စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 18, 2008

နေပြည်တော်လျှပ်စစ်မီးအတွက် လူပေါင်း (၃,၅၀၀) ကျော် နေစရာမဲ့ဖြစ်မည်


ပီတာအောင်/ ၁၈ ဇွန် ၂၀၀၈


မြန်မာစစ်အစိုးရ၏ မြို့တော်သစ် နေပြည်တော်အတွက် လျှပ်စစ်ဓာတ်အားထုတ်ယူမည့် ပေါင်းလောင်းရေအားလျှပ်စစ်စီမံကိန်းကြောင့် လူပေါင်း (၃,၅၀၀) ကျော် အိုးအိမ်မဲ့ဖြစ်ကြရ မည်ဟု ကယန်းအမျိုးသမီးသမဂ္ဂက ယနေ့ အစီရင်ခံစာ ထုတ်ပြန်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကယန်းမြေမှ အစိမ်းရောင်တစ္ဆေများ ရေနစ်မြုပ်ခြင်း” ဟု အမည်ပေးထားသည့် ထိုအစီရင်ခံစာ၌ စစ်အစိုးရသည် နေပြည်တော်အရှေ့ဘက် (၂၆) မိုင်အကွာတွင် တရုတ်ကုမ္ပဏီတခု၏ ရင်းနှီး မြှုပ်နှံမှုဖြင့် (၁၄၀) မီဂါဝပ်ထွက်မည့် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စီမံကိန်းကို တည် ဆောက်နေကြောင်း၊ ၂၀၀၉ ခု နှစ်ကုန်တွင် ထိုစီမံကိန်းပြီးစီးပါက ယင်းဒေသရှိ တောင်ယာ လုပ်ကိုင်သူ တိုင်းရင်းသားလူမျိုးစုများ နေရပ်စွန့်ထွက်ပြေးကြရမည်ဟု ဖော်ပြသည်။

ရေလွှမ်းမိုးခံရမည့်နေရာများမှာ ပေါင်းလောင်းမြစ်ဝှမ်းဒေသရှိ ကျွဲကုန်း၊ ဟင်္သာကုန်း၊ သင်္ဘော ကုန်း၊ ကံလှ၊ သပြေကုန်း၊ ရှမ်းကုန်း၊ ဈေးကုန်း စသည့်ရွာပေါင်း (၁၂) ရွာ၊ အိမ်ခြေ (၇၀၀) ခန့် ဖြစ်ပြီး ကယန်း၊ ပဒေါင်၊ ရှမ်း၊ ပအိုဝ်းနှင့် ဗမာလူမျိုး စုစုပေါင်း (၃,၅၇၀) ခန့်တို့ ထိခိုက် နစ်နာ မည်ဟု သိရသည်။

ကယန်းအမျိုးသမီးသမဂ္ဂမှ မူးကယန်က “လွန်ခဲ့တဲ့နှစ် (၄၀) လောက်တုန်းက ရန်ကုန်ကို လျှပ်စစ် ထောက်ပံ့ပေးဖို့အတွက် ကျမတို့ ကယန်းပြည်သူတွေ၊ ကျမတို့အလေးအမြတ်ထားတဲ့ မြေတွေ ဆုံးရှုံးခဲ့ရတယ်။ ခုတခါ ကျမတို့ကိုးကွယ်တဲ့ သူရဲကောင်းဝိညာဉ်တွေ နေထိုင်တဲ့နေရာဟာ နေပြည်တော် လျှပ်စစ်ဓာတ်အားအတွက် ရေနစ်မြုပ်ကြရဦးမယ်” ဟု ပြောသည်။

စစ်အစိုးရသည် ၂၀၀၅ ခုက ယင်းဒေသ၌ပင် အောက်ပေါင်းလောင်းရေကာတာ တည်ဆောက်ပြီး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ကာ နေပြည်တော်အတွက် အသုံးပြုခဲ့သည်။ ယခု လျှပ်စစ်ဓာတ်အား တိုးမြှင့်ထုတ်လုပ်ရန် အထက်ပေါင်းလောင်း ဆည်ဆောက်လုပ်ခြင်းဖြစ်သည်။

အစီရင်ခံစာ ရေးသားရာတွင်ပါဝင်သည့် မြန်မာနိုင်ငံမြစ်ချောင်းများဆိုင်ရာ ကွန်ရက်မှ အတွင်း ရေးမှူး ကိုအောင်ငဲ က “ဒေသခံတွေ အခုကတည်းက ဒုက္ခရောက်နေရတယ်။ ဆည်ဆောက် နေစဉ်မှာ လုံခြုံရေးအပြည့်အ၀ရအောင် စစ်တပ်တွေတိုးချလာတယ်။ ရွာသားတွေကို တောင်ယာ လွတ်လွတ်လပ်လပ် မပေးခုတ်တော့ဘူး။ ဆည်ပြီးရင် ရေကြီးလာမှာကို ရွာသားတွေကသိတော့ တချို့ ကယားပြည်နယ်ဘက်ကို ပြောင်းသွားကြကုန်ပြီ။ ဒီ ဆည်ကြောင့် အကျိုးရလဒ်အနေနဲ့ နေပြည်တော်အတွက်ကတော့ လျှပ်စစ်မီးရသွားမှာပေါ့။ လူထုအတွက် ဘာမှဂရုမစိုက်တဲ့ အစိုးရ အောက်မှာ နောက်ဆက်တွဲဖြစ်လာမယ့် အကျိုးဆက်တွေကို ကြည့်ရင်တော့ အရမ်းရင်လေး မိတယ်” ဟု ပြောသည်။

ရေကာတာတည်ဆောက်မှုကြောင့် အဓမ္မလုပ်အားပေးခိုင်းစေမှုနှင့် အခြားညှဉ်းပန်းနှိပ်စက်မှုများ ပေါ်ပေါက်လာနိုင်ကြောင်း၊ ယခင်ကလည်း ကယားပြည်နယ်အတွင်း မိုးဗြဲဆည် တည်ဆောက်မှု ကြောင့် ရွာ (၁၁၄) ရွာ ရေလွှမ်းမိုးပြီး လည်ပင်းရှည်ပဒေါင်များနှင့် ကယန်းလူမျိုးများ ထိုင်းနိုင်ငံ၌ ဒုက္ခသည်အဖြစ် လာရောက်နေထိုင်ကြရကြောင်း ကယန်းအမျိုးသမီးသမဂ္ဂက ပြောသည်။ ။

Rest of your post

No comments: