေရ ပြီးနောက်တွင် သူ၏အသက်အန္တရာယ်ကိုပင် စိုးရိမ်လာရသည်ဟု ရေးဗားက ပြန်ပြောပြခဲ့သည်။

“ကျနော်တို့  တနေရာကို ရောက်သွားကြတယ်။ ဘယ်နေရာလဲဆိုတာ ဘယ်သူမှ ရေရေရာရာ မသိကြဘူး။ ကျနော်တို့ကို ပစ်သတ် မြစ်ထဲပစ်ချပြီး၊ မတော်တဆ ဖြစ်သွားတာပါလို့ ပြောလိုက်ရုံပဲ” ဟုသူက ပြန်ပြောပြခဲ့သည်။

မြစ်ဝကျွန်းပေါ်ဒေသတွင် အစုလိုက် အပြုံလိုက်သတ်ဖြတ်မှုမျိုးကို စစ်အစိုးရက ကျူးလွန်ခြင်းမဟုတ် ဟူသော အချက်က ရေးဗားအတွက် အရေးမကြီးပါ။ လူသေအလောင်းများကို အစိုးရအလုပ်သမားများ မြစ်ထဲပစ်ချနေပုံကို သူ့ ဗီဒီယိုကင်မရာ သမားက ရိုက်ကူးသည့်အခါတွင်မှ သူ့အနေနှင့် အဖြစ်မှန်ကို ဖုံးကွယ်လိုစိတ်လွန်ကဲနေသော အစိုးရမျိုးနှင့် ဆက်ဆံ နေရပါလား ဟူသည့် အတွေးဝင်လာသည်ဟု ဆိုသည်။

“သူတို့က ဘာကြောင့်မို့လို့ သဘာဝဘေးဒုက္ခအကြောင်းကို ဖုံးကွယ်ဖို့ ကြိုးစားနေရတာလဲ။ ဒါသူတို့ အပြစ်မှ မဟုတ်ဘဲ။ ဒီအဖြစ်က စစ်အစိုးရရဲ့ စိတ်နေစိတ်ထားကို ပေါ်လွင်စေတယ်။ စစ်အစိုးရက ပြင်ပကမ္ဘာကို ဒီလောက်ထိအောင် မယုံ သင်္ကာ ဖြစ်နေတာပဲ” ဟု ရေးဗားက ပြောသည်။

ရေးဗားက သတင်းယူပြီး မြန်မာနိုင်ငံထဲမှနေ၍ ခဲရာခဲဆစ် ထွက်လာနိုင်ခဲ့သော်လည်း နယ်ခံသတင်းထောက်များကမူ ပို၍ အန္တရာယ်များသော အနေအထားနှင့် ရင်ဆိုင်ကြရလေသည်။ တရားဝင်ခွင်ပြုချက် မရဘဲ ဤဘေးဒုက္ခအကြောင်း သတင်းပို့ သည်ကို မိသွားပါက နိုင်ငံရပ်ခြားသတင်းထောက်များကဲ့သို့ ထိုင်းနိုင်ငံသို့ ပြန်ပို့မည်မဟုတ်။ ဖမ်းဆီးပြီး အင်းစိန်ထောင် ထဲတွင် နှစ်ရှည် ထောင်ချခံရလိမ့်မည် ဖြစ်သည်။

ဤဒေသခံသတင်းထောက်များက ပြည်တွင်းထုတ် စာစောင်များတွင် ရေးကြသည်ဖြစ်စေ စီအန်အန်၊ အယ်လ် ဂျာဇီးရား ကဲ့သို့သော နိုင်ငံတကာ သတင်းဌာနကြီးများအတွက် လုပ်ကိုင်ပေးကြသည် ဖြစ်စေ သို့မဟုတ် ဒီမိုကရက်တစ် မြန်မာ့အသံ (ဒီဗီဘီ)၊ ဧရာဝတီမဂ္ဂဇင်း ကဲ့သို့သော ပြည်ပရောက် မြန်မာသတင်းမီဒီများအတွက် လျှို့ဝှက် သတင်းထောက် အဖြစ် လုပ်ကိုင်ပေးကြသည် ဖြစ်စေ ကပ်ဘေးသင့် နေရာဒေသများမှနေ၍ သတင်းပေးပို့နိုင်ရန် မြန်မာသတင်း ထောက်များအဖို့ အတော်လေး စွန့်စားကြရပါသည်။

မေလ ၁၉ ရက်နေ့က အဆိုးရွားဆုံး မုန်တိုင်းဒဏ် ခံစားခဲ့ရသော လပွတ္တာမြို့နယ်အတွင်းမှနေ၍ သတင်းပေးပို့ရန် ကြိုးစား မှုကြောင့် မြန်မာသတင်းထောက် ၈ ဦးကို စစ်သားများက ဖမ်းဆီးထိန်းသိမ်းထားခဲ့ပြီး တညတာ ချုပ်နှောင်ထားခဲ့သည်။ ထိုနယ်မြေသို့ နောက်တကြိမ် မလာတော့ပါ ဟူသော သဘောတူ လက်မှတ်ရေးထိုးခိုင်းပြီး နောက်တနေ့တွင်မှ သူတို့ကို ပြန်လွှတ်ပေးခဲ့ခြင်း ဖြစ်သည်။

တခြားသောမြန်မာသတင်းထောက်များကို သတိပေးသည့်အနေနှင့် ဤသို့လုပ်ပြလိုက်ခြင်းလည်း ဖြစ်နိုင်သည်။ သို့ရာတွင် မည်သူမျှ အရေးစိုက်ကြသည်တော့ မဟုတ်ချေ။ ခြိမ်းခြောက်နေသည့်ကြားမှ စွန့်စားကာ မိုးသည်းသည်း လေထန်ထန်ကို အံတုရင်း မြစ်ဝကျွန်းပေါ်ဒေသ၏ အခြေအနေမှန်ကို ပြင်ပကမ္ဘာသို့ တင်ပြနိုင်ရန် ဒေသခံသတင်းထောက်တို့က အရေး ပါသောအခန်းကဏ္ဍမှာ ဆက်လက် ပါဝင် ဆောင်ရွက်ပေးနေခဲ့ကြ သည်။

သူတို့သည် ဒုက္ခသည်များရှိရာ ဘုန်းကြီးကျောင်းများနှင့် အခြားနေရာများသို့ သွားရောက်၍ အသက်ရှင်ကျန်နေသူများကို တွေ့ဆုံ မေးမြန်းခဲ့ကြသည်။ စစ်အစိုးရ၏ အရေးပေါ်ကယ်ဆယ်ရေးကာလ ပြီးဆုံးသွားကာ ပြန်လည်ထူထောင်ရေး လုပ်ငန်း များ စတင်ရန် အသင့်ဖြစ်နေပြီ ဟူသော ပြောစကား မမှန်ကြောင်း ထင်ဟပ်ပြသနေသည့် အခြေအနေ များကိုလည်း သူတို့ ကိုယ်တွေ့ မြင်ခဲ့ရ၍ တင်ပြပေးခဲ့ကြသည်။

သူတို့ ဤသို့ အန္တရာယ်ကြားမှ အရဲစွန့် လုပ်ကိုင်ဆောင်ရွက်နေကြသည်မှာ သတင်းစာပညာဖြင့် သက်မွေးဝမ်းကြောင်း မှုဆိုင်ရာ ကျင့်ဝတ် အရမျှသာ မဟုတ်ပါ။ တိုင်းပြည်ထဲတွင် အမှန်တကယ် ဖြစ်ပျက်နေသည်တို့ကို သတင်း ဖော်ပြပေးပို့ နိုင်ခြင်း မရှိဘဲ အကြီးအကျယ် ထိန်ချန်ထားခဲ့သော ဒုက္ခဝေဒနာများ၏ အတိုင်းအတာကို ကိုယ်တိုင် ကိုယ်ကျ မြင်တွေ့ ခံစားစာနာမိသောကြောင့်လည်း ဖြစ်သည်။

ဧရာဝတီမဂ္ဂဇင်း၏ သတင်းထောက်များ အပါအ၀င် တခြားသော သတင်းထောက်တချို့၏ နေအိမ်များသည်လည်း မုန်တိုင်း ကြောင့် ထိခိုက်ပျက်စီးခဲ့ကြ ရပါသည်။ အမှန်တကယ်ထိခိုက် ပျက်စီးသော အတိုင်းအဆ၏ တစိတ်တပိုင်း မျှလောက်ကိုသာ သူတို့မြင်တွေ့ရသေးသည် ဟူသည့် အသိစိတ်က ၎င်းတို့ကို ဆက်လက်တွန်းအားပေးနေခဲ့၏။

“ကိုယ့်တိုင်းသူပြည်သားတွေ ထောင်နဲ့ချီပြီး သေသွားတာ၊ သောင်းနဲ့ချီပြီး ငတ်ပြတ်၊ ဒုက္ခရောက်နေတာကို အိမ်ထဲမှာ ထိုင်ပြီး တီဗီမှာ ကြည့်နေရုံ စိတ်မကောင်းဖြစ်နေရုံနဲ့ ကျနော်တို့ နေလို့မရဘူး” ဟု ဧရာဝတီမဂ္ဂဇင်း၏ သတင်းထောက် ကြည်ဝေက ပြောခဲ့သည်။

မြစ်ဝကျွန်းပေါ်ဒေသရှိ ဒုက္ခသည်များထံသို့ အရောက်သွားနိုင်ရေးက တခုဖြစ်ပြီး မြန်မာနိုင်ငံတွင်းရှိ စာဖတ်သူများထံ အရောက်ပေးပို့နိုင်ရေးကလည်း တမှောင့်ဖြစ်သည်။ ပြည်တွင်းရှိ စာစောင်များတွင် ရေးသားလုပ်ကိုင်ကြသော သတင်း ထောက်များအဖို့ သူတို့မြင်တွေ့ရသမျှတို့ကို သတင်းဖေါ်ပြပေးခြင်း မပြုနိုင်သည့်အတွက်လည်း နောက်တမျိုး မခံချိ မခံသာ ဖြစ်ကြရပြန်သည်။

တင်းတင်းကျပ်ကျပ် ချုပ်ကိုင်ခံထားရသော ပြည်တွင်းသတင်းမီဒီယာများသည်လည်း ဖိအားအမျိုးမျိုး ကြုံနေရသည်။ အစိုးရက ကယ်ဆယ်ရေးလုပ်ငန်းများကို နိုင်နိုင်နင်းနင်း ဆောင်ရွက်ထားကြောင်းနှင့် အခြေအနေသည် ပုံမှန်အနေအထား သို့ ပြန်ရောက်နေကြောင်း ပေါ်လွင်စေမည့် အရေးအသားများကို ဖော်ပြရေးသားပေးရန် တိုး၍တိုး၍ ဖိအားပေးခံနေရ ပြန်သည်။

မြစ်ဝကျွန်းပေါ်ဒေသသို့ နိုင်ငံတကာ ကူညီရေး အဖွဲ့များ မလာရောက်ရအောင် ပိတ်ပင်ထားသော ပြဿနာအကြောင်း ဖေါ်ပြခြင်း မပြုရန်လည်း အယ်ဒီတာများကို ပြောထားသည်။ ဘုန်းကြီးများ၏ မေတ္တာရှေ့ထားသော လုပ်ဆောင်ချက် များသည်လည်း ပိတ်ပင်တားမြစ်ထားသော အကြောင်းအရာ ဖြစ်သည်။

မြန်မာ့အလင်း သတင်းစာကဲ့သို့သော အစိုးရအာဘော် သတင်းစာများတွင် ဖေါ်ပြထားသည့် တရားဝင်သတင်းများ အရ ဆိုလျင် ၀န်ကြီးချုပ် ဗိုလ်ချုပ်သိန်းစိန် တဦးတည်းလိုလိုက အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းအဆင့်ဆင့်ကို စီစဉ် ဆောင်ရွက် ခဲ့ပြီး ဤအဆင့်သည် မြစ်ဝကျွန်းပေါ်ဒေသသို့ နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများကို ၀င်ခွင့်မပြုမီမှာပင် အောင်မြင် ပြီးမြောက်ခဲ့သည်ဟု ဆိုနိုင်သည်။

စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ မြစ်ဝကျွန်းပေါ်ဒေသသို့ မုန်တိုင်းတိုက်ပြီး သီတင်းနှစ်ပတ်ကြာ နောက်ကျ ပြီးမှ ရောက်လာသောအချိန်၌ နိုင်ငံခြားမှ အကြီးအကဲပုဂ္ဂိုလ်များမှာ အကူအညီပေးရန် တဖွဲဖွဲ ရောက်လာကြသည် ဖြစ်ရာ စစ်အစိုးရ၏အမြင်၌ အထုပ်များကမ်းရန်နှင့် ဓာတ်ပုံအရိုက်ခံရန်မှလွဲ၍ ဘာမျှ လုပ်စရာမကျန်တော့ပါ။

ကပ်ဘေးဒုက္ခကြီး၏ သတင်းကျော်ကြားမှုကြောင့် စစ်အစိုးရ၏ ၀ါဒဖြန့်ချိရေးယန္တရားသည် မမျှော်လင့်ဘဲ ကြီးထွားလာခဲ့ရ သည်။ စစ်အစိုးရသတင်းစာများက အမေရိကန် ကယ်ဆယ်ရေးပစ္စည်းများဖြင့် ရန်ကုန်တွင် ဆင်းသက်လာသော စီ-၁၃၀ လေယာဉ်ကြီးများ၏ ဓာတ်ပုံများနှင့် သတင်းများကို စာမျက်နှာပြည့် ဖေါ်ပြပေးခဲ့ကြသည်။ မြန်မာအစိုးရကို အပြင်းထန်ဆုံး ဝေဖန်ခဲ့သော တိုင်းပြည်ကပင်လျင် “မြန်မာဗိုလ်ချုပ်များသည် ကမ္ဘာ၏ယုံကြည်စိတ်ချမှုနှင့် ထူးထူးခြားခြား ထိုက်တန်သည်” ဟု ကောက်ကာငင်ကာ သတ်မှတ်သည်အထိ ဖြစ်သွားသေးသည်

တကယ်တော့ မြန်မာစစ်အစိုးရသည် မိမိအား ဝေဖန်ရှုတ်ချသူအကြောင်း မကောင်းပြောခြင်းကို ရပ်တန့်လိုက်သည်တော့ မဟုတ်ချေ။ ပြည်တွင်း သတင်းမီဒီယာများက နာဂစ်မုန်တိုင်း၏ ဒဏ်ရာဒဏ်ချက်များနှင့် ပတ်သက်၍ စစ်အစိုးရ ကိုင်တွယ် ဖြေရှင်းနေပုံများကို အမွှမ်းတင်ဖေါ်ပြနေစဉ်မှာပင် အမေရိကန်နိုင်ငံ၊ နယူးအော်လင်းပြည်နယ်၏ ဟာရီကိန်းမုန်တိုင်းဒဏ် သင့်သူများထံ အကူအညီများပေးပို့ရာ၌ အမေရိကန်အစိုးရ၏ နှောင့်နှေးခဲ့ပုံများအကြောင်းကို အပုပ်ချ ဖော်ပြနေခဲ့သည်။ ဗီအိုအေနှင့် ဘီဘီစီတို့ကိုလည်း ၎င်းတို့၏သတင်းများကြောင့် တိုက်ခိုက်နေခဲ့သည်။

နာဂစ်မုန်တိုင်းနှင့်ပတ်သက်သော ဖြစ်ရပ်မှန်များကို ဖေါ်ပြပေးသောလုပ်ငန်းသည် မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံရသည့် နယ်မြေဒေသများသို့ ကိုယ်တိုင်ကိုယ်ကျ စွန့်စား၍ သွားရောက်ခဲ့ကြပြီး မိမိတို့မြင်တွေ့သမျှတို့ကို ကမ္ဘာသို့ သတင်းပေး ပို့နေခဲ့သူ ပြည်တွင်းသတင်းထောက်များ၏ တာဝန်အဖြစ်သာ ကျန်ရစ်ရတော့သည်။

“သူတို့ ပေးပို့တဲ့ သတင်းတွေက အရင်တုန်းက မသိသေးတဲ့၊ အကူအညီလိုအပ်နေတဲ့ နယ်မြေတွေအကြောင်းကို ဖေါ်ပြပေး ပါတယ်။ နိုင်ငံတကာအလှူရှင် အသိုင်းအ၀န်းကိုလည်း အခင်းဖြစ်ပွားရာနယ်မြေနဲ့ ပတ်သက်တဲ့ သတင်း အချက်အလက် တွေ မပြတ်ပေးပါတယ်” ဟု နယူးယောက်အခြေစိုက် သတင်းထောက်များ ကာကွယ်စောင့်ရှောက်ရေးကော်မီတီ (Committee to Protect Journalists) က ဆိုပါသည်။

ဤသို့ ချီးကျူးပြောဆိုချက်သည် အခြား အခြားသော မြန်မာနိုင်ငံသူနိုင်ငံသားများနည်းတူ မြစ်ဝကျွန်းပေါ်ဒေသရှိ မိမိတို့၏ တိုင်းသူပြည်သားများအတွက် ကြီးစွာရတက်မအေးဖြစ်နေရသော မြန်မာသတင်းစာဆရာများအဖို့ ကြိုဆိုရမည့် သတင်း ကောင်းလည်း ဖြစ်သည်။ သို့ရာတွင် လူ့အသက်ပေါင်းများစွာသေဆုံးခဲ့ရသော ဘေးဒုက္ခကြီးကို မြင်တွေ့ခဲ့ရပြီး စာဖတ်သူ များထံ သတင်းများ ပေးပို့ခဲ့သော ဧရာဝတီမဂ္ဂဇင်း၏ သတင်းထောက် အောင်သက်ဝိုင်း အဖို့မူ ထူးထူးခြားခြား အပြောင်း အလဲများ ပေါ်ပေါက်လာစေရန် သူ့အနေနှင့် သေးငယ်သော အခန်းကဏ္ဍတခုမှနေ၍ ဆောင်ရွက်နေရသည် ဟူသည့် အသိနှင့် ဖြေသိမ့်ဆောင်ရွက်နေခဲ့သည်။

တဘက်ကလည်း မြစ်ဝကျွန်းပေါ်ဒေသတွင် ထိခိုက်ပျက်စီးမှု ပမာဏကို မြင်တွေ့နေရလျှက် စစ်အစိုးရက မုန်တိုင်းသင့် ဒုက္ခသည်များ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် မကြိုးစားသေးခင်မှာပင် ကပ်ဘေး၏ အရေးပေါ် ကယ်ဆယ်ရေး ကာလပြီးဆုံးကြောင်း အဆောတလျင် ကြေညာခဲ့သည်ကို မြင်တွေ့ခဲ့ရပြန်သည်။ အောင်သက်ဝိုင်းကမူ အခြေအနေ အားလုံးကို သူမြင်တွေ့နေရပြီဖြစ်ရာ အများပြည်သူတို့ ပြောပြမည့် အချက်အလက်များကို သတင်းများအဖြစ် ဆက်လက် ရေးသားတော့မည်ဟု ဆုံးဖြတ်ခဲ့သည်။

“ပျော်ရွှင်စွာ ဇာတ်ပေါင်းကြလေသတည်း ဆိုတဲ့ ဇာတ်လမ်းမျိုး တပုဒ်တလေတောင် မကြားရသေးပါဘူးဗျာ” ဟု သူက ဆိုပါသည်။

ရဲနည်ရေးသားသည့် No Happy Ending ကို ဆီလျော်အောင် ပြန်ဆိုဖော်ပြပါသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကောလာဟလများ မြန်မာပြည်တွင် ပျံ့နေ

အေးလဲ့ ဇွန် ၁၆၊ ၂၀၀၈

သဘာဝဘေးအန္တရာယ်ကျရောက်မှုဆိုင်ရာ ကောလာဟလသတင်းဆိုးများထွက်ပေါ်နေမှုကြောင့် ရန်ကုန်နှင့် မန္တလေး မြို့ကြီးများအပါအဝင် မြန်မာနိုင်ငံ ဒေသအနှံ့ရှိ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြကြောင်း သိရသည်။

အဆိုပါ သတင်းများနှင့်ပတ်သက်ပြီး ရန်ကုန်မြို့လူထုအကြားတွင် စိုးရိမ်ထိတ်လန့်မှု ဖြစ်နေကြသည်ဟု ဒေသခံ တဦးက ဧရာဝတီသို့ ပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“တခါဖြစ်ဖူးထားတော့ ကြောက်နေကြတယ်၊ သတင်းစာထဲမှာ ကြေညာတာလောက်ပဲ ရှိတယ်၊ ဘာတွေ ကြိုတင်ပြင်ဆင်ရ မလဲဆိုတာ မသိရဘူး၊ ဘယ်ကိုပြေးရမလဲ၊ ဘာလုပ်ရမှာလဲ မသိဘူး၊ ဖြစ်လာရင် လူတွေက ကိုယ်ထူကိုယ်ထ ဘယ်လိုလုပ် ကြမလဲဆိုတာပဲ စဉ်းစားထားကြတယ်”ဟု အထက်ပါ ဒေသခံက ပြောသည်။

နာဂစ် မုန်တိုင်း တိုက်ခတ်အပြီး ယခုလ အစောပိုင်းက ပုသိမ် ဆရာတော်၊ မြောင်းမြဆရာတော်နှင့် ရန်ကုန်တိုင်း လှိုင်သာယာ ဆရာတော် စသည့် ဆရာတော် ၃ ဦးတို့က နောက်ထပ် မုန်တိုင်းသော်လည်း ကောင်း၊ မြေငလျင်သော်လည်း ကောင်း ဘေးအန္တရာယ် ကျရောက်နိုင်သည်ဟု တပြိုင်နက်တည်း အိပ်မက် မက်ကြ ကြောင်း ကောလာဟလ သတင်းများ ရန်ကုန်လူထုအကြားတွင် ပျံ့နှံ့ခဲ့သည်ဟု ဆိုသည်။

“အဲဒီ ဆရာတော်ကြီးတွေ အိပ်မက်က စက်တင်ဘာတုန်းက သံဃာတော်တွေကို သတ်ထားလို့ နတ်တွေက မနေဘူ့း့ အဲဒါ ဆုံးမမယ် ၊ ရေဘေး လေဘေး ကတော့ ဧရာဝတီ တလျောက်မှာ ပြီးသွားပြီ၊ အခု အညာ တလျောက်ဘက်ကို ရေကြီးမယ်၊ ရွှေတိဂုံ ဘုရားကုန်းအထိ ရေမြုပ်မယ်တဲ့၊ အဲဒီတော့ ရန်ကုန် တတိုင်းလုံး ကုန်ပြီပေါ့၊ ဆရာတော်ကြီးတွေက ငြင်းတော့ ငလျင်ဒဏ် မဟုတ်ရင် တခုခုတော့ ဖြစ်မယ်လို့ အိပ်မက်တယ် တဲ့၊ အဲဒါကို ကြားပြီးကြောက်နေကြတာ” ဟု အထက်ပါ ရန်ကုန်ဒေသခံကပြောဆိုသည်။

၎င်းက ဆက်လက်ပြီး“အန္တရာယ်ကင်းဖို့ ဆရာတော်အိပ်မက်အရ ယတြာပေးတယ် ၆ရက်နေ့ သို့မဟုတ် ၁၆ ရက်နေ့မှာ ရှောက်သီးသုံးလုံး ဆွမ်းတော်တင်ပါ၊ အဲဒါစွန့်ပြီးရင် အိမ်မှာစားကြပါဆိုတဲ့ ယတြာလည်း အိမ်မက် ထဲမှာ ပါတယ်တဲ့” ဟုပြောသည်။

တခြားသော ရန်ကုန်မြို့ခံတဦးကလည်း“မနေ့က မြို့ထဲမှာ လူတွေခြောက်ကပ်ပြီး အသွားအလာနည်းနေ တယ်၊ ဒီ ၁၅ ၊၁၆ ၊၁၇ ရက်နေ့တွေမှာ မုန်တိုင်းဖြစ်မယ် ဆိုတာတွေကြားနေတော့ လူတွေက ကျီးလန့်စာ စားနေရသလိုပဲ၊ ကောလာဟလ တွေ အမျိုးမျိုးထွက်နေတယ်”ဟုပြောသည်။

ယင်းကောလာဟလများနှင့် တပြိုင်နက်တည်းလိုပင် မြန်မာပြည်အနှံ့တွင် ရန်ကုန်ရွှံ့ပုံ၊ မန္တလေး ပြာပုံ၊ နေပြည်တော်အရိုးပုံ ဆိုသည့် တဘောင် ဆန်ဆန် စကားများလည်း လူအများကြားတွင် ပျံ့နှံ့နေသည် ဟု ဆိုသည်။

ထိုသို့ ကောလာဟလများပျံ့နှံနေချိန်တွင် အစိုးရ သတင်းဌာနများကလည်း ရာသီဥတုဆိုင်ရာ စိုးရိမ်ဖွယ်ရာ သတင်းများကို ထုတ်ပြန်ကြေညာနေခဲ့သည်။

“မြန်မာ့ကမ်းရိုးတမ်း တလျောက် ဒေသအလိုက် မိုးကြီးနိုင်”ဟူသော ခေါင်းစဉ်ဖြင့် မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှုးဦးစီး ဌာန၏ သတင်းထုတ်ပြန်ချက်ကို ယမန်နေ့က မြန်မာ့ရုပ်မြင်သံကြား တနင်္ဂနွေနေ့ခင်းပိုင်း ရုပ်ရှင်ဇတ်လမ်းပြနေချိန် အတော အတွင်း စာတမ်းထိုးကြေညာခဲ့ပြီး ယနေ့ထုတ် သတင်းစာများတွင် ဖော်ပြ ထားသည်။

ယင်းသို့ မိုးလေဝသ ဌာန၏ ကြေညာချက်ကို မြန်မာပြည်သူ လူထုက မယုံတဝက် ယုံတဝက်ဖြင့် ယုံရခက် နေကြကြောင်း လည်း လူအများအကြားပြောဆိုနေကြောင်း သိရသည်။

“မိုးလေဝသ သတင်းက ဟုတ်ချင်လည်းဟုတ်မှာပေါ့ အခုတလော ရန်ကုန်မှာ မိုးနည်းနည်းရွာရင် ရေအရမ်း ကြီးနေတာ၊ ရန်ကုန်မြို့မှာ အိမ်ထဲမှာတောင် မနေရဲအောင် ကြောက်လန့်နေတယ်” ဟု ဒေသခံတဦးက ပြော သည်။

ပြီးခဲ့သည့် နဂစ်မုန်တိုင်းမတိုင်ခင် ဧပြီ ၂၉ရက်စွဲဖြင့် မြန်မာ့အလင်းသတင်းစာ၌ မိုးသက် လေပြင်းများ ကျ ရောက်ပြီး လှိုင်းကြီးနိုင်ခေါင်းစဉ်အောက်တွင် ယနေ့မြန်မာစံတော်ချိန် ညနေ၆နာရီတိုင်းထွာချက်အရ ဘင်္ဂလား ပင်လယ်အော်တွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်းသည် အားကောင်း လာခြင်းမရှိဘဲ မြောက်ဘက်သို့ ရွေ့လျားမည်ဖြစ်ကြောင်းနှင့် မုန်တိုင်း၏အရှိန်ကြောင့် နောက် ၄၈နာရီအတွင်း ဧရာဝတီ တိုင်း နှင့် ရန်ကုန်တိုင်းအပါအဝင် တခြားသော ပြည်နယ်တိုင်း ၅ ခုခန့် နေရာစိပ်စိပ်မှ နေရာအနှံ့မိုးထစ်ချူန်း ရွာနိုင်ကြောင်း၊ မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းကြီးနိုင်ကြောင်း၊ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင် လေသည် တနာရီမိုင် ၄၀ မှ ၄၅ အထိတိုက်ခတ်နိုင်ကြောင်း မိုးလေဝသနှင့်ဇလဗေဒ ညွန်ကြားမှု ဦးစီးဌာန၏ ကြေညာချက်အပေါ် လူအများက အယုံအကြည်နည်းခဲ့ ကြောင်း သိရသည်။

ယနေ့ထုတ်သတင်းစာတွင်လည်း မိုးသက်လေပြင်းကျစဉ် မြေပြင်၊လေပြင်၊ ရေပြင်လေသည် တနာရီလျှင် ၄၅မိုင်မှ မိုင် ၅၀ အထိ တိုက်ခတ်နိုင်ကြောင်း၊ မုတ်သုန်လေအားကောင်းမှုကြောင့်မြန်မာ့ကမ်းရိုးတန်း တလျောက်တွင် ယနေ့နံနက်မှ နောက်ထပ် ၇၂နာရီ အထိ နေရာအနှံ့အပြားမိုးရွာနိုင်ပြီး နေရာကွက်ကျားမှ နေရာ အနှံ့မိုးကြီးနိုင်ကြောင်း သတင်း ထုတ်ပြန်ချက် ပါရှိသည်။

ကောလာဟလသတင်းကြောင့် မြန်မာ့သမိုင်းတွင် ပြည်သူတွေ အထိတ်တလန့်ဖြစ်ပြီး သရေခေတ္တရာမြို့ သုပညာနဂရစိန္ဒ မင်းလက်ထက် တိုင်းပြည်ပျက်ခဲ့ရကြောင်းကို “အုပ်ချုပ်သူများ အကျင့်ပျက်လွန်းသော ကြောင့် လူအများ အထိတ်တလန့် ဖြစ်နေစဉ် ကောလာဟလကြောင့် မြို့ပျက်ရသည်” ဟု မြန်မာသမိုင်း ပညာရှင် ဒေါက်တာ သန်းထွန်း၏ တိုင်းရင်းမြန်မာ စာအုပ်တွင် ဖော်ပြထားသည်။

ယခုနှစ်အတွင်း ပြီးခဲ့သည့် မေလဆန်းပိုင်းက မြန်မာနိုင်ငံတွင် ၀င်ရောက်တိုက်ခိုက်ခဲ့သော နာဂစ်မုန်တိုင်း ကြောင့် လူတ သိန်းကျော် သေဆုံးပြီး လူဦးရေ ၃ သန်းနီးပါး အိုးမဲ့အိမ်မဲ့ ဖြစ်ပြီးနောက်ပိုင်း မိုးကုတ်မြို့တွင် ဖြစ်ပွားသော မြေပြိုမှုမှာ လူအသေ အပျောက်ရှိသည့် သဘာဝဘေးအန္တရာယ် တခုဖြစ်ခဲ့သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လုံခြုံရေးအတွက်လည်း ကိုယ်ထူကိုယ်ထ ဆောင်ရွက်နေရ

အောင်သက်ဝိုင်း/ရန်ကုန် ဇွန် ၁၆၊ ၂၀၀၈

နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး တလကြာလာချိန်တွင် ရန်ကုန်မြို့တွင်း ရပ်ကွက်များရှိ လူနေအိမ်ခြေများ၌ ပစ္စည်းခိုးမှုများ ထူပြောလာခြင်းကြောင့် ရပ်ကွက်အလိုက် ကိုယ်ထူကိုယ်ထ လုံခြုံရေးအဖွဲ့များ ဖွဲ့စည်းကာ သူခိုးအန္တရာယ်ကင်းရှင်းရေး ဆောင်ရွက်နေရကြောင်း ရန်ကုန်မြို့ခံများကပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ရပ်ကွက်ထဲမှာ ပစ္စည်းတွေခဏခဏ အခိုးခံနေရတယ်။ အ၀တ်အထည်တွေနဲ့ ဒန်အိုးဒန်ခွက်ကစပြီး ဖိနပ်စုတ်အထိပဲ။ မနေ့ညတုန်းက လမ်းထိပ်မှာ ရပ်ထားတဲ့ ထီဆိုင်လှည်းက သစ်သားတွေ အကုန်ခွာပြီး ခိုးသွားတယ်။ လစ်ရင်လစ်သလို အခိုးခံရတာ။ အထူးသဖြင့် ညဘက်တွေမှာ အခိုးခံရတာအများဆုံးပဲ” ဟု ဒဂုံမြို့သစ်အရှေ့ပိုင်း၊ ၇ ရပ်ကွက် မိုးကောင်းလမ်းတွင် နေထိုင်သူ တဦးကပြောသည်။

နာဂစ်မုန်တိုင်းအပြီး ပိုမို ဆင်းရဲကြပ်တည်းလာကာ အလုပ်အကိုင်ရှားပါး လာသည့်အတွက် ခိုးမှုများ ဖြစ်ပွားလာရပြီး လွယ်ကူစွာ ပိုက်ဆံရနိုင်သည့် ဖြတ်လမ်းအနေဖြင့် ပစ္စည်းခိုးသည့် နည်းကို သုံး၍ လတ်တလောရင်ဆိုင်ကြုံတွေ့နေရသော စားဝတ်နေရေးအခက်အခဲကို ဖြေရှင်းကြခြင်းဖြစ်ကြောင်း လမ်းမတော်မြို့နယ်တွင်နေထိုင် သည့် အထက်တန်းရှေ့နေ တဦးကပြောသည်။

“တနေ့က အသက် ၁၃ နှစ်လောက်ပဲရှိဦးမယ့် ကောင်လေးတယောက် ကျနော့်မုန့်ဆိုင်က မုန့်တွေယူပြီးထွက်ပြေးတယ်။ နေ့ခင်းကြောင်တောင် ဆိုင်မှာလူရှင်း နေတဲ့အချိန်ဆိုတော့ သိသိချင်း ကျနော်လည်း လိုက်ဖမ်းလိုက်တယ်။ မိတော့ နားပန်ကျင်းလိုက်တယ်” ဟု လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးတွင် မုန့်မျိုးစုံနှင့် စားသောက်ကုန် မျိုးစုံ ရောင်းချ သည့် ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောသည်။

၎င်းကုန်စုံဆိုင်ရှင်က မေးကြည့်ရာ ခိုးယူထွက်ပြေးသည့် ကလေးမှာ လှိုင်သာယာ၊ ရိုးကြီးရွာက ဖြစ်ကြောင်းနှင့် သူတို့နေထိုင် သည့် ၀ါးတဲမှာ မုန်တိုင်းကြောင့်ပြိုကျသွားပြီး မိသားစု စား ၀တ်နေရေးဒုက္ခရောက်နေသောကြောင့် မြို့ထဲတွင်အလုပ်လာ ရှာရင်း ဗိုက်ဆာလွန်းသဖြင့် မုန့်ယူပြေးခြင်း ဖြစ်ကြောင်း ဖြေကြားသည်ဟု ဆိုသည်။

“ကောင်လေးက တော်တော် ကြောက်နေတာ။ အဲဒါနဲ့ ကျနော်လည်း ထမင်းကျွေးပြီး ပြောဆိုဆုံးမ လွှတ်လိုက်ရတယ်” ဟု လမ်းမတော်မြို့နယ် ညောင်ပင်လေးဈေးတွင် မုန့်မျိုးစုံနှင့် စားသောက်ကုန် မျိုးစုံ ရောင်းချသည့် ကုန်စုံဆိုင်ပိုင်ရှင်တဦးက ပြောသည်။

အဆိုပါ ကုန်စုံဆိုင်ရှင်ကပင် ညောင်ပင်လေးဈေး၊ သိမ်ကြီးဈေးနှင့် ကမ်းနားလမ်းတလျှောက် တောင်းရမ်း စားသောက်နေ သည့် ကလေးငယ်အများအပြားတွေ့လာရပြီး ကြီးကောင်ဝင်စ ကလေးငယ် တချို့မှာ မြို့တွင်းလူနေတိုက်ခန်းများအတွင်း သို့ ၀င်ရောက်ပြီး ခိုးမှု အသေးစား များ ပြုလုပ်လာကြကြောင်း ပြောပြသည်။

“လစ်ရင်ခိုးတယ်။ လိုက်ရင်ပြေးတယ်။ မိရင်ပြန်ပေးတယ်။ ကလေးတွေဆိုတော့ ရဲစခန်းပို့ရ အခက်။ တော်ရုံ နားပန်ကျင်း၊ ခေါင်းခေါက်ပြီး ပြန်လွှတ်ပေးကြတယ်။ ကိုယ့်သားသမီးအရွယ် လေးတွေဆိုတော့ မလုပ်ရက်ကြဘူး” ဟု ၎င်းကဆိုသည်။

ယင်းသို့ အလစ်သုတ် ခိုးယူမှုများပြုလုပ်ကြသည့် ကလေးငယ်များတွင် အရွယ်မရောက်သေး သည့် မိန်းကလေးငယ်များပါ ခိုးယူအလစ်သုတ်မှုများ ပြုလုပ်ကြခြင်းဖြစ်ကြောင်း ရန်ကုန်မြို့ခံ များက ပြောသည်။

“မိန်းကလေးငယ်လေးတွေ ပလတ်စတစ်ကောက်တဲ့ ပုံစံနဲ့ ဟိုဟာရှာသလို၊ ဒီဟာရှာသလို လုပ်ပြီး မယောင်မလည်နဲ့ အိမ်ထဲဝင် ပစ္စည်းတွေခိုးတာ” ဟု ကျောက်တံတားမြို့နယ်အတွင်းရှိ အထပ်မြင့် တိုက်တတိုက်၏ မြေညီထပ်တွင်နေထိုင်သူ အိမ်ရှင်မတဦးက ပြောသည်။

အသက် ၁၈ နှစ်အောက် ကလေးများသာမက အရွယ်ရောက်ပြီး လူငယ်များနှင့် လူကြီးပိုင်း အရွယ် များလည်း အလစ်သုတ် မှုနှင့် ခိုးမှုများ ပိုမိုပြုလုပ်လာကြကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

“ထဘီလှန်းထားရင် ထဘီခိုးတယ်။ အိမ်မှာလူမရှိတာနဲ့ ပစ္စည်းပျောက်တော့တာပဲ။ ထရံကာထားတဲ့ အိမ်ဆိုရင် လက်ဝင် သာရုံ ထရံတွေချိုးဖဲ့ အပေါက် ဖောက်ပြီး အိုးခွက်ပန်း ကန်နဲ့ လက်လှမ်းမီတဲ့ ခွက်စုတ်ကအစ ခိုးကြတာ” ဟု လှိုင်သာယာ ၂၁ ရပ်ကွက်နေ အိမ်ရှင်မ တဦးကဆိုသည်။

ညပိုင်းအချိန်များတွင် ခိုးမှုများ အလွန်ဖြစ်ပွားနေရာ လျှပ်စစ်မီးမရရှိသည့်အတွက် မှောင်မည်း နေခြင်း၊ မိုးရာသီဖြစ်သည့် အတွက် ညပိုင်းအချိန်များတွင် မိုးသည်းထန်စွာ ရွာသွန်းခြင်းများ ကလည်း ခိုးမှုကျုးလွန်သူများအတွက် ပိုမိုအတင့်ရဲစေ ကြောင်း လှိုင်မြို့နယ် ၇ ရပ်ကွက်တွင် နေထိုင်သူတဦးက ဆိုသည်။

ခိုးမှုနှင့် အလစ်သုတ်မှုများမှာ ရန်ကုန်မြို့တွင်းမြို့နယ်များနှင့် ဆင်ခြေဖုံးဒေသများ အားလုံးတွင် ဖြစ်ပွားခြင်းဖြစ်ပြီး သက်ဆိုင်ရာ ရပ်ကွက်အလိုက် ရပ်ကွက်သူ ရပ်ကွက်သားများ စုပေါင်းပြီး လုံခြုံရေးကင်းများ ချထားဆောင်ရွက်နေရကြောင်း သိရှိရသည်။

“လမ်းလုံခြုံရေးအဖွဲ့ဆိုပြီးဖွဲ့၊ ရန်ပုံငွေရှာပြီး လုံခြုံရေး ကင်းသမားငှားရတယ်။ တအိမ်ကို တထောင် လောက်ကောက်ပြီး လုံခြုံရေးအစောင့်တဦးအတွက် တလ သုံးသောင်းခွဲပေး ကင်းစောင့်ခိုင်းရတယ်” ဟု လှိုင်သာယာ မြို့နယ် ရပ်ကွက်တခုမှ ကိုယ်ထူကိုယ်ထ လမ်း လုံခြုံရေးအဖွဲ့ ဥက္ကဌတဦးက ပြောသည်။

ရန်ကုန်မြို့တွင်း ဖြစ်ပေါ်နေသည့် ခိုးမှုနှင့် အလစ်သုတ်မှုများကို သက်ဆိုင်ရာ နယ်မြေခံ ရဲတပ်ဖွဲ့များအား သတင်းပို့ တိုင်ကြားသော်လည်း ထိရောက်သော အရေးယူမှုများ ဆောင်ရွက်ပေးခြင်း မရှိကြောင်း သိရှိရသည်။

“စက်ဘီးပျောက်လို့ ရဲတိုင်ထားတာ တလကျော်ကြာပြီ။ ဘာမှမထူးခြားတဲ့အပြင် အိမ်မှာရှိတဲ့ ကက်ဆက်ပါထပ်အခိုးခံလိုက် ရတယ်” ဟု ဒဂုံမြို့သစ်မြောက်ပိုင်း ၅၀ ကွေ့ အနီးနေထိုင်သူ တဦးကဆိုသည်။

တိုင်ကြားသည့် ခိုးမှုနှင့် အလစ်သုတ်မှုများကို ရဲတပ်ဖွဲ့က ဖော်ထုတ်ရာတွင် လာဘ်ငွေများများ ရနိုင်သည့် အကြီးစားအမှု များကိုသာ ဖော်ထုတ် ဖမ်းဆီးအရေးယူ ဆောင်ရွက်ပေးပြီး လာဘ်ငွေ မရရှိနိုင်သော သာမန်စက်ဘီးခိုးမှု၊ အ၀တ်အထည် နှင့် အိမ်ထောင်သုံး ပရိဘောဂများ ခိုးယူအလစ်သုတ်ခံရမှုများကို ဖော်ထုတ်ဖမ်းဆီးခြင်း မရှိကြောင်း အမှုတိုင်ကြားခဲ့သည့် ရန်ကုန်မြို့ခံများကပြောသည်။

“သိန်းတရာ၊ နှစ်ရာတန်ပစ္စည်းတွေ အခိုးခံရရင် ရဲတွေအလုပ်လုပ်တယ်။ အခိုးခံရတဲ့သူတွေ ကလည်း သိန်းကိုဆယ်ဂဏန်း ချီ လာဘ်ထိုးရတော့ ရဲတွေချက်ချင်း အလုပ်လုပ်ပြီး သူခိုးဖမ်းကြတယ်။ ဒါကြောင့် လူတွေက သာမန် အသေးအမွှား အခိုး ခံရတာမျိုးကို ရဲ တိုင်မနေကြတော့ဘူး” ဟု ကိုယ်တိုင် စက်ဘီးအခိုးခံခဲ့ရသူ လှိုင်မြို့နယ်သား တဦးက ပြောသည်။

ကူညီပါရစေ ဆိုသော စကားဆောင်ပုဒ်ကို လက်ကိုင်ထားသည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ အနေဖြင့် ခိုးမှုနှင့် အလစ်သုတ်မှုများ လျော့ကျစေရန် ဆောင်ရွက်သင့်သည်ဟု ရန်ကုန်မြို့ခံ များက သုံးသပ်သည်။

“ရဲလုပ်ရမယ့်အလုပ်တွေကို ကျနော်တို့ ပြည်သူတွေက အပင်ပန်းခံပြီးလုပ်နေရတယ်။ ညဆိုရင် ရပ်ကွက်လုံခြုံရေး ကင်းတွေ ဖွဲ့ပြီး ကင်းစောင့်နေရတော့ ရဲတွေဘာလုပ်နေသလဲ ဆိုတာ မေးခွန်းထုတ်ဖို့ လိုလာပြီ” ဟု ပြည်တွင်းသတင်းထောက် တဦးက ၎င်း၏အမြင်ကို ပြောသည်။

ရန်ကုန်မြို့တွင်းဖြစ်ပေါ်နေသည့် ခိုးမှုထူပြောလာမှုနှင့် ပတ်သက်၍ ရန်ကုန်တိုင်းအတွင်း အချက်အချာကျ မြို့နယ်တခုမှ မြို့နယ်ရဲတပ်ဖွဲ့မှူးကြီး တဦးကို ဆက်သွယ်မေးမြန်းရာ ၎င်းက ခိုးမှုနှင့် အလစ်သုတ်မှု များပြားလာသည်ဆိုခြင်းမှာ မဟုတ်မှန်ကြောင်း နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ အနေဖြင့် ရပ်ရွာ အေးချမ်းသာယာရေးအတွက် အင်တိုက် အားတိုက် ဆောင်ရွက်နေသောကြောင့် မှုခင်းများကျဆင်းလျှက်ရှိကြောင်း ပြန်လည်ဖြေကြားသည်။

“ခိုးမှုတွေအရမ်းများနေတယ်ဆိုတာ အဓိပ္ပာယ်မရှိတဲ့ ကောလာဟလပါ။ ကျနော်တို့ ရဲတွေက နေ့ရော၊ ညရော လှည့်ကင်း တွေနဲ့ ရပ်ရွာလုံခြုံရေးဆောင်ရွက်နေတာပါ။ ရပ်ကွက်တွေမှာ ကိုယ်ထူကိုယ်ထ လုံခြုံရေးလုပ်ကြတာကတော့ ကောင်းတာပဲ” ဟု အဆိုပါ မြို့နယ်မှူးက ပြောသည်။

ရဲတပ်ဖွဲ့က ယင်းသို့ ဖြေကြားသော်လည်း ညအချိန်ရောက်တိုင်း ရပ်ကွက်များတွင် “နေအိမ်ခြံဝင်းတံခါးများလုံခြုံစွာ ပိတ်သိမ်းပြီးမှ အိပ်ကြပါ” ဟူသော ကိုယ်ထူကိုယ်ထ ရပ်ကွက်လုံခြုံရေးအဖွဲ့များ၏ သတိပေး နှိုးဆော် တိုက်တွန်းသံများ ပျံ့နှံ့လျက်ရှိသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နယ်စည်းမခြားသတင်းအဖွဲ့ ဇော်သက်ထွေးကို လွှတ်ပေးဖို့တောင်းဆို


16 June 2008

လေဘေးသင့်ပြည်သူတွေကို အကူအညီပေးပြီးတဲ့နောက် အဖမ်းခံလိုက်ရတဲ့ မြန်မာစာရေးဆရာကို လွှတ်ပေးဖို့ နယ်စည်းမခြား သတင်းထောက်များအဖွဲ့က တောင်းဆိုလိုက်ပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုဇော်သက်ထွေးဟာ မြန်မာနိုင်ငံမှာ အကျဉ်းကျနေကြတဲ့ စာနယ်ဇင်းဆရာတွေနဲ့ အင်တာနက် စာရေးဆရာတွေထဲက တယောက်ဖြစ်ပါတယ်လို့ ပြင်သစ်အခြေစိုက် စာနယ်ဇင်းဆိုင်ရာ အခွင့်အရေးအုပ်စုက ဆိုပါတယ်။

၂၀၀၆ ခုနှစ်နဲ့ယှဉ်လိုက်ရင် မြန်မာနိုင်ငံမှာ အဖမ်းခံနေရတဲ့ အင်တာနက်စာရေးဆရာတွေက သုံးဆများလာတယ်လို့ ပိုင်းခြားစိတ်ဖြာ သုံးသပ်သူတွေက ပြောကြပါတယ်။

မြန်မာပြည်အလယ်ပိုင်း မင်းဘူးမြို့မှာရှိတဲ့ သူ့မိဘတွေဆီ အလည်ပြန်စဉ်မှာ ကိုဇော်သက်ထွေး အဖမ်းခံခဲ့ရတာဖြစ်တယ်လို့ မျက်မြင်သက်သေတွေက ဆိုကြပါတယ်။

ကိုဇော်သက်ထွေးဟာ လေဘေးသင့် မြစ်ဝကျွန်းပေါ်ဒေသကို အကြိမ်များစွာ သွားဖြစ်ကြဖို့ စည်းရုံးခဲ့ပါတယ်။

အာဏာပိုင်တွေကတော့ ဘာကြောင့်ဖမ်းသလဲဆိုတာကို မပြောသေးပါဘူး။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကိုဇာဂနာနှင့် ကိုဇော်သက်ထွေးတို့ဦးဆောင်သည့် ကယ်ဆယ်ရေးလုပ်ငန်းများ ရပ်ဆိုင်းထား


ကိုသက် ဇွန် ၁၆၊ ၂၀၀၈

လူရွှင်တော် ဇာဂနာနှင့် အာကစားအယ်ဒီတာ ဇော်သက်ထွေးတို့ ၂ ဦးကို အာဏာပိုင်တို့က ဖမ်းဆီးထိန်းသိမ်း ထားသဖြင့် ၎င်းတို့ဦးဆောင်လုပ်ကိုင်နေသည့် ကယ်ဆယ်ရေးလုပ်ငန်းများကို ရပ်ဆိုင်းလိုက်ကြောင်း သိရသည်။

ဧရာဝတီတိုင်းရှိ လေဘေးဒုက္ခသည်များကို အနုပညာရှင်များ သွားရောက်ကူညီနေပုံ (ဓာတ်ပုံ - ဧရာဝတီ) ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့သူတဦးက “တယောက်ပြီး တယောက် အဖမ်းခံနေရလို့ အဲဒီလုပ်ငန်းကို ကျနော်တို့ ခဏဆိုင်းထားပါတယ်။ နောက်ဆုံး အသုတ်အနေနဲ့ လပ္ပတ္တာကို ဦးအောင်လွင် ဦးဆောင်ပြီးသွားလှူတာ မနေ့ညက ပြန်လာခဲ့ပြီ။ တဘက်က (အာဏာပိုင်က) ကိုင်တွယ်တာတွေက သိပ်ကြမ်းတယ်လေ … တယောက်တလေမှာ သူတို့မကြိုက်တာရှိရင် အကုန်လုံး တနွယ်ငင် တစင်ပါ ဖြစ်သွားမှာ ဆိုးရိမ်တယ်။ အဲဒါကြောင့် တိုင်ပင်ပြီးရပ်လိုက်တာ၊ အလှူရဖို့လည်း မကြိုးစား တော့ဘူး” ဟု ဧရာဝတီကို ပြောသည်။

မေလ ၂ ရက်နေ့နှင့် ၃ ရက်နေ့များက ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်တိုင်းတို့ကို နာဂစ်အမည်ရှိ အင်အားကြီး မားသည့် ဆိုင်ကလုန်းမုန်တိုင်း ဖြတ်သန်းတိုက်ခိုက်ခဲ့ရာ အသက်ပေါင်းတသိန်းကျော်ဆုံးရှုံးခဲ့ပြီး လူသန်းချီကာ အိုးမဲ့အိမ်မဲ့ ဖြစ်ကြရသည်ဟု ကမ္ဘာ့ကုလသမဂ္ဂနှင့် နိုင်ငံတကာအဖွဲ့အစည်းများက ကြေညာခဲ့သည်။

မုန်တိုင်းတိုက်ခတ်ပြီးနောက် ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့သည် စာပေနှင့် ရုပ်ရှင်အသိုင်းအ၀န်းရှိ လုပ်ဖော်ကိုင်ဖက် များအပါအ၀င် လူမှုကယ်ဆယ်ရေးလုပ်ကိုင်လိုသူများနှင့် ပူးပေါင်းကာ မုန်တိုင်းဒဏ်ခံရသည့် ဒေသများသို့သွားရောက်၍ ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်ခဲ့ကြသည်။

အာဏာပိုင်တို့က ဇွန်လ ၁၃ ရက်နေ့က ကိုဇော်သက်ထွေးအား မြန်မာနိုင်ငံအလယ်ပိုင်း မကွေးမြို့တွင် ဖမ်းဆီးခဲ့ပြီး ကိုဇာဂနာအား ယခုလ ၄ ရက်နေ့ညတွင် ရန်ကုန်မြို့နေအိမ်၌ ဖမ်းဆီးခြင်း ခံခဲ့ရသည်။ ကိုဇော်သက်ထွေးအား ရန်ကုန်မြို့ အောင်သပြေ စစ်ကြောရေးစခန်း၌ ဖမ်းဆီးထားကြောင်းကို မိသားစုမှတဆင့် စုံစမ်းသိရှိရသည်။

၎င်းတို့ ၂ ဦးကို မည့်သည့်အတွက်ကြောင့် ဖမ်းဆီးထိန်းသိမ်းထားသည်ကို အာဏာပိုင်တို့က မိသားစုဝင်များကို အသိပေး အကြောင်းကြားခြင်း မရှိပေ။

၎င်းတို့ ၂ ဦးသည် မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ကိုင်နေသည့်အတောအတွင်း အကူပစ္စည်းများအား အာဏာ ပိုင်အဖွဲ့အစည်းများက အလွဲသုံးစားပြုလုပ်ပုံနှင့် ဝေးလံသီခေါင်သည့် ရွာများရှိ လေဘေးဒုက္ခသည်များ ကူကယ်ရာမဲ့နေပုံ များကို လွတ်လပ်သည့်သတင်းဌာနများအား ပြောဆိုခဲ့ရာ ယင်းလုပ်ရပ်များကြောင့် အဖမ်းခံရခြင်းဖြစ်သည်ဟု ၎င်းတို့နှင့် နီးစပ်သူများက သုံးသပ်ကြသည်။

“ကျနော်တို့ကတော့ အမျိုးသားရေးအမြင်နဲ့ ကူညီရတာပါ။ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်လိုက်ရပေမယ့် ကျနော်တို့က တဆင့် လှူဒါန်းချင်တဲ့ အလှူရှင်တွေရှိပါသေးတယ်။ လေဘေးဒုက္ခသည်တွေမှာလည်း အကူအညီ လိုအပ်နေဆဲပါ” ဟု ကိုဇာဂနာ၊ ကိုဇော်သက်ထွေးတို့နှင့်အတူ ကယ်ဆယ်ရေးလုပ်ငန်း လုပ်ကိုင်ခဲ့သူက ပြောသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အမေရိကန်အောက်လွှတ်တော်အမတ် မြန်မာစစ်အစိုးရကို ဝေဖန်

16 June 2008

မြန်မာနိုင်ငံမှာ စစ်အစိုးရက ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ဖိအားပေး နှိပ်ကွပ်နေပြီး လူ့အခွင့်အရေးချိုးဖောက်မှုမျိုးစုံ ကျူးလွန်နေတာကြောင့် မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် အရေးယူ အပြစ်ပေးသင့်တယ်လို့ ပင်ဆယ်လ်ဗေးနီးယားပြည်နယ် လန်ကတ်စ်တာ ချက်စ်တာနဲ့ ဘာ့က်စ်မြို့တွေကို ကိုယ်စားပြုတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက် ပစ် (Joseph Pitts) က ဇွန်လ ၁၂ ရက်နေ့က အောက်လွှတ်တော်ရှေ့မှောက်မှာ ပြောကြားခဲ့ပါတယ်။ အကြောင်းစုံကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာစစ်အစိုးရပိုင် သတင်းမီဒီယာတွေထဲမှာ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်သက်တမ်း ထပ်တိုးလိုက်တဲ့ကိစ္စနဲ့ ဥပဒေနဲ့အညီ လုပ်တာဖြစ်တဲ့အကြောင်း ရေးသားဖော်ပြခဲ့ပြီးတဲ့နောက် အောက်လွှတ်တော်အမတ် ဂျိုးဇက် ပစ်က အောက်လွှတ်တော်မှာ အခုလို ပြောကြားသွားတာပါ။

“မြန်မာပြည်သူတွေက တရားဝင် ရွေးကောက်တင်မြှောက်ထားတဲ့ နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံတော်လုံခြုံရေးကို နှောင့်ယှက်ဖျက်ဆီးမယ့် ဘေးအန္တရာယ်ကနေ ကာကွယ်ဖို့ အခုလို အရေးယူ ထိန်းသိမ်းရတာလို့ မြန်မာစစ်အစိုးရ ခေါင်းဆောင်တွေက ဆိုပါတယ်။ ဒါပေမယ့် တကယ်တမ်းမှာက လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ဆက်တိုက်ကျူးလွန်နေတဲ့ မြန်မာစစ်အစိုးရသာ အပြစ်ပေး အရေးယူ ခံရသင့်တာပါ။”

မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း …

“မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေ အကူအညီ အရေးတကြီး လိုအပ်နေတဲ့အချိန်မှာ နိုင်ငံတကာရဲ့ အကူအညီတွေကို ရက်သတ္တပတ်နဲ့ချီပြီး ကန့်သတ်ပိတ်ပင်ထားတာ၊ မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုကို ထိုးစစ်ဆင် တိုက်ခိုက်နေတာ၊ တိုင်းရင်းသားလူနည်းစု အမျိုးသမီးတွေကို အဓမ္မပြုကျင့်၊ မျိုးနွယ်ဆက်တုန်းအောင် သွေးနှောမှုတွေလုပ်တာ၊ အရွယ်မရောက်သေးတဲ့ ကလေးငယ်တွေကို စစ်တပ်ထဲအတင်းသွင်းပြီး စစ်သားလုပ်ခိုင်းတာ၊ နောက် နိုင်ငံရဲ့ သဘာဝ သယံဇာတတွေကို တိုင်းပြည်အတွက်မသုံးဘဲ မိမိ မိသားစု ကိုယ်ကျိုးစီးပွားအတွက် အသုံးချတာ၊ ဒါတွေကို ကျူးလွန်နေတာက မြန်မာစစ်အစိုးရပါ။ ဒါကြောင့် မြန်မာစစ်အစိုးရကသာ အရေးယူ အပြစ်ပေးတာကို ခံရမှာပါ။”

ပင်ဆယ်လ်ဗေးနီးယားပြည်နယ် လန်ကတ်စ်တာ ချက်စ်တာနဲ့ ဘာ့က်စ်မြို့တွေကို ကိုယ်စားပြုတဲ့ အမေရိကန် အောက်လွှတ်တော်အမတ် ဂျိုးဇက် ပစ် အောက်လွှတ်တော်မှာ ဇွန်လ ၁၂ ရက်နေ့က ပြောကြားသွားခဲ့တာပါ။ အဲဒီနေ့ တရက်တည်းမှာပဲ အထက်လွှတ်တော်မှာလည်း ၂၀၀၃ ခုနှစ် “The Freedom and Democracy Act” လို့ခေါ်တဲ့ မြန်မာစစ်အစိုးရအပေါ် အမေရိကန်ပြည်ထောင်စုရဲ့ အရေးယူမှု ဒဏ်ခတ်အက်ဥပဒေကို နောက်ထပ်တနှစ် သက်တမ်းတိုးဖို့ ကန်တာကီပြည်နယ် ရီပတ်ပလီကန် အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနယ်လ် (Mitch McConnell) နဲ့ ကယ်လီဖိုးနီးယားပြည်နယ် ဒီမိုကရက် အထက်လွှတ်တော်အမတ် ဒိုင်ယန်း ဖိုင်းစတိန်း (Dianne Feinstein) တို့က ဦးဆောင်ပြီး ကျန်လွှတ်တော်အမတ်တွေကို ဒီအက်ဥပပဒေ သက်တမ်းတိုးရေး ထောက်ခံအတည်ပြုကြဖို့ အထက်လွှတ်တော်မှာ အဆိုတင်သွင်းခဲ့ပါတယ်။ ဒီအက်ဥပဒေမှာ မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေ အမေရိကန်နိုင်ငံထဲ တင်သွင်းခွင့် ပိတ်ပင်ထားသလို မြန်မာစစ်အစိုးရ အရာရှိတွေနဲ့ သူတို့ရဲ့မိသားစုဝင်တွေကိုလည်း အမေရိကန်ပြည်ဝင်ခွင့်ဗီဇာ ပိတ်ပင်မှု စတာတွေ ပါဝင်ပါတယ်။

ပြီးခဲ့တဲ့နှစ်တွေအတွင်း ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ မြန်မာစစ်အစိုးရဘက်က တိုးတက်မှု တစုံတရာ မပြခဲ့သလို မုန်တိုင်းကာလ ဒုက္ခသည်တွေကို ကူညီဖို့ နိုင်ငံတကာ ကူညီကယ်ဆယ်ရေးအဖွဲ့တွေ မြန်မာပြည်တွင်းဝင်ရောက်ခွင့် ပိတ်ပင်ခဲ့တာဟာဆိုရင်လည်း မုန်တိုင်းဘေးဒုက္ခသည်တွေကို ပိုပြီး အတိဒုက္ခရောက်အောင် လုပ်တာကြောင့်မို့လို့ ဒါဟာ သိပ်ကို လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်၊ ဒီလို လုပ်ရပ်တွေကြောင့် မြန်မာစစ်အစိုးရအပေါ် ဒဏ်ခတ်ပိတ်ဆို့ အရေးယူမှုတွေကို ဆက်လုပ်သင့်တဲ့အကြောင်း အထက်လွှတ်တော်အမတ် မစ်ခ်ျ မက်ကောနယ်လ်ရဲ့ ဇွန်လ ၁၂ ရက်နေ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးသင့်ဒေသ သွေးလွန်တုပ်ကွေး ကာကွယ်ရေး ကုလသမဂ္ဂ စတင်

16 June 2008

နာဂစ်ဆိုင်ကလုံး တိုက်ခတ်ခဲ့တဲ့ ဒေသတွေမှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်ဖို့ ကုလသမဂ္ဂအဖွဲ့ကြီးက စီစဉ်နေတယ်လို့ အရာရှိတွေက ပြောပါတယ်။ ကုလသမဂ္ဂက ဘယ်လို ကာကွယ်ရေးလုပ်ငန်းတွေ လုပ်မယ်ဆိုတာကို ကိုဇော်ဝင်းလှိုင်က စုစည်းတင်ပြထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီ ကာကွယ်ရေးလုပ်ငန်းတွေကို နာဂစ်ဆိုင်ကလုံးမုန်တိုင်း တိုက်ခတ်ခံခဲ့ရတဲ့ ရန်ကုန်နဲ့ မြစ်ဝကျွန်းပေါ်ဒေသတွေမှာ လုပ်မှာဖြစ်ပါတယ်။ ဒီဒေသတွေမှာရှိတဲ့ ရေလှောင်ကန်တွေနဲ့ ရေ၀ပ်နေတဲ့နေရာတွေက ခြင်တွေပေါက်လာမှာ စိုးတဲ့အတွက် ပိုးလောက်လန်းသတ်ဆေးနဲ့ ပိုးသတ်ဆေးတွေ ဖြန်းမှာဖြစ်ပါတယ်။ မုန်တိုင်းဖြစ်တဲ့ဒေသက အများစုဟာ အမိုးအကာမရှိဘဲ နေထိုင်နေကြရတာကြောင့် ခြင်ကတဆင့် သွေးလွန်တုပ်ကွေးနဲ့ ငှက်ဖျားရောဂါအပါအ၀င် တခြားရောဂါတွေ ပြန့်ပွားမှာစိုးရိမ်တဲ့အတွက် အခုလို ကြိုတင်ကာကွယ်ဆေးဖျန်းဖို့ စီစဉ်တာလည်း ဖြစ်ပါတယ်။

အခုလို ပိုးသတ်ဆေးဖြန်းမယ့် လုပ်ငန်းစဉ်နဲ့ပတ်သက်ပြီး ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာရှိတဲ့ WHO က ပြောရေးဆိုခွင့်ရှိသူ မစ္စတာ ပေါလ် ဒါဝုဒ် (Mr. Paul Darwood) က ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“မုန်တိုင်းဒဏ် အဓိက အဆိုးရွားဆုံးခံခဲ့ရတဲ့ ဧရာဝတီတိုင်းအတွင်းက အရေးပါတဲ့ မြို့နယ် ၁၁ မြို့နယ်မှာ သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးနဲ့ ထိန်းချုပ်ရေးလုပ်ငန်းကို လုပ်ကိုင်သွားမှာဖြစ်ပါတယ်။”

ဧရာဝတီတိုင်းဟာ မုန်တိုင်းဒဏ် အဆိုးရွားဆုံးခံခဲ့ရတာဖြစ်ပေမယ့် ရန်ကုန်တိုင်းအတွင်းမှာလည်း ဦးစားပေးလုပ်ဆောင်ဖို့လိုတဲ့အကြောင်း သူက အခုလို ဆက်ပြောပါတယ်။

“ရန်ကုန်မြို့မှာလည်း သွေးလွန်တုပ်ကွေးရောဂါ တော်တော်များများ ဖြစ်ပွားနိုင်ခြေရှိတာကြောင့် ရန်ကုန်တိုင်းအတွင်းမှာလည်း ကာကွယ်ရေးလုပ်ငန်းတွေ ဦးစားပေး လုပ်ဆောင်ရမှာဖြစ်ပါတယ်။”

ကုလသမဂ္ဂက အခုလို သွေးလွန်တုပ်ကွေး ကာကွယ်ရေးလုပ်ငန်း လုပ်ဆောင်ရတဲ့ အဓိကရည်ရွယ်ချက်ကတော့ ဒီမိုးရာသီကာလအတွင်း သွေးလွန်တုပ်ကွေး ကူးစက်ပြန့်ပွားမှုကို လျှော့ချဖို့၊ နောက် အစိုးရ ကျန်းမာရေးဝန်ကြီးဌာနအနေနဲ့ သွေးလွန်တုပ်ကွေး ကာကွယ်ကုသရေးဆိုင်ရာလုပ်ငန်းတွေ ပိုမိုအင်အားဖြည့် လုပ်ဆောင်လာနိုင်စေရေးတို့ ဖြစ်တယ်လို့လည်း မစ္စတာ ဒါဝုဒ်က ပြောပါတယ်။

အခုချိန်ထိတော့ ပိုးလောက်လန်းသတ်ဆေး ၁.၅ တန် မြန်မာနိုင်ငံကို ရောက်ရှိပြီးဖြစ်ပြီး နောက်ထပ် ၅ တန်ဟာ မြန်မာနိုင်ငံကို တင်ပို့ဖို့အတွက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာ အဆင်သင့်ရှိနေတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

အရင်နှစ်တွေကထက်စာရင် သွေးလွန်တုပ်ကွေး ပိုဖြစ်တဲ့လက္ခဏာ အခုထိ မတွေ့ရသေးဘူးလို့ ကုသလမဂ္ဂ မြန်မာနိုင်ငံ ဌာနေရုံးက သွေးလွန်တုပ်ကွေးရောဂါ ကျွမ်းကျင်သူ လီယိုနာ့ဒ် အော်တေးဂါး (Leonard Ortega) ကပြောကြောင်း အေပီသတင်းမှာ ကိုးကားဖော်ပြထားပါတယ်။

တကယ်တော့ မြစ်ဝကျွန်းပေါ်က မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ဒေသတွေမှာ ၀မ်းရောဂါတွေ ကျယ်ကျယ်ပြန့်ပြန့်ဖြစ်ပေါ်လာပြီး လူတချို့ သေဆုံးမှုရှိလာနေတဲ့အကြောင်း ဒီဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတဲ့ ကျန်းမာရေးဝန်ထမ်းတွေက ပြောဆိုနေကြတဲ့အချိန်မှာ ကုလသမဂ္ဂက အခုလို သွေးလွန်တုပ်ကွေး ကာကွယ်ဆေးတွေဖြန်းဖို့ စီစဉ်တာလည်း ဖြစ်ပါတယ်။

ဒီကာကွယ်ဆေးဖြန်းတဲ့ အစီအစဉ်ကို WHO၊ UNICEF နဲ့ စစ်အစိုးရတို့ ပူးပေါင်းလုပ်ဆောင်ကြမှာဖြစ်ပြီး လုပ်အားပေး ၁,၇၀၀ လောက် ပါဝင်မယ်လို့လည်း သွေးလွန်တုပ်ကွေးရောဂါ ကျွမ်းကျင်သူ လီယိုနာ့ဒ် အော်တေးဂါးက ပြောပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းအလုပ်သမား ဥပဒေသစ် မြန်မာရွှေ့ပြောင်း အလုပ်သမားတွေအတွက် အကျိုးမဖြစ်

16 June 2008


ထိုင်းအစိုးရက အတည်ပြုပြဋ္ဌာန်းလိုက်ပြီဖြစ်တဲ့ ရွှေ့ပြောင်းအလုပ်သမားများဆိုင်ရာ ဥပဒေအသစ်ဟာ အလုပ်သမားတွေအတွက် အထောက်အကူမဖြစ်စေတဲ့အပြင် အကျပ်အတည်းတွေပဲ ပိုဖြစ်စေလိမ့်မယ်လို့ ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားများအရေး ဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေက မြင်ကြပါတယ်။ ဒီဥပဒေသစ်နဲ့ပတ်သက်လို့ ထိုင်းအစိုးရကို မေတ္တာရပ်ခံတင်ပြရေး ဒီအဖွဲ့အစည်းတွေစုပေါင်းပြီး ဆွေးနွေးပွဲတွေကို သုံးရက်ကြာကျင်းပနေတဲ့ အတောအတွင်း အခုလိုအမြင်တွေ ထွက်ပေါ်လာတာပါ။ အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက တင်ပြပေးထားပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းနိုင်ငံမှာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာအပါအ၀င် နိုင်ငံအသီးသီးက ရွှေ့ပြောင်းအလုပ်သမားတွေနဲ့သက်ဆိုင်တဲ့ ဥပဒေအသစ်တခုကို ပြီးခဲ့တဲ့မတ်လမှာပဲ ထိုင်းအစိုးရက အတည်ပြုပြဋ္ဌာန်းခဲ့တာပါ။ နဂိုရှိခဲ့တဲ့ ဥပဒေအဟောင်းတွေနဲ့တောင်မှ အလုပ်သမားတွေအဖို့ အခက်အခဲ ပြဿနာပေါင်းစုံကို ရင်ဆိုင်ခဲ့ကြရပြီး အခုဥပဒေသစ်နဲ့ဆိုရင် ထိခိုက်နစ်နာမှုတွေ ပိုဖြစ်လာနိုင်တယ်လို့ ရွှေ့ပြောင်းအလုပ်သမားအရေး ဆောင်ရွက်နေတဲ့ အဖွဲ့တွေက မြင်ကြပါတယ်။

အလုပ်သမားတွေကို ထိခိုက်နစ်နာစေတယ်လို့ သူတို့မြင်တဲ့ ဥပဒေသစ်ပါ အချက်တချို့ကို ဒီဆွေးနွေးပွဲမှာ ပါဝင်တက်ရောက်နေသူ Grassroots Human Rights Education အဖွဲ့က ကိုထူးချစ်က ဗွီအိုအေကို ပြောပြပါတယ်။

“အဓိကတော့ အလုပ်သမားတွေက သူတို့ကို လစဉ် ပြန်လည်ပို့ဆောင်ခအဖြစ် အစိုးရကို ပြန်ပေးရမယ့်အတွက် သူတို့ရဲ့ဝင်ငွေအပေါ်မှာ လစဉ်ဖြတ်မှာရှိတယ်။ ပိုပြီးဆိုးတဲ့တချက်က ပြီးခဲ့တဲ့ဥပဒေမှာ တရားမ၀င်အလုပ်သမားတွေကို လက်ခံထားတဲ့ အလုပ်ရှင်ကို ထောင် ၅ နှစ်ချနိုင်တယ်။ အလုပ်သမားကို ထောင် ၂ နှစ်ချနိုင်တယ်။ ဒီနှစ်ဥပဒေမှာကျတော့ တရားမ၀င် အလုပ်သမားက ထောင် ၅ နှစ်ကျခံရပြီး အလုပ်ရှင်က ထောင် ၂ နှစ်ပဲ ကျခံရမယ်ဆိုတဲ့ဟာမျိုး။

“နောက်တခုက ပြီးခဲ့တဲ့ဥပဒေမှာ ရဲတွေ၊ သက်ဆိုင်ရာ အာဏာပိုင်တွေက တရားမ၀င် အလုပ်သမားတွေရှိလို့ သူတို့ဝင်ဖမ်းမယ်ဆိုရင် တရားဝင်ဥပဒေအရ သူတို့မှာ ဖမ်းဝရမ်းရှိရတယ်။ ဒါပေမယ့် ဒီဥပဒေသစ်မှာကျတော့ သူတို့အနေနဲ့ အဲဒီမှာ တရားမ၀င် အလုပ်သမားတွေ ရှိတယ်လို့ထင်ရင် အချိန်မရွေး သူတို့ ၀င်ရောက်ဖမ်းဆီးပိုင်ခွင့်ရှိတယ်။ ဖမ်းဝရမ်းတွေဘာတွေ မရှိဘဲနဲ့ကို ဖမ်းဆီးခွင့်ရှိတယ်။ အဲဒီအချက်တွေက အလုပ်သမားတွေကို အများကြီးထိခိုက်မယ်လို့ ကျနော်တို့မြင်တယ်။”

ဒါ့ကြောင့်လည်း အလုပ်သမားတွေ ထိခိုက်နစ်နာစေနိုင်တဲ့ ဒီဥပဒေသစ်ပါအချက်တွေကို ပြန်လည်သုံးသပ်နိုင်ရေး ထိုင်းအစိုးရကို တင်ပြဖို့အတွက် အခုလို ဆွေးနွေးပွဲတွေလုပ်ရတာပါလို့ ကိုထူးချစ်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ လာရောက်လုပ်ကိုင်နေကြတဲ့ နိုင်ငံခြားသား အလုပ်သမားအများစုဟာ မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို စတဲ့ အိမ်နီးချင်းနိုင်ငံတွေကဖြစ်ပြီး အဲဒီထဲမှာမှ မြန်မာနိုင်ငံသား အလုပ်သမားက အများစုဖြစ်ပါတယ်။ ဒီထဲမှာလည်း တရားဝင် အလုပ်သမားမှတ်ပုံတင်နဲ့ လုပ်ကိုင်နေတဲ့ အလုပ်သမားတွေက အနည်းစုဖြစ်ပြီး အများစုကတော့ တရားမ၀င် လုပ်ကိုင်နေကြတာပါ။ တရားမ၀င်လုပ်ကိုင်နေကြသူတွေ မဆိုထားနဲ့၊ တရားဝင်လုပ်ကိုင်နေကြသူတွေတောင်မှ ထိုင်းအလုပ်ရှင်တွေရဲ့ နိုင့်ထက်စီးနင်း ပြုမူဆက်ဆံတာတွေကို ခံကြရတဲ့သတင်းတွေက အမြဲလိုကြားနေရပါတယ်။ အလုပ်ရှင်တွေရဲ့ မတရားပြုကျင့်မှုတွေကို ခံကြရတဲ့ မြန်မာအလုပ်သမားတွေအဖို့ ဥပဒေအရ အကာအကွယ်ပေးမှုကလည်း မခံစားရသလောက်ပါ။

မလေးရှားနိုင်ငံမှာ တရားမ၀င် နိုင်ငံခြားသားအလုပ်သမားတွေကို ဖမ်းဆီးတဲ့ ယာလာလို့ အရပ်ခေါ် ခေါ်ကြတဲ့ အဖွဲ့တခုရှိပြီး အဲဒီအဖွဲ့ဟာ အလုပ်သမားတွေကို ဖမ်းဆီးနှိပ်ကွပ်တဲ့နေရာမှာ ရက်စက်လွန်းတဲ့အတွက် နာမည်ဆိုးနဲ့ ကျော်ကြားပါတယ်။ အခု ထိုင်းဥပဒေသစ်မှာလည်း အဲဒီလိုအဖွဲ့ဆန်ဆန် ဖြစ်ပေါ်လာနိုင်တဲ့ အလားအလာတွေ ရှိနေတဲ့အတွက် အလုပ်သမားအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေက ပိုစိုးရိမ်နေကြတာပါ။

“ဒီဥပဒေအရဆိုရင်တော့ မလေးရှားက ယာလာလိုမျိုး ပြောလို့ရတာပေါ့။ ဥပမာ ဒေသခံ ထိုင်းမာဖီးယားတွေဖြစ်ဖြစ်၊ ဒေသခံ ထိုင်းလူငယ်တွေဖြစ်ဖြစ်၊ သူတို့က သူတို့ဘာသာ တရားမ၀င်ဘူးထင်တဲ့ အလုပ်ရုံ၊ စက်ရုံတွေ၊ အလုပ်ကွက်တွေကို အချိန်မရွေး ရဲကိုအကြောင်းကြားပြီး ဖမ်းခွင့်ရှိတာပေါ့။ အဲဒီလို ဖမ်းခွင့်ရှိတဲ့အတွက် ဘာတွေ ပြဿနာဖြစ်လာမလဲဆိုတော့ သူတို့ကို ဆက်ကြေးသဘောမျိုးပေးရမယ့်ဟာတွေကို ကျနော်တို့ အလုပ်သမားတွေက တအားစိုးရိမ်လာတယ်။”

မတ်လမှာ ထိုင်းအစိုးရက ဥပဒေသစ်ကို ပြဋ္ဌာန်းလိုက်ပြီးဖြစ်ပေမယ့် ခုချိန်ထိတော့ လက်တွေ့အကောင်အထည်ဖော်တာ မရှိသေးပါဘူး။ ဒါပေမယ့် သိပ်မကြာခင် အချိန်ကာလမှာပဲ ဒါကို အကောင်အထည်ဖော်လိမ့်မယ်လို့ တွက်ဆထားကြပါတယ်။

အခုကျင်းပနေတဲ့ ဆွေးနွေးပွဲတွေကနေ ထွက်ပေါ်လာမယ့် ထုတ်ပြန်ချက်တခုကို ဇွန်လ ၃၀ ရက်နေ့မှာ ထိုင်းအလုပ်သမားဝန်ကြီးဌာနကို ပေးပို့သွားမယ့်အကြောင်းလည်း ကိုထူးချစ်က ပြောပြခဲ့ပါတယ်။

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေရဲ့ အနာဂတ်အလားအလာနဲ့ ပတ်သက်လို့တော့ သူ့အနေနဲ့ သိပ်အကောင်းမမြင်လှပါဘူး။ ဒါ့အပြင် နာဂစ်မုန်တိုင်းဒဏ်ခံစားခဲ့ရပြီးတော့ အဆင်မပြေ၊ ဒုက္ခရောက်ရသူတွေ ထိုင်းနိုင်ငံကို ဒီ့ထက်ထိ ပိုပိုထွက်ပြေးလာကြဦးမယ့် အခြေအနေနဲ့ပတ်သက်လို့ စိုးရိမ်မှုကိုလည်း ဖော်ပြခဲ့ပါတယ်။

“ကျနော်တို့ အဖွဲ့အစည်းတွေကြားမှာ ဆွေးနွေးဖြစ်တာကတော့ ဗမာပြည် လက်ရှိအစိုးရကလည်း အပြောင်းအလဲမရှိဘူး၊ လူ့အခွင့်အရေးတွေလည်း ချိုးဖောက်နေတဲ့အချိန်မှာ နာဂစ်ဆိုင်ကလုံးနဲ့ပတ်သက်ပြီး ပြေးလာတဲ့လူတွေကလည်း တရက်တရက် ပိုပိုများလာတယ်။ ဒီနှစ်ထဲမှာလည်း အဲဒီဒုက္ခသည်တွေက Migrant ဖြစ်ဦးမှာပဲ။ အဲဒီအတွက် ထိုင်းနိုင်ငံထဲမှာ ကျနော်တို့အလုပ်သမားတွေရဲ့ အခြေအနေကတော့ ဆိုးနေဦးမှာပဲလို့ ကျနော်တို့မြင်တယ်။”

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းအလုပ်သမားတွေအရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေထဲက တခုဖြစ်တဲ့ အခြေခံလူထု လူ့အခွင့်အရေး ပညာပေးအဖွဲ့က ကိုထူးချစ်ပါ။

အခုကျင်းပနေတဲ့ ဆွေးနွေးပွဲတွေကို အလုပ်သမားအရေး လုပ်ဆောင်နေတဲ့အဖွဲ့တွေ စုပေါင်းထားတဲ့ Action Network for Migrant (ANM) နဲ့ Mekhong Migration Network (MMN) တို့ ပူးတွဲလုပ်ဆောင်တာဖြစ်ပါတယ်။ မနေ့ကကျင်းပခဲ့တဲ့ ဆွေးနွေးပွဲမှာ အလုပ်သမားတွေပါ ပါဝင်တက်ရောက်ဆွေးနွေးခဲ့ပေမယ့် အလုပ်ရှင်တွေတော့ ပါဝင်ခြင်းမရှိခဲ့ပါဘူး။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်