စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 15, 2008

သံဃာ့တပ်ပေါင်းစုခေါင်းဆောင်အရှင်ဂမ္ဘီရအား ရုံးမထုတ်ဖြစ်

ဗထူး။ ဇူလိုင် ၁၅၊ ၂၀၀၈

သံဃာ့တပ်ပေါင်းစု ခေါင်းဆောင်အရှင်ဂမ္ဘီရအား အာဏာပိုင်များက အပြင်ရုံးထုတ်ခြင်းမရှိဘဲ ထောင်တွင်း၌သာ ရမန်ဆက်လက်ယူထားသည်။
အရှင်ဂမ္ဘီရအား ရုံးထုတ်မည်ဆိုသည့်အတွက် ယနေ့ နံနက်(၆) နာရီကတည်းက သွားရောက် စောင့်ဆိုင်းနေခဲ့ပြီး နေ့လည် (၂) နာရီကျော်သည်အထိ ရုံးထုတ်ခြင်းမရှိသည့်အတွက် ပြန်လာရ သည်ဟု အစ်မဖြစ်သူ မခင်ဖြူထွေးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုကဲ့သို့ ရုံးမထုတ်ဖြစ်ခဲ့သည့် အခြေအနေနှင့်ပတ်သက်၍့ အစ်မဖြစ်သူက “ထောင်မှူးကို မေး လိုက်တော့ သူကဖုန်းဆက်သေးတယ်၊ စာရင်းကိုလည်းကြည့်သေးတယ်၊ အထူးရုံးမှာ ထုတ် တယ်ဆိုရင် စာရင်းထဲမှာ ကြည့်လိုက်တော့လည်း မပါဘူး၊ အဲဒါနဲ့ ဖုန်းဆက်ပေးပါဆိုတော့ ဒီနေ့ ရုံးချိန်းကတော့ ဟုတ်တော့ဟုတ်တယ်၊ ထုတ်မထုတ်ကိုတော့ မသိဘူးလို့ပြောတယ်” ဟု ပြော သည်။
ယမန်နေ့က ထောင်ဝင်စာသွားတွေ့စဉ်က အစားအသောက်များပေးပို့ခဲ့ပြီး အရှင်ဂမ္ဘီရနှင့်လည်း တွေ့ခွင့်ရခဲ့ကြောင်း၊ ၎င်းတို့အား ယခင်က စွဲဆိုထားသည့် ပုဒ်မ (၁၃/၁)၊ (၁၇/၁) တို့အစား ပုဒ်မ(၅) ညသို့ ပြောင်းလဲစွဲဆိုလိုက်သည်ဟု ၎င်းကဆက်လက်ပြောဆိုသည်။
အရှင်ဂမ္ဘီရ၏ ထောင်တွင်းကျန်းမာရေး အခြေအနေနှင့်ပတ်သက်၍ “ကျန်းမာရေးအခြေအနေ ကတော့ ကောင်းတယ်၊ ဟိုတလောကတော့ အစာအိမ်ရောင်လို့၊ ကျန်တာကတော့ မွေးနေ့တုန်း က မွေးနေ့ကိတ်ပို့တာ မရဘူး၊ သူ့ဒကာမ တယောက်က ပန်းပင်ပေးတာလဲ ပို့လို့မရဘူး” ဟု ဆက်လက်ပြောသည်။
ထို့အပြင်အရှင်ဂမ္ဘီရ၏ အစ်ကိုဖြစ်သူ ကိုအောင်ကျော်ကျော်ကိုလည်း ရုံးမထုတ်ဖြစ်ကြောင်းနှင့် စွဲဆိုထားသည့်ပုဒ်မ အတူတူဖြစ်ကာ ကျောက်တံတားတရားရုံးမှာပင် ရုံးထုတ်မည်ဟုပြော သည်။
အာဏာပိုင်များက အရှင်ဂမ္ဘီရအား ယခင်က အလုံ၊ ရန်ကင်းတရားရုံးများတွင် ရုံးထုတ်စစ်ဆေး ခြင်းများ ပြုလုပ်ခဲ့ပြီး ပြီးခဲ့သည့် မတ်လ (၁၇) နေ့မှစ၍ ရုံးထုတ်စစ်ဆေးမှုများ ရပ်တန့်ထားခဲ့ ကာ ယနေ့ပထမဆုံးပြန်လည် ရမန်ယူခြင်းဖြစ်၍ လက်ရှိအင်းစိန်ထောင် တိုက် (၁)၊ အဆောင် (၁) တွင် ထားရှိသည်။
အရှင်ဂမ္ဘီရသည် ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလက နိုင်ငံအ၀ှမ်း ပတ္တနိက္ကုဇနကံဆောင်ကာ သံဃာများ လမ်းလျှောက်ကြွချီမေတ္တာပို့ခဲ့သည့် လှုပ်ရှားမှုတွင် ဦးဆောင်သံဃာတော်တပါး အဖြစ်ပါဝင်ခဲ့ပြီး စစ်အစိုးရ၏ ဖမ်းဆီးထိန်းသိမ်းခြင်းကို ခံခဲ့ရသည်။

အပြည့်အစုံဖတ်လိုလျှင်

မြန်မာအမျိုးသမီးသံတမန်တဦးကို ဗြိတိသျှအစိုးရက ဗီဇာဆိုင်းငံ့ထား

NEJ/ ၁၅ ဇူလိုင် ၂၀၀၈

လန်ဒန်မြို့ မြန်မာသံရုံးတွင် တာဝန်ထမ်းဆောင်ရမည့် မြန်မာအမျိုးသမီး သံတမန်တဦးကို ဗြိတိသျှအစိုးရက ဗီဇာထုတ်မပေးဘဲ ဆိုင်းငံ့ထားသည်။

အဆိုပါ မြန်မာအမျိုးသမီး သံတမန်သည် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ သမက် ဗိုလ်မှူးဇော်ဖြိုးဝင်း၏ ညီမဖြစ်ပြီး မကြာခင်က လန်ဒန်မြန်မာ သံရုံးမှ ထွက်ပြေးပြီး နိုင်ငံရေးခိုလှုံခွင့် လျှောက်ထားသူ ဒေါ်နွယ်နီနေရာ၌ တာဝန်ထမ်းဆောင်မည့်သူ ဖြစ်သည်ဟု နေပြည်တော် သတင်းရပ်ကွက်က ပြောသည်။ မည်သည့်အတွက် ဗြိတိသျှအစိုးရက ဗီဇာထုတ်မပေးဘဲ ဆိုင်းငံ့ထားသည်ကိုမူ ရှင်းရှင်းလင်းလင်း မသိရသေးပေ။

၁၉၉၀ ခုနှစ်များ အစောပိုင်းကစပြီး ရန်ကုန်ဗြိတိသျှသံရုံးမှ စစ်သံမှူးကို ဗြိတိသျှအစိုးရက ပြန်ခေါ်ခဲ့သကဲ့သို့ လန်ဒန်မြန်မာသံရုံးမှ မြန်မာစစ်သံမှူးကိုလည်း စစ်အစိုးရမှ ပြန်ခေါ်ရန် ဗြိတိသျှအစိုးရက ပြောခဲ့သည်ဟု အနောက်တိုင်း သံတမန်တဦးက ခေတ်ပြိုင်ကို ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒခံယူပွဲ (၉၂) ရာနှုန်းသည် စစ်အစိုးရကို ပြည်သူထောက်ခံခြင်းမဟုတ်

NEJ/ ၁၅ ဇူလိုင် ၂၀၀၈

ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသည့်နေ့မှစ၍ လက်ရှိစစ်အစိုးရသည် (၉၂) ရာနှုန်း ပြည်သူ ထောက်ခံမှုရသည့် အစိုးရဖြစ်သွားသည်ဆိုသည့် မြန်မာ့အလင်း ဆောင်းပါးပါ အချက်များ မှားနေ ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအ၀န်းက ပြောသည်။
အဆိုပါ ဆောင်းပါးကို ဆောင်းပါးရှင် မောင်စေတနာ B.A. B. Ed ဆိုသူက ရေးသားခြင်းဖြစ်သည်။ ဆောင်းပါးရှင် မောင်စေတနာသည် အမည်ရင်း ဦးငြိမ်းမောင်ဖြစ်ပြီး ပခုက္ကူမြို့မှ အငြိမ်းစား ပညာရေးမှူးတဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကို တိုက်ခိုက်သည့် ဆောင်းပါးများ မြန်မာ့အလင်းတွင် ရေးလေ့ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သူ့ဆောင်းပါးပါ အချက်များမှာ စစ်အစိုးရ ဖွဲ့စည်းပုံနှင့် စစ်တပ်အခန်းကဏ္ဍကို ထောက်ခံရေးသား ထားခြင်းဖြစ်ပြီး လွှတ်တော်မှာ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာနှုန်း ပါသည့်ကိစ္စကို ပြည်သူများ နားရှုတ်အောင် ရေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ဆန္ဒခံယူပွဲမှာ (၉၂) ရာနှုန်း ရရှိခြင်းသည် လူထုဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ထောက်ခံသည့်သဘောသာဖြစ်ပြီး လက်ရှိ စစ်အစိုးရအပေါ် လူထု ထောက်ခံမှု (၉၂) ရာနှုန်း ရသည်ဟု မှတ်ယူ၍မရကြောင်း အမည်မဖော်လိုသည့် ရန်ကုန်ရှေ့နေ တဦးက ခေတ်ပြိုင်သို့ ပြောသည်။ ရန်ကုန်နိုင်ငံရေးသမား အတော်များများကလည်း ဆန္ဒခံယူပွဲမှ ရသည့် (၉၂) ရာနှုန်းသည် စစ်အစိုးရကို လူထုက ထောက်ခံခြင်းမဟုတ်ကြောင်း ထောက်ပြသည်။
စစ်အစိုးရ မျှော်မှန်းသည့်အတိုင်း ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖြစ်သည်ဆိုလျှင် ပထမ အကြိမ် လွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက် (၉၀) အကြာတွင် ကျင်းပမည်ဖြစ်ကြောင်း စစ် အစိုးရက ကြေညာထားသည်။ ထို့ကြောင့် အစောဆုံး ထွက်ပေါ်လာမည့် အစိုးရသည် နောက်ထပ် (၂) နှစ်ကျော် လိုသေးပြီး ထိုအစိုးရကိုသာ (၉၂) ရာနှုန်းက အသိအမှတ်ပြုသည့်သဘော ဖြစ်သည် ဟု ရန်ကုန်ရှေ့နေတဦးက ပြောသည်။
ဝါရင့်နိုင်ငံရေးသမားတဦးကမူ “ဖွဲ့စည်းပုံမှာ နိုင်ငံဝန်ထမ်းချင်းအတူတူ အရပ်သားဝန်ထမ်းကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ် တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည) မှာ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ် စစ်သား ပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ်ဘက်ဝန်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ်အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ် ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတယ်” ဟု ပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

ဗိုလ်ချုပ်ပုံပါ ဂျာနယ် ရောင်းကောင်း

NEJ/ ၁၅ ဇူလိုင် ၂၀၀၈

ယမန်နေ့ထုတ် True news သစ္စာဂျာနယ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင် ကြီးများ၏ ဓာတ်ပုံ၊ အချက်အလက်များ ပါရှိသည့်အတွက် အလွန်ရောင်းကောင်းကြောင်း ရန်ကုန် မြို့ရှိ ဂျာနယ်ရောင်းသူများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပန်းဆိုးတန်းလမ်းတွင် ဂျာနယ်ရောင်းသူတဦးက “ဒီဂျာနယ်ဟာ ထုတ်တာ သိပ်မကြာသေးဘူး။ အရင်အပတ်တွေက သိပ်မရောင်းရဘူး။ ခုတပတ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘ၀ နေ့စွဲတွေ စတာတွေပါတော့ တော်တော်လေး ရောင်း ကောင်းတယ်။ ဗိုလ်ချုပ်တို့ပုံက အချပ်ပို စာမျက်နှာမှာ ရောင်စုံနဲ့ပါတာ။ ကျနော်တို့က အဲဒါကို မျက်နှာဖုံးမှာတင်ပြီး ရောင်းတော့ ရောင်းကောင်းတာပေါ့” ဟု ပြောသည်။
အဆိုပါ ဂျာနယ်သည် ယမန်နေ့က လက်ကျန်မရှိအောင် ရောင်းကောင်းကြောင်း၊ ဂျာနယ်များ၏ ရောင်းအားသည် နာမည်ကြီးရင် ကြီးသကဲ့သို့ ရောင်းအားကောင်းပြီး စောင်ရေများကြောင်း၊ သို့ သော် တခါတရံ မျက်နှာဖုံးပါ သတင်းဖြစ်စေ၊ အခြား ထူးခြားသည့် သတင်းတခုခုဖြစ်စေ ပေါက် သွားပါက အထူးရောင်းရကြောင်း (၄၃) လမ်းနှင့် မဟာဗန္ဓုလလမ်းရှိ ဂျာနယ်ဖြန့်ချိသည့် အရောင်း ဆိုင်များထံမှ စုံစမ်းသိရသည်။
ပြီးခဲ့သည့်နှစ်က မစ္စတာဂမ်ဘာရီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တွေ့ဆုံကြ သည့် မျက်နှာဖုံးပါ ဂျာနယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံသည့် မျက်နှာဖုံးပါ ဂျာနယ်များ ရောင်းကောင်းခဲ့ကြောင်း၊ ပြီးခဲ့သည့် မေ (၅) ရက်ကလည်း မုန်တိုင်းတိုက်ပြီးပြီးချင်း ထွက်လာသည့် Weekly Eleven ဂျာနယ်သည် အလွန်ရောင်းကောင်းပြီး တစောင်ကို ကျပ် (၁,၀၀၀) ခန့်အထိ ဈေးတက်သွားခဲ့ ကြောင်း အဆိုပါ ဂျာနယ်ဖြန့်ချိသည့် အရောင်းဆိုင်များက ရှင်းပြသည်။
ရန်ကုန် မဟာဗန္ဓုလလမ်း၌ ဂိတ်ထိုးလေ့ရှိသည့် တက္ကစီသမားတယောက်က သူလည်း သစ္စာ ဂျာနယ်ကို ကြိုက်၍ ၀ယ်ထားကြောင်း၊ ဂျာနယ်ပါ ဗိုလ်ချုပ်အောင်ဆန်းပုံကို ပုံကြီးချဲ့ပြီး အိမ်တွင် ချိတ်ထားရန်ဖြစ်ကြောင်း ပြောသည်။
ဂျာနယ်အယ်ဒီတာတဦးက “စစ်အစိုးရ စာပေစိစစ်ရေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ အပါအ၀င် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြခွင့် တရားဝင် ပိတ်ပင်ထားတာ မရှိပေမယ့် ပေါ်လွင်ထင်ရှားအောင် ရေးသားဖော်ပြခြင်းမျိုးကိုတော့ ခွင့်ပြုလေ့ မရှိဘူး၊ ဥပမာ ဂျာနယ်၊ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ဖော်ပြခွင့် မပြုတာမျိုးတွေပေါ့” ဟု ပြောသည်။
ရွှေတိဂုံဘုရားလမ်းရှိ နအဖစစ်အစိုးရ စစ်သမိုင်းပြတိုက်တွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများကို တပ်မတော်၏ ဖခင်ကြီးအဖြစ် လေးစားဖွယ်ကောင်းအောင် ထင်ထင်ရှားရှား ပြသထားခြင်း မရှိသော်လည်း သမိုင်းဆိုင်ရာ ဓာတ်ပုံအခန်း၌ မထင်မရှား ပြသထားကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းကြောင့် ရေလုပ်သား အသေအပျောက် (၂၇,၀၀၀) ကျော်ရှိ

ပီတာအောင်/ ၁၅ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် ငါးဖမ်းလုပ်သားပေါင်း (၂၇, ၀၀၀) ကျော် သေဆုံးနှင့် ပျောက်ဆုံးသွားခဲ့ ကြသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ယမန် နေ့ထုတ် အစီရင်ခံစာအရ သိရသည်။
မုန်တိုင်းကြောင့် ကမ်းဝေးနှင့် ကမ်းနီး ငါးဖမ်းစက်လှေ (၃၄,၆၈၆) အနက် အစီး (၂,၀၀၀) ကျော် ဆုံးရှုံးခဲ့ပြီး မုန်တိုင်းဒဏ်ခံရသည့် မြို့နယ်တခုစီ၌ ပျမ်းမျှလှေငယ်အစီး (၁,၀၀၀) ခန့် ပျက်စီး သွားသည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။ အအေးခန်းစက်ရုံ (၅၅) ခု ပျက်စီးသွားသည်ဟုလည်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ငါးဖမ်းလုပ်သား အများအပြား မုန်တိုင်းအတွင်း သေကျေပျက်စီးခဲ့ရသော်လည်း ငါးဖမ်းလုပ်ငန်း ထိခိုက်မှုမရှိဘဲ အစားထိုး လုပ်ကိုင်နိုင်မည်ဟု ယူဆကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးဝင်းသိန်းဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။
၎င်းက “ဒီမှာ လက်တွေ့တွေ့ရတာတော့ အဖေသေသွားမယ်၊ သူ့သားကျန်မယ်။ သား သေသွား မယ်၊ အဖေ ကျန်တာရှိမယ်။ အဲဒီအခါကျတော့ လုပ်ငန်းခွင်မှာတော့ သူတို့မိသားစုက ပြန်ပြီးတော့ အစားထိုးလုပ်နိုင်ပါတယ်။ နောက်တခုက သေဆုံးသွားတဲ့ အထဲမှာလည်း အကူလေးတွေ၊ ဘောက် သမားတွေ များတဲ့အခါကျတော့ ကျနော်တို့လုပ်ငန်းကို ပင်မထုတ်လုပ်ပေးနေသူတွေ သိပ်မပါဘူး ပေါ့။ ပါသွားလို့ရှိရင်လည်း မိသားစုတွေက အစားထိုးဝင်ရောက် လုပ်ကိုင်လာကြတယ်” ဟု ပြောသည်။
ရေလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရန် အချိန်ကာလ (၃) လ သတ်မှတ်ထားပြီး ရေလုပ်သားများ အမြန်ဆုံး အလုပ်ခွင်ပြန်ဝင်နိုင်ရန် လိုအပ်သည့် ငါးဖမ်းလှေနှင့် ငါးဖမ်းပိုက်များ အပါအ၀င် ငါးဖမ်း ကိရိယာများလည်း ပံ့ပိုးပေးနေသည်ဟု ညွှန်ကြားရေးမှူး ဦးဝင်းသိန်းဦးက ဆက်လက်ပြောသည်။
ပျက်စီးသွားသည့် ငါးဖမ်းလှေပေါင်း အစီး(၇,၀၀၀) ခန့်ရှိကြောင်းနှင့် ပျက်စီးမှုကို အစားထိုးရန် စက်တပ် ငါးဖမ်းလှေငယ် အစီးရေ (၉,၅၀၀) ခန့် ထုတ်လုပ်လျက်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန မှသိရသည်။ ထို ငါးဖမ်းလှေများအား ငါးဖမ်းလုပ်သားများကို ပေးအပ်၍ (၁) နှစ် အခမဲ့လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ကျသင့်ငွေ (၄) သိန်းကို ၂၀၀၉ ခု ဇူလိုင်လမှစ၍ (၄) ရစ်ခွဲ၍ ပြန်လည်ပေးဆပ်ရ မည်ဟု သိရသည်။
သေဆုံးသွားသည့် ငါးဖမ်းလုပ်သားများအတွက် သက်ဆိုင်ရာက နစ်နာကြေး တစုံတရာ ပေးအပ် ခြင်းမရှိကြောင်းနှင့် ငါးဖမ်းလှေများကိုလည်း ငါးဖမ်းလုပ်သားတိုင်း မရရှိဘဲ အာဏာပိုင်တို့နှင့် နီးစပ်သူများကိုသာ မျက်နှာပန်းလှရုံ ပေးအပ်နေခြင်းဖြစ်ကြောင်း ဘိုကလေးမြို့ခံတဦးက ပြောသည်။
နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ (၈၄,၅၃၇) ဦးနှင့် ပျောက်ဆုံးသူ (၅၃,၈၃၆) ဦးရှိကြောင်း စစ်အစိုးရက တရားဝင် ပြောကြားထားသည်။ ကုလသမဂ္ဂ အေဂျင်စီ (OCHA) က ပျောက်ဆုံးနှင့် သေဆုံးသူပေါင်း (၁၄၀,၀၀၀) ဦး ရှိပြီး (၅၅) ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်ဟု ယမန်နေ့ ထုတ်အစီရင်ခံစာ၌ ခန့်မှန်းသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်များအပေါ် စောင့်ရှောက်ရေးညံ့သည့်နိုင်ငံစာရင်းတွင် ထိုင်းနိုင်ငံပါဝင်

ကိုဝိုင်း/ ၁၅ ဇူလိုင် ၂၀၀၈

ထိုင်းနိုင်ငံက နိုင်ငံအတွင်းရှိ ဒုက္ခသည်များကို စခန်းများအတွင်း နှစ်ပေါင်းများစွာ ကန့်သတ် ထိန်းသိမ်းထားခြင်းနှင့် အချို့ကို အန္တရာယ်ရှိနိုင်သော နေရပ်ရင်းသို့ အဓမ္မပြန်ပို့ခြင်းတို့ကြောင့် ဒုက္ခသည်များအတွက် အဆိုးရွားဆုံးနေရာ (၁၀) ခုစာရင်းအတွင်း ထိုင်းနိုင်ငံအား ထည့်သွင်း ကြောင်း အစီရင်ခံစာတရပ်တွင် ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန်နိုင်ငံ ဒုက္ခသည်များနှင့် ရွှေ့ပြောင်းနေထိုင်သူများဆိုင်ရာကော်မတီ (USCRI) ၏ ယခင်လ ထုတ်ပြန်ချက်၌ ယခုကဲ့သို့ ဖော်ပြထားခြင်းဖြစ်သည်။ ထိုင်း-မြန်မာနယ်စပ် ထိုင်းနိုင်ငံ ဘက်ခြမ်းရှိ ဒုက္ခသည်စခန်း (၉) ခုမှ မြန်မာဒုက္ခသည် (၁) သိန်းကျော်ကို စခန်းများအတွင်း၌ ထိန်းချုပ်ထားပြီး အလုပ်လုပ်ခွင့် မပြုကြောင်း ယင်းအစီရင်ခံစာ၌ ဝေဖန်ဖော်ပြထားသည်။
ယင်းကိစ္စနှင့် ပတ်သက်၍ ကရင်ဒုက္ခသည် ကော်မတီ (ကေအာစီ) အတွင်းရေးမှူး (၁) ဖြစ်သူ ဆရာဂျော့အား ခေတ်ပြိုင်က ဆက်သွယ်မေးမြန်းရာ မြန်မာဒုက္ခသည်များအနေဖြင့် စခန်းပြင်ပ၌ တရားဝင် အလုပ်ထွက် လုပ်နိုင်ရေးအတွက် ထိုင်းအစိုးရ၊ ယူအန်အိတ်ခ်ျစီအာ၊ အိုင်အယ်လ်အို၊ ထိုင်းစီးပွားရေး လုပ်ငန်းရှင်ကြီးများ အပါအ၀င် အခြားသက်ဆိုင်ရာ အဖွဲ့အစည်းများ ပူးပေါင်း၍ အချက်အလက် ရှာဖွေစုံစမ်းမှုများကို ၂၀၀၇ ခုအတွင်း၌ ပြုလုပ်ခဲ့ပြီးဖြစ်ကြောင်း၊ သို့သော် အောင်မြင်မှု မရှိသေးကြောင်း ပြောသည်။
ဆရာဂျော့က “လောလောဆယ်ကတော့ အလုပ်လုပ်ခွင့် မရှိဘူး။ အခက်အခဲတွေ အမျိုးမျိုးရှိတယ် လေ။ လုံခြုံရေး၊ ငြိမ်ဝပ်ပိပြားရေး၊ မှုခင်းတို့၊ မူးယစ်ဆေးဝါးတို့ သူတို့လည်း အများကြီး စဉ်းစားရ တယ်လေနော်။ လာညှိနှိုင်းသွားတာကတော့ စက်ရုံ အလုပ်ရုံတွေဖွင့်မယ်။ စခန်းနဲ့ နီးတဲ့နေရာတွေ ဘာတွေမှာ လာကြည့်သွားတာပဲ။ ထိုင်းဘက်က စက်ရုံပိုင်ရှင်ကြီးတွေ၊ သူဌေးကြီးတွေလည်း လာကြတာပဲ။ အောင်မြင်မှုတော့ မရှိသေးဘူးလေ” ဟု ပြောသည်။
ထို့ပြင် အဆိုပါ စခန်း (၉) ခုမှ ဒုက္ခသည်များအနေဖြင့် စခန်းအတွင်း၌ နှစ်ပေါင်းကြာမြင့်စွာ နေရ သဖြင့် ငြီးငွေ့လာခြင်း၊ အကူအညီ အထောက်အပံ့များအပေါ်သာ မှီခိုနေရခြင်းတို့ကြောင့် အပြင် ထွက်၍ ၎င်းတို့နှင့် ကိုက်ညီမည့် အလုပ်များကို လုပ်လိုစိတ်များ ရှိနေကြခြင်း ဖြစ်သည်ဟုလည်း ဆက်ပြောသည်။
ဆရာဂျော့က “လူတိုင်းကတော့ ထွက်ပြီး အလုပ်လုပ်ချင်ကြတာပဲလေ။ အလုပ်ကြမ်းဆိုလည်း အလုပ်ကြမ်းပေါ့။ စက်ရုံဆိုလည်း လုပ်နိုင်တဲ့လူ ရှိသလို၊ စိုက်ပျိုးရေးမှာ လုပ်နိုင်တဲ့လူ ရှိမှာပေါ့လေ။ ဒါပေမယ့် ဘယ်လို အကောင်အထည် ဖော်နိုင်မလဲ၊ အခက်အခဲ ဘယ်လောက်ရှိမယ်ဆိုတာတော့ ဘယ်သိမလဲ၊ ထိုင်းအစိုးရရဲ့ ပူးပေါင်းပါဝင် ခွင့်ပြုမှု ဘယ်အတိုင်းအတာအထိ ရှိမလဲ ဆိုတာလည်း မသိဘူးပေါ့နော်” ဟု ပြောသည်။
ဒုက္ခသည်အခွင့်အရေးဆိုင်ရာ ၁၉၅၁ ခု ကုလသမဂ္ဂ သဘောတူညီချက်အား လက်မှတ်ထိုးထား ခြင်းမရှိသော်လည်း လူသားချင်းစာနာမှုဖြင့် မြန်မာဒုက္ခသည်များကို ယခုကဲ့သို့ လက်ခံထားခြင်း သာ ဖြစ်ကြောင်း ထိုင်းနိုင်ငံက အစဉ်အမြဲ ထုတ်ဖော်လေ့ရှိသည်။
ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများမှာ ချင်းမိုင်ခရိုင်အတွင်း (၁) ခု၊ မယ်ဟောင်ဆောင်ခရိုင်အတွင်း (၄) ခု၊ တာ့ခ်ခရိုင်အတွင်း (၃) ခု၊ ကန်ချနဘူရီနှင့် ရတ်ခ်ျဘူရီတို့တွင် (၁) ခုစီတို့ ဖြစ်ကြပြီး လူဦး ရေ (၁၃၉,၇၆၈) ဦးရှိကြောင်း တီဘီဘီစီခေါ် ဒုက္ခသည်များကို ကူညီနေသည့် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေးအဖွဲ့၏ ယခင်လ စာရင်း၌ ဖော်ပြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

၆၁ နှစ်မြောက် အာဇာနည်နေ့ အခမ်းအနား သံတမန်တွေကို မဖိတ်ကြား

မြန်မာစစ်အစိုးရ ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့် ဦးဆောင်သော ကိုယ်စားလှယ်များ အာဇာနည်ခေါင်းဆောင် ကြီးများအား အလေးပြုနေစဉ်။ဇူလိုင် ၁၉၊ ၂၀၀၆။


