စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, July 18, 2008

မုန်တိုင်းလွန် လပွတ္တာမှာ သံဃာတော်များအတွက် အရုဏ်ဆွမ်း လှူမည့်သူမရှိ

ကိုဝိုင်း/ ၁၇ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ် အပြင်းဆုံးခံရသည့် လပွတ္တာမြို့ သံဃာတော်များအနေဖြင့် ၀ါတွင်း (၃) လစာ အတွင်း နေ့ဆွမ်းမပူရသော်လည်း အရုဏ်ဆွမ်းအတွက် အခက်အခဲများ ရှိနေကြောင်း မြို့ခံ ဆရာတော်တပါးက ယနေ့ မိန့်ကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါဆရာတော်က “ခါတိုင်းဆိုရင် အဲဒီကိစ္စတွေကို ရပ်ကွက်တိုင်းမှာ နှိုးဆော်တယ်။ ဒီလိုနေ့ ကတည်းက သံဃာအရေအတွက်နဲ့ ဆွမ်းချိုင့်သွားပို့ရတာပေါ့။ အခု အဲဒါမျိုးတွေလည်း မရှိဘူး ပေါ့နော်။ ဆွမ်းခံအိမ်လေးတွေက ဆွမ်းလောင်းပေးဖို့ အနေအထားရှိတော့ နေ့ဆွမ်းအတွက်က လုံလောက်တယ်။ ဒါပေမယ့် အရုဏ်ဆွမ်းကတော့ သံဃာတော်တွေအတွက် ဖြေရှင်းဖို့ တကယ် အခက်အခဲ ဖြစ်သွားပြီ” ဟု မိန့်ကြားသည်။

လပွတ္တာမြို့ရှိ ရပ်ကွက် (၁၀) ခုမှ စာသင်တိုက် (၇) ကျောင်းအပါအ၀င် ဘုန်းတော်ကြီးကျောင်း (၄၂) ကျောင်းတွင် သီတင်းသုံးနေကြသည့် သံဃာတော် အပါး (၇၀၀) ခန့်အတွက် ယခင်နှစ်များ တွင် ၀ါတွင်း (၃) လပတ်လုံး ရပ်ကွက်များက အလှည့်ကျ နေ့စဉ် အရုဏ်ဆွမ်းကပ်လေ့ရှိ သော်လည်း ယခုမူ သံဃာတော်များကိုယ်တိုင် ချက်စားရမည့် အနေအထား ဖြစ်နေကြောင်း စုံစမ်းသိရသည်။

မြို့ခံသံဃာတပါးကမူ “အဲဒီ (၄၂) ကျောင်းက နက်ဖြန် ၀ါဝင်တဲ့နေ့က စပြီးတော့ ခါတိုင်းဆိုရင် ဆွမ်းလောင်းအသင်းတွေက လောင်းတဲ့ဆွမ်းနဲ့ အရုဏ်ဆွမ်း ဘုဉ်းပေးကြရတယ်။ အခုတော့ ချက်စားရဖို့ အနေအထားမှာရှိနေပြီ။ မနက်ဖြန် သောကြာနေ့အတွက် ဆွမ်းလောင်းတဲ့အသင်းကို ဒီနေ့ ဦးဇင်းထောက်လှမ်း ကြည့်တော့လည်း သူတို့လည်း ဘာမှ မသိသေးဘူးတဲ့” ဟု မိန့်ကြား သည်။

ဆင်းရဲချမ်းသာ ရပ်ကွက်အလိုက် ဖွဲ့စည်းထားသော ဆွမ်းလောင်းအသင်းများအနေဖြင့် အဘယ် ကြောင့် ယခုကဲ့သို့ နှိုးဆော်မှုပင် လုပ်ကိုင်ခြင်းမရှိသည်ကို အတိအကျ မသိသော်လည်း နာဂစ် မုန်တိုင်းဘေးသင့်ခဲ့သော မြို့နှင့်ကျေးရွာများရှိ ဘုန်းတော်ကြီးကျောင်းများ၏ အရေးကို အကူ အညီပေးရမည့် အာဏာပိုင်များကမူ တာဝန်ယူ ဆောင်ရွက်ပေးခြင်းမရှိဟု သိရသည်။

ယခုကဲ့သို့ ချက်စားရမည်ဆိုလျှင် လပွတ္တာ ဘုန်းကြီးကျောင်း အများအပြား ဆွမ်းရိက္ခာ အခက် အခဲ ရှိနိုင်ကြောင်း၊ မုန်တိုင်းလွန်အစောပိုင်းက ဒဗလျူအက်ဖ်ပီအဖွဲ့က ပေးထားသည့်ဆန် လ အနည်းငယ်စာ ရှိသော်လည်း ၀ါတွင်း (၃) လစာအတွက် လုံလောက်မှု မရှိနိုင်ကြောင်း သံဃာ တော်တပါးက ဆက်လက်မိန့်ကြားသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းကြောင့် ပျက်စီးသည့် ဘုန်းကြီးကျောင်းများ မပြင်သေး


ရွှေကျင်တိုက်ကြီးပရ၀ဏ်ရှိ ပျက်စီးနေသည့် ဘုန်းတော်ကြီးကျောင်းတကျောင်း

NEJ/ ၁၇ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော ရန်ကုန်တိုင်းအတွင်းရှိ ဘုန်းတော်ကြီးကျောင်းများကို ယခုတိုင် သက်ဆိုင်ရာအဖွဲ့အစည်းများက လျစ်လျူရှုထားဆဲဖြစ်ကြောင်း ရန်ကုန်မြို့ခံများက ပြောသည်။

ရန်ကုန်တိုင်း ဗဟန်းမြို့နယ် ကြားတောရရပ်ကွက် ကိုယ့်မင်းကိုယ်ချင်းလမ်း ကျောင်းတော်ရာ ရွှေကျင်တိုက်ကြီးအတွင်းရှိ ကျောင်းတိုက်များတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်စီးမှုများကို ပြင်ဆင်မွမ်းမံခြင်း မရှိသေးသည်ကို တွေ့ရကြောင်း ဗဟန်းမြို့နယ်တွင် နေထိုင်သူတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ရွှေကျင်တိုက်ကြီးအတွင်းမှာရှိတဲ့ ရှေးဟောင်း ဘုန်းတော်ကြီးကျောင်းတကျောင်းဆို မုန်တိုင်းကြောင့် အမိုးတွေလန်နေတာ၊ တံခါးတွေ ပြုတ်ထွက်နေတာတွေကို အခုထိ သက်ဆိုင် ရာက လာရောက်ကြည့်ရှုမေးမြန်းတာ မရှိသေးဘူးလို့ သံဃာတော်တွေဆီက သိရတယ်” ဟု ပြောသည်။

အဆိုပါကျောင်းမှ သံဃာတော်တပါးက “ဘုန်းကြီးတို့ကို ပျက်စီးတာကို တင်ပြပါလားလို့ လူတိုင်းက ပြောတယ်။ ဘုန်းကြီးတို့က သူတို့အစိုးရနဲ့ ပတ်သက်ရမှာကို စိတ်ရှုပ်လို့ပါ။ ဒါကြောင့် ဒကာ ဒကာမတွေ အချို့က လှူထားတဲ့ငွေတွေနဲ့ တခြားဒကာတွေဆီမှာ အလှူခံမယ်၊ ကိုယ့်ဟာကိုယ်ပဲ ပြန်ပြင်တော့မယ်” ဟု မိန့်ကြားသည်။

လက်ရှိတွင် ရွှေကျင်တိုက်ကြီးပရ၀ုဏ်အတွင်း ကျောင်းတိုက်ခွဲပေါင်း (၂၀) ကျော်ရှိကာ သံဃာ တော်အပါး (၁၄၀) ခန့်သည် သီတင်းသုံးလျက်ရှိသည်။

ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ် အလယ်ရွာရှိ အောင်ဇေယျာမင်းကျောင်းတိုက်၊ ကွမ်းခြံကုန်း မြို့နယ်ရှိ ဇေယျသိမ် ပရိယတ္တိစာသင်တိုက်၊ မစိုးရိမ် ပရိယတ္တိစာသင်တိုက်၊ ကညင်ကုန်းကျောင်း တိုက်၊ အရှေ့ကျောင်းကြီးတိုက် အစရှိသည့် ကျောင်းတိုက်များနှင့် တွံတေးမြို့နယ်ရှိ ကျောင်း တိုက်များမှာလည်း မုန်တိုင်းကြောင့် ပျက်စီးသွားသည့် အမိုးအကာများကို ပြင်ဆင်နိုင်ခြင်း မရှိ သေးကြောင်း ဒေသခံများက ပြောသည်။

နာဂစ်မုန်တိုင်း နောက်ပိုင်းတွင် နအဖ က ရန်ကုန်ရှိ ဆောက်လုပ်ရေး ကုမ္ပဏီများကို ပြန်လည် ထူထောင်ရေးအဖွဲ့ ဖွဲ့ပြီး စာသင်ကျောင်းများ၊ တက္ကသိုလ်များ၊ သာသနိက အဆောက်အအုံများကို ပြင်ဆင်တည်ဆောက်ရန် တာဝန်ပေးထားသော်လည်း အဓိက စာသင်ကျောင်းများကို ပထမ ဦးစားပေးအနေဖြင့် လုပ်ဆောင်နေပြီး ရာနှုန်းပြည့် မပြီးသေးကြောင်း ရန်ကုန်အခြေစိုက် ဆောက်လုပ်ရေးကုမ္ပဏီတခုက ပြောသည်။

အဆိုပါကုမ္ပဏီမှ ၀န်ထမ်းတဦးက “အဲလို ပြန်လည်ထူထောင်ရေး တာဝန်ခွဲပေးရာမှာ မောင်ဝိတ်နဲ့ မိသားစု ကုမ္ပဏီလိမိတက်က ရန်ကုန်မှာ ရွှေတိဂုံစေတီတော်ရှိ သာသနိက အဆောက်အအုံတွေ ပြင်ဆင်တည်ဆောက်တာနဲ့ ဗဟန်းမြို့နယ် ရွှေဂုံတိုင်အနီးရှိ ငါးထပ်ကြီးဘုရား ပြန်လည် မွမ်းမံ ပြင်ဆင်တဲ့ လုပ်ငန်းတွေ လုပ်နေတယ်။ အခုထိတော့ မပြီးသေးဘူး” ဟု ပြောသည်။

ရန်ကုန်ဘုန်းကြီးကျောင်းများ နာဂစ်ကြောင့် ပျက်စီးရမှုများတွင် ရှေးဟောင်းသာသနိက အဆောက်အအုံများစွာ ပါဝင်ခဲ့ကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီမှ ၀န်ထမ်း
တဦးက ပြောသည်။

“အခု စည်ပင်သာယာ နယ်နိမိတ်အတွင်းမှာ ရှေးဟောင်းအဆောက်အအုံပေါင်း (၁၆၀) နီးပါး ရှိတယ်။ အဲဒီမှာ ရှေးဟောင်း သာသနိက အဆောက်အအုံတွေက သုံးပုံတပုံပါတယ်။ အဲဒီထဲမှာ ပျက်စီးသွားလို့ ပြုပြင်ထိန်းသိမ်းဖို့ လိုတာတွေ ရှိနေတယ်” ၎င်းက ပြောသည်။

ရှေးဟောင်းအဆောက်အအုံများ နာဂစ်ကြောင့် ပြိုပျက်သွားသည်များကို စစ်တမ်းကောက်၍ မည်သို့ ပြုလုပ်ရန်ရှိကြောင်း ပြည်တွင်းသတင်းဂျာနယ်များမှ မေးမြန်းခဲ့ရာ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ မြို့တော်ဝန် ဗိုလ်မှူးချုပ် အောင်သိန်းလင်းက ဒေါသထွက်ခဲ့
ကြောင်း ပြည်တွင်းသတင်းထောက်တဦးက ပြောသည်။

အဟောင်းကို ပြုပြင်ထိန်းသိမ်းမည့်အစား အသစ်ကိုသာ ဆောက်လုပ်ရန် လိုလားကြောင်း၊ ရှေး ဟောင်းအဆောက်အအုံများမှာ မြန်မာတို့ ကျွန်ဖြစ်ခဲ့သည့်အမွေများဖြစ်ကြောင်း မြို့တော်ဝန်က ပြောသည်ဟု အဆိုပါသတင်းထောက်က ပြောသည်။ ။

အပြည့်အစုံဖတ်လိုလျှင်

လောင်စာဆီဈေးမြင့်မှု ငါးဖမ်းလှေလုပ်သားများ အခက်ကြုံ


ရနောင်းဆိပ်ကမ်းတွင် ဆိုက်ကပ်ထားသော ငါးဖမ်းလှေများ

ပီတာအောင်/ ၁၇ ဇူလိုင် ၂၀၀၈

လောင်စာဆီဈေးကြီးမြင့်မှုနှင့် သားငါးရှားပါးမှုတို့ကြောင့် ထိုင်းနိုင်ငံရှိ မြန်မာငါးဖမ်းလှေ အလုပ် သမားများ အလုပ်အကိုင် ရှားပါးပြီး ၀င်ငွေနည်းပါးမှုနှင့် ကြုံတွေ့နေရကြောင်း ငါးဖမ်းလုပ်သား များက ပြောသည်။

ရနောင်းခရိုင်အတွင်း ပင်လယ်ငါးဖမ်းလုပ်ငန်း လုပ်ကိုင်နေသည့် ငါးဖမ်းလှေများအနက်
ထက်ဝက်ခန့်သာ လုပ်ငန်းလည်ပတ်နိုင်တော့သည်ဟု ခရိုင်ငါးဖမ်းလုပ်ငန်းအသင်းနှင့် နီးစပ်သူ တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက“ထိုင်းဘက်မှာ ဆီဈေးကြီးလို့ မလေးရှားဘက်က တင်သွင်းတဲ့ သက်သာတဲ့ဈေးနဲ့ ရတဲ့ ဆီကို အသုံးပြုပြီးတော့ လုပ်နေကြတာပဲ။ ဒါပေမယ့် ဒီဆီက တင်သွင်းတာ အများကြီးရတာမှ မဟုတ်ဘဲ။ ငါးလှေ စုစုပေါင်း (၂,၀၀၀) လောက် ရှိတဲ့အထဲမှာ လှေအစီး (၇၀၀) လောက်ကိုပဲဖြန့်နိုင်တယ်။ အရင်ထက်နှိုင်းယှဉ်ရင် လုပ်ငန်းက (၅၀) ရာခိုင်နှုန်းလောက်ပဲ လည်ပတ်နိုင် တော့တယ်” ဟု ပြောသည်။

ထိုင်းနိုင်ငံ ဖန်ငခရိုင်၌ ငါးဖမ်းထွက်သည့်လှေ ရှားပါးနေပြီး လှေလိုက်လိုသူ များပြားနေသဖြင့် အလုပ်ရရန် ခက်ခဲနေကြောင်းနှင့် မိသားစုရှိသူ မြန်မာအလုပ်သမားများမှာ စားဝတ်နေရေး အကျပ်အတည်း တွေ့နေရကြောင်း ဖန်ငတွင် နေထိုင်သည့် လှေလိုက်ရန် စောင့်ဆိုင်းနေသူ မြန်မာအလုပ်သမားတဦးက ပြောသည်။

မဟာချိုင်မှ ထားဝယ်လူမျိုး လှေလုပ်သားတဦးကလည်း “ကျနော်လုပ်နေတာ (၁၈) နှစ်လောက် ရှိသွားပြီ။ အရင်တုန်းကနဲ့စာရင် ခုလက်ရှိအခြေအနေမှာ အရင်လို မကောင်းဘူး။ အရင်တုန်း ကတော့ ပိုက်ဆံ တလတကြိမ် ရှင်းတယ်။ အခုတော့ (၂) လတကြိမ် ရှင်းတဲ့အခါရှင်း၊ (၃) လ တကြိမ် ရှင်းတဲ့အခါမှ ရှင်းတယ်။ ရတဲ့ပိုက်ဆံက အရင်တုန်းက ပျမ်းမျှ တလကို (၆,၀၀၀)၊ (၇,၀၀၀) ဒီလို ရတယ်လေ။ အခုက (၄,၀၀၀)၊ (၄,၅၀၀) ဆိုတာ အလွန်ဆုံးပဲ” ဟုပြောသည်။

ငါးဖမ်းလှေများ အထွက်နည်းသွားရသည့် အကြောင်းရင်းသည် ဆီဈေးမြင့်တက်မှုကြောင့် တခု တည်းမဟုတ်ဘဲ ငါးမျိုးတုံးသွား၍ဖြစ်ကြောင်း၊ အထူးသဖြင့် ဆူနာမိဖြစ်ပြီးသည့်နောက် ရာသီ အလိုက် ရှိနေတတ်သည့် ငါးများသည် နေရာပြောင်းရွှေ့သွားပြီး ငါးရှာရ အလွန်ခက်ခဲကြောင်း ဖန်ငရှိ ငါးဖမ်းလုပ်ငန်းအတွေ့အကြုံ (၁၅) နှစ်ခန့်ရှိသူတဦးက ပြောသည်။

ငါးဖမ်းလှေများ မထွက်နိုင်တော့သည့်အတွက် ရေလုပ်ငန်းမှီ၍ အလုပ်လုပ်ကိုင်နေသည့် အလုပ် သမားတချို့သည် ရာဘာခြစ်သည့်လုပ်ငန်း၊ ဆီအုန်းခြံလုပ်ငန်း၊ စိုက်ပျိုးရေးနှင့် ပန်းရန်လုပ်ငန်း များတွင် သွားရောက် လုပ်ကိုင်နေကြသည်ဟု သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

လပွတ္တာမြို့နယ် ဒုက္ခသည်စခန်း ၃ ခု စစ်အစိုးရ ဖျက်သိမ်းမည်

အောင်သက်ဝိုင်း ဇူလိုင် ၁၇၊ ၂၀၀၈

နာဂစ်မုန်တိုင်းဒဏ်အဆိုးရွားဆုံးခံခဲ့ရသော လပွတ္တာမြို့နယ်အတွင်းရှိ ဒုက္ခသည် စခန်း ၃ ခုမှ ဒုက္ခသည်များကို ဇူလိုင်လ အကုန်မှ သြဂုတ်လ ၅ ရက်နေ့နောက်ဆုံးထား၍ နေရပ်ရင်းကျေးရွာများသို့ ပြန်ကြရန်နှင့် မပြန်ပါက အကြမ်းဖက်နှိမ်နင်း မှုများနှင့်ကြုံတွေ့ရနိုင်ကြောင်း ဒုက္ခသည်စခန်းအာဏာပိုင်များက ခြိမ်းခြောက်ပြောဆိုသည် ဟု ဒုက္ခသည်များက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လပွတ္တာမြို့ပြင်ရှိ ရတနာဒီပ ဒုက္ခသည်စခန်းမှ ဒုက္ခသည်များအား နေရပ်သို့ မပြန်ပါက သြဂုတ်လ ၅ ရက်နေ့တွင် ဒုက္ခသည် များနေထိုင်ရာ တဲများကို ဖျက်ဆီးပစ်မည်ဖြစ်ကြောင်း စခန်းတာဝန်ခံ ဦးဝင်းသန့် ဆိုသူက ခြိမ်းခြောက် သည်ဟု မိကျောင်းအိုင် ကျေးရွာမှ ဒုက္ခသည် တဦးက ပြောပြသည်။

“နေ့တိုင်း ညနေ ရောက်ရင် ကျမတို့ကို အားကာမှူး(ရတနာဒီပ အားကစားဝင်း ဦးစီးမှူး ဦးဝင်းသန့်) ကခေါ်ပြီး နေရပ် ကျေးရွာ တွေပြန်ဖို့ခေါ်ပြောတယ်။ သြဂုတ်လ ၅ ရက်နေ့ကျရင် စခန်းမှာရှိတဲ့ တဲတွေဆွဲဖျက်မယ်။ တဲမှာရှိတဲ့ ပစ္စည်းတွေကို မီးရှို့ပစ်မယ်။ အဲဒါ စခန်းကနေ အခုကတည်းကပြောင်းရင်ပြောင်း၊ မပြောင်းလို့က တော့သူတို့ကို အဆိုးမဆိုနဲ့လို့ပြော တယ်”ဟု မိကျောင်းအိုင် ကျေးရွာသူ ဒုက္ခသည် ကပြောသည်။

ဒုက္ခသည်များက မိသားစုနှင့် ဆွေမျိုးသားချင်းများ သေဆုံးခဲ့ရသည့် မုန်တိုင်းဒဏ်ခံ ကျေးရွာများတွင်ပြန်လည် နေထိုင်ရန် အခက်အခဲရှိသောကြောင့် ဒုက္ခသည်စခန်းတွင်ပင် လအနည်းငယ် ဆက်လက်နေထိုင်ခွင့်ပြုရန် မေတ္တာရပ်ခံသော်လည်း စခန်းတာဝန်ခံက ရင့်သီး ရိုင်းပြစွာတုံ့ပြန်ပြောဆိုသည်ဟုလည်း ၎င်းက ဆိုသည်။

လပွတ္တာမြို့နယ် လွှစာကျေးရွာသူ ဒုက္ခသည်တဦးကလည်း“အဲဒီ စခန်း တာဝန်ခံက ခင်ဗျားတို့လို မခံစားဘူးတော့ ကျူပ် ကိုယ်ချင်းမစာနိုင်ဘူး။ လာမယ့် ဇူလိုင်လအကုန် နောက်ဆုံးထားပြီး ပြောင်းကြ လို့ ပြောပါတယ်” ဟု ဆိုသည်။

၃ မိုင်နှင့် ၅မိုင်ဒုက္ခသည်စခန်းတွင်လည်း လပွတ္တာမြို့နယ်တွင်အခြေချထားသည့် နယ်မြေခံစစ်တပ်အရာရှိများ နှင့် လပွတ္တာမြို့နယ် မယက ဥက္ကဌ ဦးမြင့်ဦးတို့က ဒုက္ခသည်များ သြဂုတ်လ နောက်ဆုံးထားပြီးစခန်းများက ထွက်ခွာကြရန် ပြင်းထန်စွာပြောဆိုနေသည့်အတွက် ဒုက္ခသည်များအခက်ကြုံနေရကြောင်း သိရှိရသည်။

“သြဂုတ်လ ၅ ရက်နေ့ကျရင် စခန်းမှာ ပေးနေတဲ့ လူတဦးကို ဆန်နို့ဆီဘူး ၁ လုံးခွဲလည်း မပေးတော့ဘူး။ တခြား ယမ်ယမ် ခေါက်ဆွဲထုပ်တွေလည်း ဘာမှမပေးတော့ဘူး။ သူတို့တာဝန်မယူတော့ဘူး။ ရွာပြန်မယ် ဆိုရင်အစစ အရာရာ တာဝန်ယူ မယ်လို့ ပြောတယ်” ဟု ၅ မိုင် ဒုက္ခသည်စခန်းမှ အသက် ၄၀ ကျော်အရွယ်ရှိ စလူဆိပ် ကျေးရွာသား ဒုက္ခသည်က ပြောသည်။

ယင်းသို့ ဒုက္ခသည်များကိုနေရပ်ရင်းပြန်ရန် ပြောဆိုသည့်အပြင် မိမိဆန္ဒအလျောက် ပြန်ခြင်းဖြစ်သည်ဟု သဘောတူ လက်မှတ် ထိုးပေးရမည်ဖြစ်ကြောင်းလည်း သိရှိရသည်။

“ပြန်ရင် အိမ်ထောင်စုတစုကို ဆန် ၂ ပြည် ၆ လုံး၊ ငရုတ်သီး၊ ကြက်သွန်၊ တာပေါ်လင်စ တစ၊ ယမ်ယမ် ၆ ထုပ်၊ ဒန်အိုး တလုံးထည့်ပေးတယ်။ ပြီးတော့ ရွာရောက်တဲ့အထိ စက်လှေနဲ့လိုက်ပို့ပေးတယ်။ ဒါပေမယ့် ကိုယ့်သဘောဆန္ဒ အရ ပြန်ပါတယ် ဆိုပြီး လက်မှတ်ထိုးပေးရတယ်”ဟု ၃ မိုင် ဒုက္ခသည်စခန်းမှ ဒုက္ခသည် အမျိုးသမီးတဦးကဆိုသည်။

ယင်းသို့ သက်ဆိုင်ရာ အာဏာပိုင်များ၏ အမျိုးမျိုးဖိအားပေးခံနေရသော်လည်း ဒုက္ခသည်အများစုမှာ ၎င်းတို့၏ နေရပ်ရင်း တွင် ပြန်လည်အခြေချရန် အစီအစဉ်မရှိကြောင်း လပွတ္တာမြို့နယ် ပင်လယ်ဝတွင် တည်ရှိသော ကိုင်းသောင် ကျေးရွာမှ ဇနီး ၊သားသမီး ၂ ဦး နှင့် ဆွေမျိုးများ အသက်ဆုံးရှုံးခဲ့ရသည့် အသက် ၃၅ နှစ်အရွယ် ဒုက္ခသည် အမျိုးသားတဦးကပြောသည်။

“ဆူနာမီတုန်းကလည်း မသေရုံလွတ်ခဲ့ပြီးပြီ။ နာဂစ်မုန်တိုင်းမှာလည်း အသက်ဘေးသီသီလေးလွတ်ခဲ့တာ။ အဲဒီနေရာကို မနေရဲဘူး၊ မပြန်ရဲတော့ဘူး။ အဆိုးဆုံးက အဲဒီကိုပြန်ရင် သေသွားတဲ့ မိန်းမနဲ့ ကလေးတွေကို နေ့တိုင်း ပြန်မြင်ယောင် နေမှာ။ လုံးဝမပြန်ပါဘူး” ဟု ၎င်း ဒုက္ခသည်က ပြောသည်။

နေရပ်ရင်းကျေးရွာများသို့ပြန်ရင် ငြင်းဆိုသည့် ဒုက္ခသည်များကို စခန်းများတွင် လုပ်အားပေးခေါ်ယူခြင်း၊ အပြစ်မရှိအပြစ် ရှာ၍ ရိုက်နှက် ပြီးစခန်းများမှ မောင်းထုတ်ခြင်းများပြုလုပ်နေကြောင်း သိရှိရသည်။

“လုပ်အားပေးမလိုက်ရင်လည်း စခန်းက မောင်းထုတ်တယ်။ ပြီးတော့ လင်မယားချင်း အခြေတင် စကား တင်းတင်း မာမာ ပြောရင်တောင် စခန်းမှာရန်ဖြစ်တယ်ဆိုပြီး ယောက်ျားကို ရိုက်နှက်ပြီး မောင်းထုတ်တယ်”ဟု ရတနာဒီပ ဒုက္ခသည်စခန်းမှ မိကျောင်းအိုင် ကျေးရွာသားက ဆိုသည်။

ဒုက္ခသည်များအနေဖြင့် နေရပ်ရင်းကျေးရွာများသို့ မပြန်လိုကြသော်လည်း အစိုးရက အကြမ်းဖက်ပြန်ပို့မည်ကို စိုးရိမ်နေ ကြကြောင်း စုံစမ်းသိရှိရသည်။

“လပွတ္တာမြို့ပေါ်က နေ မြို့ပြင် စခန်းတွေကို ပြောင်းတုန်းက စစ်သားတွေက သေနတ်တွေကိုင် သူပုန်ဖမ်း သလိုမျိုး ထွက်ပေါက်တွေအကုန် ပိတ်ပြီး လော်လီကားတွေပေါ် တက်ခိုင်းတယ်။ ၀ရုန်းသုန်းကားနဲ့ မြို့ပြင်စခန်း တွေ ပြောင်းခဲ့ရတာ။ လာမယ့် သြဂုတ်လ ၅ ရက်နေ့ အဲဒီလိုလုပ်မှာတော့ ကြောက်တယ်”ဟု ၅ မိုင်ဒုက္ခသည် စခန်းမှ အသက် ၃၀ ကျော်အရွယ် အိမ်ထောင်သည် အမျိုးသမီးတဦးက ပြောသည်။

စခန်းများဖျက်သိမ်းပါက အများစုသောဒုက္ခသည်များမှ လပွတ္တာ-မြောင်းမြကားလမ်းဘေးတွင် တဲထိုးနေ ထိုင်ကြရန် ရှိကြောင်းလည်း ဒုက္ခသည်များ၏ ပြောကြားချက်အရသိရသည်။

“ကားလမ်းဘေးမှာတဲထိုးနေမယ်လို့ စိတ်ကူးထားတယ်။ နေခွင့်ရ၊ မရတော့မသိဘူး။ နေခွင့်မရရင်တော့ ဒီမြို့နဲ့ သိပ်မဝေး တဲ့နေရာမှာပဲ နေလို့ရမယ့်နေရာ ရှာပြီးနေမှာပါ”ဟု ၅ မိုင်စခန်းမှ ပိုးလောင်းကျေးရွာသား တဦးက ဆိုသည်။

အဆိုပါ လပွတ္တာမြို့ပြင်ပဒုက္ခသည်စခန်းများ ဖျက်သိမ်းမည့် အစီအစဉ်ကို လပွတ္တာမြို့အခြေစိုက် ကုလသမဂ္ဂနှင့် INGO များက သိရှိသော်လည်းး တစုံတရာအရေးယူပြောကြားခြင်းမရှိကြောင်း ဒုက္ခသည်များက ပြောဆိုသည်။

ယင်း ရတနာဒီပ၊ ၃ မိုင်နှင့် ၅ မိုင် ဒုက္ခသည်စခန်းများတွင် နေထိုင်သည့် လူဦးရေ ၄၀၀၀၀ နှင့် ၅၀၀၀၀ ကြားရှိ ဒုက္ခသည် များကို စစ်အစိုးရက ဇွန်လ ၂၀ ရက်နေ့မှစတင်ကာ အတင်းအကျပ် ဖိအားပေး ပြီး နေရပ်ရင်းကျေးရွာ များသို့ ပြန်လည်စေ လွှတ်ခဲ့ရာ ယခုအခါ အဆိုပါစခန်း ၃ ခုတွင် ဒုက္ခသည် စုစုပေါင်း ၆၀၀၀ ကျော်သာ ကျန်ရှိ တော့ကြောင်း သိရသည်။

အပြည့်အစုံဖတ်လိုလျှင်

မုန်တိုင်းသင့် ဒုက္ခသည်များကို အတင်းအကျပ် လုပ်အားပေးခိုင်းစေ

အောင်သက်ဝိုင်း / လပွတ္တာ ဇူလိုင် ၁၇၊ ၂၀၀၈

နာဂစ်မုန်တိုင်းကြောင့် လူအသေအပျောက် အများဆုံးနှင့် ပျက်စီး ဆုံးရှုံးမှု အများဆုံးကြုံတွေ့ ခဲ့ရသော ဧရာဝတီတိုင်းတွင် စစ်အစိုးရက မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များကို အတင်းအကျပ် ဖိအားပေးကာ လုပ်အားပေး ခေါ်ယူခိုင်းစေမှုများ ရှိနေကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းဒဏ်ကို ဆိုးရွားစွာခံခဲ့ရသော လပွတ္တာမြို့နယ် ဒုက္ခသည်စခန်း ၃ ခုမှ ဒုက္ခသည်များ၊ စခန်းများမှ နေရင်းကျေးရွာ များသို့ အတင်းအကျပ် ပြန်လည်ပို့ဆောင် ခြင်းခံခဲ့ရသည့် ဒုက္ခသည်များနှင့် နေရပ်ရင်း ကျေးလက် တောရွာများသို့ ဆန္ဒ အလျှောက် ပြန်လည် အခြေချ နေထိုင်သည့် ဒုက္ခသည်ထောင်ပေါင်းများစွာကို စစ်အစိုးရက အိမ်များဆောက်လုပ်ရာ၌ ပါဝင်စေခြင်း၊ ဆန်အပါအ၀င် စားနပ်ရိက္ခာများ သယ်ပိုးစေခြင်း၊ သစ်ဝါးများ ခုတ်ထွင် ထမ်းပိုးစေခြင်း၊ စခန်းလုံခြုံရေး ကင်းစောင့်ခိုင်းခြင်း အပါအ၀င် ပြန်လည်တည်ဆောက်ရေး အမည်ခံ လုပ်ငန်းများတွင် ခိုင်းစေ နေကြောင်း လပွတ္တာ မြို့ခံများနှင့် ကျေးလက် တောရွာများမှ ဒေသခံများက ပြောသည်။

လပွတ္တာမြို့ ပြင်ပတွင်တည်ရှိသည့် ရတနာဒီပဒုက္ခသည်စခန်း၊ ၃ မိုင်စခန်းနှင့် ၅မိုင် စခန်းများမှ ဒုက္ခသည် ရာပေါင်းများစွာ ကို အမိန့်အာဏာဖြင့်ဆင့်ခေါ်ပြီး ဆန်ရိက္ခာများ သယ်ပိုးစေခြင်း၊ သစ်ဝါးများခုတ်ထွင်ထမ်းပိုး စေခြင်းအပြင် လယ်ယာ လုပ်ငန်းများတွင်ပါ ခိုင်းစေနေကြောင်း စခန်းများတွင် နေထိုင်သည့် ဒုက္ခသည်များက ပြောသည်။

“ရတနာဒီပအားကစားဝင်း ဦးစီးမှူးက စခန်းမှာနေတဲ့ အိမ်ထောင်စု တစုကို ယောက်ျား တယောက်နှုန်းနဲ့ လူတရာ နေ့တိုင်း ဆန်ထမ်းဖို့ ခေါ်တယ်။ မလိုက်မနေရ ခေါ်တာ။ လပွတ္တာ တဘက်ကမ်း တန် ၅၀ ဆိပ်နဲ့ တန် ၁၀၀ ဆိပ်မှာတနေကုန် ဆန်ထမ်းရတယ်” ဟု ရတနာဒီပ ဒုက္ခသည်စခန်းတွင် နေထိုင်သည့် ကျားချောင်းကျေးရွာသား ဒုက္ခသည်တဦးက ပြောသည်။

ယင်းသို့ လုပ်အားပေးခေါ်ယူခိုင်းစေမှုကို လုပ်ဆောင်ရန် ငြင်းဆန်သည့် ဒုက္ခသည်များကို စခန်းတွင်နေထိုင်ခွင့် မပြုဘဲ ဆဲဆိုမောင်းထုတ်သည်ဟု သိရသည်။

“လုပ်အားပေးမလိုက်တဲ့ သူတွေကို အားကာမှူးက အချောင်သမားတွေ အလကား ရတာစားပြီး အလုပ်မလုပ်ချင် ကြဘူး။ စခန်းကနေထွက်သွား အပျင်းတွေဆိုပြီး နှင်ထုတ်တယ်” ဟု ရတနာဒီပ စခန်းတွင်နေထိုင်သည့် အသက် ၄၀ ကျော်အရွယ် ဒုက္ခသည်တဦးကဆိုသည်။

လုပ်အားပေးလုပ်ရန်ငြင်းဆန်သည့် ဒုက္ခသည်များကို ဒုက္ခသည် စခန်းတာဝန်ခံအဖြစ် တာဝန်ယူထားရသည့် စစ်တပ်အရာရှိ များက ဆဲဆိုမောင်းထုတ်ရုံမက ရိုက်နှက်မှုများလည်း ရှိကြောင်း ၅ မိုင်စခန်းမှ ဒုက္ခသည်များက ဆိုသည်။

“လုပ်အားပေးမလိုက်ရင် မှတ်ထားတယ်။ ညနေ အရက်မူးချိန်ရောက်ရင် ခေါ်ပြီးရိုက်တယ်။ ပြီးတော့ စခန်းမှာ နေလို့ မရအောင် အပြစ်ရှာပြီး နှင်ထုတ်တယ်။ လုပ်အားပေးမလိုက်လို့ စခန်းက ထွက်သွားရတဲ့သူတွေ အများကြီးပဲ” ဟု ၅ မိုင် ဒုက္ခသည်စခန်းနေ ဒုက္ခသည်တဦးက ပြောသည်။

လုပ်အားပေးခိုင်းစေခံရသည့် ဒုက္ခသည်များတွင် ဆယ်ကျော်သက်အရွယ် လူငယ်များ ပါဝင်ပြီး ယင်းသို့ လုပ်အားပေးခိုင်း စေမှုများကို ပြင်ပသို့မပေါက်ကြားစေရန် မှာကြားထားသည်။ စခန်းသို့ လူစိမ်းများ လာရောက်မေးမြန်းမှုများ ရှိလျင် ဖြေကြား ခြင်း မပြုရန်လည်း စခန်း တာဝန်ခံများက ခေါ်ယူသတိပေး ထားသည်ဟု သိရသည်။

“ကလေးတွေလည်း လုပ်အားပေး ဆန်ထမ်းလိုက်ရလို့ ပုခုံးတွေပွန်းပြီး အနာတွေ ဖြစ် ကုန်တယ်။ လုပ်အားပေးရတဲ့ အကြောင်း အပြင်မှာမပြောဖို့၊ လူစိမ်းတွေ မေးလာရင်လည်း ဘာမှမဖြေဖို့ မှာထားတယ်။ လူစိမ်းတွေ စခန်းထဲ ၀င်လာရင် ချက်ချင်း အကြောင်းကြားဖို့ လည်း မှာထားတယ်” ဟု ရတနာဒီပစခန်းမှ လွှစာကျေးရွာသား တဦးကပြောသည်။

လပွတ္တာမြို့ ပြင်ပဒုက္ခသည်စခန်းများမှ ဒုက္ခသည်များသာမက မိမိတို့ နေထိုင်ခဲ့ရာ ကျေးရွာ များတွင် ပြန်လည် နေထိုင်နေ ကြသည့် ဒုက္ခသည် အများအပြားမှာလည်း ဧရာဝတီတိုင်း ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး တာဝန် ယူထားရ သော တပ်မ ၆၆ ၏ အတင်း အကျပ် လုပ်အားပေး ခေါ်ယူခိုင်းစေမှုများ တွေ့ကြုံခံစား နေရသည်ဟု သိရှိရသည်။

လပွတ္တာ မြို့နယ်အပိုင် ရွေးကျေးရွာအုပ်စုမှ ကျေးရွာသားတဦးက “ပြန်လည် ထူထောင်ရေး တွေလုပ်ဖို့ တပ်မတော်က တာဝန်ယူတာကို ပူးပေါင်းရမယ်ဆိုပြီး အိမ်၊ လမ်း၊ ဆောက်တဲ့ လုပ်ငန်းတွေ၊ သစ်ပင်ခုတ်ပြီး အမှိုက်ရှင်းတာတွေမှာ ရွာသားတွေကို နေ့တိုင်း လုပ်အားပေး ခေါ်တယ်” ဟု ပြောသည်။

ထိုသို့ စစ်တပ်က လုပ်အားပေး ခိုင်းစေရာတွင် ဒေသခံဒုက္ခသည်များကို ရိုက်နှက်မှုများလည်း ရှိနေကြောင်း ရွေးကျေးရွာ အုပ်စုတွင် အ၀တ်အထည် နှင့်ဆန်စားနပ်ရိက္ခာများ သွားရောက် လှူဒါန်းခဲ့သည့် ရန်ကုန် အလှူရှင်တဦးက ပြောပြသည်။

“လုပ်အားပေးအလုပ်ကို ကောင်းကောင်းမလုပ်လို့ဆိုပြီး စစ်သားတွေက ရွာသားတွေကို လက်သီးနဲ့ထိုးတယ်။ ရိုက်တယ်။ အဲဒါရွာသားတွေက မကျေနပ်ပေမယ့် ဘာမှပြောလို့ မရဘူး” ဟု ရန်ကုန်သား အလှူရှင်က ရှင်းပြသည်။

ယင်းသို့ လုပ်အားပေး ခိုင်းစေမှုများကို ရွေးကျေးရွာအုပ်စုဝင် နှာခေါင်းပေါက်ကျေးရွာ၊ ချောင်းချိုးကျေးရွာများ အပါအ၀င် လပွတ္တာမြို့နယ်အပိုင် ကျေးရွာ ရာဂဏန်းကျော်တွင် ကြုံတွေ့နေရကြောင်း ဒေသခံရွာသားများနှင့် လပွတ္တာမြို့ခံများထံမှ စုံစမ်းသိရှိရသည်။

အတင်းအကျပ် စေခိုင်းမှုများအပြင် ကျေးရွာသားများပိုင် လှေ၊ မော်တော်များကိုလည်း အတင်းအကျပ်ယူဆောင် အသုံးပြု နေကြပြီး စစ်သားများစားသုံးရန် ဒေသခံ ရေလုပ်သား များကို ငါးပုစွန်များ အခမဲ့ ဖမ်းဆီးခိုင်းမှုများ ရှိကြောင်းသိရသည်။

“အခုအချိန်က ရေတိုးချိန်ဆိုတော့ ငါးသလောက် တအားမိတယ်။ ဗိုလ်ကြီးတွေစားဖို့ ပုစွန်၊ ဂဏန်း တွေလည်း ဖမ်းပေးရ တယ်” ဟု ရွေးကျေးရွာအုပ်စုမှ ရေလုပ်သား တံငါတဦးက ပြောပြသည်။

လပွတ္တာမြို့နယ်အပြင် ဘိုကလေး၊ ဖျာပုံနှင့် ဒေးဒရဲ ဒေသများရှိ ကျေးရွာများတွင်လည်း မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များကို လုပ်အားပေး ခိုင်းစေမှုများ ရှိနေကြောင်း အဆိုပါ ဒေသများသို့ ကယ်ဆယ်ရေး ပစ္စည်းများ သွားရောက်လှူဒါန်းသည့် အလှူရှင်များနှင့် လိုက်ပါသတင်းယူကြသော ပြည်တွင်း သတင်းဂျာနယ်များမှ သတင်းထောက်များက ပြောဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

မူဆယ် ၁၀၅ မိုင် ဂိတ်တွင် သစ်ကုန်ကူးသည့် လာဘ်စားမှု သတင်းများထွက်ပေါ်

ကိုစိုး ဇူလိုင် ၁၆၊ ၂၀၀၈

စစ်အစိုးရက သစ်ပြည်ပ တင်ပို့ခွင့် လတ်တလော ရပ်ဆိုင်းထားကြောင်းနှင့် တရုတ်နိုင်ငံဘက်သို့ တင်ပို့ရန် ရာနှင့်ချီသော သစ်များ တရုတ်မြန်မာနယ်စပ် မူဆယ်မြို့တွင် စုပုံနေရကြောင်း သိရသည်။

အဆိုပါ မူဆယ် ၁၀၅ မိုင် နယ်စပ်ကုန်သွယ်ရေးဂိတ်အနီး ဘောလုံးကွင်း၌ စုံပုံထားသည့် သစ်များတွင် အစိုးရ သစ်လုပ်ငန်း တံဆိပ် ရိုက်ထားသော ရှမ်းပြည်နယ် လားရှိုး သစ်တောကြိုးဝိုင်းမှ သယ်ယူလာသည့် သစ် များ လည်း ပါဝင်သည်ဟု မူဆယ်ဒေသခံ တဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အဲဒီ ဘောလုံးကွင်းထဲမှာ အစိုးရ သစ်ကားတွေရပ်ထားတာ လ အတော်ကြာပြီ၊ အစိုးရက အခု သစ်တွေပြည်ပပို့တာ ရပ်ခိုင်းထားတယ်တဲ့၊ ဒါကြောင့် တရုတ်ဘက် ပို့မယ့် သစ်တွေ ဒီမှာ စုပုံနေတာ”ဟု ၎င်းက ပြောသည်။

ယခု မူဆယ်တွင် စုပုံထားသော သစ်များနှင့် ပတ်သက်ပြီး နယ်စပ်ကုန်သွယ်ရေး(နစက) တာဝန်ရှိသူများကို စုံစမ်းစစ်ဆေး မှုများ ပြုလုပ်နေကြောင်း မူဆယ် ကုန်သည်စီးပွားရေး အသိုင်းအ၀န်းက ပြောဆိုသည်။

“ဒီက သစ်ရောင်းဝယ်တင်ပို့တာတွေကို စစ်ဒေသကနေက ကိုင်တာ၊ ဒါပေမယ့် စစ်တပ်ကရော တိုင်းရင်းသား အပစ်ရပ် အဖွဲ့တွေပါ တန်ဖိုးရှိတဲ့ သစ်နဲ့ သစ်တောထွက် ပစ္စည်းတွေအားလုံး တရုတ်ကို ထုတ်ရောင်းနေ ကြ တာ”ဟု တရုတ်မြန်မာ နယ်စပ်မှ ဒေသခံတဦး ကလည်း ပြောသည်။

တရုတ်နိုင်ငံ၌ လာမည့်သြဂုတ်လအတွင်းကျင်းပမည့် အိုလံပစ်အားကစားပွဲတော်တွင် အသုံးပြုရန်အတွက် လိုအပ်သော သစ်အမြောက်အများကို မြန်မာနိုင်ငံဘက်မှ တင်သွင်းနေကြောင်းလည်း အတည်မပြုနိုင်သေးသော သတင်းများအရ သိရသည်။

“အိုလံပစ် အခမ်းအနားမှာပြင်ဆင် အသုံးပြုဖို့ သစ်တွေကိုဝယ်ဖို့အတွက် တရုတ်ကုန်သည်တွေက ၁၀၅ မိုင်ဂိတ်က အဲဒီ သစ်တွေ ရှာပေးနိုင်မယ့် ၀န်ထမ်းတွေကို အပူတပြင်း လာရှာကြတာရှိတယ်”ဟု မူဆယ်ကုန်သည်တဦးက ပြောသည်။

တရုတ်ကုမ္ပဏီများအနေနှင့် မြန်မာနိုင်ငံမှ သစ်များကို ကျယ်ကျယ်ပြန့်ပြန့် ၀ယ်ယူရောင်းချလျက်ရှိရာ ၂၀၀၅ ခုနှစ်က စစ်အစိုးရအပါအ၀င် တိုင်းရင်းသား အပစ်ရပ်အဖွဲ့များက တရုတ်နိုင်ငံသို့ တင်ပို့ရောင်းချသည့် တရား မ၀င်သစ် ကုဗမီတာ ၁.၅ သန်းခန့်ရှိပြီး ယင်းသစ်များမှာ ကမ္ဘာ့ဈေးကွက်သို့ ရောက်ရှိ သွားကြောင်းလည်း Global Witness အဖွဲ့၏ ထုတ်ပြန် ချက်တွင်ပါရှိသည်။

တရုတ်နိုင်ငံသည် မြန်မာနိုင်ငံဘက်မှ သစ်များကို အများဆုံးဝယ်ယူသည့်နိုင်ငံဖြစ်ပြီး ၂၀၀၄ ခုနှစ်က ရှမ်းပြည် မြောက်ပိုင်းမှ တရုတ်နိုင်ငံ ယူနန်ပြည်နယ်သို့ ပြည်ပတင်ပို့သစ် ၉၅ ရာခိုင်နှုန်းရှိ ကုဗမီတာ ၁ သန်း ခန့် ရှိသော တရား မ၀င်သစ်များ တင်ပို့ခဲ့ကြောင်း လန်ဒန်မြို့ အခြေစိုက် Global Witness အဖွဲ့က ဆိုသည်။

တချိန်တည်းတွင်ပင် ယခုဇူလိုင်လ အတွင်း၌ ယင်းမူဆယ် ၁၀၅ မိုင်ဂိတ် တာဝန်ကျ အကောက်ခွန် ၀န်ထမ်းများ နှင့် နစက ၀န်ထမ်းများကို လာဘ်စားမှု၊ တရားမ၀င် ကုန်ကူးသန်းရောင်းဝယ်မှုများဖြင့် စစ်ဆး အရေးယူမှုများ ရှိကြောင်း တရုတ်မြန်မာ နယ်စပ်မှ လာသောသတင်းများအရ သိရသည်။

“သူတို့ကို နာဂစ် အကူပစ္စည်းတွေတင်လာတဲ့ ကားတွေနဲ့ ပတ်သက်ပြီး လာဘ်စားတယ်ဆိုပြီးတော့လည်း စွပ်စွဲ ထားတာ”ဟု ၁၀၅ မိုင်ဂိတ် ရုံးနှင့် နီးစပ်သူ တဦး ကပြောသည်။

တရုတ်မြန်မာ နယ်စပ် ကုန်သည်များက နာဂစ် ဒုက္ခသည်များအတွက် လှူဒါန်းသော အကူပစ္စည်းတချို့ သယ်ဆောင်သည့် လမ်း၌ပင် ပျောက်ဆုံးမှုများ ရှိသည်ဟုလည်း ဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

နာဂစ်ရန်ပုံငွေ ကာတွန်းပြပွဲ ကျင်းပမည်

အေးချမ်းမြေ့ ဇူလိုင် ၁၆၊ ၂၀၀၈

ပန်းဆိုးတန်းလောကနတ် အနုပညာပြခန်းတွင် လာမည့် ဇူလိုင် ၂၂ ရက်နေ့၌ နာဂစ်မုန်တိုင်းဒဏ်ခံရသော ဒုက္ခသည်များကို လှူဒါန်းမည့် ရန်ပုံငွေ ကာတွန်းပြပွဲ ကျင်းပမည် ဖြစ်ကြောင်း ပွဲစီစဉ်သူထံမှသိရသည်။

“မြန်မာပြည်မှာ ရှိရှိသမျှ ကာတွန်းဆရာတွေဆီကို စာပို့ထားပါတယ်။ အားလုံး အယောက် ကျော်တယ်” ဟု ၎င်း ပွဲစီစဉ်သူက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကာတွန်းဆရာတဦးလျင် ကာတွန်းပုံ အများဆုံး ၃ ပုံတင်သွင်းနိုင်ပြီး ဈေးနှုန်းကို ကာယကံရှင် ကာတွန်းဆရာကိုယ်တိုင် ကြိုက်သည့် နှုန်းထား သတ်မှတ်ရမည် ဖြစ်ကာ ရောင်းချရရှိသည့် ငွေကို နာဂစ်မုန်တိုင်းဒဏ်ခံရသည့် ဒုက္ခသည်များအား လှူဒါန်းမည် ဖြစ်ကြောင်း သိရသည်။

“တခြားကာတွန်းပြပွဲတွေလိုပဲ ကာတွန်းဆရာတွေက ပွဲမှာအလှည့်နဲ့ထိုင်မယ်။ ပြီးရင် ရောင်းထားတဲ့ကတ်တလောက်တွေမှာ ကာတွန်းပုံလေးတွေ ရေးပေးမယ်။ ကာတွန်းဆရာက လက်မှတ်ထိုးမယ်” ဟု ပွဲစီစဉ်သူတဦးက ပြောပြသည်။

ဆက်လက်၍ ၎င်းက နာဂစ်ရန်ပုံငွေ ပန်းချီပြပွဲမှာ အလွန်အောင်မြင်လူကြိုက်များခဲ့ပြီး ယခု ပြုလုပ်မည့် ကာတွန်းပြပွဲအတွက် ကာတွန်းဆရာများအားလုံး စိတ်ဝင်တစား တက်ကြွ လျှက် ရှိသည်ဟု ဆိုသည်။

လူငယ်ကာတွန်းဆရာတဦးကလည်း “ဒီပွဲကို ပါဝင်ဖြစ်အောင်ပါဝင်မှာပါ။ ကျနော်ခုထိ ပုံတွေမပေးရသေးပေမယ့် အဆင်သင့် ရေးထားပြီးပါပြီ။ နာဂစ်ရန်ပုံငွေပွဲမှာ ပါဝင်ခွင့်ရလို့ ကျနော် ဝမ်းသာတယ်” ဟု ဧရာဝတီသို့ပြောကြားသည်။

ထိုင်းနိုင်ငံ မဲဆောက်မြို့တွင်ရောက်ရှိနေသော ကာတွန်း နေမျိုးအေးက ယခုကဲ့သို့ ကာတွန်းဆရာများ စုပေါင်း၍ မုန်တိုင်း သင့်ပြည်သူများကို ကူညီမည်ဆိုသည့်သတင်းကြားရသောကြောင့် ဂုဏ်ယူ ဝမ်းမြောက်သော်လည်း ကာတွန်းဆရာတဦး အနေနှင့် ပါဝင်ခွင့်မရနိုင်သည့်အတွက် ဝမ်းနည်းမိသည်ဟု ပြောသည်။

ယခုပြုလုပ်မည့်ကာတွန်းပြပွဲကို ရန်ကုန်မြို့အခြေစိုက် အီကိုဗစ်ရှင်းဂျာနယ်မှ တာဝန်ယူစီစဉ်ခြင်းဖြစ်သည်။ ပွဲမစမီ ကာတွန်း ပုံများကို စိစစ်ရေးသို့ တင်ပြရမည်ဖြစ်ပြီး ကာတွန်း ပုံပေါင်း ၄၀၀ ကျော်အနက် ပုံမည်မျှ ကျန်ရှိမည်ကို မပြောနိုင်သေး ကြောင်း ပွဲစီစဉ်သူ ကပြောသည်။

အပြည့်အစုံဖတ်လိုလျှင်

ကုလလူသားချင်းစာနာမှုဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) မြန်မာနိုင်ငံသွားဖို့ရှိ


17 July 2008

ကုလသမဂ္ဂ လူသားချင်းစာနာမှု ဌာနဆိုင်ရာ အကြီးအကဲ ဂျွန်ဟုမ်း(စ်) (John Holmes) နာဂစ်ဆိုင်ကလုန် လေမုန်တိုင်း ကျပြီးတဲ့နောက် မြန်မာပြည်က အခြေအနေကို အကဲဖြတ်ဖို့အတွက် ရှေ့ သတင်းပတ်ထဲ မြန်မာနိုင်ငံသွားရောက်ဖို့ သတင်းပါ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အာဆီယံနဲ့ပူးတွဲ အကဲဖြတ်ရေး စတင်လုပ်ဆောင်ဖို့ စင်္ကာပူနိုင်ငံကို သူ ဦးစွာသွားမယ် အဲဒီနောက် မြန်မာနိုင်ငံကို ခရီးဆက်မယ်လို့ မစ္စတာဟုမ်း(စ်) က ပြောဆိုပါတယ်။ လေမုန်တိုင်းကြောင့် အကြီးအကျယ် ပျက်စီးသွားတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သူ ထပ်မံသွားရောက်မယ်။ စစ်အစိုးရတာဝန်ခံများနဲ့လည်း တွေ့ဆုံဆွေးနွေးဖို့လည်း စီစဉ်ထားတယ်လို့လည်း ပြောဆိုပါတယ်။

မြန်မာလေဘေးအတွက် မူလတောင်းခံထားတဲ့ ဒေါ်လာ ၂၀၁ သန်းအစား အမေရိကန်ဒေါ်လာ သန်း ၄၈၀ အထိ ထည့်ဝင်သွားကြဖို့ အယင်သတင်းအပတ်အတွင်းမှာ ကုလသမဂ္ဂက ပန်ကြားခဲ့ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

US အောက်လွှတ်တော် ဥပဒေမူကြမ်းကြောင့် မြန်မာ့ကျောက်မျက် ဈေးကွက်ကို ထိခိုက်နိုင်

မြန်မာပြည် ကျောက်မျက်ရတနာပြပွဲ
17 July 2008

မြန်မာနိုင်ငံ စစ်အစိုးရရဲ့  ထိပ်ပိုင်းအရာရှိတွေကို ပစ်မှတ်ထားပြီး နိုင်ငံခြားဝင်ငွေ တွေကို ပိတ်ဆို့ဖို့ ရည်ရွယ်တဲ့ (Block Burmese Jades Act) ဥပဒေမူကြမ်းတခုကို အင်္ဂါနေ့ (ဇူလိုင် ၁၅၊ ၂၀၀၈) က အမေရိကန် အောက်လွှတ်တော်မှာ တခဲနက်တည်း အတည်ပြုခဲ့ပါတယ်။

မကြာခင်မှာတော့ အထက်လွှတ်တော် မှာလည်း ဒီဥပဒေမူကို အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။ ပြီးတော့ ဒီဥပဒေကြမ်းထဲမှာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာတွေကို အမေရိကန်ပြည်ထောင်စုအတွင်းကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ တင်သွင်းတာတွေကို ပိတ်ဆို့ပါဝင်တော့ ဒီအချက်က မြန်မာစစ်အစိုးရ ဘယ်လောက်ထိခိုက်မလဲ၊ မြန်မာ့ကျောက်မျက် ဈေးကွက်ကိုရော တစုံတရာထိခိုက် ရှိနိုင်ပါသလား။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အခုလို အမေရိကန်ဥပဒေကြောင့် မြန်မာစစ်အစိုးရကိုတစုံတရာထိခိုက်နိုင်သလဲ သာမန်ကုန်သည်တွေနဲ့ မြန်မာ့ကျောက်မျက်ဈေးကွက်ကိုပါ ထိခိုက်နိုင်တယ်လို့ မြန်မာကျောက်မျတ်ဈေးကွက်က ကုန်သည်တွေကတော့ ယူဆပါတယ်။ မြန်မာကျောက်မျတ်တွေကို အစိုးရက တိုက်ရိုက်နိုင်ငံတွင်းမှာ ကျောက်မျတ်ပွဲလုပ်ပြီး ရောင်းချနေတာတွေရှိသလို၊ ကုန်သည်တွေကတော့ အိမ်နီးချင်းနိုင်ငံတွေနဲ့ အဓိကထား အရောင်းအ၀ယ်လုပ်ရတာဖြစ်ပြီး၊ ဒီကနေ အိမ်နီးချင်းနိုင်ငံတွေကနေ အမေရိကန်နဲ့ နိုင်ငံကြီးတွေကို တင်ပို့တာလို့ သိရပါတယ်။ အခုလို ဒီ ဥပဒေမူကြမ်းအတည်ဖြစ်သွားပြီဆိုရင် မြန်မာကျောက်မျတ်တွေ အမေရိကန် ပြည်ထောင်စုကို တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်လို့ဖြစ်စေ တင်သွင်းမှုတွေ ရပ်သွားနိုင်ပါ့မလား - မြန်မာကျောက်မျတ်ဈေးကွက်က ကုန်သည်တဦးကို ကျနော်မေးကြည့်ပါတယ်။

ကျောက်မျက်ကုန်သည်ပွဲစား “ဟုတ်ကဲ့ နည်းတော့နည်းသွားမယ်။ ဒါပေမဲ့ သူတို့ထွက်ပေါက်လေးတွေတော့ ရှိပါတယ်။ ကျနော်တို့ မြန်မာပြည်ကနေပြီး တတိယနိုင်ငံ တရုတ်ပြည်၊ ဟောင်ကောင်၊ ထိုင်း တို့က အဓိက ဈေးကွက်ဖြစ်တယ်။ အမေရိကကို တင်သွင်းတဲ့ ကျောက်မျက်ရတနာဆိုတာ Color stone တွေဖြစ်တယ်။ ကျောက်စိမ်းပိုင်းကတော့ တရုတ်ပြည်ဖြစ်တယ်။”

ဒါဆိုလိုရှိရင် အခုလို ဥပဒေကြမ်းထွက်လာတော့ သာမန်အခြား မြန်မာကျောက်မျက် ကုန်သည်တွေကိုရော ထိခိုက်နိုင်သလား၊

“ထိခိုက်တယ်ခင်များ။ ကုန်သည်ပိုင်းလည်း ထိခိုက်တယ်၊ အစိုးရပိုင်းဆိုင်ရာလည်း ထိခိုက်တယ်။”
တကယ်တမ်း ရည်ရွယ်တာကတော့ အမေရိကန်အစိုးရက မြန်မာစစ်အစိုးရ နဲ့ ထိပ်ပိုင်းအရာရှိတွေရဲ့  နိုင်ငံခြားဝင်ငွေတွေ ပိတ်ဆို့ဖို့ ရည်ရွယ်ချက်နဲ့ လုပ်တာပါ။ ကုန်သည်ပိုင်းအတွင်းမှာ ထိခိုက်တယ်ဆိုတာ ဘယ်လိုပုံစံပါသလဲ။

“ဒီလိုရှိတယ် - ကုန်သည်တွေနဲ့ ရောင်းတဲသူတွေက အမြဲတမ်းအချက်အဆက်က ရှိနေတယ်။ အဲဒီတော့ အဓိက ထိုင်းနိုင်ငံမှာက အစိုးရ သွားရောင်းတာမဟုတ်ဘူး။ တကယ်တော့ ကုန်သည်တွေက သူ့ဘာသာသူ သွားရောင်းကြတာဆိုတော့ ယူအက်စ်က တင်းတင်းကြပ်ကြပ် လုပ်မယ်ဆိုရင် အဓိကသွားထိခိုက်မှာ ကုန်သည်တွေ ဖြစ်လိမ့်မယ်ခင်များ။ အစိုးရပိုင်းဆိုင်ရာကတော့ ကျောက်မျက်ရတနာပွဲမှာ ရောင်းပြီးရင် သူတို့ကိစ္စက ပြီးသွားပြီ။”

ထိုင်းတို့ တရုတ်ကနေပြီး ပြန်ဝယ်နိုင်တယ်ဆိုတာ မြန်မာနိုင်ငံက ကျောက်မျက်ရတနာမှန်း မသိနိုင်ဘူးလား။ ကျောက်မျက်ရတနာကို စစ်လို့ရှိရင် မြန်မာပြည်က လာတဲ့ ကျောက်မျက်ရတနာမှန်း မသိနိုင်ဘူးလား။

“သိနိုင်ပါတယ်။ စစ်လို့ရပါတယ် သိနိုင်တယ်။ တခုကတော့ အမေရိကန်က ဘယ်လောက်အတိုင်းအတားထိ စစ်ပြီးမှ သူတို့နိုင်ငံကို တင်သွင်းခွင့်ပြုမယ် ဆိုတဲ့အပေါ် မူတည်တယ်။ အခုနက ပြောသလို မြန်မာပြည်က ကျောက်ဆိုရင် လုံးဝ မ၀ယ်တော့ဘူးလား ဆိုတဲ့ အနေအထားမျိုးလား။ ဒါပေမဲ့ ကျနော်ထင်တာ ဒီကုန်သည်တွေ အခုနောက်ဆုံး တကယ်နာမည်ကြီး ကုမ္မဏီတွေဖြစ်တဲ့ Tiffany တို့လို ကုမ္မဏီတွေတောင် မြန်မာပြည်နဲ့ သူတို့ connection ရှိပြီးသာဘဲ။”

ဟုတ်ကဲ့ ဒါက ကြားနိုင်ငံတွေက တဆင့်လာမဲ့သဘောပေါ့။

“ဟုတ်ပါတယ်။”

ဟုတ်ကဲ့ ဒါပေမဲ့ ဒီကျောက်ကို စစ်လိုက်တာနဲ့ မြန်မာပြည်က ကျောက်ဆိုတာကို သိသာပါသလား။

“ဟုတ်ကဲ့ သေခြာပါတယ်။ အဲဒါကတော့ စစ်လို့ရပါတယ်။”

သူတို့ ပစ်မှတ်ထားတာ စစ်အစိုးရကို ပစ်မှတ်ထားတာပါ။ တကယ်တမ်း ဒီဥပဒေက ကျောက်မျက်ရတနာ ပိတ်ဆို့လိုက်ရင် စစ်အစိုးရ အသိုင်းအ၀ိုင်းကို ဘယ်လောက် ထိခိုက်နိုင်မလဲလို့ အကို ယူဆနိုင်လဲ။

“ကျနော်အထင်က စစ်အစိုးရ 50-50 လောက်ပါဘဲ။ ဘာကြောင့်လည်းဆိုတော့ အမေရိကဘက်ကို တင်သွင်းဖို့ ကျောက်မျက်ရတနာဆိုတာ တော်ရုံ ကွာလတီမျိုး မဟုတ်ဘူးခင်များ သူက တော်တော်လေး ယူရုတ်၊ အမေရိကဘက် တင်သွင်းတဲ့ ကွာလတီက တော်တော်လေး ကောင်းဖို့ဖြစ်တယ်။ ဒီလိုမျိုးကို တင်သွင်းနိုင်ဖို့က အစိုးရနဲ့ ပတ်သက်နေတဲ့ ကုန်သည်ကြီးတွေ ဒီအစိုးရနဲ့ ပတ်သက်တဲ့ လူတွေ ဥပမာ ကိုတေဇ တို့လည်း လူတွေ၊ ဒီမိုးကုတ်ဖက်ပိုင်းမှာလည်း သူရဲ့ နာမည်နဲ့ အကုန်ယူထားပြီးပြီ။”

အရင်တုန်းကရော မြန်မာနိုင်ငံက ဒီကျောက်သံပတ္တမြားတွေ အမေရိကဖက်ကို လာတာ ဘယ်လောက်လောက်ရှိသလဲ။ တော်တော်များလား။

“မိုးကုတ်က လူတွေက တက်ရောင်းကြတယ်။ အင်တာနေရှင်နယ် ကုန်သည်တွေကတော့ မြန်မာ့ကျောက်မျက်ပြပွဲမှာ သွားဝယ်ကြတယ်။ ဒါပေမဲ့ အဓိက ပစ္စည်းတွေ ထွက်သွားတာကတော့ အမေရိကတော့ အဓိက ဈေးကွက်ပါဘဲ။ ဥရောပနဲ့ စာရင်တော့ အမေရိက က ပိုပြီး ၀ယ်လေ့ရှိတယ်။”

အောက်လွှတ်တော်က အတည်ပြုလိုက်တဲ့ ဥပဒေမူကြမ်းကို သမ္မတလက်မှတ်ထိုးပြီးလို့ အတည်ပြုသွားလို့ရှိရင် မြန်မာ့ကျောက်မျက် ဈေးကွက် အပေါ်မှာ ဘယ်လောက်ထိ ထိခိုက်ရိုက်ခိုက်မှု ရှိနိုင်မလဲဆိုတာကို မြန်မာ့ကျောက်မျက် အသိုင်းအ၀ိုင်းက ကုန်သည်တဦးကို ကိုသားညွှန့်ဦး ဆက်သွယ်မေးမြန်းခဲ့တာပါ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အစွယ်လိုသူများ - အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး


မင်းဟန်
ကြာသပတေးနေ့၊ ဂျူလိုင်လ 17 2008 07:00 - မြန်မာစံတော်ချိန်

(၆၁) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဆောင်းပါး
“အမျိုးသားသူရဲကောင်း တယောက်ဟာ ဒီတိုင်းပြည်မှာ သိပ်တာရှည်မခံဘူး။ ရန်သူများတယ်။ အများဆုံး သုံးနှစ်ပဲ ခံမယ်။ ကျနော့်အတွက်တော့ --- နောက် (၁၈) လထက် မပိုဘူးလို့ ယူဆတယ်”
ဗိုလ်ချုပ်အောင်ဆန်း
(မောရစ်ကောလစ်၏ Last And First in Burma စာအုပ်၊ စာမျက်နှာ ၂၆၉၊ ၂၇၀) မှ

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
(၁)

၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင် ---။

“ဂျိုင်း” ----။

ကျယ်လောင်သည့် ဒေါက်ဖြုတ်သံကြောင့် အုတ်ရိုးနီနီပေါ်မှ ကျီးများလန့်၍ ထပျံကုန်ကြသည်။ ရောင်နီက မပေါ်သေး။ အင်းစိန်ထောင်ဝင်းအတွင်း အမှောင်ထုက ကြီးစိုးနေဆဲ။ အင်းစိန်ထောင်၏ ကြိုးစင်ရှိရာတွင်မူ လျပ်စစ်မီးရောင်များကြောင့် လင်းလင်းပပ ရှိ၍နေသည်။ ဒေါက်ဖြုတ်သံနှင့်အတူ ကြိုးစင်ပေါ်မှ ဖြူဖြူအရိပ် လေးခုသည် ကြိုးစင်တွင်း အတွင်းသို့ ရိပ်ခနဲ ထိုးဆင်းသွားသည်။ လျပ်တပြတ် ----။ ကြိုးတိုင်မှ တွဲလောင်းကျနေသည့် ကြိုးလေးချောင်းက လေးလံသည့် အရာဝတ္တုများအား ဆွဲထားရသည့်အတွက် “ တန်း” ၍ နေသည်။ မလှုပ်ရှား ----။ ငြိမ်သက်လျက်။

အင်းစိန်ထောင်ကြီးနှင့် (၁၂) မိုင်ခန့် ဝေးကွာသည့် ရန်ကုန်ထောင် ကြိုးစင်အတွင်း၌လည်း ကျယ်လောင်သည့် ဒေါက်ဖြုတ်သံ --- ။ ပြီးလျင် ---- ကြိုးစင်တိုင်မှ ကြိုးစင်တွင်း၊ အတွင်းသို့ တွဲလောင်းကျနေသည့် ကြိုးနှစ်ချောင်းသည်လည်း ---။ မလှုပ်ရှား ---၊ ငြိမ်သက်လျက် ---။



(၂)

၁၉၄၅ ခုနှစ်၊ သြဂုတ်လ (၁၉) ရက်။
နေသူရိန် ကဇာတ်ရုံ ၊ ရန်ကုန်မြို့။

စစ်ပြီးစ --- ရန်ကုန်မြို့သည် နာတာရှည် သူနာတယောက်၏ နာလန်ထ လူနာကဲ့သို့ ဖြစ်၍နေသည်။ အားအင်ကမရှိ ။ ဟိုနားထိလည်းနာ၊ ဒီနားထိလည်းနာနှင့် အရာရာသည် ယိုယွင်း၍ နေ၏။ ယမ်းငွေ့များက အုပ်ဆိုင်းဆဲ။ လမ်းမထက် သွေးကွက်များက မုတ်သုန်မိုးအား အာခံ၍ နေဆဲ။ မုတ်သုန်မိုးသည် စစ်၏ ဒဏ်ရာဒဏ်ချက်တို့အား မဆေးကြော မသုတ်သင်နိုင်သေး။ အုပ်မှိုင်းသော မိုးသားတိမ်ထုတို့၏ အောက်၌ နေသူရိန်ကဇာတ်ရုံကြီးသည် ယခင်က အထီးတည်း ။ ယခုမူ ----။

“(ဖ ဆ ပ လ) အဖွဲ့ချုပ်ရဲ့ ကိုယ်စား ကျနော် ဒီလူထု အစည်းအဝေးကြီးမှာ အဆိုသုံးရပ်ကို တင်သွင်းသွားမှာ ဖြစ်ပါတယ်။ ပထမဦးစွာ ဗမာ့ တပ်မတော်သစ်ကို မျိုးချစ် ဗမာ့တပ်မတော်သားများနှင့်သာ ဖွဲ့စည်းသွားရန် ဖြစ်ပါတယ်။ ဒုတိယ အဆိုအနေနဲ့ လွတ်လပ်တဲ့ မြန်မာနိုင်ငံအတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေ တရပ် ရေးဆွဲနိုင်ရေးအတွက် တိုင်းပြုပြည်ပြု လွှတ်တော်တရပ် ခေါ်ယူသွားရေး ဖြစ်ပါတယ်။ တတိယ အနေနဲ့ မြန်မာတနိုင်ငံလုံး၊ လုံးဝလွတ်လပ်တဲ့ နိုင်ငံတခု ဖြစ်ဖို့အတွက် ကြိုးပမ်း လုပ်ဆောင်ကြတဲ့အခါမှာ အဖွဲ့အစည်းပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ စည်းလုံးညှီညွှတ်ကြဖို့ လိုပါတယ်။ ---- ဒီအတွက် အားလုံး ညီညီညွှတ်ညွှတ်နဲ့ လုပ်ကိုင်သွားကြရန် ဖြစ်ပါတယ်။”

နေသူရိန် လူထု အစည်းအဝေးပွဲကြီးသို့ ဗိုလ်ချုပ်အောင်ဆန်းမှ တင်သွင်းသော အဆိုပြုသံနှင့် ထောက်ခံသည့် သြဘာသံများသည် ကဇာတ်ရုံကြီးအတွင်းမှ လျံထွက်၍လာသည်။ `ဤမှ ---- ကန်တော်ကြီးရေပြင်ကို ဖြတ်တိုက်၍ မြန်မာနိုင်ငံ တနံတလျားသို့ ----။

နေသူရိန် လူထု အစည်းအဝေးပွဲကြီးက ဗမာ့လွတ်လပ်ရေး တိုက်ပွဲအား လက်နက်ကိုင် တိုက်ပွဲမှ လူထုတိုက်ပွဲ သဏ္ဌာန်ဆီသို့ ချိုးကွေ့လိုက်သည်။



(၃)

၁၉၄၅ ခုနှစ်၊ စက်တင်ဘာလ( ၂)ရက်။
ကာလကတ္တားမြို့ ၊ အိန္ဒိယနိုင်ငံ။

ဗိုလ်ချုပ်ကြီး လော့လူဝီ မောင့်ဘတ်တန်က ဗမာ့တပ်မတော်သစ် ဖွဲ့စည်းရေးနှင့် ပတ်သက်၍ ဆွေးနွေးရန် မြန်မာကိုယ်စားလှယ် အဖွဲ့ကို ဖိတ်ခေါ်သည်။ သူက ဗြိတိသျှ အစိုးရ၏ အရှေ့တောင်အာရှ မဟာမိတ်တပ်ပေါင်းစု စစ်သေနာပတိချုပ်။ ပြီးနောက် မြန်မာ့အရေးအား မှန်မှန်ကန်ကန် အကဲဖြတ်နိုင်သည့် စစ်ဘက် အရာရှိတဦး ဖြစ်သည်။ မြန်မာ ကိုယ်စားလှယ်အဖွဲ့တွင် ဘီဒီအေမှ ဗိုလ်လက်ျာ၊ ဗိုလ်ဇေယျ၊ ဗိုလ်ကျော်ဇော၊ ဗိုလ်ဇော်မင်း၊ ဗိုလ်နေ၀င်း၊ ဗိုလ်မောင်မောင်တို့ ပါပြီး နိုင်ငံရေး ခေါင်းဆောင်များမှ ဦးဘဘေ၊ ဦးညိုထွန်း၊ သခင်သန်းထွန်းနှင့် စောဘဦးကြီးတို့ ပါသည်။ အဖွဲ့၏ခေါင်းဆောင်က ဗိုလ်ချုပ်အောင်ဆန်း ဖြစ်သည်။ ကိုယ်စားလှယ်အဖွဲ့သည် ရန်ကုန်မှ ကာလကတ္တား ----။ ကာလကတ္တားမှတဆင့် သိရီိလင်္ကာနိုင်ငံ ကန္နီသို့ သွားကြမည်။ မြန်မာကိုယ်စားလှယ် အဖွဲ့သည် ကာလကတ္တားတွင် ခတ္တနားသည်။ ထိုစဉ်က သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) သည် ကာလကတ္တားတွင် ရှိနေသည်။ သခင်သန်းထွန်း၊ သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တွေ့ဆုံပြီး ဗိုလ်ချုပ်အောင်ဆန်း၏ အနာဂတ်အရေးနှင့် ပတ်သက်၍ ဆွေးနွေးကြသည်။ အနာဂတ် မြန်မာ့နိုင်ငံရေးတွင် ဗိုလ်ချုပ်အောင်ဆန်းအား မည်သည့် အခန်းကဏ္ဍမှ ပါဝင်စေမည်နည်း။ စစ်ခေါင်းဆောင်လား။ နိုင်ငံရေး ခေါင်းဆောင်လား။ အမြင်နှစ်မျိုး ကွဲ၍နေသည်။ သခင်စိုး၊ သခင်သန်းထွန်း စသည့် ကွန်မြုနစ်များက အောင်ဆန်းသည် နိုင်ငံရေး ခေါင်းဆောင် တဦးရှိသင့်သည့် အရည်အချင်း ပေါင်းစုံမရှိ။ နိုင်ငံရေး ပရိယာယ် မကျွမ်းကျင်။ လူမှုဆက်ဆံရေး ညံ့ဖျင်းသည်။ ထိုကြောင့် တပ်မတော်ထဲတွင်သာ နေသင့်သည်။ ဤအမြင်ကို ဗိုလ်လကျာ်နှင့် သခင်သိန်းဖေ (ဦးသိန်းဖေမြင့်) တို့က လက်မခံ။ အောင်ဆန်းသည်သာ အမျိုးသားရေး အင်အားစု အပေါင်းကို ညီညွှတ်သော တပ်ဦးတရပ် ဖြစ်လာစေရန် စွမ်းဆောင်ပြီး ခေါင်းဆောင်မှု ပေးနိုင်မည့် တဦးတည်းသော ပုဂ္ဂိုလ်ဖြစ်သည်။ ထိုကြောင့် စစ်တပ်မှ ထွက်ပြီး နိုင်ငံရေးတွင်သာ တာဝန်ယူရမည်။

အဆုံးအဖြတ်က ဗိုလ်ချုပ်အပေါ်တွင်သာ တည်တော့၏။ ဗမာ့မျိုးချစ် တပ်မတော်သစ်တွင် ဗိုလ်မှူးချုပ်အဆင့်နှင့် ( ဒုတိယ တပ်မတော် စစ်ဆေးရေး အရာရှိချုပ်) ဗိုလ်ချုပ်အောင်ဆန်းအား ရာထူးလက်ခံရန် မောင့်ဘတ်တန်က လမ်းကြောင်းပြန်၏။ မည်သို့နည်း ----။



(၄)

၁၉၄၅ ခုနှစ်၊ အောက်တိုဘာလ (၁၉)ရက်။
အလုံလမ်း ၊ ရန်ကုန်မြို့။

ဘုရင်ခံ ဆာဒေါ်မန်စမစ်သည် ၁၉၄၅ ခုနှစ် အောက်တိုဘာလ (၁၆) ရက်နေ့တွင် ရန်ကုန်သို့ ရောက်ရှိလာသည်။ အိန္ဒိယနိုင်ငံ ဆင်းမလားမှ ပြန်လာခြင်း ဖြစ်ပြီး ဘုရင်ခံသည် ရန်ကုန် ပြန်ရောက်ပြီး နောက်တနေ့မှာပင် ၎င်း၏အုပ်ချုပ်ရေး ပုံစံသစ်အား ထုတ်ပြန် ကြေငြာတော့သည်။ အုပ်ချုပ်ရေးက မသစ်ဆန်း။ မဲပြာပုဆိုးပင်။ ဘုရင်ခံ အမှုဆောင် ကောင်စီကို အဖွဲ့ဝင် (၁၅) ဦးနှင့် ဖွဲ့စည်းမည်။ ဘုရင်ခံအလိုကျ ခန့်နိုင်၏။ ထုတ်ပယ်နိုင်၏။ စက္ကူဖြူစာတမ်း၏ အစွမ်းသတ္တိဖြင့် ကိုလိုနီိစနစ်အား ထိန်းသိမ်းရန်သာ ဖြစ်သည်။ မိုးနှောင်ရက်ကျန် ရန်ကုန်မြို့က ငြိမ်သက်လျက်။

ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ( ဖ ဆ ပ လ) အဖွဲ့ချုပ် ခေါင်းဆောင်များ၏ ဆွေးနွေးပွဲက အချိန်မကြာ ---။ ဘုရင်ခံက (ဖ ဆ ပ လ) အား ဘုရင်ခံ၏ အမှုဆောင်ကောင်စီ အဖွဲ့တွင် ပါဝင်ရန် ကမ်းလှမ်းသည်။ (ဖ ဆ ပ လ) မှ ဘုရင်ခံအမှုဆောင် ကောင်စီအား ကြားဖြတ်ယာယီ အမျိုးသား အစိုးရအနေဖြင့် ဖွဲ့စည်းရန် ရည်ရွယ်၏။ အမှုဆောင်ကောင်စီ (၁၅)နေရာတွင် (၁၁) နေရာအား (ဖ ဆ ပ လ) သို့ ပေးရန် တောင်းဆိုသည်။ ပြည်ထဲရေး ဌာနကိုလည်း (ဖ ဆ ပ လ) ကောင်စီဝင် တဦးမှ တာဝန်ယူမည်။ ဘုရင်ခံမှ ချက်ချင်း အဖြေမပေးနိုင်။ မကြာမှီ အကြောင်းပြန်ပေးပါမည်ဟု ယဉ်ကျေးစွာဖြင့် ဆိုသည်။ ပြီးပြီ။ ဆွေးနွေးပွဲက ဤမျှသာ ---။ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း၊ နှင့် ဦးဘဘေတို့ ဘုရင်ခံအား နှုတ်ဆက်ပြီး ဘုရင်ခံ၏ အိမ်တော်မှ ထွက်ခဲ့ကြသည်။ အလုံလမ်းမကြီးက စန့်စန့်ကြီး ၀ပ်ဆင်း၍ နေသည်။ မိုးစက်များက သူ့အပေါ်၌ ခုန်ပေါက်၍ နေကြသည်။ တပါတ်ခန့် ကြာသည့်အခါ၌ ဘုရင်ခံမှ အကြောင်းပြန်သည်။ ( ဖ ဆ ပ လ)၏ တောင်းဆိုချက်များအား ငြင်းပယ်သည့်အကြောင်း ----။ ပြီးလျှင် --- ဘုရင်ခံသည် အလိုတော်ရိများနှင့် စက္ကူဖြူစာတမ်းအား ထုဆစ်တော့၏။ ဆာပေါ်ထွန်း နန်းရင်းဝန် ဖြစ်လာသည်။



(၅)


၁၉၄၆ခုနှစ်၊ ဇန်န၀ါရီလ (၁၇-၂၃)ရက်။
ရွှေတိဂုံ အလယ်ပစ္စယံ၊ ရန်ကုန်မြို့။

ရာသီဥတုသည် ရှင်း၍နေသည်။ ကောင်းကင်သည် လင်း၍၊ လင်း၍ ----။ တိမ်ဆိုင် တိမ်အုပ်များ မရှိ။ နေခြည်သည် အတားအဆီးမရှိ မြေကမ္ဘာပေါ်သို့ ဖြန့်ကျက်၍ ဆင်းလာ၏။ ရွှေတိဂုံ စေတီတော်ကြီးသည် နေခြည်နှင့် လိမ်းကျံထားသဖြင့် ရွှေအိုရောင် ၀င်းပ၍ နေသည်။ ထိုးကျနေသည့် ရွှေတိဂုံ စေတီတော်၏ အရိပ်သည် အဆိုတင်သွင်းနေသူ အပေါ်သို့ အုပ်မိုးထားသည်။ ဘီဒီအေ ယူနီဖောင်းနှင့် (ဖ ဆ ပ လ) ဥက္ကဌ ဦးအောင်ဆန်းသည် ပထမအကြိမ် (ဖ ဆ ပ လ) ပြည်လုံးကျွတ် ညီလာခံကြီးသို့ အဆို တင်သွင်း၍ နေသည်။

“ ---- ဟုတ်လား ။ အလုပ်သမား၊ လယ်သမား၊ မြို့နေဆင်းရဲသား၊ ကုန်သည်ပွဲစားများနှင့် တိုင်းရင်းသား အရင်းရှင် လူတန်းစားတွေဟာ ---- ။ ဟုတ်လား----။ နယ်ချဲ့ အရင်းရှင်ကို အပြုတ်တိုက်နိုင်ဖို့ ကိုယ့်ဆိုင်ရာ လူတန်းစား အဖွဲ့အစည်းတွေ တည်ထောင်ပြီး လူတန်းစား ညီညွှတ်ရေးတွေ တည်ဆောက်ကြရမယ်။ အဲဒီ လူတန်းစား အဖွဲ့အစည်း အသီးသီးက ကိုယ်စားးလှယ်တွေနဲ့ ---- ဟုတ်လား ----။ တသီးပုဂ္ဂလ ပုဂ္ဂိုလ်တွေဟာ ဒီ (ဖ ဆ ပ လ) တပ်ပေါင်းစုကြီး အတွင်းမှာ ညီညွှတ်စွာနဲ့ လုပ်ကိုင် သွားကြပါရန် ဒီညီညွှတ်ရေးအဆိုကို တင်သွင်းပါတယ် ----”

လက်ခုပ်သံများက ရွှေတိဂုံ အလယ်ပစ္စယံ အတွင်း၌ ဆူညံ၍ နေတော့သည်။ အဆိုအား ကန့်ကွက်သူမရှိ အားလုံး ထောက်ခံကြသည်။ လူတန်းစား ညီညွှတ်ရေး ၊ ပြီးလျှင် တပ်ပေါင်းစုကြီးအတွင်း ညီညွှတ်ရေး၊ ထိုမှ အမျိုးသား လွတ်မြောက်ရေးဆီသို့ ----။

ရဟန်း၊ သံဃာ၊ လူထုလူတန်းစား ၊ စုစုပေါင်း လေးသိန်းကျော် တက်ရောက်ကြသည့် အကြီးမားဆုံး နိုင်ငံရေး အစည်းအဝေးပွဲကြီး ဖြစ်သည်။

“ဒိုမီနီယံ အလိုမရှိ”
“လုံးဝလွတ်လပ်ရေး ချက်ချင်းပေး”
“တိုင်းပြုပြည်ပြု လွှတ်တော် အမြန်ခေါ်”



(၆)
၁၉၄၆ ခုနှစ် မတ် (၂၇)ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်၊ ရန်ကုန်မြို့။

(ဂျပန်ကင်ဒို ဓါးရှည်သည် အပေါ်သို့ မြှောက်၍ တက်သွားသည်။ ပြောင်လက်သော ကင်ဒိုဓါးရှည်သည် နေရောင်အောက်၌ လင်းလက်သွား၏။ ခဏတာအတွင်း ဓါးရှည်သည် အောက်သို့ စိုက်ဆင်းလာပြီး ခုတ်ပိုင်းလိုက်သည်။ တိခနဲ ပြတ်မသွား---။ သထုံခရိုင်၊ ပေါင်မြို့နယ်မှ အင်္ဂလိပ်သူလျှို သဲဖြူကုန်းရွာ၏ ကုလားသူကြီးသည် အရှေ့သို့ ငိုက်၍ လဲကျသွားသည်။ သို့သော် ချက်ချင်း မသေ။ အင်္ဂလိပ်သူလျှိ၏ အသက်က ပြင်းလှသည်။

သွေးစွန်းနေသော ကင်ဒိုဓါးရှည်အား ဓါးအိမ်အတွင်းသို့ ထိုးသွင်းလိုက်ရင်း ဗိုလ်ချုပ်အောင်ဆန်းသည် အသက်ပြင်းလွန်းလှသည့် အင်္ဂလိပ်သူလျှို ကုလားသူကြီးအား သေနတ်နှင့် ပစ်သတ်ရန် သူ့ရဲဘော်များအား အမိန့်ပေးလိုက်သည်။ အနိဌာရုံမြင်းကွင်းအား ကြည့်ရှုနေကြသော ပရိတ်သတ်ကြီးသည် အင်္ဂလိပ်သူလျှိုတဦး သေဒဏ် စီရင်ခြင်းအပေါ်၌ ကျေနပ်၍ နေကြသည်။)

ဘုရင်ခံ အမှုဆောင်ကောင်စီ ဒု-ဥက္ကဌ ဆာရိုက်ဝိုက်စ်သည် ဘီအိုင်အေ စစ်ကြောင်းများ မြန်မာနိုင်ငံအတွင်းသို့ ၀င်ရောက်ခဲ့စဉ် အပေါင်မြို့နယ် မုတ္တမ ဘောလုံးကွင်းအတွင်း သဲဖြူချောင်း ရွာသူကြီးအား သတ်မှုနှင့် ဗိုလ်ချုပ်အောင်ဆန်းအား တရားစွဲဆိုနိုင်ရန် အချက်အလက်ဖိုင်တွဲကို အစည်းအဝေးတွင် ဖတ်ပြ၍ နေသည်။

အလုံလမ်း ဘုရင်ခံ၏ အိမ်တော်၌ ပြုလုပ်သော အစည်းအဝေး ဖြစ်သော်လည်း ဘုရင်ခံကိုယ်တိုင်က မတက်ရောက်။ မေမြို့သို့ အနားယူ သွားနေ၏။ ဗြိတိသျှ စစ်ဘက်မှ ဗိုလ်ချုပ်ဘရစ်နှင့် သူ၏ စစ်ဦးစီး အရာရှိကြီးများ၊ ပုလိပ်မင်းကြီးနှင့် အရပ်ဖက် အင်္ဂလိပ် အရာရှိကြီးများ တက်ရောက်ကြသည်။

အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲ၏ တပ်ဦးတွင် ရှိနေသည့် ဗိုလ်ချုပ်အောင်ဆန်းအား နိုင်ငံရေးနယ်ပယ်မှ ဖယ်ရှားနိုင်ရန် လူသတ်မှုဖြင့် ထောင်သွင်း ဖမ်းဆီးနိုင်ရန် ကြံစည်ကြခြင်း ဖြစ်သည်။

မြန်မာပြည်ပုလိပ်မင်းကြီး မစ္စတာ ချက်တယ်လ်က -----

“ဗိုလ်ချုပ်အောင်ဆန်းကို စီအိုင်ဒီိက ဖမ်းတာနဲ့ မြန်မာပြည် သူပုန်ထကြမှာပဲ။ နောက်ပြီး စစ်အတွင်းက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အထွေထွေ လွတ်ငြိမ်ချမ်းသာခွင့်ပေးဖို့ လန်ဒန်မှာ အခု စဉ်းစားနေကြပြီး မကြာခင် ဥပဒေ ထွက်လာမယ်။ ဒီတော့ မပြီးစီးသေးဘဲ ဆိုင်းငံ့ထားသင့်တယ်”

ပုလိပ်မင်းကြီး၏ ဆွေးနွေးချက်အပေါ် တပ်မတော် သေနာပတိချုပ် ဗိုလ်ချုပ်ဘရစ်ကလည်း ထောက်ခံ၏။

“ဟုတ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းတာနဲ့ လူထုကြီးက သူပုန်ထကြမှာပဲ။ အထူးသဖြင့် ကျေးလက်ဒေသတွေမှာ ဆိုးဆိုးဝါးဝါး တုံ့ပြန်ကြလိမ့်မယ်။ နောက်ပြီး --- ဗမာ့ တပ်မတော်အတွင်းမှာ ရှိနေတဲ့ တပ်မတော်သား လေးထောင်၊ ငါးထောင်က ကျုပ်တို့ကို စတိုက်မှာပဲ။ သူတို့မှာ လက်နက် အပြည့်အစုံ ရှိတယ်။ စစ်ပညာ ရှိတယ်။ စစ်ပွဲ အတွေ့အကြုံ ရင့်ကျက်နေပြီ ဖြစ်တယ်။ ဆရာစံ ဂဠုန်တပ်လိုမျိုး မဟုတ်ဘူး -----“

အစည်းအဝေး ခန်းမအတွင်း တိတ်ဆိတ်၍ သွားသည်။ အားလုံးက တွေးဆ၍ နေကြသည်။ နေမ၀င် အင်ပါယာကြီးအတွက် -----။



(၇)
၁၉၄၆ ခုနှစ်၊ သြဂုတ်လ (၂၀)ရက်။
အမှတ် (၂၅) တာဝါလိန်လမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ်၏ အပေါ်ထပ်တွင် (ဖ ဆ ပ လ) အမှုဆောင် အဖွဲ့အစည်းအဝေး ထိုင်နေကြသည်။ နေ့စဉ်နှင့်အမျှ မြန်မာ့နိုင်ငံရေးသည် ပြောင်းလဲ ဖြစ်ပေါ်လျက် ရှိ၏။ ရန်ကုန်မြို့သည် မငြိမ်သက်။ ၁၉၄၆ ခုနှစ် မေလ (၁၄) ရက်နေ့တွင် အင်းစိန်ခရိုင်၊ ထန်းတပင် မြို့၌ ပြည်သူ့ရဲဘော်များအား တားမြစ်မိန့်ကို ဖီဆန်၍ စစ်ရေး လေ့ကျင့်သည် ဟူ၍ အစိုးရက ဖမ်းသည်။ မကျေနပ်ကြ။ မတရားသော အမိန့်အာဏာနှင့် ဖိနှိပ်ခြင်းဟု မြင်ကြသည်။ မေလ (၁၈) ရက်နေ့တွင် ပြည်သူ့ရဲဘော်များက မတရားဖမ်းဆီးမှုအား ကန့်ကွက်သည့် စီတန်းလှည့်လည် ဆန္ဒပြပွဲကြီးအား ကျင်းပကြသည်။ လယ်သမားများ ပါသည်။ ကျောင်းသားများလည်း ပါသည်။ ရဟန်း၊ သံဃာများလည်း ပါကြသည်။ မတရား အမိန့်အာဏာ ဟူသမျှ တာဝန်အရ ဖီဆန်၍ ပြခြင်းဖြစ်၏။ ပုလိပ်အဖွဲ့က ပစ်ခတ်တော့သည်။ ဆန္ဒပြသူ လယ်သမားကြီးသုံးဦး သေဆုံးပြီး (၁၅)ဦးခန့် ဒဏ်ရာရကြသည်။ ဤမှစ၍ တိုင်းပြည်သည် မငြိမ်သက်တော့ ----။ အာဏာ ဖီဆန်မှုများ ဖြစ်ပေါ်၍ လာတော့သည်။ လူထု သိန်းနှင့်ချီ၍ ရန်ကုန်မြို့တွင် ဆန္ဒပြကြသည်။ (ဖ ဆ ပ လ)၏ ဦးဆောင်မှု အောက်၌ စနစ်တကျ လူထုတိုက်ပွဲ ဆင်နွှဲလျက် ရှိသည်။

လူထု၏ အကျပ်အတည်းက ကြီးမားလှသည်။ မတရားသည့် အမိန့်အာဏာအောက် မလူးသာ မလှုပ်သာ ရှိနေသည့်အပြင် အခြေခံ စားသုံးကုန် ဈေးနှုန်းက အဆမတန် တက်၍လာသည်။ ဂျပန် ငွေစက္ကူများအား တရားမ၀င် ကြေငြာလိုက်သဖြင့် ငွေကြေး အကျပ်အတည်း ဖြစ်ရသည်။ လက်နက်ပုန်းများက နေရာအနှံ ----။ လုယက်မှု၊ ဓါးပြတိုက်မှုတို့က တိုး၍လာသည်။ လမ်းပန်း ဆက်သွယ်ရေးက လုံခြုံ ချောမွေ့မှုမရှိ။ ပြည်သူလူထုသည် ကျီးလန့်စာ၊ စားဘ၀ရောက်၍ နေသည်။

အခြေအနေ အရပ်ရပ်အား ဘုရင်ခံ ဆာဒေါ်မန်စမစ်နှင့် ဆာပေါ်ထွန်း အစိုးရသည် မည်သို့မျှ မဖြေရှင်းနိုင်။ အကျပ်တွေ့၍ နေသည်။

(ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သည် လက်ရှိ ဖြစ်ပေါ်နေသော နိုင်ငံရေး အခြေအနေများကို ရှုမြင်ရာ၌ မကွဲလွဲ။ အမြင်တူညီကြ၏။ ရှေ့လုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဗိုလ်ချုပ်အောင်ဆန်းသည် သူရေးဆွဲထားသည့် စီမံချက်အကြမ်းအား ဗဟို အလုပ်မှုဆောင်များသို့ ဖတ်ကြားပြနေသည်။

“ပြည်သူ့လွတ်လပ်ရေး ချုပ်ချယ်မှု ကန့်ကွက်ပွဲအတွက် “

၁။ သြဂုတ်လ (၂၅) ရက် မတိုင်မှီ စီတန်း လမ်းလျှောက်ပွဲ လုပ်နိုင်က လုပ်စေလိုသည်။ မဖြစ်နိုင်က အစည်းဝေးပွဲ လုပ်စေလိုသည်။
၂။ အထက်ပါ ကန့်ကွက်ပွဲမှာ အာဏာဖီဆန်ရေး မဟုတ်သေးသဖြင့် လက်ရှိ ဥပဒေများကို ဖောက်ဖျက်ခြင်း စသော ကိစ္စမျိုး မလိုသေးပါ။
၃။ ကြွေးကြော်သံများမှာ အောက်ပါအတိုင်း ဖြစ်သင့်ပါသည်။
- ချုပ်ချယ်တဲ့ ဥပဒေတွေ ပယ်ဖျက်
- ချုပ်ချယ်တဲ့ အမိန့်တွေ ပယ်ဖျက်
- ကာကွယ်ရေးဥပဒေ အလိုမရှိ
- လက်တလော ဥပဒေ တွေ အလိုမရှိ
- သတင်းစာတွေ မချုပ်ချယ်နှင့်
- ပြည်သူ့ရဲဘော်တွေကို လွှတ်ပေး



(၈)
၁၉၄၆ ခုနှစ်၊ စက်တင်ဘာလ (၂၀)ရက်။

စက်တင်ဘာလ (၅) ရက်နေ့တွင် ရန်ကုန် ပုလိပ်အစည်းအရုံးမှ ဦးဆောင်၍ ပုလိပ်သပိတ်ကြီးအား စတင်သည်။ စက်တင်ဘာ (၁၅) ရက်နေ့တွင် စာတိုက်အမှုထမ်းများ သပိတ်မှောက်ကြပြန်သည်။ ပြီးလျှင် ---- ကြေးနန်း၊ မီးရထား၊ စည်ပင်သာယာ စသော အစိုးရဌာနများ လိုက်၍ သပိတ်မှောက်ကြတော့သည်။ ၀န်ထမ်းပေါင်းစုံ သပိတ်ကြီး -----။ သပိတ်ကြီးကြောင့် နယ်ချဲ့အစိုးရ ယန္တရားကြီး ပျက်မည်ကဲ့သို့ ဖြစ်၍လာသည်။ ဘုရင်ခံသစ် ဆာဟူးဘတ်ရန့်စ်သည် မဖြေရှင်းတတ်။ အကျပ်တွေ့၍ နေသည်။ မည်သို့ ကိုင်တွယ် ဖြေရှင်းမည်နည်း။ ဘုရင်ခံသစ်သည် စက်တင်ဘာ (၁၇) ရက်နေ့တွင် ဆာပေါ်ထွန်း အစိုးရအဖွဲ့ကို ဖျက်သိမ်းလိုက်သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအတွက် ဆားဟူးဘတ်ရန့်စ်သည် ဗိုလ်ချုပ်အောင်ဆန်းနှင့် တွေ့သည်။ ဘုရင်ခံ၏ အမှုဆောင် ကောင်စီသစ်တွင် (ဖ ဆ ပ လ) ကိုယ်စားလှယ် အရေအတွက် တိုးပေးမည့်အကြောင်း ကမ်းလှမ်း၍လာသည်။

ထိုအချိန်၌ ဂဠုန်ဦးစောသည်လည်း ယူဂန္ဒာထောင်မှ ပြန်ရောက်၍ နေပြီ။ အလိုတော်ရိဟောင်းကြီး ဦးစောအားလည်း ဘုရင်ခံသစ်က ခေါ်၍တွေ့သည်။ ဘုရင်ခံ အမှုဆောင် ကောင်စီသစ် ဖွဲ့စည်းရေးအား ဆွေးနွေးသည်။ အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ဘုရင်ခံက ဦးစောအား ကမ်းးလှမ်းသည်။ ဦးစောက မငြင်း။ သဘောတူမှု ရသွားတော့သည်။

ဘုရင်ခံအိမ်ဝင်း အတွင်းမှ ပြန်ထွက်လာသော ဦးစော၏ကားသည် အလုံလမ်းအတိုင်း မောင်းနှင်၍ လာခဲ့သည်။ သူရိယ သတင်းစာတိုက်သို့ ရောက်သည့်အခါ ကားရပ်ပြီး သတင်းတိုက်အတွင်းသို့ ဦးစော ၀င်၍သွားသည်။ သူရိယ သတင်းစာတိုက်မှ ပြန်ထွက်လာသော ဦးစော၏ကားနောက်၌ အစိမ်းရောင် ဂျစ်ကားတစင်း လိုက်ပါ၍လာပြီ။ ဦးစောက သတိမထားမိ။ ပြည်လမ်းအတိုင်း မောင်းနှင်လာကြသော ကားနှစ်စင်းသည် နီးသွားလိုက်၊ ဝေးသွားလိုက်နှင့် မြေနီကုန်း အ၀ိုင်းကြီးအနီးသို့ ရောက်၍လာသည်။ အစိမ်းရောင်ဂျစ်ကားသည် အရှိန်မြှင့်ပြီး ဦးစော၏ကားအား ကျော်တတ်သည်။ ကားနှစ်စီး ဘေးချင်းယှဉ်မိသည်နှင့် အစိမ်းရောင်ဂျစ်ကားပေါ်မှ ဦးစောအား သေနတ်နှင့် ပစ်တော့သည်။ တချက် -------။ ဦးစောကား၏ မှန်ကို ထိသည်။ မှန်များ ကြေမွ လွှင့်စင်ကုန်၏။ နောက်တချက် ထပ်ပစ်သည်။ ဦးစောအား မထိ။ ဦးစောက ကားအတွင်းဝပ်၍ နေလိုက်ပြီ ဖြစ်သည်။ တတိယ တချက် ထပ်ပစ်ပြန်သည်။ ပြီးလျှင် အရှိန်နှင့်မောင်း၍ ထွက်သွားတော့သည်။ ဦးစောတို့၏ကားက အဝေးတွင် ကျန်ခဲ့ပြီ။



(၉)
၁၉၄၆ခုနှစ်၊ စက်တင်ဘာလ (၂၃)ရက်။
အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ရန်ကုန်တွင် ဖြစ်ပေါ်နေသော နိုင်ငံရေး မငြိမ်သက်မှုများအား လန်ဒန်ရှိ လေဘာအစိုးရသည် သူ၏ တပ်အင်အားနှင့် ချေမှုန်းလို၏။ (ဖ ဆ ပ လ) နှင့် စေ့စပ်ဆွေးနွေးရန် ဆန္ဒမရှိ။ လွတ်လပ်ရေးပေးရန် မစဉ်းစား။ ကိုလိုနီစနစ်ကိုသာ အခိုင်အမာနှင့် တည်ဆောက် ချင်နေကြသည်။ လွတ်လပ်ရေးအတွက် တောင်းဆို တိုက်ပွဲဝင်နေမှုအား စစ်အင်အား နှင့် နှိမ်နင်းလိုလေသည်။ သို့သော် ဖြစ်နိုင် ၊ မဖြစ်နိုင် ချိန်ဆ၍ နေကြသည်။ ဒေါင်းနင်းလမ်းမှ ဗြိတိသျှ စစ်ဦးစီး ဗိုလ်ချုပ်ကြီးများထံသို့ ထင်မြင်ချက် တောင်း၏။ ဗိုလ်ချုပ်ကြီးများမှ ဒေါင်းနင်းလမ်း အမှတ် (၁၀)သို့ ၎င်းတို့၏ ထင်မြင်ချက်များအား အစီရင်ခံ တင်ပြကြ၏။

“ဒုတိယ ကမ္ဘာစစ်ကြီးတွင် ကမ္ဘာ့ အရှေ့တလွှားသို့ သွားရောက်ကာ လေးနှစ်နီးပါး ကြာအောင် ရန်သူ ဂျပန်များအား တိုက်ခိုက်ရပြီးမှ စစ်နိုင်သော ဗြိတိသျှစစ်တပ်များနှင့် ဗြိတိသျှ လက်အောက်ခံ အာဖရိကတိုက်သား တပ်များသည် အိမ်ပြန်ချင်နေကြသည်။ မြန်မာ အမျိုးသား စစ်တပ်နှင့် တသားတည်း စည်းလုံးညီညွှတ်လျက်ရှိသော ပြည်သူလူထု အင်အားကြီးကို ဖြိုခွင်း အနိုင်ယူရန်မှာ နှစ်ပေါင်းများစွာ ကြာဖွယ်ရှိသည်။ မြန်မာနိုင်ငံ၏ မိုးရာသီ ရွှံနွံများအတွင်း၌ ဗြိတိသျှ စစ်သားများက လေးငါးနှစ် ဆက်၍ စစ်တိုက်နေလိုသော စိတ်ဓါတ် မရှိတော့ပြီ။ ထို့အပြင် အိန္ဒိယပြည်ကြီးသည် မကြာမီသော ကာလအတွင်း၌ လွတ်လပ်ရေး ရသွားတော့မည်။ ဤအခြေအနေ၌ အိန္ဒိယပြည်၏ နိုင်ငံရေး ခေါင်းဆောင်များ ဖြစ်ကြသော ဂန္ဒီ၊ နေရူး အစရှိသော ပုဂ္ဂိုလ်များသည် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲကို နှိမ်နင်းရန်အတွက် အိန္ဒိယ စစ်တပ်များအား အသုံးချခြင်းကို ခွင့်ပြုကြလိမ့်မည် မဟုတ်ချေ။ ထိုကြောင့် မြန်မာနိုင်ငံအား အသားတကြည်နှင့် လွတ်လပ်ရေး ပေးလိုက်ခြင်းသည်သာလျှင် အကောင်းဆုံး နည်းလမ်း ဖြစ်သည်”



(၁၀)
၁၉၄၆ ခုနှစ် ၊ စက်တင်ဘာလ (၂၆)ရက်။

စက်တင်ဘာ (၅) ရက်နေ့မှ စတင်ခဲ့သော “စက်တင်ဘာ အရေးတော်ပုံကြီး” သည် အားကောင်း၍ သာလာ၏။ ဘုရင်ခံသည် (ဖ ဆ ပ လ) အား အမှုဆောင် ကောင်စီသစ်တွင် ပါဝင်ရန် ကမ်းလှမ်းနေသော်လည်း (ဖ ဆ ပ လ) ၏ တောင်းဆိုချက်များအား ဈေးဆစ်၍သာ နေလေသည်။ မလိုက်လျော။ ဗိုလ်ချုပ်အောင်ဆန်းသည် ဘုရင်ခံအား ---

“ကျုပ်တောင်းတာ အေးအေးဆေးဆေး မပေးရင် လူထုကို ကျုပ်ထိန်းနိုင်တော့မှာ မဟုတ်ဘူး။ ထ ချကုန်လိမ့်မယ်”

ဟူ၍ တဖက်မှ အားကိုပြ၍ ခြိမ်းခြောက်၏။ တဖက်မှ တောင်းဆိုချက်များကို အေးဆေးစွာနှင့် ရရှိနိုင်ရန် စေ့စပ် ညှိနှိုင်း၏။ အလျော့အတင်း လုပ်ကြ၏။ စက်တင်ဘာလ (၂၉) ရက်နေ့တွင် လူထုသိန်းနှင့်ချီ၍ စက္ကူဖြူစာတမ်း ကန့်ကွက်ပွဲ ပြုလုပ်မည်ဟု ဗိုလ်ချုပ်အောင်ဆန်းက ကြေငြာလိုက်၏။ ဘုရင်ခံ တင်းမထားနိုင်တော့။ လျော့ပေးရတော့သည်။

ဘုရင်ခံ၏ အမှုဆောင် ကောင်စီအား (၁၁) ဦးနှင့် ဖွဲ့စည်းမည်။ (ဖ ဆ ပ လ) မှ (၇)ဦး ပါဝင်မည်။ ကောင်စီကို အစိုးရအဖွဲ့ ပုံသဏ္ဍာန်နှင့် လုပ်ကိုင် ဆောင်ရွက်မည်။ ဘုရင်ခံက အမှုဆောင်ကောင်စီ၏ သဘာပတိ၊ ဗိုလ်ချုပ်အောင်ဆန်းက ဒုတိယ သဘာပတိ၊ ကာကွယ်ရေးနှင့် နိုင်ငံခြားရေးဌာနကို ဗိုလ်ချုပ်အောင်ဆန်းက တာဝန်ယူပြီး တောင်တန်းဒေသများကို ဘုရင်ခံမှ တိုက်ရိုက် တာဝန်ခံမည်။

ဘုရင်ခံနှင် (ဖ ဆ ပ လ) တို့ ညှိနှိုင်း၍ ရသွားကြပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အဖွဲ့ခေါင်းဆောင် တာဝန်ကို အလုံလမ်း၊ ဘုရင်ခံနေအိမ်၌ လက်မှတ်ရေးထိုး ရယူခဲ့ပြီးနောက် တာဝါလိန်းလမ်း နေအိမ်သို့ ပြန်လာခဲ့သည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ ပါဝင်သော အစိုးရ၊ ညီညွှတ်သော (ဖ ဆ ပ လ)နှင့် လူထုသည် ယာယီ အမျိုးသားအစိုးရအဖြစ် အချုပ်အချာ အာဏာပိုင် တိုင်းပြုပြည်ပြု လွှတ်တော်သို့ အရောက် ချီတက်တော့မည်။



(၁၁)
၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၄) ရက်။
အမှတ် (၂၅) ၊ တာဝါလိန်းလမ်း၊ ရန်ကုန်မြို့။

ဗိုလ်ချုပ်အောင်ဆန်း နေအိမ် အပေါ်ထပ်၌ (ဖ ဆ ပ လ) အလုပ်အမှုဆောင် အဖွဲ့အစည်းအဝေး ပြုလုပ်နေသည်မှာ နှစ်ရက်ရှိပြီ။ ဆုံးဖြတ်ချက် မချနိုင်သေး။ မနေ့ညကလည်း သန်းခေါင်ကျော်မှ အစည်းအဝေး ရပ်နားလိုက်ရသည်။ လူတွေက ပန်း၍နေ၏။ (ဖ ဆ ပ လ) အဖွဲ့မှ ဘုရင်ခံ အမှုဆောင် ကောင်စီအစိုးရ အဖွဲ့တွင်ဝင်ပြီး တလကျော်ကျော် ကာလအတွင်း (ဖ ဆ ပ လ) အနေဖြင့် နောက်တဆင့် လွတ်လပ်ရေးအတွက် လန်ဒန် အစိုးရကို တောင်းဆိုမည့်အကြောင်း ဆွေးနွေးနေကြခြင်း ဖြစ်သည်။ မနေ့ညက သခင်နုသည် (ဖ ဆ ပ လ) ဗဟို အလုပ်မှုဆောင် အဖွဲ့သို့ အဆိုတရပ် တင်၍ ဆွေးနွေးသည်။

ဗြိတိသျှ အစိုးရ အနေနှင့် မြန်မာပြည်၏ လွတ်လပ်ရေးကို တနှစ်အတွင်း ပေးပါမည်ဟု ၁၉၄၇ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့ မတိုင်မှီ လန်ဒန်ရှိ လေဘာအစိုးရက ကြေငြာပေးရန်။

ဗြိတိသျှအစိုးရက မကြေငြာပေးပါက ဘုရင်ခံ အမှုဆောင် ကောင်စီ အစိုးရအဖွဲ့မှ (ဖ ဆ ပ လ) ကိုယ်စားလှယ်များ နှုတ်ထွက်မည်။ ပြီးလျှင် မြန်မာ့လွတ်လပ်ရေးအတွက် အနုနည်းဖြင့် အာဏာဖီဆန်ရေး တိုက်ပွဲများ ဆင်နွှဲသွားမည်။

သခင်နု၏ ဆွေးနွေးချက်များအား ဆိုရှယ်လစ်ပါတီမှ ဦးကျော်ငြိမ်းက ထောက်ခံသည်။ ဦးဘဘေတို့က ကန့်ကွက်၏။ ကျန်လူများမှာတော့ မည်သည့် သဘောထားမှ မပြောကြ။ ဗိုလ်ချုပ်၏ သဘောထားအား သိချင်ကြပုံရ၏။ သူ့သဘောထားအား ဆွေးနွေးလိုက်ပါက ကျန်လူများက ဗိုလ်ချုပ်၏ သဘောထားအတိုင်း ရပ်တည်ကြမည်။ ဗိုလ်ချုပ်က ထောက်ခံပါက သဘောမတူသော်လည်း ထောက်ခံကြမည်။ ဗိုလ်ချုပ်က ကန့်ကွက်ပါက ထောက်ခံချင်သော်လည်း သူတို့ ကန့်ကွက်ကြမည်။ ထိုကြောင့် ဗိုလ်ချုပ်အောင်ဆန်းက သူ့၏ သဘောထားအား အရင် မတင်ပြခြင်း ဖြစ်သည်။ ဤသို့နှင့် မနေ့က အစည်းဝေးသည် ညနက် သန်းခေါင်ကျော်ခဲ့၏။ ဆုံးဖြတ်ချက်ဟူ၍ မချမှတ်နိုင်ခဲ့။ ဒုတိယည ဗဟို အလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေး စသည်နှင့် ဗိုလ်ချုပ်အောင်ဆန်းမှစ၍ ဆွေးနွေးတော့သည်။

“လွတ်လပ်ရေးဟာ အရေးအကြီးဆုံး ပြဿနာ ဖြစ်တယ်။ အဲဒီတော့ ဒီပြဿနာကို ဦးစားပေးပြီး ဆောင်ရွက်ရမယ်။ ဒီလို ဦးစားပေးပြီး မဆောင်ရွက်ရင် လွတ်လပ်ရေးကို ကျနော်တို့ မျက်ခြေပျက်သွားမယ်။ ဒီလွတ်လပ်ရေး ပေးပါမယ်လို့ ဗြိတိသျှအစိုးရကို ၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ (၃၁) ရက်နေ့မတိုင်မီ ကြေငြာခိုင်းရုံနဲ့ မလုံလောက်ဘူး။ မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ်ဆိုတာ ပါရမယ်။ အဲဒါမပါရင် ကျနော်တို့ရဲ့ ဆုံးဖြတ်ချက်ကို ဗြိတိသျှအစိုးရက ဖိုင်တွဲချင်လည်း တွဲထားလိုက်မယ်။ စက္ကူစုတ်ထဲ့တဲ့ ခြင်းထဲကို စုတ်ပစ်ပြီး ထည့်ချင် ထည့်ထား လိုက်လိမ့်မယ်။ အဲဒါကြောင့် ဗြိတိသျှ အစိုးရက မကြေငြာရင် ကျနော်တို့ ဘာလုပ်မယ် ဆိုတာကို ထည့်ရမယ်။ မထည့်လို့ မဖြစ်ဘူး။ အာဏာ ဖီဆန်တယ်ဆိုတာ မလုပ်ရင် မဖြစ်လို့ လုပ်ရတာ လွယ်တဲ့ကိစ္စ မဟုတ်ဘူး။ အိန္ဒိယမှာ မဟတ္တမဂန္ဒီဟာ အနုနည်း အာဏာဖီဆန်ဖို့ သူ့လူတွေကို ညွှန်ကြားတယ်။ လူတချို့သာ နားထောင်တယ်။ တချို့က နားမထောင်ဘူး။ ကျနော်တို့ ဗမာတွေက သိပ်စိတ်ဆပ်တယ်။ အနုနည်းနဲ့ ဘယ်လောက်ထိ အာဏာ ဖီဆန်နိုင်မလဲ ဆိုတာကို စောင့်ကြည့်ရမှာပဲ။ အိန္ဒိယမှာ တချို့လူတွေဟာ အကြမ်းဖက်လာတဲ့အခါ ဂန္ဒီဟာ အာဏာဖီဆန်ရေးကို ရုပ်သိမ်းပစ်လိုက်ရတယ်။ ကျနော်တို့ လူတွေက ကျနော်တို့စကားကို နားမထောင်ဘဲ အကြမ်းဖက်လာရင် အာဏာဖီဆန်ရေးကို ချက်ချင်း ရပ်ပစ်ရမှာပဲ ----“

ဗိုလ်ချုပ်အောင်ဆန်း ဆွေးနွေးပြီးသည့်နောက် (ဖ ဆ ပ လ) အလုပ်မှုဆောင်အဖွဲ့မှ သခင်နု၏ အဆိုကို မကန့်ကွက်ကြတော့။ အားလုံးမှ ထောက်ခံလိုက်ကြသည်။ (ဖ ဆ ပ လ) အလုပ် အမှုဆောင် အဖွဲ့အစည်းအဝေးကား ပြီးလေပြီ။ ရန်ကုန်မြို့က ငြိမ်သက်စွာ လဲလျောင်း၍ နေသည်။ တခါတခါ တာဝါလိန်းလမ်းမပေါ်မှ မောင်းနှင်သွားသော မော်တော်ကားသံများအား ကြားရသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် အိပ်ခန်းအတွင်းသို့ ၀င်လာသည်။ သမီးငယ် မစုက မိခင်၏ဘေး၌ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်၍ နေလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် နှစ်ခြိုက်စွာ အိပ်မောကျနေသည့် သမီးငယ် မစု၏ နဖူးပြင်သို့ ညင်သာစွာ နမ်းလိုက်၏။




(၁၂)

၁၉၄၆ ခုနှစ်၊ နိုဝင်ဘာလ (၂၀) ရက်။
လောင်းဝစ္စလမ်း၊ ပြည်သူ့ရဲဘော် ဌာနချုပ်။

ကွန်မြူနစ်ပါတီအား (ဖ ဆ ပ လ)အတွင်းမှ ထုတ်ပယ် ပစ်လိုက်ပြီးသည့်နောက် (ဖ ဆ ပ လ) တွင် ပြည်သူ့ရဲဘော်အဖွဲ့နှင့် ဆိုရှယ်လစ် ပါတီတို့သာလျှင် အင်အားကြီးမားစွာနှင့် ကျန်ရှိခဲ့တော့သည်။ (ဖ ဆ ပ လ) အဖွဲ့ချုပ်ကြီး အတွင်း၌ အဖွဲ့အစည်း အလံများအား တိုးဝှေ့၍ စိုက်ထူနေကြသည်။ (ဖ ဆ ပ လ) အတွင်း စစ်ရေးအရ ဖွဲ့စည်းထားသော ပြည်သူ့ရဲဘော်အဖွဲ့ ရှိပါလျက်နှင့် ဆိုရှယ်လစ်ပါတီက လယ်သမား ရှပ်နီတပ်အား စင်ပြိုင်ထောင်၏။ ပြည်ထဲရေးဌာနသည် ဆိုရှယ်လစ် ပါတီဝင်များအား သေနတ်လိုင်စင် ထုတ်ပေးသည်။ ပြည်သူ့ရဲဘော်များကိုမူ မထုတ်ပေး။ ထိုစဉ်က ပြည်ထဲရေး ၀န်ကြီးက ဦးကျော်ငြိမ်း ဖြစ်သည်။ သူက ဆိုရှယ်လစ်ပါတီမှ ခေါင်းဆောင်။ ဤပြဿနာမျိုးက ခရိုင်တိုင်း၌ ဖြစ်ပေါ်၍နေ၏။ ပြဿနာက ကြီး၍သာ လာသည်။ မပေါက်ကွဲကြမှီ စေ့စပ် ဖြေရှင်းပေးရန် လိုပေမည်။ သခင်နုက မေမြို့တွင် ရောက်နေသော ဗိုလ်ချုပ်အောင်ဆန်းအား ကြေးနန်းရိုက်၍ ရန်ကုန်သို့ အမြန်ပြန်လာရန် ခေါ်လိုက်သည်။ ပြည်သူ့ရဲဘော်နှင့် ဆိုရှယ်လစ်ပါတီတို့ ညီညွှတ်ရေးအတွက် (ဖ ဆ ပ လ)က စေ့စပ်ရေး ပြုလုပ်ပေးသည်။

ပြည်သူ့ရဲဘော်အဖွဲ့ ဌာနချုပ်ဝင်းတ၀ိုက် လူများ တဖြည်းဖြည်း စုံလာကြပြီ။ ယောလုံချည်အကွက် ရင်ဖုံးအင်္ကျီနှင့် ဆရာဦးဘချိုသည် ညှိုးငယ်သော မျက်နှာဖြင့် ပြည်သူ့ရဲဘော်များအား လှမ်း၍ ကြည့်နေသည်။ ဆရာချိုမှာ တိုင်းပြည်အတွက် စိုးရိမ်စိတ် ၀င်နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်နေရင်း သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ တခါ တခါ ဆရာဦးဘချိုကို လှမ်း၍ စကားပြောသည်။ ဆိုရှယ်လစ်ပါတီမှ ခရိုင် တာဝန်ခံများလည်း စုံပြီ။ ပြည်သူ့ရဲဘော်မှ ခရိုင်ခေါင်းဆောင်များလည်း စုံကြပြီ။ သခင်နုကစ၍ စေ့စပ်ရေးစကား ပြောသည်။ ပြီးနောက် ဗိုလ်စိန်မှန်၊ ဦးဗဆွေတို့က ပြောကြသည်။ ညီညွှတ်ကြရန် အကြောင်းများအား နှုတ်ဖျားမှ ပြောနေကြသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် စကားပြောရန် ရယ်မောကာ ထ၍လာသည်။ သူ့လက်ထဲတွင် ဒိုင်ယာရီ စာအုပ်ငယ်လေးအား ကိုင်ထားသည်။ သူ့ရှေ့ရှိ ဆိုရှယ်လစ် ပါတီဝင်များနှင့် ပြည်သူ့ရဲဘော်များအား ကြည့်ပြီး တုံးတိစကားအား ဆိုလေ၏။

“ ---- မဟုတ်ပါဘူး။ ဘာစကားများနေဖို့ ရှိလဲ။ မင်းတို့ အလကား စကားများနေတာပဲ။ ဒီလောက် မိုက်တွင်းမနက်ကြနဲ့။ ငါသာ အာဏာရှင်လုပ်ချင်ရင် မင်းတို့ကို ခွစီးထားရုံပဲ။ ရဲဘော်တွေထဲကလည်း သောက်သုံးမကျကောင်တွေ အများကြီးပဲ။ ဆိုရှယ်လစ်ထဲကလည်း ဘ၀င်မြင့်ပြီး အလကား အထင်ကြီးနေတာတွေ တပုံကြီးပဲ။ ပြောချင်သေးတာက ငါဟာ ဘယ်တော့မှ နောက်လိုက် မရှာဘူး။ ကိုယ်ယုံကြည်ချက်အတိုင်း လုပ်သွားမှာပဲ။ တချို့ ခေါင်းဆောင်တွေ ရာထူးပေး အာဏာပေးပြီး နောက်လိုက် စုနေကြတယ်။ ငါဘယ်တော့မှ ဒီလိုမလုပ်ဘူး။ ကိုယ့်ယုံကြည်ချက်အတိုင်း လုပ်သွားမှာပဲ။ ဘယ်တော့မှ နောက်လိုက်မမွေးလို့ အခုလည်း တယောက်တည်း၊ ထီးထီးပဲ”

ဗိုလ်ချုပ်အောင်ဆန်းသည် စကားဆုံးသည်နှင့် ပြန်၍ ထိုင်လိုက်သည်။ ပြီးလျှင် သခင်နုနှင့် ရယ်မော၍ စကားပြောနေ၏။ မှောင်ရိပ်က သန်း၍ လာလေပြီ။ စိန်ဝေလျံ တူရိယာအဖွဲ့မှ `ညီညွှတ်ရေး သွေးဗိမာန်` သီချင်းသံသည် ပြည်သူ့ရဲဘော် အဖွဲ့ချုပ်၏ ဌာနချုပ်ဝင်းအတွင်း ပျံနှံ့၍ နေသည်။



(၁၃)
၁၉၄၇ ခုနှစ် ၊ ဇန်န၀ါရီလ (၂၇) ရက်။
အမှတ် (၁၀) ၊ ဒေါင်းနင်းလမ်း၊ လန်ဒန်မြို့။

ဒေါင်းနင်းလမ်း အမှတ် (၁၀)က ဗြိတိသျှဝန်ကြီးချုပ်တို့ နေထိုင်ရာအိမ် ဖြစ်သည်။ အင်္ဂလိပ် ဗိသုကာ ဆန်သော သာမန်တိုက်ကြီးမျှသာ။ ထူးထူးခြားခြား ထည်ဝါ ခန့်ညားခြင်းများ မရှိလှ။ အပြင်ဖက်မှ မြင်ရသော အမြင်ဖြစ်၏။ အတွင်း၌မူ ခမ်းနား၏ ၊ ထည်ဝါ၏၊ ခန်းလုံးပြည့် ခင်းထားသော ကောဇောကြီးများ။ ဗြိတိသျှ ပါလီမန်လွှတ်တော်၊ ဗြိတိသျှ နိုင်ငံရေးသမိုင်းတို့နှင့် ပါတ်သတ် စပ်ဆိုင်သော ပန်းချီကားများ၊ ဓါတ်ပုံကြီးများအား အခန်းနံရံများတွင် ချိတ်ဆွဲ၍ ထားသည်။ အစည်းအဝေး ခန်းမက ကျယ်ဝန်းပြီး ခမ်းနားသပ်ရပ် သန့်ရှင်း၏။ ပရိဘောဂများသည်လည်း ခေတ်မီပုံစံများ မဟုတ်။ ၀ိတိုရိယ ဘုရင်မခေတ် ပရိဘောဂ အသုံးအဆောင်များ ဖြစ်သည်။ ထုထည်ကြီးသည်။ ခိုင်ခန့်သည်။ ပြီးလျှင် ---- တော်ဝင်ဆန်ပြီး လက်ရာမြှောက်လှ၏။ ဤနေရာတွင်ပင် ပြီးခဲ့သည့် ဇန်န၀ါရီ (၁၃) ရက်နေ့မှ စ၍ မြန်မာ့ လွတ်လပ်ရေးအတွက် ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်သော မြန်မာ့ ကိုယ်စားလှယ် အဖွဲ့နှင့် ဗြိတိသျှအစိုးရတို့ ဆွေးနွေးခဲ့ကြသည်။ နေ့စဉ်ရက်ဆက် ----။ ယခုမူ အပြီးသတ် သဘောတူညီချက်ပင် ရရှိခဲ့ပြီ။

လန်ဒန် ရာသီဥတုက ညနေပိုင်းသို့ ရောက်လာသည်နှင့် အေးခဲ၍ လာတော့သည်။ စနိုးခေါ် မိုးပွင့်များက အဆက်မပြတ် သိပ်သည်းစွာ ကျလျက်ရှိသည်။ သဘောတူညီချက်တွင်က အပိုဒ် (၉) ပိုဒ်သာ ပါသည်။ သို့သော် ---- မြန်မာ့လွတ်လပ်ရေး အတွက်မူ အာမခံချက် ရှိသည်။ စည်းနှောင်မှု ခိုင်ခန့်၏။ အပြင်တွင် အေးခဲနေသော်လည်း အစည်းအဝေး ခန်းမတွင်းတွင်မူ နွေး၍နေသည်။ (ဖ ဆ ပ လ) ကိုယ်စားလှယ် သခင်မြနှင့် ဦးဘဘေတို့က သဘောတူညီချက် အပိုဒ် (၈) အပိုဒ်ခွဲ (ခ)နှင့် ပတ်သတ်၍ ဗိုလ်ချုပ်အောင်ဆန်းအား ထပ်၍ ဆွေးနွေးစေလိုသည်။ အပိုဒ် (၈) အပိုဒ်ခွဲ(ခ) က ----

“နယ်ခြားဒေသရှိ တိုင်းရင်းသားများ၏ ခေါင်းဆောင်များ၊ ကိုယ်စားလှယ်များအား ၎င်းတို့၏ ဆန္ဒသဘောထားကို ရှေးဦးစွာ မေးမြန်းရမည်။ ယင်းသို့ ဆန္ဒ သဘောထား မေးမြန်းခြင်းကို ရှေ့လ (၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ) ပင်လုံမြို့၌ ကျင်းပမည့် အစည်းအဝေးတွင် ဖြစ်စေ မေးမြန်း၍ ဆန္ဒသဘောထား ယူရမည်။ မေးမြန်းရမည့် အချက်က တောင်တန်းဒေသ ပြည်နယ်များ အနေနှင့် မြန်မာနိုင်ငံ အစိုးရနှင့် ဆက်ဆံရေးကို မည်သည့်ပုံစံဖြင့် ဆက်ဆံလိုကြောင်း ၎င်းတို့၏ ဆန္ဒသဘောထားကို မေးမြန်းရန်ပင် ဖြစ်သည်”

အဓိပ္ပါယ်က တောင်တန်းဒေသ တိုင်းရင်းသားများ အနေဖြင့် မြန်မာတို့ အင်ပါယာအတွင်း ဒိုမီနီယံ အဆင့်နှင့် နေမလား။ ဒါမှမဟုတ် ခွဲထွက်ပြီး သီးခြား လွတ်လပ်ရေး ရယူမလား။ ဟူ၍ သဘောထား တောင်းခံရန် ဖြစ်သည်။ ဤသည်ကို သခင်မြနှင့် ဦးဘဘေတို့မှ စိုးရိမ်စိတ်ဖြင့် ဘ၀င်မကျခြင်း ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းကမူ” ဒီကိစ္စအတွက် ဘာမှမပူကြပါနဲ့ ပင်လုံကျရင် ကြည့်ပါ။ အင်္ဂလိပ်တွေ မျှော်လင့်သလို မဖြစ်ပါဘူး” ဟု ပြောပြီး ထပ်ဆွေးနွေးရန် မလိုတော့ဟု ဆိုသည်။ ဤတွင် ----- သဘောတူစာချုပ်က လက်မှတ် ရေးထိုးရန်သာ ကျန်တော့၏။ ပြီးပြီ။ သို့သော် ---- ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ နှစ်ဦးက စာချုပ်ပါ အချက်များကို သဘောမတူ၍ လက်မှတ် ရေးမထိုးနိုင်ဟု တစခန်း ထလာကြသည်။ သူတို့က (ဖ ဆ ပ လ) ကိုယ်စားလှယ်များမဟုတ်။ အလိုတော်ရိများ ဖြစ်၏။ ငြင်းဆန်ခြင်းမှာ အပိုဒ် (၈) အပိုဒ်ခွဲ (ခ) ကြောင့်လည်း မဟုတ်။ (ဖ ဆ ပ လ) နှင့် ဗိုလ်ချုပ်အောင်ဆန်းအား တမင် ဆန့်ကျင်ကြခြင်းသာ ဖြစ်သည်။ ဤစာချုပ်က မြန်မာ့လွတ်လပ်ရေးသို့ သွားရာလမ်း ဖြစ်သည်။ ဤသည်ကို အလိုတော်ရိများ မလျှောက်လို။ လွတ်လပ်ရေးက အလိုတော်ရိများ၏ နိုင်ငံရေး သင်္ချိုင်းမြေဖြစ်ပြီး ဤစာချုပ်က သူတို့အတွက် သေဒဏ် စီရင်ချက်မျိုး ဖြစ်၏။ ဤသည်ကို အက်တလီတို့ကလည်း သိ၏။ သို့ဖြင့် စာချုပ်အား ဂဠုန်ဦးစောနှင့် သခင်ဗစိန်တို့ နှစ်ဦးမှ သဘောမတူကြောင်း မှတ်ချက်နှင့် လက်မှတ်ရေးထိုးပြီး ချုပ်ဆိုခဲ့ကြသည်။

“ အောင်ဆန်း-အက်တလီ စာချုပ်”



(၁၄)
၁၉၄၇ခုနှစ် ၊ ဖေဖော်ဝါရီလ (၁၅)ရက်။
(ဖ ဆ ပ လ) ဌာနချုပ်။

ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည် လွတ်လပ်ရေးအတွက် အပင်ပန်းခံနိုင်သူ ဖြစ်၏။ ဖေဖော်ဝါရီလ(၂) ရက်နေ့တွင် လန်ဒန်မှ ရန်ကုန်သို့ ပြန်ရောက်ခဲ့သည်။ ပြီးလျှင် ---- ရှမ်းပြည်သို့ ခရီးထွက်ပြန်သည်။ မနား ---။ ပင်လုံတွင် တိုင်းရင်းသားများနှင့် တွေ့သည်။ စော်ဘွားကြီးများနှင့် တွေ့၏။ ဒူးဝါးကြီးများနှင့် ဆွေးနွေး၏။ တိုင်းရင်းသား လူထု ကိုယ်စားလှယ်များနှင့် ညှိနှိုင်း၏။ ကိုလိုနီ စနစ်အောက်မှ လွတ်လပ်ရေး ရယူရာတွင် မြန်မာများနှင့်အတူ လက်တွဲပြီး အေးအေးပူပူ အတူတူ သွေးစည်း၍ လွတ်လပ်ရေးကြီးအား ရယူသင့်ကြောင်း စည်းရုံး၏။ တင်ပြ၏။ တိုင်းရင်းသား ကိုယ်စားလှယ်များကလည်း သဘောတူ လက်ခံကြ၏။ ဤသို့နှင့်ပင်လုံ၌ ပြည်ထောင်စု စာချုပ်ကြီးအား ချုပ်ဆိုနိုင်ခဲ့တော့သည်။ ပင်လုံစာချုပ်-----။

ဗြိတိသျှအစိုးရများ အံ့အားသင့်၍ သွားတော့သည်။ ပြည်တွင်း အလိုတော်ရိများ မျက်နှာ ပျက်ခဲ့ကြသည်။ ဗြိတိသျှတို့မှ အောင်ဆန်း - အက်တလီ စာချုပ်တွင် သွင်းခဲ့သော အပိုဒ် (၈) အပိုဒ်ခွဲ(ခ) နှပ်ကြောင်းကား ထင်သလို ဖြစ်မလာခဲ့။ ဗြိတိသျှတို့၏ ခံစစ်ကုန်းများ ပြိုလေပြီ။ ဗိုလ်ချုပ်အောင်ဆန်းသည် ပင်လုံစာချုပ်အား ချုပ်ဆိုပြီးသည်နှင့် ရန်ကုန်သို့ ပြန်ခဲ့သည်။ ရန်ကုန်တွင် လူထုအား ရှင်းပြသည်။ အောင်ဆန်း-အက်တလီ စာချုပ်နှင့် ပင်လုံစာချုပ်တို့ အကြောင်း-----။ ပြီးလျှင် ---- (ဖ ဆ ပ လ) ဦးစီးအဖွဲ့ အစည်းအဝေး ခေါ်ပြန်သည်။ ဖေဖော်ဝါရီလ (၁၅) ရက်။ (ဖ ဆ ပ လ) ဌာနချုပ်၌ အောင်ဆန်း-အက်တလီ စာချုပ်၏ အနှစ်သာရအား ဗိုလ်ချုပ်အောင်ဆန်းမှ ဦးစီးအဖွဲ့ အစည်းအဝေးတွင် ရှင်းပြသည်။

“အောင်ဆန်း-အက်တလီ စာချုပ်အရ မြန်မာပြည်က ရရှိခဲ့သော အချက်များက အဘယ်နည်း။ ကြားဖြတ် အစိုးရသည် အမျိုးသား ကြားဖြတ်အစိုးရ အာဏာကို ရရှိခဲ့သည်။

ဗြိတိသျှပါလီမန်က ဥပဒေပြု ပြုလုပ်ပေးခြင်းက မဟုတ်ပေ။ ထုံးတမ်းစဉ်လာအရ တိုင်းပြည်အာဏာပိုင် အခွင့်အရေး ရခဲ့ခြင်း ဖြစ်သည်။

ကြားဖြတ် အစိုးရသည် ကာကွယ်ရေးနှင့် နိုင်ငံခြားရေး ဌာနများကို အုပ်ချုပ်နိုင်သည်။ နိုင်ငံခြားသို့ သံတမန်များ စေလွှတ်နိုင်ခွင့် ရှိသည်။

တိုင်းရင်းသား စစ်တပ်များကို လုံးဝ အုပ်ချုပ်နိုင်ပြီး နိုင်ငံခြား စစ်တပ်များမှာက ကြားဖြတ်အစိုးရ လက်အောက်မှာ မရှိသေး။

တိုင်းပြုပြည်ပြု လွှတ်တော်သည် ၁၉၃၅ အုပ်ချုပ်ရေး ဥပဒေအရ ရွေးကောက်ခြင်းမျိုး မဟုတ်ပဲ အရွယ်ရောက်သူတိုင်း မဲဆန္ဒပေး၍ နိုင်ငံသားများသာ ၀င်ရောက် အရွေးခံနိုင်သော လွှတ်တော် ဖြစ်ရပေမည်။

တိုင်းပြုပြည်ပြု လွှတ်တော်သည် အချုပ်အခြာ အာဏာပိုင် ၊ မပိုင်ကိုက မဆုံးဖြတ်ရသေး။ တိုင်းပြုပြည်ပြု လွှတ်တော် အချုပ်အခြာ အာဏာ ရှိသလားဆိုတာ လူထုအင်အား အပေါ်မှာ တည်တယ်။”



(၁၅)
၁၉၄၇ ခုနှစ် ဖေဖော်ဝါရီလ (၁၉) ရက်။
ရန်ကုန်မြို့။

ဘုရင်ခံဟောင်း ဆာပေါ်ထွန်း၊ ဂဠုန်ဦးစော၊ ဒေါက်တာဘမော်တို့မှ သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်ကြသည်။ ပင်လုံစာချုပ် ချုပ်ဆိုအပြီး တပါတ်အကြာတွင် ပြုလုပ်ခြင်း ဖြစ်သည်။ ကိုလိုနီစနစ်နှင့် မြန်မာ့ လွတ်လပ်ရေး တိုက်ပွဲအတွင်း ပင်လုံ ခံစစ်ကုန်းအား ဗြိတိသျှတို့ လက်လွှတ်ပြီး ကာလအတွင်း ဖြစ်သည်။ ဦးစောမှ အောင်ဆန်းအား စွပ်စွဲ တိုက်ခိုက်တော့သည်။

အောင်ဆန်းသည် ကိုလိုနီအစိုးရနှင့် စေ့စပ်ပြီး အမျိုးသား လွတ်လပ်ရေးအား သစ္စာဖောက်သည်ဟု သတင်းစာ ဆရာများအား ပြောသည်။ ဦးစောမှ အောင်ဆန်း-အက်တလီ စာချုပ်အား ဒေါင်းနင်းလမ်း နေအိမ်၌ လက်မှတ်ရေးထိုးစဉ် အောင်ဆန်းသည် အက်တလီအား မလွန်ဆန်နိုင်၍ ရေးထိုးခဲ့ရကြောင်း လက်မှတ်ထိုးစဉ် အောင်ဆန်းသည် လက်တုန်တုန်နှင့် ရေးထိုးခဲ့ရခြင်း ဖြစ်သည်ဟု ဂဠုန်ဦးစောမှ ပြောသည်။ ပြီးလျှင် ----- ဂဠုန်ဦးစော၊ သခင်ဗစိန်၊ စောဘဦးကြီးတို့ သုံးယောက်တို့သည် အစိုးရအဖွဲ့မှ နုတ်ထွက် ခဲ့ကြတော့သည်။ အမျိုးသား လွတ်မြောက်ရေးလမ်းနှင့် ခွဲထွက်ခဲ့ကြခြင်း ဖြစ်သည်။ အလိုတော်ရိတို့၏ သွားရာလမ်း -----။




(၁၆)
၁၉၄၇ ခုနှစ်၊ ဧပြီ (၉) ရက်။
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

အတွင်းဝန်ရုံးမှ ဗိုလ်ချုပ်အောင်ဆန်းသည် (ဖ ဆ ပ လ) ဌာနချုပ်သို့ တယ်လီဖုန်းဆက်၏။

“ဟယ်လို --- သခင်နုလား။ ခင်ဗျားနာမည် အမတ်လောင်း စာရင်းထဲမှာ မတွေ့ဘူး”

သခင်နုက ပြန်ပြော၏။ ဟုတ်တယ် ဗိုလ်ချုပ် ကျနော် ရွေးကောက်ပွဲ မ၀င်ဘူး။ ဗိုလ်ချုပ် အောင်ဆန်းသည် တယ်လီဖုန်းမှ သခင်နုအား ဒေါသကြီးစွာနှင့် အော်၍ပြော၏။

“ခင်ဗျား မ၀င်လို့ မဖြစ်ဘူး။ The Country is doomed. “

သခင်နုက တယ်လီဖုန်းခွက်အား ချလိုက်သည်။ ဗိုလ်ချုပ် ဒေါသထွက်နေစဉ် သူနှင့် စကားပြော၍ မဖြစ်။

တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲက ဗမာပြည်၏ ပထမဦးဆုံးအကြိမ် လွတ်လပ်၍ တရားမျှတသည့် ရွေးကောက်ပွဲကြီး ဖြစ်သည်။ ရွေးကောက်ပွဲတွင် ( ဖ ဆ ပ လ)မှ အရွေးချယ် ခံသည်။ ကွန်မြူနစ် ပါတီမှလည်း ၀င်ရောက် အရွေးချယ်ခံသည်။ ကေအင်ယူနှင့် ဂဠုန်ဦးစော၏ မျိုးချစ်ပါတီတို့မှ ရွေးကောက်ပွဲအား မ၀င်ရောက်။ သပိတ်မှောက်ကြသည်။ သခင်စိုး၏ အလံနီ ကွန်မြုနစ် ပါတီကလည်း ရွေးကောက်ပွဲအား ဆန့်ကျင်သည်။ ထားတော့ -----။ တိုင်းပြုပြည်ပြု လွှတ်တော် ရွေးကောက်ပွဲတွင် အမတ် နေရာ (၁၈၂) နေရာ ရှိသည့်အနက် (ဖ ဆ ပ လ)မှ (၁၇၁) နေရာ အနိုင်ရသည်။ ဗမာပြည် ကွန်မြူနစ်ပါတီက (၇)နေရာ အနိုင်ရရှိသည်။ ပြည်သူများက လွတ်လပ်ရေးအတွက် အသဲကြားက မဲတပြားနှင့် သူတို့ ယုံကြည်ရာ ( ဖ ဆ ပ လ) သို့ ဆန္ဒပြုခဲ့ကြခြင်း ဖြစ်သည်။



(၁၇)
၁၉၄၇ခုနှစ်၊ ဇွန်လ (၉)ရက်။
တိုင်းပြုပြည်ပြုလွှတ်တော်၊ ရန်ကုန်မြို့။

လှိုင်မြစ်အတွင်း ဖြတ်သန်းလာသည့် မုတ်သုန်မိုးသည် ရန်ကုန်မြို့ပေါ်သို့ တဖွဲဖွဲနှင့် မစဲတော့။ မိုးဖွဲများအောက်၌ ရန်ကုန် မြို့သူမြို့သားများသည် မဟာဗန္ဒုလ ပန်းခြံအတွင်း စုဝေး၍ နေကြသည်။ ဗိုလ်ချုပ် ဦးဆောင်သည့် (ဖ ဆ ပ လ) တိုင်းပြုပြည်ပြု လွှတ်တော်အမတ်များသည် မဟာ ဗန္ဒုလ ပန်းခြံအတွင်း စုရုံပြီး တိုင်းပြုပြည်ပြု လွှတ်တော် တည်ရှိရာ အတွင်းဝန်များရုံးသို့ ချီတက်ကြမည်။ ပရိတ်သတ်ကြီးသည် (ဖ ဆ ပ လ) လွှတ်တော် အမတ်များအား ထောက်ခံ အားပေးနေကြသည်။ ဗိုလ်ချုပ်သည် ပန်းနုရောင် ခေါင်းပေါင်းနှင့် တိုက်ပုံအင်ကျီ အဖြူရောင် ၀တ်ဆင်ပြီး ပန်းနုရောင် ချိတ်အဆင် ပုဆိုးအား ခါးတွင် စည်းထားသည်။ ယခင်က ဘီဒီအေ စစ်ယူနီဖောင်း အမြဲဝတ်ဆင်လေ့ ရှိသည့် ဗိုလ်ချုပ်သည် ပန်းနုရောင် ခေါင်းပေါင်းနှင့် ထူးဆန်း၍ နေသည်။ ပရိတ်သတ်ကြီးသည် ဗိုလ်ချုပ်အောင်ဆန်းနှင့် ( ဖ ဆ ပ လ) လွှတ်တော်အမတ်များအား ---- ။

“ဗိုလ်ချုပ်အောင်ဆန်း ကျန်းမာပါစေ”

“ဗိုလ်ချုပ်အောင်ဆန်း ကျန်းမာပါစေ” ဟု ကြွေးကြော်နေကြသည်။

နံနက် (၁၁) နာရီအချိန်တွင် တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေး စသည်။ လွှတ်တော် အစည်းအဝေး စသည့်အခါ၌ ဗိုလ်ချုပ်သည် လွှတ်တော် အစည်းအဝေးအတွင်း ရှေးဦးစွာ ထိုင်ရာမှ ထပြီး -

“ကျနော် အဆိုတခု တင်ချင်ပါတယ်။ တိုင်းပြုပြည်ပြု အမတ်များ ခင်ဗျား- ဒီနေ့ တိုင်းပြုပြည်ပြု လွှတ်တော် အစည်းအဝေးမှာ ထုံးစံအတိုင်း အစည်းအဝေးကို ထိန်းသိမ်း စောင့်ရှောက်သွားရန်အတွက် သဘာပတိ လိုပါတယ်။ ဒီလို သဘာပတီအဖြစ် တင်မြှောက်ဖို့ ကျနော်က ဘဏ္ဍာရေးဝန်ကြီး သခင်မြကို အဆို တင်သွင်းပါတယ်”

ဗိုလ်ချုပ်အောင်ဆန်း၏ အဆိုအား မန်းဘခိုင်က ထောက်ခံလိုက်သည်။



(၁၈)

ဂဠုန်ဦးစောက ယူဂန္ဒာနိုင်ငံမှ ပြန်ရောက်ပြီးသည်နှင့် မျိုးချစ်ပါတီအား ပြန်လည် ဖွဲ့စည်းတော့သည်။ (ဖ ဆ ပ လ) အတွင်း ရောက်နေကြသည့် မျိုးချစ် ပါတီဝင်များအား ပြန်ခေါ်သည်။ ဦးစော၏ အကြံက ကြီး၏။ ၁၉၄၆ နှစ်ဦးမှစ၍ ဦးစောသည် နိုင်ငံတော် အာဏာအား ရယူနိုင်ရန် ကြံခဲ့၏။ (ဖ ဆ ပ လ)အား နိုင်ငံရေးအရ အတိုက်အခံ လုပ်၏။ ဗြိတိသျှ စစ်ဖက်နှင့် ပေါင်း၍ သေနတ်များအား စု၏။ အိန္ဒိယစစ်တပ် လျှပ်စစ်နှင့် စက်မှုလက်မှု အလုပ်ရုံတပ်မှူး မေဂျာယန်း ထံမှ ဆပ်မရှင်းဂန်း တလက်၊ ကာဘိုင် သုံးလက်၊ စတင်းဂန်းတလက်၊ တော်မီဂန်း နှစ်လက်၊ လူးဂါး ပစ္စတို တလက်၊ ခြောက်လုံးပြူး တလက်နှင့် ကျည်ဆံများအား ၀ယ်ယူခဲ့သည်။ ပြီးနောက် သူ၏ မြန်မာပြည်သိမ်း စီမံကိန်းအား ရေးဆွဲတော့သည်။

(၁) လက်နက်များ စုဆောင်းရန်
(၂) ခဲယမ်းမီးကျောက်များ စုဆောင်းရန်
(၃) ငွေကြေး အမြောက်အများ စုဆောင်းရန်
(၄) လက်နက် ခဲယမ်းများကို မျိုးချစ်ဂဠုန် တပ်ဖွဲ့များထံ လျှိုဝှက် ဖြန့်ချီထားရန်
(၅) ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများကို သုတ်သင်ရှင်းလင်းရန်
(၆) နယ်များမှ အရေးပါသော ခေါင်းဆောင်များကိုလည်း သုတ်သင်ရှင်းလင်းရန်
(၇) (ဖ ဆ ပ လ) စည်းရုံးရေး ဖရိုဖရဲ ဖြစ်လာစေရန်
(၈) (ဖ ဆ ပ လ) ခေါင်းဆောင်များ သေဆုံးသွားလျှင် (ဖ ဆ ပ လ) သည် ပြည်သူ့အပေါ် သြဇာ ရှိတော့မည်မဟုတ်
(၉) ထိုအခါ ဘုရင်ခံက မျိုးချစ်ပါတီကို အာဏာအပ်လိမ့်မည်
(၁၀) မျိုးချစ်ပါတီ အာဏာရလာလျှင် လူထုကို ဆွဲဆောင် စည်းရုံးနိုင်မည်။

ဤကား ဦးစော၏ အာဏာသိမ်းရေး အနာဂတ်မြေပုံ လမ်းညွန်(၁၀) ချက် ဖြစ်သည်။ သို့မဟုတ်---- ဦးစော၏ Road Map ------။



(၁၉)
၁၉၄၇ ခုနှစ်၊ ဇန်န၀ါရီလ။
အမှတ် (၂၂၆)၊ ဗိုလ်တထောင်လမ်း၊ ရန်ကုန်မြို့။

အင်္ဂလိပ်အရာရှိ ဗိုလ်ကြီး ဗီဗီယန်းသည် ဂဠုန်ဦးစော၏လူ ဘညွှန့်အား ဖော်ရွေစွာ နှုတ်ဆက်၏။ ဘညွှန့်က ထုတ်ပြသည့် စာရွက်အား ကြည့်ပြီး လက်မှတ်ထိုးလိုက်သည်။ အားလုံးက အတုများသာ ဖြစ်သည်။ ဘရန်းဂန်း သေနတ် နှစ်ရာနှင့် ပြောင်းပို နှစ်ရာ ၊ မဂ္ဂဇင်းကျည်ကတ် ရှစ်ရာ တို့အား ထုတ်ယူခြင်း ဖြစ်သည်။ ပြီးလျှင် ---- ကားနံပါတ် အာဘီ ၃၁၁၅ နှင့် ဂဠုန်ဦးစော၏ နေအိမ်သို့ သယ်ဆောင် သွားတော့သည်။ ရှစ်မိုင်လမ်း ဂဠုန်ဦးစော၏ နေအိမ်သို့ လက်နက်များ သယ်ဆောင်လာသည့် ကားသည် အခက်အခဲမရှိ ၀င်ရောက်ခဲ့သည်။ ဂဠုန်ဦးစောမှ ဘညွှန့်အား ကြည့်ပြီး ----

“ဂဠုန်ကွ” ဟူ၍ ကြွေးကြော်သည်။ ပြီးလျှင် ---- လက်နက်များအား အင်းယားကန် အတွင်း၌ စည်းပိုင်းများဖြင့် ထည့်ပြီး ဖွတ်၏။ အချို့အား သာယာဝတီ ခရိုင်ဖက်သို့ ပို့၏။ မျိုးချစ်တပ်များအား လက်နက် တပ်ဆင်ခြင်း ဖြစ်သည်။ အကြမ်းဖက်၍ နိုင်ငံတော် အာဏာအား ရယူရန် ဂဠုန်တို့ ကြံကြလေပြီ။



(၂၀)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၆) ရက်။
အလုံလမ်း၊ ဘုရင်ခံနေအိမ်။

မုတ်သုံမိုးက သွန်းဖြိုး၍ နေဆဲ။ ဂဠုန်ဦးစော၏ အကြံအစည်အား ရန်ကုန်မြို့သားများ သိ၍ နေကြသည်။ ဂဠုန်တပ်များ လက်နက် စုနေသည်ကို ရန်ကုန်အတွင်း ပြော၍နေကြသည်။ အတွင်းဝန်ရုံး၌လည်း ဤ သတင်းက ပြန့်နှံ၍နေသည်။ ဗြိတိသျှ အာဏာပိုင်များလည်း သိကြသည်။ ရဲမင်းကြီးလည်း သိသည်။ မည်သို့ လုပ်ကြမည်နည်း။ မည်သူမျှ လုပ်ကိုင် ဆောင်ရွက်မှုမရှိ။ ဗိုလ်ချုပ်အောင်ဆန်းသည် ပျော်ဘွယ် ဦးမြနှင့်အတူ ဘုရင်ခံ ဆာဟူးဘတ်ရန့်စ်ထံသို့ သွား၍တွေ့သည်။ ဂဠုန်တပ်၏ အခြေအနေအား ရှင်းပြသည်။ ဘုရင်ခံမှ ထိရောက်သည့် အရေးယူမှု မပြုလုပ်ခဲ့။ နှာစေး၍ နေတော့သည်။

ဇူလိုင်လ (၁၈) ရက်နေ့တွင် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်နုနှင့်အတူ ဘုရင်ခံထံသို့ ထပ်မံသွားရောက်ပြီး ဂဠုန်ဦးစော၏ လက်နက်ကိစ္စများအား ပြောပြပြန်သည်။ ဘုရင်ခံ၏ တုံ့ပြန်မှုက အားမရ။ ဤသို့နှင့် ------။



(၂၁)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်။
အေဒီလမ်း၊ ရန်ကုန်မြို့။

ရန်ကုန်မြို့က တညလုံး စွေခဲ့သည့် မိုးကြောင့် စိုစွတ်၍ နေသည်။ အင်းယားရေပြင်အား ဖြတ်တိုက်၍ လာသော လေသည် မိုးငွေ့ကြောင့် အေးစိမ့်၍နေသည်။ ဦးစောသည် မနက် လက်ဖက်ရည် သောက်ပြီးသည်နှင့် မောင်စိုး၊ သက်နှင်းနှင့် စိန်ကြီးတို့အား သူ့အခန်းအတွင်းသို့ ခေါ်လိုက်၏။ သူ့အခန်း အတွင်း၌ကား စတင်းဂန်း၊ တော်မီဂန်းနှင့် အမှတ် (၁၂) အင်္ဂလိပ်တပ်မတော် ယူနီဖောင်းများအား ပုံထားသည်။ ဦးစောနှင့် မောင်စိုးတို့ ဆွေးနွေး၍ နေသည်။ ပစ်ခတ်မည့် သူများအတွင်း လူတယောက် လိုနေ၏။ မည်သူကို ရွေးမည်နည်း ။ နောက်ဆုံး ဦးစောမှ ရန်ကြီးအောင်အား ရွေးလိုက်သည်။ ရန်ကြီးအောင်က ဦးစော၏ ညီဝမ်းကွဲမှ မွေးသော ဦးစော၏ တူဖြစ်သည်။ အသက်မှာ (၁၆)နှစ်သာ ရှိသေး၏။ ရန်ကြီးအောင်အား ဦးစော၏ အခန်းတွင်းသို့ ခေါ်လိုက်၏။ စစ်ယူနီဖောင်းများက ရန်ကြီးအောင်ထက် ကြီး၍နေသည်။ တော်မီဂန်း တလက်အား ရန်ကြီးအောင်သို့ ပေးလိုက်သည်။ လေ့ကျင့်ထားပြီး ဖြစ်သည့်အတွက် ပစ်ခတ်မှုတွင် ကျွမ်းကျင်၍ နေပြီ ဖြစ်သည်။ မိုးကမစဲသေး။ တဖွဲဖွဲနှင့် ရွာ၍ကောင်းနေဆဲ။ ဦးစောသည် အခန်းအတွင်းမှ ထွက်သွားသည်။ ဘညွှန့်နှင့် ခင်မောင်ရင်တို့အား ဧည့်ခန်းအတွင်း တွေ့ပြီး ရှင်းပြ၍နေသည်။ ခင်မောင်ရင်က အတွင်းဝန်ရုံး၌ ဒီနေ့ ၀န်ကြီးအစည်းအဝေး ပြုလုပ်ဖြစ်၊ မဖြစ်အား နောက်ဆုံး အတည်ပြုချက် ရယူရန်----။ ဘညွှန့်က လွှတ်တော်ဥက္ကဌ သခင်နု သူ၏ ရုံးခန်းတွင် ရှိ ၊ မရှိ စုံစမ်းရန် ဖြစ်သည်။ အေဒီလမ်း ဦးစော၏နေအိမ်မှ ဒေါ့ဂျစ် အမျိုးအစား ကားငယ်လေးသည် မြို့အတွင်းသို့ မောင်း၍ ထွက်သွားသည်။ ကားပေါ်၌ ဘညွှန့်၊ ခင်မောင်ရင်နှင့် မောင်နီတို့ ပါသွားသည်။

ဦးစော ဧည့်ခန်းအတွင်းမှ တယ်လီဖုန်း မြည်လာသည်။ မိုးသံလေသံများ အောက်မှ တယ်လီဖုန်းသံသည် စူးစူးရဲရဲ ----။ မိစ္ဆာတကောင် အော်ဟစ်နေသကဲ့သို့ ----။

ဦးစောသည် တယ်လီဖုန်းအား ကောက်၍ ကိုင်လိုက်သည် ။ ခင်မောင်ရင်နှင့် ဘညွှန့်တို့ထံမှ တယ်လီဖုန်း ဖြစ်သည်။ အစိုးရအဖွဲ့ အစည်းအဝေးအား အတွင်းဝန်ရုံး၌ လုပ်ဖြစ်သည်။ သခင်နုကမူ သူ၏ လွှတ်တော်ဥက္ကဌ ရုံးခန်း၌ မရှိ။ ဦးစောသည် တယ်လီဖုန်းအား ချလိုက်သည်။

“အောင်ဆန်းတို့ အစည်းအဝေး လုပ်ဖြစ်တယ်။ ကဲ --- သွားကြမယ်။ ထကြ၊ ပြင်ကြ”

ဂဠုန်ဦးစောမှ မောင်စိုး၊ သက်နှင်း၊ စိန်ကြီးတို့အား ပြောလိုက်သည်။ မိုးက ဖွဲဖွဲနှင့် ရွာ၍ ကောင်းနေဆဲ။ သုခသည် ကင်းဗတ်ဖိနပ်အား စီးထားသည်။ သူက ပစ်ခတ်မည့်သူများအား ကား ဖြင့် မောင်းပို့ရမည်။ ပစ်ခတ်မည့်သူများက မောင်စိုး၊ သက်နှင်း၊ စိန်ကြီးနှင့် ရန်ကြီးအောင်တို့ ဖြစ်သည်။



(၂၂)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

အင်္ဂလိပ် ဗိသုကာ ဆရာများ၏ လက်ရာ အုတ်ရိုးနီနီများဖြင့် ထုထည်ကြီးမားလှသည့် အတွင်းဝန်ရုံး အဆောက်အဦးကြီးသည် မိုးရေများအောက်၌ ခန့်ထည်၍ နေသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် သနပ်ခါးရောင် ပိုးပျော့ရင်ဖုံအင်္ကျီအား ၀တ်ထား၏။ ယခင်နေ့များကဲ့သို့ ဘီဒီအေ စစ်ယူနီဖောင်းနှင့် မဟုတ်။ ဘန်ကောက်လုံချည်၊ ပိုးပျော့ ရင်ဖုံး၊ ပန်းနုရောင် ခေါင်းပေါင်းနှင့် တဘာသာ ဆန်း၍နေသည်။ ဂငယ်ပုံစံ စားပွဲရှည်၏ ထိပ်တွင် ဗိုလ်ချုပ်အောင်ဆန်း ထိုင်၏။ သခင်မြ၊ ဦးဘ၀င်းစသည့် ၀န်ကြီးများက ဗိုလ်ချုပ်အောင်ဆန်း၏ လက်ဝဲဖက်တွင် ထိုင်ကြပြီး၊ လက်ယာဖက် စားပွဲတွင်မူ ၀န်ကြီး ဦးဗဂျမ်း၊ ပျော်ဘွယ် ဦးမြတို့ ထိုင်ကြ၏။ ၀န်ကြီး စောစံဖိုးသင်နှင့် ချင်းအမျိုးသားဝန်ကြီး ၀မ်ကိုဟောတို့ နှစ်ယောက်က အစည်းအဝေးသို့ မတတ်ရောက်နိုင်ကြ။ ခရီးလွန်နေကြသည်။ ပြည်ထဲရေးဝန်ကြီး ဦးကျော်ငြိမ်းသည်လည်း ဥရောပသို့ ရောက်နေ၍ အစည်းအဝေးတွင် မရှိ။

၁၀း ၃၇နာရီ -----။

အတွင်းဝန် ဦးအုံးမောင်သည် ၀န်ကြီး၏ကိုယ်စား ၎င်းဌာန အခြေအနေများအား သခင်မြ၏ဘေးမှ မတ်တပ်ရပ်၍ အစီရင်ခံနေသည်။ ဗိုလ်ချုပ်အောင်ဆန်းက သူ၏ အရှေ့မျက်စောင်းထိုးတွင် ထိုင်၍နေသည်။ သူ၏ အရှေ့တည့်တည့်၌က ၀န်ကြီး ဦးဗဂျမ်းနှင့် ပျော်ဘွယ်ဦးမြတို့ ရှိသည်။

အစည်းအဝေးအတွင်းသို့ ဗြိတိသျှအမှတ် (၁၂) တပ်မတော် ယူနီဖောင်းနှင့် လက်နက်ကိုင်လူ (၄) ယောက် ၀င်၍လာသည်။ အတွင်းဝန် ဦးအုံးမောင်က မသိ။ သူ၏ နောက်ကျောဘက်မှ ၀င်လာခြင်းဖြစ်၍ မတွေ့ရ။ အစည်းအဝေးသို့ ဆက်၍ အစီရင်ခံ တင်ပြ၍ နေသည်။ ၀င်လာသူ လေးယောက်သည် ဂငယ်ပုံ စားပွဲထိပ်ဝသို့ သွား၏။ ဗိုလ်ချုပ် အောင်ဆန်းနှင့် မျက်နှာချင်းဆိုင် ၊ တည့်တည့် အနေအထာ ----။ သေနတ်များနှင့် ထိုး၍ ချိန်သည်။ ဗိုလ်ချုပ်အောင်ဆန်းသည် ထိုင်ရာမှ ထ၍ တား၏။ အသံများက လုံးထွေး၍ သွားတော့၏။

မောင်စိုးက အမိန့်ပေး၏။

“ပစ် ပစ်”

တော်မီဂန်းဖြင့် ရန်ကြီးအောင်သည် ပစ်၏။ ယမ်းပေါက်ကွဲသံများက ဆူညံ၍ နေသည်။ စိန်ကြီး၏ သေနတ်ပြောင်းဝမှ မီးပွင့်များက ခုန်ပေါက်၍ ထွက်နေသည်။ သက်နှင်း၏ ဘယ်ဘက်လက်ဖြင့် ပွေ့ကိုင်ထားသော စတင်းဂန်း သေနတ်ငယ်သည် ပေါက်ကွဲမှုကြောင့် ရမ်းခါ၍ နေသည်။ သူ၏ ညာဖက်လက်ညှိုးမှာမူ “ထွေကာ” ကွင်းအတွင်းရှိ မောင်းခလုတ်ငယ်အား ကွေး၍ ထားသည်။ မရပ်တော့ -----။ ဗိုလ်ချုပ်အောင်ဆန်းသည် မတ်မတ် ရပ်နေရာမှ အနောက်သို့ လန်၍ ကျသွားသည်။ သူထိုင်သည့် ကုလားထိုင် နောက်မှီမှ ကဒေါင်းရုပ်သည် ကျည်သင့်၍ ပဲ့ထွက်သွားသည်။ တချက် ----၊ နှစ်ချက် ---- မရေမတွက်နိုင်တော့။ ဗိုလ်ချုပ်အောင်ဆန်းသည် ကုလားထိုင်နှင့်အတူ ကြမ်းပြင်ပေါ်သို့ လဲ၍ ကျသွားသည်။ သွေးများက `တာ` ကျိုးသည့်အလား။ ဗိုလ်ချုပ်၏ကိုယ်မှ သွေးများ သွန်းကျ၍ နေသည်။ ရန်ကြီးအောင်သည် ၀ပ်နေသည့်သူများအား မုဆိုးဒူးထောက် ထိုင်၍ ပစ်ပြန်၏။ တော်မီဂန်း သေနတ်သံများက ဆူညံ၍ နေတော့သည်။ ယမ်းငွေ့များက မွှန်ထူ၍ နေတော့သည်။ သွေးနံ့နှင့်ယမ်းနံ့ ရော၍သွားတော့၏။

ဦးရာဇတ်၏ သက်တော်စောင့် ရဲဘော် ကိုထွေးသည် သေနတ်သံများ ကြား၍ ပြေးလာသည်။ ၀န်ကြီးများ အစည်းအဝေး ပြုလုပ်နေသည့် အခန်း၏အပြင်တွင် ဗြိတိသျှအမှတ် (၁၂) တံဆိပ် တပ်ထားသည့် စစ်ယူနီဖောင်းဝတ် သေနတ်ကိုင် လေးယောက်နှင့်တွေ့၏။ အံ့အားသင့်နေသော ရဲဘော်ကိုထွေးအား ရန်ကြီးအောင်မှ တော်မီဂန်းနှင့် ပစ်၏။ အတွင်းဝန်ရုံးက ယမ်းနှင့်သွေး လွှမ်း၍ သွားတော့သည်။ မိုးကမစဲတော့။ တဖွဲဖွဲနှင့် စွေ၍ ကောင်းနေဆဲပင်။



(၂၃)
၁၉၄၇ ခုနှစ် ၊ ဇူလိုင်လ (၁၉) ရက်။
အတွင်းဝန်ရုံး၊ ရန်ကုန်မြို့။

ယမ်းပေါက်ကွဲသည့် အသံများသည် မိုးသံလေသံတို့နှင့် ရောထွေးပြီး စီအိုင်ဒီ ရဲမင်းကြီး ဦးထွန်းလှအောင်၏ ရုံးခန်းအတွင်းသို့ စီးဝင်၍ လာသည်။ စီအိုင်ဒီရဲမင်းကြီး ဦးထွန်းလှအောင်၏ ရုံးခန်းသည် ဗိုလ်ချုပ်အောင်ဆန်း၏ ရုံးခန်းအောက် တည့်တည့်တွင် ရှိသည်။ ဗြိတိသျှ တပ်မတော်၏ မြန်မာနိုင်ငံ ကွပ်ကဲမှု ဌာနချုပ်အောက်တွင် ရှိသည့် တောင်ပိုင်းတိုင်း တိုင်းမှူး ဗိုလ်မှူးချုပ် နက်(ရှ်)နှင့် ဗြိတိသျှ စစ်ထောက်လှမ်းရေးမှူးချုပ် ဗိုလ်မှူးချုပ် နိုက် (၂) ဦးသည် ရဲမင်းကြီး ဦးထွန်းလှအောင်နှင့် စကားပြောလျက် ရှိသည်။ ပြီးလျှင် ---- အင်္ဂလိပ် စစ်ဗိုလ်ချုပ်ကြီး နှစ်ဦးသည် ရဲမင်းကြီး ဦးထွန်းလှအောင်အား နှုတ်ဆက်၍ အခန်းတွင်းမှ ထွက်သွားကြတော့သည်။ လျှို့လျှို့ဝှက်ဝှက် ----။



(၂၄)
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်။
အေဒီလမ်း၊ ရန်ကုန်မြို့။
စီအိုင်ဒီ ရဲမင်းကြီး ဦးထွန်းလှအောင်နှင့် ဗိုလ်မှူးအေးငွေ (ဒဂုံမြတ်လေးနွယ်) တို့ ဦးဆောင်သည့် စစ်ရဲတပ်နှင့် သောင်းကျန်းမှု နှိမ်နင်းရေး တပ်ဖွဲ့တို့သည် အေဒီလမ်းရှိ ဦးစော၏အိမ်သို့ ၀ိုင်းလိုက်ကြသည်။ ဦးစောခြံ၏ ခြံတံခါးအား လုံခြုံရေးတပ်များက ဖွင့်ခိုင်း၏။ မှုန်ကြီးက မဖွင့်ပေး။ လုံခြုံရေး တပ်သားများအား သေနတ်နှင့် စတင်၍ ပစ်၏။ ပစ်ခတ်မှုက ခဏငယ် အတွင်းပြီး၏။ ခြံအတွင်းသို့ လုံခြုံရေးတပ်သားများ စီးနင်း ၀င်ရောက်သွားကြပြီး ဖြစ်သည်။ မှုန်ကြီးက လက်တွင် ဒဏ်ရာရ၏။ ဦးစောက အခြေမပျက်။ ဟန်ဆောင်ကောင်းလှ၏။ သူတို့ အားလုံးအား ဖမ်းဆီးလိုက်ကြသည်။ သူတို့အား ရန်ကုန်ထောင်နှင့် အင်းစိန်ထောင်တို့တွင် ခွဲ၍ ချုပ်ထားလိုက်ကြသည်။



(၂၅)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်။
အင်းစိန် စီအိုင်ဒီရုံး။

စီအိုင်ဒီမှ ရဲမှူးကြီး ဦးလှအောင်သည် ဘညွှန့် ၊ ခင်မောင်ရင်နှင့် ရန်ကြီးအောင်တို့၏ဖြောင့်ချက် လက်ရေးမူအား ဦးစော၏အမှုအား ကိုင်တွယ် စစ်ဆေးနေကြသည့် ရဲမှူးကြီး ဦးသိန်းအုန်း၊ ရဲအုပ် ဦးထွန်းမောင်၊ ဦးအောင်ချီ၊ ဦးကိုကိုကြီးနှင့် ဒုရဲအုပ်ဦးနွယ်တို့အား ပြ၏။ တရားခံအချို့အား ပြန်လည် စစ်ဆေးရန်လိုသည့် မေးခွန်းတို့အား ထုတ်ကြ၏။ သက်နှင်းနှင့် မောင်စိုးတို့ နှစ်ယောက်က ခေါင်းမာချင်ကြသည်။ အမှန်အတိုင်း မထွက်ဆိုချင်ကြသေး။ ဂဠုန်ဦးစောကမူ ဟန်ဆောင်မှု ကောင်းကောင်းနှင့် အချိန်ဆွဲထားလို၏။ အင်္ဂလန်ကျွန်းမှ ဆရာသခင်များ၏ ကယ်တင်ချိန်အား မျှော်နေဆဲ ဖြစ်၏။



(၂၆)
၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်။
အင်းစိန်ထောင်၊ အထူးခုံရုံး။

ဂဠုန်ဦးစောသည် ရှမ်းဘောင်ဘီ အနက်ရောင်အား ၀တ်ဆင်၍ ထားသည်။ နေကာမျက်မှန် အနက်ရောင်အား တပ်ဆင်ထားပြီး သူ့မျက်လုံး၏ အတွင်းသဏ္ဍာန်အား ဖုံးကွယ်ထားရန် ကြိုးစား၏။ တရားခံများထိုင်သည့် ၀က်ခြံအတွင်း၌ သူသည် အိနြေ္ဒရရ ထိုင်၍နေသည်။ မောင်စိုး၊သက်နှင်း၊ မှုန်ကြီးတို့က ဦးစော၏ဘေး ၀က်ခြံငယ် တခုအတွင်း၌ ထိုင်နေကြသည်။ မှုန်ကြီး၏လက်က သေနတ်ဒဏ်ရာကြောင့် ဖြတ်ပစ်ခဲ့ရသည်။ ရန်ကြီးအောင်၊ စိန်ကြီး၊ ခင်မောင်ရင်နှင့် သုခတို့က သက်နှင်းတို့၏ဘေး ၀က်ခြံငယ် တခုတွင် ထိုင်နေကြသည်။ သီးသီးသန့်သန့်စီ ----။ သတင်းထောက်များမှ ဓါတ်ပုံများ ရိုက်ကြ၏။ အထူးခုံရုံးအဖွဲ့၏ ဥက္ကဌဖြစ်သူ တရားရေးဝန်ကြီး ဦးကျော်မြင့်နှင့် အဖွဲ့ဝင်များဖြစ်သော ဦးအောင်သာကျော် ၊ ဦးစီဘူးတို့သည် ရုံးခန်းအတွင်းသို့ ၀င်လာကြသည်။ တရားခံများအားလုံး မတ်တပ်ရပ်ကြ၏။ အထူးခုံရုံးအဖွဲ့သည် နိုင်ငံတော် လုပ်ကြံမှုကြီး၏ တရားလိုပြသက်သေ (၇၈) ဦးနှင့် တရားခံပြ သက်သေ (၃၁) ဦးတို့အား ရုံးတော်မှ ခေါ်ယူ စစ်ဆေး၏။ ဦးစောမှ သူ့အတွက် ရှေ့နေအား ၀တ်လုံတော်ရ မစ္စတာ ဗတားနစ်နှင့် အင်္ဂလန်မှ ၀တ်လုံတော် မစ္စတာ ကာတဘင်းနက်တို့ နှစ်ဦးအား ငှား၏။ မစ္စတား ကာတဘင်းနက်က အင်္ဂလန်မှ ဘုရင်တော်ဝင် ကောင်စီဝင် တဦးလည်း ဖြစ်သည်။ ကျန်သည့် လူသတ်သမား တရားခံများအတွက်မူ သာယာဝတီမှ ဦးသူငယ်အား ဦးစောမှ ငှားပေးသည်။ (၃၇) ရက်တိုင် ရုံးထိုင်၍ စစ်ဆေးပြီးနောက် ဦးစောနှင့် အပေါင်းအပါတို့၏ နိုင်ငံတော် လုပ်ကြံမှုကြီးအား ရုံးတော်မှ စီရင်ချက်ချတော့သည်။ သေဒဏ်နှင့် တသက်တကျွန်း ----။



(၂၇)
၁၉၄၈ ခုနှစ်၊ မေလ (၈) ရက်။
အင်းစိန်ထောင်။

ထောင်ပိုင်ကြီးသည် ဦးစော၏ အခန်းရှေ့မှ သော့ခလောက်ကြီးအား ဖွင့်လိုက်သည်။ မီးရောင် မှိန်ပျပျအောက်၌ ဦးစောသည် သံတိုင်အားကိုင်လျက် မတ်တပ်ရပ်လျက် ရှိ၏။ ကုတ်အင်္ကျီအနက်နှင့် ပိုးပျော့ ရှမ်းဘောင်ဘီအရှည်အား ၀တ်ထားသည်။ တညလုံး အိပ်စက်ထားဟန် မတူ။ မျက်လုံးများက နီ၍ နေသည်။ ဂဠုန်ဦးစောသည် သံတိုင်အား ဆုပ်ကိုင်ရင်း ထောင်ပိုင်ကြီးအား အင်္ဂလိပ်ဘာသာဖြင့် မေး၏။

"Any Message from London"

ထောင်ပိုင်ကြီးမှ ဦးစောအား ကြည့်ပြီး တိုးညှင်စွာ အဖြေပေး၏။

"No Nothing, Very Sorry ---"

အင်းစိန်ထောင်ဝင်း တခုလုံး တိတ်ဆိတ်၍ နေသည်။ ဦးစော၏ အိမ်မက်က ပြီးဆုံး၍ သွားသည်။ မရတော့ ----။ မျှော်လင့်ချက် ကင်းမဲ့သွားသည့် ဦးစော၏ မျက်နှာသည် လူသေတဦးကဲ့သို့ ----။ သွေးရောင် ဆုတ်လျော့ပြီး ဖြူဖျော့၍ နေတော့သည်။ ထောင်အာဏာပိုင်များ၏ ခေါ်ရာသို့ ဦးစောသည် လိုက်၍ ပါလာခဲ့သည်။ တလှမ်းချင်း ----။

အင်းစိန်ထောင် အုတ်ရိုးနီနီများပေါ်၌ ကျီးတို့သည် ငိုက်မြည်း၍ နေကြသည်။ အာရုံက မပေါ်သေး ---။ အမှောင်ထုသည် အင်းစိန်ထောင်ဝင်းကြီးအား လွှမ်းခြုံ၍ မိုးထားဆဲ ----။

တလှမ်း ---၊ နှစ်လှမ်း ----။

တရွေ့ရွေ့နှင့် ဦးစောသည် အင်းစိန်ထောင်တိုက် (၃)မှ ကြိုးစင်ဆီသို့ ထောင်အာဏာပိုင်များ ခေါ်ယူရာအတိုင်း လိုက်ပါ၍ လာခဲ့သည်။ အသိမဲ့စွာ ----။ အင်းစိန်ထောင် ကြိုးစင်ဝန်းကျင်၌ လျှပ်စစ် မီးရောင်များဖြင့် လင်းလင်းပပ ----။ ဘေဘီစောသည် ဖခင်အား နောက်ဆုံးအကြိမ်အဖြစ် ကန်တော့၏။ ဦးစော၏ ရုပ်သွင်က အသက်ကင်းမဲ့သည့် အရုပ်တခုကဲ့သို့ ----။ ဦးစောအား ထောင်အာဏာပိုင်များက ခေါ်၍သွားသည်။ ကြိုးပေးသတ်မည့်သူအတွက် ၀တ်ရုံအဖြူကြီးအား ဦးစောအား စွပ်၍ ပေးကြသည်။ ပြီးလျှင် ---- ဦးစော၏ ခြေနှစ်ချောင်းအား ကြိုးနှင့် စည်း၏။ ထောင်ဝန်ထမ်းတဦးမှ ဦးစော၏ လည်ပင်းသို့ ကြိုးကွင်းအား စွပ်သည်။ ပြီးလျှင်---- ဦးစော၏ ဦးခေါင်းအား အ၀တ်ဖြူနှင့် စွပ်ရန် ပြုလုပ်၏။

ဦးစောမှ ----

“ရပါတယ်။ ကျနော် ရင်ဆိုင်ရဲပါတယ်” ဟု ပြောသည်။ ထောင်ပိုင်ကြီးမှ လုပ်ရိုးလုပ်စဉ်အရ ပြုလုပ်ရကြောင်း ပြောသည်။ ဦးစောမှ မငြင်း ----။ သူ၏ ဘေးသို့ နောက်ဆုံး ငဲ့၍ကြည့်၏။ မောင်စိုး၊ သက်နှင်းနှင့် မှုန်ကြီးတို့က အ၀တ်ဖြူအုပ်၍ ကြိုးပေးရန် အသင့်ဖြစ်၍ နေကြပြီ။

“ဂျိုင်း”


မင်းဟန်
------------------------------
ကိုးကား ----


ကိုသန်း (ကြည့်မြင်တိုင်) ၏ ကိုယ်တွေ့ကြုံခဲ့ရသော နိုင်ငံတော် လုပ်ကြံမှုကြီး
ဦးနု၏ တာတေစနေသား
သိန်းဖေမြင့်၏ တော်လှန်ရေးကာလ နိုင်ငံရေး အတွေ့အကြုံများ
နတ်မောက်ဘုန်းကျော်၏ ငမိုးမသေသေး ဆောင်းပါး (မြ၀တီမဂ္ဂဇင်း၊ ၁၉၅၇ခုနှစ် ၊ ဇူလိုင်လ)
မောရစ်ကောလစ်၏ Last And First in Burma
တက္ကသိုလ်နေ၀င်း၏ လွတ်လပ်ရေးဗိသုကာ ဗိုလ်ချုပ်အောင်ဆန်း
အင်ဒီဒီမှ ထုတ်ဝေသည့် မြန်မာပြည်ရွေးကောက်ပွဲများနှင့် ပြည်သူတို့ နိုင်ငံရေးအရ ပါဝင်မှု



Rest of your post

အပြည့်အစုံဖတ်လိုလျှင်