စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 8, 2008

ယူနီဆက်ထောက်ပံ့နေသည့် မုန်တိုင်းသင့်မြို့နယ်များတွင် ကျောင်း (၁,၅၀၀) ပျက်စီး

NEJ/ ၈ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျောင်းအရေအတွက်မှာ ဧရာဝတီတိုင်း (၇) မြို့နယ်နှင့် ရန်ကုန်တိုင်း (၁၀) မြို့နယ်တွင် စုစုပေါင်း (၁,၄၃၅) ကျောင်းရှိသည်ဟု ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (ယူနီဆက်) က ဇူလိုင် (၇) ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါမြို့နယ်များမှ ပျက်စီးသည့် ကျောင်းအရေအတွက်မှာ ယူနီဆက်အဖွဲ့မှ ထောက်ပံ့နေသည့် မြို့နယ်များရှိ ကျောင်းအပျက်အစီး စာရင်းဖြစ်သည်။

ယူနီဆက် ထောက်ပံ့နေသည့် မြို့နယ်များရှိ ပျက်စီးကျောင်းအရေအတွက်မှာ ဧရာဝတီတိုင်း (၇) မြို့နယ်တွင် (၁,၂၀၈) ကျောင်းရှိပြီး ရန်ကုန်တိုင်း (၁၀) မြို့နယ်တွင် (၂၂၇) ကျောင်းရှိသည်။
ဧရာဝတီတိုင်းတွင် ဘိုကလေးမြို့နယ်မှာ (၂၉၂) ကျောင်း ပျက်စီးသွားပြီး ကျောင်းအများဆုံး ပျက်စီးသည့် မြို့နယ်ဖြစ်သည်။ ရန်ကုန်တိုင်းတွင် ကွမ်းခြံကုန်းမြို့နယ်မှာ ကျောင်းအများဆုံး ပျက်သည့် မြို့နယ်ဖြစ်သည်။


အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်တိုင်းအတွင်း (၃) လ စပါး မစိုက်သည့် လယ်သမားများကို လယ်မြေသိမ်းမည်ဟု စစ်အစိုးရက ခြိမ်းခြောက်

ဒလမြို့နယ် သပြေကုန်းရွာမှ လယ်စိုက်ခင်းများ
NEJ/ ၈ ဇူလိုင် ၂၀၀၈

ရန်ကုန်တိုင်းအတွင်းရှိ လယ်သမားများ စိုက်ပျိုးရန် စပါးကို နအဖ က သတ်မှတ်စိုက်ခိုင်းနေပြီး စိုက်ခိုင်းသော စပါးမျိုး မစိုက်ပါက လယ်ယာမြေများကို သိမ်းမည်ဟု ပြောကြောင်း ဒလမြို့နယ်မှ လယ်သမားတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒလမြို့နယ် သပြေကုန်းရွာမှ လယ်သမားတဦးက “ကားလမ်းဝဲယာရှိတဲ့ လယ်မြေတွေမှာ သူတို့ စိုက်ခိုင်းတဲ့ စပါးမျိုး ဆင်းသွယ်လတ်ဆိုတာကို မစိုက်ရင် လယ်ကို သိမ်းမယ်လို့ ပြောထားတယ်။ ဒီအတွက် သိမ်းမှာကြောက်လို့ စိုက်ရတယ်။ အဲဒီစပါးက တဧကကို (၂) တင်းမျိုး သုံးရတယ်။
(၁) တင်းကို (၅,၀၀၀) ကျပ် ကနေ (၈,၀၀၀) ကျပ် ဈေးထိ ရယက က ရောင်းပေးတယ်။ အခု ဆိုရင် မျိုးစပါး (၁) တင်းကို (၁၀,၀၀၀) ကျပ် ဖြစ်နေပြီ” ဟု ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် မျိုးစပါးများ ရေစိုသွားသည့် လယ်သမားအများစုသည် ယခုကဲ့သို့ နအဖက မျိုးစပါး ရောင်းချပေးနေသော်လည်း ယခုအချိန်သည် ပျိုးစိုက်ချိန် ရောက်နေပြီ ဖြစ်သည့်အတွက် မျိုးချချိန် မရှိတော့ဟု လယ်သမားများက ပြောသည်။

စစ်အစိုးရက ယခု ရောင်းချပေးနေသည့် မဖြစ်မနေ စိုက်ရမည့် ဆင်းသွယ်လတ် စပါးမျိုးမှာ (၃) လဖြင့် ရိတ်သိမ်းနိုင်သော သက်နုစပါးမျိုးဖြစ်ကြောင်း၊ ပုံမှန်စိုက်ပျိုးနေကျ စပါးမျိုးများကဲ့သို့ အထွက်နှုန်း မကောင်းကြောင်း၊ သို့သော် လယ်သမားများအနေဖြင့် လယ်သိမ်းခံရမည်ကြောက်၍ စိုက်ရခြင်းဖြစ်ကြောင်း စုံစမ်းသိရသည်။

“ဒီဒေသမှာ စိုက်တဲ့စပါးမျိုးက တောင်ပျံ၊ ဘေးကျားစပါးမျိုး ဖြစ်တယ်။ အဲဒီစပါးက ရိတ်သိမ်းနိုင်ဖို့ (၅) လလောက်ကြာတယ်။ (၁) ဧကကို တင်း (၆၀) ကျော် ထွက်တယ်။ ဆင်းသွယ်လတ်က (၃) လ လောက်မှာ ရိတ်သိမ်းနိုင်တယ်။ (၁) ဧကကို တင်း (၂၀) လောက်ပဲ ထွက်တယ်။ ပြီးတော့ အဲဒီ စပါးမျိုး ဆန်ကို ချက်စားကြည့်၊ အရသာက လုံးဝကွာတယ်။ အစိုးရက (၃) လနဲ့ စပါးသီးပေါ်တာ ကိုပဲ မြင်တယ်။ အထွက်နှုန်းနဲ့ အရည်အသွေးကို မမြင်ဘူး။ သိတဲ့သူတွေကလည်း မတင်ပြရဲကြ ဘူး။ ပြောရင် ပြောတဲ့အတိုင်းပဲ ခေါင်းညိတ်ကြတယ်။ လယ်သမားတွေက နစ်နာတာပဲ အဖတ် တင်တယ်” ဟု အဆိုပါ သပြေကုန်းရွာမှ လယ်သမားက ပြောသည်။

လယ်ဧက (၃၀) ခန့်ရှိသည့် ကော့မှူးမြို့နယ် လယ်စိုက်ကျေးရွာမှ လယ်သမားတဦးကမူ ရယက မှရောင်းသည့် (၃) လစပါးမျိုးကို ကားလမ်း ၀ဲယာရှိ လယ်ကွက်များတွင် စိုက်ရန် ၀ယ်ထားသော် လည်း ကျန်သည့်လယ်ကွက်များတွင် ၀မ်းစာစပါးကို ပြန်စိုက်မည်ဟု ပြောသည်။

၎င်းက “မုန်တိုင်းတိုက်တော့ စပါးအားလုံး ရေစိုကုန်တယ် သုံးလို့မရတော့ဘူး။ ဒါကြောင့် ဒီနှစ် တော့ စားဖို့ထားတဲ့ စပါးကျီက ရေမစိုဘဲ ဖုံးဖိထားလို့ ကျန်လိုက်တဲ့ ၀မ်းစာစပါးကို မျိုးပြန်လုပ်ပြီး စိုက်ထားတယ်။ ဖြစ်ချင်ရာဖြစ်ဗျာ၊ ရှိတဲ့မျိုးကို စိုက်ရတာပဲ။ သူတို့ရောင်းပေးတဲ့ (၃) လစပါးထက် သာတယ်ဗျ” ဟု ပြောသည်။

တွံတေးမြို့နယ်အတွင်းရှိ လယ်သမားများကမူ “အစိုးရ ရောင်းပေးတဲ့ မျိုးစပါးက (၃) လစပါး၊ အချိန်တိုတိုနဲ့ စပါးမြန်မြန် ဖြစ်တယ်ဆိုပေမယ့် မိုးရာသီမကုန်ခင် မှည့်တာဆိုတော့ စပါးရိတ်သိမ်း
ရ ခက်တယ်။ တလင်းလည်းမရှိ၊ တာလမ်းမပေါ် တင်ပြီး စပါးတွေကို ခြွေလှည့်ပြန်တော့ ဟိုလူ ကအော်၊ ဒီလူက ငေါက်နဲ့” ဟု ပြောသည်။

စစ်အစိုးရ ရောင်းသည့် (၃) လ စပါးမျိုးမှာ ပြန်ရောင်းပါက တင်း (၁၀၀) လျှင် ပုံမှန်ဈေး (၄) သိန်းခန့်ရှိပြီး ဒေသခံများ စိုက်လေ့ရှိသော စပါးမှာ ပုံမှန်ဈေး တင်း (၁၀၀) လျှင် (၆) သိန်းကျော် ရောင်းရကြောင်း လယ်သမားများက ပြောသည်။

ရန်ကုန်တိုင်းတွင် ယခုနှစ် စပါး ပိုမိုထွက်ရှိရန် နအဖက စီမံချက်ချကာ တတိုင်းလုံးတွင် နွေစပါး၊ မျိုးစပါး စိုက်ပျိုးဧက (၁၄) သိန်းခန့်ကို စိုက်ပျိုးကာ တင်းပေါင်း သိန်း (၁,၀၀၀) ထွက်ရန် မျှော်မှန်း ထားကြောင်း မြန်မာနိုင်ငံ စပါးထုတ်လုပ်ရောင်းချသူများအသင်း၏ တာဝန်ရှိသူတဦးက ပြောသည်။

ရန်ကုန်တိုင်းတွင် ယခင်နှစ်များက စုစုပေါင်းဧက (၁၃) သိန်းခန့် စပါးစိုက်ပျိုးခဲ့သော်လည်း
ရန်ကုန်တိုင်းရှိ ပြည်သူများအတွက် ဆန်လုံလောက်မှုမရှိ၍ ဧရာဝတီတိုင်းမှ နေ့စဉ် ဆန်အိတ်ရေ (၄) သောင်းခန့် တင်ပို့ခဲ့ရသည်၊ ယခုနှစ်တွင် ဧက (၁) သိန်း ပို၍ ရန်ကုန်တိုင်းတွင် တိုးချဲ့စိုက်ပျိုး မည်ဆိုသော်လည်း နာဂစ်မုန်တိုင်းကြောင့် လယ်သမားများ မျိုးစပါးဆုံးရှုံးခဲ့ကြောင်း သိရ သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ပြည်ပခရီးစဉ်လေယာဉ်လက်မှတ်ခများ (၃၂) ရာနှုန်းထိ ဈေးခုန်တက်

ပီတာအောင်/ ၈ ဇူလိုင် ၂၀၀၈

ကမ္ဘာ့လောင်စာဆီဈေး ကြီးမြင့်မှုကြောင့် မြန်မာနိုင်ငံရှိ ပြည်ပခရီးစဉ် ပြေးဆွဲနေသည့် လေယာဉ် လက်မှတ်ခ ဈေးနှုန်းများမှာ (၁၃) ရာနှုန်းမှ (၃၂) ရာနှုန်းထိ မြင့်တက်သွားသည်ဟု လေယာဉ် လက်မှတ် အရောင်းကိုယ်စားလှယ်တို့က ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်-ဘန်ကောက်ခရီးစဉ် အသွားအပြန် (၁) လအတွင်း စီးနိုင်သည့် လေယာဉ်လက်မှတ် တန်ဖိုးများမှာ မြန်မာနိုင်ငံတကာလေကြောင်းလိုင်း (အမ်အေအိုင်) တွင် အမေရိကန်ဒေါ်လာ (၁၆၀) မှ (၁၈၀) ထိ (၁၃) ရာနှုန်းတက်သွားပြီး ထိုင်းနိုင်ငံတကာလေကြောင်းလိုင်း တီဂျီမှာ ဒေါ်လာ (၂၁၆) မှ (၂၈၆) ထိ (၃၂) ရာနှုန်း တက်သွားသည်။

အလားတူ ရန်ကုန်- ကွာလာလမ်ပူ အသွားအပြန် (၁) လအတွင်း စီးနိုင်သည့် လေယာဉ်လက်မှတ် တန်ဖိုးများမှာ အမ်အေအိုင်က ဒေါ်လာ (၃၅၃)၊ မလေးရှား အဲယားလိုင်းက ဒေါ်လာ (၄၂၈) ထိ ဈေးတက်သွားသည်။ ရန်ကုန်-စင်ကာပူ အသွားအပြန် (၁) လ လက်မှတ်ဈေးနှုန်းများတွင် အမ်အေအိုင်က ဒေါ်လာ (၃၆၆) ရှိပြီး Silk အဲယားက ဒေါ်လာ (၃၇၇) မှ (၃၈၇) ဖြစ်သွားသည်။ လက်မှတ်ကိုယ်စားလှယ် တဦးနှင့်တဦး ဈေးနှုန်းကွာဟမှုရှိသည်။

ကမ္ဘာ့လောင်စာဆီဈေးနှုန်း မြင့်တက်မှုကြောင့် လေယာဉ်လက်မှတ်ခများ တက်သွားခြင်းဖြစ်ပြီး ကမ္ဘာ့လေကြောင်းလိုင်းများ အားလုံးလိုလို ဈေးနှုန်း မြင့်တက်သွားခြင်းဖြစ်ကြောင်း၊ လာမည့် (၁၅) ရက်နောက်ပိုင်း ဈေးနှုန်း ထပ်တက်ဖွယ်ရှိသည်ဟု ရန်ကုန် အမ်အေအိုင်ရုံးမှ လေယာဉ် လက်မှတ် အရောင်းတာဝန်ရှိသူတဦးက ခေတ်ပြိုင်ကို ပြောသည်။

ဘန်ကောက် အမ်အေအိုင်ရုံးမှ တာဝန်ရှိသူတဦးကလည်း “လေယာဉ်လက်မှတ်ဈေး တက်သွား တာကတော့ အဓိက လောင်စာဆီ ဈေးတက်လို့ပဲ။ ကမ္ဘာ့ဆီဈေးတက်တော့လည်း အားလုံး လိုက်တက်ကြရတာပေါ့။ မတက်ရင်လည်း ရှုံးသထက် ရှုံးမှာပဲ။ နိုင်ငံတကာမှာ ဖြစ်တာပဲ။ ကျနော်တို့ အဲလိုင်းကတော့ ခရီးစဉ်တခုကို (၁၀) ဒေါ်လာလောက် တက်သွားတယ်” ဟု ပြောသည်။

လေယာဉ်ခ ဈေးနှုန်းသစ်များကို လေယာဉ်လက်မှတ် အရောင်းကိုယ်စားလှယ်များထံ အကြောင်း ကြားထားပြီး ဖြစ်ကြောင်းနှင့် ခရီးသည်များ သယ်ဆောင်ခွင့်ရသည့် ခရီးဆောင်အိတ် luggage နှင့် လက်ဆွဲ (Hand Carry) သယ်ဆောင်ခွင့်ရသည့် အိတ်အလေးချိန်တို့မှာ မူလအတိုင်း အပြောင်းအလဲမရှိဟု သိရသည်။

ပြည်ပခရီးစဉ် လက်မှတ်ခနှုန်းများ မြင့်တက်သွားသော်လည်း ပြည်တွင်းလေကြောင်း ခရီးစဉ် လေယာဉ်လက်မှတ်ခများ အပြောင်းအလဲမရှိသေးဟု စုံစမ်းသိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်မုန်တိုင်းအပြီး (၂) လကျော်သော်လည်း ရန်ကုန်မှာ ဖုန်းများပျက်နေဆဲ

NEJ/ ၈ ဇူလိုင် ၂၀၀၈

ရန်ကုန်ရှိ မြို့နယ်အချို့တွင် နာဂစ်မုန်တိုင်း တိုက်ပြီး (၂) လကျော်ပြီ ဖြစ်သော်လည်း တယ်လီဖုန်း လိုင်းများ မရရှိသေးကြောင်း သိရသည်။

ပြည်လမ်းပေါ်ရှိ (၇) မိုင်၊ သလ္လာဝတီလမ်းမှ လမ်းသူလမ်းသားအချို့က “ဒီနေရာမှာ နေတာ တွေက နအဖနဲ့ ပတ်သက်တဲ့ ထိတ်ထိတ်ကျဲတွေ နေတာ။ လုံးချင်းတွေကလည်း နိုင်ငံခြားသား တွေ ငှားထားတာတွေရှိတယ်။ တယ်လီဖုန်းလိုင်းကို ဘာကြောင့် လာမပြင်လည်းဆိုတာ စဉ်းစား လို့မရဘူး။ သူတို့နဲ့ ပတ်သက်တဲ့သူတွေမှာက ဟမ်းဖုန်းတွေနဲ့ စကားပြောနိုင်တယ်လေ။ ကျမတို့ အထင်ကတော့ နိုင်ငံခြားသားတွေက အင်တာနက်လိုင်းချိတ်ပြီး အင်တာနက်သုံးတယ်။ ဒီအတွက် ဒီတယ်လီဖုန်းလိုင်းတွေကို ပြင်မပေးတာလို့ ထင်တယ်” ဟု ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နအဖ၏ နေ့စဉ်ထုတ် သတင်းစာမှ ယခုလ (၆) ရက်နေ့ ထုတ်ပြန်သည့် ကြေညာချက်တွင် ရန်ကုန် ရှိ တယ်လီဖုန်း လိုင်းများအားလုံး ရာနှုန်းပြည့်နီးပါး အသုံးပြုနိုင်ပြီး ချွတ်ယွင်းနေဆဲ ဖုန်းများကို တအိမ်ချင်း အမြန်ဆုံး ပြုပြင်ပေးမည်ဟု ဖော်ပြထားသည်။ ထို့အပြင် တယ်လီဖုန်းသုံးစွဲသူများက မိမိတယ်လီဖုန်း ချွတ်ယွင်းနေဆဲဖြစ်ပါက (၁၀၆)၊ (၁၀၂) နှင့် ဖက်စ် ၃၉၂,၂၄၄ ကို ဆက်သွယ် အကြောင်းကြားပါဟု ကြေညာချက်တွင် ပါရှိသည်။

“(၁၀၆) ကို ဆက်တာ အခါတရာလောက် ရှိနေပြီ။ အဲဒီ (၁၀၆) ဟာ နေပြည်တော်ကလို့ ပြော တာပဲ။ ဘာမှမထူးဘူး၊ နောက်ဆုံးတော့ ပိုက်ဆံပေးပါမယ်ဆိုတာတောင် လာမလုပ်ပေးဘူး။ ဘယ်ကို တိုင်လို့ တိုင်ရမှန်း မသိဘူး။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တော့တယ်” ဟု ကြည့်မြင် တိုင်မြို့နယ် သရက်တောရပ်ကွက်တွင် နေထိုင်သူတဦးက ပြောသည်။

ဖုန်းလိုင်းကောင်းသည့် နေအိမ်များတွင်လည်း မကြာခဏ ဖုန်းပျက်နေကြောင်း ကျောက်တံတား မြို့နယ်မှ ကျောင်းဆရာတဦးက ပြောသည်။

အနော်ရထာလမ်းရှိ စတိုးဆိုင်တဆိုင်မှ တာဝန်ရှိသူကလည်း “နာဂစ်မုန်တိုင်းအပြီး (၁၅) ရက် လောက်မှာ ဖုန်းပြန်ရတယ်။ လက်ဖက်ရည်ဖိုး ပိုက်ဆံ (၅,၀၀၀) ကျပ် ပေးလိုက်တယ်။ ဒါပေမယ့် အခု ဖုန်းက မကြာ မကြာ ပျက်တယ်၊ မြို့နယ်ဖုန်းလိုင်းတာဝန်ရှိသူက လုံးဝ မပျက်စေဖို့
တာဝန်ယူတယ်။ တနှစ်စာ လိုင်းကြေး (၅၀,၀၀၀) ကျပ် ပေးရင် ရမယ်လို့ ပြောတယ်” ဟုပြောသည်။

(၃၁) လမ်းရှိ လက်ဖက်ရည် အရောင်းဆိုင် တဆိုင်တွင် ပြီးခဲ့သည် (၁၅) ရက်ခန့်က ဖုန်းလိုင်း ပျက်၍ သက်ဆိုင်ရာ ဖုန်းရုံးကို အကြောင်းကြားသော်လည်း လာရောက်မပြင်သဖြင့် လိုင်းပြင် သူကို ခေါ်ယူခဲ့ရာ လုံးဝမပျက်စေရန် တာဝန်ယူသည်ဟုဆိုကာ လိုင်းကြေးငွေ (၅၀,၀၀၀) ကျပ် တောင်းသဖြင့် (၃၅,၀၀၀) ကျပ်နှင့် ဈေးဆစ်ပေးလိုက်ရကြောင်း ဆိုင်ပိုင်ရှင်က ပြောသည်။

ရန်ကုန်တွင် တယ်လီဖုန်းလိုင်းများ မကြာခဏပြတ်ကာ ပြန်ပြင်ရန် လိုင်းပြင်သူကို ခေါ်ပါက တခါမှမပျက်စေရန် တနှစ်စာ လိုင်းကြေးငွေ တောင်းခံမှု မြို့နယ်တိုင်းတွင် ဖြစ်ပေါ်နေကြောင်း မြို့ခံများက ပြောသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းနိုင်ငံမှာ အလုပ်လုပ်ရန် ကော့သောင်း ရောက်လာသူများအတင်းအကျပ် ပြန်ပို့ခံရ

ကျော်ထင်/ ၈ ဇူလိုင် ၂၀၀၈

ထိုင်း-မြန်မာနယ်စပ် ကော့သောင်းမြို့မှတဆင့် ထိုင်းနိုင်ငံတွင်း အလုပ်လုပ်ရန် ရည်ရွယ်ပြီး အနယ်နယ်အရပ်ရပ်မှ ရောက်လာသူများအား ပြီးခဲ့သည့်လများမှ စ၍ ကော့သောင်းမှ မြိတ်မြို့သို့ ပြန်လည်ပို့ဆောင်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းတွင်လည်း ဟားခါးသင်္ဘောဖြင့် လူ (၅၀) ကျော်ခန့်ကို ပို့ဆောင်လိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြန်ပို့ခံရသူများသည် ကော့သောင်းမြို့သို့ လေယာဉ်၊ သင်္ဘော၊ ကားလမ်းများမှတဆင့် ၀င်ရောက် လာသူများဖြစ်ကြပြီး ပြန်ပို့ခြင်းမခံရမီ မြို့ပေါ်ရှိ ရယကရုံး၊ ကြံဖွံ့ရုံးများတွင် ထိန်းသိမ်းခြင်း ခံထားရသူများဖြစ်သည်။

ယနေ့ ပြန်ပို့ခံရသူများထဲမှ တဦးကို ငွေဖြင့် ရွေးထုတ်လာသူ ကော့သောင်းမြို့ခံက “မနက် (၅) နာရီကို သင်္ဘောဆိပ်အရောက်ဆိုပြီးတော့ သူတို့ပြောထားတယ်လေ။ ဒီက ပတ်သက်တဲ့လူတွေက ကိုယ့်လူတွေကို ရွေးထုတ်လို့ ရလိုရငြားသွားတာ၊ ရဲကို အဖမ်းခံထားရတဲ့သူ သူ့နာမည်နဲ့ အဖေ နာမည် ပြောလိုက်တော့ ခေါ်ချလာတယ်။ အဲဒါ ဗမာငွေ (၂) သောင်း ပေးလိုက်ရတယ်လေ” ဟု ပြောသည်။

ဖမ်းဆီးပြန်ပို့မှုများ ပိုမိုများပြားလာသဖြင့် မြိတ်မြို့မှ ကားလမ်းဖြင့် လာသူများသည် ကော့သောင်း သို့ မရောက်မီ (၁၀) မိုင်ကျော်ခန့်တွင် ကားပေါ်မှ ဆင်းကာ ဆိုင်ကယ်တက္ကစီများဖြင့် ကော့ သောင်းသို့ ၀င်ရောက်နေကြကြောင်း သိရသည်။

အဆိုပါ ကော့သောင်းမြို့ခံက “မရောက်ခင် (၁၀) မိုင်၊ (၁၅) မိုင်လောက်ကနေပြီး ဆိုင်ကယ် သမားတွေက အုပ်စုဖွဲ့ပြီး စောင့်နေကြတယ်။ ကားရပ်ပေးတာနဲ့ ဆိုင်ကယ်သမားတွေက သူဆွဲ ငါဆွဲနဲ့လေ၊ သူ့လူ ကိုယ့်လူ အတင်းခေါ်ကြတာပေါ့။ လမ်းမှာတွေ့တဲ့ ဂိတ်တွေကိုပါ ရှင်းဖို့အတွက် ဆိုင်ကယ်သမားကို တခါတည်း ပေးရတယ်လေ။ ကျနော့်အိမ်ကို မနေ့က ရောက်လာတဲ့ လူငယ် (၂) ယောက်ဆိုရင် ဆိုင်ကယ်ခ (၃) သောင်းခွဲစီ ပေးလိုက်ရတယ်” ဟု ဆက်ပြောသည်။

ထိုင်းနိုင်ငံသို့ ၀င်ရောက်မည့်သူများကို နည်းမျိုးစုံနှင့် တားဆီးနေသော်လည်း အာဏာပိုင်များ၏ အကျင့်ပျက် ခြစားမှုများကြောင့် လူကုန်ကူးမှုကို တိုက်ဖျက်၍ မရနိုင်ကြောင်း အလုပ်သမား အရေးဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီအရေး ထိုင်းလှုပ်ရှားမှုကော်မတီ (TACDB) မှ ဦးမြင့်
ဝေက ပြောသည်။

၎င်းက “အခုက လူကုန်ကူးမှု တိုက်ဖျက်တာ အကြောင်းပြပြီး မတရားတဲ့နည်းနဲ့ ပိုက်ဆံစားခွင့် အခွင့်အလမ်းကို ဖန်တီးပေးထားတာနဲ့ အတူတူပဲပေါ့။ ဧပြီလက ကားပေါ်မှာ (၅၄) ယောက် လေမွန်းလို့ သေတဲ့နောက်ပိုင်းကျမှ နိုင်ငံတကာကလည်း လူကုန်ကူးမှု ဥပဒေနဲ့ ပြင်းပြင်း ထန် ထန် ကိုင်တွယ်ပြီး အားလုံးက သူတို့ကိုလည်း အပြစ်တင်တဲ့အခါကျတော့ သူတို့က အဲဒါကို
ထပြီး ဖြေရှင်းဖို့ ကြိုးစားတာပါ” ဟု ပြောသည်။

ပြီးခဲ့သည့် ဧပြီလဆန်းကလည်း ရနောင်းမှတဆင့် ထိုင်းနိုင်ငံ ဖူးခက်ဒေသသို့ ခိုးဝင်လာသည့် မြန်မာ (၅၄) ဦး ကားနောက် အအေးခန်းတွင်း အသက်ရှူကျပ်ပြီး သေဆုံးခဲ့သည်။ အလားတူ မြန်မာနိုင်ငံမှ ထိုင်းနိုင်ငံတွင်းသို့ လူမှောင်ခိုသွင်းပြီး နယ်စပ်တနေရာရာတွင် အကြောင်းအမျိုး မျိုးဖြင့် သေဆုံးမှုများ မကြာခဏ ဖြစ်ပွားလေ့ရှိသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်း-မြန်မာနယ်စပ် ဒုက္ခသည်အရေအတွက် ၂၀၀၆ ခုနှစ်ထက်လျော့လာ

NEJ/ ၈ ဇူလိုင် ၂၀၀၈

ထိုင်းနိုင်ငံအတွင်းနှင့် မွန်ပြည်နယ်အတွင်းရှိ ဒုက္ခသည် စုစုပေါင်းဦးရေသည် ယခုနှစ် မေလကုန် အထိ (၁) သိန်းခွဲခန့် ရှိကြောင်း ဒုက္ခသည်များကို ကူညီနေသည့် တီဘီဘီစီခေါ် ထိုင်း-မြန်မာ နယ်စပ် အကူအညီပေးရေးအဖွဲ့က ထုတ်ပြန်ထားပြီး ၂၀၀၆ ခုနှစ် စာရင်းထက် (၁) ရာနှုန်းနီးပါး လျော့နည်းသွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းနိုင်ငံရှိ ပြည်နယ် (၅) ခုမှ မြန်မာဒုက္ခသည် အရေအတွက် စုစုပေါင်း (၁၄၀,၀၀၀) ခန့်ရှိပြီး မဲဟောင်ဆောင်ပြည်နယ်တွင် မြန်မာဒုက္ခသည် ပိုများလာသည်။ ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်း များမှာ ချင်းမိုင်ပြည်နယ်အတွင်း စခန်း (၁) ခု၊ မယ်ဟောင်ဆောင်ပြည်နယ်အတွင်း စခန်း (၄) ခု၊ တာ့ခ်ပြည်နယ်အတွင်း စခန်း (၃) ခု၊ ကန်ချနဘူရီနှင့် ရတ်ခ်ျဘူရီတို့တွင် စခန်း (၁) ခုစီတို့ ဖြစ်ကြ ပြီး ဒုက္ခသည်ဦးရေ (၁၃၉,၇၆၈) ဦးရှိကြောင်း တီဘီဘီစီ စာရင်း၌ ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်များတွင် ကရင်လူမျိုး အများစုဖြစ်ပြီး (၆၁) ရာခိုင်နှုန်းရှိကာ ၂၀၀၆ ခု စာရင်းနှင့် နှိုင်းယှဉ်လျှင် (၁) ရာခိုင်နှုန်း ကျဆင်းသွားသည်။ ကရင်နီလူမျိုးသည် ဒုတိယ အများဆုံးဖြစ်ပြီး (၁၇) ရာခိုင်နှုန်း ရှိသဖြင့် ၂၀၀၆ ခု စာရင်းနှင့် နှိုင်းယှဉ်လျှင် (၄) ရာခိုင်နှုန်း တိုးလာသည်။

နေရာဒေသအားဖြင့် ပဲခူးတိုင်းမှ (၆) ရာခိုင်နှုန်း၊ ဧရာဝတီတိုင်းမှ (၁) ရာခိုင်နှုန်း၊ ရန်ကုန်တိုင်းမှ (၂) ရာခိုင်နှုန်း အသီးသီးဖြစ်သည်ဟု ဖော်ပြထားသည်၊ ထို့အပြင် ချင်းပြည်နယ်၊ ကချင်ပြည်နယ်၊ မကွေးတိုင်း၊ မန္တလေးတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ ရှမ်းပြည်နယ်တို့မှလည်း လာရောက် သူများရှိပြီး (၂) ရာခိုင်နှုန်းရှိကြောင်း တီဘီဘီစီ စာရင်း၌ ဖော်ပြသည်။

ထိုင်းနိုင်ငံရှိ ဒုက္ခသည်စခန်းများအတွင်း၌ တာ့ခ်ပြည်နယ်အတွင်းရှိ မဲလစခန်းသည် လူဦးရေအများ ဆုံးဖြစ်ပြီး (၃၈,၀၀၀) ဦးကျော်ရှိသည်။ ဒုတိယအများဆုံးမှာ မယ်ဟောင်ဆောင်ပြည်နယ်အတွင်းရှိ ဘန်းနိုင်းစွိုင်စခန်းဖြစ်ပြီး (၁၉,၀၀၀) ဦးကျော်ရှိသည်။ မွန်ဒုက္ခသည် ပြန်လည်နေရာချထားရေး စခန်း (၄) ခုရှိပြီး စုစုပေါင်း ဒုက္ခသည်ဦးရေ (၉,၄၈၉) ဦးရှိကြောင်း၊ ရာခိုင်နှုန်းအားဖြင့် ဒုက္ခသည် စုစုပေါင်း၏ (၅) ရာခိုင်နှုန်းရှိကြောင်း တီဘီဘီစီက ဖော်ပြသည်။

ယခင်လကုန်က ထုတ်ပြန်သည့် တီဘီဘီစီ စာရင်း၌ (ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူ/ မတင်ထားသူ) ကျောင်းသူ/သားများ အပါအ၀င် စခန်းအတွင်း နေထိုင်သူအားလုံး ပါဝင်ပြီး စခန်းပြင်ပ၌ ခေတ္တ (သို့) အမြဲတမ်း နေထိုင်သူများ ပါဝင်ခြင်းမရှိပေ။

ကုလသမဂ္ဂ ဒုက္ခသည်ဆိုင်ရာမဟာမင်းကြီးရုံး (ယူအန်အိတ်ခ်ျစီအာ) ကလည်း မြန်မာဒုက္ခသည် အရေအတွက်ကို ယခင်လကုန်တွင် ထုတ်ပြန်ခဲ့သည်။ အဆိုပါ စာရင်းအတွင်း၌မူ ဒုက္ခသည်အဖြစ် မှတ်ပုံတင်ထားသူများ၊ ဆိုင်းငံ့ခံထားရသော ပီအေဘီများနှင့် ကျောင်းသူ/သား အချို့ပါဝင်သည်။ သို့သော် ထပ်မံရောက်ရှိလာသော ဒုက္ခသည်များ မပါဝင်ပေ။

၎င်း၏ ထုတ်ပြန်ချက်အရမူ ထိုင်းနိုင်ငံအတွင်းနေထိုင်သည့် မြန်မာဒုက္ခသည် အရေအတွက်မှာ (၁၂၅,၅၀၀) ဦးသာ ဖြစ်သည်။ ယင်းအပြင် အဆိုပါဒုက္ခသည်များအတွင်း၌ အမျိုးသမီး (၆၁,၆၁၆) ဦးနှင့် အမျိုးသား (၆၃,၈၈၄) ဦး ရှိကြောင်းလည်း ဖော်ပြသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နိုင်ငံတကာဝန်ထမ်းများ ဗီဇာရရှိရေးနှင့် ပြည်တွင်းသွားလာခွင့် ယခုထိ မချောမောသေး

UNOCHA/ ၈ ဇူလိုင် ၂၀၀၈

နိုင်ငံခြား NGO များ ဗီဇာရရှိရေးကိစ္စနှင့် မုန်တိုင်းသင့် ဒေသများသို့ ခရီးသွားလာခွင့်များ ယခု အချိန်အထိ အခက်အခဲ ရှိနေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှု ညှိနှိုင်းရေးရုံး (UNOCHA) ၏ ဇူလိုင် (၇) ရက် နေ့စွဲဖြင့် ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇွန် (၂၀) ရက်ကတည်းက နိုင်ငံတကာ ကယ်ဆယ်ရေးလုပ်သားများ၏ ဗီဇာကိစ္စများ၊ ဗီဇာ သက်တမ်းတိုးကိစ္စများကို မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် သုံးပွင့်ဆိုင် ဗဟိုအဖွဲ့မှ လုပ်ကိုင်ဆောင်ရွက်ပေးနေခဲ့ခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဇူလိုင် (၇) ရက်နေ့အထိ ကုလသမဂ္ဂ၀န်ထမ်း (၃၁၇) ဦးကို ဗီဇာချပေးခဲ့ပြီး (၁၃) ဦးမှာ ဆိုင်းငံ့ထားခြင်းခံရသည်။ ဗီဇာများမှာ သုံးပွင့်ဆိုင် ဗဟိုအဖွဲ့သို့ ပို့ပေးပြီး (၂) ရက် (၃) ရက်အတွင်း ဆောင်ရွက်ပေးခြင်းဖြစ်ပြီး ဗီဇာအများစုမှာ အနည်းဆုံး နေထိုင်ခွင့် (၂) ပတ်နှင့် (၁) ကြိမ်သာ
ဝင်ခွင့်ပြုသည်။ ဗီဇာရရှိသူ ပြည်တွင်းရောက်မှသာ လျှောက်လွှာတင်ပြီး သက်တမ်းတိုးခွင့်ပြုသည်။

သို့သော် မေ (၅) ရက်မှ ဇွန် (၃၀) ရက်အတွင်း ကုလသမဂ္ဂ၀န်ထမ်းများ၊ NGO များမှ ၀န်ထမ်း များနှင့် တသီးပုဂ္ဂလများ စုစုပေါင်း (၁,၆၇၀) ဦး ဗီဇာပေးခဲ့သည်ဟု အစိုးရပိုင် မြန်မာ့အလင်း သတင်းစာက ဖော်ပြထားသည်။

နိုင်ငံတကာ ကယ်ဆယ်ရေး ၀န်ထမ်းများအနေဖြင့် မုန်တိုင်းသင့် ဒေသများသို့ ခရီးသွားလာခွင့် များကိုမူ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ၀န်ကြီးဌာနက ကြီးကြပ် ဆောင်ရွက်နေသည်။ မုန်တိုင်းထိခိုက်ရာ ဒေသများသို့ သွားရောက်မည့် ခွင့်ပြုချက်ရရန် (၄)
ရက်မှ (၅) ရက်အထိ ကြာသည်ဟု UNOCHA အစီရင်ခံစာတွင် ဖော်ပြထားသည်။ ဇူလိုင် (၇) ရက်နေ့အထိ ထိုဒေသများသို့ ကုလသမဂ္ဂ၀န်ထမ်း (၂၇၀) ကျော်နှင့် NGO များမှ နိုင်ငံတကာ
ဝန်ထမ်းအတော်များများ ရောက်ရှိပြီးပြီ ဖြစ်ကြောင်းလည်း အစီရင်ခံစာတွင် ဆက်လက်ဖော်ပြ ထားသည်။

ထိုအစီရင်ခံစာထဲတွင် စိုက်ပျိုးရေး လိုအပ်ချက်များနှင့် သုံးသပ်ချက်များ ဖော်ပြထားရာတွင် မုန်တိုင်းသင့်သည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်း စုစုပေါင်း (၁၁) မြို့နယ်တွင် သေဆုံးခဲ့ရသည့် ကျွဲနွားတိရစ္ဆာန် အရေအတွက် စုစုပေါင်း (၂၂၇,၂၆၈) ကောင်ရှိပြီး ထိုအထဲမှ (၁၂၂,၅၂၄) ကောင်မှာ လုပ်ငန်းခွင်သုံး ကျွဲနွားများဖြစ်သည်။ အခြားတိရစ္ဆာန်များမှာ ၀က် (၆၆,၀၀၀) ကောင်၊ အိမ်မွေးကြက် (၁,၁၃၄,၀၀၀) ကောင်၊ ဘဲ (၄၉၈,၀၀၀) ကောင်နှင့် ဆိတ် (၇,၀၀၀) ကောင်တို့ ဖြစ်ကြသည်။

မုန်တိုင်းဒဏ် အထိအနာဆုံး ဒေသများဖြစ်သည့် လပွတ္တာနှင့် ဘိုကလေးမြို့နယ်တို့တွင် ကျွဲနွား အရေအတွက် သေဆုံးမှုမှာ လပွတ္တာ၌ (၇၀) ရာခိုင်နှုန်းကျော်နှင့် ဘိုကလေးမြို့၌ (၅၁) ရာခိုင်နှုန်း ကျော်အထိ ရှိကြသည်။ ထို့အပြင် ကျွဲနွားများအတွက် အစားအသောက်များဖြစ်သည့် ကောက်ရိုး နှင့် အခြားစားရိက္ခာများ ရေတွင် ပါသွားခြင်းရှိသကဲ့သို့ ဆားငံရေ ၀င်ခြင်းကြောင့် သုံးမရ ဖြစ်သွား သည်များလည်း ရှိသည်ဟု အစီရင်ခံစာထဲတွင် ဖော်ပြထားပြီး ကျွဲနွားများ နေစရာ တင်းကုပ် များနှင့် စားခွက်များလည်း ပျက်စီးသွားရသည်ဟု ဆိုသည်။

ကျောင်းများ ပြုပြင်ရေးနှင့် ယာယီကျောင်းများ ဆောက်လုပ်ရာတွင် ဦးစီးလုပ်ကိုင်နေသည့် ပုဂ္ဂလိက ကုမ္ပဏီများနှင့် မြို့နယ်ပညာရေးမှူးတို့ အကြားရှိ ဆက်သွယ်ရေးနှင့် ညှိနှိုင်းရေး တို့မှာလည်း ယခုအချိန်အထိ ဆက်လက် စောဒက တက်နေရဆဲဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

မြို့နယ်ပညာရေးမှူးနှင့် ပုဂ္ဂလိကကုမ္ပဏီများအကြား သတင်းဆက်နွယ်မှုများ လိုအပ်နေသော ကြောင့် အချို့နေရာများတွင် လုပ်ပြီးသားကိစ္စကို ထပ်မံပြုလုပ်မိသောကြောင့် အခြေခံအရင်း
အမြစ် ဆုံးရှုံးမှုများ ရှိလာရသည်။ ပုဂ္ဂလိကကုမ္ပဏီများမှာ ပညာရေးဝန်ကြီးဌာနနှင့် စာချုပ် ချုပ်ဆိုထားခြင်းမျိုး မရှိသောကြောင့် ပညာရေးဌာနများနှင့် ညှိနှိုင်းလုပ်ဆောင်ရာတွင် ပိုမို၍ အခက်ကြုံနေရသည်။

ကုမ္ပဏီများ ဆောက်လုပ်နေကြသော ကျောင်းများစာရင်းကို သိရှိရန်အတွက် ထိုကုမ္ပဏီများနှင့် တိုက်ရိုက်ဆက်သွယ်မှု ရရှိရေးသည်လည်း လိုအပ်နေသေးသည်။ ပိုဆိုးသည်မှာ ထိုကုမ္ပဏီများ သည် လိုအပ်ချက်များကို ကျောင်းများ ဆောက်လုပ်ပြီးစီးချိန်အထိ သေသေချာချာ မသိရှိကြခြင်း ပင်ဖြစ်သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဂျပန်နိုင်ငံမှာ ပြုလုပ်ကျင်းပခဲ့တဲ့ 7July အထိမ်းအမှတ်အခမ်းအနား

Read this document on Scribd: 7 july pdf 8 7 2008[1]










အပြည့်အစုံဖတ်လိုလျှင်

၄၆ နှစ်မြောက် ဇူလိုင်လ ၇ ရက် (7 July) အထိမ်းအမှတ် အဖြစ်ထုတ်ဝေသော အိုးဝေဂျာနယ်မှ 7July အကြောင်း

Read this document on Scribd: Oway Journal 20080707

အပြည့်အစုံဖတ်လိုလျှင်

ဒုတိယအိမ် မှ စာစုများ

Read this document on Scribd: International Criminal Court pdf 7 7 2008

အပြည့်အစုံဖတ်လိုလျှင်

စင်ကာပူအိမ်ရှင် နှိပ်စက်မှုကြောင့် မြန်မာအိမ်ဖော်တဦး ထွက်ပြေးသေဆုံး

08 July 2008

မြန်မာနိုင်ငံမှာ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး၊ စီးပွားရေး အကျပ်အတည်းတွေ
ကြောင့် အလွှာအသီးသီးက မြန်မာနိုင်ငံသားတွေ ပြည်ပထွက်ပြီး အလုပ်လုပ်နေကြရာ
မှာ စင်ကာပူလိုနေရာမှာ ပညာတတ်တွေကို အလုပ်အကိုင် ကောင်းကောင်းပေးမယ်
ဆိုပြီး မက်လုံးပေး ခေါ်ယူနေတဲ့ ပွဲစားတွေကြောင့် အကြောင်းမလှဘဲ ဘ၀ဆုံးသွားကြ
ရသူတွေ ရှိနေပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ကပဲ စင်ကာပူနိုင်ငံမှာ အိမ်ဖော်အဖြစ် အလုပ်လုပ်ကိုင်နေရတဲ့
မခင်ချိုဦးဟာ အိမ်ရှင်နှိပ်စက်တာကို မခံနိုင်လို့ ထွက်ပြေးရာက အိမ်ပေါ်ကပြုတ်ကျပြီး
ကွယ်လွန်သွားခဲ့ရပါတယ်။ မခင်ချိုဦးဟာ မြန်မာနိုင်ငံမှာ သမိုင်းဘာသာရပ်နဲ့ ဘွဲ့ရခဲ့ပြီး
ကွန်ပျူတာနဲ့ အလုပ်လုပ်ကိုင်ဖို့ လက်မှတ်ရထားသူလည်း ဖြစ်ပါတယ်။ အပြည့်အစုံကို
ကိုဇော်ဝင်းလှိုင်က ဆက်သွယ်မေးမြန်းပြီး တင်ပြပေးထားပါတယ်။

မခင်ချိုဦး သေဆုံးခဲ့ရတာနဲ့ပတ်သက်ပြီး စင်ကာပူမှာရှိနေတဲ့ ဦးလေးအရင်းဖြစ်သူ
ဦးထွန်းလွင်က မခင်ချိုဦးရဲ့ နောက်ဆုံးတွေ့ခဲ့ရတဲ့ အခြေအနေနဲ့ပတ်သက်ပြီး အခုလို
စပြောပြပါတယ်။

“ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က ကျနော်တို့ စကားပြောဖြစ်တယ်ဆိုတာက ကျန်ခဲ့တဲ့ စနေနေ့
မှာ သူ အိမ်ကထွက်လာတယ်။ သူက ဟိုတယ်ကထွက်လာပြီး အဖော်နဲ့ အဲဒီမှာအိပ်ပြီး
တော့ ကျနော့်ဆီကို ကားငှားပြီးလာတယ်။ ပြီးတော့ စနေနေ့ညနေက ကျနော့်အခန်းကို
သူလိုက်ခဲ့တယ်။”

သူက ဦးထွန်းလွင်နဲ့တွေ့တဲ့အချိန်မှာ သူ အလုပ်ကထွက်ချင်တယ်ဆိုတာ ပြောလား။ သူ
ဘာကိုမကျေနပ်တာလဲ၊ ဘာကို စိတ်မချမ်းသာတာလဲ။ ဒီအလုပ်ကိုထွက်ချင်တယ်ဆိုရင်
သူ့မှာ အကြောင်းပြချက်တော့ ရှိမှာပေါ့။ ပွဲစားနဲ့ချုပ်ခဲ့တဲ့ စာချုပ်အပေါ်မှာ မကျေနပ်
တာလား၊ ဘယ်လိုစာချုပ်နဲ့ ရောက်လာလို့ သူက ဒီအလုပ်ကိုလုပ်ရတာလဲ။

“ကျနော့်ကိုပြောတုန်းကတော့ သူက ဦးတဲ့၊ အဖေဆူမှာစိုးလို့တဲ့။ သမီးက နာ့စ်လုပ်ရ
မယ်ဆိုပြီး ထွက်လာတာတဲ့။ ဒါပေမယ့် တကယ်တမ်းလုပ်ရတာက အိမ်ဖော်ဖြစ်နေ
တယ်။ သူ့အဖေသိရင် စိတ်ဆိုးမှာစိုးလို့ သူ့အဖေတယောက်တည်းကို နာ့စ်မဆိုပြီး
ပြောထားတယ်။ အိမ်ရှင်အမျိုးသမီးကလည်း အရမ်းဆိုးတာပဲတဲ့။ သူ ကျနော့်ဆီကို
၆ လပိုင်း၊ ၁၁ ရက်နေ့လား၊ ၁၃ ရက်နေ့လားမသိဘူး၊ ထွက်လာတယ်။ သူ့ကို အိမ်ရှင်
မိန်းမက လက်သည်းနဲ့ကုပ်လို့ ဘယ်ဘက်လက်မနဲ့ လက်ညှိုးကြားမှာ နည်းနည်းပဲ့
သွားတယ်။ နောက် အလုပ်က ပင်လည်းပင်ပန်းတယ်။ ခြေထောက်ကလည်း ယောင်၊
ကျန်းမာရေးကလည်း မကောင်းလို့ မလုပ်တော့ဘူးဆိုပြီး ကျနော့်ဆီ ပြန်လာတယ်။
အိမ်ရှင်မိန်းမက အရမ်းဆိုးတယ်လို့တော့ ကျနော့်ကိုပြောပါတယ်။”

အခုကိစ္စက အေးဂျင့်ကို ဆက်သွယ်လို့ မရသေးဘူး၊ သံရုံးကလည်း ဘာမှလုပ်ပေးမယ်
လို့ ဆက်သွယ်လို့မရဘူးပေါ့။

“ဟုတ်ကဲ့၊ သူ့အဖေကို ခေါ်မယ်လို့ပြောတယ်။ ခေါ်မယ်ဆိုတော့ ရန်ကုန်မှာ ပါ့စ်ပို့လုပ်ဖို့
ဒီက ထောက်ခံစာတွေဘာတွေ ယူသလားလို့ မနက်က သံရုံးကိုသွားမေးတော့
ထောက်ခံစာ လာမယူပါဘူးတဲ့၊ အေးဂျင့်ကလည်း လာမယူပါဘူးလို့ သံရုံးက ကျနော့်ကို
ပြောပါတယ်။”

အိမ်ရှင်ကရော ဘာလုပ်ပေးမယ်ပြောပါလဲ။

“အိမ်ရှင်က သူ့အဖေလာဖို့ကိစ္စတွေကို အကုန်ဆောင်ရွက်ပေးတယ်လို့ ပြောတယ်။
ဒါပေမယ့် ကျနော့်အစ်ကို ဒီတပတ်ထဲမှာပဲ ရောက်အောင်လာမယ်လို့ ကျနော့်အစ်ကို
မနက်က ကျနော့်ကိုပြောပါတယ်။”

အသုဘချတဲ့ကိစ္စကရော။

“အသုဘချဖို့ ဒီမှာ အရာရှိတွေနဲ့ တိုင်ပင်တဲ့အခါကျတော့ သူ့အဖေလာမှ သင်္ဂြိုဟ်လို့
ရမလားလို့မေးတော့ ရပါတယ်တဲ့။ ဘယ်လိုဆက်လုပ်မယ်ဆိုတာတော့ မသိသေးပါ
ဘူး။”

မခင်ချိုဦးရဲ့ ဦးလေး ပြောသွားတာဖြစ်ပါတယ်။

မခင်ချိုဦးသေဆုံးခဲ့တဲ့ကိစ္စ အမှုမှန် ပေါ်ပေါက်နိုင်ရေးအတွက် အဝေးရောက် မြန်မာ
မိသားစုများက ၀ိုင်းဝန်းလုပ်ဆောင်နေကြတဲ့ အကြောင်းကိုလည်း အဖွဲ့ဝင် ကိုစိုးမိုးက
အခုလိုပြောပြပါတယ်။

“စင်ကာပူမှာရှိတဲ့ မြန်မာကလပ်က တရားဥပဒေနည်းလမ်းအတိုင်း အစစအရာရာ
ဖြစ်ဖို့ လုပ်နေပါတယ်။ မျိုးချစ်မြန်မာလူငယ်တွေက လိုက်ကူညီနေပါတယ်။ အခု
ကျနော်တို့ ပင်နင်ဆူလာပလာဇာမှာ သူ့အမျိုးတွေနဲ့ တွေ့နေတယ်။ တွေ့တော့
လောလောဆယ် သူတို့ အခုအချိန်အထိ အလောင်းကိုလည်း မကြည့်ရသေးဘူး။ ဒီမှာ
ရှိတဲ့အေးဂျင့်ကလည်း သူတို့ကို တိုက်ရိုက်စကားပြောတာတွေ၊ ဆက်ဆံတာတွေ မရှိ
သေးဘူး။ မြန်မာပြည်ဘက်က အေးဂျင့်ကတော့ ရန်ကုန်အိမ်မှာ သူတို့ကိုသွားပြီး
ညှိနေတာတွေ ရှိတယ်ဆိုတော့ တချို့ဟာတွေက ပုံမှန်မဟုတ်တဲ့ဟာတွေ တွေ့နေရ
တယ်။ အဲတော့ တရားဥပဒေအတိုင်း ပုံမှန်အတိုင်းဖြစ်ဖို့၊ လုပ်ရိုးလုပ်စဉ်အတိုင်းဖြစ်ဖို့
မြန်မာကလပ်က အတွင်းရေးမှူးကိုယ်တိုင်ဆင်းပြီး လိုက်လုပ်နေပါတယ်။”

အပြည့်အစုံဖတ်လိုလျှင်

စက်မှုထိပ်သီးညီလာခံ တက်နေတဲ့ သမ္မတဘုရှ်က ဒေါ်စုလွှတ်ပေးရေး တောင်းဆို

စက်မှုထိပ်သီးညီလာခံ တက်ရောက်လျက်ရှိသော ကမ္ဘာ့ခေါင်းဆောင်အချို့။
(၀ဲမှယာ) ဗြိတိန်ဝန်ကြီးချုပ်ဂေါ်ဒွန်ဘရောင်း၊ ဂျပန်ဝန်ကြီးချုပ်
ယာဆူအိုဖူကူဒါ၊ အမေရိကန်သမ္မတ ဘုရှ်၊ ကနေဒါဝန်ကြီးချုပ် စတီဖင်ဟာပါ။
ဇူလိုင် ၇၊ ၂၀၀၈။

07 July 2008

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဂျပန်
နိုင်ငံမှာကျင်းပတဲ့ စက်မှုအင်အားကြီးနိုင်ငံရှစ်နိုင်ငံ ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်
နေတဲ့ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူဘုရှ် (George W.Bush) က တောင်းဆို
လိုက်ပါတယ်။ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု၊ ရာသီဥတု ပြောင်းလဲလာတဲ့ အရေးကိစ္စ
တွေကို ဦးစားပေး ဆွေးနွေးမယ့် စက်မှုအင်အားကြီးနိုင်ငံတွေရဲ့ ဆွေးနွေးပွဲမှာ
မြန်မာ့နိုင်ငံအရေး အပါအ၀င် လူ့အခွင့်အရေးကိစ္စတွေလည်း အရိပ်ထိုးနိုင်တယ်လို့
ဂျပန်နိုင်ငံရောက် မြန်မာ့အရေး လှုပ်ရှားသူတွေက သုံးသပ်ပါတယ်။ အပြည့်အစုံကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စက်မှုအင်အားကြီးနိုင်ငံ ရှစ်နိုင်ငံရဲ့ဆွေးနွေးပွဲကို တက်ရောက်ဖို့ ဂျပန်နိုင်ငံကိုရောက်
နေတဲ့ အမေရိကန်သမ္မတ ဂျော့ခ်ျ ဒဗလျူ ဘုရှ်က မနေ့က ဂျပန်ဝန်ကြီးချုပ် ယာဆူအို
ဖူကူဒါ (Yasuo Fukuda) နဲ့ တွေ့ဆုံတဲ့အချိန်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့
စိုးရိမ်တဲ့အကြောင်း ပြောဆိုသွားပါတယ်။ မြန်မာနိုင်ငံမှာ နာဂစ်မုန်တိုင်းဒဏ်ခံရပြီး
စစ်အစိုးရက အကူအညီပေးရေး အဖွဲ့တွေအပေါ် ကန့်သတ်ခဲ့တာနဲ့ ပတ်သက်လို့လည်း
ဝေဖန်အပြစ်ဖို့သွားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့လည်း တောင်းဆို
ခဲ့ပါတယ်။

ဂျပန်နိုင်ငံမြောက်ပိုင်း ဟိုကိုင်းဒိုးကျွန်းပေါ်မှာ မီးတောင်ဟောင်း ချော်ရည်အေးခဲရာက
ပေါ်လာခဲ့တဲ့ တိုရာရေကန်ကို အပေါ်စီးကကြည့်တဲ့ ဇိမ်ခံအပန်းဖြေ နားနေရာနေရာ
တွေမှာ ဒီထိပ်သီးဆွေးနွေးပွဲကို ဒီနေ့ စတင်ကျင်းပါတယ်။ သမိုင်းမှာမကြုံဘူးတဲ့
လောင်စာဆီဈေးကြီးမြင့်မှု၊ ကမ္ဘာ့စီးပွားရေးနဲ့ ကုန်သွယ်ရေးကိစ္စတွေ၊ ရာသီဥတု
ပြောင်းလာတဲ့ ကိစ္စတွေ၊ ဖန်လုံအိမ်ဓာတ်ငွေ့ လျှော့ချရေးနဲ့ အာဖရိကတိုက်နိုင်ငံတွေကို
အကူအညီပေးရေးကိစ္စတွေ အဓိက ဆွေးနွေးကြဖို့ ရှိပါတယ်။

ဒီလို နိုင်ငံတကာ အကြောင်းအရာတွေ ဆွေးနွေးဖို့ စီစဉ်ထားတဲ့အချိန်မှာ မြန်မာနိုင်ငံနဲ့
ဇင်ဘာဘွေနိုင်ငံတွေလို လူ့အခွင့်အရေးကိစ္စတွေကို အချိန်ပေး ဆွေးနွေးနိုင်ခွင့် ရမှ
ရပါ့မလား။ ဂျပန်နိုင်ငံ တိုကျိုမြို့ မြန်မာ့ရေးရာရုံး ညွှန်ကြားရေးမှူး ဒေါက်တာမင်းညိုက
အခုလိုသုံးသပ်ပါတယ်။

“အခု ဂျပန်ပြဿနာကလည်း မြောက်ကိုရီးယားကနေပြီးတော့ ဂျပန်ပြည်သူတွေကို
ပြန်ပေးဆွဲတဲ့ကိစ္စကလည်း ရှိနေတော့ အဲဒီကိစ္စကို ဆွေးနွေးမယ်ဆိုရင်တော့
ဒေါ်အောင်ဆန်းစုကြည် အဖမ်းခံထားရတဲ့ကိစ္စကလည်း ပါလာမှာပဲ။ ဒါကြောင့်မို့လည်း
ပြောတဲ့သဘောတော့ ရှိပါတယ်။ အဲဒါကြောင့် လူ့အခွင့်အရေးကိစ္စကတော့ ဂျပန်နိုင်ငံ
မှာလုပ်နေတဲ့အတွက် ဂျပန်ပြည်သူတွေကိုယ်နှိုက်က ပြောစေချင်တဲ့သဘော ရှိတာ
ကြောင့် ဆွေးနွေးလိမ့်မယ်လို့ ကျနော်ထင်ပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လနောက်ဆုံးပတ်က ဂျပန်နိုင်ငံ တိုကျိုမှာကျင်းပခဲ့တဲ့ စက်မှုအင်အားကြီး
နိုင်ငံ ရှစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ အစည်းအဝေးကနေ မြန်မာစစ်အစိုးရဘက်
က လေဘေးကယ်ဆယ်ရေး နိုင်ငံတကာ အကူအညီတွေကို လက်ခံလာအောင် G-8
နိုင်ငံခြားရေးဝန်ကြီးတွေက တိုက်တွန်းခဲ့ပါတယ်။ စစ်အစိုးရဘက်က နိုင်ငံတကာအကူ
အညီတွေနဲ့ ပတ်သက်လို့ ထိန်ချန်ဖုံးကွယ်မှုမရှိဘဲ တာဝန်ယူလာအောင် တိုက်တွန်းဖို့
စက်မှုအင်အားကြီးနိုင်ငံတွေက ကုလသမဂ္ဂကို တောင်းဆိုဖို့လည်း အီတလီနိုင်ငံက
အဆိုပြုခဲ့ပါတယ်။

ဒါကြောင့်လည်း မြန်မာနိုင်ငံအရေးကိစ္စကို ထည့်သွင်းဆွေးနွေးမယ်လို့ မြန်မာ့အရေး
လှုပ်ရှားသူတွေ မျှော်လင့်နေကြတာ ဖြစ်ပါတယ်။ ဒေါက်တာမင်းညိုက အခုလိုပြောပါ
တယ်။

“မြန်မာပြည်ရဲ့ကိစ္စကိုလည်း ကြေညာချက်ထုတ်တဲ့အချိန်မှာ ပါအောင်လို့ ပြောမယ်
ဆိုပြီး ဂျပန်နိုင်ငံခြားရေးဌာနက ပြောပါတယ်။ အဲလိုပြောထားတဲ့အတွက် အခု
အင်္ဂလန်၊ ပြင်သစ်၊ အမေရိကန်ကတော့ ဒီကိစ္စကို ပါစေချင်တဲ့သဘော ရှိနေပါတယ်။
တကယ်တော့ ထွက်လာမှပဲ တကယ်ပါမပါ သိရမှာပဲ။ ဒါပေမယ့်လည်း မြန်မာပြည်
ကိစ္စက သေးတဲ့ကိစ္စမဟုတ်တော့ အဲဒီကြေညာချက်ထဲတော့ ပါလာလိမ့်မယ်လို့
မျှော်လင့်ရပါတယ်။”

စက်မှုအင်အားကြီးနိုင်ငံ ရှစ်နိုင်ငံဟာ ဂျာမဏီ၊ အီတလီ၊ ကနေဒါ၊ ဂျပန်၊ ပြင်သစ်၊
ရုရှား၊ ဗြိတိန်နဲ့ အမေရိကန်ပြည်ထောင်စုတို့ ဖြစ်ပါတယ်။

စက်မှုအင်အားကြီး နိုင်ငံတွေရဲ့ ထိပ်သီးဆွေးနွေးပွဲ ကျင်းပနေတဲ့အချိန် ဂျပန်နိုင်ငံ
အတွင်းမှာ ဆန္ဒပြပွဲတွေ နှစ်ရက်ဆက်တိုက် ကျင်းပတယ်ဆိုပေမယ့် လုံခြုံရေး
တင်းကျပ်တာကြောင့်ရော၊ ဝေးလံတဲ့ အပန်းဖြေကျွန်းမှာ ကျင်းပတာကြောင့်ရော
အနီးဆုံး ဆန္ဒလာပြနိုင်တဲ့အဖွဲ့က အစည်းအဝေးကျင်းပတဲ့ မိုင် ၆၀ ကျော်အကွာအဝေး
မှာ လာပြနိုင်တာပါ။ ဒီထက်နီးတဲ့ ဆန္ဒပြပွဲ မရှိဘူးလို့လည်း သတင်းတွေမှာ ရေးပါ
တယ်။

မြန်မာ့ဒီမိုကရေစီ အင်အားစုတွေအနေနဲ့ရော ဘယ်လိုမျိုးလှုပ်ရှားမှုတွေ ရှိပါသလဲ၊
အန်န်အယ်လ်ဒီ လွတ်မြောက်နယ်မြေ ဂျပန်ဌာနခွဲက ဒု-ဥက္ကဋ္ဌ-၁ ဦးလှဟန်က အခုလို
ပြောပါတယ်။

“နိုင်ငံခြားရေးဌာနကိုတော့ ကျနော်တို့ စာပို့ထားပါတယ်။ သူတို့ပို့ပေးမယ်လို့တော့
ကတိပေးပါတယ်။ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေ၊ ပြည်သူ့ဆန္ဒခံယူပွဲကိစ္စ၊ အဲဒါကို
အဓိကထားပြီး ဒီဟာ လိမ်လည်မှုတွေရှိတယ်၊ မမှန်ကန်မှုတွေရှိတယ်ဆိုပြီး အဲဒီစာ
ပေးတာပဲ ရှိပါတယ်။”

ပြီးခဲ့တဲ့ ဇွန်လ ၂၇ ရက်နေ့ကနေ ၂၉ ရက်နေ့အထိ ဂျပန်နိုင်ငံ အိုဆာကာနဲ့ ကျိုတိုမှာ
ကျင်းပခဲ့တဲ့ ကမ္ဘာ့နိုင်ငံအသီးသီးက ဘာသာပေါင်းစုံ ဘာသာရေးခေါင်းဆောင်တွေ
အစည်းအဝေးမှာလည်း မြန်မာနိုင်ငံနဲ့ တိဘက်ဒေသ ဘာသာရေးဖိနှိပ်ခံရမှုတွေကို
ဆန့်ကျင်ရှုတ်ချတဲ့ ကြေညာချက်တွေ ထုတ်ပြန်ပေးဖို့ စက်မှုအင်အားကြီးနိုင်ငံ
ရှစ်နိုင်ငံကို ဘာသာရေးခေါင်းဆောင်တွေက တိုက်တွန်းခဲ့ကြပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အထိန်းသိမ်းခံ ဘလော့ဂါ နေဘုန်းလတ် ပုဒ်မ ၅ ည ပြောင်းခံရ၊ စုစုနွေး တိုက်ပိတ်ခံရ

07 July 2008

မြန်မာနိုင်ငံက အင်းစိန်ထောင်ထဲမှာ ဖမ်းဆီးခံထားရတဲ့ ဘလော့ဂါ ကိုနေဘုန်းလတ်ကို
ဗွီဒီယိုအက်ဥပဒေနဲ့ ပုဒ်မတပ် ဖမ်းဆီးစွဲဆိုထားရာက နိုင်ငံရေးပုဒ်မ ၅(ည) နဲ့ ပုဒ်မ
ပြောင်းလိုက်တယ်လို့ သိရပါတယ်။ အပြည့်အစုံကို မသင်းသီရိက ဆက်သွယ်မေးမြန်း
ပြီး တင်ပြပေးထားပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အင်းစိန်ထောင်မှာ ဒီနေ့မနက် ကိုနေဘုန်းလတ်မိခင်က ထောင်ဝင်စာသွားတွေ့တဲ့အခါ
အရင်စွဲဆိုထားတဲ့ ပုဒ်မ ၃၂(ခ) လို့ခေါ်တဲ့ ဗွီဒီယိုအက်ဥပဒေကနေ နိုင်ငံရေးပုဒ်မဖြစ်တဲ့
၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်ဆိုတာ ကိုနေဘုန်းလတ်က ပြောပြခဲ့တယ်လို့ မိခင်
ဒေါ်အေးသန်းက ပြောပြပါတယ်။

"ဒီနေ့ အန်တီတို့ ထောင်ဝင်စာသွားတွေ့တော့ သူက ၂ ရက်နေ့၊ ဗုဒ္ဓဟူးနေ့က အရေး
ပေါ်စီမံချက်ပုဒ်မ ၅(ည) နဲ့ ပုဒ်မပြောင်းလိုက်တယ်လို့ပြောတယ်။ အရင်က ပုဒ်မ ၃၂(ခ)
ပေါ့။ အဲဒါ အမေတို့ သိပြီးပြီလားဆိုတော့ မသိရသေးဘူးလို့ ပြောလိုက်တော့ အဲဒါဆို
သူ့ရှေ့နေကို ပြောပေးပါလို့ ပြောတယ်။"

ပြီးခဲ့တဲ့အပတ်တွေကတည်းက ကိုနေဘုန်းလတ်မှာ မျက်စိဝေဒနာ ခံစားနေရပြီး ဒီနေ့
တွေ့တဲ့အခါ သူ့ရဲ့ မျက်စိအခြေအနေက ပိုဆိုးနေတာကို တွေ့ရတယ်၊ ဒါပေမယ့် အခု
အချိန်အထိ ဆေးဝါးကုသခွင့် မရသေးတဲ့အတွက် မိခင်ရဲ့သောကကိုလည်း အခုလို
ပြောပြပါတယ်။

"သူက လွန်ခဲ့တဲ့ သုံးပတ်လောက်ကတည်းက မျက်စိမကောင်းဘူးပေါ့။ နဂိုကတည်းက
မျက်မှန်တပ်ထားရတာ။ အခု မျက်စိက ပုတ်ခတ်ပုတ်ခတ်ဖြစ်ပြီး ညဘက်ဆိုရင်
ဘယ်ဘက်မျက်လုံးက မျက်ရည်ကျတယ်တဲ့။ စာလည်း အဖတ်များတာကိုး။ ဆရာဝန်ကို
တွေ့ဖို့၊ ကုသဖို့ပြောတော့လည်း အထူးကုတွေက မလာဘူးပေါ့။ အဲဒီကတည်းက အန်တီ
တို့ ဆရာဝန်နဲ့ ကုသခွင့်ပေးဖို့ သက်ဆိုင်ရာကိုတော့ နည်းနည်းပါးပါး ပြောထားတာပေါ့၊
အောက်ခြေ၀န်ထမ်းတွေကိုပေါ့။ လူတကိုယ်မှာ မျက်လုံးက အရေးအကြီးဆုံးပဲဆိုတော့
မျက်လုံးထိခိုက်မှာတော့ အန်တီက စိုးရိမ်တယ်။

"ပြီးတော့ ထောင်ရာဇ၀င် သမိုင်းမှာလည်း ရှိခဲ့ဖူးပါတယ်။ မျက်လုံးနဲ့ပတ်သက်ပြီး
ထောင်ထဲမှာ မျက်ကြောသေသွားတာတို့၊ မျက်စိအမြင်အာရုံ မကြည်လင်တော့တာတို့
အဲဒါမျိုးတွေ ရှိခဲ့ဖူးတော့ အန်တီ့သားကိုတော့ အဲဒီလိုဖြစ်မှာ စိုးရိမ်တယ်။ သူတို့
ခေါ်သွားတဲ့အချိန်တုန်းက တကယ့် ကျန်းကျန်းမာမာ၊ သန်သန်စွမ်းစွမ်းနဲ့ ခေါ်သွားတာ။
အဓိက မျက်စိဝေဒနာ ခံစားနေရပြီဆိုတော့ အန်တီ့အနေနဲ့တော့ စိုးရိမ်တာပေါ့။"

ကိုနေဘုန်းလတ်ကို ၂၀၀၈ ခုနှစ်၊ ဇန်န၀ါရီ ၂၉ ရက်နေ့ကတည်းက သူ့ရဲ့ ဘလော့ဂါ
စာမျက်နှာတွေအတွက် မေးမြန်းစရာရှိတယ်ဆိုပြီး အာဏာပိုင်တွေက ခေါ်သွားခဲ့တာပါ။
ဖမ်းပြီး နှစ်ပတ်အကြာ အင်းစိန်ထောင်မှာ မိသားစုတွေနဲ့ အပတ်စဉ် တနင်္လာနေ့တိုင်း
ထောင်ဝင်စာတွေ့ခွင့်ရတယ် ဆိုပေမယ့် သူ့အတွက်ငှားထားတဲ့ ရှေ့နေနဲ့ တွေ့ခွင့်ပေး
တာမျိုး၊ ရုံးထုတ်စစ်ဆေးတာမျိုးကိုလည်း တခါမှ မလုပ်သေးဘဲ အခုတော့ စွဲဆိုထား
တဲ့ပုဒ်မ ပြောင်းလိုက်တာဖြစ်တယ်လို့ ကိုနေဘုန်းလတ်မိခင် ဒေါ်အေးသန်းက
ဆက်ပြောပြပါတယ်။

"သူတို့သိချင်တာတွေ၊ ဘလော့ကိစ္စတွေ ဒီကြားထဲမှာ ထပ်ပြီး မေးတာမြန်းတာတွေ
ရှိတယ်၊ လွန်ခဲ့တဲ့တလလောက်က။ အခု ငါးလလည်းကျော်လာပြီ။ အဲဒီကျော်လာတဲ့
အချိန်ကျတော့မှ ဒီလို ပုဒ်မပြောင်းတပ်လိုက်တယ်ဆိုတော့ သူတို့ အပြစ်လိုက်ရှာပြီး
ပုဒ်မတခုပြီးတခု ပြောင်းတပ်တဲ့သဘောမျိုး ဖြစ်နေတာပေါ့။ မိဘအနေနဲ့တော့ စိုးရိမ်
တာပေါ့။

"ဘာဖြစ်လို့လဲဆိုတော့ လူတယောက်ကို ဒီပုဒ်မနဲ့ပဲသွားတယ်ဆိုလည်း တမျိုး။ အခု
တော့ ပုဒ်မက တမျိုးပြီးတမျိုး။ ဒါပေမယ့် သူတယောက်တည်းတော့ မဟုတ်ဘူးပေါ့။
ကျန်တဲ့လူတွေလည်း အကုန်လုံး ဒီလိုပဲ ပုဒ်မပြောင်းတယ်ဆိုတာတော့ ရှိတာပေါ့။
ဒါပေမယ့် သူတို့ပြောတော့ ပထမ နိုင်ငံရေးနဲ့ဖမ်းထားတာ ၅(ည) တွေဘာတွေ မရှိဘူး
ဆိုပြီး အခုတော့ ၅(ည) ကို တပ်လိုက်တယ်ဆိုတော့ ဘယ်လိုအဓိပ္ပာယ်လဲဆိုတာ
အန်တီတို့လည်း စဉ်းစားလို့မရဘူး ဖြစ်နေတာပေါ့။"
ကိုနေဘုန်းလတ်မိခင် ဒေါ်အေးသန်း ပြောပြခဲ့တာ ဖြစ်ပါတယ်။

လူ့အခွင့်အရေးလှုပ်ရှားတဲ့ အမျိုးသမီးတဦးအဖြစ် လူသိများတဲ့ မစုစုနွေးကို ပြီးခဲ့တဲ့
စနေနေ့ ဇူလိုင်လ ၅ ရက်နေ့ကတည်းက နောက်နှစ်ပတ်တိတိ တိုက်ပိတ်ထားမယ်လို့
သိရတယ်လို့ ဒီနေ့ ထောင်ဝင်စာသွားတွေ့တဲ့ မိသားစုဝင်တွေက ပြောပါတယ်။

အခု မစုစုနွေးကို ထောင်ဝင်စာပိတ်ထားသလို ဒီနေ့ရုံးချိန်းမှာ မစုစုနွေးကို သူ့မိသား
စုဝင်တွေက တွေ့ခွင့်မရခဲ့ဘူးလို့ မိသားစုနဲ့နီးစပ်တဲ့ အန်န်အယ်လ်ဒီ လူငယ်အဖွဲ့ဝင်
တဦးက ပြောပါတယ်။

"မစုစုနွေးနေတဲ့ထောင်မှာ တလတကြိမ် ရှာဖွေသိမ်းဆည်းတဲ့အလုပ် လုပ်တယ်။
ထောင်ဝန်ထမ်းတွေက လုပ်ရတာပေါ့။ အဲလိုလုပ်တဲ့အချိန်မှာ ထောင်ဝန်ထမ်းတွေက
မစုစုနွေးအခန်းကို ရှင်းပြီးတော့ စည်းကမ်းမရှိဘူး၊ စနစ်မရှိဘူး၊ ပွတယ်ဆိုပြီးပြော
တယ်။ မိုက်မိုက်ရိုင်းရိုင်းတွေ ပြောတယ်။ အဲတော့ မစုစုနွေးကလည်း ရင်ထဲမှာ ခံစား
ချက်ရှိတဲ့အခါကျတော့ သူကလည်း ပြန်ပြောတယ်။ အဲလိုပြန်ပြောတဲ့အတွက်
၅-၇-၂၀၀၈ နေ့ကတည်းက တိုက်ပိတ်ခံလိုက်ရတယ်။ အဲဒီအတွက် ထောင်ဝင်စာပို့ခွင့်
ရော၊ မိသားစုနဲ့တွေ့ခွင့်ရော မရဘူး။ ဒီနေ့ ၇-၇-၂၀၀၈ ရုံးချိန်းမှာလည်း မစုစုနွေးမိသား
စုက သွားတွေ့တော့လည်း မတွေ့ခဲ့ရဘူး။"

ပြီးခဲ့တဲ့ရက်ပိုင်းတွေအတွင်းကပဲ အကျဉ်းထောင်ထဲမှာ အာဏာပိုင်တွေကို အကျဉ်း
တံခါးဖွင့်ပေးဖို့ကိစ္စ တောင်းဆိုရင်း မစုစုနွေးနဲ့ အာဏာပိုင်တွေနဲ့ အချင်းများခဲ့ရာက
မစုစုနွေးက တိုင်နဲ့ခေါင်းနဲ့ဆောင့်ပြီး ဆန္ဒပြခဲ့ပါတယ်။ ၁၅ မိနစ်ကြာလောက် မူးမေ့
လဲခဲ့ပြီး ခေါင်းမှာလည်း ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

မစုစုနွေးကို ၂၀၀၇ ခုနှစ် သြဂုတ်လကတည်းက ဖမ်းသွားတာဖြစ်ပြီး သူဟာ သွေးအား
နည်းတဲ့ရောဂါနဲ့ ကျန်းမာရေးမကောင်းတဲ့အတွက် မိသားစုအနေနဲ့ အခုလို တိုက်ပိတ်
ခံထားရတဲ့အပေါ်မှာ စိုးရိမ်မိကြောင်းလည်း ဆက်ပြောပြပါတယ်။

“ကြော်ငြာသင်ပုန်းမှာ မစုစုနွေးကို ၁၄ ရက် တိုက်ပိတ်ထားတယ်ဆိုပြီးတော့ စာချိတ်
ထားတယ်။ မိသားစုတွေက ထောင်ဝန်ထမ်းတွေကို သွားမေးတော့ သူတို့က စာထွက်
ပြီးမှ တိုက်ပိတ်တဲ့အကြောင်း ပြောတယ်။ မိသားစုကတော့ မစုစုနွေးရဲ့ ကျန်းမာရေးကို
စိုးရိမ်နေတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက သွေးအားနည်းရောဂါကြောင့် ခဏခဏ
မူးလဲတယ်။ အဲလို မူးလဲတဲ့အခါ အပြင်ကမသိဘူးဆိုရင် သူ့ရဲ့ကျန်းမာရေးကို စိုးရိမ်
ပူပန်မှုရှိတာပေါ့။”

မစုစုနွေးရဲ့ ထောင်တွင်းနောက်ဆုံးအခြေအနေကို မိသားစုနဲ့နီးစပ်သူတဦး ပြောပြ
သွားတာဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ဓါးပြမှုတွင် (နစက) အဖွဲ့ဝင်များပါဝင်သည်ဟုဆို

ဖြိုးကြီး။ ဇူလိုင် ၇၊ ၂၀၀၈

ရခိုင်ပြည်နယ်အတွင်း ဓါးပြတိုက်မှုတွင် နယ်စပ်လုံခြုံရေး(နစက) အဖွဲ့ဝင်များ ပါဝင်ပတ်သက်မှု ရှိသည်ဟု ဆိုသည်။

ယခုလ (၁) ရက်နေ့ညက မောင်းတောမြို့နယ်၊ နံ့သာတောင်ရွာမှ ဦးအာမက်ရီဇောင်နျူရ၏ နေအိမ်ကို ဓါးပြ၀င်တိုက်သဖြင့် ကာလပေါက်ဈေးသိန်း (၂၀) ခန့်တန်ဖိုးရှိ လက်ဝတ်ရတနာများ ပါသွားကြောင်း မိသားစုဝင်တဦးက ပြောဆိုခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါအခင်းဖြစ်ပွားပုံနှင့် ပတ်သက်၍ “အဲဒီညက (၁) နာရီကျော်လောက်မှာ လူ(၁၀) ယောက် လောက်ရှိတယ်၊ သူတို့က မောင်းပြန်သေနတ်တွေ ကိုင်လာတာ၊ လူတွေကို အိမ်ခန်းထဲမှာ ပိတ်လိုက်တာ ကျနော်တို့က ပြန်လုပ်တော့ သူတို့က ဓါးနဲ့ထိုးတာ၊ သေနတ်တော့ တချက်မှ မဖောက်ဘူး” ဟု မိသားစုဝင်တဦးက ပြောသည်။

ထိုကဲ့သို့ အခင်းဖြစ်ပွားပုံကို သက်ဆိုင်ရာဒေသအာဏာပိုင်များအား သွားရောက်တိုင်တန်းရာ တွင် ဒုက္ခသည်စခန်းတွင်းမှ သောင်းကျန်းသူများသည် ဘင်္ဂလားဒေ့ရှ်ဓါးပြများနှင့်ပေါင်းကာ လာတိုက်ခြင်းဖြစ်ကြောင်း ပြောဆိုလိုက်သည်ဟုဆိုသည်။

“ကျနော်တို့နေတာ (နစက) စခန်းနားမှာဘဲနေတာ၊ ဒီနေရာတွေကို အပြင်က လာတိုက်ဖို့ဆိုတာ မဖြစ်နိုင်ဘူး၊ တကယ်တမ်း ဓါးပြဘယ်သူတွေဆိုတာ ကျနော်တို့တင်မဟုတ်ဘူး တရွာလုံးလည်း သိနေကြတယ်” ဟု မိသားစုဝင်တဦးက ဆက်လက်ပြောဆိုသည်။

ဓါးပြများ၏ ထိုးနှက်မှုကြောင့် မိုဟာမက်ရီဇောင်နှင့်သားဖြစ်သူ မိုဟာမက်ဆစ်ဒစ်တို့မှာ ပြင်းထန် စွာ ဒဏ်ရာရရှိခဲ့သဖြင့် မောင်းတောအထွေထွေဆေးရုံတွင် ဆေးကုသမှု ခံယူနေလျှက်ရှိသည်ဟု ၎င်းက ဆက်လက်ပြောသည်။

ထို့အပြင် မောင်းတောမြို့နယ်၊ အထက်ဖြိုးမရွာနေ အောင်ကျော်စိန်၏ဈေးဆိုင်အား ဇွန်လ (၂၈) ရက်နေ့တွင် ဓါးပြတိုက်ခဲ့ရာ ဓါးပြများက သေနတ်ဖြင့်ပစ်သည့်အတွက် ဆိုင်ရှင်မှာ သေနတ် ဒဏ်ရာရရှိခဲ့သဖြင့် မောင်းတောဆေးရုံတွင် အရေးပေါ်ဆေးကုသခံလျှက်ရှိသည်ဟု နီးစပ်သည့် ဆွေမျိုးတဦးကပြောသည်။

မောင်းတောမြို့နယ်၊ ဘော်လီဈေးရွာမှ အခြားရွာသားတဦးက “မောင်းပြန်သေ နတ်တွေကိုင် ထားတဲ့ ဓါးပြတွေ ဘယ်သူဆိုတာရော၊ ရွာထဲတွေမှာဖြစ်နေတဲ့ ဓါးပြမှုတွေမှာ ဘယ်သူတွေ ပတ်သက်နေကြတယ်ဆိုတာ အားလုံးက သိနေကြတယ်” ဟု ဆက်လက်ပြောဆိုခဲ့သည်။

မောင်းတောမြို့နယ်ရှိ နယ်စပ်ဒေသလုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဒေသခံရွာသားများအပေါ် အမျိုးမျိုးဖိနှိပ်မှုများပြုလုပ်နေသည့်အပြင် ယခုကဲ့သို့ လုပ်ရပ်မျိုးကိုပါ လုပ်ဆောင်လာနေခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

ကုလသမဂ္ဂမှ မြန်မာနိုင်ငံတွင် အရေးပေါ်ဆက်သွယ်ရေးဌာန တည်ထောင်

ဉာဏ်မောင်။ ဇူလိုင် ၇၊ ၂၀၀၈

ရန်ကုန်မြို့တွင် ကုလသမဂ္ဂမှ အရေးပေါ်ဆက်သွယ်ရေးစင်တာ (ETC) တခုဖွင့်လှစ်လိုက်သည် ဟုဆိုသည်။

သဘာဝဘေးဒုက္ခသည်များအတွက် ကယ်ဆယ်ရေးလုပ်သားများနှင့် ပြန်လည်တည်ဆောက် ရေး လုပ်ငန်းများလုပ်ဆောင်ရာတွင် ပိုမိုအဆင်ပြေစေရန်အတွက် ဖွင့်လှစ်လိုက်ခြင်းဖြစ်ကြောင်း အပတ်စဉ်ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံမှ ဝန်ထမ်းများကို ကုလသမဂ္ဂပညာရှင်များက ဆက်သွယ်ရေးလုပ်ငန်းများ လျှင်မြန် စွာ လုပ်ကိုင်နိုင်ရန်အတွက် ယခုလက်ရှိသင်တန်းများပေးနေသည်ဟု ဖော်ပြထားသည်။

ဘန်ကောက်အခြေစိုက်လူမှုရေးအဖွဲ့များနှင့် မုန်တိုင်းဒဏ်အများဆုံးခံခဲ့ရသည့် ဧရာဝတီတိုင်း နှင့် ရန်ကုန်တိုင်းတို့တွင် ရောက်ရှိနေသော ကယ်ဆယ်ရေးလုပ်သားများအတွက် ကုလသမဂ္ဂမှ စီစဉ်ဆောင်ရွက်ခြင်း ဖြစ်သည်ဟုဆိုသည်။

ထို့အပြင် ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့၊ UNDP နှင့်အခြားနိုင်ငံတကာ NGO အဖွဲ့များက လပွတ္တာ၊ ဘိုကလေး၊ ဖျာပုံ၊ မော်လမြိုင်ကျွန်းနှင့် ပုသိမ်မြို့နယ်များသို့ အစားအသောက်နှင့် ကယ်ဆယ်ရေးပစ္စည်းများ ပို့ဆောင်ဖြန့်ဖြူးရန်အတွက် ရည်ရွယ်ထားသည်ဟု အဆိုပါဂျာနယ် တွင် ဆက်လက်ဖော်ပြထားသည်။

နာဂစ်ဆိုင်ကလုန်းမုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း သေဆုံးသူ ၈၄,၅၃၇ ဦး၊ ပျောက်ဆုံးသူ ၅၃,၈၃၆ နှင့် ၁၉,၃၅၉ ဦး ဒဏ်ရာရရှိခဲ့သည်ဟု စစ်အစိုးရ ဖွားသေစာရင်းဌာနက တရားဝင် နောက်ဆုံးထုတ်ပြန် ကြေညာထားသည်။

စစ်အစိုးရပိုင် မီဒီယာများက လေဘေးဒုက္ခသည်များအတွက် ထိရောက်သည့်အကူညီများ၊ စိုက်ပျိုးရေးလုပ်ငန်းများအတွက် လိုအပ်သည်များနှင့် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများ ကို လုပ်ဆောင်နေသည်ဟု ကြေညာနေသော်လည်း မည်သည့်အကူအညီမှ ရောက်ရှိခြင်း မရှိသေးကြောင်း ဘိုကလေးမြို့နယ်အတွင်းမှ လယ်သမားတဦးက ပြီးခဲ့သည့်နှစ်ရက်ခန့်က ပြောဆိုခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

စာနယ်ဇင်းသမားများ သို့မဟုတ် စစ်အစိုးရ၏ နံပတ် ၂ ရန်သူ

အေးချမ်းမြေ့ ဇူလိုင် ၇၊ ၂၀၀၈

“စစ်အစိုးရအတွက်ကတော့ နိုင်ငံရေးသမားပြီးရင် သူတို့ရဲ့ နံပတ် ၂ ရန်သူက ဂျာနယ်လစ်တွေပဲ” ဟု ရန်ကုန် သတင်း ဂျာနယ်တစောင်မှ သတင်းထောက်တဦးက ပြောဆိုချက်က ယနေ့ မြန်မာစာပေလောက မည်သို့ ရပ်တည်လှုပ်ရှားနေ ရသည်ကို ရောင်ပြန်ဟပ်ဖော်ပြချက်တခုဟု ဆိုရမည်သာ။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာသတင်းထောက်များသည် ပြည်တွင်း ဂျာနယ်များတွင် ဖော်ပြခွင့်မရသည့် နာဂစ်မုန်တိုင်း နောက်ဆက်တွဲ သတင်း များကို ပြည်ပရှိ လွတ်လပ်သည့် မီဒီယာများထံ ရသည့်နည်းနှင့် ပေးပို့ခြင်းအားဖြင့် သတင်းမှန်များကို ကမ္ဘာက သိခွင့် ရအောင် ကြိုးပမ်းခဲ့ကြသဖြင့် စစ်အစိုးရက ၎င်းတို့၏ ညံ့ဖျင်းမှုနှင့် တာဝန်မယူမှုများကို ဖော်ထုတ်သော သတင်းသမားနှင့် စာရေးဆရာများကို ရန်သူအဖြစ် သဘောထား လာပုံရကြောင်း မြန်မာသတင်းစာဆရာများက ပြောဆိုနေကြသည်။

“မြန်မာ စာနယ်ဇင်းတွေမှာ ဒုက္ခသည် ဆိုတဲ့ အသုံးအနှုန်းကို သုံးလို့မရဘူး။ လူတွေငတ်နေတယ် ဆိုတာရေးလို့ မရဘူး။ လေဘေး ကယ်ဆယ်ရေးစခန်း လို့ပဲရေးရတယ်။ အကူအညီ အလုံအလောက် မရဘူး ဆိုတာမျိုး ရေးရင် စိစစ်ရေးက ဖြတ်တာပဲ” ဟု ရန်ကုန်အခြေစိုက် သတင်းထောက် တဦးကပြောပြသည်။

သတင်းထောက်များ ကြိုးစားပမ်းစားလိုက်ထားသည့် အဖြစ်မှန်၊ သတင်းမှန်များကို စိစစ်ရေးတင်ပြီး မူကြမ်းကျလာသည့် နေ့များတွင် ဂျာနယ်တိုက်၌ ဆဲဆိုသံများ ကြားနေရသည်ဟု သူကဆို၏။

“ကျနော်တို့ ရေးထားတဲ့ သတင်းတွေ ဖြုတ်ခံလိုက်ရတဲ့ နေ့ဆို ကျနော်တို့တော့ ထိုင်ပြီး ဆဲတာပဲ။ တတ်နိုင်တာ ဒါပဲရှိတယ် လေ။ လူတွေက တကယ်ငတ်နေပြီ၊ အကူအညီက မလုံလောက်ဘူး။ အဲဒါကို ပြည်သူလူထုသိအောင် ရေးလို့မရဘူး။ ဘယ်လောက် ဒေါသထွက်စရာကောင်းလဲ” ၎င်း သတင်းထောက်က ဆက်ပြော၏။

လက်တလော ထွက်ရှိနေသည့် မြန်မာ သတင်းစာနှင့် ဂျာနယ်များတွင် မုန်တိုင်းကြောင့် ရွာလုံးကျွတ် ပျက်စီးနေသည်ကို အပေါ်စီးက ထင်ထင်ရှားရှား ရိုက်ယူထားသည့် ပုံများ၊ ဆန်ရဖို့ တန်းစီနေသည့်ပုံများ၊ စားစရာ အိုးခွက် ပန်းကန်မရှိသော ကြောင့် ဖက်ရွက်များနှင့် ထမင်းစား နေသည့်ပုံများ စသည့် ဒုက္ခသည် များ၏ တကယ့်အခြေအနေကို ကွက်ကွက်ကွင်းကွင်း ဖြစ်စေသည့် သတင်းဓာတ်ပုံနှင့် သတင်း ပေးပို့ချက် များအစား အပြုသဘော ဆောင်သည့် သတင်းနှင့် ဆောင်းပါးများသာ ရေးရမည်ဟု စိစစ်ရေးက အမိန့် ထုတ်ထားကြောင်း ရန်ကုန်အခြေစိုက် နာမည်ကြီး ဂျာနယ်တစောင်မှ အယ်ဒီတာတဦးက ပြောသည်။

“ကျနော်ကိုယ်တိုင် တွေ့ခဲ့တဲ့ မြင်ကွင်းကို ဆောင်းပါးရေးလိုက်တယ်ဗျာ။ အဘွားအို တယောက် ဘာ အကူအညီမှမရဘူး။ ငှက်ပျောအူတွေကို ဒီတိုင်းစားနေရတာ။ အဲဒီအကြောင်း ဆောင်းပါးရေးတာ အဖြုတ်ခံရတယ်” ဟု သူက ပြောပြ၏။

နာဂစ် ဆိုင်ကလုန်းမုန်တိုင်းအပြီးတွင် သတင်းစာဆရာများကိုသာမကဘဲ ရသ စာရေးဆရာများကိုပါ ပိုမို စည်းကမ်း တင်းကျပ်လာကြောင်း မြန်မာ စာပေအသိုင်းအဝန်းမှ ကြားသိရသည်။

“အရင်ကလည်း ကဗျာတွေကို ဖြုတ်တာပါပဲဗျာ။ ဒါပေမယ့် ခုဟာက ပိုဆိုးလာတယ်။ နာဂစ်နဲ့ ပတ်သက်တဲ့ ကဗျာတွေက လည်း တကယ့် ခံစားမှုစစ်စစ်တွေ ဆိုတော့ စစ်အစိုးရကို ပိုထိတယ်ထင်ပါရဲ့။ တချို့ ကဗျာ တွေဆို အဓိပ္ပာယ်လုံးဝ ပျောက်တဲ့ထိ အကြောင်းလိုက်၊ အပုဒ်လိုက် ဖြုတ်ခံရတာ” ဟု ကဗျာဆရာတဦးက ပြောပြသည်။

လတ်တလော နာဂစ် ဆိုင်ကလုန်း မုန်တိုင်းနှင့် ဆက်စပ်ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ဂျာနယ်လစ် ၄ ဦးရှိပြီ ဖြစ်ကြောင်း မြန်မာ မီဒီယာ အဖွဲ့အစည်း (BMA) က ထုတ်ပြန်ကြေညာထားသည်။

မကြာခင်က အဖမ်းခံလိုက်ရသည့် ဂျာနယ်လစ်များမှာ မြန်မာထရီဗြွန်းဂျာနယ်၏ အယ်ဒီတာချုပ် ဦးအောင်ကျော်ဆန်း၊ အီကိုဗစ်ရှင်း ဂျာနယ် သတင်းထောက် မအိမ့်ခိုင်ဦး၊ နာမည်ကြီး ဟာသသရုပ်ဆောင် နှင့် ဘလော့ဂါ ဇာဂနာနှင့်အလွတ်တမ်း ဂျာနယ်လစ်တဦးဖြစ်သည့် ကိုဇော်သက်ထွေးတို့ဖြစ်သည်။

“ပြည်တွင်းက ဂျာနယ်လစ်တွေက နိုင်ငံတကာ မီဒီယာတွေကို အဖြစ်မှန်အတိုင်း အသိပေးလိုက်တော့ စစ်အစိုးရက အရှက်ကွဲတော့တာပေါ့။ အဲဒီတော့ ဂျာနယ်လစ်တွေကို မဲပြီး ဖမ်းတော့တာပဲ။ ဘယ်လိုပဲ ဖမ်းဖမ်း ဂျာနယ်လစ်တွေကတော့ လုပ်စရာရှိတာ လုပ်နေကြမှာပဲ” ဟု ရန်ကုန်သတင်းထောက်က ပြောသည်။

သတင်းမှန်များကို ဖော်ထုတ် တင်ပြရေးအတွက် အန္တရာယ်ကိုမမှုဘဲ ပြည်ပမီဒီယာများမှတဆင့် ရေးသားတင်ပြနေသည့် ပြည်တွင်းအခြေစိုက် စာနယ်ဇင်းသမားများကမူ ယနေ့ခေတ်တွင် သတင်းကို ဖုံးဖိ ထား၍ မရတော့ဟု ဆိုကြသည်။

“စာနဲ့ရေးလို့မရရင် ပါးစပ်နဲ့ သတင်းဖြန့်နေမှာပဲ။ မြန်မာပြည်မှာ ဒီနည်းက ထိရောက်တယ် ဗျ။ အဲဒီပါးစပ် သတင်းကို သူတို့က ကောလာဟလလို့ နာမည်တပ်တာ။ တကယ်တော့ မြန်မာနိုင်ငံက ကောလာဟလတွေ က ၉၀ ရာခိုင်နှုန်းလောက် မှန်တယ်။ အဲဒါကို စစ်အစိုးရကလည်းသိတယ်” ဟု ရန်ကုန်အခြေစိုက် သတင်းထောက်က ဆက်ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

၉၀ ရွေးကောက်ပွဲရလဒ်ကို မစွန့်လွှတ်ဟု အဖွဲ့ချုပ်တုံ့ပြန်

အေးလဲ့ ဇူလိုင် ၇၊ ၂၀၀၈

စစ်အစိုးရသတင်းစာပါ ၁၉၉၀ ပြည်နှစ် ရွေးကောက်ပွဲ ရလဒ်ကိုစွန့်ရန် ရေးသားချက်အပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နှင့် ဝါရင့်နိုင်ငံရေးသမားကြီးများက လက်မခံကြောင်း တုံ့ပြန်ပြောကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၁၉၉၀ ပြည်ရွေးကောက်ပွဲ ရလဒ် သည် ပြည်သူ့ဆန္ဒအရဖြစ်ပေါ်လာရခြင်းဖြစ်သည့်အတွက် ပြည်သူ့ဆန္ဒကို လေးစားသည့် အနေနှင့် အရင်ဆုံး အကောင်အထည်ဖော်ရန် လိုအပ်သည်ဟု အန်အယ်လ်ဒီ အထူးပြန်ကြား ရေးအဖွဲ့ဝင် ဦးသိန်းညွန့် က ပြော သည်။

“အဖွဲ့ချူပ် အထွေထွေအတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်ပြောခဲ့တဲ့ မိန့်ခွန်းအရ ရွေးကောက်ပွဲဆိုတာ တိုင်းပြည်ရဲ့ အနာဂတ်ပြဿနာပဲ၊ တိုင်းပြည်ရဲ့ အနာဂတ်ကို တလေးတစား သဘောထားရပါမယ်၊ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲ ရလဒ်ကို အရင် အကောင်အထည်ဖော်ဖို့ လိုပါတယ်” ဟု ဦးသိန်းညွန့်ကပြောသည်။

ပါတီမူအရ သတင်းစာ ဆောင်းပါးရှင်အာဘော်များကို တုံ့ပြန်ဖြေကြားခြင်း မရှိကြောင်းနှင့် ယခုမူ ၁၉၉၀ ပြည့် ရွေးကောက် ပွဲနှင့်ပတ်သက်သည့် ပါတီ၏သဘောထားကို ပြောဆိုရခြင်းဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

၎င်းကဆက်လက်ပြီး“ ဘာကြောင့် ၁၉၉၀ ရလဒ်ကို အကောင်အထည်ဖော်ဖို့ လိုပါသလဲဆိုရင်၊ ပြည်သူ့ ဆန္ဒကို အလေးထား ဖို့ပါ၊ ကျွန်တော်တို့ ထားရှိတဲ့ ဒီနေ့ သဘောထားကတော့ အခု အခြေခံဥပဒေ တရားဝင် မှု မ၀င်မှုဆိုတဲ့ အခြေအနေတွေ ကိုလည်း အများ ပြည်သူ လက်ခံနိုင်တဲ့ အမျိုးသား ပြန်လည်သင့်မြတ်ရေး ဘောင်အတွင်းက ဖြေရှင်းနိုင်ဖို့ဆိုရင် လွှတ်တော် ကို ခေါ်ပေးပါ။ ပြည်သူ့လွှတ်တော် ဥပဒေ ပုဒ်မ ၃ နဲ့အညီ ပြည်သူ့လွှတ်တော်ကို ခေါ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုနေ တာဖြစ်ပါတယ်”ဟု လည်း ပြောသည်။

ယမန်နေ့က ထုတ်ဝေသော မြန်မာ့အလင်းသတင်းစာတွင် ပြီးခဲ့သည့် မေလအတွင်းက ဖွဲ့စည်းအုပ်ချူပ်ပုံ အခြေခံမှုကြမ်း ၂၀၀၈ ကို အတည်ပြုပြီးဖြစ်သဖြင့် အန်အယ်လ်ဒီ ၏ ၁၉၉၀ ရွေးကောက်ပွဲရလဒ်ကိုစွန့်ပစ်၍ ၂၀၁၀ ခုနှစ်တွင် ကျင်းပမည် ဖြစ်သော ရွေးကောက်ပွဲ အသစ်ကို လက်ခံပါဝင်ယှဉ်ပြိုင်ရန် ဖော်ပြထားခြင်းဖြစ် သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ ၂၀၀၈ ကို နိုင်ငံတဝန်း ဆန္ဒမဲပေးခွင့်ရှိသူ လူဦးရေ ၂၇ သန်းကျော်ထဲ က ၉၂.၄၈ ရာခိုင်နှုန်းသော ပြည်သူတို့က တခဲနက် ထောက်ခံခဲ့ပြီးဖြစ်သည့်အတွက် အန်အယ်လ်ဒီ ၏ ၁၉၉၀ ပြည့် ရွေးကောက်ပွဲ ရလဒ်သည် ပျက်ပြယ် သွားကြောင်းလည်း သတင်းစာတွင် ဖော်ပြထားသည်။

ပြည်သူ့လွှတ်တော် ကိုယ်စားပြု ကော်မတီ အတွင်းရေးမှူး ဦးအေးသာအောင်ကမူ စစ်အစိုးရ၏ ဖွဲ့စည်းပုံ အခြေခံမှုကြမ်း ၂၀၀၈ ကို လက်မခံနိုင်ကြောင်း ပြောဆိုသည်။

“စစ်အစိုးရ အခုသွားနေတဲ့ မူဝါဒလမ်းစဉ် (၇) ချက် အပါအဝင် ဖွဲ့စည်းအုပ်ချူပ်ပုံအခြေခံဥပဒေကိုလည်းပဲ လက်မခံနိုင်ဘူး၊ ဒီဖွဲ့စည်းပုံအခြေခံဥပဒေအရ ပေါ်ပေါက်လာမယ့် ရွေးကောက်ပွဲအပါအဝင် နောက်ထပ် ပါတီ ထောင်မယ် ဆိုတာကိုလည်း လက်မခံဘူး” ဟု ဦးအေးသာအောင်က ပြောသည်။

လက်ရှိ တိုင်းပြည်တွင် နိုင်ငံရေးအင်အားစုများ၊ တိုင်းရင်းသားအင်အားစုများနှင့် တပ်မတော်အင်အားစုများ ပါဝင်သည့် အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ညီညွတ်ရေးတည်ဆောက်ရန် လိုအပ် ကြောင်းလည်း သူက ပြောသည်။

နအဖ စစ်အစိုးရက အမိန့်ကြေညာချက် အမှတ် ၁/၂၀၀၈ အရ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ၂၀၀၈ ကို မေလက အတည်ပြုခဲ့ပြီး လာမည့် ၂၀၁၀ ခုနှစ်တွင် ရွေးကောက်ပွဲအသစ်ကို ကျင်းပမည်ဖြစ်ကြောင်း ကြေညာချက်အမှတ် ၂/၂၀၀၈ ဖြင့် ထုတ်ပြန်ကြေညာထားသည်။

၁၉၉၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အန်အယ်လ်ဒီ ပါတီက ကိုယ်စားလှယ်ပေါင်း ၄၈၅ နေရာ ရှိသည့် အနက် ၃၉၂ နေရာ တွင် ရွေးချယ်ခံခဲ့ရပြီး ရာခိုင်နှုန်း ၈၀ ကျော် မဲအပြတ်အသတ်ဖြင့် အနိုင်ရခဲ့သည်။

တချိန်တည်းတွင် စစ်အစိုးရက အကျဉ်းထောင်တွင်း ဖမ်းဆီးထိန်းသိမ်းထားသော ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင် များကို၂၀၁၀ ရွေးကောက်ပွဲပါဝင်ရန် သဘောထားမေးမြန်းမှုများ ပြုလုပ်နေကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

(၇) ဇူလိုင် (၄၆) နှစ်မြောက် အထိမ်းအမှတ် အခမ်းအနားပြုလုပ်

ရိုးမ ၃။ ဇူလိုင် ၇၊ ၂၀၀၈

ယနေ့ကျရောက်သည့် (၇) ဇူလိုင်အရေးတော်ပုံကြီး၏ (၄၆) နှစ်မြောက်အထိမ်းအမှတ် အခမ်း အနားတခု ထိုင်း-မြန်မာနယ်စပ်တနေရာတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားကို ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်၊ မြန်မာနိုင်ငံ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦးနှင့် လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီတို့က ပူးတွဲ ကျင်းပပြုလုပ်ခဲ့ပြီး အဖွဲ့အစည်းအသီးသီးမှ သ၀ဏ်လွှာများပေးပို့ခဲ့ကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
(၇) ဇူလိုင်အထိမ်းအမှတ်အဖြစ် ကျဆုံးသွားကျသည့် အာဇာနည်များ၊ ကျောင်းသားများအား အလေးပြုကာ (၇) စက္ကန့်ငြိမ်သက်ကာ ဂါဝရပြုခဲ့ကြပြီးနောက် ၁၉၆၂ ခုနှစ် ကျောင်းသား သမိုင်းဖြတ်သန်းမှု များကို (KNU) ဗဟိုစည်းရုံးရေးတာဝန်ခံ ဖဒိုစောသမိန်ထောက ပြန်လည် ပြောပြခဲ့သည်။

ယင်းအခမ်းအနားတွင် ၁၉၆၂ ခုနှစ် ကျောင်းသားဟောင်း၊ ၁၉၇၂ ကျောင်းသားဟောင်းများမှ (၇) ဇူလိုင်စိတ်ဓါတ်နှင့် သမိုင်းကြောင်းများကို မမေ့ကြရန်နှင့် စစ်အာဏာရှင်အား ဘက်ပေါင်းစုံ မှ ဆက်လက်တိုက်ပွဲဝင်သွားကြရန်တို့ကို ပြောဆိုခဲ့ကြသည်။

မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး (ABSDF) ဥက္ကဌ ရဲဘော်သံခဲက “ကျောင်းသားဆိုတာ သတ္တိရှိတယ်၊ ရိုးသားတယ်၊ စည်းကမ်းရှိတယ်၊ လွတ်လပ်ပွင့်လင်းလို တယ်၊ အမြင်ကျယ်တယ်၊ အဖိနှိပ်ခံပြည်သူတွေ ဘက်ကရပ်တည်တယ်၊ တိုးတက်တဲ့အမြင်ရှိ တယ်၊ ခေတ်မှီတယ်၊ အစွန်းရောက်မှုတွေကို ဆန့်ကျင်တယ်၊ ကိုယ့်ကျင့်သိက္ခာမြင့်မားတယ်၊ အလုပ်လုပ်ရာမှာ စံတန်ဖိုးသတ်မှတ်ချက်တွေနဲ့ ဇွဲလုံ့လ စိုက်ထုတ်လုပ်ကိုင်သူတွေဖြစ်တယ်၊ ဒါကြောင့်မို့ (၇) ဇူလိုင်သမိုင်းကို ဘယ်တော့မှမမေ့နဲ့” ဟု ပြောဆိုခဲ့သည်။

ထို့အပြင် အခမ်းအနားဦးဆောာင်ကျင်းပသည့် အဖွဲ့သုံးခုတို့က ပူးတွဲကြေညာချက်တစောင် ထုတ်ပြန်ရာတွင် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ်ခံရသော မြစ်ဝကျွန်းပေါ်ဒေသမှ ပြည်သူလူထု အပေါ် စစ်အစိုးရ၏ ပြုမူဆောင် ရွက်ခဲ့ပုံတို့သည် ကမ္ဘာပေါ်တွင် အရက်စက်ဆုံး စစ်အာဏာရှင် ဖြစ်ကြောင်း အခိုင်အမာဖော်ပြနေသည်ဟု အဆိုပါကြေညာချက်တွင် ရေးသားဖော်ပြထား သည်။

၎င်းကြေညာချက်တွင် "(၇) ဇူလိုင် အရေးတော်ပုံစိတ်ဓါတ်ကို အခိုင်အမာကိုင်စွဲချီတက်ကြ၊ ဒီမိုကရေစီရေးတိုက်ပွဲ မုချအောင်ရမည်၊ စစ်အာဏာရှင်စနစ်ကျဆုံးရမည်" စသည့် အဓိဌာန် (၃)ချက်ကိုလည်း ရေးသားဖော်ပြခဲ့သည်။

ယနေ့ကျရောက်သည့် ဇူလိုင် (၇) ရက်နေ့သည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ အဆောက်အဦးအား စစ်အာဏာရှင် ဗိုလ်နေ၀င်းစစ်အုပ်စုမှ ဖောက်ခွဲဖျက်စီးခဲ့ပြီး ကျောင်းသား များ သွေးမြေသို့ကျခဲ့သည်မှာ ၄၆ ပြည့်မြောက်ခဲ့သည့်နေ့ဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဆဲဗင်းဂျူလိုင်နေ့ ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်

ဖနိဒါ
တနင်္လာနေ့၊ ဂျူလိုင်လ 07 2008 17:06 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ဆဲဗင်းဂျူလိုင်နေ့တွင် ရန်ကုန်တိုင်း မြို့နယ်များတွင် အာဏာပိုင်များမှ လုံခြုံရေးများ တင်းကျပ်စွာ ချထားသည်။
ယနေ့ ကျရောက်သည့် ၄၆ နှစ်မြောက် ဆဲဗင်းဂျူလိုင်နေ့တွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ရုံးရှေ့၊ မြို့နယ် အများအပြားရှိ လမ်းဆုံလမ်းခွများနှင့် တက္ကသိုလ်များ အနီးတွင် စွမ်းအားရှင်များ ချထားသလို၊ စစ်သားများကလည်း ကင်းလှည့်ကာ လုံခြုံရေး တင်းကျပ်ထားခြင်း ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“လုံခြုံရေးကတော့ တော်တော်များတယ်။ ဒါပေမဲ့ ထူခြားတာကလေ ရဲ မရှိဘူး။ စွမ်းအားရှင်တွေပဲ ချထားတယ်။ ရုံးရှေ့မှာ ၅ဝ၊ ၆ဝ လောက် ရှိတယ်။ ထိုင်ပြီး စောင့်နေကြတယ်။ ဒိုင်နာကား ၄ စီးလောက် ရှိတယ်။ ဆူးလေမှာကတော့ ၃ဝ၊ ၄ဝ လောက် ရှိတယ်” ဟု အဖွဲ့ချုပ် လူငယ် ပြန်ကြားရေး တာဝန်ခံတဦး ဖြစ်သူ ကိုနိုင်ငံလင်းက ပြောသည်။

မဇ္ဈိမ ပြည်တွင်း သတင်းထောက်ကလည်း “မနေ့ညကတည်းက ရဲကားထဲမှာ စစ်သားတွေကော ကင်းလှည့်နေတာကို ဒီနေ့ ထူးထူးခြားခြား လမ်းဆုံလမ်းခွ အတော်များများမှာ အရပ်ဝတ် လုံခြုံရေးနဲ့ စွမ်းအားရှင် ပုံစံမျိုးတွေ တွေ့ရတယ်။ အခုမနက် လှည့်ကြည့်တဲ့ အနေအထားအရ လုံခြုံရေးအင်အား ဖြန့်ထားတာ တွေ့ရပါတယ်။ 7 July ဖြစ်နေတော့လေ။ ဒီနေ့ ပိုပြီး လုံခြုံရေးအင်အား ဖြန့်ထားတဲ့ အနေအထားပေါ့” ဟု ပြောသည်။

ရန်ကုန်မြို့လယ်ရှိ မြို့တော်ခန်းမရှေ့တွင်လည်း ရဲမှူးကြီးတဦးက မာစဒါဂျစ် တစီး၊ လုံးထိန်းကား တစီး၊ စွမ်းအားရှင် ၂ဝ ခန့် ချထားသည်ဟု သူက ဆက်ပြောသည်။

ကုက္ကိုင်းမီးပွိုင့်၊ ရွှေဂုံတိုင်၊ ဆူးလေ၊ သင်္ကန်ကျွန်း၊ ကြည့်မြင်တိုင်၊ စမ်းချောင်း၊ လှည်းတန်း၊ တောင်ဥက္ကလာပ၊ လမ်းမတော်၊ လသာ စသည့် မြို့နယ်များတွင် ဝတ်စုံအပြည့်ဖြင့် ရဲများ၊ စစ်သားများနှင့် အရပ်ဝတ် စွမ်းအားရှင်များ ထိုင်နေကြောင်းလည်း ရန်ကုန် ဒေသခံတဦးက ပြောဆိုသည်။

ရန်ကုန်တိုင်းရှိ ဒဂုံတက္ကသိုလ်၊ တာဝ တက္ကသိုလ်တို့မှာ လုံခြုံရေး ချရန်အတွက် ဒေါပုံမြို့နယ်မှ စွမ်းအားရှင် ၈ဝ ခန့်ကို မြို့နယ် မယကမှ ယနေ့ နံနက်ပိုင်းတွင် လာရောက် ခေါ်ဆောင်သွားသည်ဟု သိရသည်။

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများက လွတ်လပ်စွာ ပညာသင်ကြားခွင့် ရရှိရေးအတွက် ငြိမ်းချမ်းစွာ ဆန္ဒပြရာတွင် အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေဝင်း၏ အာဏာသိမ်း စစ်ကောင်စီက လက်နက်နှင့် ပစ်ခတ်ဖြိုခွဲခဲ့သည့် ၄၆ နှစ်မြောက် နှစ်ပတ်လည်နေ့ ဖြစ်သည်။

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ကိုမျိုးတေဇက “သူတို့ကတော့ ကျောင်းသားတွေ ဆူပူမှုတွေ လုပ်လာမယ်လို့ အမြဲတမ်း ကြောက်နေကြတာပဲလေ။ အခု ဗကသ ကျောင်းသားတွေကလည်း ကျောင်းတိုင်းလို စာကပ်နေတာတွေ ရှိနေတယ်လေ” ဟု ပြောသည်။

ဗကသ က ယနေ့ ထုတ်ပြန်လိုက်သည့် “စစ်ကျွန်မခံ ဒို့တွန်းလှန် ... ခွပ်ဒေါင်းအလံ လွှင့်ကြစို့” ဟူသည့် ကြေညာချက်များကို ရန်ကုန်တိုင်းရှိ ဝိဇ္ဇာသိပံ္ပ တက္ကသိုလ်၊ ကွန်ပြူတာ ကောလိပ်၊ ဂျီတီစီ၊ အစိုးရနည်းပညာ တက္ကသိုလ် ကျောင်းများတွင် လိုက်ကပ်ထားသည်ဟု သိရသည်။

ကြေညာချက်ထဲတွင် အခြေအနေဆိုးများမှ အမှန်တကယ် လွန်မြောက် ကျော်လွှားနိုင်မည့် အကောင်းဆုံးနှင့် အငြင်သာဆုံး နည်းလမ်းမှာ တခုတည်းသာ ရှိပြီး မတရား ဖမ်းဆီးခံထားရသည့် ကျောင်းသားလူငယ်များ အပါအဝင် ရဟန်းသံဃာတော်များ၊ သီလရှင်များနှင့် နိုင်ငံရေး အကျဉ်းသား အားလုံးတို့အား ခြွင်းချက်မရှိ အမြန်ဆုံး လွှတ်ပေးကာ တွေ့ဆုံဆွေးနွေး အဖြေရှာရေးနည်းလမ်းပင် ဖြစ်သည်ဟု ရေးသားထားသည်။

“ပညာရေးက နိုင်ငံရေး ဖြစ်တယ်။ ပညာရေး လွတ်လပ်မှ နိုင်ငံရေး လွတ်လပ်မယ်ဆိုတဲ့ ပုံစံအတိုင်း ယူပြီးတော့ ကျောင်းသား လူငယ်တွေရဲ့ လူအများကို ဖွင့်ဟချင်စိတ်၊ လွတ်လွတ်လပ်လပ်နဲ့ ဆန္ဒအမှန်အတိုင်း သင်ယူခွင့်ရအောင် ကျနော်တို့က ရှေ့ဆုံးကနေ ဦးဆောင်ပြီး လုပ်နေတာပါ” ဟု ကိုမျိုးတေဇက ပြောသည်။

လက်နက်အားကိုး၊ လူမိုက်အားကိုးဖြင့် တဖက်သတ် အဓမ္မ အနိုင်ကျင့်လုပ်ဆောင်မှု မှန်သမျှသည် လတ်တလောတွင် ပြဿနာများ ပြေလည်သွားမည် မဟုတ်ဘဲ ပိုမို ရှုပ်ထွေးစေသကဲ့သို့ ရေရှည်တွင်လည်း အုံကြွမှုများနှင့် ကပ်ဘေး ဒုက္ခအမျိုးမျိုးတို့ ကျရောက်ကာ နိုင်ငံတခုလုံး ဆုံးရှုံး ပျက်သုဉ်းမည့် အခြေအနေသို့ ဆိုက်ရောက် သွားစေလိမ့်မည်ဟု ဗကသ ကြေညာချက်က ဆိုသည်။

ကိုလိုနီနယ်ချဲ့နှင့် ဖက်ဆစ်ဝါဒ လက်အောက်မှ လွတ်မြောက်ရေးအတွက် ကျောင်းသား လှုပ်ရှားမှုများ၏ စုရုံးရာ လွတ်လပ်ရေးသမိုင်းဝင် တက္ကသိုလ် ကျောင်းသားသမဂ္ဂ အဆောက်အဦကြီးအား ဗိုလ်ချုပ်နေဝင်း၏ စစ်ကောင်စီက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့ နံနက်ပိုင်းတွင် ဒိုင်းနမိုက်ဖြင့် ဖြိုခွဲ ဖျက်ဆီးပစ်ခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်

7 July အထိမ်းအမှတ် ဗကသ ကျောင်းသားများ လှုပ်ရှား

၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ဒိုင်းနမိုက်နှင့် ဖြိုခွဲခံခဲ့ရသည့် သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦ

ကိုသက် ဇူလိုင် ၇၊ ၂၀၀၈

စစ်အာဏာရှင်စနစ်ကို ပထမဆုံး တော်လှန်ဆန်ကျင်သည့် ၄၆ နှစ်မြောက် ဇူလိုင်လ ၇ ရက် (7 July) အထိမ်းအမှတ် အဖြစ် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) က လက်ကမ်းစာစောင်နှင့် ကြေညာချက် ဖြန့်ဝေပြီး အိုးဝေ ဂျာနယ်ကိုလည်း ထုတ်ဝေလိုက်သည်ဟု ဗကသ အဖွဲ့ တာဝန်ရှိသူတဦးက ဧရာဝတီကို ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဗကသ ကျောင်းသားများသည် လွန်ခဲ့သည့်အပတ်ကစ၍ 7 July လက်ကမ်းစာစောင်များကို ပဲခူးတိုင်း အနောက်ခြမ်း ဒေသနှင့် ဧရာဝတီတိုင်းတို့တွင် ဖြန့်ဝေကြပြီး ရန်ကုန်မြို့၌ ယနေ့ဖြန့်ဝေသည်ဟု ဗကသ ကျောင်းသားအဖွဲ့၏ တာဝန် ရှိသူက ပြောသည်။

“ဒီနေ့ ရန်ကုန်မှာ မိုးရွာနေတဲ့ကြားက ဘတ်စ်ကားတွေ ပေါ်မှာ ပြည်သူတွေနဲ့ ကြေညာချက်တွေကို စာစောင်တွေ လိုက်ဝေကြပါတယ်” ဟု ဗကသ အဖွဲ့၏ တာဝန်ရှိသူက ပြောသည်။

ဗကသ အဖွဲ့က ဖြန့်ဝေသည့်စာစောင်တွင် “ကျောင်းသားညီအကိုအပေါင်းတို့ … ကျောင်းသားရှိရင် သမဂ္ဂ ရှိရမယ်၊ ကျောင်းသားသမဂ္ဂ စိတ်ဓာတ်နဲ့ တိုက်ပွဲဝင် ခွပ်ဒေါင်းအလံတော်ကို အမြင့်မားဆုံးလွှင့်ထူရမယ်၊ ကျောင်းသားသမဂ္ဂ အလံတော်အောက်မှာ စစ်အာဏာရှင်စနစ် ကျဆုံးတဲ့အထိ တိုက်ပွဲဝင် …” ဟုရေးသားကာ ကျောင်းသားထုအား တပ်လှန့် ထားသည်။

အာဏာရှင်ဟောင်း ဗိုလ်ချုပ်နေ၀င်း၏ တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ်တွင် နိုင်ငံတော်အာဏာကို သိမ်းယူပြီး မြန်မာ နိုင်ငံတွင် အာဏာရှင်စနစ်ကို စတင်အသက်သွင်းခဲ့သည်။

ထိုစစ်အာဏာရှင်စနစ်ကို ရန်ကုန်တက္ကသိုလ်ကျောင်းသားများက ၁၉၆၂ ခုနှစ် ဇူလိုင်လ ၇ ရက်နေ့တွင် ပထမဆုံး ဆန့်ကျင် ဆန္ဒပြခဲ့ရာ စစ်အာဏာရှင်တို့က ကိုလိုနီနယ်ချဲ့ကို ဆန့်ကျင်ရာ၌ သမိုင်းဝင်အဆောက်အဦဖြစ်သည့် ရန်ကုန်ပင်မ တက္ကသိုလ်ဝန်းအတွင်းရှိ ကျောင်းသားသမဂ္ဂအဆောက်အဦကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲဖျက်ဆီးခဲ့သည်။ ကျောင်းသား အများအပြားလည်း သွေးမြေကြခဲ့ရသည်။

ထို့ကြောင့် ဇူလိုင် ၇ ရက်နေ့အရေးအခင်းသည် စစ်အာဏာရှင်ကို ပထမဆုံး တော်လှန်ဆန့်ကျင်သည့် နေ့တနေ့အဖြစ် မြန်မာ့သမိုင်းတွင် ထင်ရှား လူသိများခဲ့ခြင်း ဖြစ်သည်။

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ ကိုထွန်းမြင့်အောင်က “ဗိုလ်နေ၀င်းက ၁၉၆၂ ခုနှစ်မှာ ကျောင်းသား သမဂ္ဂ အဆောက်အဦကို ဖြိုခွဲခဲ့ပေမယ့် သမဂ္ဂစိတ်ဓာတ်တွေက ဒီနေ့အထိပျောက်မသွားဘူး၊ ကျောင်းသားလှုပ်ရှားမှုတွေ ပျောက်မသွားဘူး၊ ဖိနှိပ်မှုတွေရှိနေသရွေ့ ကျောင်းသားလှုပ်ရှားမှုတွေ ရှိနေဦးမှာပါ” ဟု ပြောသည်။

မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီ အင်္ဂလိပ် ကိုလိုနီနယ်ချဲ့ဆန့်ကျင်ရေးကာလတလျှောက် ကျောင်းသားသမဂ္ဂက ထုတ်ဝေခဲ့ သည့် အိုးဝေဂျာနယ်ကိုလည်း ဗကသ ကျောင်းသားများက ပြန်လည်ထုတ်ဝေလိုက်သည်။ အိုးဝေဂျာနယ်ကို အင်တာနက်မှ တဆင့် ဖြန့်ဝေရန် စီစဉ်ထားကြောင်း သိရသည်။

ကျောင်းသားဆန္ဒပြပွဲများ ဖြစ်ပွားလေ့ရှိသည့် ရန်ကုန်မြို့ ဆူးလေဘုရားပတ်ဝန်းကျင်၊ သမိုင်းလမ်းဆုံနှင့် လှည်းတမ်းလမ်း ဆုံတို့တွင် ယနေ့နံနက်ပိုင်းကစ၍ လက်နက်ကိုင် လုံခြုံရေးတပ်သားများ တင်းကျပ်စွာ ချထားသည်ကို တွေ့မြင်ရသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ယမန်နေ့ကလည်း အမေရိကန်နိုင်ငံ နယူးရောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မြန်မာကိုယ်စားလှယ်ရုံးရှေ့နှင့် တောင်ကိုး ရီးယားနိုင်ငံ ဆိုးလ်မြို့ရှိ မြန်မာသံရုံးရှေ့တွင်လည်း မြန်မာ့ဒီမိုကရေစီအင်အားစုများက ၄၆ နှစ်မြောက် 7 July အရေးအခင်း အထိမ်းအမှတ် ဆန္ဒပြပွဲများကို ပြုလုပ်ကာ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးနှင့် မြန်မာ့နိုင်ငံရေးအကြပ် အတည်းကို အမြန်ဆုံးဖြေရှင်းရန် စစ်အစိုးရအား တောင်းဆိုခဲ့ကြသည်။

အပြည့်အစုံဖတ်လိုလျှင်