စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Wednesday, June 4, 2008

အမေရိကန်သင်္ဘောများ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှ ထွက်ခွါတော့မည်



မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 16:55 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းမှ အသက်မသေ လွတ်မြောက်ခဲ့သူများကို ကူညီကယ်ဆယ်ရန် ကယ်ဆယ်ရေး ပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် စောင့်ဆိုင်းနေကြသည့် မိမိတို့၏ ရေတပ် သင်္ဘောများသည် မြန်မာ စစ်အစိုးရက ခွင့်မပြုသဖြင့် စိတ်မကောင်းစွာ ပြန်လည် ဆုတ်ခွာရတော့မည်ဟု အမေရိကန်နိုင်ငံက ယနေ့တွင် ပြောကြားသွားသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မိမိတို့အား ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များထံ အရောက်သွား၍ ကူညီ ကယ်ဆယ်ခွင့် ပေးပါရန် အနည်းဆုံး ၁၅ ကြိမ်မျှ မြန်မာ စစ်အစိုးရကို နားချ ပြောပြခဲ့သော်လည်း စစ်အစိုးရက ငြင်းပယ်ခဲ့သည်ဟု အမေရိကန် ပစိဖိတ် ရေတပ်ဖွဲ့ တပ်မှူး ရေတပ်ဗိုလ်ချုပ်ကြီး တင်မိုသီဂျေကီတင်း (Admiral Timothy J. Keating) က ကြေညာချက် ထုတ်ပြန်၍ ပြောကြားသွားသည်။ “သိန်းနဲ့ချီတဲ့ ပြည်သူတွေ ခံစားနေရတဲ့ ဒုက္ခတွေကို သက်သာရာ ရစေဖို့နဲ့ နောက်ထပ် အသက်တွေ မဆုံးရှုံးရအောင် ကျနော်တို့ ရပ်တည် လုပ်ဆောင်ခဲ့ပေမယ့် မြန်မာ စစ်အစိုးရရဲ့ နဲနဲမှ မလိုက်လျောတဲ့ ရပ်တည်ချက်ကြောင့် အခုလို မကယ်ဆယ်၊ မကူညီနိုင်ခဲ့တာကို ကျနော် စိတ်မကောင်းလည်း ဖြစ်ရပါတယ်။ မချင့်မရဲလည်း ဖြစ်ရပါတယ်” ဟု ကီးတင်းက ပြောကြားသည်။ ဤသို့ မိမိ၏ ကြိုးပန်းမှုများ အရာမထင် ဖြစ်ပြီးနောက် ဗိုလ်ချုပ်ကြီး ကီးတင်းက ယူအက်စ်အက်စ် အက်ဆက်စ် စစ်သင်္ဘောအုပ်စု (USS Essex group) နှင့် အမေရိကန် မရိန်းတပ်ဖွဲ့ အမှတ် ၃၁ ရေကြောင်းချီတပ်ဖွဲ့ (31st Marine Expeditionary Unit – MEU) တို့ကို မိမိတို့၏ ယခင် စစ်ဆင်ရေး တာဝန်များ ပြန်လည် ထမ်းဆောင်စေသင့်ကြောင်း ထောက်ခံ တင်ပြခဲ့သည်ဟု ဆိုသည်။ “ယခုအခါ ဤထောက်ခံ တင်ပြချက်ကို ကာကွယ်ရေးဝန်ကြီးက အတည်ပြုလိုက်ပြီ ဖြစ်သည်” ဟု ကြေညာချက်တွင် ရေးသားဖော်ပြထားသည်။ အက်စ်အက်စ် စစ်သင်္ဘော အုပ်စုသည် ယခုအခါ ထိုင်းနိုင်ငံ ကမ်းရိုးတန်းသို့ ဦးတည် ထွက်ခွာသွားတော့မည် ဖြစ်ပြီး ဇွန်လ ၁၁ ရက်နေ့တွင် ကျန်ရှိခဲ့သော ရဟတ်ယာဉ်များနှင့် စစ်သည်တော်များကို ပြန်လည် တင်ဆောင်မည် ဖြစ်သည်။ “အကယ်၍သာ မြန်မာအစိုးရက စိတ်ပြောင်း၍ ဒုက္ခခံစားနေရသော ပြည်သူများအတွက် မိမိတို့၏ အပြည့်အဝ ကူညီမှုကို တောင်းခံလာခဲ့လျှင် မိမိတို့က ကူညီရန် အသင့် ရှိနေပါသည်” ဟုလည်း ကီးတင်းက ဆက်လက် ပြောဆိုသွားသည်။ ယူအက်စ်အက်စ် အက်စ်ဆက်စ် စစ်သင်္ဘောအုပ်စုသည် မေလ ၁၃ ရက်နေ့ကတည်းက မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် အခြေပြု စောင့်ဆိုင်းနေခဲ့သည်။ လူပေါင်း ၁၃ဝဝဝဝ ကျော် သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ရပြီး လူပေါင်း ၂ သန်း ၄ သိန်း အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရသည့် လေဘေး ဒုက္ခသည်များအတွက် အရေးပေါ် လိုအပ်နေသည့် လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ရန် ဤသို့ စောင့်ဆိုင်းနေခဲ့ခြင်း ဖြစ်သည်။ ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များကို ကယ်တင်ရန် နိုင်ငံတကာ၏ ကြိုးပန်းမှုကို မြန်မာစစ်အစိုးရက ဟန့်တား ပိတ်ပင်ခဲ့သည့်အတွက် ‘သောင်းနှင့်ချီသော အသက်များ’ ဆုံးရှုံးခဲ့ရသည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ် အမ် ဂိတ်စ် (Robert M. Gates) က ပြောဆိုအပြီး ရက်ပိုင်းအတွင်းမှာပင် အမေရိကန် ရေတပ်သင်္ဘောများ ပြန်လည် ဆုတ်ခွာတော့မည့် ကြေညာချက် ထွက်ပေါ်လာခြင်း ဖြစ်သည်။ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ကာ ရန်ကုန်မြို့သို့ ပထမဆုံးအကြိမ် ပျံသန်း ထွက်ခွာသွားသည့် အမေရိကန် စစ်လေယာဉ်ဖြင့် ဗိုလိချုပ်ကြီးကီးတင်း ကိုယ်တိုင် လိုက်ပါသွားပြီး နိုင်ငံတကာ ရေပြင်တွင် စောင့်ဆိုင်းနေသည့် အမေရိကန် စစ်သင်္ဘောများပေါ်သို့ လာရောက် လေ့လာ လည်ပတ်ပါရန် မြန်မာစစ်အစိုးရကို ကမ်းလှမ်း ဖိတ်ခေါ်ခဲ့သည်။ အမေရိကန် အစိုးရ၏ လူသားချင်း စာနာထောက်ထားသည့် အကူအညီများနှင့် ရည်ရွယ်ချက်များအပေါ် စိုးရိမ်ပူပန်မှုများ လျော့ပါးရေးအတွက်လည်း အမေရိကန် စစ်လေယဉ်များနှင့်အတူ လိုက်ပါ ပျံသန်းကြည့်ရှုပါရန်လည်း ဖိတ်ခေါ်ခဲ့သေးသည်။ သို့သော် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသသို့ ဒုက္ခသည်များအား ကူညီ ကယ်ဆယ်ရန် ခွင်မပြုခဲ့ဘဲ အမေရိကန်၏ ကမ်းလှမ်းချက်ကို ပယ်ချခဲ့သည်။ ဤသို့ဖြင့် သင်္ဘော ၄ စင်းပါ အက်စ်အက်စ်စစ် သင်္ဘောအုပ်စု၊ အလတ်စားနှင့် အကြီးစား သယ်ယူပို့ဆောင်ရေး ရဟတ်ယာဉ် ၂၂ စီး၊ အမေရိကန်စစ်သည် ၅ဝဝဝ ကျော်ပါဝင်သည့် ကယ်ဆယ်စောင့်ရှောက် တုံ့ပြန်ရေး ပူးတွဲအလုပ်အဖွဲ့ (Joint Task Force Caring Response) ၏ ကြိုးပန်းမှုများသည် အလဟဿ ဖြစ်ခဲ့သည်။ ကယ်ဆယ်ရေး ပစ္စည်းများ သယ်ဆောင်လာသည့် ပြင်သစ် စစ်သင်္ဘောသည်လည်း မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက်၍ ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များကို ကူညီကယ်ဆယ်ရန် စောင့်ဆိုင်းနေရာ မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရသဖြင့် မြန်မာ့ကမ်းလွန် ပင်လယ်ပြင်တွင် စောင့်ဆိုင်း နေရာမှ ပြင်သစ်အစိုးရက ယခု ရက်သတ္တပတ် အစောပိုင်းက ပြန်လည် ရုပ်သိမ်းခဲ့သည်။ ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီရန် ကယ်ဆယ်ရေး ပစ္စည်းများနှင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများကို ကြိုဆိုသော်လည်း ကယ်ဆယ်ရေး လုပ်ငန်းအတွက် မည်သည့် နိုင်ငံခြား စစ်လက်နက်ပစ္စည်းကိုမျှ အသုံးပြုခွင့်မပေး ဟူသော မိမိတို့၏ မူဝါဒကို မြန်မာစစ်အစိုးရက ဆက်လက် စွဲကိုင်ထားသည်။ မေလ ၂ ရက်နေ့က မြန်မာနိုင်ငံကို နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဝင်ရောက် တိုက်ခတ်အပြီး အမေရိကန်နိုင်ငံက လျင်မြန်စွာ တုံ့ပြန် ဆောင်ရွက်ခဲ့သည်။ USAID နှင့် အမေရိကန် ကာကွယ်ရေး ဌာနတို့က အရေးပေါ် ကယ်ဆယ်ရေးပစ္စည်း ပေါင်ချိန် ၂ သန်းကျော်ကို လေယာဉ်ဖြင့် ၁ဝ၆ ခေါက် သယ်ယူ ပို့ဆောင်ပေးခဲ့သည်။ ဤဆိုပါ အကူအညီ ပစ္စည်းများသည် အနည်းဆုံး ဒုက္ခသည် ၄၁၇ဝဝဝ ထံသို့ ရောက်ရှိခဲ့ပြီး ဖြစ်သည်ဟု ယုံကြည် ယူဆရသည်။ သို့သော် ကမ္ဘာ့ကုလသမဂ္ဂ အဖွဲ့ကြီးကမူ စုစုပေါင်း မုန်တိုင်းဒဏ်ခံခဲ့ရသော ပြည်သူ ၂ ဒဿမ ၄ သန်းအနက် ခန့်မှန်းခြေ ၁ ဒဿမ ၃ သန်းထံသို့သာ ကယ်ဆယ်ရေး ပစ္စည်းများနှင့် အကူအညီိများ ရောက်ရှိသေးသည်ဟု ပြောဆိုထားသည်။

အပြည့်အစုံဖတ်လိုလျှင်

အေဒီဘီ၊ ကမ္ဘာ့ဘဏ်တို့ အာဆီယံ၏ ကယ်ဆယ်ရေးတွင် ပူးပေါင်းမည်


ဆော်လမွန်
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 04 2008 12:40 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မြန်မာစစ်အစိုးရကို နှစ် ၂ဝ နီးပါး ငွေချေးငှါးခြင်း မပြုဘဲ ရပ်ဆိုင်းထားခဲ့သည့် ကမ္ဘာ့ငွေကြေးအဖွဲ့ကြီး ၂ ဖွဲ့ဖြစ်သော အာရှဖွံ့ဖြိုးရေးဘဏ် (ADB) နှင့် ကမ္ဘာ့ဘဏ် (WB) တို့က မုန်တိုင်းဒဏ်ခံ မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေးအတွက် လိုအပ်ချက်များ လေ့လာ အကဲဖြတ် လုပ်ငန်းကို အကူအညီများ ပေးအပ်သွားမည်ဟု ပြောကြားလိုက်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော်တို့ မြန်မာနိုင်ငံမှာ အလုပ်မလုပ်တာ နှစ် ၂ဝ ကျော်ပါပြီ” ဟု ADB ပြန်ကြားရေးအရာရှိ ဂျေဆန်ရပ်ခ်ျ (Jason Rush) က အင်္ဂါနေ့က မဇ္ဈိမကို ပြောဆိုသည်။ လူပေါင်းအနည်းဆုံး ၁၃ဝဝဝဝ သေဆုံးခဲ့ရသည့် သဘာဝ ကပ်ဘေးဒုက္ခကြီးမှ မြန်မာနိုင်ငံကို ပြန်လည် ထူထောင် တည်ဆောက်ရန် အာဆီယံနိုင်ငံများက ခေါင်းဆောင်သည့် ယန္တရားတွင် ADB နှင့် WB တို့၏ အကူအညီများက အစိတ်အပိုင်း တရပ်အဖြစ် ပါဝင်မည် ဖြစ်သည်။ “ဒီသဘာဝ ကပ်ဘေးကြီးက တခါမှမဖြစ်ဘူးဘဲ သူ့ရဲ့ သဘာဝကိုက သိပ်ကို ထူးခြားနေတော့ ADB အနေနဲ့ ဘာလုပ်ပေးနိုင်မလဲဆိုတာ လုပ်ကြည့်တဲ့ သဘောပါ။ ဒါ ကျနော်တို့ရဲ့ အကဲဖြတ်မှု ပထမခြေလှမ်းပဲ ဖြစ်ပါတယ်” ဟု Rush က ပြောဆိုသည်။ တနင်္လာနေ့တွင် အာဆီယံနိုင်ငံများမှ ကိုယ်စားလှယ်များ ပါဝင်သည့် အရေးပေါ် အမြန် အကဲဖြတ် လေ့လာရေးအဖွဲ့ (ERAT) သည် ကုလသမဂ္ဂ ကိုယ်စားလှယ်များ၊ ကမ္ဘာ့ဘဏ်နှင့် အေဒီဘီမှ ကျွမ်းကျင်သူများနှင့်အတူ နာဂစ်အလွန် ပူးတွဲ အကဲဖြတ်လေ့လာမှု ပြုလုပ်ရန် မြန်မာနိုင်ငံ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများသို့ သွားရောက်ကြမည် ဖြစ်သည်။ကမ္ဘာ့ဘဏ်သည် ၁၉၈၇ ခုနှစ်ကတဲက မြန်မာနိုင်ငံကို ဘဏ္ဍာရေး အကူအညီများ ပေးအပ်ခြင်း ရပ်ဆိုင်းထားခဲ့ပြီး၊ ချေးငွေအသစ် ထပ်မံ ချေးငှါးခြင်းလည်း မပြုလုပ်တော့ပါ။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုနှင့် အခြား ပြုပြင်ပြောင်းလဲရေး လုပ်ငန်းများ လုပ်ရန် ပျက်ကွက်ခြင်းနှင့် ယခင်ကြွေးမြီဟောင်းများမှ ကြွေးကျန်များ ရှိနေခြင်းကြောင့် ဤသို့ အကူအညီ အထောက်အပံ့များ ရပ်ဆိုင်းထားခဲ့ခြင်း ဖြစ်သည်။ အေဒီဘီ ကလည်း အလားတူ မြန်မာနိုင်ငံသို့ ပေးအပ်နေသော တိုက်ရိုက် အကူအညီများကို ၁၉၈၇ ခုနှစ်ကတည်းက ရပ်ဆိုင်းထားခဲ့သည်။ သို့သော် ဤဘဏ်ကြီး ၂ ခုစလုံးက သူတို့ ယခုပေးသော အကူအညီသည် မြန်မာနိုင်ငံတွင် မုန်တိုင်းဘေး လေ့လာ အကဲဖြတ်မှုများ လုပ်ဆောင်မည့် အာဆီယံ လူသားချင်းစာနာသည့် အလုပ်အဖွဲ့သို့ ပေးသည့် အသွင်ဖြင့် ဆိုင်ကလုံး ဒုက္ခသည်များကို ပေးအပ်သည့် အကူအညီသာ ဖြစ်သည်ဟု ဆိုသည်။ ဤ အာဆီယံ ဦးဆောင်သည့် ယန္တရားကို လွန်ခဲ့သောလက စင်္ကာပူတွင် ကျင်းပခဲ့သည့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးတွင် ဖွဲ့စည်းခဲ့ခြင်း ဖြစ်သည်။ သို့သော် ဝေဖန်သူများကမူ ဤ အာဆီယံ ဦးဆောင်သည့် ယန္တရားသည် အချိန်ဖြုန်းခြင်း သက်သက်သာဖြစ်ပြီး ဆိုင်ကလုံး ဒုက္ခသည် အများစုထံသို့ ရောက်ရှိမည် မဟုတ်ဟု ပြောဆို ဝေဖန်နေကြသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်