စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 13, 2008

အနောက်နိုင်ငံများက မြန်မာစစ်အစိုးရ စစ်သံမှူးများကို လက်မခံ

NEJ/ ၁၁ ဇူလိုင် ၂၀၀၈

မြန်မာစစ်သံမှူးများနှင့် တွဲဖက်စစ်သံမှူးများကို နိုင်ငံအသီးသီးက လက်မခံတော့သည့်အတွက် အဆိုပါ စစ်သံမှူးဟောင်း စစ်အရာရှိများ နိုင်ငံခြားရေးဝန်ကြီးဌာန ရောက်လာမည်ကို အရပ်ဘက် ၀န်ထမ်းများ စိုးရိမ်နေသည်ဟု နေပြည်တော်သတင်းရပ်ကွက်က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
စစ်တပ်မှ ပြောင်းလာသည့် စစ်အရာရှိများကို တဆင့်မြင့်ရာထူးဖြင့် နိုင်ငံခြားရေးဝန်ကြီးဌာန၌ ခန့်အပ်နေသည့်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက်ဝန်ထမ်းများအား သတ်မှတ်သည့် ၀န်ထမ်းသက်အလိုက် ရာထူးပေးသည့်စနစ်ကို ရပ်ဆိုင်းထားသည်ဟု အရာရှိတဦးက ပြောသည်။
အရပ်ဘက်ဝန်ထမ်းများ ရာထူးတက်ပေးရာတွင် ဘာသာရပ်ဆိုင်ရာ အထူးကျွမ်းကျင်သူများ၊ လက်မှတ်ရပြီးသူများနှင့် မဟာဘွဲ့ရပြီးသူများမှအပ ကျန်အရပ်ဘက် ၀န်ထမ်းများကို ရာထူးတိုး ပေးတော့မှာ မဟုတ်သည့်အတွက် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန အရပ်ဘက်ဝန်ထမ်း များ ပိုပြီး မကျေမနပ် ဖြစ်နေသည်ဟု စုံစမ်းသိရသည်။
မြန်မာစစ်အစိုးရ လုပ်ရပ်အပေါ် မကျေနပ်သည့်အတွက် နိုင်ငံခြား မြန်မာသံရုံးများတွင် စစ်သံမှူး များအား လက်မခံသည့် နိုင်ငံအရေအတွက်မှာ လက်ရှိ စစ်အစိုးရလက်ထက်တွင် အများဆုံး ဖြစ်သည်။ အထူးသဖြင့် လက်ရှိ စစ်အစိုးရလက်ထက်တွင် မြန်မာစစ်သံမှူးများ လက်မခံသည့် အနောက်နိုင်ငံများ၊ ဥရောပနိုင်ငံများ အများအပြားရှိသည်ဟု အမည်မဖော်လိုသည့် သံတမန် တဦးက ပြောသည်။
မြန်မာစစ်အစိုးရ စေလွှတ်သည့် စစ်သံမှူးများကို လုံးဝ လက်မခံသည့် နိုင်ငံများ ရှိလာသည့် အတွက် အချို့နိုင်ငံများရှိ မြန်မာသံရုံးများတွင် အနည်းဆုံး ဒု-အရာခံဗိုလ်အဆင့်များကို တွဲဖက်ထားနိုင်အောင် စစ်အစိုးရက မလိမ့်တပတ် ကြိုးပမ်းခဲ့သည်ဟု နေပြည်တော်သတင်း ရပ်ကွက်က ပြောသည်။
အဆိုပါ ဒု-အရာခံဗိုလ်အဆင့် တွဲဖက်စစ်သံမှူးများကို သက်ဆိုင်ရာ မြန်မာသံရုံး သံမှူးကြီးဖြစ်စေ၊ သံမှူးကဖြစ်စေ ပူးတွဲတာဝန်ယူ အုပ်ချုပ်ခဲ့သော်လည်း အဆိုပါ တွဲဖက်စစ်သံမှူးများမှာ တာဝန် သီးခြားမရှိဘဲ နိုင်ငံတော်ငွေ လာရောက်ဖြုန်းနေသူများဟု အရပ်ဘက် သံတမန်များက မြင်လေ့ ရှိသည်။
နိုင်ငံခြား မြန်မာသံရုံးများတွင် စစ်သံမှူးများကိုယ်စား ရောက်လာသည့် အဆိုပါ တွဲဖက်စစ်သံမှူး များတွင် အတိုက်အခံဘက်မှ ထောက်ပံ့ကြေး ရယူထားသူအချို့လည်း ပါဝင်သည်ဟု အမည် မဖော်လိုသည့် သံတမန်တဦးက ပြောသည်။
ယခုအခါ မြန်မာစစ်အစိုးရသည် နိုင်ငံခြား မြန်မာသံရုံးများရှိ စစ်သံမှူးများနေရာတွင် ခန့်ထားသည့် ဒု-အရာခံဗိုလ်အဆင့် တွဲဖက်စစ်သံမှူးများကိုပါ နိုင်ငံခြား စေလွှတ်တော့မှာ မဟုတ်သည့်အတွက် အဆိုပါ အရာရှိများ နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာန ရောက်လာမည်ကို အရပ်ဘက် ၀န်ထမ်းများ စိုးရိမ်နေခြင်း ဖြစ်သည်ဟု စုံစမ်းသိရသည်။

No comments: