စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, June 5, 2008

မြန်မာ့ ကာမိကာဇေ၊ သို့မဟုတ် ကိုယ်တိုင်ရေး သမိုင်း


နေသန်မောင်

ကြာသပတေးနေ့၊ ဇွန်လ 05 2008 13:23 - မြန်မာစံတော်ချိန်

မြန်မာ့ရေပိုင်နက်အနီး နိုင်ငံတကာ ရေပိုင်နက်အတွင်း နာဂစ် လေမုန်တိုင်းဒဏ် ခံရသူများအတွက် အရေးပေါ် အကူအညီ ပေးနိုင်ရေး သီတင်းပတ်ပေါင်း များစွာ စောင့်ဆိုင်းနေခဲ့တဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ ပြန်လည် ဆုတ်ခွါလိုက်တာနဲ့အတူ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာရဲ့ ၀င်ရောက် စွက်ဖက်ရေးအတွက် မျှော်လင့်ချက် အသီးသီးဟာလည်း နောက်ထပ်တကြိမ် ပြိုလဲသွားခဲ့ပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ရဲ့ “နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျနော်တို့ လေးစား လိုက်နာရပါမယ်” ဆိုတဲ့အပြောနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူတွေအပေါ် ရက်စက် ဖိနှိပ်နေတဲ့ မြန်မာ စစ်အစိုးရအပေါ် ထားတဲ့ အမေရိကန်လူသန်ကြီးရဲ့ နောက်ဆုံး ပေါ်လစီက လူအများအပြားကို အံ့အား သင့်သွားစေခဲ့ပါတယ်။ မေလဆန်းပိုင်းကစပြီး နာဂစ် လေမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ လူပေါင်း (၁) သိန်းခွဲ နီးပါး အသက် ဆုံးရှုံးခဲ့ရမှုအပေါ် စစ်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြင်သစ်နဲ့ ဗြိတိသျှ အစိုးရတို့ရဲ့ သဘောထားက အတော်ကလေးကို ပြင်းပြင်းထန်ထန် ရှိခဲ့ပြီး လူသားချင်း စာနာရမယ့် ၀င်ရောက် စွက်ဖက်မှုဆိုတဲ့ စကားလုံးကို ကျယ်ကျယ်လောင်လောင် သုံးနှုံးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေ ၀င်ရောက်ခွင့်ကို ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး စစ်အစိုးရဟာ လူမဆန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာမှာ ဥပေဒအရ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်တဲ့ ဒီစွဲချက်ဟာ လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာပိုင် ဥရောပနိုင်ငံ (၂) နိုင်ငံက ဆောင်ရွက်ခဲ့တာမို့ မြန်မာပြည် အကျပ်အတည်းဟာ နေ့လားညလား ဖြစ်ခဲ့ရတာပါ။နာဂစ်မုန်တိုင်းလွန် ကာလတွေမှာ အမေရိကန်အစိုးရဲ့ မြန်မာ့အရေး ချဉ်းကပ် လုပ်ဆောင်မှုတွေဟာ လုပ်နိုင်တဲ့ အတိုင်းအတာ တခုအတွင်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့တယ် ဆိုတာကတော့ သံသယ မရှိပါဘူး။ စစ်အစိုးရနဲ့ သံခင်းတမန်ခင်း တိတ်တိတ်ပုန်း ညှိနှိုင်းပြီး အမေရိကန် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းတွေကို လေယာဉ်တွေနဲ့ ရန်ကုန်မြို့ကို အကြိမ်ကြိမ် ပေးပို့နိုင်ခဲ့ပါတယ်။ စစ်အစိုးရအပေါ် အာဆီယံ အပါအ၀င် အနောက်နိုင်ငံတွေက အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာ အမေရိကန်ဟာ ခပ်မဆိတ် နေခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ဒီပွဲမှာ ၀ါရှင်တန်ဟာ လက်ရှောင်နေခဲ့ပါတယ်။ ဒီအတွက် ရလဒ်ကောင်းတခုကတော့ မြန်မာ စစ်အစိုးရအပေါ် အစဉ်တစိုက် ပိတ်ဆို့ဖိအားပေး တိုက်ခိုက်နေခဲ့တဲ့ အမေရိကန် ပေါ်လစီဟာ အလုပ်မဖြစ်ဘူးဆိုတဲ့ တရုတ်အပါအ၀င် မြန်မာ့ အိမ်နီးချင်းတွေကို ကဲ ... ကြည့်ကြပါ၊ ဘယ်သူက မှားနေတာလဲလို့ ထုတ်ပြပြီး စစ်အစိုးရရဲ့ ဗီလိန်ရုပ် အသွင်မှန်ကို ဘွင်းဘွင်းကြီး ချပြလိုက်နိုင်တာပါ။ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအပေါ် အမေရိကန်က လျစ်လှူပြု မထားပါဘူးဆိုတဲ့ ပေါ်လစီကိုတော့ ကောင်းကောင်းကြီး ပြသခဲ့ပါတယ်။ဒါပေမယ့် အမေရိကန်ရဲ့ သရုပ်မှန်ဝါဒ ချဉ်းကပ်မှုဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် ရွှေတောင်ကြီး တအိအိ ပြိုကျခဲ့တယ် ဆိုတာကတော့ ငြင်းပယ်လို့ မရပါဘူး။ ၁၉၈၈ ဒီမိုကရေစီရေး အုံကြွဆန္ဒပြမှု နောက်ပိုင်း၊ ၂၀၀၅ ခုနှစ် သန်းရွှေ စစ်အစိုးရ နေပြည်တော်ကို ဆိုင်းမဆင့်ဘုံမပါ ပြောင်းပြေးမှု၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းဒဏ် ပြဿနာ အရပ်ရပ်တိုင်းမှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ တပ်တွေ စစ်အစိုးရကို ၀င်ရောက် တိုက်ခိုက်ပါဆိုတဲ့ မျှော်လင့်ချက်တွေက (ကျူးကျော်မှု ထောက်ခံရေး၊ ဆန့်ကျင်ရေး သဘောထားတွေ ရှိနေလင့်ကစား) ပြည်သူတွေအကြား သက်သေ သကာယတွေအဖြစ် ထင်ထင်ရှားရှား ရှိခဲ့တာပါ။၂၀၀၈ အမေရိကန်မှာ သမတ ရွေးကောက်ပွဲတွေ အတွက် ပဏာမ ပြင်ဆင်မှုတွေ အရှိန်ရနေချိန်၊ လက်ရှိ အစိုးရအဖွဲ့ရဲ့ ရာထူးသက်တမ်း လအနည်းငယ်သာ ကျန်တော့တဲ့အချိန်၊ အမေရိကန် ပြည်ထောင်စုမှာ စီးပွါးရေး ကျဆင်း၊ ရေနံဈေးတွေ ကြောက်ခမန်းလိလိ ထိုးတက်နေပြီး လူထုတွေ ညည်းငြူနေချိန်မှာ အမေရိကန်ဟာ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ စွန့်စားခန်းတွေ လုပ်ဖို့ အကန့်အသက်တွေ တင်းကြပ် ပြည့်နေပါတယ်။ မြန်မာပြည် မုန်းတိုင်းဘေးသင့်လို့ သိန်းချီပြီး လူတွေ အသက်ဆုံးချိန် ပြင်သစ်နဲ့ ဗြိတိန်အစိုးရတို့ လောက်တောင် လေသံဟဟ မထွက်ခဲ့တဲ့ အမေရိကန်ဟာ သန်းရွှေ စစ်အစိုးရဲ့ လုပ်ရပ်အပေါ် “လျစ်လျူပြု ခံနေရတဲ့ ရာဇ၀တ်မှု” အဖြစ်သာ ရောဘတ်ဂိတ်က ပြောပြီး အမေရိကန် ပါဝင် ပက်သက်မှုကို တခန်းရပ်စေခဲ့ပါတယ်။မြန်မာ စစ်အစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ခြေလှမ်းတိုင်းအပေါ် မြန်မာပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာ နှစ် (၂၀) ကြာခဲ့ပါပြီ။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ မြန်မာပြည်အပေါ် သဘောထားတွေကြောင့် လူထုဟာ ခြေကုန်လက်ပန်း ကျသလောက် ဖြစ်တာပါ။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အကူအညီကို နေ့နေ့ညည မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ဆိုင်းခဲ့ရတာတွေဟာ တခါမျှ အရာမထင်ခဲ့ပါဘူး။ နောက်ဆုံးတော့လည်း ရှိသမျှ ဒုက္ခ အ၀၀ကိုသာ ခါးစည်း ခံတော့မယ်ဆိုတဲ့ စိတ်တွေနဲ့ ဆက်ပြီး အသက်ရှင်နေကြဆဲပါ။ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေ စိတ်အပျက်ရဆုံး အယုံအကြည် ထားဖို့ မသင့်တော့တဲ့ ကမ္ဘာ့ အဖွဲ့အစည်းကြီး တစ်ခုအဖြစ် ပြည်သူတွေက ထင်မြင်လာပါတယ်။ ဒီအခြေအနေတွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ နိုင်ငံတကာရဲ့ ထောက်ခံကူညီမှုကို အဆက်အပြတ် တောင်းခံရင်း တဆင့်ပြီးတဆင့် ပေါ်ပေါက်လာခဲ့ရတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်ပြီး ဒီမျှော်ကိုးမှုတွေဟာ ဘယ်တော့မှာ အစစ်အမှန် ဖြစ်မလာခဲ့ပြန်ပါဘူး။စစ်တပ်ရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုအောက်မှာ လူထုတရပ်လုံးဟာ ထွက်ပေါက်ပိတ်ပြီး ပြင်ပကမ္ဘာရဲ့ ဒဏ္ဍာရီဆန်ဆန် ကယ်တင်မှုကို ငံ့လင့်လာပါတယ်။ ကိုယ့်အားကိုယ်ကိုးမှု အခြေခံတွေ တစတစ ဆုတ်ယုတ်လာပြီး စစ်ဖိနပ်အောက်မှု ဘ၀တွေကို စတေးနေကြရပါတယ်။ဒီအခြေအနေမှာ စစ်အုပ်စုကို အမြစ်ဖြုတ် ခြေမှူန်းရေး လူထုတိုက်ပွဲတွေ အတွက် မျှော်လင့်ချက်ဟာ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။ ကြပ်တည်းမှုကြီး လာတိုင်း လူထုအုံကြွမှု ပေါ်ပေါက်ရမယ် ဆိုတဲ့ သီအိုရီတိုင်းဟာ မမှန်ပါဘူး။ လက်ရှိ မြန်မာစစ်တပ်ရဲ့ အုပ်စိုးမှုဟာ ခပ်ယိုင်ယိုင်ပဲ ရှိတယ်ဆိုတာ အားလုံး သိထားကြပေမယ့် ၀ုန်းခနဲ ပြိုလဲသွားအောင် ဖြိုလှဲနိုင်တဲ့ အားအပေါ် မေးခွန်း ထုတ်စရာပါ။ နှစ်ပေါင်း (၄၀)ကျော်ကြာ ဖိနှိပ်မှုတွေအောက် ပြားပြားဝပ်နေရတဲ့ မြန်မာပြည်သူတွေဟာ မျိုးဆက် တခုပြီးတခု စနစ်တကျ ဖျက်ဆီးခံခဲ့ရပြီး လူထုအာဏာ လှုပ်ရှားမှုအတွက် အားမှန်သမျှကလည်း တစစီ လွင့်စင်အောင် လုပ်ခံခဲ့ရပါတယ်။ အကောင်းဆုံးသော ဥပမာကတော့ ရွှေဝါရောင် တော်လှန်ရေးရဲ့ သင်ခန်းစာအရ စစ်အုပ်စုအပေါ် ကြောက်ရွံ့စိတ်တွေ၊ မုန်းတီးမှုတွေ အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့ပေမယ့် စစ်ဗိုလ်တွေရဲ့ အာဏာ ဆုပ်ကိုင်ထားမှုအပေါ် အပြီးသတ် တွန်းလှန်နိုင်ဖို့ အတွက်တော့ နောက်တွန့်ခဲ့ပါတယ်။ ဒါတွေဟာ ပကတိ အမှန်တရားတွေ ဖြစ်ပါတယ်။ အဲဒီကနေ နောက်တဆင့်ကို မရောက်ခဲ့ပါဘူး။နာဂစ်မုန်တိုင်း ဖြစ်ပြီး ရက်အနည်းငယ် လောက်ကစပြီး ပြည်တွင်းပြည်ပက တက်ကြွ လှုပ်ရှားသူ အများစုက လေဘေးကပ်ဆိုးကို နိုင်ငံရေးနဲ့ မရောထွေးဖို့ကို ကြွေးကြော်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အကူအညီတွေ တောင်းခံခဲ့ကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မိသားစုကလည်း မြန်မာပြည်က သဘာဝ ကပ်ဘေးကြီးကို နိုင်ငံရေး ပြဿနာတွေနဲ့ မရောထွေးဖို့ သတိကြီးကြီးထားပြီး ခြေလှမ်းတွေ စခဲ့ပါတယ်။ အားလုံးရဲ့ မျှော်လင့်ချက်တွေဟာ ပွဲဦးထွက်မှာကတည်းက တပ်လန်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သန်းရွှေ ဦးဆောင်တဲ့ ခေါင်းမာ ဂိုဏ်းသားတွေဟာ နာဂစ်အရေးကို နိုင်ငံရေးနဲ့ ပေါင်းစပ်ပြီး ပြည်တွင်းပြည်ပကို တုံ့ပြန်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပြည်တွင်းပြည်ပက စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးတွေ မုန်တိုင်းဒဏ် ခံရတဲ့နေရာကို သွားရောက်နိုင်ရေး၊ ကူညီရေး လုပ်ငန်းစဉ်တွေက ရက်ပေါင်း (၃၀) နီးပါး နောက်ကျခဲ့ရပြီး အသေအကြေ၊ အပျက်အစီးတွေက ပိုပြီး မြင့်မားခဲ့ပါတယ်။နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ တပ်တွေကို အလုံးအရင်းနဲ့ ၀င်ရောက်ခွင့်သာ ပေးလိုက်ရင် ပြည်တွင်းမှာ သူထင်သလိုကြဲမယ့် ဆန္ဒခံယူပွဲအတွက် အခက် တွေ့နိုင်မယ့်အရေး၊ ၀င်ခွင့်ပေးပြီးရင် ချက်ချင်း ပြန်မောင်းထုတ်လုပ်လို့ မရနိုင်တာမို့ လက်ရှိ စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး မဟာဗျူဟာ လမ်းကြောင်း မှန်သမျှ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ကုလအဖွဲ့တွေ၊ တပ်တွေ သိရှိသွားနိုင်မယ့်အရေး၊ ရန်ကုန်နဲ့ ဧရာဝတီတခွင် နိုင်ငံတကာအဖွဲ့တွေ ပြဲပြဲစင် ဒိုးယိုပေါက် ၀င်ထွက်နေပြီး အခြေအနေ မှန်သမျှ ကမ္ဘာကို အသိပေးနေမှုဟာ သူ့အစိုးရရဲ့ တည်ရှိမှုကို အကြီးအကျယ် စိန်ခေါ်လာနိုင်ပြီး ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့အတူ စည်းရုံးရေး မြင့်တက်လာရင်း နိုင်ငံတကာ မျက်စိရှေ့ စစ်တပ်ရဲ့ အာဏာကို စိန်ခေါ်မယ့် လှုပ်ရှားမှုတွေ ဟန့်တားနိုင်ရေး စတဲ့ စတဲ့ ပြဿနာပေါင်း များစွာနဲ့ ယှဉ်တွဲ စဉ်းစားခဲ့ပါတယ်။သက်သေ အထောက်အထား အနေနဲ့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ မေလ (၂၄) ရက်နေ့ ဆန္ဒခံယူမှု ဖြစ်တဲ့နည်းဖြင့် ကျင်းပပြီးမှ ကုလသမဂ္ဂ အဖွဲ့တွေကို ၀င်ရောက်ခွင့်၊ ရန်ကုန်မှာ ကယ်ဆယ်ရေး ရန်ပုံငွေ နိုင်ငံတကာ အစည်းအဝေး ကျင်းပခွင့်တွေကို ဆက်တိုက် အချိန်ကိုက် ဆောင်ရွက်ခဲ့တာပါ။သောက ဗျာပါဒတွေ ဝေနေတဲ့ ပြည်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန်၊ ဆီ၊ ဆားလောက်တောင် တပ်မက်မှု မရှိခဲ့ပါဘူး။ နောက်ဆုံးမတော့ (၉၂)% ကျော်နဲ့ တစ်ဖက်သတ် အတည်ပြုလိုက်ပြီလို့ သန်းရွှေက လက်သီးလက်မောင်းတန်း ကြွေးကြော်ခဲ့တာတောင်မှ လူထုဟာ တုပ်တုပ်မျှ မလုပ်ဘဲ ဝေဒနာတွေကို သက်သာရာရရေး နည်းလမ်းတွေ ရှာနေဆဲပါ။ သန်းရွှေအတွက်ကတော့ ဒီတောင်ကို အမောင်ကျော်နိုင်ခဲ့ပြီလို့ တထစ်ချ တွက်လိုက်ပုံ ရပါတယ်။ ပါးစပ်ပိတ်နေတဲ့ လူထုက သူနဲ့ တသဘောထဲ ရှိနေတယ်လို့ စိတ်ချလက်ချ ရှိနေပုံလည်း ရပါတယ်။ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စစ်အာဏာရှင် ဖြုတ်ချရေး အန္ဒိမအောင်ပွဲအတွက် အဖြေတခုထွက်ဖို့က ၀မ်းနည်းစရာ ကောင်းလောက်အောင် ကို အခွင့်အလမ်း နည်းပါးနေပါတယ်။ ကုလသမဂ္ဂ အပေါအ၀င် နိုင်ငံတကာရဲ့ အကူအညီကို မျှော်လင့်နေတာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး အတွက် လမ်းကြောင်းပိုပြီး လွဲသွားစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သန်းရွှေ စစ်အစိုးရ ဖြုတ်ချရေး ဘယ်နိုင်ငံကမှ ထိထိရောက်ရောက် ကိုယ်ကျိုးစွန့် လုပ်ပေးနိုင်မှာ မဟုတ်လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ ကိုယ့်လမ်းကြောင်းကို ကိုယ့်ဖာသာ ပီပီပြင်ပြင် မရွေးချယ်နိုင်ဘဲနဲ့ ဘယ်သူ့ ကူညီမှုကိုမှ တကယ်တမ်းရဖို့ မလွယ်ဘူးဆိုတာ ကိုယ်တွေ့ သင်ခန်းစာတွေထဲကနေ ယူဖို့ အချိန်ရောက်နေပါပြီ။လွတ်မြောက်ရာလမ်းကို သွားဖို့ဆိုတာ သွားချင်တဲ့ ဆန္ဒတစ်ခုတည်း ရှိယုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ဘဲ တကယ်တမ်း ကိုယ်ထိလက်ရောက် အစွန့်လွှတ် အပင်ပန်းခံ လျှောက်လှမ်းဖို့က ပိုပြီး ပဓါန ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အသီးအပွင့်ဟာ ကောင်းကင်ဘုံက ချပေးလိုက်တဲ့ နတ်ပန်းတပွင့် မဟုတ်လို့ပါပဲ။စိတ်ဓါတ်ဟာ ရုန်းကန်ရေးတိုင်းအတွက် အရေးအကြီးဆုံး အင်အားတခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ အဲဒီစိတ်ဓါတ်နဲ့ ပန်းတိုင်ကို ချီတက်နေကြတာ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာ ခြေထိုးခံရသူတွေ၊ မှောက်လျက် လဲသူတွေ၊ အနာတရ ဖြစ်သူတွေ ထုနဲ့ဒေး ရှိနေတဲ့ကြားက ယုံကြည်မှုဆိုတဲ့ စိတ်ဓါတ်လေး တခုတည်းနဲ့ကို စွန့်လွှတ် အနစ်နာခံနေကြတာ ဖြစ်ပါတယ်။ ဒီလို စိတ်ဓါတ်မျိုးကို မြန်မာပြည်သူတွေ အားလုံး မွေးဖို့ လိုပါတယ်။အရင်တုန်းက စကားတစ်ခွန်း ရှိပါတယ်။ တော်လှန်ရေးတရပ် အောင်မြင်ဖို့အတွက် လူသောင်းနဲ့ချီ မလိုအပ်ပါဘူး၊ လူတရာလောက်ရှိရင်ပဲ အနိုင်ရပါပြီတဲ့။ ဒီကနေ့ မြန်မာပြည်ရဲ့ လွတ်မြောက်ရေး ရုန်းကန်ရေး ခရီးရှည်ကြီး အတွက်ကတော့ မြန်မာပြည်သူ တဦးတယောက်တိုင်းဆီရဲ့ ဦးဆောင်မှု၊ လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက် မြင့်မားမှု၊ စွန့်လွှတ် အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓါတ်ရှိမှုတွေက အရေးပါတဲ့ မောင်းနှင်အားတွေ ဖြစ်ပါတယ်။၁၃ ရာစုနှောင်းပိုင်းမှာ မွန်ဂိုလီးယန်းတွေဟာ ဂျပန်ကျွန်းတွေကို သိမ်းပိုက်ဖို့ လှေတွေ၊ သင်္ဘောတွေနဲ့ ကြိုးစားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်တွေဟာ ပြည်ပ ကျူးကျော်မှုကို တွန်းလှန်ဖို့အား မရှိခဲ့ပေမယ့်လည်း ကံကြမ္မာက ဂျပန်တွေကို ကယ်တင်ခဲ့ပါတယ်။ အဲဒါကတော့ ဒီကနေ့ အချိန်ထိ ဂျပန်လူမျိုးတွေကြားထဲ တသသ ပြောနေရဆဲ “ကာမိကာဇေ” ဆိုတဲ့ စကားလုံးပါပဲ။ မွန်ဂိုတွေ အင်အား အလုံးအရင်းနဲ့ ဂျပန်ကျွန်းတွေဆီ စစ်အင်အားအပြည့် ရေကြောင်းကနေ အကြိမ်ကြိမ် ချီတက်နေတုန်း ပစိဖိတ် သမုဒ္ဒရာရဲ့ အင်အားကြီးလှပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ မုန်းတိုင်းနဲ့အတူ ရေလှိုင်းလုံးတွေက မွန်ဂိုတပ်တွေကို တ၀ုန်းဝုန်းနဲ့ ရိုက်ချခဲ့လို့ မွန်ဂိုတွေဟာ ဂျပန်ကို ကျူးကျော် သိမ်းပိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသလို ဂျပန်ဟာလည်း မွန်ဂိုတွေအောက်က လွတ်မြောက်ခဲ့ပါတယ်။ နတ်ဘုရားက ဖန်ဆင်းတဲ့ လေမုန်တိုင်းလို့ မြန်မာပြန်ဆိုနိုင်မယ့် ကာမိကာဇေဟာ ဂျပန်တွေအတွက်ကတော့ ကယ်တင်ခြင်း နတ်ဘုရားသဖွယ် ဖြစ်ခဲ့ပါတယ်။နာဂစ်ဟာ ဒုက္ခ ပင်လယ်ဝေနေတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ မဟုတ်ဘဲ ပိုမိုဆိုးရွားတဲ့ ဘ၀တွေအထိ ရောက်အောင် တွန်းပို့ခဲ့တာမို့ မြန်မာ့ ကာမိကာဇေလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီမုန်တိုင်းနဲ့အတူ ပါလာတဲ့ စစ်အစိုးရဲ့ တာဝန်ကင်းမဲ့မှု၊ ရက်စက် ယုတ်မာမှုတွေကို နိုင်ငံတကာ အလယ်မှာ ဘွားခနဲ ဖွင့်ချနိုင်ခဲ့ပါတယ်။ သူတော်ကောင်း ယောင်ဆောင်ပြီး မျိုးချစ်စစ်သား အမည်ခံနေတဲ့ ဘီလူးဇာတ် ခင်းနေတဲ့ နေပြည်တော်က မင်းသားကြီးတသိုက်ရဲ့ နေ၀င်ချိန်ကို ရေးဆွဲဖို့ မြန်မာပြည်သူတိုင်းဟာ တာဝန်အသီးသီး ယူကြမယ် ဆိုရင်ဖြင့် နာဂစ်ဟာ ကောင်းကင်ဘုံရဲ့ လေမုန်တိုင်း မြန်မာပြည်ရဲ့ ကာမိကာဇေအဖြစ် အသွင်ပြောင်းနိုင်ပါတယ်။ပြောင်းလဲမှုတွေ သယ်ဆောင်လာမယ့် ကောင်းကင်ဘုံရဲ့နိမိတ်၊ ဖိနှိပ်မှုတွေကို အဆုံးသတ်စေမယ့် နိမိတ်အဖြစ် မှတ်ယူမယ်ဆိုရင် မြန်မာပြည်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလအထိ စောင့်ဆိုင်းနေဖို့ မသင့်ပါဘူး။ သန်းရွှေ သေဆုံးမယ့်နေ့ကို လက်ပိုက် စောင့်ဆိုင်းနေလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငကန်းသေရင် ငစွေပေါ်လာမှာမို့ ဒီစစ်ဘုရင်ရူး မျိုးဆက်ကို ဒီအချိန်မှာပဲ နိတိတံစေဖို့ နိုင်ငံရေး အသိစိတ်တွေ နိုးကြားဖို့က အင်မတန်မှကို အရေးပါနေပါပြီ။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးကယ်ဆယ်ရေး စေတနာဝန်ထမ်း ဇာဂနာ ဖမ်းဆီးခံရ..(ခေတ်ပြိုင်မှ)


လေဘေးကယ်ဆယ်ရေး စေတနာဝန်ထမ်း ဇာဂနာ ဖမ်းဆီးခံရ

ပီတာအောင်/ ၅ ဇွန် ၂၀၀၈

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ယမန်နေ့ည၌ အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ ရှမ်းကုန်းလမ်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်တဦးက ပြောသည်။

၎င်းက “ညက (၇) နာရီ (၄၅) လောက်မှာ အက်စ်ဘီရယ်၊ စရဖ ခေါ်လားမသိဘူး၊ ခရိုင်မှူး ဦးဆောင်ပြီး လာတာပဲ။ လာပြီးတော့ ရှာမယ်တဲ့၊ နာဂစ်ကို လုပ်တာနဲ့ မပတ်သက်ပါဘူးတဲ့၊ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်တဲ့။ အဲဒါဆို ရှာပါလို့ ကိုသူရက ပြောတော့ ကိုသူရ အခန်းထဲရှာတယ်။ နောက် သူတို့ဖုန်းတွေ ၀င်ဝင်လာတယ်၊ အဘဆိုတာနဲ့ သူတို့ စကား ပြောပြီးတော့မှ ည (၁၀) နာရီလောက်မှာ ခေါ်သွားရမယ်တဲ့၊ (၂) ရက် လောက်ပါပဲတဲ့၊ အ၀တ်အစား ထည့်ပေးပါလို့ပြောတယ်၊ ဘယ်ခေါ်သွားမလဲ မပြောဘူး” ဟု ပြောသည်။
အာဏာပိုင်များက ဇာဂနာ၏ နေအိမ်မှ စိန်စီသောည၊ ရမ်ဘို အပိုင်း (၄)၊ နာဂစ်ဘ၀ဆိုးညများ၊ နာဂစ်သီချင်း စီဒီများနှင့် စာရင်း စာအုပ် (၂) အုပ်၊ တယ်လီဖုန်းဖိုးအတွက် ပြင်ဆင်ထားသည့် အက်ဖ်အီးစီ (၃၀)၊ ဒေါ်လာ (၁၀၀၀) နှင့် ကွန်ပျူတာ system box တခု တို့ကို သိမ်းယူသွား သည်ဟု သိရသည်။

လူရွှင်တော် ဇာဂနာသည် ဦးအောင်လွင်၊ ငှက်ပျောကျော်၊ အရိုင်း၊ ညှောင်ညှောင် စသည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ မုန်တိုင်းဘေးသင့် ဒုက္ခသည်များထံ အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်များ ကိုယ်တိုင်သွားရောက် အကူအညီပေးနေသူဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်းဘက်ရှိ ချောင်းရိုးတလျှောက်ရှိ အကူ အညီမရဘဲ ဖြစ်နေသည့် ဒုက္ခသည်များကို အကူအညီပေးပြီး ပြန်ရောက်လာခြင်းဖြစ်သည်။

ဇာဂနာသည် ရန်ကုန်သို့ ပြန်ရောက်လာပြီးနောက် ၎င်းမြင်တွေ့ခဲ့ရသော လေဘေးဒဏ်ခံနေရ သည့် ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခအခက်အခဲများ အပါအ၀င် စစ်အစိုးရနှင့် နိုင်ငံတကာ အကူအညီများ လူထုထံ မရောက်ရှိပုံတို့ကို ပြည်ပမီဒီယာများမှ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ သူဖြစ်သည်။
ဇာဂနာ ဖမ်းဆီးခံရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိခိုက်ရပုံကို မိသားစုဝင်တဦးက “ကိုသူရရဲ့ ကယ်ဆယ်ရေး အလုပ်တွေအားလုံး အနှောင့်အယှက်ဖြစ်ကုန်တယ်။ သူ့ကို လာလှူမယ့်လူတွေက စောင့်နေ၊ သူလာလှူမယ်ဆိုလို့ စောင့်နေတဲ့လူတွေက စောင့်နေနဲ့ ကျမတို့လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးဖြစ်နေတယ်” ဟု ပြောသည်။


ယမန်နှစ် စက်တင်ဘာအရေးအခင်းကာလကလည်း သပိတ်မှောက်သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ သဖြင့် ဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးအကျဉ်းချထားခဲ့သည်။ နိုင်ငံရေးအကျဉ်း သားဟောင်း ဇာဂနာသည် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေတို့တွင် ဘက်စုံထူးချွန်သည့် စွယ်စုံရ အနုပညာရှင်တဦးဖြစ်ပြီး စစ်အစိုးရက ၎င်းအား အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင် ထားသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဇာဂနာ အဖမ်းခံရပြန်


ဖနိဒါ
ကြာသပတေးနေ့၊ ဇွန်လ 05 2008 12:39 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နာဂစ်ဘေး ဒုက္ခသည်များ ကယ်ဆယ် ထောက်ပံ့ရေးအတွက် တက်တက်ကြွကြွ လုပ်ဆောင်နေသော နာမည်ကျော် သရုပ်ဆောင် ကိုဇာဂနာအား ရဲများက ယမန်နေ့ ညပိုင်းတွင် နေအိမ်မှ ဖမ်းဆီး ခေါ်ဆောင်သွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အထူး ရဲသတင်းတပ်ဖွဲ့နှင့် ရပ်ကွက် အေးချမ်းသာယာရေး ၉ ဦးက နေအိမ်အတွင်း ရှာဖွေမှုများ ပိုက်စိတ်တိုက် လုပ်ခဲ့ပြီး ည ၁ဝ နာရီ ၄၅ မိနစ်ခန့်တွင် ခေါ်ဆောင်သွားခြင်း ဖြစ်သည်။ “အဝတ်ထည့်ပါ၊ ခေါ်သွားမယ် တဲ့။ ကျမက “ဦးတို့က ဘယ်လို ဖြစ်တာလဲ၊ ရှာဖွေရေးပဲ လုပ်မယ် ပြောပြီးတော့ ဘယ်လိုဖြစ်လို့ ခေါ်သွားမှာလဲ” ဆိုတော့၊ နှစ်ရက်လောက်ပါပဲတဲ့” ဟု ညီမဖြစ်သူ မငြိမ်းက မဇ္ဈိမကို ပြောသည်။ ည ၇ နာရီ ၄၅ မိနစ်ခန့်တွင် ရှာဖွေရန် အတွက်ဟု ဆိုကာ အာဏာပိုင်များ နေအိမ်အတွင်း ဝင်ရောက်လာပြီး ကိုဇာဂနာ အိပ်ခန်းရှိ ဗိုလ်ချုပ်မှူးကြီး သန်းရွှေသမီး သန္တာရွှေ၏ မင်္ဂလာဆောင် မှတ်တမ်းတင် ဗီဒီယိုခွေ ၊ ရမ်ဘိုအပိုင်း ၄ ၊ နာဂစ်ရဲ့ ဘဝဆိုးည အစရှိသည့် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်ပြီး ကလေးသူငယ်များ သီဆိုထားသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်၊ FEC ၃ဝ ၊ ဒေါ်လာ ၁ဝဝဝ နှင့် ကွန်ပြူတာ အစိတ်အပိုင်းတခု တို့ကိုပါ သိမ်းဆည်းသွားကြသည်။ မငြိမ်းက “စက်တင်ဘာတုန်းက လာဆွဲတုန်းကလည်း သူပဲ၊ ခရိုင်မှူး ဆိုသူပါပဲ။ စကားပြောတာလည်း မိုက်ရိုင်းတယ်။ နိုင်ငံရေးနဲ့ နာဂစ် အတွက်တော့၊ ကယ်ဆယ်ရေး လုပ်နေလို့တော့ မဟုတ်ပါဘူးတဲ့။ နိုင်ငံရေးနဲ့ ပတ်သက်မှု ရှိ၊ မရှိ အဲဒါလေးကို ရှာချင်ပါတယ်တဲ့” ဟု ပြောသည်။ ၁၉၈၈ ခုနှစ်မှ စတင်ကာ ကိုဇာဂနာသည် ယခုအကြိမ်နှင့် ဆိုလျှင် ၅ကြိမ်မြောက် ဖမ်းဆီး ခေါ်ဆောင်ခြင်း ခံရပြီး ၂ဝဝ၆ ခုနှစ် မေလမှ စတင်ကာ အနုပညာ လုပ်ငန်းများတွင် သရုပ်ဆောင် ဖျော်ဖြေခွင့်နှင့် ဒါရိုက်တာ လုပ်ခွင့်ကို အာဏာပိုင်များက ပိတ်ပင် တားမြစ်ထားသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

နအဖ ဖွဲ့စည်းပုံကို ပြည်တွင်းအဖွဲ့များ လက်မခံ


ဖနိဒါ၊ နေသွင်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 18:56 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နအဖ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြည်တွင်းရှိ သံဃာ၊ ကျောင်းသားနှင့် တိုင်းရင်းသားအဖွဲ့ ၁၅ ဖွဲ့က အသိအမှတ်မပြု လက်မခံကြောင်း ယနေ့ ထုတ်ပြန် ကြေညာလိုက်ကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နအဖ ဖွဲ့စည်းပုံကို အသိအမှတ် မပြုကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစု၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများ အဖွဲ့ချုပ် (ဗကသ) ၃ ဖွဲ့ပေါင်းနှင့် တိုင်းရင်းသားပါတီ ၁၂ ပါတီက ယနေ့တွင် ပူးတွဲ ကြေညာကြခြင်း ဖြစ်သည်။ ဗကသ ပြောရေးဆိုခွင့်ရှိသူ ကိုလင်းထက်နိုင်က “ဖွဲ့စည်းပုံ ရေးဆွဲနေတဲ့ လူတွေကို ကြည့်လိုက်ရင် အကုန်လုံးလိုလို ကြောက်ပြီးတော့ စစ်တပ်အတွက် ရေးဆွဲပေးနေတဲ့ လူတွေ ဖြစ်တယ်။ ပြည်သူလူထုအတွက် ဦးဆောက်ဦးရွက် လုပ်ပြီးတော့ ရေးဆွဲပေးတာ မဟုတ်ဘူး။ ပြည်သူအတွက် သူတို့မှာ သိပ်ခံစားချက် မရှိဘူး။ သူတို့ စားရေးသောက်ရေး အတွက်ပဲ ရေးဆွဲထားတာပါ” ဟု ပြောသည်။ ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့မှ ကိုထွန်းမြင့်အောင်ကလည်း “ပြည်သူလူထု ကိုယ်စားပြုတဲ့ အစိုးရတရပ် ပေါ်ပေါက်ပြီးတော့ ပြည်သူလူထုရဲ့ အကျိုးစီးပွားကို ဖော်ဆောင်ပေးနိုင်တဲ့ ဖွဲ့စည်းပုံတရပ်ကို ဖြစ်တည်သွားနိုင်ဖို့အတွက် ကျနော်တို့က လူထုအားကိုယူ၊ လူထုလှုပ်ရှားမှု ပုံသဏ္ဍာန်တွေဟာ ကျနော်တို့ နိုင်ငံတော်နဲ့ ပြည်သူတွေရဲ့ အကျိုးစီးပွားကို တကယ်လက်တွေ့ကျကျ ဖော်ဆောင်ပေးနိုင်မယ့် နည်းလမ်း ပေါင်းစုံကို ရှာဖွေပြီးတော့ လုပ်သွားမှာပါ” ဟု ပြောသည်။ ၃ ဖွဲ့ပေါင်း ပူးတွဲ ကြေညာချက်တွင် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး စံချိန်စံနှုန်းများနှင့် ဆန့်ကျင်ခြင်း၊ တိုင်းရင်းသား လူမျိုးစုံ ပြည်သူတရပ်လုံး၏ အကျိုးစီးပွားနှင့် ဘဝလုံခြုံရေးကို ကာကွယ် ဖော်ဆောင်ခြင်း၊ အာမခံချက် ပေးထားခြင်းများ မတွေ့ရှိသဖြင့် စစ်အစိုးရ အာဏာ တည်မြဲရေး အတွက် ဖွဲ့စည်းပုံသာ ဖြစ်သည်ဟု ရေးသားထားသည်။ ထို့အပြင် ဥပဒေ အတည်ပြုရေးတွင် လွတ်လပ်ပြီး သန့်ရှင်း တရားမျှတသော ဆန္ဒခံယူပွဲဖြင့် ပြည့်သူ့ဆန္ဒကို ရယူမှု မရှိခြင်း၊ ပြည်သူကို မသမာသော နည်းပေါင်းစုံဖြင့် တိုက်ရိုက်၊ သွယ်ဝိုက် သော်လည်းကောင်း အကြပ်ကိုင် ဖိအားပေးခြင်း၊ ခြိမ်းခြောက်ခြင်း၊ ပြည်သူ့ဆန္ဒကို အဓမ္မ အတည်ပြုခဲ့သည်များမှာ အသိအမှတ်ပြု လက်ခံနိုင်ဖွယ်ရာ မရှိဟု ဆိုထားသည်။ သံဃာ့တပ်ပေါင်းစုမှ အရှင်ဦးပညာဝံသက “ပါဠိလိုပြောရင် ပရဟိတကို ရှေ့တန်းထားပြီး ဖော်ဆောင်တဲ့ အစိုးရမျိုးကို ဦးဇင်းတို့က ဖော်ဆောင် သွားမယ်။ တိုင်းသူပြည်သား ဒါယိကာ၊ ဒါယိကာမတွေ အားလုံးဟာ စစ်အစိုးရရဲ့ အမိန့်အာဏာ မှန်သမျှကို ဖီဆန်နိုင်တဲ့ သတ္တိတွေ ရှိလာအောင် အလျင်းသင့်သလို ဟောပြောပွဲ၊ တရားပွဲတွေမှာ ဟောပြောစည်းရုံးသွားမယ်။ နောက် ပတ္တနိက္ကုဇ္ဇန ကံဆောင်တာကိုလည်း အရှိန်အဟုန် တိုးမြှင့်ပြီး ဆက်လက် ဆောင်ရွက်သွားမယ်” ဟု မဇ္ဈိမကို မိန့်ကြားသည်။ စစ်အစိုးရ၏ ဖွဲ့စည်းပုံသည် မသမာမှု နည်းမျိုးစုံသုံးပြီး ပြည်သူ့ဆန္ဒကို အနိုင်ကျင့်ဗိုလ်ကျ အဓမ္မ အတည်ပြုခြင်း ဖြစ်သဖြင့် ပြည်သူများအနေနှင့် လေးစား လိုက်နာစရာ မလိုကြောင်း အဖွဲ့အစည်းများက တိုက်တွန်းသည်။ ထို့အပြင် ကုလသမဂ္ဂနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို လေးစား တန်ဖိုးထားတတ်သော လက်တွေ့ မူဝါဒအားဖြင့်လည်းကောင်း၊ မြန်မာပြည်သူများ၏ အဖိနှိပ်ခံ အချယ်လှယ်ခံ ဘဝကို လူသားချင်း စာထောက်ထားသော ရပ်တည်ချက်များဖြင့် လည်းကောင်း နအဖ စစ်ဖွဲ့စည်းပုံအား အသိအမှတ် မပြုရန်လည်း တိုက်တွန်းထားသေးသည်။ အလားတူပင် ၁၉၉ဝ ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပြီးနောက် ဖျက်သိမ်းခံပါတီ အများစုပါဝင်သော တိုင်းရင်းသား အင်အားစုများ၏ တရားဝင် ထုတ်ပြန်သော သဘောထားတွင် စစ်အစိုးရ၏ ဆန္ဒခံယူပွဲ ရလဒ်ကို အယုံအကြည် မရှိကြောင်း ပြည်တွင်းမှ တိုင်းရင်းသား ၁၂ ပါတီကလည်း ယနေ့တွင် ထုတ်ပြန် ကြေညာသည်။ နအဖ ကြိုးဆွဲ ရုပ်သေးများဖြစ်သော ဒေသအာဏာပိုင် အဖွဲ့အစည်းများနှင့် ဌာနဆိုင်ရာများ၊ ကြံ့ဖွံ့နှင့် စွမ်းအားရှင် ဆိုသူများက မသိရိုးသား နားမလည်သော ပြည်သူများအား ခြိမ်းခြောက် အကြပ်ကိုင်၊ ဖြားယောင်းသွေးဆောင် သိမ်းသွင်းခြင်း၊ မဲရုံတာဝန်ရှိသူများက ထောက်ခံမဲများကို မသမာသောနည်းဖြင့် အတင်းအဓမ္မ ရယူခြင်းများ ကျူးလွန်ခဲ့ကြောင်း ကြားမြင်တွေ့ရသည် ဖြစ်၍ ယခု ဆန္ဒခံယူပွဲသည် လွတ်လပ်၍ တရားမျှတမှု မရှိကြောင်း ရှုမြင်ပါသည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့အပြင် တရားမျှတမှု မရှိသော လူထုဆန္ဒ ခံယူပွဲ ရလဒ်၏ တရားမျှတမှု ကင်းမဲ့သည်ကို ခိုင်လုံ မှန်ကန်သော သက်သေ အထောက်အထားများ ဖော်ထုတ်ကြရန် တိုက်တွန်းလိုက်သည်။ ကြေညာချက်ကို ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)၊ မွန်အမျိုးသား ဒီမိုကရေစီအဖွဲ့ (MNDF)၊ ဇိုမီးအမျိုးသား ကွန်ဂရက် (ZNC)၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ် (ALD)၊ ချင်းအမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (CNLD)၊ ကရင်အမျိုးသား ဒီမိုကရေစီကွန်ဂရက် (KNCD)၊ ကချင်ပြည်နယ် အမျိုးသားဒီမိုကရေစီ ကွန်ဂရက် (KNCD)၊ ကယားပြည်နယ် လူမျိုးပေါင်းစုံ ဒီမိုကရေစီအဖွဲ့ချုပ် (KSANLD)၊ ကယန်းအမျိုးသား ညီညွတ်ရေးနှင့် ဒီမိုကရေစီအဖွဲ့ (DOKNU)၊ မရာပြည်သူ့ပါတီ (MPP)၊ ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) နှင့် ရခိုင်ပြည်သူ့ ဒီမိုကရေစီ တပ်ပေါင်းစု (APDF) တို့က ပူးတွဲ ထုတ်ပြန်ခြင်း ဖြစ်သည်။ တိုင်းရင်းသား ၁၂ ပါတီအနက် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) နှင့် ရှမ်းပြည် ကိုးကန့် ဒီမိုကရက်တစ် ပါတီ (SSKDP) မှလွဲ၍ ကျန်ပါတီများ အားလုံးသည် ဖျက်သိမ်း ခံထားရသော ပါတီများ ဖြစ်သည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်