စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 13, 2008

မေဒေးနေ့တွင်ဖမ်းပြီး နှစ်ရှည်ထောင်ချထားသူများကို လွှတ်ပေးရန် ILO တောင်းဆို

အေးလဲ့ ဇူလိုင် ၁၁၊ ၂၀၀၈

ကမ္ဘာ့အလုပ်သမားနေ့ အလုပ်သမားအခွင့်အရေးဆွေးနွေး ပွဲသို့ တက်ရောက်ခဲ့ခြင်းကြောင့် ထောင်ဒဏ် နှစ်ရှည်ချခံထား ရသူ ၆ ဦး အား ပြန်လည်လွှတ်ပေးရန် အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO) က ယနေ့ တွင် တောင်းဆို လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၂၀၀၇ ခုနှစ် မေလ ၁ရက် ကမ္ဘာ့အလုပ်သမားနေ့က အမေရိကန်စင်တာတွင် ကျင်းပသည့် အလုပ်သမား အခွင့်အရေး ဆိုင်ရာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သော ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်း၊ ကိုကျော်ကျော်၊ ကိုညီညီဇော် တို့အား အမြန်ဆုံးပြန်လွှတ်ပေးရန် ဂျနီဗာ အခြေစိုက် ILO အဖွဲ့က ကြေညာချက် တစောင်ထုတ်ပြန် တောင်းဆိုလိုက်ခြင်းဖြစ်သည်။
ယင်း ILO အမှုဆောင် ဒါရိုက်တာ Mr Kari Tapiola က “အခုဖမ်းဆီး ထားသူတွေရဲ့ ပြစ်ဒဏ်တွေကို ပြန်လည် လျှော့ပေါ့ စဉ်းစားပြီး အမြန်ဆုံး ပြန်လွှတ်ပေးဖို့ မြန်မာအစိုးရ ကို ကျနော်တို့ မေတ္တာရပ်ခံတောင်းဆို ထား တာပါ”ဟု ၎င်း ထုတ်ပြန် ချက်တွင် ပြောဆိုထားသည်။
ထို့အပြင် ယခုထုတ်ပြန်ချက်၌ ကမ္ဘာ့အလုပ်သမားနေ့သည် အလုပ်သမားများ လွတ်လပ်စွာစည်းရုံး လှုပ်ရှားခြင်း၊ စိတ်ကူး စိတ်သန်း သတင်းအချက်အလက်များ လွတ်လပ်စွာ ဖလှယ်ပြောဆိုခြင်းများစသည့် ကမ္ဘာ့အလုပ်သမားအခွင့်အရေးများကို ဖော်ဆောင်ခြင်းအထိမ်းအမှတ် ဖြစ်သည့်အတွက် ကမ္ဘာ့အလုပ်သမား နေ့ တွင် အလုပ်သမား အခွင့် အရေးအတွက် ပြောဆို ဆွေးနွေးသူများအား ဖမ်းဆီးခြင်းသည် ၎င်းတို့၏ လွတ်လပ်ခွင့်အား ပိတ်ပင်ခြင်းဖြစ်ကြောင်းတို့လည်း ပါဝင်သည်။
“ဒီအမူနဲ့ ပတ်သက်ပြီး ၂၀၀၇ စက်တင်ဘာလ ကတည်းက သူတို့ကို လွှတ်ပေး ဖို့ ILO က တောင်းဆိုခဲ့ပါတယ်၊ တရားရုံး အဆင့်အထိ ပြန်လွှတ်ပေးဖို့ မျှော်လင့်ခဲ့ပါသေးတယ်”ဟု လည်း Mr Kari Tapiola ကပြော သည်။
အဆိုပါ ဖမ်းဆီးခံထားရသူများ၏ ရှေ့နေ ဦးခင်မောင်ရှိန်ကလည်း ၎င်း ၆ ဦး သည် တရားမဝင်အဖွဲ့ အစည်း ဖွဲ့စည်းမူ၊ လူဝင်မူကြီးကြပ်ရေး ဥပဒေချိုးဖောက်မှု၊ တရားမဝင် ပုံနှိပ်မှု ၊ အစိုးရကို အကြည်အညှိပျက်စေ မှုများဖြင့် ထောင်ဒဏ် အနှစ် ၂၀ မှ ၂၈ နှစ် အထိ ပြစ်ဒဏ် ချမှတ်ခံရခြင်းဖြစ်ကြောင်း ပြောသည်။
“ဆက်ပြီးတော့ လည်း နောက်ဆုံးအခွင့်အရေးအနေနဲ့ တရားရုံးချူပ်မှာ အထူးအယူခံဖို့ရှိပါတယ်” ဟုလည်း ဦးခင်မောင်ရှိန် ကပြောသည်။
၂၀၀၇ ခု အောက်တိုဘာလတွင် ထောင်နှစ်ရှည်ကျခံရမှုကို လျှော့ချ ပေးစေရန်အတွက် ထောင်ကျခံရသူ မိသားစုဝင်များ ကလည်း ILO မှတဆင့် အကူအညီတောင်းခံခဲ့ကြသည်။
ယမန်နှစ် မေဒေးနေ့ နံနက်ပိုင်းက အမေရိကန်စင်တာ၌ ဆွေးနွေးပွဲတက်ရောက်ပြီး ပြန်လာသည့် ယခု နှစ်ရှည် ထောင်ချ ခံရသူ ၆ ဦး အပါအင် ၃၃ ဦး ကို စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့(စရဖ) က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

No comments: