စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 13, 2008

စစ်ကိုင်းတိုင်း ပဲခူးတိုင်း မြစ်ရေကြီး၊ လယ်များ ရေမြုပ်

ပီတာအောင်/ ၁၁ ဇွန် ၂၀၀၈

ချင်းတွင်းနှင့် စစ်တောင်းမြစ်ရေ တက်လာသဖြင့် စစ်ကိုင်းတိုင်းနှင့် ပဲခူးတိုင်းအတွင်းရှိ စပါးစိုက် လယ်ယာမြေအချို့ ရေနစ်မြုပ်လျက်ရှိသည်ဟု ဒေသခံများက ပြောသည်။
ချင်းတွင်းမြစ် ရေလျှံမှုကြောင့် စစ်ကိုင်းတိုင်း မုံရွာမြို့အနီးရှိ ထန်းလေးပင်၊ ကျွန်းကြီး၊ နတ်ကြီး ကျွန်း၊ ညောင်ဖြူပင်၊ ညောင်ပင်ကြီး စသည့်ကျေးရွာများရှိ လယ်ကွင်းများ ရေနစ်မြုပ်လျက်ရှိ ကြောင်း မုံရွာမြို့ခံတဦးက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “မုံရွာတောင်ဘက်က ကျွန်းရွာတွေပေါ့ဗျာ၊ ရွာ (၂၀- ၃၀) လောက်ရှိမယ်၊ စပါးတွေ နှမ်းတွေ အကုန်ပျက်တယ်။ တချို့က ရိတ်ရမယ့်ဟာတွေ အချိန်မီ မရိတ်လိုက်နိုင်ဘူးပေါ့ဗျာ” ဟု ပြောသည်။
မုံရွာမြို့ပေါ်တွင်လည်း မြစ်ရေသည် စိုးရိမ်ရေမှတ်ထက် (၃၀) စင်တီမီတာ ကျော်လွန်နေပြီး ယခု ထက် ပိုတက်လာပါက မြို့ပေါ်ရပ်ကွက်အချို့ရေမြုပ်သွားနိုင်ကြောင်း၊ မြို့အနောက်ပိုင်း ရပ်ကွက် များရှိ သီးနှံနှင့် ဆန်ပွဲရုံများ ရေမြင့်ရာသို့ ပြောင်းရွှေ့ထားနေကြသည်ဟု အဆိုပါမြို့ခံက ဆက် လက်ပြောသည်။
ပဲခူးတိုင်း မဒေါက်မြို့အနီးရှိ ကျေးရွာအချို့မှာမူ မြစ်ရေကြီးမှုကြောင့် မဟုတ်ဘဲ ရဲနွယ်ရေတံခါးမှ ရေလွှတ်လိုက်သဖြင့် စပါးကွင်းများ ရေလွှမ်းခံနေရကြောင်း မြို့ခံတဦးက ပြောသည်။
၎င်းက “အခုဖြစ်နေတာက ရေပေါ်တောင်ရွာအုပ်စုတွေဆိုလို့ရှိရင် ရဲနွယ်ရေတံခါးကလွှတ်တဲ့ အခါကျတော့ တာကြီးကခံထားတော့ အဲဒီရေက ချောင်းဘက်ကိုမစီးဘဲနဲ့ စပါးစိုက်ပြီးသား လယ်တွေမြုပ်ကုန်တယ်။ အဲဒီရေတွေဟာ ၀ါးရုံကုန်းတို့၊ တောင်သူကုန်းတို့အထိ ရေတွေ ဖွေးနေတာပဲ” ဟု ပြောသည်။
ရဲနွယ်ရေတံခါးသည် ရေအားလျှပ်စစ်ထုတ်လုပ်သည့်နေရာဖြစ်ပြီး ယမန်နှစ်က အဆိုပါ စီမံကိန်းပြီး ကတည်းက လယ်ယာမြေများ ရေလွှမ်းမှုနှင့်ကြုံတွေ့ရခြင်းဖြစ်ကြောင်း ဒေသခံတဦးက ပြောသည်။
ပဲခူးမြို့တွင်လည်း ပဲခူးမြစ်ရေလျှံမှုကြောင့် ကျောက်ကြီးစု၊ ဇိုင်းဂနိုင်းတောင်ပိုင်းနှင့် မြောက်ပိုင်း ရပ်ကွက်များ ရေ၀င်ကုန်ပြီး ပဲခူးမြို့အနီးရှိ ၀င်းကရင်နှင့် ၀င်းနက်ကြီးရွာများရှိ လယ်ဧက (၂၀၀) ခန့် ရေနစ်မြုပ်နေသည်ဟု ပဲခူးမြို့ခံတဦးထံမှ သိရသည်။
ညောင်လေးပင်မြို့၌မှု လယ်ပင်ဆိပ်ချောင်းရေလျှံမှုကြောင့် ကောက်ကွေ့ရွာနှင့် ရွက်လှကုန်းရွာရှိ စပါးပျိုးခင်းတချို့ရေနစ်မြုပ်သည်မှလွဲ၍ ကြီးကြီးမားမား အပျက်အစီးမရှိဟု သိရသည်။
ချင်းတွင်းမြစ်ရေသည် မော်လိုက်၊ ကလေးဝနှင့်မုံရွာမြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ဆက်လက် ရှိနေပြီး ခန္တီး၊ ဟုမ္မလင်း၌ စိုးရိမ်ရေမှတ် အောက်ပြန်လည် ကျဆင်းသွားပြီဟု မိုးလေ၀သနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ယနေ့သတင်းထုတ်ပြန်သည်။

No comments: