စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 30, 2008

ပြည်ပအသံလွှင့် ရေဒီယိုများ ရဲအဖွဲ့နားထောင်

မိုးအောင်တင် ဇွန် ၃၀၊ ၂၀၀၈

စစ်အစိုးရက ဘီဘီစီ၊ ဗီအိုအေ အစရှိသည့် ပြည်ပအသံလွှင့်ဌာနများအား သတင်းအမှားများ လိမ်ညာထုတ်လွှင့်နေပြီး တိုင်းပြည်ပျက်ရန်ပြုလုပ်နေသည်ဟု စွပ်စွဲမှုများ ပြုလုပ်နေသော်လည်း ရဲတပ်ဖွဲ့ဝင်များကိုမူ ယင်း အသံလွှင့် ဌာနများကို နားထောင်ရန် ညွှန်ကြားထားကြောင်း ရဲတပ်ဖွဲ့ဝင်များက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၀၀၇ ခုနှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သည့် ရွှေဝါရောင်တော်လှန်ရေးမဖြစ်ခင် ၎င်းတို့၏ အထက်အရာရှိ များက ဘီဘီစီ၊ ဗီအိုအေ အစရှိသည့် ပြည်ပအသံလွှင့်ဌာနများကို နားမထောင်ရဟု အမိန့်ထုတ်ပြန်ခဲ့သော်လည်း စက်တင်ဘာနောက်ပိုင်းတွင် နားထောင်ရန် အမိန့်ပြောင်းထုတ်ထားသည်ဟု ရန်ကုန်တိုင်း ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်တဦး က ပြောသည်။

ရန်ကုန်မြို့မှ ထင်ရှားသော ဘုရားတဆူ ဖြစ်သည့် ကျောက်တော်ကြီး ဘုရားတွင် လုံခြုံရေးတာဝန်ကျနေသည့် ရဲတပ်ကြပ် ကြီးတဦးကလည်း အလုပ်တာဝန်တခုအနေနှင့် ပြည်ပအသံလွှင့်ဌာနများကို နားထောင်နေရကြောင်း ပြောပြသည်ဟု ရန်ကုန်မြို့ခံ အရပ်သားတဦးက ပြောသည်။

အဆိုပါအရပ်သားက “ဘာလို့ နားထောင်သလဲလို့ သူ့ကိုမေးကြည့်တော့ နအဖ အစိုးရကလည်း သတင်းမှန် အားလုံးကို မပြောဘူး၊ အဲဒါကြောင့် ဘီဘီစီ၊ ဗီအိုအေ၊ အာရ်အက်ဖ်အေ စတာတွေ နားထောင်ရတာတဲ့၊ အဲဒီလိုနားထောင်မှ ဘာတွေ ဖြစ်နေလဲ ဆိုတာသိရပြီး နောက်ဘာဖြစ်နိုင်တယ်၊ ဘာပြင်ဆင်ထားရမယ်ဆိုတာ သိနိုင်မယ်လို့ ကျနော့်ကို ပြောပြတယ်” ဟုဆိုသည်။

ရဲသတင်းတပ်ဖွဲ့နှင့် နီးစပ်သူတဦးကမူ ပြည်ပရေဒီယိုများတွင်ပါရှိသော သတင်းများအရ နောက်ကလိုက်၍ အရေးယူရန် ရဲတပ်ဖွဲ့က ယခုကဲ့သို့ ရေဒီယို သတင်းများကို နားထောင်ခြင်းဖြစ်သည်ဟု ပြောဆိုသည်။

“သူတို့ရဲတွေလည်း ဘာမှ အကြံဥာဏ် ရှိလို့မဟုတ်ဘူး၊ မြန်မာဘာသာနဲ့လွှင့်တဲ့ ပြည်ပရေဒီယိုသတင်း နားထောင်ပြီးတော့ အဲဒီနောက်ကိုလိုက်ပြီး အရေးယူဖို့ လုပ်စရာရှိတာ လုပ်နေကြတာလို့ ထုတ်ပြောတယ်”ဟု သတင်းတပ်ဖွဲ့နှင့် နီးစပ်သူက ဆိုသည်။

နအဖ စစ်အစိုးရသည် ပြည်ပမီဒီယာများဖြစ်သည့် ရေဒီယို၊ အင်တာနက် ၀က်ဘ်ဆိုက်နှင့် ဂြိုဟ်တု ရုပ်သံများမှ ကြေညာ ဖေါ်ပြလျက်ရှိသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော သတင်းများပေါ်တွင် အခြေခံကာ တုံ့ပြန်ခြင်း၊ အရေးယူ ဆောင်ရွက် ခြင်းတို့ကို ပြုလုပ်လျက်ရှိကြောင်းလည်း ရဲအရာရှိတချို့က ပြောဆိုသည်။

လွန်ခဲ့သည့် နှစ်နှစ်ကျော်ကတည်းက ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ်ကျော်ဆန်းက မီဒီယာကိုမီဒီယာနှင့် တိုက်ရမည် ဆိုသည့် ဆောင်ပုဒ်ကို လူသိရှင်ကြားကြေညာခဲ့ပြီး ပြည်ပမီဒီယာများမှဖေါ်ပြသည့် မြန်မာနိုင်ငံနှင့် ပတ်သက်သော ရေးသား ပြောဆိုချက်များကို ပြန်လည် ချေဖျက်သည့် သတင်းများအား အစိုးရမီဒီယာနှင့် ပြည်တွင်း ပုဂ္ဂလိကမီဒီယာများတွင် ရေးသားဖေါ်ပြရန် ညွှန်ကြားခဲ့သည်။ ပုဂ္ဂလိကပိုင် အပတ်စဉ် ဂျာနယ်များတွင်လည်း အစိုးရအာဘော် သတင်း ဆောင်းပါး များကို စာပေစိစစ်ရေးမှ ခွဲတမ်းချပေးပြီး မထည့်မနေရ ထည့်သွင်းဖေါ်ပြစေသည်။

ဧရာဝတီတိုင်း လပွတ္တာမြို့မှ ဒုက္ခသည်များကို နေရပ်ရွာများသို့ အတင်းပြန်စေသည်ဆိုသည့် သတင်းများ ပြည်ပသတင်း ဌာနများတွင် ဖေါ်ပြပြီး ရက်ပိုင်းအတွင်းမှာပင် စစ်အစိုးရ သတင်းစာက လပွတ္တာမြို့ရှိဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် တွေ့ဆုံမေးမြန်းထားသည့် သတင်းဆောင်းပါးကို ဖေါ်ပြခဲ့သည်။

ထို့အတူ မုန်တိုင်းဒဏ်ခံရသည့် ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းကွမ်းခြံကုန်း ကော့မှူးမြို့နယ်များမှ လယ်သမားများ ကျွဲနွား၊ လယ်ထွန်စက်နှင့် မျိုးစပါးမရှိ၍ အခက်ကြုံနေရသည်ဆိုသော သတင်းများ ပြည်ပမီဒီယာများ တွင်ဖေါ်ပြခဲ့ပြီးသည့်နောက် အစိုးရ တီဗီနှင့် သတင်းစာများတွင် လယ်ထွန်စက်၊ မျိုးစပါး၊ ကျွဲ နွားများကို နိုင်ငံတော်က ထောက်ပံ့ပေးနေသည့် ပုံများ ဖော်ပြသည်။

လေဘေးသင့် ရန်ကုန်တိုင်း ကွမ်းခြံကုန်းမြို့နယ်ထဲမှ ကျေးရွာများသို့ သွားရောက် ကူညီလျက်ရှိသူ စေတနာ့ဝန်ထမ်းတဦး ကမူ နအဖ အစိုးရသတင်းစာနှင့် မီဒီယာများတွင် ဖေါ်ပြသည့် ပံ့ပိုးကူညီမှုများမှာ အပြသဘောမျှသာဖြစ်ပြီး ဒုက္ခသည် အများစုမှာ အခက်အခဲများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်ဟု ပြောသည်။

“ရန်ကုန်ကနေ ဒေးဒရဲ ဖျာပုံဘက်သွားရင် ကော့မှူးမြို့အ၀င်၊ ကွမ်းခြံကုန်းမြို့ အ၀င်နဲ့ မြို့အထွက် ကားလမ်းဘေးက လယ်တွေလောက်ပဲ ထွန်စက်နဲ့ထွန်တာ တွေ့ရတယ်။ အဲဒီနောက် အတွင်းပိုင်းကျတဲ့ လယ်တွေကျတော့ ကိုယ့်ဘာသာ ကိုယ် ထွန်နိုင်ရင်ထွန် မထွန်နိုင်ရင်တော့ ဒီအတိုင်း မြက်ပင်တွေနဲ့ စိမ်းနေသေးတာပဲ တွေ့ရတယ်”ဟု အဆိုပါ စေတနာ့ ၀န်ထမ်း ဆောင်ရွက်သူက ပြောသည်။

ပြည်ပ အသံလွှင့်ဌာနများ၏ မြန်မာနိုင်ငံနှင့် ပတ်သက်သည့် သတင်းများကို နေ့စဉ်နားထောင်နေသူ ရန်ကုန်မြို့ခံတဦးက လည်း “အစိုးရ သတင်းစာ၊ ရေဒီယို၊ ရုပ်မြင်သံကြားအားလုံးဟာ ပြည်ပ မီဒီယာတွေက ဖေါ်ပြ၊ လွှင့်ထုတ်သွားတာတွေကို နေ့တိုင်း ပြန်ပြီးရှင်းနေသလိုပဲ ခံစားရတယ်။ ဥပမာ ဧရာဝတီတိုင်း ဒုက္ခသည်စခန်းတွေနဲ့ ရွာတွေမှာ ၀မ်းရောဂါတွေ ဖြစ်ဖို့ အန္တရာယ်ရှိတဲ့ သတင်းဖေါ်ပြပြီး မကြာခင် ကျန်းမာရေးဝန်ကြီးဌာနက ဆရာဝန်တွေ သင်္ဘောနဲ့ ဆေးကုသပေးနေကြောင်း အစိုးရ သတင်းတွေမှာ ဖေါ်ပြတော့တာပဲ ”ဟု ပြောဆိုသည်။

အပြည့်အစုံဖတ်လိုလျှင်

ပြည်ထောင်စုမြန်မာနိုင်ငံအမျိုးသားကောင်စီ၏ထုတ်ပြန်ကြေညာချက







အပြည့်အစုံဖတ်လိုလျှင်

စစ်တွေတွင် မကျေနပ်သူတဦးက လက်ကိုင် လော်စပီကာကို အသုံးပြုပြီး အစိုးရကို ဝေဖန် ဆဲဆို


6/30/2008

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် အမည်မသိသူ တဦးက လွန်ခဲ့သော သောကြာနေ့က လက်ကိုင် အငယ်စား စပီကာကို အသုံးပြု ပြီး စစ်အစိုးရကို
ဝေဖန် ဆဲဆိုသွားခဲ့ကြောင်း သတင်းရရှိသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မျက်မြင် တဦးက “သူက စစ်တွေမြို့ အမှတ် ၁ ရဲစခန်းရှေ့ကနေ ဆဲဆိုသွားတာပါ။ ကျွန်တော် ကြားရသလောက်ကို ပြောရမယ်ဆိုရင်တော့ --- ထမင်းငတ်၍ ရခိုင်ပြည်မှာ လူတွေ သေနေပြီ။ ဒါ ဘယ်သူ့မှာ တာဝန်ရှိသလဲ။ ရခိုင် လူမျိုးတွေ တိုက်ဆောက်ပြီး ၀မ်းသာ မနေကြနဲ့။ ရခိုင်တွေ ထမင်းငတ် သေနေကြပြီ။ --- စသဖြင့် သူက ပြောဆိုသွားတာပါ။ ” ဟု ပြောသည်။

သို့သော်လည်း ဝေဖန် ဆဲဆိုသွားသူကို စစ်တွေရဲမှ တစုံတရာ အရေးယူခြင်း စစ်ဆေး မေးမြန်းခြင်း မရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ဝေဖန် ဆဲဆိုမှုမှာ များမကြာမှီက စစ်တွေမြို့ မင်းဂံရပ်ကွက်မှ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးပြီး နောက်ပိုင်းတွင် ထွက်ပေါ်လာခြင်း ဖြစ်သည်။

အဆိုပါ သားဖသုံးဦး ထမင်းငတ်၍ အဆိပ်စား သေဆုံးသွားသဖြင့် စစ်တွေလူထု အတွင်းအထူး မကျေနပ်မှုများ တိုးပွားနေကြောင်း သတင်းများ ရရှိသည်။

ရခိုင်ပြည်နယ် အနှံ့အပြားတွင် ဆန်ဈေးနုန်း ကြီးမြှင့်ခြင်းကြောင့် ဆင်းရဲသူ လက်လုပ်လက်စား အများအပြားမှာ ထမင်းငတ် နေကြရကြောင်း ပြည်တွင်းမှ ပေးပို့သော သတင်း အများအပြားတွင် ဖေါ်ပြသည်။


အပြည့်အစုံဖတ်လိုလျှင်

အထိန်းသိမ်းခံ အန်န်အယ်လ်ဒီလူငယ်တွေ လွှတ်ပေးရေးတောင်းဆို


30 June 2008

ပြီးခဲ့တဲ့ ဇွန်လ ၁၉ ရက်၊ ဒေါ်အောင်ဆန်းစုကြည်မွေးနေ့က အန်န်အယ်လ်ဒီ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးချုပ်ရှေ့မှာ မွေးနေ့အထိမ်းအမှတ် ဆုတောင်းနေ ကြတုန်း အရပ်ဝတ်နဲ့လူတွေ အတင်းဝင်ဖမ်းတာခံခဲ့ရတဲ့ အန်န်အယ်လ်ဒီ အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့ အန်န်အယ်လ်ဒီဥက္ကဋ္ဌက မြန်မာစစ်ကောင်စီ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဆီကို ဇွန်လ ၂၆ ရက်နေ့စွဲနဲ့ စာတစောင် ပေးပို့ခဲ့ပါတယ်။ လုံခြုံရေးတာဝန်ရှိသူတွေက ဖမ်းတာမဟုတ်ဘဲ အဲဒီလူတွေ ရှေ့မှာတင် အရပ်ဝတ်နဲ့လူတွေက အတင်းဝင်ရောက် ထိုးကြိတ်ဖမ်းဆီးတာဟာ ဥပဒေစိုးမိုးရေးဆိုတာနဲ့ ဆန့်ကျင်နေပြီးဥပဒေနဲ့ မညီညွတ်တာကြောင့် အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုထားပါတယ်။
ဒါပေမယ့် ခုချိန်ထိတော့ အစိုးရဘက်က ဘာမှအကြောင်းပြန်ကြားတာ မရှိသေးပါဘူး။
အပြည့်အစုံကို ဘန်ကောက်ရောက် ဗွီအိုအေ၀ိုင်းတော်သား ကိုကျော်ကျော်သိန်းက
တင်ပြပေးထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဲဒီနေ့က ၀င်ရောက်ဖမ်းဆီးခဲ့သူတွေဟာ လူမှုရေးအသင်းအဖွဲ့ဆိုပြီး ဖွဲ့စည်းထားတဲ့
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးအသင်းဝင်တွေနဲ့ စွမ်းအားရှင်အဖွဲ့ဝင်တွေဖြစ်တယ်
လို့ အန်န်အယ်လ်ဒီရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ၊ ရဲအထူး
သတင်းတပ်ဖွဲ့ဝင်တွေနဲ့ လုံခြုံမှုထိန်းသိမ်းရေး တပ်ဖွဲ့ဝင်တွေရှေ့မှာပဲ ၀င်ဖမ်းခဲ့တာ
ဖြစ်ပေမယ့် အဲဒီလုံခြုံရေးတာဝန်ရှိသူတွေက ဟန့်တားထိန်းသိမ်းတာ မလုပ်ခဲ့ဘူးလို့
ဆိုပါတယ်။

အန်န်အယ်လ်ဒီ တာဝန်ရှိသူတွေဘက်က သူတို့ရဲ့အဖွဲ့ဝင်တွေကို ထိန်းသိမ်းဆောင်ရွက်
ခဲ့လို့သာ ပြဿနာဟာ ပိုကြီးထွားမလာဘဲ အေးအေးချမ်းချမ်း ပြီးဆုံးသွားခဲ့တာ
ဖြစ်တယ်လို့လည်း ဖော်ပြထားပါတယ်။

အခင်းဖြစ်ပြီး ၆ ရက်အကြာ၊ ဇွန်လ ၂၅ ရက်နေ့မှာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်း
အဝေး ဆုံးဖြတ်ချက်အရ အန်န်အယ်လ်ဒီဥက္ကဋ္ဌက လက်မှတ်ရေးထိုးထားတဲ့စာကို
မြန်မာစစ်ကောင်စီဥက္ကဋ္ဌဆီ ၂၆ ရက်နေ့မှာ ပေးပို့ခဲ့တာပါ။ ခုချိန်ထိတော့ အကြောင်း
မပြန်ကြားသေးဘူးလို့ အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က
ဗွီအိုအေကို ပြောပါတယ်။

“အခုအချိန်ထိတော့ အကြောင်းပြန်ကြားတာ တခုမှမရှိသေးပါဘူး။ လောလောဆယ်
သူတို့မိသားစုတွေဆီကိုရော၊ ကျနော်တို့ရုံးကိုရော ဘာမှ အကြောင်းပြန်ကြားတာ
မရှိသေးပါဘူး။”

ဒါ့အပြင် ဖမ်းဆီးသွားသူတွေကို ဘယ်မှာထိန်းသိမ်းထားတယ်၊ သူတို့ရဲ့အခြေအနေ
ဘယ်လိုရှိတယ် ဆိုတာတွေကိုလည်း ဘာမှမသိရသေးပါဘူးလို့ ဒေါက်တာဝင်းနိုင်က
ဆက်ပြောပါတယ်။ ဒီဖြစ်ရပ်ဟာ စကတည်းကိုက ဥပဒေနဲ့ မညီညွတ်တဲ့အတွက်
မလုပ်သင့်တဲ့ကိစ္စပါလို့လည်း သူကပြောပါတယ်။ ဒါ့ကြောင့်လည်း အဖမ်းခံထားရသူ
တွေ ပြန်လွတ်လာမယ်လို့ မျှော်လင့်ထားပါတယ်။

“ထိန်းသိမ်းခေါ်ဆောင်သွားပြီးရင်လည်း မိသားစုတွေဆီ၊ သို့မဟုတ် အဖွဲ့က တာဝန်
ရှိတဲ့လူတွေဆီကို အကြောင်းကြားရမယ်။ ဒါပေမယ့် အခုထိ ဒါတွေကို သူတို့ဘက်က
ဆောင်ရွက်ခြင်းမရှိဘူး။ တခုတော့ ပြောစရာရှိတာပေါ့။ မေလ ၂၇ ရက်နေ့တုန်းက
ကျနော်တို့အဖွဲ့ချုပ်ဝင်တချို့ သူတို့ရဲ့ သဘောဆန္ဒအတိုင်း ဒေါ်အောင်ဆန်းစုကြည်
လွတ်မြောက်ဖို့ လမ်းလျှောက်ချီတက်ကြတယ်။ အဲဒီတုန်းကလည်း ဒီလိုပဲ ဖမ်းဆီး
ထိန်းသိမ်းခဲ့တာပဲ။ နောက် နှစ်ပတ်လောက်ကြာတဲ့အခါ သူတို့ စုံစမ်းမေးမြန်းပြီး
ပြန်လွှတ်ပေးခဲ့တယ်။ အခုကိစ္စမှာလည်း ကျနော်တို့အဖွဲ့ဝင်တွေက ဘာမှ အပြစ်မရှိတဲ့
အတွက် သူတို့ စုံစမ်းမေးမြန်းပြီးရင် အချိန်အတိုင်းအတာတခုအတွင်းမှာ ပြန်လွှတ်ပေး
လိမ့်မယ်လို့ ကျနော်တို့တော့ ယုံကြည်ပါတယ်။”
အန်န်အယ်လ်ဒီ ဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင် ပြောသွားတာဖြစ်ပါတယ်။

မေလ ၂၇ ရက်နေ့မှာ ဖမ်းဆီးခံရပြီးတော့ ပြန်လွှတ်ပေးလိုက်သူတွေနဲ့ပတ်သက်ပြီး
မြန်မာရဲတပ်ဖွဲ့ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီက အတည်ပြုပြောဆိုခဲ့တယ်လို့ ဇွန်လ ၂၆ ရက်
နေ့ အေအက်ဖ်ပီသတင်းတပုဒ်မှာ ဖော်ပြခဲ့ပါတယ်။ ဒါပေမယ့် အခု ဇွန်လ ၁၉ ရက်နေ့
ဖမ်းဆီးမှုနဲ့ပတ်သက်လို့တော့ မြန်မာအစိုးရ တာဝန်ရှိသူတွေဘက်က တစုံတရာ
ပြောဆိုတာမျိုး မရှိသေးပါဘူး။

အပြည့်အစုံဖတ်လိုလျှင်

သခင်သိန်းဖေမှ န.အ.ဖ သို့ မေတ္တာရပ်ခံပန်ကြားခြင်း


အပြည့်အစုံဖတ်လိုလျှင်

ဒေါ်အောင်ဆန်းစုကြည်အတွက်...ဆုတောင်း (သီချင်း)



အပြည့်အစုံဖတ်လိုလျှင်

လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ထုတ်ပေးမည်


NEJ/ ၃၀ ဇွန် ၂၀၀၈

မြန်မာတနိုင်ငံလုံးရှိ လိုင်စင်မဲ့ ဆိုင်ကယ်များကို ဇူလိုင်လ (၁) ရက်နေ့မှစပြီး တရားဝင်လိုင်စင် ပြုလုပ်ပေးတော့မည်ဖြစ်ကြောင်း မန္တလေးတိုင်း ကညနရုံး (ကုန်းလမ်းသယ်ယူပို့ဆောင်ရေးနှင့် ညွန်ကြားမှုဦးစီးဌာန) မှ အရာရှိတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “နေပြည်တော်က စာဝင်ထားပြီးပြီ၊ ကျနော်တို့ ဒီနေ့ ကြေညာချက်ထုတ်မယ်။ ဇူလိုင်(၁) ရက်ကနေ အောက်တိုဘာလကုန်အထိ ကြိုက်တဲ့အချိန် လိုင်စင်ဝင်လို့ရတယ်။ အရေအတွက်လည်း ကန့်သတ်မထားဘူး” ဟု ပြောသည်။

မော်လမြိုင် ကညနရုံးတွင် မနက်ဖြန်မှစပြီး လိုင်စင်မဲ့ဆိုင်ကယ်များ လိုင်စင်ပြုလုပ်နိုင်ကြောင်း ကြေညာထားပြီး ဆိုင်ကယ်အမျိုးအစားအလိုက် တစီးချင်းကုန်ကျမည့် ကုန်ကျစားရိတ်ကိုလည်း ကြေညာထားကာ အနည်းဆုံး ကျပ် (၇၅,၀၀၀) မှ ကျပ် (၅) သိန်းခန့်အထိ ကုန်ကျမည်ဖြစ်ကြောင်း မြို့ခံများက ပြောသည်။

လိုင်စင်မဲ့ဆိုင်ကယ် ပိုင်ရှင်များအနေဖြင့် အကောက်ခွန်ဆိုင်ရာဒဏ်ကြေး၊ သွင်းကုန်အကောက်ခွန်၊ ပြည်တွင်းအခွန်၊ လိုင်စင်ကြေး၊ အာမခံကြေး စသည်များအားလုံး ပေးဆောင်ရမည်ဟု သိရသည်။

စစ်အစိုးရသည် ပုံမှန်အားဖြင့် မြန်မာနိုင်ငံတွင်းသို့ ဆိုင်ကယ်တင်သွင်းခွင့် ပိတ်ပင်ထားသော်လည်း ပြည်တွင်းလိုအပ်ချက် ကြီးမားသဖြင့် ထိုင်း၊ တရုတ် နယ်စပ်များမှတဆင့် ပြည်တွင်းသို့ လိုင်စင်မဲ့ ဆိုင်ကယ်များ နေ့စဉ် ရာနှင့်ချီ တရားမ၀င်ရောက်ရှိနေခြင်းဖြစ်သည်။

၂၀၀၄ ခုအထိ အစိုးရ ကညနရုံးများတွင် မှတ်ပုံတင်ထားသည့် ဆိုင်ကယ်စီးရေ စုစုပေါင်း (၁) သိန်း (၇) သောင်းကျော်သာရှိပြီး ၂၀၀၄ ခုတွင် လိုင်စင်မဲ့ဆိုင်ကယ်များကို တရားဝင်လိုင်စင် ပြုလုပ် ပေးခဲ့ရာ ဆိုင်ကယ်ပေါင်း (၄) သိန်းခွဲကျော် လိုင်စင်ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်း ကညရုံးမှ အရာရှိက ပြောသည်။

ထိုအချိန်က လိုင်စင်ပြုလုပ်ခမှာ ကျပ် (၇) သောင်းကျော်မှ ကျပ် (၂) သိန်းနီးပါးပေးရပြီး အစိုးရ အနေဖြင့် လိုင်စင်ခ ကျပ်ငွေ (၄၅) ဘီလျံကျော် ရရှိခဲ့သည်ဟု ၎င်းက ပြောသည်။

ယခုနောက်ပိုင်း ၀င်ရောက်လာသော ဆိုင်ကယ်များအနက် တရုတ်ပြည်လုပ် ဆိုင်ကယ်များသည် ကျပ် (၅) သိန်းဝန်းကျင်ပေါက်ဈေးရှိပြီး ထိုင်းနိုင်ငံလုပ်ဆိုင်ကယ်များမှာ ကျပ် (၁၅) သိန်းခန့် ပေါက်ဈေးရှိနေသည်။ ထို့အပြင် ကျပ် သိန်း (၄၀) သိန်း (၅၀) ခန့် ပေါက်ဈေးရှိသည့် Yamaha DT ကဲ့သို့ တန်ဖိုးကြီး ဆိုင်ကယ်အများအပြားလည်း မြန်မာပြည်တွင်းသို့ ၀င်ရောက်လျက်ရှိသည်။

မြန်မာနိုင်ငံအတွင်း လိုင်စင်မဲ့ဆိုင်ကယ် (၁) သန်းနီးပါးခန့် ရှိနိုင်သည့်အတွက် စစ်အစိုးရအနေဖြင့် လိုင်စင်ခအခွန်ငွေ ကျပ်ဘီလျံ (၁၀၀) မှ (၂၀၀) ကြား ရရှိနိုင်သည်ဟု ရန်ကုန်တိုင်း အခွန်ဦးစီးမှူး ရုံးမှ အရာရှိတဦးက ခန့်မှန်းသည်။ ။



အပြည့်အစုံဖတ်လိုလျှင်

မယ်လစခန်းမှဒုက္ခသည်များ ရိက္ခာမရ၍ ဆန္ဒပြ


NEJ/ ၃၀ ဇွန် ၂၀၀၈

မယ်လဒုက္ခသည်စခန်းမှ မြန်မာဒုက္ခသည် (၂၂) ဦးသည် ရိက္ခာမရ၍ ယနေ့နံနက်တွင် မဲဆောက် မြို့ရှိ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး (ယူအန်အိခ်ျစီအာ) ရုံးရှေ့တွင် ဆန္ဒပြတောင်းဆို ကြသည်။

ဆန္ဒပြသူများမှာ ဘန်ကောက်တွင် ယူအန်အိခ်ျစီအာမှ အသိအမှတ်ပြု ဒုက္ခသည်လက်မှတ် ကိုင်ဆောင်ထားသူများဖြစ်ပြီး ၂၀၀၄-၂၀၀၅ ခုနှစ်တွင် အဖမ်းခံရသဖြင့် မဲဆောက်သို့ ပြန်ပို့ခံရကာ မဲဆောက်ယူအဲန်ရုံးက ၎င်းတို့အား မယ်လဒုက္ခသည်စခန်းသို့ ပို့ဆောင်ခြင်း ခံရသူများဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆန္ဒပြသူတဦးဖြစ်သည့် မန်းဇော်လွင်ဦးက "စခန်းမှာ ကျနော်တို့လက်မှတ်တွေကို တီဘီဘီစီ အဖွဲ့က ရိက္ခာပေးဖို့ တံဆိပ်တုံးထုပြီး အသိအမှတ်ပြုပါတယ်။ တလ နှစ်လလောက်ပဲ ရပြီး စခန်းကနေ ရိက္ခာတွေပြန်ဖြတ်လိုက်တာ ဒီကနေ့အထိပါပဲ ။ ဒါကြောင့် ဒီမှာလာပြီးတော့ ဆန္ဒပြတောင်းဆိုရတာပါ" ဟု ပြောသည်။

မယ်လစခန်းတွင် မိမိတို့ကဲ့သို့ အလားတူဒုက္ခသည် (၁၀၀) ခန့်ရှိပြီး ထိုသူများကိုယ်စား မိမိတို့ (၂၂) ဦးက လာရောက် ဆန္ဒပြခြင်းဖြစ်ကြောင်း၊ မိမိတို့ အခက်အခဲများကို စခန်းကော်မတီသို့ အကြိမ်ကြိမ်တင်ပြခဲ့ကြောင်း၊ မရသည့်အဆုံး ဂျနီဗာရုံးချုပ်သို့ တင်ပြခဲ့ကြောင်း၊ ရုံးချုပ်မှ အကြောင်းပြန်သည့်အခါ စခန်းအာဏာပိုင်များက မိမိတို့အား ခေါ်ဆူသည်မှလွဲ၍ ဘာအကူ အညီမှ မပေးကြောင်း၊ အသိမိတ်ဆွေများက ကျွေးမွေးကြကြောင်း၊ စခန်းအတွင်း ရရာအလုပ် လုပ်၍ စားဝတ်နေရေး ဖြေရှင်းကြရကြောင်း မန်းဇော်လွင်ဦးက ပြောသည်။

ကရင်ဒုက္ခသည်ကော်မတီ တာဝန်ရှိသူ တဦးက "ဒီကိစ္စ ယူအန်အိခ်ျစီအာ၊ တီဘီဘီစီအဖွဲ့နဲ့ဘဲ ဆိုင်တယ်။ ကျနော်တို့ကတော့ သူတို့ကို စခန်းမှာ ကြည့်ရှုစောင့်ရှောက်ဖို့ပဲ ဖြစ်တယ်" ဟု ပြော သည်။ စခန်းတာဝန်ရှိသူများအား ဆက်သွယ်၍မရပေ။

မဲဆောက်အခြေစိုက် မြန်မာအလုပ်သမားအရေး ဆောင်ရွက်နေသူတဦးကလည်း "ဒါ လုံးဝ
မဖြစ်သင့်တဲ့ကိစ္စဖြစ်တယ်။ ဒီလိုဖြစ်တာ စခန်းတာဝန်ရှိလူကြီးတွေအပေါ်မှာ တာဝန်မကင်းဘူး" ဟု ပြောသည်။

မယ်လဒုက္ခသည်စခန်းသည် မဲဆောက်မြို့၏ မြောက်ဘက် (၆၄) ကီလိုမီတာ အကွာအဝေးတွင် ရှိပြီး မြန်မာဒုက္ခသည် (၅) သောင်းခန့် နေထိုင်ကာ ထိုင်း-မြန်မာနယ်စပ်ရှိ ဒုက္ခသည်စခန်း (၉ ) ခုအနက် အကြီးဆုံးစခန်းဖြစ်သည်။ ။

အပြည့်အစုံဖတ်လိုလျှင်

မဲဆောက်ဒေသအတွင်း ထိုင်းအစိုးရ၏ (၁၀) နှစ်ခံ လက်မှတ်ရရန် မြန်မာများ ကြိုးစား

NEJ/ ၃၀ ဇွန် ၂၀၀၈

မဲဆောက်ဒေသအတွင်း ရောက်ရှိနေသည့် မြန်မာများအား ထိုင်းအစိုးရက (၁၀) နှစ်ခံလက်မှတ်များ ပြုလုပ်ပေးရာတွင် အကန့်အသတ်ဖြင့် စိစစ်ပြီးမှသာ လက်ခံမည်ဟု မဲဆောက်မြို့နယ်ရှိ ရပ်ကွက် အုပ်ချုပ်ရေးမှူးတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ထိုင်းအစိုးရက (၁၀) နှစ်ခံ လက်မှတ်များ ပြုလုပ်ပေးသည့်အတွက် မြန်မာနိုင်ငံဘက်ခြမ်း မြ၀တီ၊ ကော့ကရိတ်နှင့် ထိုင်းနိုင်ငံ ဘန်ကောက်ရောက် မြန်မာအချို့ မဲဆောက်မြို့သို့ လာရောက် စာရင်း ပေးသွင်းနေကြသဖြင့် မြန်မာများအနေဖြင့် စဉ်းစားချင့်ချိန်ရန်လိုကြောင်း ထိုင်းအမျိုးသား ရပ်ကွက် အုပ်ချုပ်ရေးမှူးဖြစ်သူက သတိပေးပြောကြားခြင်းဖြစ်သည်။

၎င်းက “ကျနော်သိရသလောက် အခုစာရင်းသွင်းထားတဲ့ လူတွေထဲက ဒီမှာ နှစ်ရှည်လများ နေထိုင်သူ ဟုတ်မဟုတ်၊ အာဏာပိုင်အဆင့်ဆင့်က စစ်ဆေးရအုံးမယ်။ အဲဒီအထဲကမှ တကယ် မှန်ကန်တဲ့လူကိုသာ လုပ်ပေးမှာဖြစ်တယ်။ ရပ်ကွက်အလိုက် သတ်မှတ်ထားတဲ့ အရေအတွက် ကလည်း ရာဂဏန်းပဲ ရှိတယ်လို့ သိရတယ်။ အဲဒါကြောင့် မြ၀တီ၊ ကော့ကရိတ်နဲ့ ဘန်ကောက်က ပြန်လာကြသူတွေ အချိန်ကုန်၊ ငွေကုန်၊ လူပန်း၊ အကျိုးမရှိတဲ့ကိစ္စ ရှောင်နိုင်ရင်တော့ အကောင်း ဆုံးပဲ" ဟု ပြောသည်။

(၁၀) နှစ်ခံလက်မှတ်ရရှိသူများသည် သက်ဆိုင်ရာ မြို့နယ်များအတွင်း အဖမ်းဆီးခံရမှု လွတ်ကင်း မည်ဖြစ်ပြီး လက်မှတ်သက်တမ်းကို (၁၀) နှစ် တကြိမ်သာ လဲရခြင်း၊ အခြားအသက်မွေးဝမ်း
ကျောင်းမှုများ ပြုလုပ်နိုင်ခြင်း စသည့်အချက်များကြောင့် ဒေသတွင်းရောက်မြန်မာအများအပြားက အဆိုပါလက်မှတ်ကို လိုချင်ကြခြင်းဖြစ်သည်။

ယင်းလက်မှတ် ရရှိရေး စာရင်းပေးသွင်းနိုင်ရန် ထိုင်းနိုင်ငံသားတဦးဦး၏ ထောက်ခံချက်လိုအပ် သဖြင့် ဒေသတွင်းရောက် မြန်မာများက နည်းလမ်းပေါင်းစုံဖြင့် အကုန်ကျခံကာ ချဉ်းကပ်ကြိုးစား ကြသည်။

ဘန်ကောက်မှပြန်လာသည့် မသန်းသန်းအေးက “မဲဆောက်မှာ (၁၀) နှစ်ခံ လက်မှတ်လုပ်ဖို့ ဆွေမျိုးတွေကမှာလို့ ပြန်လာတာ၊ အခြေအနေ ဘယ်လိုလာအုံးမလဲမသိဘူး။ ဓာတ်ပုံနဲ့ စာရင်းတော့ သွင်းထားပြီ” ဟုဆိုသည်။

မဲဆောက်တွင် (၁၅) နှစ်ကြာ နေထိုင်အလုပ်လုပ်နေသည့် ကိုအေးက “ကျနော်တို့ကို သူဌေးက အာမခံပေးတယ်။ (၁၀) နှစ်ခံ လက်မှတ်အတွက် စာရင်းပေးပြီးသွားပြီ။ အဓိကကတော့ တာဝန်ယူ
ပေးမယ့်လူ ရှိဖို့ပဲ အရေးကြီးတယ်၊ ပိုက်ဆံလည်း တပြားမှ ပေးစရာမလိုဘူး” ဟု ပြောသည်။

ထိုင်း-မြန်မာ နယ်စပ်မြို့ဖြစ်သည့် တာ့ခ်၊ မဲဆောက်၊ ရနောင်း၊ မယ်ဟောင်ဆောင် စသည့် ဒေသ များမှ တရားမ၀င်နေထိုင်သူများအား ယခုလ (၁၄) ရက်မှ စတင်ကာ ဇူလိုင်လကုန်ထိ (၁၀) နှစ်ခံ သက်တမ်းရှိ လက်မှတ်များ ပြုလုပ်ပေးရန် စာရင်းများ ကောက်ခံလျက်ရှိသည်။

မဲဆောက်မြို့နယ်အတွင်း စာရင်းပေးသွင်းသူများအနက် ရပ်ကွက်တခုလျှင် လူဦးရေ (၂၀၀) အတွက်သာ (၁၀) နှစ်ခံလက်မှတ်များ လုပ်ပေးမည်ဟုလည်း အတည်မပြုနိုင်သေးသည့် သတင်းများ ထွက်ပေါ်နေသည်။

မဲဆောက်မြို့ပိုင်ရုံးမှ တာဝန်ရှိသူတဦးက "အလုပ်သမားလက်မှတ်ကို အလုပ်သမားဝန်ကြီးဌာနက ထုတ်ပေးတာဖြစ်တယ်။ ဒီ (၁၀) နှစ်ခံလက်မှတ်ကိုတော့ ပြည်ထဲရေးဝန်ကြီးဌာနက လုပ်ပေးတာ ဖြစ်တယ်၊ ဒါကြောင့် အလုပ်သမားလက်မှတ်ရှိထားသူတွေလည်း (၁၀) နှစ်ခံ လက်မှတ်အတွက် စာရင်းပေးသွင်းနိုင်တယ်" ဟု ပြောသည်။

ယခု (၁၀) နှစ်ခံ လက်မှတ်အတွက် စာရင်းပေးသွင်းရာတွင် (၅) နှစ်ခံလက်မှတ် ကိုင်ဆောင်ထားသူ များနှင့် ပန်းရောင် လက်မှတ်ကိုင်ဆောင်ထားသူများ အကျုံးမ၀င်ကြောင်း သိရှိရသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုတိယ ရွှေဝါရောင်တော်လှန်ရေးအတွက် ပြည်တွင်းပြည်ပ ရခိုင်သံဃာများ ဆွေးနွေး

ကျော်ထင်/ ၃၀ ဇွန် ၂၀၀၈

ရွှေဝါရောင်တော်လှန်ရေးဟု လူသိများသော ပြီးခဲ့သည့် စက်တင်ဘာလှုပ်ရှားမှုအတွင်း လမ်းမ ပေါ်တွင် အစောဆုံး ဆန္ဒပြတောင်းဆိုခဲ့ကြသည့် ရခိုင်သံဃာတော်များနှင့် ဘင်္ဂလားဒေ့ရှ်-မြန်မာ နယ်စပ်အခြေစိုက် ရခိုင်သံဃာများ နယ်စပ်တွင်တွေ့ဆုံပြီး ဒုတိယရွှေဝါရောင်တော်လှန်ရေး အတွက် ပြင်ဆင်ခဲ့ကြောင်း သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် သီတင်းပတ်အတွင်း ပြုလုပ်ခဲ့သော အဆိုပါတွေ့ဆုံမှုတွင် ရခိုင်ပြည်နယ်အနှံ့ ဒေသ (၄) နေရာခွဲပြီး ဖွဲ့စည်းထားသော သံဃာ့သမဂ္ဂီအဖွဲ့ချုပ် (ရခိုင်ပြည်) နှင့် ဘင်္ဂလားဒေ့ရှ် အခြေ
စိုက် သာသနာ့ဦးသျှောင် (ဘင်္ဂလားဒေ့ရှ်) တို့မှ သံဃာများ ကြွရောက်ခဲ့ကြပြီး သံဃာ့လှုပ်ရှားမှုနှင့် သာသနာ့ဘေးအန္တရာယ် ကာကွယ်ရေးတို့အတွက် ပြည်တွင်းပြည်ပ ပူးပေါင်းလှုပ်ရှားသွားရန် သဘောတူခဲ့ကြသည်။

နာဂစ်မုန်တိုင်းဒဏ်ကြောင့် အတိဒုက္ခရောက်နေကြရသည့် ပြည်သူလူထုအခြေနေသည် ပြီးခဲ့သည့် လောင်စာဆီဈေးနှုန်းကြီးမားမှု အကျပ်အတည်းထက် ပိုမိုဆိုးရွားသောကြောင့် သံဃာထုအနေဖြင့် ရွှေဝါရောင်တော်လှန်ရေးကာလကကဲ့သို့ ပြည်သူ့ရှေ့မှရပ်တည်ကြရန် လိုအပ်ချက်သဖြင့် တွေ့ဆုံ ဆွေးကြခြင်းဖြစ်ကြောင်း ဘင်္ဂလားဒေ့ရှ် အခြေစိုက် သာသနာ့ ဦးသျှောင်( ဘင်္ဂလားဒေ့ရှ်) မှ ဥက္ကဋ္ဌ ဆရာတော် ဦးမေဃိယက မိန့်ကြားသည်။

ဦးမေဃိယက “ပြည်တွင်းမှာရှိတဲ့ သံဃာတွေကလည်း ဒုတိယ ရွှေဝါရောင်တော်လှန်ရေး ပေါ် ပေါက်ဖို့အတွက် အများကြီး စုစည်းနေကြတာလေ၊ ပြည်ပက ရှိနေသူတွေကလည်း နည်းလမ်း ပေါင်းစုံနဲ့ ကူညီကြဖို့ လိုတယ်၊ အထဲက သံဃာတွေက အားတခုအနေနဲ့ ညီညီညွတ်ညွတ် တည်ဆောက်ပြီးသား ရှိနေတာလေ၊ အကြောင်းပေါ်တာနဲ့တပြိုင်နက် ဒီသံဃာတွေဟာ သံဃာ တွေဦးဆောင်တဲ့ လှုပ်ရှားမှုအတွက် နောက်မဆုတ်တမ်း လုပ်မယ်လို့ ဦးဇင်း ယုံကြည်တယ်” ဟု မိန့်ကြားသည်။

စစ်တွေမြို့ရှိ စာသင်တိုက်ကြီးတခုဖြစ်သည့် ပုသိမ်ကျောင်းတိုက်မှ သံဃာတပါးက “ကျောင်းက သံဃာတွေကတော့ ထုံးစံအတိုင်းပါပဲ၊ ၀ါတွင်းကာလကလည်း နီးလာပြီလေ၊ စာသင်စာချကတော့ ပုံမှန်ပါ၊ သံဃာတွေဘက်ကတော့ ဒီလှုပ်ရှားမှုတွေမှာ ပါဝင်ပတ်သက်မယ်၊ မပတ်သက်ဘူးဆို တာတော့ အတိကျပြောလို့မရဘူး ထင်တယ်” ဟု မိန့်ကြားသည်။

ဆရာတော်ဦးဥတ္တမအပါအ၀င် ရခိုင်သံဃာတော်များသည် မြန်မာ့နိုင်ငံရေးလှုပ်ရှားမှုများတွင် အဓိကကျသည့် အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလှုပ်ရှားမှုတွင်လည်း စစ်တွေမှ သံတော်များသည် သြဂုတ်လကုန်ပိုင်းကတည်းက လမ်းမပေါ်ထွက် ဆန္ဒပြခဲ့ကြသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီကေဘီအေ၊နအဖ ပူးပေါင်းတပ်များနှင့် ကေအန်ယူတပ် တိုက်ပွဲဖြစ်

NEJ/ ၃၀ ဇွန် ၂၀၀၈

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် ဗဟိုအထူးတပ်ရင်း (၂၀၁) စခန်းအား ယနေ့နံနက်
(၄) နာရီမှ စတင်ကာ ဒီကေဘီအေနှင့် နအဖတပ်များ ဝင်ရောက်တိုက်ခိုက်ရာ နှစ်ဖက်အကျအဆုံး များရှိပြီး တိုက်ပွဲမှာ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်အမျိုးသားအစည်းအရုံး ဒူးပလာယာခရိုင် တပ်မဟာ (၆) မှ ဒုတိယဗိုလ်မှူးကြီးတဦးက "ဒီမနက် (၄) နာရီကနေ စပြီးတော့ တပ်ရင်း (၂၀၁) ရှိတဲ့ ဝေါ်လေခီးဂွင်ကို နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းပြီး နယ်မြေစိုးမိုးရေးအတွက် လာတိုက်တာဖြစ်တယ်။ အခုအချိန်အထိ တဘက်နဲ့တဘက် အပြန်အလှန် ပစ်ခတ်နေကြတုန်းပဲ။ ဒီညပိုင်းမှာတော့ အခြေအနေ ဘယ်လိုလာအုံးမလဲ မသိ သေးဘူး" ဟု ပြောသည်။

ဒီကေဘီအေ တပ်ရင်း (၉၀၇) နှင့် မြန်မာစစ်တပ် ခမရ (၅၄၆) တို့ ပူးပေါင်း၍ လာရောက် တိုက်ခိုက်ခြင်းဖြစ်ပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်ဘက်မှ မသန်မစွမ်း စစ်သည် နှစ်ဦး ဖမ်းဆီးခံရကာ တဦးမှာ လက်နက်ကြီးကျည်စ မှန်၍ ကျဆုံးသွားသည်။ ဒီကေဘီအေနှင့် မြန်မာစစ်တပ်ဘက်မှ အသေအပျောက်စာရင်း မသိရှိရသေးကြောင်း အဆိုပါ အရာရှိက ပြောသည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်၏ စခန်းများသည် ခံစစ်ရှင်ပြောက်ကျားစနစ်အား အသုံးပြုလျှက်ရှိပြီး တပ်ရင်း (၂၀၁) ဝေါ်လေခီးစခန်းအား ဒီကေဘီအေနှင့် မြန်မာစစ်တပ်များ ယခင်ကလည်း အကြိမ်ကြိမ် လာရောက်တိုက်ခိုက်ခဲ့ဖူးသည်။

ယခုတိုက်ပွဲနှင့်ပတ်သက်၍ တိုးတက်သောဗုဒ္ဓဘာသာကရင်အမျိုးသားအဖွဲ့ တပ်ရင်း (၉၀၇) သို့ ဖုန်းဖြင့်ဆက်သွယ်ခဲ့ရာ ဖြေကြားရန်ငြင်းဆိုခဲ့သည်။

ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း (၂၀၁) အခြေစိုက်ရာ ဝေါ်လေခီးဒေသ သည် မဲဆောက်မြို့မှ တောင်ဘက် ကီလိုမီတာ (၄၀) အကွာအဝေးတွင် တည်ရှိသည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့တွင် ရင်းနှီးးမြှုပ်နှံမှုများ

NEJ /၃၀ ဇွန် ၂၀၀၈

ပြီးခဲ့သည့်နှစ်တွင် မြန်မာနိုင်ငံ၌ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု (၉၀) ရာခိုင်နှုန်းကျော်သည် ရေနံနှင့် သဘာဝဓာတ်ငွေ့ လုပ်ငန်းများတွင်သာဖြစ်သည်ဟု မကြာသေးမီက ထုတ်ပြန်ခဲ့သည့် အစိုးရ အစီရင်ခံစာကို ကိုးကားပြီး အေပီသတင်းတွင် ဖော်ပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

၂၀၀၇ ခုတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ (၅၀၄.၈) သန်း ရှိခဲ့ပြီး ယင်းငွေများမှ (၄၇၄.၃) သန်းသည် ရေနံနှင့် သဘာဝဓာတ်ငွေ့အတွက် ဖြစ်သည်ဟု အမျိုးသား စီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်ရေး ၀န်ကြီးဌာန၏ နောက်ဆုံးထုတ် စာရင်းဇယားကို ကိုးကားပြီး သတင်းတွင် ဖော်ပြထားသည်။

မြန်မာနိုင်ငံတွင် ရေနံနှင့်သဘာဝဓာတ်ငွေ့ ရင်းနှီးမြှုပ်နှံရာတွင် ဗြိတိန်နိုင်ငံက အမေရိကန်ဒေါ်လာ (၁၈၇) သန်းနှင့် ထိပ်ဆုံးမှရှိပြီး အိန္ဒိယနှင့် စင်္ကာပူနိုင်ငံတို့က နောက်မှလိုက်နေသည်။

ကုန်ထုတ်လုပ်ရေးလုပ်ငန်းများတွင် ထိုင်းနိုင်ငံမှ ဒေါ်လာ (၁၆.၂၂) သန်း၊ ဂျာမဏီမှ (၂.၅) သန်း ရင်းနှီးမြှုပ်နှံထားကြပြီး ငါးဖမ်းလုပ်ငန်းတွင် တောင်ကိုးရီးယားမှ ဒေါ်လာ (၁၂) သန်း ရင်းနှီးမြှုပ်နှံ ထားသည်ဟု အစီရင်ခံစာတွင်ပါရှိသည်ဟု ဆိုသည်။

သို့သော် ဓာတ်သတ္ထုတူးဖော်ရေး၊ အိမ်ခြံမြေ၊ ဟိုတယ်နှင့်ခရီးသွား၊ သယ်ယူပို့ဆောင်ရေး၊ စွမ်းအင် နှင့်စက်မှုလုပ်ငန်းပိုင်းတို့တွင် ရင်းနှီးမြှုပ်နှံမှုအသစ်များ မရှိဟု သိရသည်။

မြန်မာစစ်အစိုးရသည် ဒီမိုကရေစီရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သည့်ပါတီကို အာဏာလွှဲပြောင်း မပေးဘဲ လူ့အခွင့်အရေးများကို ဆိုးဆိုးဝါးဝါးချိုးဖောက်ခဲ့သောကြောင့် အနောက်နိုင်ငံအများစုက စစ်အစိုးရကို ဖိအားပေးသည့်အနေဖြင့် စီးပွားရေးပိတ်ဆို့မှုများ၊ မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံသူ များအား တားမြစ်မှုများ ပြုလုပ်ခဲ့သည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကြေးမုံတချပ် လက်ဆောင်

မောင်ဖူးတင့်
တနင်္လာနေ့၊ ဇွန်လ 30 2008 12:42 - မြန်မာစံတော်ချိန်



၁။
ခေတ်ပေါ်ကဗျာတွေကို နားမလည်ဘူးလို့ ပြောတဲ့စကား ကြားခဲ့ရတာတော့ ကြာပါပြီ။ ကြာပြီဆိုရင် နှစ်ပေါင်း (၃၀) ၀န်းကျင်လောက်တောင်မှ ရှိပြီထင်ပါတယ်။
ဒါနဲ့ပတ်သက်ပြီး ကျနော့်အပေါ် ချစ်ခင်လေးနက်တဲ့ မိတ်ဆွေတဦးက ကျနော့်ကို သူစပ်ထားတယ်ဆိုတဲ့ စာသားတချို့ကို ကဗျာတပုဒ်အဖြစ် မကြာခဏ ရွတ်ပြလေ့ ရှိပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၁၉၉၃-ခုနှစ်တုန်းကပါ။ သူက ဒီကဗျာကို ကျနော်နဲ့ တဦးချင်း ရှိတဲ့အခါ ရွတ်မပြပဲ၊ လူနည်းနည်းစုံပြီ များပြီထင်မှ ရွတ်ပြလေ့ ရှိတာပါ။ ဒီတုန်းက တော်လှန်ရေးဌာနချုပ် "မာနယ်ပလော" မှာ ရှိတဲ့ "ဒေါ်အောင်ဆန်းစုကြည်လမ်း" ထိပ်၊ "ထူးရာစိုး လ္ဘက်ရည်ဆိုင်" ဆိုတာ ကျနော်တို့ ကဗျာချစ်သူတွေ မကြာခဏ လူစုမိတဲ့ နေရာပေါ့။ ကျနော့်မိတ်ဆွေက အဲဒီ လ္ဘက်ရည်ဆိုင်ထဲမှာပဲ သူရေးစပ်ထားတယ် ဆိုတဲ့ ကဗျာဆိုတာကို ရွတ်ပြတာပါ။ သူ ကဗျာရွတ်ပြပြီးတိုင်း ထိုင်ပြီး နားထောင်နေတဲ့ သူတွေက ၀ိုင်းပြီး ရယ်ကြပါတယ်။ ကျနော့်ကိုဝိုင်းပြီး နောက်ကြ ပြောင်ကြပါတယ်။ ကျနော့်မှာတော့ အနေရ အထိုင်ရ ခက်တာကလွဲပြီး ဘယ်လိုမှ မခံစားရပါဘူး။ ကျနော့်ကို စကြနောက်ကြတဲ့ သူတွေဟာ လူတဖက်သားကို တမင်သက်သက် ချိုးနှိမ်တဲ့ အနေနဲ့ စကြနောက်ကြတာမှ မဟုတ်ပဲ။ ကဗျာရေးတဲ့ ကဗျာချစ်တဲ့ ကျနော့်ကို အရင်းနှီးဆုံး ရဲဘော်တယောက် အနေနဲ့ ၀ိုင်းဝန်း နောက်ပြောင်ခဲ့ကြတာပဲ။ ဒါပေမယ့် ခက်တာက "ခေတ်ပေါ် ကဗျာ" ဆိုတာ ကျနော့်မိတ်ဆွေ လ္ဘက်ရည်ဆိုင်ထဲမှာ ရွတ်ပြခဲ့တဲ့ ကဗျာမျိုး မဟုတ်ဘူး ဆိုတာလောက်ပဲ ကျနော် ရှင်းပြနိုင်ခဲ့တယ်။ တကယ်တော့ ခေတ်ပေါ်ကဗျာကို နားလည်ဘို့ဆိုရင် စာဖတ်သူ ဖက်ကလည်း ခေတ်ပေါ် ကဗျာကို ခံစားနိုင်ဖို့ အားစိုက်ဖို့ လိုသလို၊ စာဖတ်သူ ကိုယ်တိုင်က စာဖတ်နာတဲ့သူ ဧကန်မလွဲ ဖြစ်ဖို့လိုတဲ့ကိစ္စ ကျနော် ရှင်းမပြနိုင်ခဲ့ပါဘူး။ ရှင်းပြဖို့ အခြေအနေကလည်း မပေးခဲ့ပါဘူး။ အခုအချိန်မှာတော့ "စာသားတွေ ကမောက်ကမ၊ ဝေါဟာရတွေ ထင်သလို ချိုးဖျက်ပြီး တမင် အဆီအငေါ့ မတည့်အောင် ဖန်တီးထားတဲ့" ကျနော့် မိတ်ဆွေ ရွတ်ပြခဲ့တဲ့ ကဗျာစာသား ဆိုတာတွေကို ပြန်တွေးကြည့်မိတိုင်း အလိုလို ပြုံးမိတဲ့ အကြိမ်ပေါင်းလည်း များခဲ့ပါပြီ။


၂။
၁၉၉၃-ခုနှစ် ဒီဇင်ဘာလထဲမှာ တော်လှန်ရေးဌာနချုပ် "မာနယ်ပလော" ကို ဂျာမာန်သူနှစ်ဦး အလည် လာခဲ့ကြဖူးပါတယ်။ တဦးက စာပေ၀ါသနာရှင် တက္ကသိုလ်ကျောင်းသူ ဖြစ်ပြီး၊ နောက်တဦးကတော့ အဖော်အဖြစ် လိုက်ပါလာဟန်တူတဲ့ မိခင် ဖြစ်ပါတယ်။ သူတို့နှစ်ဦးက မာနယ်ပလောမှာရှိတဲ့ ကဗျာရေးသူ၊ ကဗျာချစ်သူတွေနဲ့ တွေ့ဆုံ စကားပြောချင်တယ် ဆိုလို့ ကဗျာဝါသနာရှင် (၃၀) လောက်က သူတို့နှစ်ဦးနဲ့ စကားဝိုင်းဖွဲ့ ထိုင်ခဲ့ကြပါတယ်။ စကားဝိုင်း ပြုလုပ်တဲ့ နေရာက အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) ဗဟိုဌာနချုပ် စည်းဝေးခန်းမမှာ ပြုလုပ်တာပါ။ ဒီတုန်းက စကားဝိုင်းဖြစ်အောင် ကမကထပြုတဲ့ အယ်ဒီတာဟောင်း ဦး (၀င်းခက်) ကပဲ စကားပြန်အဖြစ် ဆောင်ရွက်ပါတယ်။

ကျနော်တို့တတွေ၊ ဂျာမာန်သူနှစ်ဦးနဲ့ မြန်မာစာပေအကြောင်း အနည်းအကျဉ်း ပြောခဲ့ဆိုခဲ့ကြပါတယ်။ အထူးသဖြင့် မြန်မာစာပေမှာ နိုင်ငံခြားစာပေ လွှမ်းမိုးမှု ရှိမရှိကိစ္စနဲ့ စစ်အာဏာရှင် လက်အောက်က မြန်မာစာပေ လမ်းကြောင်းဆိုပြီး ကျနော့်တို့တတွေ တက်နိုင်သလောက် ရှင်းလင်း ပြောဆိုလိုက်ကြပါတယ်။

စကားဝိုင်းပြီးကာနီးတော့ ကျနော်က "ဂျာမနီ နှစ်နိုင်ငံ ကွဲနေစဉ်တုန်းက ဘယ်ဖက်ခြမ်းက ကဗျာတွေကို ခင်ဗျားတို့ ပိုပြီး နှစ်သက်မိသလဲ" လို့ မေးခွန်းမေးမိပါတယ်။ ဒီတော့ ဂျာမာန်သူ သားအမိနှစ်ယောက်စလုံးက "အရှေ့ ဂျာမနီဆိုတာ၊ အဲဒီအချိန်တုန်းက တပါတီ အာဏာရှင်စနစ် လက်အောက်မှာ ရှိနေတာမို့၊ ကဗျာဆရာတွေဟာ အာဏာရှင်တွေ မသိအောင် ကဗျာတွေကို ဝေါဟာရ အသစ်တွေ၊ အတတ်ပညာ အသစ်တွေ ဖန်တီးပြီး ကျစ်ကျစ်လစ်လစ်ဖြစ်အောင် ဖန်တီးရတာမို့ အရှေ့ဂျာမနီက ကဗျာတွေဟာပိုပြီး လှပတယ်လို့ ထင်လို့၊ အရှေ့ ဂျာမနီဖက်က ကဗျာတွေကို ပိုပြီးနှစ်သက်ခဲ့တယ်" လို့ တညီတညွတ်တည်း ဖြေကြပါတယ်။ ကျနော်ကလည်း သူတို့အပေါ် မူတည်ပြီး "ဒါဆိုရင် ကဗျာတွေ လှဖို့သစ်ဖို့အတွက် အာဏာရှင်စနစ် အဓွန့်ရှည်ပါစေ" လို့တောင် ဆုတောင်းရမလို ဖြစ်နေပြီ" လို့ မှတ်ချက်စကားပြောတော့ ဂျာမာန်သူ သားအမိနှစ်ယောက်စလုံး "ဒီလိုလည်း မဟုတ်ရပါဘူး" ဆိုပြီး လက်တကာကာ ခေါင်းတခါခါနဲ့ ငြင်းလိုက်ကြပါတယ်။


၃။
အမှန်တကယ်အားဖြင့်ဆိုရင် ခေတ်ပေါ် ကဗျာမှရယ်လို့ မဟုတ်ပါဘူး၊ ဘယ်ခေတ်မှာပေါ်တဲ့ ကဗျာပဲ ဖြစ်ဖြစ် လူတိုင်း နားလည်ဘို့ မလွယ်တဲ့ ကဗျာတွေချည်းပဲဆိုတာ နည်းနည်းလောက် စဉ်းစားကြည့်ရင်ပဲ သိနိုင်ပါတယ်။ ခေတ်တိုင်း ခေတ်တိုင်းမှာ ပေါ်ခဲ့တဲ့ ကဗျာတွေဟာ တကယ်တော့ အဲဒီခေတ်ရဲ့ "ခေတ်ပေါ်ကဗျာ" တွေ ချည်းပါပဲ။ အဲဒီ ခေတ်တိုင်းခေတ်တိုင်းမှာ ပေါ်ခဲ့တဲ့ သူ့ခေတ်ဆိုင်ရာ "ခေတ်ပေါ်ကဗျာ" တွေကို အဲဒီခေတ်တိုင်း ခေတ်တိုင်းမှာရှိတဲ့ စာဖတ်သူတွေဟာ အလွယ်တကူ နားလည်နိုင်ခဲ့ကြရဲ့လား။

တကယ်တော့ ကဗျာဆိုတာ အရိပ်ပြလို့ အကောင်ထင်အောင် ကြည့်ရတဲ့ ကိစ္စပါ။ မှော်နဲ့ရေးတာကို မှော်နဲ့ပဲ ခံစားယူရတဲ့ ကိစ္စပါ။ ကဗျာဖတ်တဲ့ အလုပ်ဟာ အင်မတန် သိမ်မွေ့နက်နဲတဲ့ ကိစ္စဆိုတော့ "လူမှာအတွေ့ နတ်မှာအငွေ့" ဆိုသလို ကဗျာဖတ်ခြင်း အလုပ်ကို အဲသလောက်အထိမြှင့်ပြီး တင်စား ပြောဆိုလို့ရမယ် ထင်ပါတယ်။ အင်မတန် အဆင့်မြင့်တဲ့ ယဉ်ကျေးမှုရေး ကိစ္စပါ။ ကဗျာဆိုတာ ဘယ်ခေတ်မှာမဆို နိမိတ်ပုံတွေ၊ သင်္ကေတတွေ၊ အင်္လကာတွေနဲ့သာ ရေးရဖွဲ့ရတဲ့ကိစ္စပါ။ ကဗျာဖတ်သူဟာ ခေတ်ပေါ်ကဗျာကို ခံစားယူလို့ ရနိုင်ဖို့ ဆိုရင် အနည်းဆုံး သူ့အရင်ပေါ်ခဲ့တဲ့ အနီးဆုံးခေတ်က ကဗျာတွေလောက်ကစပြီး စိုက်လိုက်မတ်တတ် ဖတ်ရှုခဲ့ဖို့ လိုအပ်ပါတယ်။ ကဗျာဖတ်နာဖို့ လိုပါတယ်။ ဒါကြောင့်မို့ "ခေတ်ပေါ်ကဗျာ" လို့ ဆိုလိုက်ရင် ဘယ်လို အခြေအနေမျိုးမှာပဲ ဖြစ်ဖြစ် နိမိတ်ပုံ၊ သင်္ကေတ အစရှိတဲ့ ကဗျာ့ပရိယါယ်တွေကို သစ်သထက်သစ်အောင် လုပ်ကြရတာ ချည်းပါပဲ။ ကျစ်သထက်ကျစ်အောင် ကြိုးစားရတာချည်းပါပဲ။ ဒီလို "သစ်အောင်ကျစ်အောင်" လုပ်တဲ့အလုပ်ဟာ ဘယ်ခေတ်မှာရယ်လို့ မဟုတ်ပါဘူး။ ကဗျာ အလုပ်ကိုယ်၌က ကဗျာဆိုတာ "အရိပ်အယောင်" ကိုပဲ ပြတဲ့ ပြောတဲ့ အလုပ် ဖြစ်ပါတယ်။ ရှင်းမပြပဲ ခင်းပြတဲ့အလုပ်ကို လုပ်ရပါတယ်။ ဒါကြောင့်မို့ ကဗျာကို စာဖတ်သူတွေ စကားပြေလောက် နည်းလည်လို့ မလွယ်တာပဲ ဖြစ်ပါတယ်။

အောက်မှာ၊ ဂျာမနီ နှစ်နိုင်ငံ ကွဲစဉ်တုန်းက အရှေ့ဂျာမနီက ကဗျာဆရာ "ကဒ် ဒရာဝပ်" ရဲ့ "ပုံစံကျ ကြေးမုံ" ဆိုတဲ့ ကဗျာတပုဒ်ကို လက်ဆောင်အဖြစ် ဖော်ပြပေးလိုက်ပါတယ်။ သူတို့ကလည်း "ကဗျာ" ကို ကဗျာဖြစ်အောင် ရေးကြတာ တွေ့ကြရပါလိမ့်မယ်။ ကဗျာဆရာက ဘာကိုပြောချင် ပေးချင်တာလဲ ဆိုတာတော့ စာဖတ်သူများ တူးဖော် ခံစားကြည့်ကြရပါလိမ့်မယ်။


ပုံစံကျကြေးမုံ

မျက်လုံးတွေကို ပြူးကျယ်သွားအောင် ချဲ့ပစ်လိုက်
နှာခေါင်းကို ရှုံ့ပစ်လိုက်
လည်တိုင်ကို တိုပစ်လိုက်။

ဦးခေါင်း၊ လည်တိုင်နဲ့ နားရွက်တွေကို
နေရာပြောင်းပစ်လိုက်
ရှည်မျောမျောဖြစ်အောင် လုပ်ပစ်လိုက်
မေးစေ့ကို နဖူးထိပ်အထိ မ တင်ဆွဲချဲ့လိုက်
လှိုင်းခုံးတွေ ... ။

ပါးစပ်ကို အ၀ိုင်းလုပ်ပစ်လိုက်
အားလုံးနဲ့လိုက်လျောညီထွေဖြစ်အောင် အရေပြားကို ဆွဲချဲ့လိုက်။

ကဗျာတပုဒ်လို
ဒါမှမဟုတ်
ဘ၀ရဲ့ အခြေခံမူများလို
အရာအားလုံး ပြောင်းလဲပစ်လိုက် ။ ။

ကဲ ... စာဖတ်သူများ အခုဆိုရင် ဒီကဗျာလေးကို ဖတ်ပြီးကြရောပေါ့။ ဒီနေရာမှာ ဒီကဗျာက ဘာကို ဆိုလိုတာပါလိမ့်ဆိုတဲ့ အတွေးနဲ့ ဒီကဗျာကို မဖြစ်မနေ နောက်တကြိမ် ထပ်ပြီးဖတ်ဖို့ စဉ်းစားနေမိကြမလားပဲ။ ဒါဆိုရင် နောက်တကြိမ်လောက်တော့ ထပ်ဖတ်ကြည့်ပါအုန်း။ "ကဒ် ဒရာဝပ်" က ဘာကိုပြောချင် ပေးချင်တာပါလိမ့်။ ကျနော်ကတော့ မကြာခဏဆိုသလို ဒါမှမဟုတ် တွေးမိတဲ့အချိန်တိုင်း ဒီကဗျာလေးကို အထပ်ထပ်အခါခါ ဖတ်နေမိတာပါပဲ။ အဲ ... ထူးဆန်းတဲ့အချက်က နောက်တကြိမ် ထပ်ပြီးဖတ်ရင် နောက်ထပ်အတွေး၊ နောက်ထပ် ခံစားမှုတခုခုကို ထပ်ထပ်ပြီး ရနေတုန်းပဲဆိုတဲ့ ထူးဆန်းတဲ့ အချက်ပါပဲ။

စာဖတ်သူများ ဒီကဗျာလေးကို ဖတ်ကြည့်ကြစမ်းပါ။ တွေးကြည့်ပါ။ အနိမ့်ဆုံးတော့ ကဗျာဖတ်ရတဲ့ အလုပ်ဟာ ပျော်စရာကောင်းတာ တွေ့ကြရပါလိမ့်မယ်။ ။

အပြည့်အစုံဖတ်လိုလျှင်

"ဆန့်ထွက်လာမည့် လက်သည်းများ"

စိုးနေလင်း
တနင်္လာနေ့၊ ဇွန်လ 30 2008 03:13 - မြန်မာစံတော်ချိန်

မြန်မာနိုင်ငံအကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘ၀၊ လူမှုရေးဘ၀၊ နိုင်ငံရေး ဘ၀တွေအကြောင်း ရေးသားထားတဲ့ သတင်းတွေ၊ ဆောင်းပါး တွေ၊ စာအုပ်စာတမ်းတွေဖတ်ရ၊ လျှပ်တပြတ် ရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ ဗီဒီယို ကလစ်တွေ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရတဲ့အခါတိုင်း ကြည်နူးပီတိဖြစ်ရ၊ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ မရှိသလောက်ပါပဲ။ ၀မ်းနည်း ကြေကွဲရ၊ စိတ်မကောင်းဖြစ်ရ၊ ကြိတ်မနိုင်ခဲမရ ဖြစ်ရ၊ ဒေါသဖြစ်ရ စတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေကိုပဲ ကြုံတွေ့ ခံစားခဲ့ရတာချည်းပါပဲ။ အဲဒါတွေရဲ့ အခြေခံ အကြောင်းတရားဟာ မှားယွင်းတဲ့ အပေါ်ထပ် နိုင်ငံရေး အဆောက်အဦ၊ မှားယွင်းတဲ့ အခြေခံ စီးပွားရေး အဆောက်အဦ ကြောင့်ပဲ ဆိုတာလည်း ရှင်းနေတာပါပဲ။ အပေါ်ဆုံးထပ်နဲ့ အောက်ဆုံးထပ်ကြားမှာ ရှိတဲ့ ကျန်နေတဲ့အရာ အားလုံးဟာလည်း အလိုအလျှောက် မှားယွင်းသွားခဲ့ရ မှားယွင်းနေဆဲပဲ ဖြစ်ရတော့တာပါပဲ။ ဒါလည်း ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒါပေမယ့် အဲ့ဒီ အဓိက မှားယွင်းမှုကြီး နှစ်ခုရဲ့ ကြားမှာ ဖြစ်ပေါ်လာတဲ့ အမှားတွေကို တကယ်တန်း ခါးခါးသည်းသည်း ခံစားနေရတာကတော့ အောက်ဆုံးလွှာက မရှိဆင်းရဲသား ပြည်သူတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ သန်းပေါင်းများစွာ ရှိတဲ့ ပြည်သူလူထုဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး စွမ်းအား အကြီးမားဆုံး အင်အားစုကြီးပါ။ ဒါပေမယ့် အဲဒီ စွမ်းအားအကြီးမားဆုံး အင်အားစုကြီးဟာ အကြီးမားဆုံး ဆင်းရဲဒုက္ခကို ခံစားနေကြရတဲ့သူတွေ ဖြစ်နေပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီ အင်အားစုကြီးထဲမှာ ပါဝင်ခဲ့ရတဲ့ သူတစ်ယောက်ပါ။ အဲဒီ စွမ်းအား အကြီးမားဆုံး အင်အားစုကြီးဟာ ဒီကနေ့ အချိန်မှာ စွမ်းအား မဲ့သွားကြပါပြီလား။ သူတို့ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေထဲက လွတ်မြောက်အောင် မရုန်းကန်နိုင် မလှုပ်ရှားနိုင် ကြတော့ဘူးလား။ အဲ့ဒီလို မဟုတ်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။ နှစ်ငါးဆယ် နီးပါး စစ်အာဏာရှင်တွေရဲ့ သံဖနောင့်အောက်မှာ ရက်ရက်စက်စက် ဖိနှိပ် ညှင်းပမ်းခံရ၊ မျက်စိပိတ် နားပိတ် အလုပ်ခံရလို့ သူတို့မှာ ရှိနေတဲ့ ကြီးမားတဲ့ စွမ်းအားတွေကို အသုံးပြုဖို့ မကြိုးစားရဲအောင် ဖြစ်နေကြရရှာတာပါ။ ကိုယ်စီကိုယ်စီမှာ ရှိနေတဲ့ အစွမ်းသတ္တိတွေကို ကိုယ်ကိုယ်တိုင် မသိနိုင်အောင် ဖြစ်နေကြရရှာတာပါ။ မြန်မာနိုင်ငံရဲ့ နွံနစ်နေတဲ့ သမိုင်းဘီးကို တွန်းတင်လွတ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်း အမှန်တကယ် ရှိနေတာဟာ သူတို့ပါပဲ။ မှတပါးတခြားမရှိ၊ ကျနော်တို့ရဲ့ သန်းပေါင်းများစွာသော သာမန်ပြည်သူတွေပါပဲ။ ဒီနေရာမှာ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။

ဒုတိယ ဖက်ဆစ်တော်လှန်ရေးလို့ ပြောလို့ ရသလို နယ်ချဲ့အောက်က လွတ်မြောက်အောင်မဟုတ်ပဲ အမျိုးသား စစ်အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်အောင် တိုက်နေတဲ့ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးပါ။ နယ်ချဲ့ကို တော်လှန် တိုက်ခိုက်ရတာထက် ပိုပြီးခက်ခဲ ကြမ်းတမ်းပါတယ်။ အချိန်ကာလကို ပြောမယ် ဆိုရင်တော့ ကျနော် တို့ရဲ့ ပြည်သူလူထုဟာ အတိုင်းအတာတခုအထိ ဒီတော်လှန်ရေး ဖြစ်စဉ်ကို ဖြတ်သန်းကြုံတွေ့ ပြီးခဲ့ပါပြီ။ အတော်အတန် အတိုင်းအတာတခုထိ ရင့်ကျက်ခဲ့ပါပြီ။ နောက်ပြီး တော်လှန်ရေးတွေ ပေါက်ဖွားခဲ့တဲ့ ခေတ်ကာလအရ ဖြစ်စဉ်တွေဟာ ကွဲပြား ခြားနားနေပါတယ်။ ဒီကနေ့ အိုင်တီ ခေတ် ကမ္ဘာပြန့် ဖြစ်စဉ်ကာလ (Globalization) မှာ အချိန်တွေကို ကြုံ့ကွေးသွားအောင် နည်းပညာတွေက စွမ်းဆောင် နိုင်နေပါပြီ။ ကျနော်တို့ သမိုင်းထဲက တော်လှန်ရေး ဖြစ်စဉ်ဟောင်းတွေလောက် အချိန် ယူစရာ မလိုပါဘူး။ အချိန်တွေကို ချုံ့ပြီး အရှိန်အဟုန်ကို မြှင့်တင်လို့ရတဲ့ ခေတ်ကာလ ဖြစ်နေပါပြီ။

ကျနော်တို့ စိတ်ပျက် အားငယ်စရာ မရှိပါဘူး။ အလုပ်ကို ချက်ခြင်းစဖို့ပဲ လိုအပ်ပါတယ်။ စပြီးပြီ ဆိုရင်လည်း အရည်အတွက်ရော အရည်အချင်း အရပါ အရှိန်အဟုန်ကို မြှင့်တင် ပေးကြရပါလိမ့်မယ်။ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့ ပေါင်းစည်းလို့ ရနိုင်သမျှ အင်အား တွေကို ကျနော်တို့ ပေါင်းစည်းကြရပါမယ်။ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေး နည်းနာတွေကို သုံးစွဲကြရပါလိမ့်မယ်။ တဦးချင်း တယောက်ချင်းပဲ ဖြစ်ဖြစ်၊ တအုပ်စုချင်းဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို ဒေါက်ထောက် ကျားကန်ထားသမျှ အရာအားလုံးကို တိုက်ဖျက် ခြေမှုန်းကြရမှာ ဖြစ်ပါတယ်။ ဒီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီ တော်လှန်ရေး ကြီး ရှုံးနိမ့်သွားမယ်ဆိုရင်၊ ဒီအတိုင်း စစ်အာဏာရှင်တွေကို ဆက်ပြီး အုပ်ချုပ်ခွင့် ပေးထားမယ် ဆိုရင် ကျနော်တို့ နိုင်ငံဟာ လုံးဝ ပျက်သုန်း သွားတော့မယ် အလျှော့ပေး စွန့်လွှတ်လို့ မဖြစ်ဘူး ဆိုတာကို ပြည်သူလူထု တရပ်လုံး သိမြင် သဘောပေါက်ကြဖို့ လိုအပ်ပါလိမ့်မယ်။

နိုင်ငံရေး သဘောတရားတွေ၊ စနစ်တွေ၊ အသစ်အသစ် ပေါ်ပေါက်လာနေတဲ့ အတွေးအခေါ်တွေ လမ်းကြောင်းတွေ အကြောင်းကို ငြင်းခုန် ဆွေးနွေး သဘောထားကွဲပြား နေကြရမယ့်အချိန် မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက် ခြေမှုန်းဖို့သာ ဖြစ်တယ် ဆိုတာကို ကျနော်တို့ တညီတညွတ်ထဲ ယုံကြည်ထားကြဖို့သာ ဖြစ်ပါတယ်။

ဒီနေရာမှာ ကျနော့အနေနဲ့ ကိုယ့်စိတ်ကို ပြန်ပြီး အားဖြည့် သန့်စင်ဖို့ အတွက် ဖတ်ကြည့်လိုက်မိတဲ့ မဟာမြိုင် တောရဆရာတော်ကြီး ဦးဇောတိကရဲ့"တွေးမိတိုင်း ပျော်တယ်" ဆိုတဲ့ စာအုပ်ထဲက ဆရာတော်ကြီးရဲ့ မိန့်ဆိုချက်တခုကို ပြန်ပြီးသတိရမိပါတယ်။ ဆရာတော်ကြီး ကတော့ ဘယ်လူ့အဖွဲ့အစည်း ဘယ်တိုင်းပြည်လို့ ထည့်သွင်း မပြောခဲ့ပါဘူး။ ကျနော်ကတော့ ကျနော်တို့ လူ့အဖွဲ့အစည်း ကျနော်တို့ တိုင်းပြည် လို့ ခံစားလိုက်ရပါတယ်။

ဆရာတော်ကြီးက

"…မတရားတာ၊ မမျှတတာတွေကို လုပ်တဲ့သူတွေ များနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်နေမယ်။ တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ ဘယ်ပြောနိုင်မလဲ။

မတရားတာ လုပ်တဲ့သူရှိရင် ခံရတဲ့သူ ရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကို လေးစားမှာ မဟုတ်ဘူး။ တဦးကိုတဦး မလေးစားနိုင်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်တော့ဘူး။ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့ အသိုင်းအ၀ိုင်းမှာ နေရတဲ့ သူဟာ စိတ်အေးချမ်းသာယာမှု ဘယ်လိုလုပ် ရနိုင်တော့မလဲ။

လူတချို့ မတရားတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာ ကောင်းတဲ့ ဒီ (Human values) သုံးပါးမရှိရင် အဆင့်မြင့်တဲ့ လူ့အသိုင်းအ၀ိုင်း မဖြစ်သေးဘူး…" လို့ မိန်းကြားဟောပြောခဲ့ ပါတယ်။

ကျနော်တို့တွေ တရားမျှတမှု မခံစားခဲ့ရသေးဘူး၊ လွတ်လပ်မှုကို မခံစားခဲ့ရသေးဘူး၊ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းတခု မဖြစ်သေးဘူး ဆိုတာကတော့ အသေအချာပါပဲ။

ကျနော်တို့ ပြည်သူလူထုကြီး အနေနဲ့ ကိုယ့်အားကိုယ်ကိုး ကြရပါလိမ့်မယ်။ စစ်အာဏာရှင်တွေနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ကိုယ်စီကိုယ်ငှ ဆန့်ကျင်တွန်းလှန်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ အားလုံးဟာ လက်နက်စွဲကိုင် ဆန့်ကျင် တော်လှန်နိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နိုင် သလောက် အန္တာရာယ် မများတဲ့ ငြိမ်းချမ်းတဲ့ ခုခံဆန့်ကျင်မှုတွေကို သုံးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့သာ အရေးကြီးပါတယ်။ အဲ့ဒီ အဆင့်ကနေပြီး တဆင့် တိုးတက်လာတဲ့ အချိန်မှာတော့ ပိုပြီး ထိရောက် အစွမ်းထက်တဲ့ နည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် နိုင်လာကြပါလိမ့်မယ်။

ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒီ စစ်အာဏာရှင်တွေ မကြာတော့မယ့် အချိန်မှာ ကျဆုံး၊ အာဏာရှင်စနစ် နိဂုံး ချုပ်ရပါလိမ့်မယ်။ ဓမ္မဟာ အမှန်တရား ဖြစ်တယ်၊ သစ္စာတရား ဖြစ်တယ်။ ။

အပြည့်အစုံဖတ်လိုလျှင်

ပျက်စီးသွားသော မူလတန်းကျောင်း ပြုပြင်မပေးသဖြင့် ကလေးများ အခက်အခဲတွေ့





အပြည့်အစုံဖတ်လိုလျှင်

ဝါးလုံးတောင်ဝယ်မရ ဆိုပါလား...




ဒီစာကို Select ပေးပြီးရေးပါ...
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး တရုတ်ခေါင်းဆောင်တွေနဲ့မြန်မာ့အရေးဆွေးနွေးမယ်



အပြည့်အစုံဖတ်လိုလျှင်

မြန်မာ့အရေး ဆောင်ရွက်ရန် ဥရောပ ပါလီမန် အမတ်များ ဖွဲ့စည်း

30 June 2008

ဒေါ်ညိုညိုလွင်

မြန်မာ့နိုင်ငံရေးပြောင်းလဲမှုတွေ အတွက် ပိုမိုအလေးပေးဆောင်ရွက်နိုင်ဘို့အတွက် မြန်မာ့အရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ European Parliamentary Caucus on Burma (EPCB) ကို ဖွဲ့စည်းခဲ့ပါတယ်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဥရောပ နိုင်ငံ (၈) နိုင်ငံက ပါလီမန်အမတ်များနဲ့ ဇွန်လ (၁၉) ရက် နေ့က ဖွဲ့စည်းခဲ့တာပါ၊ အခုလိုEPCB ဖွဲ့စည်းခဲ့မှုနဲ့ ပတ်သက်လို့ ဘဲလ်ဂျီယံ နိုင်ငံအခြေစိုက် ဥရောပမြန်မာရုံးရဲ့ ညွှန်ကြားရေးမှုး ဦးဟန်ညောင်ဝေက အခုလို ပြောဆိုပါတယ်။

"ဘာကြောင့် ဒီအဖွဲ့ဖွဲ့လိုက်တာလဲဆိုတော့ အရင်တုန်းကဆိုရင် အဖွဲ့မရှိဘူး။ အရေးပေါ်တဲ့အချိန်မှာ တယောက်နဲ့ တယောက်လိုက်ညှိရတယ်ဆိုတော့ အချိန် နည်းနည်းကြာတယ်။ ဆုံးဖြတ်ချက်တွေချဖို့အတွက်။ အခုလိုမျိုး သူတို့ကလည်း အာစီယံက AIPMCအဖွဲ့ပုံစံလိုမျိုး ဥရောပ သမဂ္ဂမှာရှိတဲ့ ပါလီမာန်အမတ်တွေ တစုတစည်းထဲဖြစ်အောင် ဒီမှာ အဖွဲ့တဖွဲ့ ဖွဲ့လိုက်တာပဲဖြစ်တယ်။ ကျွန်တော်ထင်တာက အရင်ကထက်ပိုပြီးတော့ အားရှိမယ်။ ဘာကြောင့်လည်း ဆိုရင် အဖွဲ့အစည်းရှိတော့ ပြည်ထောင်စု မြန်မာနိုင်ငံအကြောင်းကို တချိန်လုံး စောင့်ကြည့်မယ်။ လိုက်ပြီးတော့ သတင်းတွေ စုစည်းမယ်။ ပြဿနာ ပေါ်လာရင်လည်း သူတို့က ချက်ခြင်းတုန့်ပြန်နိုင်တယ်။ အရင်ထက်ကထက် ပိုမြန်မယ်ဆိုရင်လည်း ဒီလောက်ပါပဲ။ သာမန်အနေနဲ့ကတော့ ပေါ်လစီချလို့မရဘူး။ လူထုရဲ့ ဆန္ဒကို အစိုးရသိအောင် သူတို့ လုပ်ပေးနိုင်တယ်။ အစိုးရကလည်း သူတို့ရဲ့ လူထုဆန္ဒကို မဆန့်ကျင် ချင်ဘူးဆိုရင် ပါလီမန်ပြောတဲ့အတိုင်း သူတို့ လိုက်လုပ်မှာပဲ။ ဒါပေမယ့် ဥပဒေအရတော့ မဟုတ်ဘူးပေါ့။ ဒီမိုကရေစီ စနစ်အရ လူထုရဲ့ ဆန္ဒကို နားထောင်ရမယ်ဆိုတော့ အစိုးရတွေကတော့ နားထောင်မှာဖြစ်ပါတယ်။"

ဒီလို မြန်မာနိုင်ငံအရေး ဥရောပ ပါလီမန် အမတ်များအဖွဲ့ ကို AIPMC မြန်မာ့အရေး အာဆီယံပါလီမန် အမတ်များ အဖွဲ့ကလည်း ကြိုဆိုလိုက်ပြီး၊ မြန်မာ့အရေးအတွက် EPCB နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ၊ ထိရောက်တဲ့ လုပ်ဆောင် ချက်တွေကို လုပ်ကိုင်သွားမှာ ဖြစ်တယ်လို့ AIPMC အမှုဆောင် ညွန်ကြား ရေးမှုး Roshan Jason က ပြောဆိုပါတယ်။

ဒါ့အပြင် အခုဖွဲ့စည်းလိုက်တဲ့ မြန်မာ့ရေး ဥရောပ ပါလီမန် အမတ်များ အဖွဲ့ EPCB ဟာ အာဆီယံ အမတ် များ အဖွဲ့ AIPMC ထက်တော့ မြန်မာ့အရေးကို ပိုမိုလုပ်ဆောင်သွားနိုင်မယ်လို့လဲ ဦးဟန်ညောင်ဝေ က ပြောဆိုပါတယ်။

"AIPMCထက်တော့ ပိုလုပ်နိုင်မယ်။ ဘာကြောင့်လည်းဆိုရင် အာစီယံနိုင်ငံတွေ အကုန်လုံးက ဒီမိုကရေစီ အစိုးရတွေ မဟုတ်ပါဘူး။ ဥရောပ သမဂ္ဂထဲမှာက ဒီမိုကရေစီနိုင်ငံတွေဖြစ်ပါတယ်။ ၂၇နိုင်ငံ။ ဆိုတော့ လူထုရဲ့ ဆန္ဒကို သူတို့က ဆုံးဖြတ်ချက်တွေ ထုတ်ပြမယ်။ လူထုဘယ်လို မြင်သလဲဆိုတာကို အစိုးရတွေက လိုက်နာရမှာပဲဖြစ်ပါတယ်။"

EPCB အနေနဲ့ မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုတွေဖြစ်ပေါ်လာစေနိုင်ဘို့ အတွက် ဥရောပနိုင်ငံ အစိုးရတွေနဲ့ ဥရောပ သမဂ္ဂ တို့ကို ဖိအားပေးယုံမက တခြားနိုင်ငံတကာအစိုးရတွေနဲ့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီ တို့ကိုပါ မြန်မာနိုင်ငံအတွက် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်မှုတွေလုပ်ဆောင်ပေးဖို့ တိုက် တွန်း ပြောဆိုမှုတွေကို အဓိက လုပ်ငန်းစဉ်တွေအဖြစ်လုပ်ကိုင်သွားမယ်လို့ ဆိုပါတယ်ရှင်။

အပြည့်အစုံဖတ်လိုလျှင်

ဝန်ကြီးရိုက်စ် တရုတ်ငလျင်ကယ်ဆယ်ရေး ချီးကျူးရင်း မြန်မာစစ်အစိုးရကို ဝေဖန်

29 June 2008

ဒေါ်သင်းသီရိ

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဇီချွမ်ပြည်နယ်မှာ ပြီးခဲ့တဲ့ မေလက ပြင်းပြင်းထန်ထန် ငလျင်လှုတ်ခတ်သွားပြီးတဲ့ နောက်ပိုင်း ပြဿနာတွေ အပေါ်မှာ တရုတ်အစိုးရက ကိုင်တွယ်ဖြေရှင်းခဲ့တာနဲ့ ပတ်သက်ပြီး အမေရိကန် နိုင်ငံခြားရေး ၀န်ကြီး ကွန်ဒိုလီဇာရိုက်စ်က ချီးကျူးသွားပါတယ်။ တရုတ်နိုင်ငံရဲ့ ငလျင်သင့်ဒေသတွေကို သွားရောက်တဲ့အခါ မစ္စရိုက်စ်က အခုလို ပြောကြားခဲ့တာပါ။ ဒီအကြောင်း တရုတ်နိုင်ငံမှာ ရောက်နေတဲ့ ဗွီအိုအေ စတက်ဖနီဟိုးက သတင်း ပေးပို့ထားပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မေလ ၁၂ရက်နေ့တုန်းက ငလျင်လှုပ်ခတ်ခဲ့တဲ့မြို့နားက ဒုက္ခသည်တွေ ခတ္တနေထိုင်ခဲ့ရတဲ့ ဒူရမ်ကျန်းမြို့နယ်နားက ဒုက္ခသည်စခန်းကို သွားရောက်ပြီး အသက်ရှင်သူတွေကို မစ္စရိုက်စ်က သွားရောက်တွေ့ဆုံခဲ့တာပါ။

"တရုတ်လူမျိုးတို့ရဲ့ ကြံ့ကြံ့ခံနိုင်တဲ့ စိတ်ဓာတ်နဲ့ အခုလို ပြန်ပြီး နလန်ထူနိုင်ခဲ့ကြတာကို ကျမ အတော့ကို အံအားလည်းသင့် ချီးလည်း ချီးကျူးမိပါတယ်ရှင်။"

မစ္စရိုက်စ်ရဲ့ ခရီးစဉ်အတွင်းမှာ သူမဟာ မြေငလျင်ကြောင့် ပြိုပျက်မှုတွေကြားမှာ အသက်မသေဘဲ ကျန်ရစ်ခဲ့ကြတဲ့ လူငယ်တဦးနဲ့ လည်း စကားပြောဆိုခဲ့ပါတယ်။ လူပေါင်း ၇၀၀၀၀ကျော် အသက် ဆုံးရှုံးခဲ့ပြီး အခုချိန်ထိ ပြိုကျပျက်စီးနေတဲ့ အဆောက်အဦကြားမှာ လူတွေ ရှိနိုင်သေးတယ်လို့ ယူဆနေကြပါတယ်။

" ဒီလောက်ကြီးကျယ်တဲ့ အတိုင်းအတာအထိ ဒီသဘာဝဘေးဒဏ်ကို ခံစားခဲ့ကြရတာဆိုတော့ ကူညီကယ်ဆယ်ရေးမှာ တကယ်တော့ တနိုင်ငံထဲနဲ့ ဘယ်လိုမှ မတတ်နိုင်ပါဘူး။ တရုတ်အစိုးရနဲ့ ပြည်သူလူထုကလည်း နိုင်ငံတကာကို အကူအညီ တောင်းခံခဲ့လို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကလည်း ကူညီခွင့်ရလို့ ကျမတို့ သိပ်ဝမ်းသာမိပါတယ်ရှင်။"

တရုတ်နိုင်ငံရဲ့ အိမ်နီးချင်း မြန်မာနိုင်ငံမှာလည်း မေလတုန်းက နာဂစ်မုန်တိုင်းကြောင့် လူပေါင်း တသိန်းသုံးသောင်းကျော် သေဆုံးခဲ့ရတဲ့အပေါ် မစ္စရိုက်စ်က နှစ်နိုင်ငံအစိုးရအကြား တာဝန်ရှိမှုတွေအပေါ်မှာ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ အထူးသဖြင့် မြန်မာစစ်အစိုးရဟာ နိုင်ငံတကာက အကူအညီပေးလာတဲ့ လေဘေး အကူအညီတွေအပေါ်မှာ ကန့်သတ်တိုင်းတာမှုတွေ ပြုလုပ်ခဲ့တဲ့ အစိုးရလို့ ဆိုပါတယ်။

"မြန်မာမုန်တိုင်းသင့် ဒုက္ခသည်တွေကို ကူညီခွင့်ရဖို့ မြန်မာစစ်အစိုးရကို ကျမတို့ အဘက်ဘက်ကနေကြိုးစားပြီး တိုက်တွန်းခဲ့ကြတာပါ။ တကယ်လို့သာ ကျမတို့ ကူညီခွင့်ရခဲ့မယ်ဆိုရင် အသက်တွေ အများကြီးကို ကယ်တင်ခွင့် ရခဲ့မှာပါ။ အခုအချိန်မှာလည်း ကူညီခွင့်ရဦးမယ်ဆိုရင် လူ့အသက်တွေ အများကြီးကို ထပ်ပြီးတော့ ကယ်တင်ကောင်း ကယ်တင်နိုင်ဦးမှာပါ။ မြန်မာနိုင်ငံအပေါ်မှာ သြဇာညောင်းတဲ့ တရုတ်နဲ့ တခြားနိုင်ငံတွေကို ကျမတို့ ဆက်ပြီးတော့ ဆွေးနွေးသွားမှာပါ။ "

တရုတ်မြို့တော် ဘေဂျင်းကနေ ဇီချွမ်ပြည်နယ်ကို မစ္စရိုက်စ်သွားရောက်ခဲ့တာဖြစ်ပြီး အခုလာမယ့် တနင်္လာနေ့ကျရင်တော့ တရုတ်သမ္မတ ဟူချင်တောင်နဲ့ အတူ ၀န်ကြီးချုပ် ၀မ်ကျားပေါင်နဲ့လည်းတွေ့ဆုံမှာ ဖြစ်ပါတယ်။ သူတို့တွေ့ဆုံတဲ့အခါမှာ မြောက်ကိုရီးယားက နယူးကလီယား အစီအစဉ်နဲ့ ပတ်သက်ပြီး ရှေ့ဘာဆက်လုပ်ကြမယ်ဆိုတာတွေကို အဓိက ဆွေးနွေး မှာပါ။ မြောက်ကိုရီးယားအစိုးရဟာ သူ့ရဲ့ ရွန်ပြောင်း နယူးကလီးယား အအေးခံ ဓာတ်ပေါင်းဖိုကြီးကို သောကြာနေ့ကပဲ ဖျက်ဆီးခဲ့တာမို့ သူတို့ရဲ့ နယူးကလီးယား အစီအစဉ် ဖြတ်သိမ်းရေး ပထမအဆင့် ပြီးဆုံး သွားခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ မစ္စရိုက်စ်ဟာ တရုတ်အာဏာပိုင်တွေနဲ့ တွေ့ဆုံတဲ့အခါမှာ တိဗက်အရေး၊ လူ့အခွင့်အရေး ကိစ္စတွေနဲ့ ပတ်သက်ပြီး ဆွေးနွေးဖို့အတွက် နိုင်ငံတကာက လူ့အခွင့်အရေးအဖွဲ့က တောင်းဆိုနေကြပါတယ်။ တရုတ်နိုင်ငံမှာ အခြေခံ လူ့အခွင့်အရေးနဲ့ ပတ်သက်လာရင် ပြဿနာရှိတယ်။ အစိုးရအပေါ် ပွင့်ပွင့်လင်းလင်း ဝေဖန်တဲ့သူတွေကို ဖမ်းဆီးတာတွေ ကို တရုတ်အစိုးရက လုပ်ပါတယ်လို့ လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ြ့ပ ပြောဆိုခဲ့ရတာပါ။ အခုတော့ လာဆာမှာ မတ်လတုန်းက ဆူပူမှုတွေ ဖြစ်ပွားခဲ့ပြီး တရုတ်အစိုးရက တိဗက် အသိုင်းအ၀ိုင်း ပေါ် နှိမ်နင်းတာကြောင့် တိဗက်ကိစ္စကို နိုင်ငံတကာက အရေးစိုက်ပြောဆိုနေကြတာလည်း ဖြစ်ပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒီပဲယင်းရာဇ၀င်ကဗျာ ဖော်ပြတဲ့ ချယ်ရီမဂ္ဂဇင်း သတိပေးခံရ

29 June 2008

ဒေါ်သင်းသီရိ

ဇွန်လထုတ် ချယ်ရီ မဂ္ဂဇင်းက ဒီပရင်္ဂဆိုတဲ့ ကဗျာဟာ လူကြိုက်များခဲ့သလို အရောင်းသွက်ခဲ့ရတဲ့ ချယ်ရီဟာ အခုတော့ စာပေစိစစ်ရေးက သူတို့ရဲ့ မူဝါဒတွေနဲ့ ညှိစွန်းတယ်ဆိုပြီးတော့ ချယ်ရီမဂ္ဂဇင်းတိုက်က တာဝန်ရှိအယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူစစ်ဆေးခဲ့သလို ချယ်ရီက အမှုဆောင် အယ်ဒီတာတဦး အလုပ်က နှုတ်ထွက်ခဲ့ရပါတယ်။ ဒေါ်သင်းသီရိက တင်ပြပေးပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဒီပရင်္ဂဆိုတဲ့ ပါဠိစကားဟာ အများသိကြတဲ့ ဒီပဲယင်းမြို့ရဲ့ ရှေးသမိုင်းဝင် နာမည်ပါ။ ကဗျာဆရာက ဒီပဲယင်းအစား ဒီပရင်္ဂရယ်လို့ အမည်ပေးရင်း ဒီကဗျာကို စပ်ဆိုခဲ့တာပါ။ ကဗျာထဲမှာ မုံရွာရေဦးလမ်းပေါ်က သမိုင်းဝင် ဒီမြို့ကလေးက မဟာဗန္ဓုလလို သူရဲကောင်းတွေ၊ မုံတိုင်ပင် ဆရာတော် အရှင်ဝံဿ၊ မြသိန်းတန်ဆရာတော် အရှင်ဇိနတို့လို အကျော် အမော် ပုဂ္ဂိုလ်ထူး၊ ပုဂ္ဂိုလ်မြတ်တွေ မွေးဖွားရာ ရှေးသမိုင်းဝင် မြို့ဟောင်းလေးလို့ စပ်ဆိုထားပါတယ်။ အခုတော့ ဒီမြို့မှာ သစ္စာဖောက်တွေ ရှိသလို အမျိုးသမီးတယောက် သေကံမရောက် အသက်မပျောက် ဖြစ်ခဲ့ရပြီး လူငယ်လေး တစ်ယောက်သူ့ဆိုင်ကယ် ကျပျောက်ခဲ့ရတဲ့ မြို့ဖြစ်ပြီလို့ ကဗျာထဲမှာ စပ်ဆိုထားပါတယ်။ တကယ်တော့ ဒီကဗျာပါတဲ့ ချယ်ရီမဂ္ဂဇင်းဟာ မြန်မာနိုင်ငံမှာ စာပေစိစစ်ရေးရဲ့ မူဝါဒ အတိုင်း ပုံနှိပ်ထုတ်ဝေ ဖြန့်ဖြူးခွင့်ကျပြီးခါမှ အခုလို ချယ်ရီမဂ္ဂဇင်းက ခေါ်ယူ အပြစ်ပေးခံရတာပါ။ ထုတ်ဝေပြီး နှစ်ပတ်အကြာ ပြီးခဲ့တဲ့ ဇွန်လ ၂၄ရက်နေ့မှာ ချယ်ရီက တာဝန်ရှိတဲ့ အယ်ဒီတာတွေကို စာပေစိစစ်ရေးက ခေါ်ယူပြီး ဒီကဗျာရွေးချယ်ခဲ့တဲ့ အယ်ဒီတာကိုဌေးအောင်ကို အလုပ်က ထုတ်ပယ်ပေးလိုက်ရတဲ့အထိ အပြစ်ပေးတာခံခဲ့ရတဲ့အကြောင်း ရန်ကုန်စာပေသမားတစ်ဦးက အခုလို ပြောပြပါတယ်။


"သူ့ကို ရုံးကခေါ်ပြီးတော့ သတိပေးတယ်။ စိစစ်ရေး ရုံးမှာ တော်တော် ဂယက်ရိုက်နေတယ် စာပေလောကမှာတော့၊ ဒီကဗျာကို တော်တော်ကြိုက်ကြပါတယ်။ ထိတယ်ပေါ့နော် သူတို့၊ ခေါ်ပြီးတွေ့ခံရတယ်။ မြန်မာစာပေလောကထဲမှာ အခုနောက်ပိုင်း ပိုပြီး တင်းတင်းကျပ်ကျပ်ကိုင်တွယ်မှုတွေကြောင့် စာပေအနုပညာရှင်တွေ အခက်အခဲဖြစ်ရတဲ့အကြောင်း ကိုလည်း သူက ဆက်ပြောပြပါတယ်။

"ဖြုတ်ပယ်တွေ တော်တော်များတယ်။ စာမူတွေ ဖြုတ်တာပယ်တာတွေက တအားလုပ်တယ်။ သူတို့ မဂ္ဂဇင်းဆိုလည်း ရှိသမျှ ကဗျာ ၁၄၊ ၅ ပုဒ်လောက်တင်တာ ၃၊ ၄ပုဒ်ပဲ ကျတယ်။ အရမ်း အဖြုတ်ခံရတယ်။ တခြား မဂ္ဂဇင်းတွေ စာကောင်းပေကောင်းတွေ အဖြတ်အတောက်ခံရတယ်။ စာပေသမားတွေက လွယ်အိတ်လေးလွယ်ပြီး အငတ်ငတ် အပြတ်ပြတ်နဲ့။ ဒီအတိုင်းပါပဲ။ အခုတော့ အရင်ကထက် ပိုဆိုးတာပေါ့။"


အခုချယ်ရီ မဂ္ဂဇင်းကို စာပေစိစစ်ရေးက အယ်ဒီတာ အသစ် ပြန်လည် ဖွဲ့စည်းခိုင်းထားပြီး ထုတ်ဝေခွင့်ကို ပိတ်ပင်တဲ့အထိတော့ အရေးမယူဘူးလို့ သိရပါတယ်။ အခုချယ်ရီမဂ္ဂဇင်းကို စာပေစီစစ်ရေးက အယ်တီတာ အဖွဲ့သစ်ပြန်လည်ဖွဲ့ခိုင်းထားပြီး ထုတ်ဝေခွင့်ပိတ်ပင်တဲ့အထိတော့ အရေးယူတာမျိုး မလုပ်ခဲ့ဘူးလို့ သိရပါတယ်၊
Rest of your post

အပြည့်အစုံဖတ်လိုလျှင်