စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 17, 2008

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံခရီးစဉ် စင်္ကာပူကြိုဆို

16 July 2008

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် မစ္စတာ အီဗရာဟင်မ် ဂမ်ဘာရီကို မြန်မာစစ်အစိုးရက နောက်လမှာ လာခွင့်ပြုလိုက်တဲ့အပေါ် စင်္ကာပူနိုင်ငံက ကြိုဆိုလိုက်ပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဲဒီခရီးစဉ်အတွင်း မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၊ စစ်အစိုးရအဆင့်မြင့်တာဝန်ရှိသူတွေအပါအ၀င် တခြားလူတွေနဲ့တွေ့ဆုံနိုင်ရေး အပြည့်အ၀ခွင့်ပြုဖို့လည်း စင်္ကာပူနိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူက မြန်မာအစိုးရကို တိုက် တွန်းလိုက်ပါတယ်။


မစ္စတာဂမ်ဘာရီရဲ့ခရီးစဉ်နဲ့ သူ့ရဲ့လုပ်ငန်းတွေဟာ မြန်မာနိုင်ငံ အမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် အရေးကြီးတယ်လို့ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သလို ဒီခရီးစဉ်ပေါ် စင်္ကာပူကထောက်ခံကြောင်းလည်း ပြောခဲ့ပါတယ်။


စင်္ကာပူနိုင်ငံဟာ မြန်မာနိုင်ငံရဲ့ အကြီးဆုံး ကုန်သွယ်ဘက်နိုင်ငံတခုဖြစ်သလို မြန်မာနိုင်ငံ အဖွဲ့ဝင်အဖြစ်ပါဝင်နေတဲ့ ASEAN အရှေ့တောင်အာရှနိုင်ငံများအဖွဲ့ရဲ့ လက်ရှိ အလှည့်ကျဥက္ကဋ္ဌတာဝန် ယူထားတဲ့နိုင်ငံလည်းဖြစ်ပါတယ်။


မစ္စတာဂမ်ဘာရီ သြဂုတ်လလယ်မှာ မြန်မာနိုင်ငံသွားမယ်ဆိုတာကို အင်္ဂါနေ့မှာ ကုလသမဂ္ဂက ကြေညာခဲ့တာပါ။ ရက်အတိအကျ အပါအ၀င် အစီအစဉ်နဲ့ ရည်ရွယ်ချက် အသေးစိတ်တွေကိုတော့ မသတ်မှတ်ရသေးပါဘူး။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မစ္စတာဂမ်ဘာရီ လာရောက်မည့်ကိစ္စ ပြည်တွင်း ဒီမိုကရေစီအင်အားစုများ မျှော်လင့်ချက် သိပ်မထား

16 July 2008

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေး မစ္စတာ အီဘရာဟင် ဂမ်ဘာရီ ရဲ့ မြန်မာ့အရေး ကြားဝင် ဆောင်ရွက်မှု တွေဟာ တိုးတက်မှုနှောင့်နှေးလွန်းတဲ့အတွက် အားမလို အားမရ ဖြစ်မိတဲ့အကြောင်း မြန်မာ့ဒီမိုကရေစီ အင်အားစုတွေက ပြောပါတယ်။

အခု မစ္စတာ ဂမ်ဘာရီ မြန်မာနိုင်ငံကို ပြန်သွားဘို့ ပြင်ဆင်နေပေမယ့် မစ္စတာဂမ်ဘာရီရဲ့ ခရီးစဉ်နဲ့ ပတ်သက်လို့ တိုးတက်မှု ရှိမယ်လို့ မမျှော်လင့်ရဲကြတဲ့အကြောင်း ပြောဆိုကြတာဖြစ်ပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အန်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေးဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက အခုလို ပြောပါတယ်။

“ဂမ်ဘာရီက ဒီကိစ္စကို ကြိုးစားဆောင်ရွက်မယ်။ အထွေထွေ ညီလာခံ ဆုံးဖြတ်ချက်ဆိုတော့ အမျိုးသား ပြန်လည် ရင်ကြား စေ့ရေး ပါတာပေါ့။ အခုဆောင်ရွက်နေတာဟာ ၂၀၀၇ အောက်တိုဘာကနေပြီးတော့ အခုဆိုရင် ၇လပိုင်းတောင် ရောက် နေပြီ၊ ဒီကြားထဲမှာ တိုးတက်မှုက သိပ်နှေးကွေးလွန်းတယ်ပေါ့။ ကျွန်တော်တော့ အဲဒီလိုပဲ မြင်တယ်။ အခု ရောက်ပြီး ရင်လည်း ချက်ချင်းကြီး အဖြေပေါ်ဖို့ မျှော်လင့် မထားဘူး။ ဒါပေမယ့် ဆောင်ရွက်မှုတွေ မှန်သမျှကိုတော့ ကျွန်တော်တို့ ကြိုဆိုပါတယ်။ မျှော်လင့်ချက်အနေနဲ့ သိပ် ရှင်းရှင်းလင်းလင်း ကျွန်တော်တို့ သိပ်ပြီး မျှော်လင့်နိုင်တဲ့ အခြေအနေ မတွေ့သေးဘူး။”

မစ္စတာ ဂမ်ဘာရီဟာ ပြီးခဲ့တဲ့ မေလကတည်းက မြန်မာနိုင်ငံကို ပြန်သွားဘို့ စီစဉ် ခဲ့ပေမယ့် မြန်မာနိုင်ငံမှာ နာဂစ် မုန်တိုင်းဒဏ်ကြောင့် ထိခိုက် ပျက်ဆီးမှုတွေကြုံ နေရတဲ့အတွက် ခရီးစဉ် မဖြစ်မြောက်ခဲ့တာလို့ စစ်အစိုးရဘက်က ပြောပါတယ်။

မစ္စတာ ဂမ်ဘာရီရဲ့ မြန်မာနိုင်ငံ ခရီးစဉ်တွေဟာ လတ်တလော လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ တိုးတက်မှု တွေတော့ မရှိတဲ့အကြောင်း ဝေဖန်မှုတွေ ရှိခဲ့သလို ကုလသမဂ္ဂ ဘက်ကလည်း ဒီလို တိုးတက်မှုတွေ မရှိဘူးဆိုတာ ၀န်ခံခဲ့ပါတယ်။

ဇိုမီးအမျိုးသား ကွန်ဂရက်စ် ဥက္ကဠ ပုကျင်းရှင်ထန့်ကတော့ မစ္စတာ ဂမ်ဘာရီရဲ့ ခရီစဉ်နဲ့ ပတ်သက်ပြီး သူ့ရဲ့ သဘောထားကို အခုလို ပြောပါတယ်။

“ဂမ်ဘာရီနဲ့ ပတ်သက်လာရင်တော့ ဂမ်ဘာရီလာတယ်။ ဂမ်ဘာရီ ပြန်သွားတယ်။ ဒါလောက်ပဲ သိတယ်လေ။ ဘာမှ ထူးထူးထွေထွေ မရှိဘူး။ အခုလည်း ဒီလိုပဲ ဖြစ်မယ်ထင်တာပဲ။ သိပ်မမျှော်လင့်ပါဘူး ခင်ဗျ။”

မစ္စတာ ဂမ်ဘာရီဟာ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလ သံဃာတော်တွေ ဦးဆောင်တဲ့ လှုပ်ရှားမှုတွေကို စစ်အစိုးရက နှိမ်နှင်းခဲ့ပြီး နောက်ပိုင်း မြန်မာနိုင်ငံကို ၃ ကြိမ် သွားရောက်ခဲ့ပါတယ်။ နောက်ဆုံးအကြိမ်သွားရောက်ခဲ့တာဟာ ပြီးခဲ့တဲ့ မတ်လဆန်းက ဖြစ်ပါတယ်။

မြန်မာ စစ်အစိုးရက မေလ ကျင်းပခဲ့တဲ့ ဖွဲ့စည်းပုံ အတည်ပြုရေး လူထုဆန္ဒခံယူပွဲကို ကုလသမဂ္ဂက လေ့လာ စောင့်ကြည့် နိုင်အောင် မစ္စတာ ဂမ်ဘာရီ ခွင့်တောင်းခဲ့တာကို စစ်အစိုးရက ပယ်ချခဲ့ပါတယ်။

ဦးဥာဏ်ဝင်းကတော့ ကုလသမဂ္ဂအနေနဲ့ ဆောင်ရွက်ရတဲ့ တာဝန်ဝတ္တရားတွေနဲ့ ပတ်သက်လို့ အကန့်အသတ်တွေ ရှိတာ မှန်ပေမယ့် မြန်မာ့အရေး ကြားဝင်ဆောင်ရွက်မှုတွေ အားလုံးကိုတော့ကြိုဆိုတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ကုလသမဂ္ဂအနေနဲ့ ဥပဒေအရ၊ ချာတာအရ ဘယ်လောက်ဆောင်ရွက်ခွင့် ရှိသလဲဆိုတာ သိပါ တယ်။ ဒါကြောင့် ကုလသမဂ္ဂက ကြိုးစားဆောင်ရွက်နေတယ်ဆိုတာကို လက်ခံတယ်။ အောင်မြင်ဖို့ မအောင်မြင်ဖို့ဆိုတာ ကုလသမဂ္ဂတခုတည်း မဟုတ်ပါဘူး။ လက်ရှိ အုပ်ချုပ်နေတဲ့ ပုဂ္ဂိုလ်တွေရော၊ အားလုံး တသဘောတည်း ဖြစ်လာတဲ့ အချိန်ကြမှ အောင်မြင်မယ်လို့ ကျွန်တော်တို့ ဒီလိုပဲ မြင်ပါတယ်။”


မစ္စတာ ဂမ်ဘာရီဟာ မြန်မာနိုင်ငံ ခရီးစဉ်တိုင်းမှာ နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုရော စစ်အစိုးရ အရာရှိတွေကိုပါ တွေ့ဆုံခဲ့ပါတယ်။

ဒါပေမယ့်လည်း မစ္စတာဂမ်ဘာရီ ခရီးစဉ်ကာလတွေ ပြီးသွားတိုင်း မြန်မာစစ်အစိုးရက ခန့်ထားတဲ့ ဆက်ဆံရေးအရာရှိ အလုပ်သမားရေး ၀န်ကြီး ဦးအောင်ကြည်နဲ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်တို့အကြား တွေ့ဆုံပွဲတွေ လည်း ရပ်တန့် နေခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကတော့ မြန်မာပြည် ဒီမိုကရေစီပြုပြင်ပြောင်းလဲရေးနဲ့ ပတ်သက်လို့ တွေ့ဆုံ ဆွေးနွေးမှု အခြေအနေမှာ ကျေနပ်မှုမရှိတဲ့အကြောင်း အန်လ်ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ဇန္န၀ါရီလ ဆန်းမှာ ပြောဆို ထားပါတယ်။ ဒေါ်အောင်ဆန်းစုကြည်က အကောင်းဘက်ကို မျှော်လင့်ပြီး စိတ်ရှည်ဘို့ လိုတဲ့တချိန်တည်းမှာ အဆိုးဆုံး အတွက်လည်း ပြင်ဆင်ဘို့ မှာကြားထားတဲ့အကြောင်း အန်လ်ဒီ က ပြောဆိုထားပါတယ်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

သိုလှောင်စပါးများ ပျက်စီးလို့ အရှုံးပေါ်

ဝိုင်းပီး
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 21:32 - မြန်မာစံတော်ချိန်

နယူးဒေလီ။ ။ ဘိုကလေးမြို့ အထက်ပိုင်းရှိ လယ်သမားများသည် အမြတ်ကောင်း ရရှိရန် သိုလှောင်ထားသည့် စပါးများ နာဂစ်မုန်တိုင်းကြောင့် ရေစိုဆန်ဖြစ်သွားကာ ရောင်းဈေးများ အဆမတန် ထိုးကျသွားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အသန့်ဆုံးစပါး တင်း ၁ဝဝ လျှင် ၂ သိန်း ၈ သောင်း ဈေးနှုန်း ရှိနေချိန် ရေစိုကာ အနည်းငယ်သာ ပျက်စီးသည့် စပါးက ၁ သိန်း ၂ သောင်း ရှိကာ အဝါရောင်ပင် ထွက်လာသည့် ရေစိုစပါးများကိုမူ သောင်းဂဏန်း အနည်းငယ်ဈေးဖြင့် ဖြတ်ဝယ်ကြောင်းနှင့် အများအားဖြင့် ဝယ်ယူသူများ၏ ပါးစပ်ဖျားတွင်သာ ပေါက်ဈေး ရှိနေသည်။

ပြီးခဲ့သည့် မေလ ၂ ရက်နှင့် ၃ ရက်နေ့တွင် တိုက်ခိုက်ခဲ့သည့် လေမုန်တိုင်းကြောင့် လယ်သမားအများစု၏ သိုလှောင်စပါးများသည် ရေစိုကာ အရောင်များ ဝါလာပြီး အရည်အသွေး ကျဆင်းလာခြင်း ဖြစ်သည်။

လယ်ဧက ၃ဝ ကျော်ရှိသည့် မြင်းဂကုန်းကျေးရွာမှ လယ်သမားတဦးကတော့ “ဈေးကောင်းရမလား ဆိုပြီး၊ တင်း ၂ဝဝဝ လှောင်ထားမိတာ၊ အများကြီး အရှုံးပေါ်နေတယ်” ဟု ပြောသည်။

လယ်သမားများသည် နာဂစ်မုန်တိုင်းကြောင့် နွေစပါး (သီးထပ်စပါး) များ ဆုံးရှုံးသွားသည့်အတွက် ပုဂ္ဂလိက လုပ်ငန်းရှင်များထံမှ ပြီးခဲ့သည့်နှစ် အောက်တိုဘာလ ကတည်းက ချေးငှားခဲ့သည့် အကြွေးများကို ယနေ့ထိ ပြန်မဆပ်နိုင်သေးကြောင်း ပြောဆိုကြသည်။

ယခုလို နွေစပါးများ ပျက်စီးသွားကာ ချေးငွေများ ပြန်မဆပ်နိုင်သည့်အတွက် ပုဂ္ဂလိက ငွေချေးလုပ်ငန်း လုပ်ဆောင်သူများကလည်း မိုးစပါးအတွက် နောက်ထပ် ချေးငွေများကို ထပ်ချေး မပေးနိုင်တော့ပေ။

နာဂစ်မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းမှ လယ်သမားများကို မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ အမတော်ကြေး (ခေါ်) တရာသီ တသီးချင်းဆပ် ချေးငွေများကို တဧကလျှင် ကျပ် ၈ဝဝဝ နှုန်းနှင့် ၁၇ ရာခိုင်နှုန်း အတိုးဖြင့် ထုတ်ချေးပေးနေသည်။

ငွေချေးလိုသည့် လယ်သမားတိုင်း မချေးနိုင်ဘဲ ဘဏ်၏ အသင်းဝင်ဖြစ်မှု၊ ချေးငွေကို ပြန်ဆပ်နိုင်သည့် ပိုင်ဆိုင်မှုစွမ်းအား အထောက်အထားများနှင့် ကျေးရွာ ချေးငွေ စိစစ်ရေးအဖွဲ့မှ ဥက္ကဋ္ဌ၏ ထောက်ခံစာဖြင့် ငွေချေးခွင့် ရရှိနိုင်သည်။

လယ် ၁ ဧက စိုက်ပျိုးလျှင် ဓာတ်မြေသြဇာဖိုး အပါအဝင် ကျပ်ငွေ ၁ သိန်း ၈ သောင်းဝန်းကျင် ကုန်ကျသည့်အတွက် မြန်မာ့လယ်ယာ ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေထုတ်ပေးမှုသည် လုံလောက်မှု မရှိခြင်းကြောင့် ပုဂ္ဂိလိက လုပ်ငန်းရှင်များထံမှ ချေးကာ လယ်ယာများ လုပ်ကိုင်နေရကြောင်း ဘိုကလေးမြို့နယ် မြင်းဂကုန်းကျေးရွာ လယ်သမားက ပြောသည်။

လယ်သမားအများစုသည် သိုလှောင်စပါးများကိုသာ ရောင်းချနေရပြီး နွေစပါးစိုက်စဉ်က ယူထားသည့် အကြွေးများကိုသာ ပြန်ဆပ်နိုင်ရန် ကြိုးစားနေရသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကိုထင်ကျော် ၇ ကြိမ်မြောက် တရားရုံးထုတ်


ဖနိဒါ
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 18:28 - မြန်မာစံတော်ချိန်


ချင်းမိုင်။ ။ ကုန်ဈေးနှုန်း ကျဆင်းရေး ဦးဆောင် တောင်းဆိုခဲ့သည့် ကိုထင်ကျော်ကို ယနေ့တွင် အနောက်ပိုင်းခရိုင် တရားရုံး၌ ၇ ကြိမ်မြောက် ရုံးထုတ်ခဲ့သည်။

မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေး လိုလားသူများ အဖွဲ့မှ ကိုထင်ကျော်အား အကျဉ်းထောင်အတွင်း အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ရာ ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက် တင်သွင်းခဲ့ခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ရုံးထုတ်ပြီးသွားပြီရှင့်။ ဒီနေ့တော့ စစ်တာ မဟုတ်ဘူး။ စွဲထားတဲ့ ၃ မြို့နယ်က ပန်းပဲတန်း မြို့နယ် အတွက်ကို ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက် တင်တယ်။ အခု ပြီးသွားပါတယ်” ဟု ကိုထင်ကျော်၏ ဇနီးသည် မသန်းသန်းမော်က မဇ္ဈိမကို ပြောသည်။

သူက ဆက်ပြီး “ပန်းပဲတန်းမြို့နယ်မှာ စွဲတင်ထားတဲ့ ပုဒ်မနဲ့၊ ကိုထင်ကျော် လုပ်ဆောင်ချက်နဲ့၊ နိုင်ငံတော်ကို အကြည်ညို ပျက်စေတယ်ဆိုတဲ့ ပုဒ်မနဲ့ တခြားစီ ဖြစ်နေတယ်။ သက်သေတွေရဲ့ ထွက်ဆိုချက်တွေကလည်း သူက ပြည်သူလူထုရဲ့ လိုအပ်ချက်ကိုသာ တောင်းဆိုခြင်းသာ ဖြစ်တယ်။ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ ကိစ္စတွေ၊ စကားလုံးတွေ ဘာမှ မပါဘူး၊၊ ဒီပုဒ်မက တကျွန်းချနိုင်တဲ့ အနေအထား ရှိတယ်ဆိုတော့ ဒီပုဒ်မဟာ ပြင်းထန်လွန်းတယ်ပေါ့။ ရှေ့နေက လျှောက်လဲပါတယ်” ဟု ပြောသည်။

ကိုထင်ကျော်ကို ၂ဝဝ၇ ခုနှစ် မတ်လ ၂၂ ရက်နေ့က ကမာရွတ်မြို့နယ် လှည်းတန်းလမ်းဆုံ၌ ဘုန်းကြီးဝတ်ခွင့် ဆန္ဒပြမှု၊ ဧပြီလ ၂၂ ရက်နေ့က သင်္ကန်းကျွန်းမြို့နယ် စံပြဈေးတွင် ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြမှု၊ သြဂုတ်လ ၂၅ ရက်နေ့က ရန်ကုန် သိမ်ကြီးဈေးတွင် ဆန္ဒပြမှု စသည့် အမှုတမှုစီအတွက် အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) ဖြင့် တရားစွဲဆိုထားခြင်း ဖြစ်သည်။

အမှုများကို အနောက်ပိုင်းခရိုင် တရားရုံးက တာဝန်ယူ စစ်ဆေးနေရာ ယနေ့တွင် ပန်းပဲတန်းမြို့နယ် ဆန္ဒပြမှုနှင့် ပတ်သက်ပြီး ရှေ့နေ ဦးအောင်သိန်းက လျှောက်လဲချက်ပေးခဲ့သည်။

၂ဝဝ၇ ခုနှစ် သြဂုတ်လ ၁၅ ရက်တွင် မြန်မာစစ်အစိုးရက လောင်စာဆီဈေးနှုန်း အဆမတန် တိုးမြှင့်သည့်အပေါ် ဈေးနှုန်းပြန်ချပေးရန် သြဂုတ်လ ၂၂ ရက်တွင် အများပြည်သူက တောင်းဆိုဆန္ဒပြရန် ကိုထင်ကျော်က တိုက်တွန်း နှိုးဆော်ခဲ့ပြီး သြဂုတ်လ ၂၅ ရက်နေ့တွင် သူကိုယ်တိုင်လည်း ရန်ကုန် သိမ်ကြီးဈေးရှေ့တွင် ဆန္ဒပြသဖြင့် အာဏာပိုင်များက ဖမ်းဆီးခဲ့သည်။

ကိုထင်ကျော်သည် အင်းစိန်ထောင်တွင် ဖမ်းဆီးခံထားရသည့် သံဃာတော်များ၊ ကျောင်းသားများနှင့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေးအတွက် ထောင်တွင်း၌ အစာငတ်ခံ ဆန္ဒပြခဲ့သလို အကျဉ်းထောင်အတွင်း နိုင်ငံရေး အကျဉ်းသားများ လမ်းလျှောက်ခွင့် ရရေးအတွက်လည်း ဆန္ဒပြရာ၌ တတိယအကြိမ်တွင် “စစ်အာဏာရှင်စနစ် ... ကျဆုံးပါစေ” ဟူသည့် ကြွေးကြော်သံကို အော်ဟစ်သဖြင့် ၃ ကြိမ်မြောက် စစ်ခွေးတိုက်တွင် တိုက်ပိတ်ခံခဲ့ရသေးသည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာတေးသံရှင် ၂၂ ဦးက လေဘေး ရန်ပုံငွေအတွက် တေးစီးရီးထုတ်မည်

မြင့်မောင်
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 20:31 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ မုန်တိုင်းသင့် ပြည်သူများ ကူညီထောက်ပံ့ရေး ရန်ပုံငွေအတွက် မြန်မာနိုင်ငံမှ စတူရီယို အဆိုတော် ၂၂ ဦး သီဆိုသည့် တေးစီးရီးတခု မကြာမီ ဖြန့်ချိသွားမည် ဖြစ်သည်။

သီချင်း ၁၅ ပုဒ်ပါဝင်မည့် အဆိုပါ တေးစီးရီးအတွက် ယခုအခါ ရန်ကုန်ရှိ နဝရတ် စတူရီယိုတွင် အင်ပါယာ (Emperor), Plus Three, Aurora နှင့် Spectrum စသည့် ဂီတဝိုင်းများက အဓိက တီးခတ်သွားမည် ဖြစ်ပြီး အသံသွင်းမှုကိုလည်း စတင်နေပြီ ဖြစ်သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော်တို့ရဲ့ ရည်ရွယ်ချက်ကတော့ ပေါက်မြောက် အောင်မြင်ဖို့ထက် ရန်ပုံငွေရဖို့အတွက် ပိုရည်ရွယ်ပါတယ်။ ထို့အတူ အနုပညာသည်တွေ အနေနဲ့ တတပ်တအားပေါ့။ ဒီသီချင်းတွေကို နားထောင်ပြီးတော့ စိတ်ဓာတ်ခွန်အားလေး မုန်တိုင်းသင့် ပြည်သူတွေ ပြန်ပေးနိုင်ဖို့အတွက် ရည်ရွယ်တာပါ၊ ဒုတိယ အချက်ကတော့ ငွေရေးကြေးရေးလေး ရပြီး ပြန်လှူဒါန်းနိုင်ဖို့ ရည်ရွယ်ထားပါတယ်။ အောင်မြင်ဖို့ တွေးမထားပါဘူး” ဟု တေးရေးဆရာနှင့် တေးသံရှင် ဆောင်းဦးလှိုင်က မဇ္ဈိမကို ပြောသည်။

စတူရီယို တေးသံရှင် စည်သူလွင်ကလည်း “လေဘေးသင့် ပြည်သူတွေထဲမှာ ကျနော်တို့ရဲ့ ပရိသတ်တွေ အများကြီးပါမယ်။ ကိုယ်က၊ အနုပညာသည်တွေက ပြည်သူတွေရဲ့ အားပေးမှုနဲ့ ရပ်တည်နေရတယ်။ တကယ် ဒုက္ခရောက်နေတဲ့ ပြည်သူတွေကို ကျနော်တို့မှာ ပြန်ပြီးတော့ ကူညီရမယ့် ဝတ္တရားရှိတယ်လို့ ခံယူချက်နဲ့ လုပ်တာပါ” ဟု ပြောသည်။

ခေတ်ပေါ်တေးသံရှင် ရင်ဂို၊ ဆောင်းဦးလှိုင်၊ စည်သူလွင်၊ ဂရေဟမ်၊ ထူးအယ်လ်လင်း၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ ဟေမာနေဝင်း၊ ကော်နီ၊ တင်ဇာမော်၊ လေးလေးဝါး၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ မို့မို့ဇော်ဝင်း၊ သံသာဝင်း၊ ရှင်ဖုန်း၊ ခင်ဘုဏ်း၊ ဇမ်နူး၊ အားမူးနှင့် ကိုင်ဇာတို့ သီဆိုသွားမည် ဖြစ်ကာ ကိုဝေထွန်း (နဝရတ်) က ဦးဆောင် စီစဉ်နေခြင်း ဖြစ်သည်။

ထုတ်လုပ်မှု ကုန်ကျစရိတ်အတွက် သမဝါယမ ဘဏ်လီမိတက် ဥက္ကဋ္ဌ ဦးခင်မောင်အေးက အကျိုးအမြတ် မယူဘဲ ကူညီသွားမည် ဖြစ်သလို၊ အဆိုတော်များနှင့် တီးဝိုင်း အနုပညာရှင်များကလည်း အခကြေးငွေ မယူဘဲ ရရှိလာမည့် အမြတ်အစွန်းများကို လေဘေးသင့် ပြည်သူများအား လှူဒါန်းသွားမည် ဖြစ်သည်။

ဆောင်းဦးလှိုင်က “မနှစ်က မာလာမုန်တိုင်း ဖြစ်ကတည်းက ရွှေပြည်သာမှာ ရေကြီးသွားတော့ လူတွေ ဒုက္ခရောက်သွားပါတယ်။ အဲဒီတုန်းက ရေးခဲ့တာ သီချင်း သုံးပုဒ် ရေးထားခဲ့တယ်။ ဒီနှစ်မှာ မုန်တိုင်း ထပ်တိုက်တော့ နာဂစ်မုန်တိုင်းအကြောင်း ထပ်ဖြည့်လိုက်တာပေါ့။ နာဂစ်မုန်တိုင်းက ပိုဆိုးတာပေါ့။ ပြည်သူတွေကို အားပေးတဲ့ အနေနဲ့ ဒီ သီချင်းကို ရေးခဲ့တာ ဖြစ်တယ်။ သီချင်းရဲ့ အဓိက အနှစ်သာရကတော့ ပြန်ပြီးတော့ ထူထောင်ကြဖို့ အားပေးတဲ့ သဘောမျိုး ရေးစပ်ခဲ့တာပါ” ဟု ပြောဆိုခဲ့သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဖဒိုမန်းရှာ လုပ်ကြံခံရမှုကို စုံစမ်းစစ်ဆေးပေးရန် ဗြိတိသျှအမတ်များက တောင်းဆို


မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 16 2008 12:11 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ ၆ဝ ဦးခန့်ရှိသော ဗြိတိသျှပါလီမန် အမတ်များသည် မြန်မာတိုင်းရင်းသား သူပုန်အဖွဲ့ခေါင်းဆောင် တဦးဖြစ်သော ဖဒိုမန်းရှာလဖန် လုပ်ကြံခံရမှုကို စစ်ဆေးဖေါ်ထုတ်ပေးရန် 'Early Day Motion' ပန်ကြားချက်ကို လက်မှတ်ရေးထိုး၍ ဗြိတိသျှအစိုးရကို တောင်းဆိုလိုက်ကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း တခုဖြစ်သည့် ကရင်အမျိုးသား အစည်းအရုံး (KNU) ၏ အထွေထွေ အတွင်းရေးမှူး လုပ်ကြံခံရသည့်ကိစ္စတွင် တရားဝင် စုံစမ်းစစ်ဆေးမှု တစုံတရာ မရှိသည့်အတွက် ဗြိတိသျှ အစိုးရက တိုက်ရိုက် ဝင်ရောက် စုံစမ်းစစ်ဆေး၍ တရားခံများကို ဖေါ်ထုတ်ပေးပါရန် ဗြိတိသျှ ပါလီမန်အမတ်များက ဗြိတိသျှအစိုးရ ကို တောင်းဆိုလိုက်ကြခြင်း ဖြစ်သည်။

“ဗြိတိသျှ ပါလီမန်အမတ်တွေ ခုလို တောင်းဆိုတာကို ကျမတို့ ကြိုဆိုပါတယ်။ ဒါကျမတို့ကို စိတ်ဓါတ်အရ အားပေး ထောက်ခံရုံသာမက တရားမျှတမှုအတွက် တိုက်ပွဲဝင်တာလဲ ဖြစ်လို့ပါ” ဟု လောလောဆယ် ယူကေနိုင်ငံတွင် ရောက်ရှိနေသည့် မန်းရှာ၏ သမီးဖြစ်သူ ဇိုယာဖန်း က မဇ္ဈိမကို ပြောကြားသွားပါသည်။

အမည်မသိ သေနတ်သမား ၂ ဦးက မဲဆောက်မြို့ရှိ သူ၏ နေအိမ်တွင် ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့က မန်းရှာလဖန် ကို ပစ်ခတ် သတ်ဖြတ်သွားခဲ့ခြင်း ဖြစ်သည်။

“ဒါ ဗမာစစ်အစိုးရ လက်ချက်ဆိုတာ ကျမတို့သိပေမယ့် တရားဝင် ဘာမှ ထုတ်ပြန် ကြေညာတာ မရှိလို့ ကျမတို့ ဝမ်းနည်း ရပါတယ်” ဟု ဇိုယာ က ပြောသွားပါသည်။

ဤသို့ အကြမ်းဘက် လုပ်ရပ်များကို စီစဉ် ကျူးလွန်ခဲ့ခြင်း အတွက်လည်း ဗြိတိသျှ ပါလီမန် အမတ်များက မြန်မာစစ်အစိုးရကို ပြစ်တင် ရှုတ်ချလိုက်သည်။ ဤကိစ္စအတွက် အရေးယူရန်နှင့် ကရင်နှင့် အခြား တိုင်းရင်းသား အရပ်သားများကို တိုက်ခိုက်နေခြင်းအားလည်း ရပ်တန့်ပေးပါရန် ဗြိတိသျှအစိုးရကို သူတို့က တိုက်တွန်း တောင်းဆိုခဲ့ကြသည်။

သူ၏ မပြီးဆုံးသေးသော အလုပ်များကို ဆက်လက် လုပ်ဆောင်ရန်နှင့် သူမတို့၏ ဖခင်ကို သတိတရ ဂုဏ်ပြုသည့် အနေနှင့် သူမ၏ အကို ၂ ဦး၊ ညီမတဦးတို့နှင့်အတူ “ဖန်းဖောင်ဒေးရှင်း” တရပ် ထူထောင်ထားရှိကြောင်း ပြောဆိုခဲ့ပါသည်။

“ဒီဖောင်ဒေးရှင်းကနေ ကရင်လူမျိုးတွေရဲ့ ယဉ်ကျေးမှုကို ထိန်းသိမ်းဘို့နဲ့ ကရင်လူမျိုးတွေရဲ့ ပညာရေးကိုအကူအညီ ပေးဘို့ လုပ်သွားမှာပါ” ဟု ဇိုယာ က ပြောသွားပါသည်။

ကိုယ်ပိုင်ပြဌာန်းခွင့်အတွက် ရာစုနှစ်တဝက်ကျော် တိုက်ပွဲဝင်နေသည့် (KNU) ၏ အထွေထွေ အတွင်းရေးမှူးအဖြစ် ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလတွင် ဖဒိုမန်းရှာ ရွေးကောက် တင်မြှောက်ခံခဲ့ရသည်။

၁၉၆၂ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ သမိုင်းအဓိကဖြင့် ဘွဲ့ရရှိကာ ချက်ချင်းလိုပင် တောတွင်းရှိ ကရင်လှုပ်ရှားမှုတွင် ပူးပေါင်း လက်တွဲပါဝင်ခဲ့သည်။

တိုင်းရင်းသားများနှင့် မြန်မာလူမျိုး မဟာမိတ်များ အားလုံးက လေးစားခံရသူတဦး ဖြစ်ပြီး စစ်အစိုးရကလည်း KNU ၏ တောင့်တင်းခိုင်မာသော ခေါင်းဆောင်တဦးအဖြစ် သူ့ကိုရှုမြင်သည်။

ကွယ်လွန်ချိန်တွင် သူသည် အသက် (၆၄) နှစ်ရှိပြီ ဖြစ်သည်။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်