စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, May 17, 2008

နိုင်ငံခြားတပ်တွေ ဝင်လာရင် မြန်မာစစ်တပ် ဘာဖြစ်မလဲ

နိုင်ငံခြားတပ်တွေ ဝင်လာရင် မြန်မာစစ်တပ် ဘာဖြစ်မလဲ

အေးချမ်းမြေ့ မေ ၁၆၊ ၂၀၀၈

၁၉၉၀ ရွေးကောက်ပွဲအပြီး မြန်မာနိုင်ငံကို စစ်အာဏာ သိမ်းပြီးနောက်ပိုင်းမှာ မြန်မာ ပြည်သူလူထုအနေနဲ့ နိုင်ငံခြားတပ်တွေ ကို မျှော်တတ်လာတာ တွေ့ရပါတယ်။
စစ်အစိုးရကြောင့် ဒုက္ခဆင်းရဲတွင်း နက်လာလေလေ အမေရိကန်တပ်တွေက စစ်အစိုးရကို ဘယ်လိုဝင် တိုက်မှာ၊ ဘယ်ပုံဝင် တိုက်တော့မှာနဲ့ မျှော်လင့်ချက်တွေ ပြင်းပြလာတာ တွေ့ရလေပါပဲ။ တချို့ဆို စိတ်ကူး တွေယဉ်ပြီး တကယ်ပဲ အမေရိကန် တပ်ကြီးကို သူပဲ မြင်လိုက်သလိုလို သူ့ဆီကိုပဲ အမေရိကန် သမ္မတက စာပို့လိုက်သလိုလိုနဲ့ လျှောက်ပြောတတ်ပါသေးတယ်။
ဒါလည်း လူတွေရဲ့မျှော်လင့်ချက် တရပ်မို့လို့ အပြစ်မဆိုသာပါဘူး။ လူတွေက စစ်အစိုးရရဲ့ လက်အောက်မှာ ဒုက္ခဆင်းရဲတွေ ခါးစည်းခံလာရတာ ကြာလာတော့ မျှော်မိမျှော်ရာ၊ တောင့်တမိတောင့်တရာ ကောက်ရိုး တမျှင်များ ဖြစ်လေမလားလို့ တွေးမိ လာကြတာ ဖြစ်မှာပါ။ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်းမှာတော့ လူတွေရဲ့ မျှော်လင့်ချက် စိတ်ကူးယဉ်မှု တွေက ပိုကြီးထွား လာပါတယ်။
ကုလသမဂ္ဂရဲ့ အထူးကိုယ်စားလှယ် မစ္စတာဂမ်ဘာရီ မြန်မာပြည်လာမယ်၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့မယ် ဆိုတာ နဲ့တင် လူတွေက မြန်မာစစ်အစိုးရကိုတော့ ကုလသမဂ္ဂက အပြစ်ပေးတော့မယ်ဆိုပြီး လက်ခုပ်လက်ဝါးတီးဖို့ စောင့်နေကြ တာပါ။ နောက် ထင်သလိုဖြစ်မလာ၊ ဂမ်ဘာရီကိုလည်း အားကိုး မရတော့ဘူး ဆိုတာသိလိုက်တဲ့နောက်ပိုင်းမှာ အမေရိကန် တပ်တွေ ပင်လယ်ဝရောက်နေပြီ၊ မြန်မာစစ်အစိုးရကို ဝင်တိုက်တော့မယ် ဆိုတာမျိုးတွေ ပြောကြပါတယ်။
တကယ်လည်း တတ်နိုင်တဲ့ တစုံတရာက မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် အပြစ်ပေးတာမျိုး မြန်မာ လူထုက မြင်ချင် နေပါတယ်။ ဒါပေမယ့် လက်တွေ့မှာတော့ သူတို့ မျှော်လင့်သလို ဖြစ်မလာဘဲ ဇာတ်မျောကြီး ဖြစ်လို့။ မြန်မာ လူထုကလည်း ငါတို့ကံကိုက ဆိုးပါတယ်ဆိုပြီး ကိုယ့်ထိုက်နဲ့ ကိုယ့်ကံ သဘောထားလို့ ကံကိုပဲ ယိုးမယ်ဖွဲ့နေချိန် မမျှော်လင့်ဘဲ နာဂစ်ဆိုတဲ့ မုန်တိုင်းကြီးက ဝင်မွှေလိုက်ပါတော့တယ်။
နာဂစ်က မြန်မာပြည်သူလူထု အတွက်ကော မြန်မာစစ်အစိုးရ အတွက်ပါ အလှည့်အပြောင်း တစုံတရာ ဖန်တီးလိုက်တာလေ လားလို့ ဆိုရလောက်အောင်ပါပဲ။ နဂို စစ်အစိုးရကို မုန်းတီးနေတဲ့ ပြည်သူတွေဟာ ပိုပြီး မုန်းတီးလာပြီး အမေရိကန်တပ် တွေကို ပိုမျှော်လင့်လာကြပါတော့တယ်။
စစ်အစိုးရကလည်း သူတို့ရဲ့ အာဏာနဲ့ ဂုဏ်သိက္ခာအတွက် ၁ သန်းကျော် ရှိတဲ့ လေဘေး ဒုက္ခသည်တွေရဲ့ ဒုက္ခဆင်းရဲ၊ ဝေဒနာနဲ့ ငတ်မွတ်မှုကိုတောင် မငဲ့ကွက်ဘဲ တင်းခံနေပါတယ်။ အဲဒီလို တင်းခံနေလေ ပြည်သူ တွေရဲ့ အမုန်းအင်အားက ကြီးမားလေ ဖြစ်နေပါတယ်။
ခုချိန်မှာတော့ ပြည်သူတွေ မျှော်လင့်ခဲ့သလို ဖြစ်လာပြီလားလို့ မေးရမလိုဖြစ်နေပါပြီ။ မြန်မာ့ရေပိုင်နက် အဝမှာ အင်္ဂလန်၊ ပြင်သစ်နဲ့ အမေရိကန် စစ်သင်္ဘောတွေဟာ ရိက္ခာတွေ၊ စစ်အင်အားတွေ အပြည့်အစုံနဲ့ ရောက်နေပြီ။ နိုင်ငံတကာကို ရောက်နေတဲ့ မြန်မာ့အရေးလှုပ်ရှားသူတွေ အပါအဝင် အဖွဲ့အစည်းတွေနဲ့ တခြားသော အနောက် နိုင်ငံတွေကလည်း မြန်မာပြည်ထဲကို ကယ်ဆယ်ရေးတပ်တွေ ဝင်ဖို့ ဝိုင်းဝန်း တောင်းဆိုနေပါပြီ။
မေးစရာတခုကတော့ အဲဒီလို အမေရိကန်အပါအဝင် ကယ်ဆယ်ရေးတပ်တွေ မြန်မာ့မြေပေါ် ခြေချပြီး ဒုက္ခသည်တွေကို အတင်းဝင်ရောက် ကယ်ဆယ်ရေးတွေ လုပ်လိုက်ရင် မြန်မာ့ တပ်မတော်ကြီးအနေနဲ့ ဘာတွေဖြစ်မလဲ ဆိုတာပါပဲ။
ပြင်သစ် နိုင်ငံခြားရေး ဝန်ကြီး ဘားနတ် ကော့ချနာကဆိုရင် “ပြင်သစ် သင်္ဘောတွေ၊ ဟယ်လီကော်ပတာ တွေ အနေနဲ့ ဒုက္ခသည်တွေဆီ ရောက်ဖို့ နာရီဝက်လောက်ပဲ ကြာမှာပါ။ ကျနော်တို့ရဲ့ မဟာမိတ် ဗြိတိသျှ ကယ်ဆယ်ရေး ယာဉ်တွေ ဆိုရင်လည်း အတူတူပါပဲ” လို့ ပြောနေပါပြီ။ သူပြောမယ် ဆိုလည်း ပြောစရာပါ။ ပြင်သစ်က လေယာဉ်တင် သင်္ဘော အရွယ်အစားရှိတဲ့ တန်ချိန် ၂၂၀၀၀ စစ်သင်္ဘောကြီးရယ်၊ အမေရိကန် စစ်သား ၁၁၀၀၀ ကျော်ပါတဲ့ အမှတ် (၇) ရေတပ် စခန်းက စစ်သင်္ဘော အုပ်စုရယ် နောက်တော့ ဗြိတိန်က ဖရီးဂိတ် စစ်သင်္ဘောတစီးရယ်က အဆင်သင့်အနေအထား ရှိနေတာလေ။
“ကျနော်တို့ အနေနဲ့ မြန်မာစစ်အစိုးရကို ဆက်တိုက်လို ဖိအားပေး တောင်းဆိုနေကြပါတယ်။ ဒါပေမယ့် ခုထိ ဘာမှ မပြန်ကြားသေးလို့ ဘာမှဆက်လုပ်လို့ မရပါဘူး” လို့ အဲဒီ ပြင်သစ် နိုင်ငံခြားရေးဝန်ကြီးက ဆိုနေပါပြီ။
တကယ့်တကယ် နိုင်ငံတကာက လူသားချင်းစာနာထောက်ထားတဲ့ ကယ်ဆယ်ရေး တပ်တွေသာ ဝင်ရောက်စွက်ဖက် လာမယ် ဆိုရင် မြန်မာ့တပ်မတော်ရဲ့ အနေအထားအရ ခုခံကာကွယ် တိုက်ခိုက်မှာ မဟုတ်ဘူးလို့ လူလတ်ပိုင်းအရွယ် ဗိုလ်မှူးဟောင်းတဦးက ဧရာဝတီကို ပြောပါတယ်။
သူ့အနေနဲ့ တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က အရည်အချင်းလည်း ရှိခဲ့တယ်၊ ခုချိန်မှာ ငယ်ရွယ်ဆဲလည်း ဖြစ်နေတဲ့ အတွက် အရပ်ဝတ်တဦး ဖြစ်နေပေမယ့် အချိန်မရွေး မြန်မာစစ်အစိုးရရဲ့ ခေါ်သုံးခြင်းခံရနိုင်တယ်လို့ ဆက်ပြောပါတယ်။
“ခိုင်းစရာရှိရင်တော့ ခေါ်မှာသေချာတယ်။ ဒါပေမယ့် ကျနော်တို့ကတော့ မသွားပါဘူး။ တခြား ကျနော့်လို့ လူတွေလည်း သွားမှာမဟုတ်ဘူး။ အားလုံးက စစ်တပ်ကို တော်တော်လေး စိတ်နာနေပြီ။ ကျနော်က အသိဆုံးပဲ” လို့ သူက ပြောပြပါတယ်။
စစ်သားတွေနဲ့ သူတို့မိသားစုတွေကို တကယ့်တကယ်မှာ စစ်အစိုးရက ကာကွယ်မှု လုံလုံခြုံခြုံ မပေးနိုင်ဘူးလို့ သူက ဆက်ပြောတယ်။ စစ်သားတွေက စစ်ဗိုလ်ချုပ်တွေရဲ့ အမိန့်ကို နာခံတယ်ဆိုတာလည်း သူတို့ကို သစ္စာရှိလို့ ချစ်လို့ မဟုတ်ဘဲ ကြောက်လို့သာ ဖြစ်တယ်လို့ ဆိုပါတယ်။
“နိုင်ငံတကာ ကယ်ဆယ်ရေးတပ်တွေ ဝင်လာရင် ဘယ်စစ်သားမှ အသေခံ ခုခံတိုက်ခိုက်မှာ မဟုတ်ဘူး။ အဲဒါတော့ ပြောရဲတယ်” လို့ သူက သုံးသပ်ပါတယ်။
လေ့လာသူတချို့ကတော့ မြန်မာ့တပ်မတော်ရဲ့ မျိုးချစ်စိတ်တို့..၊ အမျိုးသားရေးဝါဒတို့က အတိတ်မှာ ကျန်ခဲ့ပြီလို့ ဆိုပါတယ်။ အဲဒါတွေက ၁၉၄၀ ပြည့်နှစ်ဝန်းကျင်နဲ့ ၁၉၅၀ ပြည့်နှစ်ဝန်းကျင် လွတ်လပ်ရေးမရမီနဲ့ လွတ်လပ်ရေးရပြီးခါစ ကာလတွေက စိတ်ဓာတ်တွေ ဝါဒတွေပါလို့ ပြောကြပါတယ်။ အခု အခြေအနေနဲ့တော့ တော်တော်လေး ကွာခြားနေပါပြီ။ မြန်မာ့တပ်မတော်ရဲ့ ဂုဏ်သိက္ခာဟာလည်း အရှေ့တောင်အာရှ နိုင်ငံတွေ ကြားမှာတောင် လုံးဝကျဆင်းနေပြီး ၄၆ နှစ် လောက် ခေတ်နောက်ပြန်ဆွဲနေတဲ့ စည်းကမ်းတွေနဲ့ ဟန်ပဲ ရှိတော့တာ ဖြစ်တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။
ဒီမိုကရေစီနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကွန်ယက် အဖွဲ့ရဲ့ သုတေသန ပညာရှင်တဦးဖြစ်သူ ဦးဌေးအောင်ကတော့ တကယ်လို့သာ ကယ်ဆယ်ရေးတပ်တွေ မြန်မာနိုင်ငံတွင်း ဝင်ရောက်လာမယ် ဆိုရင် စစ်တပ်ရဲ့ အကြီးအကဲ တွေက သူတို့ရဲ့ တပ်တွေကို ခံချခိုင်းမှာပဲလို့ သုံးသပ်ပါတယ်။
“ဒါပေမယ့် ကြာကြာတော့ တောင့်ခံနိုင်မှာမဟုတ်ဘူး။ ဘာလို့လည်းဆိုတော့ မြန်မာစစ်သားတွေ အနေနဲ့ သူတို့ ခေါင်းဆောင် တွေကို ကြောက်လို့သာ ပြန်ချရမှာလေ” လို့ သူကဆက်ပြောပါတယ်။
မြန်မာ့တပ်မတော်ရဲ့ စွမ်းရည်ကတော့ နိုင်ငံတကာက တကယ့် အရည်အသွေးမြင့် တပ်သားတွေ၊ အဆင့်မြင့် နည်းပညာ တွေကို ဘယ်လိုမှ မကာကွယ်နိုင်မှာကို သံသယဖြစ်စရာမရှိဘူးလို့ ဦးဌေးအောင်က သုံးသပ်ပါ တယ်။
“၁၉၅၀ ပြည့်နှစ်တွေတုန်းကတော့ မြန်မာ့တပ်မတော်က ရှမ်းပြည်ကိုကျူးကျော်လာတဲ့ တရုတ်ကူမင်တန် တပ်တွေကို တိုက်ထုတ်နိုင်လောက်အောင် အင်အားတောင့်တင်းတာ မှန်ပါတယ်။ ဒါပေမယ့် ခု ကယ်ဆယ်ရေး တပ်တွေနဲ့တော့မတူ ဘူးလေ။ ကယ်ဆယ်ရေးတပ်တွေက ပြည်သူတွေကို ကယ်ဆယ်ဖို့ လာမှာမဟုတ်လား” လို့ သူက သူ့အမြင်ကို ပြောပြပါတယ်။
တရုတ် - မြန်မာ နယ်စပ်က မြန်မာ့တပ်မတော်နဲ့ ပတ်သက်လို့ သုတေသန ပြုနေတဲ့ ဦးအောင်ကျော်ဇောကတော့ မြန်မာ့ တပ်မတော်ဟာ အပြည်ပြည်ဆိုင်ရာက ပေးနေတဲ့ ဖိအားကို တွန်းလှန်မှာမဟုတ်ဘူးလို့ သုံးသပ် ပါတယ်။
သူက “ဒီနေ့တပ်မတော်က လွတ်လပ်ရေးခေတ်တုန်းက တပ်မတော်နဲ့ ဘာမှမဆိုင်ဘူး။ မြန်မာ တပ်မတော် အရာရှိတွေ အားလုံး ဒီနေ့ဒီအချိန်မှာ အကျင့်ပျက် ခြစားနေကြပြီ။ သူတို့ အကျိုးစီးပွားတခုပဲ ကြည့်ကြ တော့တယ်” လို့ ဆက်ပြောတယ်။
တကယ်လို့သာ တပ်မတော်က နိုင်ငံတကာက ဖိအားပေးတာကို ဆန့်ကျင်မယ် ဆိုရင်လည်း သိပ်ကြာကြာ တောင့်ခံနိုင်မှာ မဟုတ်ပါဘူးလို့ သူကသုံးသပ်ပါတယ်။
“ခုဟာက သီပေါမင်းပါတော်မူတဲ့ ၁၈၈၅ ခုနှစ်လည်းမဟုတ်ဘူး။ လွတ်လပ်ရေး အတွက်တိုက်ပွဲဝင်နေတဲ့ ၁၉၄၀ ပြည့်နှစ် လည်း မဟုတ်ဘူး” လို့ ဆက်ပြောပါတယ်။
ခုဆိုရင် မြန်မာပြည်သူတွေကလည်း လေဘေးဒုက္ခသည်တွေကို ကယ်တင်ချင်တဲ့ စိတ်တခုပဲ ရှိတော့တယ်။ တချို့ကဆို အမေရိကန်တပ်တွေ ဘယ်တော့ဝင်မှာလဲ။ ဝင်မှာဖြင့်လည်းမြန်မြန်ဝင်ပါတော့ ဆိုတာမျိုး ပြောနေကြပြီ။ ဝေဒနာ ခံစားနေ ရတဲ့ သူတို့လို ပြည်သူတွေရဲ့ ဒုက္ခကို မကြည့်ရက်ကြတော့ဘူး။
ရန်ကုန်မှာနေတဲ့ နောက်ဆုံးနှစ် ကျောင်းသူတဦးကဆို “ကိုလိုနီလက်အောက်ခံ ဖြစ်ရင်လည်း ဖြစ်ပါစေတော့။ စစ်အစိုးရ ထက်တော့ ပိုကောင်းမှာပဲ” လို့ကိုပြောပါတယ်။ စက်တင်ဘာတော်လှန်ရေး ပြီးခါစထက် အမှန်တရားနဲ့ ပိုနီးစပ်တယ်လို့ ပြောနိုင်တဲ့ အချက်ကတော့ မြန်မာ့ရေ ပိုင်နက် အဝမှာ နိုင်ငံတကာ စစ်သင်္ဘောတွေ တကယ်ရောက်နေတယ် ဆိုတဲ့ အချက်ပါပဲ။
မြန်မာ ပြည်သူလူထုရဲ့ မျှော်လင့်ချက်က ဘယ်လောက်ကြီးမားလဲဆိုရင် ဟုတ်တာမဟုတ်တာ အသာထား ဝက်ဘ်ဆိုက်တွေ ဘလော့တွေကနေ မြန်မာ့မြေပေါ် ကယ်ဆယ်ရေးတပ်တွေ ရောက်လာရင် ဘယ်လိုနေသင့်တယ် ဆိုတာကို အဲဒီစစ်သင်္ဘော တွေမှာ ရေးထားတယ်ဆိုတဲ့အကြောင်း ဖြန့်ဝေပြီးနေပြီ။ အီးမေးလ်တွေကတဆင့် အချင်းချင်း ဖြန့်ဖြူးလို့။ တချို့လည်း စိတ်ဓာတ်တက်ကြွ၊ တချို့လည်း ကြောက်လန့်နေကြတယ်။
ထိုင်းနိုင်ငံ ချင်းမိုင်မှာနေတဲ့ မြန်မာ့အရေး လေ့လာသူ ကိုဝင်းမင်းကတော့ တပ်မတော်အရာရှိ အများစုအနေ နဲ့ တိုင်းပြည်ရဲ့ အပြောင်းအလဲကိုလိုလားတဲ့အတွက် နိုင်ငံတကာရဲ့ ကယ်ဆယ်ရေးတပ် တွေကို ပြန်ခုခံမှာ မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ် မြန်မာလူထုအတွက် ကယ်တင်ရှင်ကတော့ လိုနေပါတယ်။ အဲဒါလည်း ခုမှမဟုတ်ဘဲ စစ်အစိုးရလက်ထက် တလျှောက်လုံးလို့ ဆိုရမလိုပါ။ အဲဒီကယ်တင်ရှင်က အမေရိကန်လား၊ ပြင်သစ်လား၊ အင်္ဂလန်လား…။ ဘယ်သူပဲဖြစ်ဖြစ် စစ်အစိုးရထက်တော့ သာမှာပဲဆိုတဲ့စိတ်က သာမန်ပြည်သူတွေရဲ့ စိတ်ထဲ ကိန်းအောင်းနေတာတော့ အမှန်ပါပဲ။ ။

အပြည့်အစုံဖတ်လိုလျှင်

အမေရိကန်စစ်သင်္ဘော(၃) စီးနှင့် ပြင်သစ်သင်္ဘော မြစ်ဝကျွန်းပေါ်အနီး ရောက်ပြီ

အမေရိကန်စစ်သင်္ဘော(၃) စီးနှင့် ပြင်သစ်သင်္ဘော မြစ်ဝကျွန်းပေါ်အနီး ရောက်ပြီ

NEJ/ ၁၇ မေ ၂၀၀၈

မြန်မာနိုင်ငံ ဧရာဝတီတိုင်းမှ မုန်တိုင်းဒုက္ခသည်များ ကူညီရန်အတွက် စစ်အစိုးရခွင့်ပြုချက်မယူဘဲ မြန်မာနိုင်ငံတွင်း အမေရိကန် ၀င်ရောက်ရေးကိစ္စ အမြန်စဉ်းစားရန် အမေရိကန် အောက်လွှတ် တော် အမတ်များက အမေရိကန်သမ္မတထံ သောကြာနေ့က တောင်းဆိုလိုက်သည်။
ပြင်သစ်၊ ဗြိတိန်၊ ဂျာမဏီ၊ ဒိန်းမတ်နှင့် အခြားးနိုင်ငံများ၏ ထောက်ခံမှုဖြင့် မြန်မာနိုင်ငံတွင်း လူမှုရေးအကူအညီအခြေခံပြီး အမေရိကန် ၀င်ရောက်ရေးကိစ္စ စဉ်းစားရန် အမေရိကန်သမ္မတဘုရှ် ထံ အမေရိကန်အောက်လွှတ်တော်အမတ် (၄၀) ကျော်က စုပေါင်းစာရေး တောင်းဆိုလိုက်ခြင်း ဖြစ်သည်။
အစိုးရတရပ်အနေဖြင့် မိမိပြည်သူများအပေါ် ကာကွယ်နိုင်စွမ်းမရှိတော့လျှင် လူမှုရေးကိစ္စ အခြေ ခံပြီး နိုင်ငံတကာ အသိုင်းအ၀န်းက စစ်ရေးနည်းဖြင့် ၀င်ရောက်စွက်ဖက်နိုင်ခွင့်ရှိသည်ဟု ဗြိတိသျှနိုင်ငံခြားရေးဝန်ကြီးပြောပြီး မကြာခင် အမေရိကန်အောက်လွှတ်တော်အမတ်များက ယခုကဲ့သို့ တောင်းဆိုခြင်းဖြစ်သည်။
လောလောဆယ် မြန်မာကမ်းခြေနှင့် မိုင် (၆၀) ကျော် ကပ္ပလီပင်လယ်ပြင်တွင် USS Essex, USS Juneau နှင့် USS Harpers အမေရိကန် ရေတပ်သင်္ဘော (၃) စီးရောက်နေပြီး ဧရာဝတီတိုင်း ဒုက္ခသည်များအား ကူညီရန်အသင့် ရှိနေသည်။ မြန်မာစစ်အစိုးရဘက်မှ မီးစိမ်းပြသည်နှင့် ဧရာဝတီတိုင်းသို့ တိုက်ရိုက်မောင်းတက်နိုင်မည့် ကမ်းတက်ရေယာဉ်များ၊ ခေတ်မီခွဲစိတ်ခန်းများကို နာရီပိုင်းအတွင်း မြန်မာကမ်းခြေရောက်အောင် လုပ်နိုင်သည်ဟု အမေရိကန်စစ်ဖက်အရာရှိများက ပြောသည်။
ကပ္ပလီပင်လယ်ပြင် နိုင်ငံတကာရေပိုင်နက်တွင် အသင့်ရှိနေသည့် အမေရိကန် စစ်သင်္ဘောများတွင် ရဟတ်ယာဉ် (၂၃) စီး၊ ကမ်းတက်ရေယာဉ် (၃) စီးနှင့် မရိန်းစစ်သား (၁,၈၀၀) ကျော် ပါဝင်သည်။
မြန်မာစစ်အစိုးရဘက်ကမူ အမေရိကန်စစ်သင်္ဘောများ ကူညီမည့်ကိစ္စကို စဉ်းစားနေပါသည်ဟုသာ အကြောင်းပြန်ထားဆဲဖြစ်သည်။
ထိုအတောအတွင်း မြန်မာရေပိုင်နက်အနီးသို့ ပြင်သစ်မှ စစ်သင်္ဘော(၁) စီး စေလွှတ်ထားသည်ဟု ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်က စွပ်စွဲသည်။ သို့သော် ထိုသင်္ဘောမှာ မြန်မာဒုက္ခသည်များ ကူညီရန် ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ထားသည့် သင်္ဘောသာဖြစ်ပြီး စစ်သင်္ဘော မဟုတ်ကြောင်း၊ စနေနေ့တွင် ဧရာဝတီတိုင်းနှင့် မလှမ်းမကမ်း နိုင်ငံတကာရေပြင်တွင် ပြင်သစ် သင်္ဘောရောက်မည်ဟု ကုလသမဂ္ဂဆိုင်ရာ ပြင်သစ်သံအမတ်ကြီး Jean-Maurice Ripert က ချေပပြောဆိုသည်။
အဆိုပါ ပြင်သစ်သင်္ဘောတွင် အစားအစာ ဆေးဝါး စသည့်ကယ်ဆယ်ရေးပစ္စည်း တန်ချိန် (၁,၅၀၀)၊ မြစ်ဝကျွန်းပေါ်တလျှောက် အသွားအလာ ခက်သည့် နေရာများထိ တောက်လျှောက် ခုတ်မောင်းနိုင်သည့် စက်လှေငယ်များ၊ လေကြောင်းမှ အစားအစာ ချပေးရန် ရဟတ်ယာဉ် အငယ်စားများ၊ ဆရာဝန်များ ပါဝင်သည်ဟု ပြင်သစ်သံအမတ်ကြီး မစ္စတာ Ripert က ပြောသည်။
လောလောဆယ်တွင် မြန်မာစစ်အစိုးရဘက်မှ မြန်မာရေပိုင်နက်သို့ ပြင်သစ်ကယ်ဆယ်ရေး သင်္ဘော ၀င်ရောက်ခွင့် ငြင်းဆန်ထားဆဲဖြစ်ပြီး ကယ်ဆယ်ရေးပစ္စည်းများကို လေကြောင်းနှင့် ရန်ကုန်သို့ပို့ရန်သာ အကြောင်းပြန်ထားသည်ဟု ၎င်းက ဆက်လက်ပြောကြားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

ရေယာဉ်စွန့်ခွာသူများ ရေတပ်ဌာနချုပ်တွင် ချုပ်နှောင်ထား

ရေယာဉ်စွန့်ခွာသူများ ရေတပ်ဌာနချုပ်တွင်

ချုပ်နှောင်ထား


ဗထူး။ မေ ၁၇၊ ၂၀၀၈
မုန်တိုင်းတိုက်ခတ်စဉ် မိမိတို့ရေယာဉ်များမှ စွန်ခွာသွားသည့် အရာရှိနှင့် (ရေ)တပ်သားများအား ချုပ်နှောင်ထားသည်။
သီလ၀ါဆိပ်ကမ်းတွင်ထားသည့် စစ်ရေယာဉ်မှ အရာရှိနှင့် ရေတပ်သားများက ပြင်းထန်သည့် မုန်တိုင်းကျရောက်စဉ် ကုန်းပေါ်သို့တက်ကာ ရေယာဉ်အား စွန့်ခွာခဲ့ခြင်းဖြစ်သည်။
တိကျသည့်မိုးလေ၀သခန့်မှန်းချက် ပေးပို့ခြင်းမရှိသည့်အတွက် စစ်အစိုးရရေတပ်မှ စက်ဘက် ရေယာဉ် ၈ စင်း နစ်မြုပ်ခဲ့ပြီး အဆိုပါသတင်းအား စစ်အစိုးရမှ အတိအလင်း ကြေညာခဲ့ခြင်း မရှိသည့်အတွက် တပ်မတော်(ရေ)အတွင်း အဆိုပါကိစ္စနှင့်ပတ်သက်၍ မကျေနပ်မှုများ ဖြစ်ပေါ် နေသည်။
“သီလ၀ါမှာတာဝန်ကျတဲ့ ရေယာဉ်က အရာရှိအပါအ၀င် ၁၃ ယောက်ကို ဧရာဝတီရေတပ်စခန်း ဌာချုပ်မှာ ချုပ်ထားတယ်၊ ရေယာဉ်စွန့်ခွာမှုနဲ့ အရေးယူမဲ့သဘောပဲ၊ တချို့တပ်သားတွေကို အကျယ်ချုပ်သဘောမျိုးထားတယ်လို့ သိရတယ်၊ မုန်တိုင်းကပြင်းတော့ တချို့တွေက ကမ်းကပ် ပြီး ကုန်းပေါ်တက်ကြတာ၊ ပျောက်တာတွေလည်းရှိနေတယ်၊ ရေထဲမှာပျောက်တာလား၊ စွန့်ခွာ ပြီး ပြန်သတင်းမပို့တော့တာလားဆိုတာ မသိရဘူး”ဟု အမည်မဖော်လိုသည့် တပ်မတော်(ရေ) အရာရှိတဦးက ဆိုသည်။
မုန်တိုင်းတိုက်ခတ်မှုကြောင့် ရန်ကုန်တိုင်းနှင့်၊ ဧရာဝတီတိုင်းအတွင်းရှိ တပ်များနှင့် မိသားစုဝင် များ၏ နေအိမ်များ ပျက်စီးခဲ့ရပြီး ရေတပ်မှ မိးသားစုများအပါအ၀င် ၃၀၀၀ ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်သွားခဲ့ရသည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။
မုန်တိုင်းကျရောက်စဉ် ရေပြင်၌ တာဝန်ယူနေရသည့် စစ်ရေယာဉ်များ ထိခိုက်ဆုံးရှုံးမှုများကို အတိအကျ မဖော်ပြသော်လည်း ဧရာဝတီ၊ ဖျာပုံ၊ ဘိုကလေးနှင့် အခြားဒေသများရှိ စစ်ရေယာဉ် အုပ်စုမှ ရေယာဉ်များလည်း ပါဝင်သည်ဟုဆိုသည်။
“ကမ်းကိုကပ်ပြီးမှ စွန့်ခွာကြတာ များတယ်၊ အခု အဲ့ဒီ ၈ စင်းလုံးတော့ ပြန်ဆယ်ပြီးပြီ၊ အပျက် အစီးကတော့ ရေထဲမြုပ်သွားတဲ့ နာရီလိုပဲဖြစ်မှာပေါ့”ဟု ရေတပ်သားတဦးက ပြောသည်။
မုန်တိုင်းဒဏ်ခံရပြီးနောက် ပျက်စီသွားသည့် အိုးအိမ်များကို ပြန်လည်တည်ဆောက်ပေးနေ သော်လည်း အရာရှိများသာ ဦးစားပေးစနစ်ဖြင့် ပြုပြင်လုပ်ဆောင်နေသည့်အတွက် စိတ်ပျက်မိ ကြောင်း ၎င်းက ဆက်လက်ပြောဆိုသွားခဲ့သည်။

အပြည့်အစုံဖတ်လိုလျှင်