စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

မုန်တိုင်းဒဏ်သင့် မိဘမဲ့ကလေးများကို မွေးစားပိုင်ခွင့်မရှိဟု နအဖ လူမှုဝန်ထမ်းမှ ပြောကြား

ကျော်ထင် / ၁၇ ဇွန် ၂၀၀၈

ဘုန်းကြီးကျောင်းများ၊ ဒုက္ခသည်စခန်းများနှင့် နေရပ်ရင်းတွင်ရှိနေကြသည့် မုန်တိုင်းဒဏ်သင့် မိဘမဲ့ကလေးငယ်များအား မည်သူ့ကိုမှ မွေးစားခွင့်ပေးမည်မဟုတ်ဘဲ အာဏာပိုင်များက စောင့်ရှောက်သွားမည်ဟု လူမှုဝန်ထမ်းဌာနမှ အရာရှိကြီးတဦးကို ကိုးကားပြီး ယခုအပတ်ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် ဖော်ပြထားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မုန်တိုင်းတိုက်ပြီး (၁) လခန့်အကြာတွင် မိဘမဲ့ကလေးငယ်များအတွက် စစ်အစိုးရက ပြုစုစောင့် ရှောက်ရေးဂေဟာများ ဖွင့်လှစ်သွားမည်ဟု သတင်းစာများတွင် ဖော်ပြခဲ့ပြီးနောက်ပိုင်းတွင် ယခုကဲ့သို့ လူပုဂ္ဂိုလ်တဦးကိုဖြစ်စေ၊ အဖွဲ့စည်းတခုခုကိုဖြစ်စေ မွေးစားခွင့်ပေးမည်မဟုတ်ဘဲ ၎င်းတို့၏ မူဝါဒလမ်းစဉ်အတိုင်း စောင့်ရှောက်သွားမည်ဟု လူမှုဝန်ထမ်းဌာနမှ ဒု-ညွှန်ကြားရေး မှူးချုပ် ဦးအောင်ထွန်းခိုင်က မြန်မာတိုင်းမ်သို့ ပြောခြင်းဖြစ်သည်။

မြစ်ဝကျွန်းပေါ်ဒေသများတွင် ကူညီမှုများ ပြုလုပ်နေသူတဦးက ၎င်းတို့ရောက်ရှိခဲ့သည့် ကျေးရွာ များတွင် ရွာတရွာလျှင် အနည်းဆုံး မိဘမဲ့ကလေးငယ် (၁၀) ဦးအထက်ရှိကြောင်းနှင့် အဆိုပါ ကလေးငယ်များသည် မိဘဆွေမျိုးများ သေဆုံးသွားသဖြင့် အသက်ရှင်ကျန်သည့် တရွာတည်း နေသူများ၏ စောင့်ရှောက်မှုအောက်တွင်သာ နေလိုကြကြောင်း ပြောသည်။

၎င်းက “ရွာထဲမှာရှိနေတဲ့လူတွေက သူတို့သိနေတဲ့လူတွေလေ။ အဲဒီလူတွေနဲ့ ဝေးပြီး သူတို့ ကိုယ်တိုင်က သိပ်မလိုက်ချင်တာပါတယ်လေ။ ကျမတို့ ခေါ်ကြည့်ခဲ့တယ်၊ အဲဒီခါကျတော့ ကလေးတော်တော်များများကလေ သူတို့ရဲ့ဇာတိနေရာတွေမှာပဲ နေချင်ကြတယ်။ ဘာဖြစ် လို့ဆိုတော့ သူတို့ရင်းနှီးနေတဲ့ မျက်နှာတွေနဲ့နေရတာကို သူတို့က ပိုပြီးနေချင်တဲ့ ဆန္ဒရှိတယ်။ မုန်တိုင်းဒဏ်က အသက်လုပြီး လွတ်လာပြီးတော့မှ တစိမ်းတွေကြားမှာ နေရဲပုံမပေါ်ဘူး” ဟု ပြောသည်။

ကလေးငယ်များအား မွေးစားခွင့်မပြုခြင်းမှာ လူကုန်ကူးခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အဓမ္မ လုပ်အားစေခိုင်းမှုများမှ ကြိုတင်ကာကွယ်ရန် ရည်ရွယ်ကြောင်း၊ အကယ်၍ မွေးစားလိုပါကလည်း လူမှုဝန်ထမ်းဦးစီးဌာန၏ ခွင့်ပြုချက်လိုအပ်ကြောင်း သိရသည်။

မိဘမဲ့ကလေးငယ်များ လုံခြုံရေးအတွက် မွေးစားပိုင်ခွင့်မှာ အစိုးရ၏ ခွင့်ပြုချက် လိုအပ်သော် လည်း ကလေးသူငယ်အခွင့်အရေးကို ချိုးဖောက်နေသည့် စစ်အစိုးရကိုယ်တိုင်က ပြုစုစောင့် ရှောက်မည်ဆိုသည့်အပေါ် မေးခွန်းများစွာရှိကြောင်း ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ လူ့အခွင့် အရေးပညာပေးရေးဌာန ဒါရိုက်တာအောင်မျိုးမင်းက ပြောသည်။

၎င်းက “နအဖအနေနဲ့ အစိုးရကိုယ်တိုင်က ကလေးတွေကို လုပ်အားစေခိုင်းတာတွေ၊ ကလေး စစ်သား အသုံးပြုတာတွေဟာ အရင်ကတည်းက အစဉ်အလာရှိခဲ့တယ်။ တိုင်းရင်းသားဒေသ တွေမှာရှိတဲ့ မိဘမဲ့ကလေးတွေကို စောင့်ရှောက်မယ်ဆိုပြီးတော့ ရဲညွန့်ဆိုပြီး သူတို့ ခေါ်မွေးစား တယ်။ အဲဒီကလေး တော်တော်များများ နောက်ဆုံး စစ်တပ်မှာ အဆုံးသတ်သွားတယ်။ ကလေး တွေကို စစ်တပ်ထဲမှာသုံးနေတာ အခုချိန်ရှိနေဆဲလေ” ဟု ပြောသည်။

စစ်အစိုးရအား ကလေးသူငယ်များ လူကုန်ကူးမှုဆိုင်ရာတားဆီးမှု ပျက်ကွက်ခြင်း၊ ကလေး စစ်သားအသုံးပြုခြင်းနှင့် အဓမ္မလုပ်အားစေခိုင်းမှုများ ရှိခြင်းတို့ကြောင့် နိုင်ငံတကာမှ ပြစ်တင်
ဝေဖန်မှုများရှိသည်။ ။
Rest of your post

No comments: