ညီညွတ်ရေး စာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့
တူမောင်ညို
ညီညွတ်ရေး...
ပြောရလွယ်ကူသလောက် လုပ်ရကိုင်ရ ခက်ခဲသောကိစ္စများအနက် တခုအပါအ၀င်ဖြစ်သည်။ ညီညွတ်ရေးကို အားလုံးက ပြောနေကြသည်။ အုပ်စိုးသူ အဆက်ဆက်ဘက်ကလည်း ပြောခဲ့ ကြသည်။ အုပ်စိုးသူ အဆက်ဆက် ဆန့်ကျင်ရေး အင်အားစုများဘက်ကလည်း ပြောခဲ့ကြသည်။ စကားလုံးသုံးစွဲကြပုံခြင်းသာ ကွဲမည်။
လက်ရှိ (နအဖ) စစ်အစိုးရက “အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး”၊ “တိုင်းရင်းသားစည်းလုံး ညီညွတ်မှု မပြိုကွဲရေး” ဟု ရေးနေ၊ ပြောနေသည်။ ကျနော်တို့ အင်အားစုများဘက်ကလည်း “အမျိုး သားသွေးစည်းညီညွတ်ရေး”၊ “အမျိုးသားပြန်လည်သင့်မြတ်ရေး” ဟု ပြောကြသည်။
ဤသို့ ရေးသားပြောဆိုနေကြခြင်းမှာ ပြောရလွယ်၍ ပြောနေကြခြင်းလော၊ လုပ်ရကိုင်ရ ခက်ခဲ သောကြောင့် ပြောနေကြခြင်းလော၊ သို့တည်းမဟုတ် သမရိုးကျ ပြောရိုးပြောစဉ် ဖြစ်နေသဖြင့် ပြောလိုက်ကြခြင်းပင်လောဟု တခါတခါ နာကြင်စွာ စဉ်းစားမိပါသည်။
“ညီညွတ်ရေးသည် အင်အား”၊ “ညီညွတ်ရေးသည် အောင်ပွဲ” စသဖြင့် ကြွေးကြော်ကြသည်များကို ကြေညာချက်များ၊ ဟောပြောပွဲများ၊ ပြန်လည်သင့်မြတ်ရေး ညစာစားပွဲများ၊ အစည်းအဝေးပွဲများ တွင် ဖတ်ရသည်၊ ကြားနေကြရသည်။ ညီညွတ်ရေး၏ လိုအပ်မှု၊ ညီညွတ်ရေး၏ အရေးပါမှု၊ ညီညွတ်ရေး၏ အဆုံးအဖြတ်ကျသည့် အခန်းကဏ္ဍတို့ကို ဟောကြ ပြောကြသည်။ စည်းရုံး လှုံ့ဆော်ကြ သည်။ အဟောတ၀၊ ကောင်းလေစွ။
ညီညွတ်လိုသော စေတနာ ဆန္ဒတွေ ရှိနေကြသည်၊ ထက်သန်နေကြသည်မှာ ကောင်းသောကိစ္စ ဖြစ်ပါသည်။ ဘယ်လို စတင်ညီညွတ်ကြမည်နည်း။ အစကောင်းမှ အနှောင်းသေချာမည်။ အရေး ကြီးလျှင် သွေးစည်းကြရမည် မဟုတ်လော။ သွေးမစည်းနိုင်ခဲ့သဖြင့် သူ့ကျွန်ဘ၀ ကျရောက်ခဲ့ရပြီ။
မညီညွတ်နိုင်သဖြင့် လွတ်လပ်ရေးသက်တမ်း နှစ် (၆၀) တွင် တိုင်းပြည်ရော လူထုပါ ဆင်းရဲမွဲပြာ ကျခဲ့ရပြီ။ ဘယ်မှာလဲ အမျိုးသားဂုဏ်သိက္ခာ။ အမျိုးသား သွေးစည်းညီညွတ်မှုမရှိလျှင် သူတပါးကို မှီခိုနေရမည်သာဖြစ်သည်။ သူတပါး ဗိုလ်ကျတာကို ခံရမည်သာ ဖြစ်သည်။ မညီညွတ်ခြင်း၊ မငြိမ်း ချမ်းခြင်းသည် မလွတ်လပ်ခြင်းပင် ဖြစ်သည်။ ညီညွတ်ငြိမ်းချမ်းမှသာလျှင် စစ်မှန်သော လွတ်လပ် ခြင်း မည်ပေလိမ့်မည်။ ညီညွတ်ငြိမ်းချမ်းနေလျှင် ကိုယ့်ခွန်ကိုယ့်အားဖြင့် ကိုယ်ပိုင် ဖွံ့ဖြိုးမှုလမ်း ကြောင်းကို ရွေးချယ်လျှောက်လှမ်းနိုင်မည်။ အိမ်နီးချင်း၊ ဒေသတွင်းနှင့် နိုင်ငံတကာ နိုင်ငံများနှင့် ဆက်ဆံရာတွင် ဂုဏ်သိက္ခာရှိမည်။ အဆင့်နေရာ ရရှိနိုင်မည်။ ယခု အားလုံး၏ လမ်းညွှန်တာကို ခံနေရသည်။ ခါးသည်း နာကျင်ဖွယ်ရာ ဖြစ်ပါသည်။
ညီညွတ်လိုသောဆန္ဒ။ ထိုအကောင်အထည်မဲ့သော ညီညွတ်လိုသည့် ဆန္ဒမှသည် လက်တွေ့ကျ သည့် ညီညွတ်မှု၊ အကောင်အထည်ရှိသော ညီညွတ်ရေး ကျောက်သားဗိမာန်ကို တည်ဆောက် အကောင်အထည်ဖော်နိုင်ရန် လက်တွေ့ကျကျ ဆောင်ရွက်ရမည် မဟုတ်ပါလော။ ယင်းလိုအပ် ချက်ကို ပြောခဲ့လှပြီ။ အကြိမ်ကြိမ် အခါခါ ရှိခဲ့ပြီ။ နှစ်ပေါင်းများစွာ ကြာခဲ့ပြီ။
‘သင်ပုန်းချေရေး’၊ ‘သူမနာ ကိုယ်မနာ ငြိမ်းချမ်းရေး’ စသဖြင့် နည်းလမ်းပေါင်းစုံ။ အချို့သည် ညီညွတ်ရေးကို အသက်ရှူသကဲ့သို့ ပြောကြားရင်း အကောင်အထည်ဖော်ဆောင်ရွက်ကြရင်း ကွယ်လွန်ခဲ့ကြရပြီ။ ‘ဆရာမသေခင် တိုင်းပြည်မှာ တကယ့်ငြိမ်းချမ်းရေးရသွားတာ မြင်ချင်တယ်’ ဟူသော အဖိုး သခင်ကိုယ်တော်မှိုင်း၏ ဆန္ဒ ပြည့်ဝမသွားခဲ့ပါ။ ယခုလည်း လူထုဒေါ်အမာ၊ ဒဂုန်တာရာတို့က ညီညွတ်ရေးနဲ့ ငြိမ်းချမ်းရေးအတွက် တဖွဖွ သတိပေးနေကြသည်၊ တိုက်တွန်း နှိုးဆော်နေကြပါသည်။
သို့သော်လည်း ညီညွတ်ရေးသည် ဟိုးအဝေးမှာ။ ညီညွတ်ရေးသည် အုပ်စိုးသူနှင့် အုပ်စိုးခံများ အကြားတွင်လည်း မရရှိနိုင်သေးပါ။ ညီညွတ်ရေးသည် အုပ်စိုးသူ အဆက်ဆက်ဘက်၌လည်း မတည်ဆောက်နိုင်သေးပါ။ အုပ်စိုးသူ ဆန့်ကျင်ရေး အင်အားစုများ၏ဘက်တွင်လည်း မရရှိနိုင်သေးပါ။
အုပ်စိုးသူဘက်တွင်လည်း တည်မြဲ/ သန့်ရှင်း။ ဦးဗိုလ်၊ သခင်၊ ဆိုရှယ်နီ၊ ပထစ စသဖြင့် ကစဥ့် ကလျား၊ အကွဲကွဲ အပြဲပြဲ။ အုပ်စိုးသူဆန့်ကျင်ရေး အင်အားစုများဘက်တွင်လည်း ဗကပ၊ အလံနီ၊ ရဲဘော်ဖြူ၊ ရဲဘော်ဝါ စသဖြင့် အမျိုးမျိုး အဖုံဖုံ။
(မဆလ) ခေတ်တွင်လည်း ဖြုတ်ပွဲထုတ်ပွဲတွေ၊ အတွင်းကျိတ် လုပ်ကြံမှုတွေ ရှိခဲ့သည်။ (န၀တ) (နအဖ) ခေတ်တွင် ပို၍ ထင်ရှားသည်၊ ပို၍ကြီးမားသည်။ “တပ်မတော် ဖြိုခွဲမည့်အကြံ ဒို့လက်မခံ” ဟု ကြွေးကြော် အော်ဟစ်နေသည့်ကြားကပင် (န၀တ) စစ်အစိုးရ အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး စောမောင် ပြုတ်သွားသည်။ ဒီ့နောက် (န၀တ) ထိပ်သီးများဖြစ်သော ဗိုလ်ထွန်း ကြည်၊ ဗိုလ်ကျော်ဘတို့ လွင့်စင်သွားသည်။ အတွင်းရေးမှူး (၂) ဗိုလ်တင်ဦး သေဆုံးရသည်။ ဗိုလ်နေ၀င်း၏ သားသမက်များနှင့် ကွဲကြပြဲကြသည်။ နောက်ဆုံးတွင် အာဏာရှိလှပါသည်ဆိုသော အတွင်းရေးမှူး (၁) ဗိုလ်ခင်ညွှန့်နှင့် ထောက်လှမ်းရေးအုပ်စုကြီးတခုလုံး ဖြုတ်ချခံလိုက်ရသည်။ ယခုလည်း (နအဖ) စစ်အုပ်စု အတွင်းမှ အာဏာနှင့် ဘဏ္ဍာ စားခွက်လုမှုများ၊ အားပြိုင်အုပ်စု ဖွဲ့မှုများ၊ ခြေပုန်းခုတ်မှုများကို ကြားနေကြရသည်။ သုံးသပ်ပြောဆိုနေကြသည်။
အုပ်စိုးသူ အဆက်ဆက် ဆန့်ကျင်ရေးအင်အားစုများဘက်တွင်လည်း ဖရိုဖရဲ အလဲလဲ အပြိုပြိုပင်။ ခွဲထွက်မှုများ၊ ကွဲအက်မှုများ ရှိနေသည်။ သွေးထွက်သံယို ဖြစ်ရသည်။ ရဲဘော်ရဲဘက်ခြင်း ပဋိပက္ခ၊ မိတ်ဖက် ပဋိပက္ခအသွင်မှ ရန်ငါ ပဋိပက္ခအဆင့်အထိ မြင့်တက်သွားရသည့်ဖြစ်ရပ်များပင် ရှိခဲ့သည်။ သို့ဖြင့် ညီညွတ်ရေးသည် ကွဲအက်နေသော ဒူးရင်းသီးကို နှီးဖြင့်တုပ်ထားရသည့်ပမာ ရှိနေတော့ သည်။ နာကျင်ကြေကွဲစရာ ကောင်းလှသည်။ ခါးသီးသော သင်ခန်းစာများပင် ဖြစ်သည်။
သို့ဖြင့် ကျနော်သည် ညီညွတ်ရေး ပုစ္ဆာ၏ အဖြေကို ရှာနေမိသည်။ မညီညွတ်နိုင်ခြင်း၏ အကြောင်း တရား၊ ညီညွတ်ရေးပြိုကွဲရခြင်း၏ ဇစ်မြစ်နှင့် အကြောင်းကျိုးဆက်များကို ကျနော် လက်လှမ်းမီ သလောက် ရှာဖွေကြည့်မိသည်။ ထိုသို့ အဖြေရှာသည်ကို သို့လော သို့လောဖြင့် ငြိုငြင်လာကြ မည်ကိုလည်း ကြိုတင်စဉ်းစားမိပါသည်။ မတတ်နိုင်ပါ။ သက်ဆိုင်သူ အားလုံးကလည်း ကိုယ်စီ ကိုယ်စီ အဖြေရှာကြည့်စေချင်ပါသည်။
ကျနော်၏ အဖြေရှာလိုသည့် စိတ်ဓာတ်နှင့် ဦးတည်ချက်မှာ မည်သူ၊ မည်သည့်ပုဂ္ဂိုလ်၊ မည်သည့် ပါတီ အဖွဲ့အစည်း၊ မည်သည့်လူမျိုးကိုမျှ တဖက်သတ် အပြစ်ဖို့ရန်၊ လက်ညှိုးထိုးရန် မဟုတ်ချေ။ အဓိကကျသော ချို့ယွင်းချက်၊ အားနည်းချက်များနှင့် သော့ချက်ကျသည့် အမှားများကို သေချာစွာ နားလည်သိမြင်ရန်နှင့် ၎င်းတို့ကို ကျော်လွှားပြီး ကျနော်တို့အားလုံးအကြားတွင် ညီညွတ်ရေး ကျောက်သားဗိမာန်တော်သစ်ကို အခိုင်အမာ တည်ဆောက်နိုင်ရန် ရည်ရွယ်ရင်း ဖြစ်သည်။
ညီညွတ်ရေးသည် ကျနော်တို့အတွက် ပဟေဠိ မဟုတ်ပါ။ ကျိန်စာ မဟုတ်ပါ။ အကောင်အထည်မဲ့ ဆန္ဒသက်သက် မဟုတ်ပါ။ ကွဲခြင်းပြဲခြင်းသည် ကျနော်တို့ လူမျိုး၏ ထူးခြားချက် မဟုတ်ပါ။ အချိန်ကာလတခု၏ ပြဿနာတရပ်သာ ဖြစ်ပါသည်။ ယင်းကို ကျနော်တို့ ကျော်လွှားနိုင်ပါလိမ့်မည်။
လက်တွေ့တွင် ကျနော်တို့ တည်ဆောက်လိုသော ညီညွတ်ရေးအတွက် ညီညွတ်နိုင်သည့် ရေခံ မြေခံကောင်းတွေ ရှိနေပါသည်။ “ဘုံရန်သူ” အထင်အရှား ရှိနေသည်။ စစ်အစိုးရ၊ စစ်အာဏာရှင် စနစ်၊ စစ်ဗျူရိုကရေစီယန္တယားသည် ကျနော်တို့ အားလုံး၏ တဦးတည်းသော ဘုံရန်သူပင် ဖြစ်ပါ သည်။ မည်သူ အငြင်းပွားအံ့နည်း။ အချို့က ‘ဖက်ဆစ်’ ဟုပင် ပြတ်သားစွာ အကဲဖြတ်ပြောဆို နေကြသည်။ သို့သော်လည်း မည်သူကမျှ ဖက်ဆစ်တိုက်ဖျက်ရေး လုပ်ငန်းစဉ် ရေးဆွဲတင်ပြ ခြင်းတော့ မရှိသေးပါ။
ထို့အပြင် (နအဖ) စစ်အစိုးရကို ဆန့်ကျင်နေကြသည့် အဖွဲ့အစည်းတိုင်း/ပါတီတိုင်းက တရားဝင် ထုတ်ပြန်ကြေညာထားသည့် ရည်ရွယ်ချက်၊ ဦးတည်ချက်များကလည်း အားလုံးလောက်နီးပါး တူညီနေကြသည်။
- စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး
- ပါတီစုံ ဒီမိုကရေစီစနစ် တည်ဆောက်ရေး
- စစ်မှန်သော ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေး
ဘာမျှ ကွဲလွဲစရာ မရှိ၊ အငြင်းပွားစရာ မရှိပါ။ သို့သော် ကွဲလွဲနေကြသည်၊ အငြင်းပွားနေကြဆဲ ဖြစ်သည်။
“ဘုံရန်သူ” အထင်အရှားရှိနေပြီ။ ဦးတည်ချက်၊ ရည်ရွယ်ချက်များ အခြေခံအားဖြင့် နီးစပ်တူညီ နေကြပြီ။ ဤအချက်များသည် ညီညွတ်ရေးအတွက် ရေခံမြေခံကောင်းများ ဖြစ်သည်။ ဤကဲ့ သို့သော အခိုင်အမာ အချက်အလက်များပေါ်တွင် ကျနော်တို့၏ ညီညွတ်လိုသော စေတနာဆန္ဒ မျိုးစေ့ကို စိုက်ပျိုးကြရမည်သာ ဖြစ်သည်။
ယခုအခါ ဘုံရန်သူဖြစ်သည့် (နအဖ) စစ်အာဏာရှင်အစိုးရသည် ပြည်သူများကို ဖိနှိပ်သတ်ဖြတ် ရုံသာမက၊ ပြည်သူအများစုက အထွတ်အမြတ်ထား ကိုးကွယ်ယုံကြည်သော “ဘုရား၊ တရား၊ သံဃာ” ဟူသည့် ရတနာမြတ်သုံးပါးအနက် တပါး အပါအ၀င်ဖြစ်သော သံဃာတော်များကိုပင် ဖိနှိပ်သတ်ဖြတ်ခဲ့ကြပြီ။ အကြမ်းဖက် ၀င်ရောက်စီးနင်းခဲ့ပြီ။ ဓမ္မတရား၏ တေးလင်္ကာများဖြင့် ငြိမ်းချမ်းအေးမြသည့် ကျောင်းသင်္ခမ်းရိပ်ငြိမ်သည် သေနတ်သံများ၊ ယမ်းခိုးယမ်းငွေ့များ၊ သွေးကွက်များဖြင့် ညစ်ထေးခဲ့ရပြီ။ သံဃာတော်များ သွေးမြေကျခဲ့ရပြီ။ ၀ါရွှေသော သင်္ကန်း တော်သည် သွေးတို့ဖြင့် စွန်းထင်းခဲ့လေပြီ။ သို့ဖြင့် ဖက်ဆစ် စစ်အာဏာရှင်စနစ်ဟု အကဲဖြတ် ကြခြင်းဖြစ်သည်။ ပြည်သူများအနေဖြင့် စစ်အာဏာရှင်စနစ်ကို ရင်ဆိုင်ရာတွင် နောက်ဆုတ်၍ မရတော့ဟူ၍လည်း သုံးသပ်ပြောကြားနေကြသည်။
ဓမ္မနှင့် အဓမ္မ တို့၏ တိုက်ပွဲဟု ပြောဆိုနေကြသည်။ ဓမ္မက အဓမ္မ ကို အနိုင်ရမည်ဟုလည်း အခိုင် အမာ ပြောကြားနေကြသည်။ “မေတ္တာလက်နက်” ဖြင့် အနိုင်ယူမည်ဟုလည်း ဆိုသည်။
“မေတ္တာလက်နက်”
ဆန့်ကျင်ဘက်များ ပေါင်းစည်းခြင်းပင်။ မေတ္တာကို လက်နက်သဖွယ် အသုံးပြုကြမည်။ နူးညံ့ သိမ်မွေ့သော လှပမွှေးမြသော မေတ္တာ၊ ရေလိုအေး၍ ပန်းကြာပွင့်နှယ် မွှေးသော မေတ္တာကို လက်နက်အဖြစ် အသုံးပြုကြမည်။ သို့ဖြင့် ကျနော်သည် “မေတ္တာလက်နက်” ဟူသော တွဲစပ် ထားမှုကို သဘောကျနေမိပါသည်။ တဘက်တွင်လည်း မေတ္တာလက်နက်သည် ဒီမိုကရေစီ အောင်ပွဲ၏ သရဖူကို လက်ဝယ်ပိုင်ပိုင် ရရှိနိုင်ပါမည်လော။ ၂၀၀၇ ခုနှစ် သြဂုတ် - စက်တင်ဘာ လှုပ်ရှားမှုများ၊ ငွေကြာယံ ဘုန်းတော်ကြီးကျောင်းတိုက်ထဲက သွေးကွက်များ၊ သေနတ်သံများ၊ မျက်ရည်ယိုဗုံး အခိုးအငွေ့များကို မြင်ယောင်နေပါသည်။
(နအဖ) စစ်အစိုးရက သူ၏ လမ်းပြမြေပုံအတိုင်းသာ ဆက်သွားမည်ဟု ပြည်တွင်းနှင့် နိုင်ငံတကာ
ကို ခပ်တင်းတင်းပြောဆိုနေသည်။ ယခုအခါ ဆက်ဆံရေးဝန်ကြီး ဗိုလ်အောင်ကြည်ကိုပင် ဒေါ်အောင်ဆန်းစုကြည်ထံ မလွှတ်တော့ချေ။
အချို့ကလည်း (နအဖ) စစ်အစိုးရ ဆွေးနွေးလာလိမ့်မည်ဟု ရိုးသားစွာ မျှော်လင့်နေကြဆဲ။ ပန်ကြားချက်များ ထုတ်ပြန်၍ ပန်ကြား မေတ္တာရပ်ခံနေကြဆဲ ဖြစ်သည်။ အချို့က စီးပွားရေး ပိတ်ဆို့မှုများ လျော့ပေါ့ပေးရန်အထိ ပြောလာကြသည်။
(နအဖ) စစ်အစိုးရသည် ခေါင်းမာမြဲ ခေါင်းမာဆဲ၊ လှုပ်ရှားမှုနှင့် လှုပ်ရှားသူများကို နှိပ်ကွပ်မြဲ၊ ချေမှုန်းမြဲ၊ ဖမ်းဆီးနေဆဲပင် ဖြစ်သည်။ အချို့မီဒီယာများ၌ နှစ် (၆၀) ပြည့် လွတ်လပ်ရေးနေ့တွင် ပြန်လည်သင့်မြတ်ရေး ရှေ့ရှုချက်ဖြင့် လွတ်ငြိမ်းချမ်းသာခွင့် ပေးလာလိမ့်နိုး မျှော်ကိုးနေကြသံကို ကြားရသည်။ (နအဖ) စစ်အစိုးရသည် ပြောင်းလဲလာလိမ့်မည် မဟုတ်ပါ။
မေတ္တာပို့နေသူများ၊ ပန်ကြားချက်ထုတ်နေသူများကို လေးစားပါသည်။ တတ်နိုင်သည့် နည်းလမ်း ဖြင့် ဆန့်ကျင်နေကြသူများ ဖြစ်သည်ဟုလည်း လေးစားစွာ အသိအမှတ်ပြုပါသည်။ သို့သော်လည်း မေတ္တာပို့သနေရုံ၊ ပန်ကြားနေရုံမျှဖြင့် (နအဖ) စစ်အစိုးရ ပျော့ပြောင်းလာလိမ့်မည် မဟုတ်ပါ။ ယင်းကို သြဂုတ် - စက်တင်ဘာလများအတွင်းက ကျဆင်းခဲ့ရသော သွေးစက်များက သက်သေ ထူခဲ့ပါပြီ။ မေတ္တာပို့ အမျှဝေသံကို သေနတ်သံဖြင့် အဖြေပေးခဲ့ပါပြီ။
ကျနော်တို့ တိုင်းပြည်၏ အတိတ်သမိုင်းကြောင်း၌ ညီညွတ်ခဲ့ကြသော အတိတ်ကောင်း၊ အစဉ် အလာကောင်း၊ နမူနာကောင်းများ ရှိပါသည်။ အလားတူပင် ညီညွတ်ရေး ပြိုကွဲခဲ့ကြရသည့် သင်ခန်းစာများလည်း ရှိပါသည်။ ကောင်းမွေ၊ ဆိုးမွေ သင်ခန်းစာများကို ကျနော်တို့ အားလုံး
ကိုယ်စီ ကိုယ်စီ ထုတ်ယူနိုင်ကြရန် ဖြစ်ပါသည်။
အလုပ်သမား၊ လယ်သမား၊ ပညာတတ်များ၏ ညီညွတ်မှုစွမ်းပကားဖြင့် ၁၃၀၀ ပြည့် အရေးတော် ပုံကြီးကို ဆင်နွှဲကာ ဗြိတိသျှ ကိုလိုနီ အစိုးရကို ခြိမ်းချောက် အကျပ်ကိုင်နိုင်ခဲ့ကြသည်။ (ဖတပလ) အမျိုးသားညီညွတ်ရေး တပ်ပေါင်းစုကြီးကို တည်ဆောက်ပြီး ဖက်ဆစ်ဂျပန်ကို တော်လှန် တိုက် ထုတ်နိုင်ခဲ့ကြသည်။ နေသူရိန် ညီလာခံကြီးတွင် တမျိုးသားလုံး၏ ညီညွတ်မှုစွမ်းအားကို ဖော် ထုတ်ကာ ပရောဂျက်များဖြင့် ထပ်မံကျွန်ပြုရန် ရောက်ရှိလာသော ဗြိတိသျှ ကိုလိုနီအစိုးရကို လုံးဝ
လွတ်လပ်ရေးရာဇသံကို ပေးနိုင်ခဲ့ကြသည်။
သို့သော်လည်း ကံအကြောင်း မလှစွာပင်။ လွတ်လပ်ရေးခရီး၏ လမ်းခုလပ်၌ အမျိုးသားသွေးစည်း ညီညွတ်မှု ပြိုကွဲခဲ့ရသည်။ ယင်း၏ နာကျင်ခါးသည်းဖွယ်ရာ အကျိုးဆက်များအဖြစ်၊ နယ်ချဲ့ သမား၏ စနက်ဖြင့် အမျိုးသားခေါင်းဆောင် ကျဆုံးခဲ့ရသည်။ လွတ်လပ်ရေးနှင့် ရှေ့ဆင့် နောက်ဆင့် ပြည်တွင်းစစ်ကြီးဖြစ်ခဲ့ရသည်။ ယနေ့အထိ ထိုပြည်တွင်းစစ်ကို မငြိမ်းသတ်နိုင် သေးချေ။ ပြည်တွင်းစစ် ဖြစ်လာသဖြင့် စစ်တပ်အခန်း ရှေ့ရောက်လာပြီး နောက်ဆုံး တိုင်းပြည်၏ နိုင်ငံရေးဇာတ်ခုံပေါ်တွင် စစ်အာဏာရှင်စနစ် မင်းမူလာခဲ့တော့သည်။
သို့ဖြင့် တိုင်းပြည်နှင့်လူထု အဘက်ဘက်က ဆင်းရဲခဲ့ရပြီး ခေတ်နောက်ကျကျန်ခဲ့ရသည်။ ထို အမည်းရောင် အတိတ်သမိုင်းသည် ယခုနှစ်ပေါင်း (၆၀) တိုင်ခဲ့ပြီ။ ထိုအမျိုးသား သွေးစည်း ညီညွတ်မှု ပြိုကွဲခဲ့ရသော လှိုင်းဂယက်သည် မြို့ပြတွင်သာမက တောတွင်းသို့လည်း ရိုက်ခတ် ခဲ့သည်။ ထို့အပြင် ယခုအခါ ထိုငလျင်လှိုင်းဂယက်၏ အကျိုးဆက်သည် ပြည်ပအထိပင် ခြေဆန့် ခဲ့တော့သည်။ အမွှာမွှာ အစိတ်စိတ်၊ အဖိတ်ဖိတ် အစင်စင်၊ ဖန်ကွဲစများသဖွယ် ဂိုဏ်းဂဏမျိုးစုံ၊ အာဃာတမျိုးစုံ။
ယခု ထိုဂိုဏ်းဂဏမျိုးစုံ၊ အာဃာတမျိုးစုံကို ရပ်ဆိုင်းပြစ်ကြပါစို့၊ ထိုအမည်းရောင် အတိတ်သမိုင်း
ကို ပြည်ဖုံးကား ချလိုက်ကြပါစို့၊ ညီညွတ်ရေး စာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။ စစ်အာဏာရှင် စနစ်တိုက်ဖျက်ရေးဟူသည် ဘုံဦးတည်ချက်၌ ပြည်တွင်းပြည်ပ အင်အားစုများအားလုံး ရှေ့ရှုကြ ပါစို့၊ မျက်နှာမူကြပါစို့။
ယခုလတ်တလော ကာလတွင် လမ်းပြမြေပုံအဆင့်(၄) ၌ (နအဖ) စစ်အစိုးရ ချပြလာမည့် ‘အခြေခံ ဥပဒေမူကြမ်း’ ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချနိုင်ရန်အတွက် ပြည်တွင်းပြည်ပ အင်အားစု အားလုံး ညီညွတ်ကြရလိမ့်မည်။ စုပေါင်း ပြင်ဆင်ကြရလိမ့်မည်။ စုပေါင်း လုံးပမ်းကြရလိမ့်မည်။ သူတမျိုး ငါတဖုံ လုပ်နေကြရတော့မည့် အချိန်မဟုတ်တော့ပါ။
ထိုသို့ တူညီသော လက်တွေ့လုပ်ငန်းပေါ်တွင် ကျနော်တို့ ညီညွတ်ရေး ကျောက်သားဗိမာန်တော်၏ အခြေခံ အုတ်မြစ်သစ်ကို ချမှတ်ကြပါစို့။ ယင်းသို့သော ညီညွတ်မှုစွမ်းပကားဖြင့်သာ (နအဖ) စစ်အစိုးရ ချပြလာမည့် “အခြေခံဥပဒေမူကြမ်း” ကို ပြတ်ပြတ်သားသား ဆန့်ကျင်ပယ်ချနိုင်ပါ လိမ့်မည်။ စစ်အာဏာရှင်စနစ်ကို အမှန်တကယ် ဖြိုချပစ်နိုင်မှသာလျှင် စစ်မှန်သော ပါတီစုံဒီမို ကရေစီစနစ်အတွက် လမ်းပွင့်သွားပါလိမ့်မည်။ သို့မှသာ ညီညွတ်ရေး၊ ငြိမ်းချမ်းရေး၊ ဒီမိုကရေစီ
ရေး၊ ခေတ်မီတိုင်းပြည်တည်ဆောက်ရေးဟူသည့် မင်းလမ်းမကြီး ဖြောင့်ဖြူးသွားပါလိမ့်မည်။
ညီညွတ်ရေးသည် အကြွင်းမဲ့ မဟုတ်ပါ။
တပုံစံတည်းလုပ်ရေး မဟုတ်ပါ။
တူညီသော ခရီးပန်းတိုင်အတွက် တလှေထဲစီးပြီး ကိုယ်စီကိုငှ လှော်ခတ်သွားကြရန်သာ ဖြစ်ပါ
သည်။ တူညီသော ဘုံရန်သူ၊ တူညီသော ဦးတည်ချက်၊ ရည်ရွယ်ချက်ရှိမှုအခြေခံပေါ်တွင် တူညီသော ဘုံလုပ်ငန်းစဉ်ကို အပြန်အလှန် ညှိနှိုင်းရေးဆွဲကာ တဖွဲ့ချင်းစီ၊ တပါတီချင်းစီ၏ တန်းတူမှုနှင့် လွတ်လပ်မှုကို အာမခံနိုင်သော ညီညွတ်ရေးမျိုးကို တည်ဆောက်ကြရန် ဖြစ်ပါသည်။
၂၀၀၈ ခုနှစ်၊ နှစ်သစ်အခါသမယ၌ ညီညွတ်ရေးစာမျက်နှာသစ်ကို ဖွင့်လှစ်ကြပါစို့။