စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, January 26, 2008

မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးရေး

မြန်မာစစ်အစိုးရကို ဆက်လက်ဖိအားပေးရေး အမေရိကန်၊ ဗြိတိန်နဲ့ ပြင်သစ်တို့ ပူးတွဲကြေညာချက်ထုတ်

25 January 2008

RiceEconomicForum012408_210

ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲ တက်ရောက်နေသော အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်





မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေ
ကို ကူညီဖြေရှင်းပေးနိုင်အောင် စစ်အစိုးရကို ဆက်လက်ဖိအားပေးဖို့အတွက် ဆွစ်ဇာလန်
နိုင်ငံ ဒါဗို့စ်မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်ပွဲမှာ တက်ရောက်နေတဲ့ နိုင်ငံ တကာခေါင်းဆောင်တွေကို အမေရိကန်
ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က
မေတ္တာရပ်ခံ ပန်ကြားလိုက်ပါတယ်။ ဒါဗို့စ်မှာ
ကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေး နှီးနှောဖလှယ်
ပွဲအတွင်း မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ လွတ်မြောက်ရေးအတွက် ဆက်ပြီး အကူအညီပေးဖို့ အခိုင်အမာ ဆုံးဖြတ်ထားတဲ့
အကြောင်းနဲ့ နိုင်ငံတကာခေါင်းဆောင်တွေအနေနဲ့လည်း မြန်မာ့အရေးကို အာရုံစူး
စိုက်ဖို့ သုံးနိုင်ငံ ပူးတွဲကြေညာချက် ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ အသေးစိတ်ကို ကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

မြန်မာနိုင်ငံရဲ့ နိုင်ငံရေးအကျပ်အတည်းတွေကို ဥပေက္ခာပြုလိုက်မယ်ဆိုရင် တန်ဖိုး
ထားတဲ့ တန်ဖိုးထားမှုတွေကို လက်လွှတ်ဆုံးရှုံးခံလိုက်သလို ဖြစ်သွားလိမ့်မယ်ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒါဗို့စ်မှာကျင်းပနေတဲ့ ကမ္ဘာ့စီးပွားရေးနှီးနှောဖလှယ်ပွဲမှာ အမေရိကန်နိုင်ငံခြားရေး
ဝန်ကြီး ကွန်ဒိုလီဇာရိုက်စ် (Condoleezza Rice) ရဲ့ မိန့်ခွန်းမှာလည်း ကမ္ဘာ့ဒီမိုကရေစီ
အရေး၊ မြန်မာနိုင်ငံအရေးနဲ့ပတ်သက်လို့ အခုလို ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“စီးပွားရေးအရ ပိုမိုကောင်းမွန်တဲ့စနစ်တွေ ထူထောင်နိုင်ဖို့ ကျမတို့တတွေ ပြောဆိုနေ တဲ့တချိန်တည်းမှာ ပိုမိုလွတ်လပ်ပြီး ဒီမိုကရေစီနည်းကျတဲ့ကမ္ဘာကို တည်ဆောက်နိုင်
ဖို့လည်း ကျမတို့တတွေ ကြိုးစားဆောင်ရွက်ကြဖို့ လိုပါတယ်။ တနေ့မှာ ဒီမိုကရေစီ နည်းကျအုပ်ချုပ်တဲ့ ကျူးဘား၊ မြန်မာနဲ့ ဒီမိုကရေစီ အပြည့်အ၀ရရှိတဲ့ အရှေ့အလယ်
ပိုင်းဒေသတွေပါဝင်တဲ့ ကမ္ဘာကို ထူထောင်နိုင်ဖို့ပါ”

ဒီမိုကရေစီဆိုတာ မတူကွဲပြားတဲ့ လူတွေအကြား ကွဲလွဲချက်တွေကို အဖြေရှာနိုင်မယ့် ယုတ္တိဗေဒအကျဆုံး နည်းလမ်းတခုဖြစ်တယ်လို့ ကွန်ဒိုလီဇာရိုက်စ်က ပြောပါတယ်။
ဒီလိုကွဲပြားမှုတွေအကြား အာဏာမျှဝေကျင့်သုံးနိုင်ရေး လူမှုရေးခြားနားမှုတွေကို
ညှိနှိုင်းကုစားဖို့ အကြမ်းဖက်မှုမရှိ၊ ဖိနှိပ်မှုမရှိဘဲ ဖြေရှင်းနိုင်တဲ့ အဖြစ်နိုင်ဆုံးနည်းလမ်း
က ဒီမိုကရေစီဖြစ်တယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ကွန်ဒိုလီဇာရိုက်စ်က
ပြောပါတယ်။

ဒီလိုပြောဆိုတဲ့တချိန်တည်းမှာ ဗြိတိန်၊ ပြင်သစ်နိုင်ငံက နိုင်ငံခြားရေးဝန်ကြီးတွေနဲ့
အတူ မြန်မာနိုင်ငံဆိုင်ရာ ကြေညာချက်ကို ပူးတွဲထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။
ကြေညာချက်ပါ အချက်တွေကိုတော့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရှေ့
အာရှနဲ့ ပစိဖိတ်ရေးရာဌာန အရာရှိတဦးဖြစ်တဲ့ ကန်းနက်စ်ဘယ်လီက ဗွီအိုအေကို အခုလိုဖတ်ပြပါတယ်။
“အခုလို နိုင်ငံတကာခေါင်းဆောင်တွေ အရေးကြီးတဲ့ အကြောင်းအရာမျိုးစုံ ဆွေးနွေး
နေတဲ့အချိန်မှာ မြန်မာနိုင်ငံရဲ့ အရေးကိစ္စကိုလည်း ဦးစားပေးအဖြစ် ထည့်သွင်းရတဲ့ ရည်ရွယ်ချက်ကတော့ မြန်မာနိုင်ငံငြိမ်းချမ်းရေး၊ ကြွယ်ဝချမ်းသာပြီး ဒီမိုကရေစီနိုင်ငံ တည်ထောင်နိုင်ရေးအတွက် ရုန်းကန်ကြိုးစားနေတဲ့ မြန်မာပြည်သူတွေကို ထောက်ခံ
ပံ့ပိုးသွားဖို့ သန္နိဋ္ဌာန်ချထားတယ်ဆိုတာ ပြသလိုက်တာပါ။ ဒီဆုံးဖြတ်ချက်ကြောင့်
မြန်မာ့အရေးကို ထည့်သွင်းပြီး ကြေညာချက် ထုတ်ပြန်လိုက်တာပါ”

ဒီကြေညာချက်က မြန်မာနိုင်ငံရဲ့ အခြေအနေဟာ လက်ရှိအနေအထားအတိုင်း ဆက်
သွားလို့မရနိုင်တဲ့အကြောင်း ရှင်းရှင်းလင်းလင်း အသိပေး အကြောင်းကြားလိုက်တာ
ပါလို့လည်း အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း သံဃာတော်တွေ၊ သီလရှင်တွေ အပါအ၀င် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့
တဲ့သူတွေကို စစ်အစိုးရက အကြမ်းဖက် ရက်ရက်စက်စက် နှိမ်နင်းခဲ့တဲ့ ပုံတွေ လေးလ ကျော်သွားပေမယ့် မေ့ပစ်ဖို့ မဖြစ်နိုင်သေးတဲ့အကြောင်း၊ မြန်မာစစ်အစိုးရအနေနဲ့ နိုင်ငံတကာအသိုင်းအ၀ိုင်းရဲ့ တောင်းဆိုချက်တွေကို လိုက်နာပြီး မြန်မာပြည်သူတွေရဲ့ အခြေခံအခွင့်အရေးတွေကို လေးစားလိုက်နာလာအောင် ဆက်ပြီး တိုက်တွန်းသွား
မယ့်အကြောင်း ကြေညာချက်မှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံအတွင်း မြန်မာပြည်သူတွေရဲ့ စီးပွားရေး၊ လူမှုရေး အကျပ်အတည်းတွေ
ဖြေရှင်းရေး အပါအ၀င် အမျိုးသားပြန်လည်သင့်မြတ်ရေးလုပ်ဆောင်ဖို့ မျှော်လင့်ချက်
တွေကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ကြေညာချက် ထုတ်ပြန်ထားသလိုပဲ အမေ ရိကန်ပြည်ထောင်စုအနေနဲ့လည်း ဒီမျှော်မှန်းချက်တွေကို ထပ်မံကြေညာခဲ့ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတဦးဖြစ်တဲ့ ကန်းနက်စ်ဘယ်လီက ကြေညာချက်ပါအချက်တွေကို အခုလို ဆက်ဖတ်ပြပါတယ်။
“မြန်မာစစ်အစိုးရအနေနဲ့ လုံခြုံရေးကောင်စီနဲ့ အမေရိကန်ပြည်ထောင်စုရဲ့ မျှော်မှန်း
ချက်တွေကို တခုမှ အကောင်အထည်ဖော် လုပ်ကိုင်တာ မတွေ့ရသေးပါဘူး။ သူတို့
ဘာသာ ချမှတ်ထားတဲ့ လမ်းညွှန်အစီအစဉ်အတိုင်း အရပ်ဖက်အုပ်ချုပ်ရေးကို ဆက်ပြီးလုပ်ဆောင်မယ်လို့ ပြောဆိုနေပေမယ့် ၁၄ နှစ်သာကြာခဲ့တယ်၊ အချိန်အတိ
အကျ သတ်မှတ်အကောင်အထည်ဖော်တာမျိုးလည်း မရှိသေးပါဘူး”

မြန်မာစစ်အစိုးရအနေနဲ့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ
အီဘရာဟင် ဂမ်ဘာရီကို မြန်မာနိုင်ငံအတွင်း အမြန်ဆုံးပြန်လာခွင့်ပေးဖို့နဲ့ ကုလသမဂ္ဂ
နဲ့ အပြည့်အ၀ ပူးပေါင်းဆောင်ရွက်ဖို့ကိုလည်း စစ်အစိုးရကို ကြေညာချက်မှာ တောင်း ဆိုထားပါတယ်။ မြန်မာပြည်သူတွေ ကြုံတွေ့နေရတဲ့ ဒုက္ခတွေကို စစ်အစိုးရက မျက်
ကွယ်ပြုထားပေမယ့် ကမ္ဘာက လက်ပိုက်ကြည့်မနေဘူးဆိုတာ ပြသဖို့ ဒီစီးပွားရေး
နှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေကို တောင်းဆိုပါတယ်
ဆိုပြီး အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးတွေရဲ့
ကြေညာချက်မှာ ဖော်ပြထားပါတယ်။

ဒီစီးပွားရေးနှီးနှောဖလှယ်ပွဲကို တက်ရောက်ခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်တွေဟာ နိုင်ငံ
တကာ အရေးကိစ္စတွေမှာ ပူးပေါင်းဆောင်ရွက်ခဲ့တဲ့၊ အဖြေရှာခဲ့တဲ့ အစဉ်အလာတွေ ရှိခဲ့တဲ့အကြောင်း၊ ဒီနှီးနှောဖလှယ်ပွဲဟာ ကမ္ဘာ့နိုင်ငံရေးမျက်နှာစာမှာ ထူးခြား အရေး ပါတဲ့အကြောင်းကိုလည်း ကြေညာချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။

အပြည့်အစုံဖတ်လိုလျှင်