15 July 2008

လာမယ့်စနေနေ့မှာ ကျရောက်မယ့် ၆၁နှစ်မြောက် အာဇာနည်နေ့အတွက် မြန်မာစစ်အစိုးရက နိုင်ငံခြားသံရုံး ၀န်ထမ်းတွေနဲ့ ကုလသမဂ္ဂ ၀န်ထမ်းတွေကို ဖိတ်ကြားထားခြင်းမရှိတဲ့အကြောင်း ရန်ကုန်အခြေစိုက် သံတမန်သတင်းရပ်ကွက်ကဗွီအိုအေကို ပြောပါတယ်။ တချို့သံရုံးတွေကို အာဇာနည်နေ့ အခမ်းအနားအတွက်ဖိတ်ကြားပြီးမှ အခမ်းအနား ပယ်ဖျက်လိုက်တယ်လို့ စစ်အစိုးရဘက်ကအကြောင်းကြားခဲ့တာပါ။ အပြည့်အစုံကိုကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နှစ်စဉ်နှစ်တိုင်း အာဇာနည်နေ့ အခမ်းအနားတွေမှာ စစ်အစိုးရ အရာရှိတွေ၊ အာဇာနည်ခေါင်းဆောင်ကြီးတွေရဲ့ မိသားစုတွေအပြင် နိုင်ငံခြားသံတမန်တွေကိုပါ မြန်မာစစ်အစိုးရဘက်က ဖိတ်ကြားခဲ့ပါတယ်။
ဒီနှစ်အခမ်းအနားမှာ အာဇာနည်နေ့အတွက် နိုင်ငံခြားသံရုံးဝန်ထမ်းတွေနဲ့ ကုလသမဂ္ဂ၀န်ထမ်းတွေကို ဖိတ်ကြားထားခြင်း မရှိတဲ့အကြောင်း မြန်မာစစ်အစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနက အကြောင်းကြားထားတယ်လို့ အမည်မဖော်လိုသူ အနောက်တိုင်းသံအရာရှိတယောက်က ဗွီအိုအေကို ပြောပါတယ်။
အာရှနိုင်ငံတခုက သံရုံးအရာရှိတယောက်ကတော့ စစ်အစိုးရက အာဇာနည်နေ့ အခမ်းအနားကိုတက်ဖို့ ပထမ စစ်အစိုးရဘက်က ဖိတ်ကြားစာပေးပို့ခဲ့ပြီး နောက်မှ အခမ်းအနားကို ပယ်ဖျက်လိုက်တယ်လို့ ပြောပါတယ်။ အခြား အာရှနိုင်ငံ သံရုံးအရာရှိတယောက်ကလည်း ပြီးခဲ့တဲ့သီတင်းပတ်ကတည်းက အာဇာနည်နေ့အခမ်းအနားကိုပယ်ဖျက်လိုက်တယ်ဆိုပြီး စစ်အစိုးရဘက်က အကြောင်းကြားထားခဲ့တယ်ဆိုတာကိုအတည်ပြုပြောဆိုပါတယ်။ ဘာကြောင့်ဆိုတာကိုတော့ အကြောင်းပြချက် မပေးဘူးလို့ဆိုပါတယ်။
အခုအချိန်အထိ စစ်အစိုးရက အာဇာနည်နေ့ အခမ်းအနားကို နိုင်ငံခြားသံတမန်တွေမပါဘဲ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပမှာလား၊ ဒါမှမဟုတ် အာဇာနည်ဂုံးမှာကျင်းပမယ့်အခမ်းအနားကို လုံးဝ ပယ်ဖျက်လိုက်တာလားဆိုတာ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
သံအမတ်ကြီးဟောင်း ၀ါရင့်နိုင်ငံရေးသမားကြီး သခင်ချန်ထွန်းကတော့ အာဇာနည်နေ့အခမ်းအနားတွေဟာ ခေတ်အဆက်ဆက် နိုင်ငံခြားသံတမန်တွေကို ဖိတ်ကြားပြီးကျင်းပခဲ့တဲ့ အစဉ်အလာရှိတယ်လို့ အခုလိုပြောပါတယ်။
“ကျနော်တို့ ဖဆပလအစိုးရ လက်ထက်တုန်းကတော့ ဖိတ်တာပေါ့။ ဒါ ဒီအလေးပြုပွဲကိုအသားယူတာပဲ။ ပြီးတော့မှ လူအုပ်ကြီးနဲ့အတူ သူ့ လူထုအစည်းအရုံးတွေက သူ့ဟာနဲ့သူ အလေးပြုကြတာ။ ဖဆပလအစိုးရ လက်ထက်တုန်းကတော့။ ဟိုတုန်းကဆိုရင်၇ ရက်၊ ၁၀ ရက်လောက်ကတည်းက ဗိုလ်ချုပ်အောင်ဆန်းရဲ့ အာဇာနည်နေ့ အကြောင်းတွေပြော၊ ဓာတ်ပုံတွေ၊ သတင်းစာတွေထဲက ဆောင်းပါးတွေရေး၊ ရေဒီယိုကလည်းသီချင်းတွေဘာတွေနဲ့ အာဇာနည်နေ့ကို မမေ့အောင်၊ အာဇာနည်နေ့ကို ဂုဏ်ပြုအောင်အကုန်လုံး သေသေချာချာ ရေဒီယိုကနေ အသားပေးပြီး ဒါ လမ်းစဉ်ပါတီအစိုးရလက်ထက်ထိ ဒီအတိုင်းလုပ်လာတာပဲ။”
မြန်မာစစ်အစိုးရ အာဏာရယူခဲ့တဲ့နှစ်တွေအတွင်း အာဇာနည်နေ့ အခမ်းအနားတွေကို အရင်ခေတ်တွေတုန်းကလိုမဟုတ်ဘဲ သာမန် အကျဉ်းချုံးပြီး ကျင်းပတာမျိုးလောက်ပဲတွေ့ရတယ်လို့ သခင်ချန်ထွန်းက ပြောပါတယ်။ စစ်အစိုးရဟာ အာဇာနည်ခေါင်းဆောင်တွေရဲ့ အခန်းကဏ္ဍကို မှေးမှိန်အောင်လုပ်နေတယ်ဆိုတဲ့ ဝေဖန်တာမျိုးတွေလည်း ရှိပါတယ်။ သခင်ချန်ထွန်းကတော့ ဒီနှစ်အခမ်းအနားဟာ ၀တ်ကျေတမ်းကျေကျင်းပမယ့်အခမ်းအနားတခုသာဖြစ်မယ်လို့ ခန့်မှန်းပါတယ်။
“မနှစ်ကလည်း ဘာမှမှ မသိလိုက်ကြဘဲ။ အခုလည်း ဒီလိုပဲ ရှိမှာပဲပေါ့။ အခုတော့ နေပြည်တောင်ပြောင်းသွားတဲ့အခါကျတော့ ရန်ကုန်မှာ ဘာမှမရှိတော့ဘဲ၊ တိုင်းမှူးရှိရင်တိုင်းမှူးကိုယ်တိုင်လုပ်မလား၊ အဲလိုများခိုင်းမလား မပြောတတ်ဘူး။ မခိုင်းဘဲ ဒီ့ပြင်မြို့နယ်တွေလုပ်သလို သာမန်ပဲ လုပ်မလား၊ ဒါကတော့ စောင့်ကြည့်ရမှာပဲ။”
ပြီးခဲ့တဲ့နှစ်က အခမ်းအနားကို မြန်မာစစ်အစိုးရကိုယ်စား ယဉ်ကျေးမှုဝန်ကြီး ဗိုလ်ချုပ်ခင်အောင်မြင့်က တက်ရောက် လွမ်းသူ့ပန်းခွေချခဲ့ပါတယ်။
ဒီနှစ် အာဇာနည်နေ့အခမ်းအနားကို နိုင်ငံခြားသံတမန်တွေအပြင် နောက်ထပ်တက်ရောက်ခွင့်မရနိုင်ဘူးလို့ သတ်မှတ်ခံထားရသူကတော့ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပါတယ်။ဒေါ်အောင်ဆန်းစုကြည်ဟာ အရင်က အနည်းဆုံး ၇ ကြိမ်လောက် တက်ရောက်ဂါရ၀ပြုခဲ့ဘူးပါတယ်။
ဒီဆယ်စုနှစ်တွေအတွင်း ဒေါ်အောင်ဆန်းစုကြည်ဟာ ၁၉၈၈ ခုနှစ် မြန်မာနိုင်ငံမှာလူထုအုံကြွမှုကြီးမဖြစ်ခင် ဇူလိုင်လက အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခဲ့ဘူးပါတယ်။ နောက် ပထမအကြိမ် နေအိမ်အကျယ်ချုပ်က လွတ်မြောက်ခဲ့တဲ့ ၁၉၉၅ခုနှစ်ကနေ နောက်ပိုင်း ၂၀၀၀ ခုနှစ်အထိ ဆက်တိုက်တက်ရောက်ခဲ့ပေမယ့် ၂၀၀၁ခုနှစ်မှာတော့ နေအိမ်အကျယ်ချုပ် ထပ်မံကျခံခဲ့ရတဲ့အချိန်မှာ အာဇာနည်နေ့အခမ်းအနားကို မတက်ရောက်ခဲ့ပါဘူး။
နေအိမ်အကျယ်ချုပ်က ပြန်လည်လွတ်မြောက်ခဲ့တဲ့ ၂၀၀၂ ခုနှစ်မှာ နောက်ဆုံးဒေါ်အောင်ဆန်းစုကြည် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ပြီး ပန်းခြင်းတွေချဂါရ၀ပြုခဲ့ပါတယ်။ ဒီနှစ်ဆိုရင် အာဇာနည်နေ့အခမ်းအနားကို တက်ရောက်ခွင့်မရတော့တဲ့ ၆ နှစ်မြောက်နှစ်ပဲ ဖြစ်ပါတယ်။
အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကတော့ ဌာနချုပ်နဲ့နယ်တွေမှာ အာဇာနည်နေ့အခမ်းအနားတွေ ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပမယ်လို့ဗွီအိုအေကို ပြောဆိုထားပါတယ်။ကိုသိန်းထိုက်ဦး သတင်းပေးပို့သွားတာပါ။
အခုနောက်ဆုံးရတဲ့ သတင်းတွေအရလည်း မြန်မာစစ်အစိုးရက နိုင်ငံခြားသံရုံးတွေကိုအကြောင်းကြားတဲ့အခါ အာဇာနည်နေ့အခမ်းအနားကို ပယ်ဖျက်လိုက်တယ်လို့အကြောင်းကြားထားတဲ့အကြောင်း အနောက်တိုင်း သံတမန်သတင်းရပ်ကွက်ကပြောပါတယ်။
ဒါပေမယ့် စစ်အစိုးရက ပုံမှန် အာဇာနည်ဂုံးမှာ ကျင်းပလေ့ရှိတဲ့ အာဇာနည်နေ့အခမ်းအနား တခုလုံးကို ပယ်ဖျက်လိုက်တာလား၊ ဒါမှမဟုတ် ကိုယ့်အစီအစဉ်နဲ့ကိုယ် ကျင်းပပြီး နိုင်ငံခြားသံတမန်တွေကိုပဲ မဖိတ်ကြားတော့တာလားဆိုတာ ရှင်းရှင်းလင်းလင်းမသိရသေးပါဘူး။
သံရုံးတွေကို အကြောင်းကြားတဲ့အခါ အခမ်းအနားအစီအစဉ် ပယ်ဖျက်လိုက်တယ်လို့သာ အကြောင်းကြားပြီး အကြောင်းပြချက် တစုံတရာ စစ်အစိုးရဘက်က မပေးတဲ့အကြောင်း အနောက်တိုင်း သံတမန်သတင်းရပ်ကွက်က ပြောပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ကျောက်ကြီး-ရန်ကုန် ခရီးသည်တင်ဘတ်စ်ကား ဒိုက်ဦးမြို့အထွက် ပေါက်ကွဲမှုဖြစ်

ကျောက်ကြီး-ရန်ကုန် ပြေးဆွဲနေတဲ့ ရွှေခရီးဆိုတဲ့ ခရီးသည်တင် ဘတ်စ်ကားပေါ်မှာဒီကနေ့မနက် ပဲခူးတိုင်း ဒိုက်ဦးမြို့အထွက်မှာ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့အတွက်လူတယောက်သေဆုံးသွားတယ်လို့ သိရပါတယ်။ အခုလို ပေါက်ကွဲမှုဖြစ်ပွားခဲ့တာနဲ့ပတ်သက်ပြီး ဗွီအိုအေ၀ိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းတော့ဒိုက်ဦးဒေသခံ မျက်မြင်တဦးက အခုလိုစပြောပြပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မနက်က အဲဒီနားမှာ ဗုံးပေါက်တယ်ကြားလို့ ကျနော်တို့သွားကြည့်တော့ ကားကြီးကနောက်မြီးပွင့်ပြီး လူတယောက်သေနေတာကို တွေ့တယ်။”
သေသွားတာ ခရီးသည်လားခင်ဗျ။
“သေသွားတာ ရှေ့နေလို့တော့ ပြောတာပဲ။ နာမည်တွေဘာတွေတော့ သေသေချာချာအတိအကျ မသိသေးဘူး။ ကျနော်တို့လည်း အဲဒီနားသွားကြည့်ပြီး လူတွေကလည်းအရမ်းရှုပ်နေတော့ တအောင့်ကြည့်ပြီး ပြန်ထွက်သွားတာပဲ။ အဲဒီတယောက်ပဲသေတယ်တဲ့။ တယောက်ကတော့ အူထွက်ပြီး ဆေးရုံတက်သွားတယ်လို့ ပြောတာပဲ။”
ကားပုံစံ ဘယ်လိုဖြစ်သွားလဲဆိုတာ ပြောပြပေးပါလား။
“ကားပုံစံကတော့ နောက်က ပွင့်ထွက်သွားတာပဲလေ။ လူတွေကရှုပ်၊ ရဲတွေကလည်းရှုပ်နေတော့ သိပ်ပြီးတော့လည်း သေသေချာချာ သွားမကြည့်ရဲဘူး။”
ဘယ်နေရာမှာလဲခင်ဗျ၊ ဖြစ်တဲ့နေရာကို ပြောပြပါလား။
“ဖြစ်တဲ့နေရာနားမှာတော့ အဟောင်းဆိုင် ပစ္စည်းတွေဘာတွေ ၀ယ်တဲ့ဆိုင်ရှိတယ်။ဒိုက်ဦးထဲဝင်တဲ့ သံတံတားရဲ့ ဟိုဘက် ကိုက် ၂၀၀-၃၀၀ လောက် ကွာတာပေါ့။မြို့အ၀င်ပေါ့။”
မြို့အထွက်လို့လည်း ပြောလို့ရတာပေါ့၊ တဖက်ကကြည့်ရင်။
“ဟိုဘက်ကလာရင်တော့ အထွက်ပေါ့၊ ဒီဘက်ကသွားရင်တော့ အ၀င်ပေါ့။ မဌေးမြိုင်ဆိုင်ရှေ့မှာပဲ။ ဖွဲနု၊ ဖွဲကြမ်းရောင်းတဲ့ဆိုင်ရှေ့မှာ။”
ဒိုက်ဦးမြို့က မျက်မြင်သက်သေတဦး ပြောပြသွားတာပါ။
ဒီကိစ္စနဲ့ပတ်သက်ပြီး အသေးစိတ် တရားဝင် သိရှိရအောင် ဗွီအိုအေက ဒိုက်ဦးရဲစခန်းကိုဆက်သွယ်ကြည့်ခဲ့ပါတယ်။
ဒီနေ့ ဒိုက်ဦးမြို့အထွက်မှာ ဗုံးပေါက်တဲ့သတင်းနဲ့ပတ်သက်ပြီး မေးချင်လို့ပါ။
“ဟုတ်ကဲ့၊ အထက်ဌာနကိုမေးပါခင်ဗျာ၊ ကျနော်တို့ ဖြေကြားခွင့်မရှိပါဘူး။”
ဒိုက်ဦးရဲစခန်းက အခုလို ဖြေဆိုနိုင်ခြင်းမရှိတဲ့အတွက် တိုင်းရဲစခန်းကို အကြိမ်ကြိမ်ဆက်သွယ်ဖို့ ကြိုးစားပေမယ့်လည်း ဆက်သွယ်လို့ မရခဲ့ပါဘူး။
ဒီပေါက်ကွဲမှုမှာ ထိခိုက်ဒဏ်ရာခဲ့သူတွေကို ပဲခူးမြို့ ဆေးရုံကြီးကို သယ်သွားတယ်လို့ဒေသခံတွေက ပြောတဲ့အတွက် ဗွီအိုအေက ပဲခူးဆေးရုံကြီးကို ဆက်သွယ်ခဲ့ပါတယ်။
ဒီနေ့ ဒိုက်ဦးက ကားဗုံးပေါက်ကွဲမှုမှာ ဒဏ်ရာရခဲ့တဲ့လူနာတွေ ပဲခူးဆေးရုံ သယ်လာတယ် ကြားလို့ပါ။
“တယောက်တည်းရှင့်။”
ဆေးရုံကို လူနာတယောက်သာ သယ်လာတဲ့အကြောင်း တာဝန်ကျ ဆရာမတဦး ပြောပြသွားတာပါ။
ဒီကိစ္စနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက် သိရှိနိုင်ဖို့ ဆေးရုံအုပ်ကြီးကိုဆက်သွယ်ဖို့ ပြောတဲ့အတွက် ဆေးရုံအုပ်ကြီးကို ဆက်သွယ်ခဲ့ပေမယ့်လည်း မရခဲ့ပါဘူး။
အခုပေါက်ကွဲမှုဖြစ်ပွားခဲ့တဲ့ ရွှေခရီး ခရီးသည်တင်ဘတ်စ်ကားပေါ်မှာ ပြီးခဲ့တဲ့ ဧပြီလတုန်းက ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါသေးတယ်။ အဲဒီပေါက်ကွဲမှုတုန်းကတော့ လူတွေထိခိုက်သေကျေတာတော့ မရှိခဲ့ပါဘူး။ နောက်တခါ ပြီးခဲ့တဲ့ ဇွန်လ ၁ ရက်နေ့တုန်းကလည်း ရွှေပြည်သာမှာရှိတဲ့ ကြံ့ခိုင်ရေးရုံးမှာ ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာမှာလည်းအသေအပျောက်တော့ မရှိခဲ့ပါဘူး။ စစ်အစိုးရက အခုလို ပေါက်ကွဲမှုတွေဖြစ်ပွားတိုင်းတိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ ကျောင်းသားတပ်တို့ရဲ့ လက်ချက်လို့စွပ်စွဲပြောဆိုလေ့ရှိပါတယ်။ အခုပေါက်ကွဲမှုဟာ ဘယ်သူ့လက်ချက်ဖြစ်တယ်ဆိုတာအခုချိန်ထိ အတိအကျ မသိရသေးပါဘူး။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့်လူထု ၇၀% သောက်သုံးရေသန့် လိုအပ်နေဆဲ

နာဂစ်မုန်တိုင်းကြောင့် အိုးအိမ်မဲ့ဖြစ်သွားရ သည့် ဒေးဒရဲမြို့နယ်မှ မိသားစုတစု။

ဇွန် ၁၄၊ ၂၀၀၈


နာဂစ်မုန်တိုင်းဒဏ်ခံရပြီး နှစ်လကျော်ကြာလာခဲ့ပေမယ့် ဧရာဝတီတိုင်းအတွင်းလေဘေးဒဏ်ခံခဲ့ရတဲ့ ဒေသမှာ လူဦးရေရဲ့၇၀% ဟာ ဘေးကင်းတဲ့ သောက်ရေသန့်မရသေးတဲ့အကြောင်း ကုလသမဂ္ဂ အရာရှိတွေက ပြောပါတယ်။ သောက်ရေသန့်နဲ့ရေအဆိပ်သင့်တာတွေကို စစ်ဆေးတဲ့ဆိုင်ရာကျွမ်းကျင်သူတွေကလည်း မြန်မာနိုင်ငံ အပါအ၀င် အာရှဒေသတွေမှာရေတွေအဆိပ်သင့်တဲ့အတွက် ကျန်းမာရေးအရ ကြုံလာရနိုင်တဲ့ အန္တရာယ်တွေကို သတိပေးနေကြပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့တဲ့နှစ်လကျော် မုန်တိုင်းဒဏ်ခံရပြီးနောက်မှာ ဧရာတီတိုင်းအတွင်း ရေသန့်ရနိုင်တဲ့နေရာတွေ ပျက်ဆီးခဲ့တာနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့မှာရှိတဲ့ OCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာ ပူးပေါင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူလီယန် ကုပန်းစ် (Lianne Kuppeans) က အခုလိုပြောပါတယ်။
“ရေပေဝေးတဲ့စနစ် အများစုက ပျက်ဆီးခဲ့ပါတယ်။ ရေပေးဝေတဲ့ နေရာတွေ၊ ရေတိုင်တွေ၊ ရေကန်တွေ ပျက်ဆီးခဲ့ပါတယ်။ မြစ်ဝကျွန်းပေါ်ဒေသမှာ နေရာတိုင်းလိုလိုရေလွှမ်းမိုးခဲ့ပြီးတော့ လယ်ကွင်းတွေ စပါးခင်းတွေ ရေလွှမ်းခဲ့ပါတယ်။ ရေပိုက်တွေလည်း အဆိပ်သင့်တာတွေ ရှိပါတယ်။ ရေကန်တွေလည်း အလားတူပါပဲ၊ လူအများစုအတွက် စိတ်ချလက်ချ ဘေးကင်းကင်းသုံးနိုင်တဲ့ ရေမရနိုင်သေးပါဘူး။”
မြစ်ဝကျွန်းပေါ်ဒေသမှာ လူဦးရေရဲ့ ၇၀% လောက် ဘေးကင်းတဲ့ရေသန့် မရနိုင်သေးတဲ့အချိန် ကုလသမဂ္ဂအနေနဲ့ သောက်ရေသန့်အပြင်၊ ရေသန့်ရနိုင်တဲ့ စနစ်ထူထောင်ရေးအကူအညီတွေ အတော်များများ ပေးနေတယ်လို့ လီယန် ကုပန်းစ်က ပြောပါတယ်။တချိန်တည်းမှာ ကျန်းမာရေးစောင့်ရှောက်ဖို့ သတိပေးနှိုးဆော်တာတွေလည်း လုပ်နေရတယ်လို့ ပြောပါတယ်။
“တကိုယ်ရေသန့်ရှင်းအောင် နေထိုင်ဖို့အတွက် နှိုးဆော်ပညာပေးတာတွေ လုပ်ရပါတယ်။ ရေကြောင့် ဘယ်လိုရောဂါအန္တရာယ်တွေ ကြုံလာရနိုင်တယ်ဆိုတာမျိုးနဲ့လက်တွေ စင်ကြယ်အောင်ဆေးဖို့၊ ရေကိုအသုံးမပြုခင် ဘယ်လိုသိုလှောင်ရမယ်ဆိုတာကအစ ပညာပေးရေးလုပ်ငန်းတွေ လုပ်ကိုင်နေပါတယ်” လို့ ပြောသွားတာပါ။
အခုလို မိုးရာသီမှာ မိုးရေတွေကို ဘယ်လိုသိုလှောင်မယ်၊ အသုံးပြုမယ်ဆိုတာကအစပညာပေးလုပ်ငန်းတွေ ကျန်းမာရေးအရ နှိုးဆော်တာတွေ လုပ်နေပါတယ်။ ရေဖြည့်ဖို့ပုံးတွေလည်း ပေးပါတယ်။ ဒါပေမယ့် လုပ်ဖို့လိုအပ်နေတာတွေ အများကြီးရှိနေပါတယ်လို့ ရန်ကုန်မြို့မှာရှိတဲ့ OCHA ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုရေးရာပူးပေါင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ လီယန် ကုပန်းစ်က ပြောသွားတာပါ။
မြစ်ဝကျွန်းပေါ်ဒေသ သောက်ရေသန့်ရှားပါးမှု အန္တရာယ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာ အဖွဲ့အစည်းတွေ သတိပေးနေခဲ့တာ ကြာခဲ့ပါပြီ။ ပုဂ္ဂလိက အလှူရှင်တွေအနေနဲ့ရေသန့်ဘူးသွားလှူတာတွေရှိသလို ရေရှည် ရေသန့်ရေကောင်းရနိုင်အောင် ပြင်ဆင်ပေးတာတွေလည်း ရှိပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းကပဲ အန်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မုန်တိုင်းဒဏ် ကယ်ဆယ်ရေးကော်မတီဥက္ကဋ္ဌ ဦးအုန်းကြိုင်က သူတို့အဖွဲ့ဝင်တွေ ရေကန်တွေ သန့်ရှင်းရေးလုပ်နေတာတွေနဲ့ ပတ်သက်လို့ အခုလိုပြောပါတယ်။
“လပွတ္တာမြို့နယ်မှာ ဇူလိုင်လ ၁ ရက်နေ့ကစပြီးတော့ ရွာပေါင်း ၆ ရွာမှာ ရေကန်ပေါင်း၁၀ လုံးကို ကျနော်တို့က စေတနာရှင်များ ရေကန်သန့်ရှင်းရေးအဖွဲ့ဆိုပြီး နာမည်ပေးလိုက်ပါတယ်။ အဲဒီမှာ ရေစုပ်စက် ၆ လုံးနဲ့ ရွာတွေကိုရောက်သွားပြီး ရေကန်သန့်ရှင်းရေး သွားပြီးဆောင်ရွက်ပါတယ်။ ကျေးရွာတွေအထိ စက်တွေသယ်သွားတယ်။ ဟိုမှာရေကန်တွေကို ရေဆိုးတွေ စုပ်ထုတ်ပစ်တယ်။ နွံတွေပါ ဆယ်ပေးတယ်။”ဦးအုံးကြိုင် ပြောသွားတာပါ။
ဒေသခံ ကူညီပေးရေး လုပ်ကိုင်နေသူတွေကတော့ ဒီလို သောက်ရေသန့်ရရေးကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ကိုင်နေတယ် ဆိုပေမယ့်လည်း နေရာတိုင်းမှာကျယ်ကျယ်ပြန့်ပြန့်လုပ်နိုင်တဲ့ အခြေအနေတော့ မရှိသေးဘူးလို့ ပြောပါတယ်။
“မိုးရေတွေကလည်း တကယ်တမ်းကျတော့ မလုံလောက်ဘူး။ မလုံလောက်တဲ့အခါကျတော့ အဲဒီရေကန်တွေက ရေတွေအကုန်လုံးကို ထုတ်ပစ်ဖို့လိုတာပေါ့။ အဲဒီက နုံးတွေဘာတွေဆယ်ပြီးတော့မှ ဆေးတွေဘာတွေနဲ့ ပြန်လုပ်ရတယ်။ အဲဒီလိုလုပ်မှ ရေကန်တွေက ပြန်သုံးလို့ရတယ်။ အဲဒီမှာ လိုက်ကြည့်တဲ့အခါကျတော့ ရေကန် အားလုံး ၉၇ကန်တွေ့တယ်၊ လပွတ္တာမှာ။ အခုထိ လုပ်တော့လုပ်နေဆဲပဲ။ ဒေသတခုလုံး ဖြစ်တယ်ဆိုတော့ လုပ်နိုင်တဲ့အတိုင်းအတာက တော်တော်နည်းပါတယ်။”
မကြာသေးခင်တုန်းကပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေသန့်သုံးစွဲမှုနဲ့ ရေအဆိပ်သင့်မှုတွေကိုလေ့လာတဲ့ ဆွစ်ဇာလန်နိုင်ငံ ဒူဘန်းဒိုး (Dubendor) အခြေဆိုက် Swiss FederalInstitute of Aquatic Science and Technology အဖွဲ့က သုတေသနမှူးတွေ မြန်မာနိုင်ငံ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနဲ့ အင်ဒိုနီးရှားနိုင်ငံ ဆူမားတြားကျွန်းတွေမှာမြေအောက်ကထွက်လာတဲ့ ရေအဆိပ်သင့်နိုင်တဲ့ အန္တရာယ်တွေ ရှိနေတယ်ဆိုပြီးသတိပေးခဲ့ပါတယ်။
ဒီလို သောက်ရေတွေကတဆင့် အဆိပ်သင့်နိုင်တဲ့အတွက် ကင်ဆာနဲ့ အခြားရောဂါတွေဖြစ်ပွားနိုင်တဲ့ အန္တရာယ်တွေ ရှိလာနိုင်တယ်လို့ သတိပေးခဲ့တာ ဖြစ်ပါတယ်။
အဲဒီ ဆွစ်ဇာလန်နိုင်ငံအခြေဆိုက် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့ ရေသန့်သုံးစွဲမှုကို လေ့လာတဲ့အဖွဲ့ရဲ့ အကြီးအကဲ၊ ညွှန်ကြားရေးမှူး ခရစ္စ ဇာဘရပ်ဂ် (Chris Zurbrugg) ကသောက်ရေသန့်ရနိုင်မယ့် နည်းလမ်းတွေကို သူတို့အနေနဲ့ အတတ်နိုင်ဆုံး ရှာဖွေနေတယ်လို့ ပြောပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ အကုန်အကျနည်းနည်းနဲ့ သောက်ရေသန့်ကို ဘယ်လိုထုတ်လုပ်မလဲ နည်းလမ်းရှာတယ်၊ ဒီလမ်းတွေကို အကူအညီပေးနေတဲ့ အစိုးရလက်အောက်ခံမဟုတ်တဲ့ အဖွဲ့အစည်းတွေကတဆင့် ဖြန့်ဝေတယ်လို့ ပြောပါတယ်။
“ရေကို နှစ်ဖက်မြင်ရတဲ့ ပုလင်းအကြည်တခုထဲမှာထည့်ပြီး မသောက်ခင် နေရောင်အောက်မှာ ခြောက်နာရီလောက် ထားလိုက်မယ်ဆိုရင် ရေထဲမှာပါတဲ့ ပိုးတွေကိုသတ်ပြီးသားဖြစ်သွားနိုင်ပါတယ်။ ဒါက နေရောင်ခြည်ကိုသုံးပြီး ရေကို သန့်အောင်ထုတ်လုပ်နိုင်တဲ့နည်းပါ။ အရှေ့တောင်အာရှနိုင်ငံတွေမှာ အထူးသဖြင့် ဆိုင်ကလုန်းမုန်တိုင်းဒဏ် ထိပြီးနောက်ပိုင်းမှာ သောက်ရေသန့်ရအောင် အထိရောက်ဆုံးထုတ်လုပ်နိုင်တဲ့နည်းလမ်းပါ” လို့ ညွှန်ကြားရေးမှူး ခရစ္စ ဇာဘရပ်ဂ်က ပြောသွားတာပါ။ သူတို့အဖွဲ့တွေအနေနဲ့ အဆိပ်သင့်နေတဲ့ ရေတွင်းရေကန်တွေထဲက ရေတွေကိုသန့်စင်တဲ့ နည်းပညာတွေ လေ့လာနေတယ်လို့လည်း ပြောပါတယ်။
သောက်ရေသန့်မရတဲ့အတွက် ကျန်းမာရေးအန္တရာယ် ကြုံနေရတဲ့နိုင်ငံပေါင်း ၇၀ကျော်ရှိပြီး လူပေါင်း သန်း ၁၃၀ ကျော် ရောဂါအန္တရာယ် ရင်ဆိုင်နေရတယ်လို့ကျွမ်းကျင်သူပညာရှင်တွေက ခန့်မှန်းထားကြပါတယ်။ အာရှနိုင်ငံတွေထဲမှာ အဆိုးဆုံးနိုင်ငံကတော့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်တယ်လို့ ပြောပါတယ်။ ဗီယက်နမ်နဲ့ တရုတ်နိုင်ငံတွေမှာလည်း အလားတူ ပြဿနာမျိုးတွေ ရင်ဆိုင်ရနိုင်တယ်လို့ ဆွစ်ဇာလန်နိုင်ငံဒူဘန်းဒိုးအခြေဆိုက် Swiss Federal Institute of Aquatic Science and Technologyအဖွဲ့က ပြောဆိုထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အာချဲအိပ်မက် ပျက်မပျက် (ခေတ်ပြိုင် အယ်ဒီတာအာဘော်)

နာဂစ်မုန်တိုင်းထိဒေသများကြောင့် မြန်မာနိုင်ငံ၌ ဆန်ပြတ်လပ်မှာ စိုးရိမ်စရာ မရှိကြောင်း စစ် အစိုးရက ကြေညာ၏။ သို့သော် လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာမှစ၍ ရန်ကုန်မှာ ဆန်ပြတ်လပ်ပြီး တပြည်လုံး လူမှုရေးအုံကြွမှုများ ဖြစ်လာနိုင်သည်ဟု ပကတိ စီးပွားရေး ကိန်း ဂဏန်းများကို အခြေပြုပြီး ခေတ်ပြိုင်က ထောက်ပြထား၏။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တဘက်ကလည်း သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ သုံးလအတွက် ဆန်ကို ဈေးမတင်ဘဲ ထိန်းရောင်းပေးရန် ရန်ကုန် ဒုတိယမြို့တော်ဝန် မောင်ပါက ရန်ကုန်ဘုရင့်နောင် ဆန်ကုန်သည် ကြီးများကို မကြာခင်က ကြိတ်ပြီး အမိန့်ထုတ်ထားပြန်၏။ ထိုအချက်က ဆန်ပြတ်လပ်မည့်ကိစ္စ စစ်အစိုးရ မည်မျှပူပန်နေသည်ကို ထင်ထင်ရှားရှား ပြနေ၏။ ဈေးကွက်ကို အမိန့်ဖြင့် ၀င်ရောက် စွက်ဖက်ခြင်းသည် စင်စစ် ဈေးကွက်စီးပွားရေးကို ဆန့်ကျင်ခြင်းဖြစ်၏။
ဒုတိယမြို့တော်ဝန် မောင်ပါ၏ အမိန့်ကြောင့် ဘုရင့်နောင် ဆန်ကုန်သည်ကြီးများ လုပ်စားရန် မဖြစ် တော့ဘဲ ဆန်ပွဲရုံများ ပိတ်ရမည့်ကိန်း ဆိုက်နေ၏။ လက်တွေ့အခြေအနေကို ကြည့်လျှင်လည်း စပါး ဈေးက အောက်မြန်မာနိုင်ငံတွင် တင်း (၁၀၀) ကို ကျပ် (၄) သိန်းဝန်းကျင်ထက် လျော့ခြင်းမရှိ။ ဆန်ဈေးကလည်း ထိပ်စဆန်ဈေးက တတင်းခွဲ တအိတ်ကို (၃၆,၀၀၀) ကျော်နေသည့်အတွက် ၂၀၀၆ ခုနှစ် ယခုအချိန် ဈေးထက် (၂) နှစ်အတွင်း (၁၂၅) ရာနှုန်း တက်လာ၏။ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ထုတ်ပြန်သည့် စာရင်းအရ မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံရသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း (၁၁) မြို့နယ်တွင် စပါးစိုက်နိုင်သည့် ဧကမှာ ထို (၁၁) မြို့နယ်ရှိ စုစုပေါင်း စိုက်ဧက၏ (၄၄) ရာနှုန်းသာရှိ၏။ ၂၀၀၈ မိုးစပါး စိုက်ရန် လိုသည့် မျိုးစပါးတန်ချိန်မှာ အဆိုပါ (၁၁) မြို့နယ်အတွက် တန်ချိန် (၃) ထောင်ကျော် လို၏။ အဆိုပါ (၁၁) မြို့နယ်၏ ခိုင်းကျွဲ၊ ခိုင်းနွား ဆုံးရှုံးမှုမှာ မုန်တိုင်းမတိုက်မီကာလ အရေအတွက်၏ (၃၄) ရာနှုန်းရှိ၏။
လက်တွေ့အခြေအနေကို ကြည့်လျှင် ဆားငန်ရေ၀င်သည့် ပြဿနာ၊ ခိုင်းကျွဲ၊ ခိုင်းနွား မလုံလောက် သည့်ပြဿနာ၊ လယ်လုပ်သား ရှားပါးသည့်ပြဿနာ စသည်တို့ကြောင့် (၄၄) ရာနှုန်းပြည့်အောင် ပြန်စိုက်နိုင်ရန်မလွယ်။ လိုအပ်သည့် မျိုးစပါးလည်း အပြည့်အ၀ မရသည့်ပြင် မိုးစပါးစိုက်ချိန်လည်း လွန်နေပြီဖြစ်၏။
မိုးစပါးအထွက်ကို မျှော်ကိုး၍ မရသည့်အခြေအနေတွင် ကုန်သည်ကို စစ်အစိုးရက ဓားကြိမ်းကြိမ်း ပြီး လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာအတွက် ဆန်ဈေးထိန်းရန်ဆိုသည်မှာ ရယ်စရာ ဖြစ်နေ၏။ မြန်မာစစ်အစိုးရ ကြိတ်ပြီး ချောက်ချားနေသည်မှာ ပေါ်လွင်၏။
စင်စင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေခြင်းကို စစ်အစိုးရ သဘောမပေါက်။ ပြည်သူတရပ်လုံး ယူကျုံးမရ ဖြစ်နေသည့် နာဂစ်မုန်တိုင်းဖြစ်သည့်ကိစ္စ အခွင့်ကောင်းယူပြီး အန်အယ်လ်ဒီနှင့် ပူးပေါင်း နိုင်ငံရေးအဖြေရှာခဲ့လျှင် ပြည်သူကလည်း ထောက်ခံမည်၊ နိုင်ငံတကာမှာလည်း မျက်နှာပွင့်မည်ကို စစ်ခေါင်းဆောင်များ သိဖို့ကောင်း၏။ကမ္ဘာ့အတွေ့အကြုံကိုကြည့်လျှင် နိုင်ငံရေးနှင့် သဘာဝဘေးအန္တရာယ်တို့ ဆက်စပ်မှုရှိ၏။ သဘာဝ ဘေးအန္တရာယ်ဒဏ် ဆိုးရွားလေ နိုင်ငံရေးမတည်ငြိမ်မှု ပိုများလေဖြစ်သည်ဟု နိုင်ငံတကာ လေ့လာ သူတွေက ယူဆ၏။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှုနည်းသည့် နိုင်ငံများတွင် ပို၍ မတည်ငြိမ်မှုများလေဟု ထောက်ပြကြ၏။
၂၀၀၄ ဆူနာမီ မတိုင်ခင်ကဆိုလျှင် အင်ဒိုနီးရှားအစိုးရနှင့် ဆူနာမီဒဏ်ခံရသည့် အာချဲပြည်နယ်ကြား နိုင်ငံရေး ပဋိပက္ခကြီးမား၏။ အာချဲခွဲထွက်ရေးသမားများနှင့် အင်ဒိုနီးရှား အစိုးရကြား နှစ် (၄၀) ကျော် ဖြေရှင်းမရသည့် နိုင်ငံရေးပြဿနာဖြစ်၏။ အာချဲပြည်နယ်ကို ကမ္ဘာနှင့်အဆက်ဖြတ်ထားပြီး စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားသည့်အချိန် ဆူနာမီဝင်လာခြင်းဖြစ်၏။ ထိုအချက်ကို အခွင့်ကောင်းယူ၍ ဆူနာမီမတိုင်မီ (၂) လအလိုမှာ အင်ဒိုနီးရှားသမ္မတဖြစ်လာသူ ဆူဆီလိုဘန်ဘန်းက အာချဲလက်နက် ကိုင် ခွဲထွက်ရေးသမားများနှင့် ဆွေးနွေး၏။
ဆွေးနွေးမှုရလဒ်အဖြစ် ဆူနာမီဒဏ်ခံရသည့် အာချဲကို နိုင်ငံတကာက အချိန်မီ ကယ်ဆယ်ခွင့် ရသကဲ့သို့ ပြန်လည်တည်ဆောက်ရေးကိုလည်း အလုံးအရင်းနှင့် ကူညီခွင့်ရ၏။ နောက်ဆုံး အင်ဒို နီးရှားအစိုးရနှင့် အာချဲခွဲထွက်ရေးသမားများကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်၏။ အာချဲခွဲထွက် ရေးခေါင်းဆောင်ကို အာချဲပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်နိုင်ခဲ့၏ ထိုအချက်ကို ကမ္ဘာက ဥပမာကောင်းအဖြစ် ယူဆ၏။
မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းတိုက်ပြီဆိုတော့ အာချဲမှာ ကူညီခဲ့သည့် နိုင်ငံတကာ စစ်သင်္ဘောများ ကယ်ဆယ်ရန် အချိန်မီရောက်လာ၏။ မြန်မာစစ်အစိုးရက အန်အယ်လ်ဒီနှင့် ဆွေးနွေးပြီး ဧရာဝတီ တိုင်း ကယ်ဆယ်ရေး ဖွင့်ပေးလေမလား ကမ္ဘာက မျှော်လင့်၏။ အာချဲကဲ့သို့ ဖြစ်နိုးနိုးအများက စိတ်ကူးယဉ်၏။ ပိတ်နေသည့် မြန်မာ့နိုင်ငံရေးကို နာဂစ်က ဖွင့်လေမလား အိပ်မက်မက်သူများက မက်၏။
လက်တွေ့အခြေအနေတွင်မူ အန်အယ်လ်ဒီသည် အာချဲခွဲထွက်ရေးသမားများကဲ့သို့ ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ပါတီမဟုတ်။ တပြည်လုံးက မဲဆန္ဒ ရှင်များလိုလားသည့်အချက် အကောင်အထည်ဖော်ရန် တာဝန်ရှိသည့် ပါတီဖြစ်၏။ အကြမ်းမဖက် လမ်းစဉ် စွဲကိုင်သည့်ပါတီဖြစ်၏။ ပါတီခေါင်းဆောင်ကလည်း အကျယ်ချုပ်ကျနေ၏။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဆူနာမီကာလ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်းကဲ့သို့ စိတ်ရင်းမျိုးထားနိုင်သူမဟုတ်။ နာဂစ်ကြောင့် အလောင်းများ သိန်းသန်းချီနေသည်ကိုပင် သတင်း ပတ်အတော်ကြာသည်ထိ လှည့်မကြည့်ဘဲ နေရက်သူဖြစ်၏။ ပြည်သူနှင့် အတိုက်အခံအပေါ် ရက်စက်ရန် ၀န်မလေးသူဖြစ်၏။ ထို့ကြောင့်လည်း ဧရာဝတီတိုင်း ကယ်ဆယ်မည့် နိုင်ငံတကာ စစ်သင်္ဘောများကို လက်ညိုးထိုးပြီး ရန်လုပ်တော့၏။ ခေတ်သစ် ငရမာန်ကန်းနှင့် စောလူးမင်း ပုံပြင်ဟုပင် ဆိုနိုင်၏။
ဇာတ်ပေါင်းသော် ကယ်ဆယ်ရေးထက် ပြည်သူအလောင်းများပေါ် စစ်ဖိနပ်နင်း၊ ဆန္ဒခံယူပွဲလုပ်ပြီင်္း စစ်အစိုးရက တဖက်သတ်အနိုင်ယူသွား၏။ ပြည်သူများ မျက်ရည်မစဲခင် စစ်အုပ်ချုပ်ရေးကို အာမခံ ချက်ပေးမည့် ရွေးကောက်ပွဲခြေလှမ်းသစ်ကို စစ်အစိုးရက ပြင်၏။ အန်အယ်လ်ဒီကလည်း စစ်အစိုးရ ဆန္ဒခံယူပွဲကို ကန့်ကွက်ရင်း အသံတိမ်သွား၏။ ဤတွင် မြန်မာ့နိုင်ငံရေးအတွက် အာချဲအိပ်မက် ပျက်လေပလားဟု တွေးရန်ရှိ၏။
စစ်အစိုးရအခြေအနေမှာလည်း အာဏာ လက်နက်နှင့် အုပ်ချုပ်ခွင့်ရနေသည့်တိုင် နိုင်ငံရေးအရ အသာစီးမဟုတ်၊ စစ်အစိုးရမျှော်မှန်းသည့် ပထမကြိမ် လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ပြီးမှသာ စိတ် အေးရမည့် အနေအထားဖြစ်၏။ အန်အယ်လ်ဒီမှာလည်း စစ်အစိုးရနှင့် ဆွေးနွေးခွင့် မရသေးသည့် တိုင် နိုင်ငံရေးအရ နာလန်မထူတော့သည့် အနေအထားမဟုတ်။
အာချဲအိပ်မက် ပျက်မပျက်ဆိုသည်မှာ မြန်မာစစ်ခေါင်းဆောင်များအပေါ်တည်၏။ ဆန်အကျပ် အတည်းရောက်မှ အန်အယ်လ်ဒီနှင့် ဆွေးနွေးရသည်ဆိုလျှင် တိုင်းပြည် ပိုနာမည်။ မြန်မာစစ်ခေါင်း ဆောင်များ အမြင်မှန်ရရန် ခေတ်ပြိုင်က တိုက်တွန်းလိုပါ၏။ ။

အပြည့်အစုံဖတ်လိုလျှင်

နေအိမ်ဆောက်ပေးမည်ဟုဆိုကာ အိမ်ရာများသိမ်းဆည်းပြီး ငွေကြေးတောင်းယူ

ဖြိုးကြီး။ ဇူလိုင် ၁၄၊ ၂၀၀၈

မုန်တိုင်းသင့်ဒေသများမှ မြေနေရာများကို အိမ်ပြန်ဆောက်ပေးမည်ဟုဆိုကာ သိမ်းယူပြီးနောက် နေရာသစ်များတွင် နေထိုင်လိုသူများကို ငွေ (၅) သိန်းပေးရမည်ဟု တောင်းခံနေသည့်အတွက် ဒေသခံများ အခက်အခဲဖြစ်နေသည်။
ဘိုကလေးမြို့နယ်၊ စက်ဆန်းကျေးရွာ (၂) ရပ်ကွက်တွင် ထူးကုမ္ပဏီက အိမ်နေရာများကို အကုန်သိမ်းယူခဲ့ပြီး အခြားနေရာတွင် နေအိမ်များဆောက်လုပ်ထား၍ နေထိုင်လိုသူများထံမှ ငွေအရစ်ကျ ပေးချေရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုကဲ့သို့ ငွေပေးသွင်းရန်မရှိသည့်အိမ်ထောင်စုများမှာ ယခင်နေရာများတွင် ပြန်လည်ဆောက် လုပ်ခွင့်ပေးရန်ပြောဆိုသော်လည်း ခွင့်မပြုသည့်အတွက် ဆန်စက်များဘေးတွင် ယာယီတဲများ ထိုး၍ နေထိုင်နေရကြောင်း ဒေသခံတဦးက ပြောသည်။
“ကျနော်တို့ အရင်နေရာလေးမှာဘဲ အိမ်လေးဆောက်ပါရစေဆိုတာကို သူတို့က လက်မခံဘူး၊ မင်းတို့ပိုက်ဆံသွင်းနိုင်ရင် အိမ်ရမယ်၊ မသွင်းနိုင်ရင် မရဘူး၊ အဲလိုပြောလွှတ်လိုက်တာ၊ လုံးဝပြန် မရဘူး၊ အဲလိုဖြစ်နေတယ်” ဟုပြောသည်။
အဆိုပါအိမ်နေရာများ သိမ်းဆည်းခံရသူများမှာ စက်ဆန်း (၂) ရပ်ကွက်အတွင်းမှ ကိုရွှေဝင်း၊ သန့်ဇော်ဦး၊ ကိုမောင်ခင်ဝင်း၊ ကိုမျိုးဝင်း၊ ကိုမြင့်သောင်း၊ ကိုခင်မောင်အေး၊ ကိုသက်နိုင်၊ ခင်မောင်လတ်၊ ခင်မောင်ဇင်၊ ကိုခင်ဇော်တို့အပြင် စုစုပေါင်းအိမ်ထောင်စု (၃၈) စု ပါဝင်သည်။
သိမ်းဆည်းခံရသည့် မြေနေရာများတွင် ခြေမြန်တပ်မ (၆၆) မှ အလံများစိုက်ထူထားပြီး ရွာသား များက နေအိမ်များဆောက်လုပ်ခွင့်ပေးရန်ပြောဆိုရာ ပိုင်ဆိုင်ကြောင်းအထောက်အထား မြေဂရမ်များပြသရန် အရာရှိတဦးက ပြောဆိုခဲ့သည်။
ထူးကုမ္ပဏီမှ လက်ရှိဆောက်လုပ်ပြီးစီးသွားသည့် အိမ် (၅၇) လုံးတွင် အရစ်ကျ တနှစ်တသိန်း ပေးသွင်းကြရမည်ဖြစ်ပြီး ကျေးရွာအာဏာပိုင်များက ၎င်းတို့နှင့်နီးစပ်သည့် ရာအိမ်မှူး၊ ဆယ် အိမ်မှူးအား နီးစပ်သလိုခွဲတမ်းချထားပေးပြီး ၎င်းတို့မှာ ရွာတွင်အိုးအိမ်များရှိနေသူများဖြစ် သည်။
“မြေတွေအိမ်တွေအသိမ်းခံရတဲ့ အိမ်ထောင်စု (၃၈) စုက နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်ကြီး သိန်းစိန်နဲ့ တိုင်းမှူးဆီကို လိပ်မူပြီး အသနားခံစာ ပြီးခဲ့တဲ့ (၁၀) ရက်နေ့ပို့ထားတာလည်း အခုအထိ အကြောင်းမပြန်ဘူး” ဟု ဒေသခံတဦးကပြောသည်။
စစ်အစိုးရက မုန်တိုင်းသင့်ဒေသများ ပြန်လည်တည်ထောင်ရေးအတွက် စစ်ဗိုလ်ချုပ်များနှင့် နီးစပ်သည့်ကုမ္ပဏီများအား ဒေသအလိုက်ခွဲတမ်းချလုပ်ကိုင်ခွင့်ပြုခဲ့ရာ ဦးတေဇပိုင် ထူးထရေး ရှင်းကုမ္ပဏီက ဘိုကလေးမြို့နယ်တွင် လုပ်ကိုင်ခွင့်ရရှိခဲ့ပြီး စက်ဆန်း (၂) ရပ်ကွက်တွင် နေအိမ် အလုံး(၁၀၀) ဆောက်လုပ်နေခြင်းဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဆိုက်ကလုန်းနာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ ပြောင်းလဲစေမည့်အချက်လော

၂၀၀၄ ခု ဒီဇင်ဘာ အင်ဒိုနီးရှားနိုင်ငံ အာချဲပြည်နယ် တခုလုံးကို ရစရာမရှိအောင် ဖျက်ဆီးခဲ့သော ဆူနာ မီလှိုင်းကြီးသည် လူသားများအတွက် ကြေကွဲဝမ်း နည်းဖွယ်ရာဖြစ်သော်လည်း ငြိမ်းချမ်းရေး သဘော တူညီမှုပုံစံဖြင့် နိုင်ငံရေး အရ မင်္ဂလာတပါး ဖြစ်ခဲ့ သည်။ မြန်မာနိုင်ငံတွင် မေ (၂) ရက်က တိုက်ခတ် ခဲ့သည့်
Ms. Elizabeth Ferris Mr. Lex Rieffel
ဆိုင်ကလုန်း နာဂစ် အဖြစ်ဆိုးကနေ မြန်မာနိုင်ငံ အပြောင်းအလဲအတွက် မျှော်လင့်ချက်ရောင်ခြည် သန်းစေမည့် မည်သို့သော အခွင့်အလမ်းများ ရရှိလာမည်နည်း။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

၂၀၀၄ ခုက အင်ဒိုနီးရှားနိုင်ငံတွင် ဆူနာမီဖြစ်ပွားခဲ့ချိန်၌ အင်ဒိုနီးရှားအစိုးရသည် အာချဲပြည်နယ်ရှိ ခွဲထွက်ရေးအုပ်စုနှင့် တိုက်ပွဲဝင်နေသည်မှာ နှစ်ပေါင်း (၄၀) ကျော် ကြာမြင့်ခဲ့ပြီဖြစ်သည်။ ထိုပြည် နယ်သည် ညမထွက်ရ အမိန့်အောက်တွင် နှစ်ပေါင်းများစွာရှိခဲ့ပြီး နိုင်ငံတကာ လူ့အခွင့်အရေး အဖွဲ့ များ၊ လူသားချင်း စာနာထောက်ထားသော ကူညီမှုအဖွဲ့အစည်းများနှင့် သတင်းထောက်များကို လည်း ၀င်ခွင့်ပိတ်ပင်ထားသည့် နယ်မြေဖြစ်သည်။
ဆူဆီလို ဘန်ဘန်း ယူဒယိုနိုသည် ဆူနာမီမဖြစ်ပွားမီ (၂) လခန့်အလို အချိန်ပိုင်းတွင် အင်ဒိုနီးရှား သမ္မတဖြစ်လာသူဖြစ်ပြီး ဆူနာမီကို အခွင့်ကောင်းယူကာ အာချဲပြည်နယ်ရှိ ခွဲထွက်ရေးသမားများနှင့် စေ့စပ်ညှိနှိုင်းမှုများ ပြုလုပ်ရန် လမ်းဖွင့်ပေးခဲ့သည်။
ထို့အတွက် ရလဒ်မှာ အကြီးမားဆုံးသော သဘာဝဘေးအန္တရာယ် ပြန်လည်ထူထောင်မှုတခု ဖြစ်လာ ခဲ့ပြီး လက်ရှိခေတ်ကာလတွင် အလုံးအရင်းလိုက် ပြန်လည်တည်ဆောက်ရေး အားထုတ်မှုများလည်း ဖြစ်လာခဲ့သည်။ ထိုမှတဆင့် ခွဲထွက်ရေးသမားများနှင့် ငြိမ်းချမ်းရေး သဘောတူညီချက် ရလာ သည့်ပြင် အာချဲပြည်နယ် ခွဲထွက်ရေးခေါင်းဆောင်ကို ပြည်နယ်အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ် တင်မြှောက်နိုင်ခဲ့သည်။
လွန်ခဲ့သည့် နှစ်ပေါင်း (၂၀) အတွင်း နှစ်စဉ်လိုလို လူပေါင်း သန်း (၂၀၀) ကျော်သည် သဘာဝ ဘေးအန္တရာယ်ဒဏ်ကို ခံစားခဲ့ကြရသည်။ ကမ္ဘာ့လူဦးရေ တိုးပွားလာသည်နှင့်အမျှ လေထု ပူနွေး လာခြင်းများ၊ ရေကြီးခြင်းများ၊ တိုင်ဖုန်းမုန်တိုင်း၊ ဟာရီကိန်းမုန်တိုင်း တိုက်ခတ်မှုများ မကြာခဏ ဖြစ်ပွားနေသည်ဖြစ်ရာ ထိုဖြစ်ရပ်များကြောင့် နိုင်ငံရေးအရ အကျိုးဆက်များ ရှိလာမည်မှာ အသေ အချာပင်ဖြစ်သည်။ မကြာသေးခင်က ဖြစ်ပွားခဲ့သော သဘာဝဘေးအန္တရာယ်ကြီး (၂) ခုသည် နိုင်ငံရေးနှင့် သဘာဝဘေးအန္တရာယ် ဆက်နွှယ်နေသည်ဆိုသည့်သဘောကို ပြသခဲ့သည်။
ပထမအချက်အနေဖြင့် ဘေးအန္တရာယ်ဖြစ်ပွားမှု ပိုမိုပြင်းထန်လေ နိုင်ငံရေးအရ မငြိမ်သက်မှုသည် ပိုလေ ဖြစ်သည်။ ဒုတိယအချက်အနေဖြင့် နိုင်ငံရေး၊ စီးပွားရေး ဖွံ့ဖြိုးမှုမရှိသော နိုင်ငံများတွင် မတည်မငြိမ်ဖြစ်မှု ပို၍များသည်။ ထို (၂) ချက်လုံး ထည့်သွင်းစဉ်းစားလျှင် မြန်မာနိုင်ငံတွင် ဖြစ်ပွား ခဲ့သော မတည်ငြိမ်မှုမှာ အတော်ဆိုးဝါးမည်ဖြစ်သည်။
မိုးလေ၀သ ရှုထောင့်မှ ကြည့်မည်ဆိုလျှင် ဆိုင်ကလုန်းနာဂစ်သည် ဟာရီကိန်း ကက်ထရီးနား လောက် မပြင်းထန်။ သို့သော် မြန်မာနိုင်ငံအတွက် အတွေ့အကြုံမှာ ဆွေစဉ်မျိုးဆက် တုနှိုင်းစရာ မရှိလောက်အောင် ပြင်းထန်သည်ဟု ဆိုရမည်။ မြန်မာနိုင်ငံကဲ့သို့ နိုင်ငံရေး၊ စီးပွားရေးအရ အာရှ တွင် မတိုးတက်မှု နှိုင်းပြိုင်စရာဆို၍ မြောက်ကိုရီးယားသာ ရှိသည်။
မြန်မာနိုင်ငံ၏ ဆန်အထွက်နှုန်း အများဆုံးဖြစ်သည့် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် ရန်ကုန်မြို့ နယ်တို့ကို နာဂစ်မုန်တိုင်း တိုက်ခတ်သွားပြီး (၁၀) ရက်ကြာသည့်အချိန်အတွင်း စစ်အစိုးရသည် နိုင်ငံခြား ကယ်ဆယ်ရေး လက်တဆုပ်စာမျှကိုသာ ပြည်တွင်းသို့ ၀င်ခွင့်ပြုခဲ့သည်။
ကိုယ်တွေ့သတင်းပို့ချက်များတွင် စိတ်မကောင်းဖွယ်ရာ လူသေအလောင်းများ ချောင်းမြောင်းများ ထဲတွင် မျောနေသည့် ဓာတ်ပုံများနှင့် အိုးမဲ့အိမ်မဲ့ဖြစ်သွားသော မိသားစုများ ချို့တဲ့လှသည့် ဒုက္ခ သည်စခန်းများသို့ ရွှေ့ပြောင်းနေပုံများကို တွေ့ရသည်။ စစ်အစိုးရကို ပြည်ပနိုင်ငံများမှ ဖိအားပေး မှုကြောင့် ကုလသမဂ္ဂ အေဂျင်စီများ၊ ပူးတွဲအစိုးရ အေဂျင်စီများနှင့် နိုင်ငံတကာ NGO များမှ သဘာဝဘေးအန္တရာယ် ကယ်ဆယ်ရေးအဖွဲ့များ ပြည်တွင်းသို့ ၀င်ခွင့်ရလာကြခြင်းဖြစ်သည်။
သန်း (၅၀) ရှိသော မြန်မာနိုင်ငံ လူဦးရေကို (၄၅) နှစ်ကျော်ကာလအထိ လူ့အခြေခံလိုအပ်ချက်များ မဖြည့်တင်းနိုင်သည့်နေရာတွင် ကမ်းကုန်လောက်အောင် မှတ်တမ်းတင်ထားရသည့် စစ်အစိုးရ အနေဖြင့် မုန်တိုင်းဆိုးကျိုးကို ကာလကြာရှည်စွာ မခံစားနိုင်ဖို့ဆိုလျှင် နိုင်ငံတကာအကူအညီ (ကယ်ဆယ်ရေး ကျွမ်းကျင်သူများ၊ ရိက္ခာနှင့် ကုန်ကြမ်းများ၊ ငွေကြေး) လိုအပ်မည်ဆိုသည်မှာ အသေအချာပင် ဖြစ်သည်။
ကမ္ဘာ့အခြားနေရာများတွင် အတွေ့အကြုံများရှိခဲ့သည်မှာ မှန်သော်လည်း နာဂစ်မုန်တိုင်းသည် မြန်မာနိုင်ငံ အာဏာတည်ဆောက်မှုထိခိုက်ရန် မည်သို့မျှ အရာထင်နိုင်မည် မဟုတ်ပေ။ အမှန် တွင်လည်း အစိုးရသည် မုန်တိုင်းသင့် ဒုက္ခသည်များကို မဖြစ်စလောက် ကူညီရန် ကြိုးစားရသည့် အရှုံးများထက်စာလျှင် မေ (၁၀) ရက်တွင် ပြုလုပ်သည့် ဖွဲ့စည်းပုံအခြေခံဥပဒေအတွက် ဆန္ဒခံယူ ပွဲတွင် နိုင်ငံရေးအကျိုးအမြတ် များစွာရရှိခဲ့သည်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် (၁၀) နှစ်ကျော် ချထားသော၊ စိတ်ကူးပြောင်းပြီး နေပြည်တော်သို့ ရွှေ့သွားသော၊ ပြီးခဲ့သည့်နှစ် စက်တင်ဘာက သံဃာတော်များ ဦးဆောင်သည့် လူထုဆန္ဒပြပွဲကို အင်အားသုံး နှိမ်နင်းခဲ့သော အစိုးရသည်လည်း ထိုစစ်အစိုးရပင်ဖြစ်သည်။
သဘောထားအမြင် ကွဲလွဲသော ဥပဒေသများ ရှိနေသော ကမ္ဘာကြီးတွင် ကျွန်ုပ်တို့ နေထိုင်နေကြ ရခြင်းဖြစ်သည်။ သူတပါးနိုင်ငံတွင်းရှိ ပြည်တွင်းရေးများကို ၀င်မစွက်ရေးဆိုသည့် ကြာမြင့်နေပြီ ဖြစ်သော ဥပဒေသသည်လည်း အချက်တချက်ဖြစ်သည်။ ထိုဥပဒေသ တခုတည်းနှင့်ပင် မြန်မာ အစိုးရအနေဖြင့် ဆိုင်ကလုန်းနာဂစ်ကြောင့် ဖြစ်ပွားခဲ့ရသည့် ပျက်စီးဆုံးရှုံးမှုများကို ပြုပြင်ရာတွင် မည်သည့်နိုင်ငံခြားအကူအညီကို လက်ခံမည်၊ လက်မခံမည်ကို ၎င်းဘာသာ ဆုံးဖြတ်တာဝန်ယူ နိုင်ခွင့် ရှိနေသည်။
ဟာရီကိန်း ကက်ထရီးနား တိုက်ပြီးနောက်တွင် အမေရိကန်အစိုးရသည် ကုလသမဂ္ဂအပါအ၀င် နိုင်ငံခြားအစိုးရများ၏ အကူအညီများကို ငြင်းဆန်ခဲ့သည်မှာလည်း ထိုဥပဒေသကြောင့် ဖြစ်သည်။ ထိုသို့ အကူအညီများကို လက်မခံရသည်မှာ အကူအညီပေးအပ်ခြင်းကို ကြီးကြပ်ရန်အတွက် တာဝန်ရှိမှုအပေါ်တွင် မူတည်သည်။
မကြာသေးမီ ကာလများတွင် အသုံးများလာသည့် ဥပဒေတခုမှာ အစိုးရက တမင်ဖြစ်စေ၊ ကူညီ နိုင်မည့် အနေအထားမျိုး မရှိ၍ဖြစ်စေ ပြည်သူများကို ရက်ရက်စက်စက် ကျူးလွန်နေသည့် အခြေ အနေမျိုးရှိလျှင် နိုင်ငံတကာအသိုင်းအ၀န်းမှ ၀င်ရောက်စွက်ဖက်နိုင်သည်ဟူ၍ဖြစ်သည်။ ကြားဝင် မစွက်ရေးဥပဒေသမှာ ကုလသမဂ္ဂ တည်ထောင်ကတည်းက ရှိနေခဲ့ပြီး နိုင်ငံတကာမှ ၀င်စွက်ခွင့် (R2P) သည် ၂၀၀၅ တွင် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှတဆင့် နိုင်ငံတကာဥပဒေ ဖြစ်လာသည်။
ထို့အပြင် နိုင်ငံတကာမှ ၀င်စွက်ခွင့် (R2P) သည် သဘာဝဘေးအန္တရာယ်၊ ကပ်ရောဂါနှင့် အခြား အလားတူ ဖြစ်ရပ်မျိုးများအတွက် မဟုတ်ဘဲ အစုလိုက်အပြုံလိုက် ရက်စက်ယုတ်မာမှုများနှင့် ရင် ဆိုင်နေရသည့် အချိန်မျိုးတွင် နိုင်ငံတကာမှ အရေးယူရန် လမ်းညွှန်ပြထားပေးခြင်းဖြစ်သည်။ ထို R2P ကို ဒါဖာ အရေးအခင်းတွင် အသုံးပြုခဲ့သော်လည်း အောင်မြင်မှု များများစားစား မရရှိခဲ့ပေ။ ထိုဥပဒေကို ထပ်မံတိုးချဲ့မည်ဆိုလျှင်လည်း ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံ အတော်များများက ဆန့်ကျင် ကြမည်ဖြစ်သည်။ ထိုဥပဒေကို ထပ်မံချဲ့ထွင်ရန် ကြိုးစားမည်ဆိုလျှင် လူမျိုးတုံးအောင် သတ်ဖြတ် နေမှုများတွင် R2P ကို ထောက်ခံမည့်အင်အားလည်း ပိုမို၍ လျော့နည်းသွားနိုင်သည်။
မြန်မာအစိုးရအနေဖြင့် နိုင်ငံခြားအစိုးရများနှင့် နိုင်ငံတကာ အန်ဂျီအိုများက ကမ်းလှမ်းသည့် အကူ အညီများကို ဆက်လက်ပြီး ငြင်းဆန်သွားမည့် အနေအထားတွင် ရှိနေပုံရသည်။ ယခုအနေ အထား၌ မြန်မာမုန်တိုင်းသင့် ဒုက္ခသည်များအတွက် အကောင်းဆုံး မျှော်လင့်ချက်မှာ တရုတ်နှင့် အိန္ဒိယနိုင်ငံ အပါအ၀င် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ခြိမ်းခြောက်မှု အသွင်မျိုး မဆောင်သည့် အကူအညီများကို အချိန်မနှောင်းခင် လုံလုံလောက်လောက် ပေးနိုင်ရေးပင် ဖြစ်သည်။
(Brookings-Bern စီမံကိန်းမှ ပြည်တွင်း ရွာပုန်းရွာရှောင် ကိစ္စဆိုင်ရာ ပူးတွဲညွှန်ကြားရေးမှူး Elizabeth Ferris နှင့် အမေရိကန်နိုင်ငံ ဂျော့ဝါရှင်တန်တက္ကသိုလ်မှ ထွန်းသစ်စဈေးကွက်များ ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူ Mr. Lex Rieffel တို့ ပူးတွဲရေးသားသည့် ဆောင်းပါးကို ဘာသာပြန်ထားခြင်းဖြစ်သည်)

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်အစိုးရရုံးများတွင် လုံခြုံရေးတင်းကျပ်

NEJ/ ၁၄ ဇူလိုင် ၂၀၀၈

ရန်ကုန်ရှိ အစိုးရဌာနဆိုင်ရာများအားလုံးတွင် လုံခြုံရေး တင်းကျပ်စစ်ဆေးရန် ညွှန်ကြားထား ကြောင်း နေပြည်တော်သတင်းရပ်ကွက်မှ သိရသည်။
ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ တာဝန်ရှိသူတဦးက “ဌာနဆိုင်ရာတွေမှာ လုံခြုံရေး တိုးမြှင့်ဖို့ အတွက် အထက်က ပြီးခဲ့တဲ့ ဇွန် (၂၇) ရက်မှာ စတင် ညွှန်ကြားတာပါ။ ညွှန်ကြားချက်အရ မိမိတို့ ရုံးက ၀န်ထမ်းတွေအနေနဲ့ အလှည့်ကျ စောင့်ရမှာဖြစ်တယ်” ဟု ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

ဘဏ္ဍာရေးနှင့်အခွန်ဝန်ကြီးဌာနအနေဖြင့် ၎င်းတို့ဌာနအောက်ရှိ ပြည်တွင်းအခွန်များဦးစီးဌာန ဦးစီးရုံးအပါအ၀င် ဌာနခွဲများ၊ ပြည်ပသို့ ထွက်ခွာသွားသူများအား စိစစ်ရေးအဖွဲ့၊ ရန်ကုန်တိုင်း အခွန်ဦးစီးဌာနမှူးရုံး၊ ကုမ္ပဏီများဆိုင်ရာ အခွန်ရုံး အမှတ် (၁)၊ (၂) တို့ တည်ရှိသည့် အဆောက် အအုံများရှိ တာဝန်မှူးများ၊ တာဝန်ကျသူများ၊ အစောင့်များနှင့် သီးခြားအစောင့် မရှိသော ဌာန အဆောက်အအုံများအား ညအချိန်နှင့် ရုံးပိတ်ရက်များတွင် လှည့်လည်စစ်ဆေးကြည့်ရှုရန် တာဝန်များ ချပေးထားကြောင်း အဆိုပါ ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာနမှ အရာရှိဖြစ်သူက ပြောသည်။
ဝန်ကြီးဌာနအသီးသီးရှိ ဌာနဆိုင်ရာရုံးများတွင်လည်း ထိုပုံစံအတိုင်း တာဝန်ခွဲဝေချထားကြောင်း သိရသည်။
ယခုအခါ ရန်ကုန်မြို့ရှိ ဌာနဆိုင်ရာရုံးများ အသီးသီး၌ အစောင့်များချကာ တံခါးများကို လိုအပ်မှ ဖွင့်ပေးပြီး ရုံးတွင်းသို့ ၀င်ခွင့်ပေးကြောင်း ယာဉ်ထိန်းရုံးသို့ ကိုယ်တိုင်သွားရောက်ခဲ့သူတဦးက ပြောသည်။ “အရင်တုန်းကတော့ (၅၁) လမ်း ယာဉ်ထိန်းရုံးမှာ တံခါး တခါမှ မပိတ်ထားဖူးဘူး။ အခုတော့ တံခါးကို အလုံပိတ်ထားပြီး လာတဲ့လူကို သေသေချာချာ စိစစ်မေးမြန်းပြီးမှ ၀င်ခွင့်ပြုတယ်” ဟု ၎င်းကပြောသည်။ဇူလိုင် (၁) ရက်တွင် အမှတ် (၆) ရပ်ကွက် ရွှေပြည်သာမြို့နယ်ရှိ ကြံ့ဖွံ့ရုံးတွင် ဗုံးပေါက်ကွဲမှု ဖြစ် ပွားခဲ့သည့်အတွက် ယခုကဲ့သို့ ညွှန်ကြားချက်များဖြင့် ဌာနဆိုင်ရာ ရုံးတိုင်း လုံခြုံရေး ချထားခြင်း ဖြစ်ကြောင်း ယာဉ်ထိန်း တပ်ဖွဲ့ဝင် ရဲသားတဦးက ပြောသည်။
စွမ်းအားမြှင့် မြန်မာကျောင်းသားစစ်သည်တော်များအဖွဲ့ကလည်း အင်တာနက်ဝက်ဘ်ဆိုဒ်များ တွင် ၎င်းတို့အနေဖြင့် နအဖနှင့် ပတ်သက်သည့် အရာများအား ဖောက်ခွဲရေးများ ပြုလုပ်မည် ဖြစ်ကြောင်း ကြေညာချက်များ ထွက်ပေါ်ခဲ့သည်။ ထို့နောက် ယခုကဲ့သို့ အစိုးရဌာနဆိုင်ရာရုံးများ လုံခြုံရေး တင်းကျပ်လာခြင်းဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်မြို့တွင်း မီးပွိုင့်များ မပြင်နိုင်သေး

ရန်ကုန်မြို့ သိမ်ဖြူလမ်း မီးပွိုင့်တွင် ဆိုလာပြားမရှိသည့် တိုင်တခု

NEJ/ ၁၄ ဇူလိုင် ၂၀၀၈


နာဂစ်မုန်တိုင်း တိုက်ခတ်ပြီး (၂) လကျော်သည့်တိုင် မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ရန်ကုန် မြို့ရှိ မီးပွိုင့်များ၊ ယာဉ်ထိန်းနားခိုတဲများနှင့် ဆိုလာပြားများကို ထိထိရောက်ရောက် ပြန်လည် ပြင်ဆင်မှုများ မရှိသေးဟု ရန်ကုန်မြို့ခံများက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ အင်ဂျင်နီယာတဦးက မီးပွိုင့်များ၊ ဆိုလာပြားများ ပြင်ဆင်မှု နှောင့်နှေးကြန့်ကြာရသည်မှာ ပလက်ဖောင်းထရပ်ကားများ မလုံလောက်သည့်အတွက် ဖြစ်သည်ဟု ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ဒီပလက်ဖောင်းထရပ်ကားနဲ့ လိုက်ပြီး ပြင်ဆင်မှုတွေ လုပ်ရတယ်။ ဒါပေမယ့် အဲဒီထရပ် ကားမျိုးက မြို့တော်စည်ပင်မှာ တစီးတည်းသာရှိတယ်။ ရှိတဲ့တစီးကလည်း မကြာခဏ စက်ပိုင်း ဆိုင်ရာ ချို့ယွင်းနေတယ်” ဟု ပြောသည်။
ရန်ကုန်တမြို့လုံးတွင် မီးပွိုင့်ပေါင်း (၁၂၉) ခုရှိပြီး ပွိုင့်များတွင် ယာဉ်ထိန်းနားခိုတဲ စုစုပေါင်း (၁၁၈) ခုရှိကာ ဆိုလာပြားများ တပ်ဆင်ထားသည့် မီးပွိုင့် (၅၀) ကျော်ရှိကြောင်း အပတ်စဉ်ထုတ် ရန်ကုန်အခြေစိုက် ပြည်တွင်းသတင်းဂျာနယ်များတွင် ဖော်ပြသည်။
မုန်တိုင်းကြောင့် မီးပွိုင့်ပေါင်း (၁၂၉) ခုတွင် (၁၀၀) ကျော် ပျက်စီးပြီး ဆိုလာပြား (၅၀) ကျော် အနက် လုံးဝပျက်စီးသွားသည့် ဆိုလားပြားတိုင် (၁၀) ခုခန့်ရှိကာ ကျန်သည့် ဆိုလားပြားများမှာ မပျက်စီးသော်လည်း ဆိုလာပြားနှင့် ချိန်ဆက်အသုံးပြုရသော အင်ဗာတာဘက်ထရီများ အားလုံး နီးပါး ပျက်စီးနေသည်ဟု အဆိုပါ မြို့တော်စည်ပင်မှ အင်ဂျင်နီယာက ပြောသည်။
ရန်ကုန်မြို့တွင် လျှပ်စစ်မီးကို အားမကိုးရဘဲ နေရောင်ခြည်ဖြင့် အသုံးပြုရသည့် ဆိုလားပြားများကို အသုံးပြုသည့်စနစ်ဖြင့် မီးပွိုင့်အချို့ကို အသုံးပြုနေခြင်းဖြစ်သည်။ ယင်းစနစ်တွင် မီးပွိုင့်အနီး တပ်ဆင်ထားသော ဆိုလာပြားတိုင်မှတဆင့် ယာဉ်ထိန်းနားခို တဲအတွင်း ထားရှိသည့် အင်ဗာတာ ဘက်ထရီမှ မီးပွိုင့်သို့ မီးပေးနေခြင်းဖြစ်သည်။
သို့သော် မီးပွိုင့်အားလုံးတွင် ဆိုလားပြားတိုင်များ တပ်ဆင်နိုင်ခြင်း မရှိသည့်အတွက် မီးပွိုင့်အများ စုမှာ လျှပ်စစ်မီးကိုသာ အသုံးပြုနေရဆဲဖြစ်သည်။ မြို့တော်စည်ပင် နယ်နိမိတ်အတွင်း မြို့နယ် (၃၃) မြို့နယ် ရှိသည့်အနက် ရန်ကုန်မြို့တွင်း (၆) မြို့နယ်ဖြစ်သည့် ဗိုလ်တထောင်၊ ပုစွန်တောင်၊ ကျောက်တံတား၊ လသာ၊ ပန်းပဲတန်းနှင့် လမ်းမ တော်မြို့နယ်များတွင်သာ မီး (၂၄) နာရီ ပေးကြောင်း၊ ကျန်မြို့နယ်များတွင် မီးပျက်ချိန်က များနေကြောင်း ပန်းပဲတန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။
၎င်းက “ဒါတောင် မြို့ထဲက (၆) မြို့နယ်မှာ (၂၄) နာရီ ပေးတယ်ဆိုထားပေမယ့် မီးက ပျက်တလှည့် လာတလှည့်ပဲ။ (၂၄) နာရီ ကွက်တိရတယ်ဆိုတာ မရှိပါဘူး” ဟု ပြောသည်။
အစိုးရ လျှပ်စစ်စွမ်းအားဌာန (အီးပီစီ) မှ မီးပေးသဖြင့် လျှပ်စစ်မီးလာချိန်တွင် အကောင်းအတိုင်း ရှိသည့် မီးပွိုင့်များမှ ယာဉ်အချက်ပြ မီးလင်း၍ အလုပ်လုပ်သော်လည်း မီးပျက်သည့်အချိန်တွင် ဆိုလာစနစ်ဖြင့် မီးပွိုင့်များ အလုပ်မလုပ်သည့်အတွက် ယာဉ်ကြောပိတ်ဆို့မှုများ၊ ယာဉ်တိုက်မှုများ ရှိနေဆဲ ဖြစ်သည်ဟုလည်း မြို့ခံများက ပြောသည်။
ယာဉ်ထိန်းနှင့် မြို့တော်စည်ပင်က ယာဉ်ကြောပိတ်ဆို့မှုနှင့် ပတ်သက်၍ အပြစ်များကို တလှည့်စီ ပြောဆိုမှုများ ရှိနေသော်လည်း မုန်တိုင်းတိုက်ခတ်ပြီး (၂) လကျော်သည့်တိုင် မီးပွိုင့်များကို ပြင်ဆင်နိုင်ခြင်း မရှိသေးသည်မှာ အထင်အရှားဖြစ်ကြောင်း အငြိမ်းစား စည်ပင်ဝန်ထမ်းတဦးက ပြောသည်။
“ယာဉ်ထိန်းရဲတွေ ဖမ်းဆီးဒဏ်ရိုက်လို့ရတဲ့ ငွေတွေကို စည်ပင်ဝင်ငွေအဖြစ် ပေးရတယ်။ သူတို့ရဲ့ လစာကိုတော့ စည်ပင်က ပေးတယ်။ အခု ပြုပြင်ရမယ့် ပွိုင့်တွေကျ စည်ပင်က မပြင်ဘူး၊ လိုအပ်တဲ့ ယာဉ်အင်အား၊ ၀န်ထမ်းအင်အား မရှိလို့လေ။ ဒါဆို ရဲတွေကလည်း ပွိုင့်တွေမှာ သေသေချာချာ ထိန်းသိမ်းပေးသင့်တာပေါ့၊ အခုတော့ အဲလိုမဟုတ်ဘဲ သူတို့အချင်းချင်းသာ အပြစ်ပြောနေကြ တယ်။ ရန်ကုန်နယ်နိမိတ်တွင်းက ယာဉ်ထိန်းနားခိုတဲပျက်တွေ မပြင်နိုင်သေးတာလည်း မြို့တော် ၀န်က ငွေကြေးချပေးတာ နှောင့်နှေးလို့ဖြစ်တယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ၎င်းတို့၏ ၀င်ငွေမှာ တနှစ်လျှင် ကျပ် (၃၀) ဘီလီယံခန့်ရှိသည်ဟု ထုတ်ဖော်ပြောဆိုကြောင်း ပြည်တွင်းဂျာနယ်များတွင် ဖော်ပြသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

အာဇာနည်နေ့အခမ်းအနား လုံခြုံရေးသတိဖြင့် ကျင်းပမည်

(သတင်းသုံးသပ်ချက်)
ပီတာအောင်/ ၁၄ ဇူလိုင် ၂၀၀၈

လာမည့် ဇူလိုင် (၁၉) ရက်တွင်ကျင်းပမည့် (၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အခမ်းအနားကို လုံခြုံရေးသတိရှိစွာဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) က ပြောကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် ဇွန် (၁၉) ရက်က ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ပွဲ အခမ်းအနားကျင်းပရာသို့ စွမ်း အားရှင်နှင့် ကြံ့ဖွံ့အဖွဲ့ဝင်များက ကားဖြင့် လာရောက်၍ အန်အယ်လ်ဒီပါတီဝင်အချို့ကို အကြမ်း ဖက် ရိုက်နှက်ဖမ်းဆီးမှု ဖြစ်ပွားခဲ့သည်။
အန်အယ်လ်ဒီ ပြောရေးဆိုခွင့်ရှိသူ ဦးဉာဏ်ဝင်းက “ကျနော်တို့ကတော့ တတ်နိုင်သလောက် လူငယ်တွေကို ထိန်းသိမ်းသွားမယ်။ ပိုပြီးတော့ ဂရုစိုက်သွားမယ်။ သက်ဆိုင်ရာမြို့နယ်ကိုတော့ ကျင်းပမယ့်အကြောင်း အကြောင်းကြားထားပါတယ်။ ကျနော်တို့ကတော့ အခမ်းအနားကို အေးအေးချမ်းချမ်း ငြိမ်းငြိမ်းချမ်းချမ်းပဲ ကျင်းပမှာ ဖြစ်ပါတယ်” ဟု ပြောသည်။
နိုင်ငံတော် ၀မ်းနည်းခြင်းအထိမ်းအမှတ် သတ်မှတ်ထားသည့် အာဇာနည်နေ့၌ ပဋိပက္ခဖြစ်ပွား မည်ကို မလိုလားကြောင်းနှင့် အကြမ်းဖက်လာမည့် အန္တရာယ်မှ ကာကွယ်ရန် လုံခြုံရေး တင်းတင်း ကျပ်ကျပ်ဖြင့် လုပ်သွားမည်ဟု အန်အယ်လ်ဒီဗဟို လူငယ်အဖွဲ့ဝင် ကိုရာဇာကလည်း ပြောသည်။
၎င်းက “ဒီလို အာဇာနည်နေ့လို နေ့ကြီး နိုင်ငံရဲ့အထင်ကရ နေ့ကြီးမှာ ဒါမျိုးမဖြစ်စေချင်ပါဘူး။ သူတို့ကိုယ်တိုင် အလေးအမြတ် ပြုရမယ့်နေ့ဗျ။ သူများကို ရန်ရှာရမယ့်နေ့ မဟုတ်ဘူး။ ကျနော်တို့ လူငယ်တွေကတော့ လုံခြုံရေးတိုးမှာပေါ့။ တင်းတင်းကျပ်ကျပ်လုပ်မယ်။ ကိုယ့်စည်းကိုယ့်ကမ်းနဲ့ နေမယ်ပေါ့ဗျာ။ ထပ်ဖြစ်မယ်ဆိုရင်တော့ အရမ်းကို ရုပ်ပျက်လွန်းသွားပြီ။ ခုမဖြစ်သေးခင် ပြောနေ တာပေါ့။ ဖြစ်တဲ့အချိန်မှာ သွေးဆူနေရင်တော့ မပြောနိုင်ဘူး။ ကျနော်တို့လည်း လူငယ်တွေပဲ” ဟု ပြောသည်။
ကြံ့ဖွံ့နှင့် စွမ်းအားရှင်များက အန်အယ်လ်ဒီရုံးသို့ လာအကြမ်းဖက်မှု လုပ်ဆောင်ခဲ့ဖူးသဖြင့် အတင့်ရဲလာပြီး နောက်တခါ ထပ်လာရောက်နိုင်သည်ဟု ရန်ကုန်မြို့ခံ အရပ်သားတဦးက ထင်မြင်ချက်ပေးသည်။
ဝါရင့်နိုင်ငံရေးသမားကြီး ဦးမင်းလွင်ကမူ ယခုကဲ့သို့ အကြမ်းဖက် ၀င်ရောက်ရိုက်နှက် ဖမ်းဆီးမှု သည် မဖြစ်သင့်မဖြစ်ထိုက်သည့် ကိစ္စဖြစ်ပြီး မြန်မာနိုင်ငံ၏ အနာဂတ်တွင် အကြမ်းဖက်မှုများ ပိုမို တိုးပွားလာမည်ကို စိုးရိမ်ပူပန်မိသည်ဟု ပြောသည်။
၎င်းက “အရပ်ဝတ်နဲ့ ဗြုန်းဒိုင်း ရောက်လာပြီးတော့ ရိုက်ရယ်၊ နှက်ရယ်၊ ဖမ်းရယ်၊ ဆွဲရယ်ဟာ မျိုးက မလုပ်သင့်တဲ့ဟာပဲ။ ဒါက တာဝန်ရှိတဲ့လူတွေက အသိအမှတ်ပြုထားသလို ဖြစ်နေတာ။ အဲဒါမျိုးက တိုင်းပြည်မှာ မရှိသင့်ဘူး။ အဲသလိုသာ ဖြစ်နေမယ်ဆိုရင် အကြမ်းဖက်မှုတွေ အများ ကြီး ဖြစ်လာနိုင်တာပေါ့။ နောင်ကို ဒီအစဉ်အလာမျိုးက ထပ်ဖြစ်လာရင် ခံနိုင်တဲ့ လူက ခံနိုင်မယ်၊ မခံနိုင်လို့ တုံ့ပြန်မယ်ဆိုရင် အပြန်အလှန် ခိုက်ရန်ဖြစ်ပွားမှုတွေ၊ အဓိကရုဏ်းတွေ ဖြစ်လာရင် တိုင်းပြည်က နစ်နာမယ်။ တဖွဲ့နဲ့တဖွဲ့ လက်စားချေတဲ့ဟာတွေ ဖြစ်လာရင် တိုင်းပြည်အတွက် မကောင်းဘူးပေါ့” ဟု ပြောသည်။
ပြီးခဲ့သည့်လ အကြမ်းဖက် ဖမ်းဆီးမှုတွင် အဖွဲ့ချုပ်ဝင်နှင့် အရပ်သား (၁၄) ဦး ဖမ်းဆီးခံရပြီး ၎င်းတို့ကို အင်းစိန်ထောင်၌ နိုင်ငံတော်ငြိမ်ဝပ်ပိပြားရေးကို ထိခိုက်စေမှုဖြင့် တရားစွဲထားရ ကြောင်း အန်အယ်လ်ဒီက ပြောသည်။
ဇူလိုင် (၁၉) ရက်၌ ရန်ကုန်မြို့ရှိ အဖွဲ့ချုပ်ဗဟိုဌာနချုပ်တွင် အာဇာနည်နေ့ အောက်မေ့ဖွယ် အခမ်းအနားနှင့် ဟောပြောပွဲများ ကျင်းပမည်ဖြစ်ပြီး အဖွဲ့ချုပ်လူငယ်များက အာဇာနည်ဗိမာန်သို့ လွမ်းသူပန်းခွေ သွားပို့ရန် အစီအစဉ်ရှိကြောင်း သိရသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မဲဆောက်တံတားအနီး အဖမ်းခံရသူမှာ မိမိတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ကေအန်ယူ ငြင်းဆို

NEJ/ ၁၄ ဇူလိုင် ၂၀၀၈

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် သောကြာနေ့က အမည်မသိ အဖွဲ့တဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး မြန်မာဘက်ခြမ်းသို့ ခေါ်ဆောင်သွားခြင်းခံရသူ ကရင်အမျိုးသား သည် မိမိတို့တပ်ဖွဲ့မှ အရာရှိတဦးမဟုတ်ကြောင်း ကရင်အမျိုးသား ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူး စောအိုက် ဇက်က ခေတ်ပြိုင်သို့ ပြောကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဘားအံခရိုင် ရဲမှူး စောအိုက်ဇက်က “အဖမ်းခံရတဲ့ စောပုပုကို အဖွဲ့က ဘာတာဝန်မှ ပေးထားတာ မရှိပါဘူး။ အခုကိစ္စ သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဟိုဘက်ကမ်းက လူတွေနဲ့ ဆက်သွယ်ပြီး ဖြစ်သွားတာလို့ ထင်တယ်” ဟု ပြောသည်။
၎င်းက “ပုပုဟာ အရင်က ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှာ တပ်ကြပ်ကြီးအဆင့်ရှိတယ်။ မနှစ်က အဖွဲ့ပိုင် လက်နက်ငယ် (၅) လက် ယူဆောင်သွားပြီး ဒီကေဘီအေကနေတဆင့် ဗိုလ်ဌေးမောင်ရဲ့ ငြိမ်းချမ်း ရေး ကောင်စီအဖွဲ့ဆီမှာ သွားရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ (၆) လလောက်က သူမှားပါတယ်၊ သူ့ကို ခွင့်လွှတ်ပါ ပြန်လာပါရစေဆိုလို့ လူကြီးတွေက သဘောထားကြီးကြီးနဲ့ ပြန်လက်ခံတာပါ၊ သူ့ကို စောင့်ကြည့်တဲ့အဆင့်ပါ” ဟု ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအာတိုးက “သူ့ကို တာဝန်ရယ်လို့ ပေး ထားတာ မရှိဘူး။ အရင်ကလည်း စည်းကမ်းဖောက်ဖျက်လို့ သူ့ကို အရေးယူရတာတွေရှိတယ်။ ကျနော်တို့က ဒီကေဘီအေတို့၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတို့က ပြန်လာတဲ့လူတွေကို ဘာတာဝန်မှမပေးဘူး၊ ၀န်ခံချက်တွေနဲ့ အရပ်သားပုံစံတွေနဲ့ နေသွားကြ တာပဲ” ဟု ပြောသည်။
စောပုပု အဖမ်းခံရပုံနှင့် ပတ်သက်၍ ချစ်ကြည်ရေးတံတားအနီး ပရိဘောဂပစ္စည်း ရောင်းချသူ မျက်မြင်သက်သေ မြန်မာအမျိုးသမီးတဦးက “အဲဒီနေ့က လူတယောက်ကို လူလေးငါးယောက်က ၀ိုင်းထိုးကြပြီး မှန်လုံကားထဲ ထည့်သွားတာ တချက်တွေ့လိုက်တယ်” ဟု ပြောသည်။
စောပုပု ဖမ်းဆီးခံရမှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်ရင်း (၁၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးစောဖောဒို့က“ဒီကိစ္စ သေချာတယ်ဆိုတာ ကျနော်တို့ အခိုင်အမာ ပြောနိုင်ပါတယ်။ ဒီနေ့ ထပ်ရတဲ့ သတင်းအရ သူ့ကို သတ်လိုက်ပြီလို့ သိရတယ်။ မြန်မာဘက် ခြမ်းက မျက်မြင်သက်သေကတော့ မနက်ဖြန်ရောက်မယ်” ဟုခေတ်ပြိုင်သို့ အတည်ပြု ပြော ကြားသည်။
စောပုပုကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးမှန်း တိတိကျကျ မသိရသော်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) လက်နက်ကိုင်အဖွဲ့ ဖြစ်နိုင်သည်ဆိုသည့် ထင်ကြေးပေးမှုများ ထွက်ပေါ်လာသည်။ သို့ဖြစ်၍ ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးဖြစ်သူ ဗိုလ်ပြည်သိမ်းကို ဒီကေဘီအေက ဖမ်းဆီးထားခြင်း ဟုတ်မဟုတ် မေးမြန်းရာ ဗိုလ်ပြည်သိမ်းက မဟုတ်ကြောင်း ငြင်းဆိုသွားသည်။
ယခင်က လက်နက်ကိုင် ကရင်အဖွဲ့အစည်းများကြားနှင့် စစ်မက်ဖြစ်ပွားရာ ဒေသများတွင်သာ ၀င်ရောက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ ဆန့်ကျင်ဘက် အဖွဲ့အစည်းများကြား တွင် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို အသုံးပြု၍ ဖမ်းဆီးခေါ်ဆောင်မှုသည် ဒေသအတွင်း ပထမဦးဆုံး ဖြစ်ရပ်တခု ဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာ ကယ်ဆယ်ရေးအဖွဲ့များငှားရမ်းမှုကြောင့် လပွတ္တာမှာ အိမ်ဈေးခုန်တက်

ကိုဝိုင်း/ ၁၄ ဇူလိုင် ၂၀၀၈

လပွတ္တာမြို့တွင် အခြေစိုက်ပြီး မုန်တိုင်းဒုက္ခသည်များအား အကူအညီပေးနေသည့် နိုင်ငံတကာ အဖွဲ့အစည်းများ အိမ်ငှားမှု များလာသည့်အတွက် အိမ်ငှားခနှုန်းများ ခုန်တက်သွားကြောင်း မြို့ခံ တဦးက ပြောသည်။
တိုက်ခံအိမ်ငှားခများသည် ယခင် သောင်းဂဏန်းသာရှိခဲ့ရာမှ ယခု သိန်းဂဏန်းအထိ ထိုးတက် သွားခြင်းဖြစ်သည်။ အထူးသဖြင့် လပွတ္တာသည် မုန်တိုင်းဒဏ် အဆိုးဆုံး ခံရသည့်မြို့ဖြစ်သည့် အတွက် နာဂစ်မုန်တိုင်းတိုက်ပြီးချိန်မှစ၍ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့များ လပွတ္တာတွင် အခြေစိုက်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်နေခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါမြို့ခံက “ဒဗလျူအက်ဖ်ပီ၊ ယူအန်အိတ်စီအာ၊ ယူနီဆက်ဖ်ရှိတယ် တော်တော်များများ တွေ့ရပါတယ်။ အိမ်တွေလည်း ငှားကြတယ်။ အရင်တုန်းက သောင်းဂဏန်းပဲရှိတာ။ အခု လုံးချင်း တိုက်တလုံးငှား (၅) သိန်း၊ (၆) သိန်း၊ (၈) သိန်း ငှားပြီး ရုံးခန်းတွေ ဖွင့်နေကြတာ” ဟု ပြောသည်။
ရုံးခန်းငှားသူများသည် တိုက်များကို အများဆုံးငှားကြပြီး ငှားပေးလိုက်သော တိုက်ပိုင်ရှင်များမှာမူ မိသားစုဆွေမျိုးများနှင့် သွားရောက်နေထိုင်သူများရှိသကဲ့သို့ မိသားစုလိုက် ရန်ကုန်မြို့သို့ ပြောင်း ရွှေ့နေထိုင်သွားသူများလည်း ရှိသည်။
ယင်းအပြင် မြန်မာစစ်အစိုးရ သတင်းစာထဲတွင် လပွတ္တာမြို့၌ ကယ်ဆယ်ကူညီရေးလုပ်ငန်းများကို အစိုးရ၏ ကူညီမှုဖြင့် ဆောင်ရွက်ပြီးစီးကြောင်း ဖော်ပြမှုသည် မဟုတ်မှန်ကြောင်း၊ လိုအပ်သည့် ပစ္စည်းများကို ပုဂ္ဂလိက ကုမ္ပဏီများထံမှ ၀ယ်ယူပြင်ဆင်ရခြင်းသာဖြစ်ကြောင်း သိရသည်။
အဆိုပါမြို့ခံက “ဘာဖြစ်လို့လည်းဆိုတော့ သွပ်ကိုလည်း မက်စ်မြန်မာက ရောင်းပေးတာပဲ။ ကိုယ့် ဖာကိုယ် ၀ယ်ရတာပဲ။ ဖြစ်ကာစဆိုရင် မြို့ပေါ်မှာက အိမ်တွေ၊ တိုက်တွေ ရာနှုန်းပြည့်နီးပါး အမိုး အကာတွေ ပျက်သွားတာတွေ၊ အလုံးလိုက် လဲသွားတာ ရှိတာပေါ့နော်” ဟု ပြောသည်။
ပစ္စည်းရောင်းချပေးနေသော ကုမ္ပဏီများမှာ မက်စ်မြန်မာ၊ ဧရာရွှေဝါနှင့် ဇေကမ္ဘာတို့ဖြစ်ကြောင်း၊ မြို့ပေါ်၌ ပိတ်ဆို့နေသည့် မုန်တိုင်းကြောင့် ကျိုးပဲ့ပျက်စီးသွားသော သစ်ပင်များကိုလည်း အဆိုပါ ကုမ္ပဏီများကပင် ၎င်းတို့ပိုင် စက်အား လူအားဖြင့်သာ ရှင်းလင်းပေးခဲ့ခြင်းဖြစ်ကြောင်း ဆက်ပြော သည်။
ကြံ့ခိုင်ဖွံ့ဖြိုးရေးအဖွဲ့ အခြေစိုက် စခန်းသစ်တခုကို လပွတ္တာတွင် ဖွင့်ထားသော်လည်း မြို့တွင်း ပြန်လည်ထူထောင်ရေးလုပ်ငန်းများတွင် ပါဝင်ခြင်းမရှိကြောင်း သိရသည်။ ဆိုင်ကလုန်းနာဂစ် တိုက်ခတ်ပြီး (၂) လကျော်ကြာခဲ့ပြီဖြစ်သော်လည်း (၃) မိုင်၊ (၅) မိုင်နှင့် ရတနာဒီပအားကစား ကွင်းဟုခေါ်သော လပွတ္တာမြို့မှ ဒုက္ခသည် စခန်း (၃) ခု၌ လယ်သမားဒုက္ခသည် စုစုပေါင်း (၉,၀၀၀) ၀န်းကျင် ရှိနေသေးကြောင်း အိုင်အာအိုင်အန် သတင်းတပုဒ်က ယခင်သီတင်းပတ်တွင် ဖော်ပြခဲ့သည်။
ယခုအခါ ဧရာဝတီတိုင်းအတွင်း အစိုးရမဟုတ်သည့် ကူညီရေးအဖွဲ့အစည်းများ၏ ဆက်သွယ်ရေး လုပ်ငန်းများ အဆင်ပြေစေရန် ရည်ရွယ်၍ လပွတ္တာအပါအ၀င် ဘိုကလေး၊ မော်လမြိုင်ကျွန်း၊ ပုသိမ်နှင့် ဖျာပုံမြို့တို့၌ အင်တာနက်စခန်းများ ဖွင့်ပေးထားကြောင်း ယူနီဆက်ဖ်က ဖော်ပြသည်။
Rest of your post


အပြည့်အစုံဖတ်လိုလျှင်