စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 13, 2008

ရန်သူနှင့်စကားပြောခြင်း............မင်ဒဲလား (ဘာသာပြန်-ဂါမဏိ)

အပြည့်အစုံဖတ်လိုလျှင်

လူထုအုံကြွမှုပုံစံသစ်(သို့)မြို့ပြပြောက်ကြား

Read this document on Scribd: revolution

အပြည့်အစုံဖတ်လိုလျှင်

ထိန်းသိမ်းခံ ၈၈ ကျောင်းသားများ ဥပဒေကြောင်း အခွင့်အရေးများ ဆုံးရှုံး

12 July 2008

ပြီးခဲ့တဲ့ စက်တင်ဘာ သံဃာဆန္ဒပြ လှုပ်ရှားမှုမတိုင်ခင်ကတည်းက လောင်စာဆီ ဈေးနှုန်းကြီးမြင့်တဲ့အပေါ် ဆန္ဒပြလို့ အဖမ်းခံခဲ့ကြရတဲ့ ကိုမင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပုဒ်မတွေ အမျိုးမျိုး မကြာမကြာ ပြောင်းပြီး ချုပ်နှောင်ခဲ့တာ အခု တနှစ်ပြည့်ခါနီးပေမယ့် လွတ်လပ်တဲ့ တရားစီရင် ခံယူခွင့် ဥပဒေအကျိုး ခံစားခွင့်တွေ အခုအချိန်အထိ မရသေးပဲဖြစ်နေပါတယ်။ အကြောင်းစုံကိုတော့ ကိုသားညွန့်ဦးက စုံစမ်းမေးမြန်း ထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေကို ပုဒ်မတွေ အမျိုးမျိုးပြောင်းပြီး ချုပ်ရက် ရမန်ယူလာခဲ့တာ နောက်ဆုံး အချိန်မှာတော့ ကျောင်းသားခေါင်းဆောင် အချို့ကို ပုဒ်မ ၁၇/၁ တရားမ၀င် အသင်းဖွဲ့စည်းတာ ဆက်သွယ်တာတွေနဲ့ စွဲချက် ပြောင်းလိုက်ပြန်ပြီလို့ မိသားစု အသိုင်းအ၀ိုင်း သတင်းအရ သိရပါတယ်။ ဒါပေမယ့် ရှေ့နေနဲ့ ပြောဆိုတိုင်ပင်ခွင့် တရားရုံးမှာ လျှောက်ထားခွင့် မရတာကြောင့် သူတို့အပေါ် ဘယ်လို အကြောင်းရပ်တွေနဲ့ စွဲဆိုနေသလဲ၊ ဘယ်လို ဥပဒေတွေ ငြိစွန်းထားသလဲ စသဖြင့် ဘာမှ ရေရေရာရာ မိသားစုတွေက သိမထားကြပါဘူး။ ထိုင်းအခြေစိုက် အေအေပီပီ ခေါ် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်းကတော့ သူတို့ဟာ မတရားသဖြင့် ဖမ်းဆီးခံထားရတာ ဖြစ်ပြီး ဖမ်းဆီးခံထားရစဉ်မှာလည်း တရားဥပဒေရဲ့အကျိုးခံစားခွင့် ဘာမှ မရဘူးလို့ ဆိုပါတယ်။
အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည်ကို ၈၈ မျိုးဆက် ကျောင်းသားတွေရဲ့ အခြေအနေ နောက်ဆုံး သိရသမျှကို ဆက်သွယ် မေးမြန်းကြည့်ပါတယ်။
ပြီးခဲ့တဲနှစ် စက်တင်ဘာလှုပ်ရှားမှုတွေ မတိုင်ခင် သြဂုတ်လလောက်ထဲက ဖမ်းဆီးခံရတဲ့ ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေပေါ့၊ ကိုမင်းကိုနိုင်၊ ကိုကိုကြီး အပါအ၀င် ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေ အခု သူတို့ ဖမ်းဆီးခံထားရတာလည်း တနှစ်တောင် ပြည့်တော့ပါမယ်။ သူတို့ကို တကယ်တမ်း ရုံးထုတ်တာတွေ၊ စစ်ဆေးတာတွေ ဘာမှ မတွေ့ရသေးဘူးခင်ဗျ။ အဲတော့ သူတို့ရဲ့ အခု ဖမ်းထားတဲ့ အခြေအနေနဲ့ပတ်သက်လို့ နောက်ဆုံး အခြေအနေ ကိုဘိုကြည်တို့ ဘာတွေများ သိထားလဲခင်ဗျ။ -
"အခု ၈၈ မျိုးဆက်ကျောင်းသား ခေါင်းဆောင်တွေဖြစ်တဲ့ မင်းကိုနိုင်တို့ ကိုကိုကြီးတို့၊ ကိုပြုံးချိုတို့ကို ဖမ်းဆီးထားတာက တနှစ်နီးပါး ရှိနေပြီ။ ဒါပေမယ့် ဒီ တနှစ်နီးပါးရှိတဲ့အချိန်မှာ သူတို့က ဥပဒေအရ ခံစားရတဲ့ ခံစားခွင့်တွေ ဘာတခုမှ မရသေးဘူး။ ရှေ့နေငှားခွင့်တို့၊ ရှေ့နေတွေနဲ့ တိုင်ပင်ခွင့်တို့ အဲဒီလို လွတ်လွတ်လပ်လပ် တွေ့ဆုံပြီးတော့ အမှုအကြောင်း ပြောဆိုခွင့်၊ ဥပဒေအရ ကာကွယ် ခံစားခွင့်တွေ တခုမှရတာ ကျနော်တို့ မတွေ့ရသေးဘူး။ အဲဒီအပြင် ကျန်းမာရေး စောင့်ရှောက်မှုအရလည်း လုံလောက်တဲ့ စောင့်ရှောက်မှုတွေ ပေးတာကို ကျနော်တို့ မတွေ့ရဘူး။ အဲဒီလို ကျန်းမာရေး စောင့်ရှောက်မှုတွေ မရတဲ့အတွက် ခေါင်းဆောင်တွေ ကျန်းမာရေးအရ ဆိုးဆိုးရွားရွား ခံစားနေရတာကို ကျနော်တို့ ကြားသိနေရတယ်။ အဲဒီအတွက် အရမ်းကို စိုးရိမ်စရာ ကောင်းပါတယ်။"
ဟုတ်ကဲ့။ အခု သူတို့ကို ဖမ်းဆီးထားတဲ့ ပုဒ်မတွေ ဥပဒေတွေနဲ့ပတ်သက်လို့ အခု ပုဒ်မတွေ ပြောင်းတယ်ဆိုပြီး ကျနော်တို့ ခဏခဏလည်း ကြားရပါတယ်။ အတည်ပြုချက်လည်း ယူလို့မရသေးပါဘူး။ နောက်ဆုံး ကိုဘိုကြည်တို့ရော ဘယ်လို ပုဒ်မတွေနဲ့ စွဲထားတယ်လို့ ကြားထားလဲခင်ဗျ။ -
"ပြီးခဲ့တဲ့ ရက်ပိုင်းတွေထဲက တချို့တွေကို ပုဒ်မ ၁၇/၁ နဲ့ ပြောင်းလဲပြီး စွဲတယ်လို့ ကျနော်တို့ ကြားပါတယ်။ အခုဟာက ဘယ်လို ဖြစ်နေလဲဆိုတော့ ပုဒ်မတွေကို ပြောင်းတယ်ဆိုတာက သူတို့က နိုင်ငံတကာကို သူတို့ ဥပဒေကြောင်းအရ တရားဝင် လုပ်နေပါတယ်လို့ ဖြေရှင်းဖို့အတွက် ပုဒ်မတွေကို ပြောင်းပြောင်းနေတာ ဖြစ်တယ်။ နောက်ခုကလည်း ဒီ ပုဒ်မတွေ ပြောင်းပြောင်းပြီး စွဲတဲ့အခါကျတော့ သူတို့က ဒီလူတွေကို ဆက်ပြီးတော့ ဖမ်းဆီး ချုပ်နှောင်ခွင့်ရှိမှာ ဖြစ်တယ်။"
သူတို့အမှုတွေကို အခုထက်ထိ ပြောင်ပြောင်တင်းတင်း မစစ်သေးတာ၊ နောက် တရားရုံး မတင်သေးတာ ဒီအနေအထားက ဘာကြောင့်လို့ ယူဆလို့ရမလဲခင်ဗျ။ ဘာဖြစ်လို့လဲဆိုတော့ သူတို့ကို တနှစ်နီးပါးလောက် ရှိနေပြီ။ ထိန်းသိမ်းထားတဲ့ သဘောပဲ ရှိသေးတယ်။ တကယ်တမ်း တရားရုံးမှာ တရားရင်ဆိုင်တာတွေ မတွေ့ရသေးဘူးခင်ဗျ။ -
"တချို့တွေကို တရားရုံးမှာ ဟန်ပြထုတ်နေတာမျိုးတွေ ရှိတယ်။ ဒါပေမယ့် ဒီလူတွေကို တခုခု အကြောင်းအရာတွေကို သေသေချာချာ စစ်တာမဟုတ်ဘဲနဲ့ ရမန်ယူဖို့ ထုတ်တာလောက်ပဲ ရှိပါတယ်။ ဒီလိုမျိုး လုပ်နေရတဲ့ အဓိက အကြောင်းရင်း ကတော့ သူတို့က ဒီလူတွေနဲ့ တစုံတရာ အပေးအယူ လုပ်ချင်နေသလား။ ညှိနှိုင်းနေသလား၊ အဲဒါမျိုးတွေက ရံဖန်ရံခါမှာ လုပ်တတ်တာမျိုးတွေ ရှိတယ်။ အဲဒီလို ညှိနှိုင်းနေရင်းနဲ့မှ မရလို့ရှိရင် နှစ်ရှည် ဝေါဝေါ ဝေါဝေါနဲ့ ထောင်ချပစ်လိုက် တာမျိုးတွေ လုပ်တာရှိပါတယ်။ ဆိုတဲ့အခါကျတော့ ဒါဟာ နိုင်ငံရေးအကျဉ်းသားတွေ ကြားထဲမှာ အထိန်းသိမ်းခံ နေရသူတွေကြားထဲမှာ သွေးခွဲဖို့အတွက် လုပ်နေတဲ့လုပ်ရပ်တွေနဲ့ ကျနော်တို့ တွေ့နေရတယ်။ တချို့လူတွေကိုတော့ ဒီကြားထဲမှာ ပြန်ပြီးတော့ ဟိုဟာမလုပ်နဲ့ ဒီဟာမလုပ်နဲ့ ဒါကို သဘောတူရင် လွှတ်ပေးမယ် ဆိုတာမျိုးတွေ ပြောပြီးတော့ တချို့ကို လွှတ်ပေးလိုက်တာမျိုးတွေလည်း ရှိနိုင်တယ်။ ဒီလို နည်းနဲ့ သူတို့က ရသလောက် သွေးခွဲမှာပဲ ဖြစ်တယ်။ အဲဒီလို သွေးခွဲဖို့အတွက်လည်း သူတို့က စနစ်တကျ လုပ်ဖို့ စီစဉ်ထားတာမျိုး၊ စနစ်တကျကို ဒီလိုပုံစံမျိုး လုပ်နေတာမျိုးကို ကျနော်တို့ တွေ့ရပါတယ်။"
အေအေပီပီ တွဲဖက်အတွင်းရေးမှူး ကိုဘိုကြည် ဖြစ်ပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေဟာ သြဂုတ်လအတွင်း အာဏာပိုင်တွေက လောင်စာဆီ ဈေးနှုန်း အဆမတန် တိုးမြင့်လိုက်တဲ့အပေါ် လမ်းလျှောက် ဆန္ဒပြမှုတွေ လုပ်ခဲ့ပြီးနောက် နေအိမ်တွေမှာ ဖမ်းဆီးခံခဲ့ရတာပါ။ ဒီနောက်ပိုင်း လှုပ်ရှားမှုတွေ ဆက်တိုက်ဖြစ်ရာကနေ မကြုံစဖူး သံဃာတွေရဲ့ ဆန္ဒပြမှုတွေအထိ အကြီးအကျယ် ဖြစ်ခဲ့ပြီး၊ အစိုးရက ဒီဆန္ဒပြမှုတွေကို အကြမ်းဖက် နှိမ်နင်း ဖမ်းဆီးခဲ့တာကြောင့် အသေအပျောက်တွေပါ ရှိခဲ့ပါတယ်။


အပြည့်အစုံဖတ်လိုလျှင်

ကြိုးစင်ပေါ်မှမှတ်တမ်းများ.... (ဂျူးလိယက်ဖူးချစ်)

အပြည့်အစုံဖတ်လိုလျှင်

ပျောက်ကျားစစ်ဆင်ရေး...........မျိုးချစ်ဒီမိုကရက်တစ်တပ်ပေါင်းစု ဘာသာပြန်ဋ္ဌါန


Read this document on Scribd: guerrila warfare

အပြည့်အစုံဖတ်လိုလျှင်

၄၉ တော်လှန်ရေးမျိုးဆက်တဦး၏ဘ၀ဒိုင်ယာရီ...ရဲဘော်ခင်ညို

အပြည့်အစုံဖတ်လိုလျှင်

၁၉၉၀ ဗမာပြည်ရွေးကောက်ပွဲမှတ်တမ်း

အပြည့်အစုံဖတ်လိုလျှင်

ကြောက်ရွံ့ခြင်းမှ လွတ်ကင်းရေး.........ဒေါ်အောင်ဆန်းစုကြည်

Read this document on Scribd: Freedom from fear

အပြည့်အစုံဖတ်လိုလျှင်

၆တိုက်မှာ လောက်ကိုက်တာခံဖူးသလား...၀င်းတင့်ထွန်း

အပြည့်အစုံဖတ်လိုလျှင်

အရေးတော်ပုံ လေးစောင်တွဲ

Read this document on Scribd: Four Uprising Of Burma

အပြည့်အစုံဖတ်လိုလျှင်

အနောက်နိုင်ငံများက မြန်မာစစ်အစိုးရ စစ်သံမှူးများကို လက်မခံ

NEJ/ ၁၁ ဇူလိုင် ၂၀၀၈

မြန်မာစစ်သံမှူးများနှင့် တွဲဖက်စစ်သံမှူးများကို နိုင်ငံအသီးသီးက လက်မခံတော့သည့်အတွက် အဆိုပါ စစ်သံမှူးဟောင်း စစ်အရာရှိများ နိုင်ငံခြားရေးဝန်ကြီးဌာန ရောက်လာမည်ကို အရပ်ဘက် ၀န်ထမ်းများ စိုးရိမ်နေသည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်တပ်မှ ပြောင်းလာသည့် စစ်အရာရှိများကို တဆင့်မြင့်ရာထူးဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ခန့်အပ်နေသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက်ဝန်ထမ်းများအား သတ်မှတ်သည့် ၀န်ထမ်းသက်အလိုက် ရာထူးပေးသည့်စနစ်ကို ရပ်ဆိုင်းထားသည်ဟု အရာရှိတဦးက ပြောသည်။
အရပ်ဘက်ဝန်ထမ်းများ ရာထူးတက်ပေးရာတွင် ဘာသာရပ်ဆိုင်ရာ အထူးကျွမ်းကျင်သူများ၊ လက်မှတ်ရပြီးသူများနှင့် မဟာဘွဲ့ရပြီးသူများမှအပ ကျန်အရပ်ဘက် ၀န်ထမ်းများကို ရာထူးတိုး ပေးတော့မှာ မဟုတ်သည့်အတွက် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက်ဝန်ထမ်း များ ပိုပြီး မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
မြန်မာစစ်အစိုးရ လုပ်ရပ်အပေါ် မကျေနပ်သည့်အတွက် နိုင်ငံခြား မြန်မာသံရုံးများတွင် စစ်သံမှူး များအား လက်မခံသည့် နိုင်ငံအရေအတွက်မှာ လက်ရှိ စစ်အစိုးရလက်ထက်တွင် အများဆုံး ဖြစ်သည်။ အထူးသဖြင့် လက်ရှိ စစ်အစိုးရလက်ထက်တွင် မြန်မာစစ်သံမှူးများ လက်မခံသည့် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ အများအပြားရှိသည်ဟု အမည်မဖော်လိုသည့် သံတမန် တဦးက ပြောသည်။
မြန်မာစစ်အစိုးရ စေလွှတ်သည့် စစ်သံမှူးများကို လုံးဝ လက်မခံသည့် နိုင်ငံများ ရှိလာသည့် အတွက် အချို့နိုင်ငံများရှိ မြန်မာသံရုံးများတွင် အနည်းဆုံး ဒု-အရာခံဗိုလ်အဆင့်များကို တွဲဖက်ထားနိုင်အောင် စစ်အစိုးရက မလိမ့်တပတ် ကြိုးပမ်းခဲ့သည်ဟု နေပြည်တော်သတင်း ရပ်ကွက်က ပြောသည်။
အဆိုပါ ဒု-အရာခံဗိုလ်အဆင့် တွဲဖက်စစ်သံမှူးများကို သက်ဆိုင်ရာ မြန်မာသံရုံး သံမှူးကြီးဖြစ်စေ၊ သံမှူးကဖြစ်စေ ပူးတွဲတာဝန်ယူ အုပ်ချုပ်ခဲ့သော်လည်း အဆိုပါ တွဲဖက်စစ်သံမှူးများမှာ တာဝန် သီးခြားမရှိဘဲ နိုင်ငံတော်ငွေ လာရောက်ဖြုန်းနေသူများဟု အရပ်ဘက် သံတမန်များက မြင်လေ့ ရှိသည်။
နိုင်ငံခြား မြန်မာသံရုံးများတွင် စစ်သံမှူးများကိုယ်စား ရောက်လာသည့် အဆိုပါ တွဲဖက်စစ်သံမှူး များတွင် အတိုက်အခံဘက်မှ ထောက်ပံ့ကြေး ရယူထားသူအချို့လည်း ပါဝင်သည်ဟု အမည် မဖော်လိုသည့် သံတမန်တဦးက ပြောသည်။
ယခုအခါ မြန်မာစစ်အစိုးရသည် နိုင်ငံခြား မြန်မာသံရုံးများရှိ စစ်သံမှူးများနေရာတွင် ခန့်ထားသည့် ဒု-အရာခံဗိုလ်အဆင့် တွဲဖက်စစ်သံမှူးများကိုပါ နိုင်ငံခြား စေလွှတ်တော့မှာ မဟုတ်သည့်အတွက် အဆိုပါ အရာရှိများ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ရောက်လာမည်ကို အရပ်ဘက် ၀န်ထမ်းများ စိုးရိမ်နေခြင်း ဖြစ်သည်ဟု စုံစမ်းသိရသည်။

အပြည့်အစုံဖတ်လိုလျှင်

မျိုးစပါး အပင်မပေါက်၍ လယ်သမားများ အခက်တွေ့


ပုံ။ ကန်စုရွာမှ လယ်ကွင်းတခု အနေအထား
မျိုးစပါး အပင်မပေါက်၍ လယ်သမားများ အခက်တွေ့
NEJ/ ၁၁ ဇူလိုင် ၂၀၀၈

ဧရာဝတီတိုင်း မုန်တိုင်းဒဏ်သင့် ဒေသများတွင် ယခုမိုးရာသီ အချိန်မီ စပါးစိုက်ပျိုးနိုင်ရန် မျိုးစပါး လိုအပ်နေသည့်အပြင် မျိုးစပါးများ မျိုးမအောင်သဖြင့် အခက်အခဲ ဖြစ်နေကြောင်း ဒေသခံ လယ် သမားများက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်၊ ဂွေးကုန်းအုပ်စု၊ ကန်စုရွာမှ လယ်သမားတဦးက “ကျနော်တို့ မိသားစု မုန်တိုင်းဒဏ်ခံရပေမယ့် လယ်တော့ ပြန်စိုက်နိုင်တဲ့အခြေအနေ ရှိပါသေးတယ်။ ဒါပေမယ့် မျိုးစပါးက ပြဿနာရှိတယ်၊ လက်ရှိ ၀ယ်ထားတဲ့ မျိုးစပါး တင်း (၁၀၀) ကျော်ကို ရေစိမ် အပင်ဖောက်တာ မပေါက်ဘူး။ မျိုးမအောင်တော့ စိုက်လို့မရဘူး။ နောက်ထပ် ရှာဝယ် ရဦးမယ်။ မျိုးစပါးကလည်း တတင်းကို ကျပ် (၁) သောင်းလောက်အထိ ဈေးမြင့်နေပေမယ့် မျိုးအောင်မယ် မအောင်ဘူး မသေချာတော့ ဒီနှစ် စိုက်နိုင်ပါ့မလားဆိုတာ မသေချာဘူး” ဟု ပြောသည်။
မျိုးစပါးများကို မစိုက်ပျိုးခင် (၂) ညခန့် ရေစိမ်ပြီး အပင်ဖောက်ရသည့်အတွက် ယခု ၎င်းတို့ ၀ယ်ယူရရှိသည့် မျိုးစပါးများ အပင်မပေါက်သောကြောင့် ဘဲမွေးမြူသူများကို အခမဲ့ ပေးပစ် ရကြောင်း၊ မျိုးမအောင် အပင်မပေါက်သည့်စပါးများကို အခမဲ့ပေးသူ များလွန်းသောကြောင့် ဘဲမွေးသူများပင် စပါးမသယ်နိုင်သည့်အခြေအနေအထိ ဖြစ်ရကြောင်း ရွာခံများက ပြောသည်။
ယခုကဲ့သို့ ဖြစ်ရခြင်းသည် ဧရာဝတီတိုင်းအတွင်း ရေစိုပြီး ပြန်အခြောက်လှမ်းထားသည့် စပါး များကို ဈေးကောင်းရသောကြောင့် မျိုးစပါးအဖြစ် ပြန်လည်ရောင်းချခြင်းအပါအ၀င် စစ်အစိုးရ ဖြန့်ဖြူးသည့် မျိုးစပါးများမှာလည်း အလားတူ ရေစိုစပါးများဖြစ်နေပြီး မျိုးစပါး မဟုတ်ခြင်း ကြောင့်ဟု ဒေသခံလယ်သမားများက ပြောကြသည်။
စစ်အစိုးရ မြန်မာ့စိုက်ပျိုးရေးလုပ်ငန်းမှ ထုတ်ပြန်ချက်အရ ဖျာပုံခရိုင်တခုတည်းမှာပင် လယ်ဧက (၃) သိန်းကျော်အတွက် မျိုးစပါးတင်း (၆) သိန်းခန့် လိုအပ်နေဆဲဖြစ်ကြောင်း၊ ပုဂ္ဂလိက အလှူရှင် များအနေဖြင့် လှူဒါန်းကြစေလိုကြောင်း ပြည်တွင်းဂျာနယ်အချို့တွင် ဖော်ပြထားပြီး အဆိုပါဒေသ တခုလုံး မြန်မာ့စိုက်ပျိုးရေးမှ မျိုးစပါး (၁၁၇,၈၉၂) တင်းသာ ဖြန့်ဝေပေးနိုင်ကြောင်း သိရသည်။
FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ ထုတ်ပြန်ချက်အရ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရသည့် ဧရာဝတီ တိုင်း (၇) မြို့နယ်တွင် လိုအပ်သည့် မျိုးစပါးတန်ချိန်မှာ အထူးအထွက်တိုး မျိုးအတွက် (၉၇၇) တန်၊ ထိပ်စ နှံကားမျိုးအတွက် (၁,၀၈၇) တန်နှင့် ဆားဒဏ်ခံ မျိုးစပါး (၂၅၇) တန် လိုသည်ဟု သိရသည်။ မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွားခံရသည့် ရန်ကုန်တိုင်း (၄) မြို့နယ်တွင် လိုအပ်သည့် မျိုးစပါးအရေအတွက်မှာ (၉၉၄) တန်ဖြစ်သည်ဟု FAO ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ထုတ်ပြန်ထားသည်။
ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်အပါအ၀င် အခြားမြို့နယ်များရှိ ရွာများတွင်လည်း မျိုးစပါးများ အပင်မပေါက် မျိုးမအောင်သဖြင့် အခက်အခဲဖြစ်နေကြောင်း စုံစမ်းသိရသည်။
အဆိုပါ ကန်စုရွာတွင် စစ်အစိုးရ ဖြန့်ဝေသည်ဆိုသော လယ်ထွန်စက်နှင့် မျိုးစပါးများ မရရှိသော ကြောင့် လယ်ယာလုပ်ငန်း ပြန်လည်လုပ်ကိုင်ရာတွင် အချို့မှာ ပုဂ္ဂလိက တပိုင်တနိုင် လှူဒါန်း သူများ၏ အကူအညီကို ရယူကြသကဲ့သို့ အချို့အပျက်အဆီး ဆုံးရှုံးမှုနည်းသည့် လယ်သမား များက ကိုယ့်အားကိုယ်ကိုး ပြန်လည်ထွန်ယက် စိုက်ပျိုးနေကြခြင်းဖြစ်သည်။
မုန်တိုင်းကျပြီးနောက်ပိုင်း မြန်မာနိုင်ငံ ဆန်စပါး စိုက်ပျိုးထုတ်လုပ်သူများအသင်းမှ တာဝန်ရှိသူ များက ပြည်ပမှ မျိုးစပါး တင်းပေါင်း (၂) သန်းခန့် တင်သွင်းခွင့်ပြုရန် အစိုးရထံ အကြံပြုတင်ပြ ခဲ့သော်လည်း အစိုးရက ခွင့်မပြုခဲ့ဟု အသင်းမှ ၀န်ထမ်းတဦးက ပြောသည်။
ဒေသခံလယ်သမားများက ၎င်းတို့သည် လောလောဆယ်တွင် အခြေအနေ ပေးသလောက် စိုက်ပျိုးနေကြသော်လည်း စိုက်မြေဧကများစွာ လျှော့နည်းမည်ဖြစ်သကဲ့သို့ လာမည့်မိုးစပါး ရာသီတွင် စပါးအများကြီး လျော့နည်းနိုင်ကြောင်း ခန့်မှန်းပြောဆိုနေကြသည်။

အပြည့်အစုံဖတ်လိုလျှင်

စစ်ကိုင်းတိုင်း ပဲခူးတိုင်း မြစ်ရေကြီး၊ လယ်များ ရေမြုပ်

ပီတာအောင်/ ၁၁ ဇွန် ၂၀၀၈

ချင်းတွင်းနှင့် စစ်တောင်းမြစ်ရေ တက်လာသဖြင့် စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ စပါးစိုက် လယ်ယာမြေအချို့ ရေနစ်မြုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ချင်းတွင်းမြစ် ရေလျှံမှုကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့အနီးရှိ ထန်းလေးပင်၊ ကျွန်းကြီး၊ နတ်ကြီး ကျွန်း၊ ညောင်ဖြူပင်၊ ညောင်ပင်ကြီး စသည့်ကျေးရွာများရှိ လယ်ကွင်းများ ရေနစ်မြုပ်လျက်ရှိ ကြောင်း မုံရွာမြို့ခံတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “မုံရွာတောင်ဘက်က ကျွန်းရွာတွေပေါ့ဗျာ၊ ရွာ (၂၀- ၃၀) လောက်ရှိမယ်၊ စပါးတွေ နှမ်းတွေ အကုန်ပျက်တယ်။ တချို့က ရိတ်ရမယ့်ဟာတွေ အချိန်မီ မရိတ်လိုက်နိုင်ဘူးပေါ့ဗျာ” ဟု ပြောသည်။
မုံရွာမြို့ပေါ်တွင်လည်း မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် (၃၀) စင်တီမီတာ ကျော်လွန်နေပြီး ယခု ထက် ပိုတက်လာပါက မြို့ပေါ်ရပ်ကွက်အချို့ရေမြုပ်သွားနိုင်ကြောင်း၊ မြို့အနောက်ပိုင်း ရပ်ကွက် များရှိ သီးနှံနှင့် ဆန်ပွဲရုံများ ရေမြင့်ရာသို့ ပြောင်းရွှေ့ထားနေကြသည်ဟု အဆိုပါမြို့ခံက ဆက် လက်ပြောသည်။
ပဲခူးတိုင်း မဒေါက်မြို့အနီးရှိ ကျေးရွာအချို့မှာမူ မြစ်ရေကြီးမှုကြောင့် မဟုတ်ဘဲ ရဲနွယ်ရေတံခါးမှ ရေလွှတ်လိုက်သဖြင့် စပါးကွင်းများ ရေလွှမ်းခံနေရကြောင်း မြို့ခံတဦးက ပြောသည်။
၎င်းက “အခုဖြစ်နေတာက ရေပေါ်တောင်ရွာအုပ်စုတွေဆိုလို့ရှိရင် ရဲနွယ်ရေတံခါးကလွှတ်တဲ့ အခါကျတော့ တာကြီးကခံထားတော့ အဲဒီရေက ချောင်းဘက်ကိုမစီးဘဲနဲ့ စပါးစိုက်ပြီးသား လယ်တွေမြုပ်ကုန်တယ်။ အဲဒီရေတွေဟာ ၀ါးရုံကုန်းတို့၊ တောင်သူကုန်းတို့အထိ ရေတွေ ဖွေးနေတာပဲ” ဟု ပြောသည်။
ရဲနွယ်ရေတံခါးသည် ရေအားလျှပ်စစ်ထုတ်လုပ်သည့်နေရာဖြစ်ပြီး ယမန်နှစ်က အဆိုပါ စီမံကိန်းပြီး ကတည်းက လယ်ယာမြေများ ရေလွှမ်းမှုနှင့်ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
ပဲခူးမြို့တွင်လည်း ပဲခူးမြစ်ရေလျှံမှုကြောင့် ကျောက်ကြီးစု၊ ဇိုင်းဂနိုင်းတောင်ပိုင်းနှင့် မြောက်ပိုင်း ရပ်ကွက်များ ရေ၀င်ကုန်ပြီး ပဲခူးမြို့အနီးရှိ ၀င်းကရင်နှင့် ၀င်းနက်ကြီးရွာများရှိ လယ်ဧက (၂၀၀) ခန့် ရေနစ်မြုပ်နေသည်ဟု ပဲခူးမြို့ခံတဦးထံမှ သိရသည်။
ညောင်လေးပင်မြို့၌မှု လယ်ပင်ဆိပ်ချောင်းရေလျှံမှုကြောင့် ကောက်ကွေ့ရွာနှင့် ရွက်လှကုန်းရွာရှိ စပါးပျိုးခင်းတချို့ရေနစ်မြုပ်သည်မှလွဲ၍ ကြီးကြီးမားမား အပျက်အစီးမရှိဟု သိရသည်။
ချင်းတွင်းမြစ်ရေသည် မော်လိုက်၊ ကလေးဝနှင့်မုံရွာမြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက် ရှိနေပြီး ခန္တီး၊ ဟုမ္မလင်း၌ စိုးရိမ်ရေမှတ် အောက်ပြန်လည် ကျဆင်းသွားပြီဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

အပြည့်အစုံဖတ်လိုလျှင်

ဒီကေဘီအေအတွက် ဆန်သယ်သည့်ကား အင်းတိုင်မှာ အဖမ်းခံရ

သတင်းထောက်မောင်မန်း/ ၁၁ ဇူလိုင် ၂၀၀၈

ရန်ကုန်မြို့မှ ဆန်အိတ်များ တင်ဆောင်လာသည့် ကား (၆) စီးကို ဇူလိုင် (၄) ရက်နေ့ အင်းတိုင် စစ်တပ်ဂိတ်မှ ဖမ်းဆီးရာ ဒီကေဘီအေ တပ်သား (၂၅၀) အတွက် ဆန်သယ်လာသည့် ကား တစီးကိုပါ ဖမ်းထားသည်ဟု ရန်ကုန် ဆန်ကုန်သည် သတင်းရပ်ကွက်က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆန်တင်လာသည့် အရပ်ကား (၅) စီးမှ ဆန်များကို အပြီးအပိုင် သိမ်းယူထားသော်လည်း ဒီကေဘီအေလက်နက်ကိုင်အဖွဲ့အတွက် ဆန်တင်လာသည့် ကားကိုမူ မကြာခင် အာဏာပိုင် တွေဘက်က ပြန်လွှတ်ပေးမည့် အလားအလာရှိသည့်အတွက် ဆန်ကုန်သည်များက မကျေ မနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
အဆိုပါကိစ္စနှင့်ပတ်သက်၍ ဒီကေဘီအေအဖွဲ့မှ ဗိုလ်ပြည်သိန်းကို ခေတ်ပြိုင်က မေးမြန်းရာ“ဒီကေဘီအေအတွက် ဆန်သယ်ဖို့ရှိတာကို သိပေမယ့် ဒီကေဘီအေ ဆန်ကားကို ဖမ်းတဲ့ကိစ္စ မသိသေးပါဘူး။ ဗိုလ်ချစ်သူကလည်း ဘားအံရောက်နေလို့ အဆက်အသွယ်မရ ဖြစ်နေပါတယ်” ဟု ဖြေကြားသည်။
ထိုအတောအတွင်း ရန်ကုန် ဘုရင့်နောင် ဆန်ကုန်သည်များကို မိုးစပါးမထွက်မီ သြဂုတ်၊ စက်တင် ဘာ၊ အောက်တိုဘာ (၃) လအတွင်း ဆန်ကို ထိန်းထားပေးရန် ရန်ကုန် ဒုတိယမြို့တော်ဝန် ဦးပါက ညွှန်ကြားထားသည်။ သို့သော် မည်ကဲ့သို့ ထိန်းရမည်ဆိုသည်ကိုမူ ရှင်းရှင်းလင်းလင်း ပြောဆို ခဲ့ခြင်းမရှိဟု ကုန်သည်များက ပြောသည်။
မုန်တိုင်းကြောင့် ဧရာဝတီဆန် ရန်ကုန်အ၀င် နည်းနေသည့်အတွက် လာမည့် သြဂုတ်မှစပြီး ရန်ကုန်မှာ ဆန်ပြဿနာ ကြုံနိုင်ကြောင်း ဆန်ကုန်သည်များနှင့် ပညာရှင်များက မှန်းထားပြီး မကြာခင် ရန်ကုန် ဒုတိယမြို့တော်ဝန် ဦးပါ က (၃) လအတွင်း ဆန်ထိန်းရောင်းရန် ယခုကဲ့သို့ ညွှန်ကြားခဲ့ခြင်းဖြစ်သည်။ ရန်ကုန်ဆန်ဈေးကွက်ကို ရန်ကုန် ဒုတိယမြို့တော်ဝန် ဦးပါက ၀င်ရောက်စွက်ဖက်ခြင်းသည် ဘုရင့်နောင် ဆန်ကုန်သည်များကို ဆန်အရောင်းအ၀ယ် မလုပ်ရန် ပြောသည်နှင့်တူသည်ဟု ဆန်ကုန်သည်များက ယူဆသည်။
နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်းအပါအ၀င် ပြည်နယ်တိုင်း (၄) ခု၏ စပါးပျက်စီးမှုကို တပြည် လုံး စိုက်ဧက၏ (၆၀) ရာခိုင်နှုန်း ပျက်စီးသည်ဟု အမေရိကန်လယ်ယာစိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သော်လည်း မြန်မာစစ်အစိုးရက တပြည်လုံး စိုက်ဧက၏ (၁) ရာခိုင်နှုန်းသာ ပျက်စီး သည်ဟု ကြေညာသည်။
ရန်ကုန်ဆန်ဈေးကွက်တွင် ပေါ်ဆန်းဈေးက တအိတ်ကို (၃၆,၀၀၀) ထိ ခုန်တက်နေပြီး ဆန်ကြမ်း ဈေးက အမျိုးအစားလိုက်ပြီး တအိတ်ကို (၁၂,၀၀၀) မှ (၁၈,၀၀၀) ထိ ဈေးမြောက်နေသည်။

အပြည့်အစုံဖတ်လိုလျှင်

ရန်ကုန်စက်မှုဇုန်မှ စက်ရုံအချို့ဈေးကွက်မရှိသဖြင့် ပိတ်ထားရ

NEJ/ ၁၁ ဇူလိုင် ၂၀၀၈

ရန်ကုန်ရှိ စက်မှုဇုန်များတွင် စက်ရုံအချို့ကို ရပ်နားထားရကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အထူးသဖြင့် အော်ဒါမရဘူး။ တချို့က စက်တွေပျက်နေတယ်။ အရင်းအနှီး ထပ်ထည့်ပြီး ပြန်မပြင်ချင်ကြတော့ဘူး။ ဘာလို့လဲဆိုတော့ စီးပွားရေးက မကောင်းဘူးလေ” ဟု ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြည်ပသို့ ပို့သော Export အ၀တ်အထည်များ ရန်ကုန်တွင် ဈေးပေါပေါဖြင့် ဆိုင်ဖွင့်ရောင်းချ နေကြရသည့် အနေအထား ရောက်နေကြောင်း သိရသည်။
“ပြည်ပကို တင်ပို့မယ့် အထည်ဈေးထဲမှာ အနာအဆာတွေ ပါတာကိုမှ အရင်တုန်းက ဒီလိုဆိုင် တွေမှာ တင်ရောင်းတာ၊ အခုက တင်ပို့မယ့် အကောင်းတွေကိုပါ ရောင်းပါတယ်” ဟု လှည်းတန်း အနီး အင်းစိန်လမ်းမပေါ်မှ Export အထည်ဆိုင်တဆိုင်က ပြောသည်။
လွန်ခဲ့သော (၇) နှစ်ခန့်က ဂျပန်သို့ ဆရာဝန်ယူနီဖောင်းများ အော်ဒါရရှိသော လှိုင်သာယာမှ အထည်ချုပ်စက်ရုံ တရုံဆိုလျင် ယခုအခါ အဆိုပါ ယူနီဖောင်းများကို ဂျပန်သို့ မပို့တော့ဘဲ ရန်ကုန်ရှိ ဆေးရုံ ဆေးခန်းများသို့ အသိများမှတဆင့် ကမ်းလှမ်းရောင်းချနေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းတွင် စက်ရုံပေါင်း (၅,၃၈၀) ကျော် ရှိသည်ဟု စစ်အစိုးရထုတ် သတင်းစာ များတွင် ဖော်ပြထားပြီး နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသော စက်ရုံများကို ပြင်ဆင်ပြီးဖြစ်၍ ရာနှုန်းပြည့်နီးပါး စက်ရုံများ ပြန်လည်ပြီဟု သတင်းစာတွင် ရေးသားဖော်ပြသည်။
သို့သော် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော စက်ရုံများအားလုံး ပြင်ဆင်လည်ပတ်နေပြီ ဆိုသည်မှာ မမှန်ကန်ကြောင်း ရွှေပြည်သာမြို့နယ် စက်ရုံတရုံမှ အလုပ်သမားတဦးက ပြောသည်။
“နာဂစ်ကြောင့် စက်ရုံပေါင်း (၄,၀၀၀) ပျက်စီးသွားတာလို့ ကျနော်တို့ လူကြီးက ပြောတယ်ဗျ။ ဘယ်ကလာ အားလုံးပြီးမှာလဲ။ ပြင်ဆင်ရင် ကုန်ကျမယ့်စရိတ်နဲ့ စက်ရုံကို အမှာတွေ မလာဘူး။ အထူးသဖြင့်တော့ အထည်ချုပ်လုပ်ငန်းတွေ အမှာမရကြဘူးလေ။ ၀န်ထမ်းတွေတောင် လျှော့တဲ့ သူလျှော့နေကြတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းတွင် အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်ဟူ၍ ခရိုင် (၄) ခုရှိပြီး အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်တို့တွင် စက်ရုံများ မရှိကြောင်း ၎င်းက ပြောသည်။
အစိုးရက အပြင်းအထန် အကောင်အထည်ဖော်နေသော တောင်ပိုင်းခရိုင် သီလ၀ါစက်မှုဇုန်တွင် လောလောဆယ် မည်သည့်ကုန်ထုတ်လုပ်မှုမှ မလုပ်နိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်။

အပြည့်အစုံဖတ်လိုလျှင်

တရုတ်အိုလံပစ်သို့ မြန်မာအားကစားသမား (၆) ဦးစေလွှတ်မည်

ပီတာအောင်/ ၁၁ ဇူလိုင်၂၀၀၈

တရုတ်နိုင်ငံ ပေကျင်းမြို့၌ ကျင်းပမည့် အိုလံပစ်အားကစားပြိုင်ပွဲသို့ မြန်မာအားကစားသမား (၆) ဦးအပါအ၀င် အဖွဲ့ဝင် (၂၀) ကျော် သွားရောက်မည်ဟု အားကစားဝန်ကြီးဌာနမှ ဦးစီး အရာရှိတဦးက ခေတ်ပြိုင်သို့ ပြောသည်။
မြန်မာအားကစားသမားများအနက် အမျိုးသား (၄) ဦးနှင့် အမျိုးသမီး (၂) ဦးတို့ ပါဝင်ပြီး ပြေးခုန် ပစ်၊ ရေကူး၊ မြားပစ်၊ ကနူးလှေနှင့် အနောက်တိုင်းလှေလှော် အားကစားနည်း (၅) မျိုး ပါဝင် ယှဉ်ပြိုင်မည်ဖြစ်ပြီး ယမန်နှစ်က ထိုင်းနိုင်ငံ၌ ကျင်းပသည့် ဆီးဂိမ်းစ်ပြိုင်ပွဲ ဆုတံဆိပ်ရ အတွေ့ အကြုံရှိ အားကစားသမားများ ပါဝင်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အားကစားသမားများမှာ အပြေး စိုးမင်းသူ မီတာ (၅,၀၀၀) နှင့် လဲ့လဲ့ဝင်း မီတာ (၂၀၀)၊ မြားပစ် နေမျိုးအောင်၊ ရေကူး ကျော်ဇင်၊ ကနူးလှေလှော် ဖုန်းမြင့်တေဇာနှင့် အနောက်တိုင်း လှေလှော် ရွှေဇင်လတ်တို့ဖြစ်သည်။
“ပြိုင်ပွဲစမှာက ရှေ့လ (၈) ရက်နေ့ဆိုတော့ (၃-၄) ရက်လောက် ကြိုထွက်မယ်ထင်တယ်။ မြန်မာ အဖွဲ့က ၀န်ကြီး (ဗိုလ်မှူးချုပ်သူရအေးမြင့် ) အပါအ၀င် အားလုံး (၂၁ ) ယောက် ပါမယ်။ အား ကစားသမား (၆) ယောက်၊ ဒိုင် (၁) ယောက်၊ အိုလံပစ်လူငယ်စခန်းအတွက် (၂) ယောက်ပါမယ်” ဟု အားကစားဝန်ကြီးဌာနမှ ဦးစီးအရာရှိတဦးက ပြောသည်။
(၂၉) ကြိမ်မြောက် အိုလံပစ်ပြိုင်ပွဲကို တရုတ်နိုင်ငံ ပေကျင်းမြို့၌ သြဂုတ် (၈) ရက်မှ (၂၄) ရက်ထိ ကျင်းပမည်ဖြစ်ပြီး နိုင်ငံပေါင်းစုံမှ အားကစားသမားပေါင်း (၁၀,၅၀၀) ခန့်က အားကစားနည်း (၂၈) မျိုးတွင် အမျိုးအစားပေါင်း (၃၀၀) ကျော် ယှဉ်ပြိုင်ကြမည်ဖြစ်သည်။
မြန်မာနိုင်ငံအနေဖြင့် ၁၉၄၈ ခု (၁၄) ကြိမ်မြောက် လန်ဒန်အိုလံပစ်ပြိုင်ပွဲမှစ၍ အားကစားသမား များ စေလွှတ်ခဲ့ပြီး ၁၉၇၆ ခု (၂၁) ကြိမ်မြောက် ကနေဒါ အိုလံပစ်သို့ စေလွှတ်ခြင်းမရှိခဲ့ပေ။ ပြီးခဲ့သည့် ၂၀၀၄ အေသင်အိုလံပစ်ပြိုင်ပွဲ၌ မြန်မာအမျိုးသမီး အားကစားသမား (၂) ဦးသာ မြားပစ်နှင့် အလေးမပြိုင်ပွဲ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သည်။
အိုလံပစ်ပြိုင်ပွဲများတွင် မြန်မာအားကစားသမားများ ဆုတံဆိပ် ရရှိခဲ့ဖူးခြင်း မရှိသော်လည်း ၁၉၇၂ ခု အကြိမ် (၂၀) မြောက် မြူးနစ်အိုလံပစ်၌ မြန်မာဘောလုံးအသင်း အသန့်ရှင်းဆုံးဆု ရရှိခဲ့ပြီး ဖလိုင်းဝိတ်တန်း အလေးမပြိုင်ပွဲ၌ အောင်ကြည်က ကမ္ဘာ့စံချိန် ချိုးဖူးသည့် မှတ်တမ်းရှိသည်။


အပြည့်အစုံဖတ်လိုလျှင်

ထီဈေးနှုန်း မတိုးမြှင့်ရန် သတိပေး

NEJ/ ၁၁ ဇူလိုင် ၂၀၀၈
ထီဈေးနှုန်း တိုးမြှင့်မရောင်းချရန် အောင်ဘာလေသိန်းဆုဌာနခွဲက သတိပေးထားကြောင်း ထီ လုပ်ငန်းရှင်များက ပြောသည်။
“သတိပေးတယ်ဆိုပေမယ့် ပြင်းပြင်းထန်ထန် အရေးယူတာမျိုးနဲ့ မဟုတ်ပါဘူး။ ဒါပေမယ့် ထီဈေး တွေ တိုးမြှင့်မရောင်းရင် ထီဆိုင်တွေရဲ့စရိတ်ကို သူတို့က ပေးမှာလားလို့တောင် မေးချင်တယ်။ ဆိုင်ခန်းတွေ အခု (၃) သိန်းနဲ့ မရတော့ဘူး၊ (၄) သိန်းကျော်နေပြီ။ ၀န်ထမ်းတွေရဲ့လစာ အရင်လို (၃) သောင်းလောက်နဲ့ မလုပ်နိုင်ကြတော့ဘူး။ အခု (၅) သောင်းလောက် ပေးနေရတယ်။ ထီ ထည့်ဖို့ ကတ်တွေ ၀ယ်ရတာ၊ ပုံနှိပ်ခ၊ ကြော်ငြာစရိတ်၊ သယ်ယူပို့ဆောင်ခ စရိတ်၊ ဒါတွေကို မထည့်ဘဲ ရောင်းရင် ရောင်းတဲ့လူက အရူးပေါ့” ဟု ထီလုပ်ငန်းရှင်တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုလတွင် အောင်ဘာလေသိန်းဆုဌာနခွဲမှ “ကက” နံပါတ် အက္ခရာတလုံး ထပ်တိုးလိုက်သည့် အတွက် ထီတအုပ်လျှင် စောင်ရေ (၃၄) စောင် ဖြစ်သွားကြောင်း သိရသည်။
“ထီစောင်ရေများလာလေလေ ပေါက်ဖို့က ခဲယဉ်းလေလေပဲ။ အစိုးရကတော့ ၀င်ငွေပိုရသွား တာပေါ့“ ဟု ထီလစဉ် ထိုးနေသူတဦးက ပြောသည်။
ပြည်တွင်းထုတ် သတင်းဂျာနယ်တစောင်တွင် ၂၀၀၇ ခု ဧပြီအထိ ထီနံပါတ် အက္ခရာ အလုံး (၃၀) ထုတ်ပေးရာက ၂၀၀၇ ခု မေတွင် (၃၂) လုံး၊ ၂၀၀၇ ခု ဇွန်တွင် (၃၃) လုံး အဆင့်ဆင့် တိုးလာခဲ့ သည်ဟု ဖော်ပြထားသည်။
ရန်ကုန်တွင် လက်ရှိ ပုဂ္ဂလိကများ ရောင်းနေသော ထီဈေးနှုန်းမှာ တစောင်လျှင် (၁၈၀) ကျပ်မှ (၂၀၀) ကျပ်အထိ ရှိကြောင်း၊ အစိုးရက ထီ (၁၁) စောင်ပါ တအုပ်လျှင် (၁,၀၀၀) ကျပ်ဖြင့် ရောင်းချပေးကြောင်း၊ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေဖြင့် တစောင်လျှင် (၉၁) ကျပ်သာရှိကြောင်း သိရသည်။
အောင်ဘာလေ သိန်းဆုဌာနခွဲက ထီအုပ်ရေ (၂၇) သိန်းထိ လစဉ် လက်ကျန်မရှိ ရောင်းချပေးနေ ကြောင်း အဆိုပါဌာနခွဲ၏ တာဝန်ရှိသူက ပြောသည်။
ထီလက်မှတ်ရောင်းရငွေမှ (၄၀) ရာခိုင်နှုန်းကို အစိုးရက အခွန်ဘဏ္ဍာငွေအဖြစ် ယူထားပြီး (၆၀) ရာခိုင်နှုန်းကို ဆုငွေအဖြစ်ပေးကြောင်း ပြောသည်။
အပြင်တွင် ထီဈေး ဈေးကြီးရခြင်းမှာ အပိုဆုငွေများ အပြိုင်အဆိုင်ပေးခြင်း၊ ဆိုင်ခန်းခများ၊ ခရီး စရိတ်၊ ၀န်ထမ်းလစာများ စသည့် ၀န်ဆောင်မှုများကြောင့် ဖြစ်ကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းနိုင်ငံ၌ ဖမ်းဆီးခံရသည့် တရားမ၀င် အလုပ်သမားပေါင်း (၄) သောင်းခွဲရှိပြီ

ပီတာအောင်/ ၁၁ ဇူလိုင် ၂၀၀၈

ထိုင်းနိုင်ငံ၌ တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် မြန်မာအပါအ၀င် နိုင်ငံခြားသား အလုပ်သမား ပေါင်း (၄၅,၀၀၀) ကို (၈) လအတွင်း ဖမ်းဆီးရမိခဲ့ကြောင်း ထိုင်းအလုပ်အကိုင်ရှာဖွေရေးဌာန ကြေညာချက်ကို ကိုးကား၍ ယခုသီတင်းပတ်ထုတ် ချင်းမိုင်မေးလ်သတင်းစာ၌ ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုပမာဏသည် ယမန်နှစ် အောက်တိုဘာ (၁) ရက်မှ ၂၀၀၈ မေ (၃၁) ရက်အတွင်း ဖမ်းဆီး ရမိခြင်းဖြစ်ပြီး ဖမ်းဆီးခံရသူများအနက် အများစုမှာ မြန်မာအလုပ်သမားများဖြစ်သည်။ ကျန်လူ နည်းစုမှာ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ အလုပ်သမားများဖြစ်သည်။ ထိုင်းနိုင်ငံရှိ ကုမ္ပဏီလုပ်ငန်းပေါင်း (၂၆, ၇၆၄) ခုတွင် မြန်မာ၊ လာအိုနှင့် ကမ္ဘောဒီးယားနိုင်ငံတို့မှ တရားမ၀င်အလုပ်သမားပေါင်း (၁၂၆,၀၀၀) ဦး အလုပ်လုပ်ကိုင်နေသည်ဟု ထိုင်းအလုပ်အကိုင် ရှာဖွေရေးဌာနက ခန့်မှန်းထားပြီး နိုင်ငံခြားသား အလုပ်အကိုင် ခန့်ထားမှုဥပဒေကို ချိုးဖောက်သည့် အလုပ်ရှင် အမှုပေါင်း (၇၈၄) မှု ရှိသည်ဟု သိရသည်။ပြီးခဲ့သည့် ဇွန် (၁၅) ရက်၌ အသစ်ပြောင်းလိုက်သည့် ထိုင်းဥပဒေအရ တရားမ၀င် အလုပ်သမား ခန့်သည့်အလုပ်ရှင်ကို ထိရောက်သည့် အရေးယူမှု မတွေ့ရဘဲ အလုပ်သမားကိုသာ (၅) နှစ်ထက် မပိုသည့် ပြစ်ဒဏ် သို့မဟုတ် ဘတ်ငွေ (၂,၀၀၀) မှ (၁) သိန်းထိ ချမှတ်နိုင်ကြောင်း ပြဋ္ဌာန်းထား သည်ဟု ထိုင်းနိုင်ငံ ဖန်ငအခြေစိုက် အလုပ်သမားအခွင့်အရေး ကာကွယ်ဆောင်ရွက်သည့် အခြေခံ လူထုလူ့အခွင့်အရေး ပညာပေးဌာန ဒါရိုက်တာ ဦးထူးချစ်က ပြောသည်။၎င်းက “ဥပဒေရှိတာတောင်မှပဲ တရားဝင် အဖမ်းခံရတဲ့ အလုပ်ရှင်ဆိုတာ ကျနော်တို့ တခါမှ မကြား ဖူးဘူး။ အခုထပ်ပြီးတော့ အတည်ပြုလိုက်တဲ့ ဥပဒေက အလုပ်ရှင်တွေကို ပိုပြီးတော့ မတရား လုပ်ခွင့် ပေးလိုက်သလို ခံစားရတယ်။ အလုပ်ရှင်ရဲ့အခွင့်အရေးက အများကြီးရှိပြီး အလုပ်သမား တွေက အခွင့်အရေးမရှိဘူး။ ဒါကြောင့်မို့လို့ ဥပဒေသစ်က အလုပ်ရှင်နဲ့ အစိုးရအတွက်ပဲ အကျိုး ရှိပြီး အလုပ်သမားတွေအတွက် အကျိုးမရှိဘူးလို့ မြင်တယ်” ဟု ပြောသည်။ယခင် ဥပဒေဟောင်း၌ တရားမ၀င် အလုပ်သမားခန့်ထားသည့် အလုပ်ရှင်သည် ထောင်ဒဏ် (၃) နှစ်နှင့် ငွေဒဏ် (၆၀,၀၀၀) ကျခံရနိုင်ပြီး တရားမ၀င် အလုပ်သမားသည် (၃) နှစ်ထက် မကျော်သည့် ပြစ်ဒဏ်နှင့် ငွေဒဏ် ဘတ် (၅,၀၀၀) ကျခံရမည်ဟု ပြဋ္ဌာန်းထားသည်။ဥပဒေ၌ မည်သို့ပင် ပြဋ္ဌာန်းထားစေကာမှု လက်တွေ့အခြေအနေတွင် ဖမ်းဆီးခံရသည့် တရားမ၀င် အလုပ်သမားများကို ရဲအချုပ်ဖြင့် ထားရှိပြီး ဒဏ်ငွေဆောင်နိုင်ပါက ဘတ်ငွေ (၈) ထောင်ခန့် ပေးရကြောင်း၊ ဒဏ်ငွေ မဆောင်နိုင်ပါက လူဝင်မှုကြီးကြပ်ရေးအချုပ်ထောင်တွင် (၄၅) ရက်ခန့် အချုပ်ကျခံရပြီး နယ်စပ်သို့ ပြန်ပို့ခံရလေ့ရှိသည်ဟု ဘန်ကောက်မြို့ရှိ ကရင်အလုပ်သမားသမဂ္ဂ တာဝန်ခံ စောသန်းဇော်က ပြောသည်။ ပြီးခဲ့သည့် မတ်လအထိ ထိုင်းနိုင်ငံ၌ အလုပ်သမား (၆၂၁, ၄၃၇) တရားဝင် မှတ်ပုံတင်ထားပြီး တရားမ၀င် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသား အလုပ်သမားပေါင်း (၇) သိန်းခန့် ရှိသည်ဟု ထိုင်းအလုပ်သမားဝန်ကြီးဌာနက ခန့်မှန်းထားသည်။

အပြည့်အစုံဖတ်လိုလျှင်

ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကေအန်ယူသို့ ပြန်လည်ဝင်ရောက်လာသည့် ဒု-ဗိုလ်မှူးကြီးစောဂေထူးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း

ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကေအန်ယူသို့ ပြန်လည်ဝင်ရောက်လာသည့် ဒု-ဗိုလ်မှူးကြီးစောဂေထူးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း

ယခင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဌေးမောင်သည် ယမန်နှစ် ဖေဖော်ဝါရီ (၁၁) ရက်က ကေအန်ယူမှ ခွဲထွက်ကာ အင်အား (၃၀၀) ခန့်နှင့်အတူ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး နအဖနှင့် ပူးပေါင်းသွားခဲ့သည်။ ဗိုလ်မှူးချုပ်စောဌေးမောင်နှင့် ထော့ကိုကိုးစခန်းသို့ လိုက်ပါသွားသူ ဒု-ဗိုလ်မှူးကြီး စောဂေထူးသည် မကြာခင်က ကေအန်ယူသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ကေအန်ယူအဖွဲ့မှ ခွဲထွက်ပြီး (၁) နှစ်ကျော်အကြာတွင် ပြန်လည်အလင်းဝင်လာသူ ဒု-ဗိုလ်မှူးကြီး စောဂေထူးအား မိခင် ကေအန်ယူတပ်မဟာ (၇) သို့ ပြန်လာရသည့်အကြောင်းရင်းကို ခေတ်ပြိုင်ကမေးရာ ဒု-ဗိုလ်မှူးကြီးစောဂေထူးက ယခုကဲ့သို့ စတင်ဖြေသည်။
ဖြေ။ ။ ဟိုမှာဆက်နေရင် နအဖရဲ့သွေးထိုးသပ်လျှိုမှုကြားမှာ ကောက်စားခံရမှာကို စိုးရိမ်ပြီး နောက်ကျောမလုံတဲ့အတွက် ဒီဘက်ကို ပြန်လာရတာဖြစ်တယ်။ ဟိုမှာလည်း စိတ်ကုန်ပြီး ပြန်လာ ချင်တဲ့လူတွေ အများကြီးရှိပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးကောင်စီမှာ ဘာရာထူးနဲ့ တာဝန်ယူခဲ့ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးကောင်စီမှာ ဒု-ဗိုလ်မှူးကြီး ဆက်သွယ်ရေးဌာနတာဝန်ခံ (ဗဟို) ဖြစ်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လက်ရှိအင်အား (၈၀၀) ခန့်ရှိတယ်။ ကုလား၊ ကရင်၊ ရခိုင်၊ ဗမာ အစုံပဲ။ လက်နက် အင်အားက (၂၀၀) လောက်ရှိတယ်။ ရောက်ကာစက နအဖက လက်နက်ငယ် (၂၀၀) ပေးမယ် လို့ပြောတယ်။ အခုထိ တလက်မှ မပေးဘူး။ ကြည့်ရတာ ကျနော်တို့ကို မယုံဘူးနဲ့တူတယ်။ အဖွဲ့ ရပ်တည်ဖို့အတွက် နအဖက မြ၀တီနဲ့ မော်လမြိုင်ကို နော်တရာ ကားလိုင်းအမည်နဲ့ ကားဆွဲခွင့် ပေးတယ်။ အဲဒါကို တာဝန်ယူရတာက ကျနော်တို့အဖွဲ့က ဗိုလ်မှူးမောင်ကျော် ဖြစ်တယ်။ ဒီလူက ရတဲ့ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက်သုံးပြီး အဖွဲ့ကို တ၀က်လောက်ပဲပေးတော့ ပြဿနာတွေ ဖြစ်ပြီး ဗိုလ်ဌေးမောင်က သူ့ကို အဖွဲ့က ထုတ်ဖို့အထိ လုပ်တယ်။ အဲဒါကို မောင်ကျော်နဲ့ ဝေစား မျှစားလုပ်တဲ့ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးမင်းချစ်ဦးက ဗိုလ်ဌေးမောင်ကို သွားပြီး တကြိမ်တခါမှားတာ ခွင့်လွှတ်ပေးပါ၊ နောက်ကို မဖြစ်စေရပါဘူး၊ သူတာဝန်ယူပါတယ်လို့ သွား ပြောတဲ့အတွက် သူ့ကိုမထုတ်တာ။ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးကတော့ မောင်ကျော်ကို လုံးဝကြည့်လို့မရဘူး။ သူတို့ ပရိယာယ်လုပ်တာလားတော့ မသိဘူး။ အခုကြား တာကတော့ မောင်ကျော် ဂျာမနီပြန်သွားတယ်။ ကျနော်ထင်တယ် သူပြန်လာရဲတော့မှာ မဟုတ် ဘူး။ သူ့ကို မကြိုက်တဲ့လူ အဖွဲ့ထဲမှာ အများကြီးရှိတယ်။
မေး။ ။ အဖွဲ့ခေါင်းဆောင် ဗိုလ်ဌေးမောင်ရဲ့ အနေအထား သိပါရစေ။

ဖြေ။ ။ ဗိုလ်ဌေးမောင်ကတော့ ငြိမ်းချမ်းရေးလိုချင်တာ တခုပဲသိတယ်။ အခြားဟာတွေ သိပ် မတွေးဘူး။ သူထင်တာက ကရင်နဲ့ ဗမာ တိုက်တာ ကရင်လည်းမနိုင်ဘူး၊ ဗမာလည်းမနိုင်ဘူး။ ကရင်နဲ့ ဗမာ မတိုက်ခိုက်ကျရင် ငြိမ်းချမ်းရေးရပြီလို့ သူထင်တယ်။ အဖွဲ့ကို စောင့်ကြည့်တာဝန် ယူရတဲ့ နအဖ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးနဲ့ မင်းချစ်ဦးဟာ ဗိုလ်ဌေးမောင် ဘယ်ကိုပဲ သွားသွား အနောက်က အမြဲလိုက်တယ်။ သူဘာလုပ်လုပ် သူ့နားမှာ ထောက်လှမ်းရေးတွေ အမြဲရှိတယ်။ ဗိုလ်ဌေးမောင် နေထိုင်မကောင်းဖြစ်ရင် နအဖ ကောင်းကောင်းမွန်မွန် ဆေးဝါး ကုသပေးတယ်။ ဗိုလ်ဌေးမောင် သေမှာကို သူ့တို့ စိုးရိမ်တယ်။ ဗိုလ်ဌေးမောင် သေရင် ကျန်တဲ့ လူတွေ အကုန် တောပြန်ခိုမယ်လို့ သူတို့ယုံကြည်ထားတယ်။ ဗိုလ်ဌေးမောင်ကို နယ်စပ်ဘက် ပေးမလာတော့ဘူး။ ထော့ကိုကိုးနဲ့ ဘားအံ၊ ရန်ကုန်၊ မော်လမြိုင်၊ ဧရာဝတီတိုင်းတွေကိုပဲ ပေးသွားတယ်။ သူ့ကို ပညာသားပါပါနဲ့ နအဖက ချုပ်ကိုင်ထားတယ်။
မေး။ ။ ယခင်နှစ်က ဗိုလ်ဌေးမောင်ရဲ့သမက် စောလယ်မူးလုပ်ကြံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ ကျနော်ထင်တာကတော့ ဒီကိစ္စ နအဖလက်ချက်ပဲ။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီ (၂၉) ရက်နေ့ ည (၁၂) နာရီမှာ လယ်မူးဟာ မယ်လမှာရှိတဲ့ သူ့အိမ်မှာ အိပ်နေရင်း အိပ်ယာအောက်မှာ ထောင် ထားတဲ့ဗုံးပေါက်ကွဲပြီး သေသွားတယ်။ ဗုံးမပေါက်ကွဲခင် စပ်ကြားမှာ မောဖားသူးစခန်းမှာ ထိုင်တဲ့ နအဖ တပ်ဖွဲ့တွေကနေ အကြောင်းကြားလာတယ်။ ခင်ဗျားတို့ သတိထားကြပါ။ ခင်ဗျားတို့ စခန်း အနီးအနားမှာ တစုံတခု ဖြစ်လိမ့်မယ်လို့ ပြောတယ်။ သူပြောပြီး မကြာဘူး၊ ဗုံးပေါက်ပြီး လယ်မူး သေသွားတယ်။ နအဖက ထပ်ပြောတယ်။ ဒီလုပ်ကြံမှုဟာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ တပ်ရင်း (၇၀၃) က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်အေးရဲ့ လက်ချက်ဖြစ်တယ်။ ကျော်အေးနဲ့အတူ နောက်ထပ် ပတ်သက်နေသူတွေရှိသေးတယ်လို့လည်း ပြောတယ်။ ဒီကိစ္စ ကျော်အေးနဲ့ မပတ်သက်ဘူးဆိုတာ အားလုံးသိတယ်။ ဒါကို လယ်မူးမိန်းမနဲ့ လယ်မူးတူတွေက မသိဘူး။ ဗိုလ်ကျော်အေးကို သွားဖမ်းလာပြီး ၀ိုင်းဝန်းရိုက်နက် ထိုးကြိတ်ကြပြီး ပစ်သတ်လိုက်တယ်။ အဲဒီအဖြစ်ကိုကြည့်ပြီး ကျနော်တို့ ဆီမှာရှိတဲ့ တပ်မှူးတွေဟာ သြော်.. နအဖကတော့ ငါတို့ကို တကောင်ပြီး တကောင် ကောက်စားကြတော့မယ်ဆိုပြီးတော့ ပြောဆိုကြတယ်။ အဲဒီထဲက ကျနော်တို့လည်း နောက်ကျောသိပ်မလုံတော့ဘူး။ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ဆိုပြီးတော့ တွေးပူနေရတယ်။ ဒါကြောင့် အခွင့်သာတာနဲ့ အခုလို ထွက်လာတာပါ။
မေး။ ။ ပဒိုမန်းရှာ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင်ရဲ့အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ပဒိုမန်းရှာ သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင် ပြောတာကတော့ ပဒိုမန်းရှာဟာ မဲဆောက်မှာနေတာ ဘယ်လိုဖြစ်လို့ လွယ်လွယ်ကူကူနဲ့ သူများသွားကြံလို့ရတာလည်းလို့ ပြော ဖူးတယ်။ အခြားတော့ ပဒိုမန်းရှာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောတာဆိုတာတွေတော့ မကြားမိပါဘူး။
မေး။ ။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်လေ့လာကြည့်သလောက် ကေအန်ယူ၊ ကေအန်ဒီအို၊ ဒီကေဘီအေနဲ့ အခြား ကရင်အဖွဲ့တွေဟာ ကိုယ့်အမျိုးကိုတော့ အားလုံးချစ်ကြတယ်။ အဓိက ညီညွတ်ရေးကို မတည် ဆောက်နိုင်တာ အဆိုးဆုံးပြဿနာပဲ။ နအဖကတော့ ခွဲမှာပဲ။ အဲဒါကို အားလုံး သတိရှိဖို့လိုတယ်။
မေး။ ။ ရှေ့ဆက် ဘာလုပ်ဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ။ ။ ကျနော်အသက် (၆၈) နှစ် ရှိပါပြီ။ ကေအန်ယူထဲကို ၁၉၅၈ ခုနှစ်မှာ ၀င်တယ်။ အဲဒီကနေ ဗိုလ်ဌေးမောင် ငြိမ်းချမ်းရေးကောင်စီနဲ့ မနှစ်က ဖေဖော်ဝါရီလမှာ ထော့ကိုကိုးပါသွားတယ်။ ကျနော် တို့ လိုချင်တာနဲ့ နအဖ ပေးတာတွေဟာ တခြားစီဖြစ်နေပါတယ်။ ကျနော်အသက်လည်း ကြီးပြီ။ တော်လှန်ရေးလည်း ဆက်မလုပ်ချင်တော့ဘူး။ မိန်းမလည်း ကျန်းမာရေးမကောင်းဘူး။ သားသမီး တွေနဲ့အတူ အေးအေးဆေးဆေးပဲ နေတော့မယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး နားလည်မှုပေးခဲ့ကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) က တပ်မ ဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

ကလေးဝ၊ မုံရွာ စိုးရိမ်ရေမှတ်ကျော်

မဇ္ဈိမသတင်းဌာန

သောကြာနေ့၊ ဂျူလိုင်လ 11 2008 17:05 - မြန်မာစံတော်ချိန်

်ချင်းမိုင်။ ။ ချင်းတွင်းမြစ်ရေ လျှံတက်မှု နောက်ဆုံးရရှိသော သတင်းမှာ မော်လိုက်၊ မုံရွာ၊ ကလေးဝမြို့များတွင် စိုးရိမ်ရေ အမှတ်ထက်တွင် ဆက်လက် တည်ရှိနေပြီး အခြားမြို့များတွင်တော့ ရေကျဆင်းနေသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုံရွာမြို့တွင် ချင်းတွင်းမြစ်ရေအမြင့် စိုးရိမ်ရေမှတ်အထက် ၂ ပေကျော် မြင့်တက်ဆဲ ဖြစ်ကာ ကလေးဝနှင့် မော်လိုက်တွင်လည်း ရေတက်ဆဲ ဖြစ်သည်။မုံရွာမြို့တွင် အနောက်မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ရောက်ရှိနေပြီး မြစ်ရေ အခြေအနေကို စောင့်ကြည့်နေသည်။မုံရွာမြို့တွင် ဒေသခံ အများအပြားကတော့ ကြွက်များ တာများကို ဖျက်ဆီးမည့် အန္တရာယ်နှင့် ရေအား ဆက်တက်လာလျှင် တာကျိုးမည့်အရေး စိုးရိမ်ပူပန်မှုများ ရှိနေသည်။ရန်ကုန်ရှိ မိုးလေ၀သဌာန ခန့်မှန်းချက်ကတော့ မုံရွာတွင် ဇူလိုင် ၁၃ ရက်နေ့ရောက်မှ ရေကျသွားဖွယ် ရှိသည်ဟု ပါရှိပြီး မော်လိုက်နှင့် ကလေးဝတို့တွင် ဇူလိုင် ၁၂ ရက်နေ့ကတည်းက ရေပြန်ကျသွားဖွယ် ရှိသည်ဟု ဆိုသည်။မိုးလေ၀သနှင့် ဇလဗေဒ၏ ထုတ်ပြန်ချက်တွင် မော်လိုက်၊ ကလေးဝနှင့် မုံရွာတို့တွင် ရေအမြင့်သည် စိုးရိမ်ရေ အမှတ်အထက်ဖြစ်ပြီး လွန်ခဲ့သည့် နှစ် ၄၀ ကျော်အတွင်း စတုတ္တအများဆုံး ဖြစ်သည်ဟု ပါရှိသည်။မော်လိုက်၊ ကလေးဝနှင့် မုံရွာမြို့များတွင် ချင်းတွင်းမြစ်ရေသည် တနာရီလျှင် ၂ စင်တီမီတာနှုန်းဖြင့် တက်ဆဲ ဖြစ်သည်။ ရန်ကုန် မိုးလေ၀သဌာန အဆိုအရ ကလေးဝတွင် မြစ်ရေအမြင့် ၁၈၃၆ စင်တီမီတာ နှင့် မုံရွာတွင် ၁၉၉၀ စင်တီမီတာ အမြင့်သို့ ရောက်ရှိနေသည်။အစောပိုင်းရက်များက ရေလွတ်ရာသို့ လူအချို့ တိမ်းရှောင်နေခဲ့ရသည့် ခန္ဓီး၊ ဟုမ္မလင်းမြို့များတွင်တော့ ရေတဖြည်းဖြည်း ကျဆင်းလာနေသည်။

အပြည့်အစုံဖတ်လိုလျှင်

မေဒေးနေ့တွင်ဖမ်းပြီး နှစ်ရှည်ထောင်ချထားသူများကို လွှတ်ပေးရန် ILO တောင်းဆို

အေးလဲ့ ဇူလိုင် ၁၁၊ ၂၀၀၈

ကမ္ဘာ့အလုပ်သမားနေ့ အလုပ်သမားအခွင့်အရေးဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ် နှစ်ရှည်ချခံထား ရသူ ၆ ဦး အား ပြန်လည်လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) က ယနေ့ တွင် တောင်းဆို လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၀၀၇ ခုနှစ် မေလ ၁ရက် ကမ္ဘာ့အလုပ်သမားနေ့က အမေရိကန်စင်တာတွင် ကျင်းပသည့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်း၊ ကိုကျော်ကျော်၊ ကိုညီညီဇော် တို့အား အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျနီဗာ အခြေစိုက် ILO အဖွဲ့က ကြေညာချက် တစောင်ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ယင်း ILO အမှုဆောင် ဒါရိုက်တာ Mr Kari Tapiola က “အခုဖမ်းဆီး ထားသူတွေရဲ့ ပြစ်ဒဏ်တွေကို ပြန်လည် လျှော့ပေါ့ စဉ်းစားပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရ ကို ကျနော်တို့ မေတ္တာရပ်ခံတောင်းဆို ထား တာပါ”ဟု ၎င်း ထုတ်ပြန် ချက်တွင် ပြောဆိုထားသည်။
ထို့အပြင် ယခုထုတ်ပြန်ချက်၌ ကမ္ဘာ့အလုပ်သမားနေ့သည် အလုပ်သမားများ လွတ်လပ်စွာစည်းရုံး လှုပ်ရှားခြင်း၊ စိတ်ကူး စိတ်သန်း သတင်းအချက်အလက်များ လွတ်လပ်စွာ ဖလှယ်ပြောဆိုခြင်းများစသည့် ကမ္ဘာ့အလုပ်သမားအခွင့်အရေးများကို ဖော်ဆောင်ခြင်းအထိမ်းအမှတ် ဖြစ်သည့်အတွက် ကမ္ဘာ့အလုပ်သမား နေ့ တွင် အလုပ်သမား အခွင့် အရေးအတွက် ပြောဆို ဆွေးနွေးသူများအား ဖမ်းဆီးခြင်းသည် ၎င်းတို့၏ လွတ်လပ်ခွင့်အား ပိတ်ပင်ခြင်းဖြစ်ကြောင်းတို့လည်း ပါဝင်သည်။
“ဒီအမူနဲ့ ပတ်သက်ပြီး ၂၀၀၇ စက်တင်ဘာလ ကတည်းက သူတို့ကို လွှတ်ပေး ဖို့ ILO က တောင်းဆိုခဲ့ပါတယ်၊ တရားရုံး အဆင့်အထိ ပြန်လွှတ်ပေးဖို့ မျှော်လင့်ခဲ့ပါသေးတယ်”ဟု လည်း Mr Kari Tapiola ကပြော သည်။
အဆိုပါ ဖမ်းဆီးခံထားရသူများ၏ ရှေ့နေ ဦးခင်မောင်ရှိန်ကလည်း ၎င်း ၆ ဦး သည် တရားမဝင်အဖွဲ့ အစည်း ဖွဲ့စည်းမူ၊ လူဝင်မူကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု၊ တရားမဝင် ပုံနှိပ်မှု ၊ အစိုးရကို အကြည်အညှိပျက်စေ မှုများဖြင့် ထောင်ဒဏ် အနှစ် ၂၀ မှ ၂၈ နှစ် အထိ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။
“ဆက်ပြီးတော့ လည်း နောက်ဆုံးအခွင့်အရေးအနေနဲ့ တရားရုံးချူပ်မှာ အထူးအယူခံဖို့ရှိပါတယ်” ဟုလည်း ဦးခင်မောင်ရှိန် ကပြောသည်။
၂၀၀၇ ခု အောက်တိုဘာလတွင် ထောင်နှစ်ရှည်ကျခံရမှုကို လျှော့ချ ပေးစေရန်အတွက် ထောင်ကျခံရသူ မိသားစုဝင်များ ကလည်း ILO မှတဆင့် အကူအညီတောင်းခံခဲ့ကြသည်။
ယမန်နှစ် မေဒေးနေ့ နံနက်ပိုင်းက အမေရိကန်စင်တာ၌ ဆွေးနွေးပွဲတက်ရောက်ပြီး ပြန်လာသည့် ယခု နှစ်ရှည် ထောင်ချ ခံရသူ ၆ ဦး အပါအင် ၃၃ ဦး ကို စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့(စရဖ) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

အပြည့်အစုံဖတ်လိုလျှင်