စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 12, 2008

နာဂစ်ဆိုင်ကလုန်းကြောင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ သင်္ခန်းစာရရှိ

အေးချမ်းမြေ့ ဇူလိုင် ၁၁၊ ၂၀၀၈

မေလဆန်းက တိုက်ခတ်သွားသော နာဂစ်ဆိုင်ကလုန်းမုန်တိုင်းက မြန်မာစစ် အစိုးရနှင့် ပြည်သူများကို သဘာဝပတ်ဝန်း ကျင်နှင့် ပတ်သက်သည့် သင်္ခန်းစာတခု ပေးသွား ခဲ့ကြောင်း မြန်မာ့သဘာဝပတ်ဝန်းကျင် ပညာရှင်တဦးဖြစ်သည့် ဦးအုန်းက သုံးသပ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒါ သဘာဝကပေးတဲ့ ကောင်းချီးမင်္ဂလာပဲဗျ။ ဖြစ်သွားတာတော့ ဖြစ်သွားပြီ။ ဒါပေမယ့် နောက်ကို ဒီလိုဆိုးဆိုးရွားရွား မဖြစ်အောင် ဘယ်လို လုပ်ရမယ်ဆိုတာ အစိုးရကိုကော ပြည်သူကိုပါ အမြင်ပွင့်အောင် လုပ်ပေးလိုက်သလိုပဲ” ဟု ဦးအုန်းက ဧရာဝတီသို့ ပြောကြားခဲ့သည်။
ဆက်လက်၍ ၎င်းက ဒီရေတောများ မျိုးသုဉ်းပျောက်ကွယ်လျှက်ရှိသည့် မြစ်ဝကျွန်းပေါ် ဒေသများသည် နာဂစ်ဆိုင်ကလုံး မုန်တိုင်း ဒဏ်ကို ဆိုးဆိုးရွားရွား ပိုမို ခံစားခဲ့ရသည်ဟု ရှင်းပြသည်။
“ဆူနာမီတုန်းက ဒီလောက်ဒဏ်မခံခဲ့ရဘူး။ အခုနာဂစ်မှာ တော်တော်သိသိသာသာ ခံလိုက်ကြရတယ်” ဟု ၎င်းကပြောသည်။
ဦးအုန်းသည် ရန်ကုန်အခြေစိုက်သဘာဝပတ်ဝန်းကျင်နှင့် သစ်တောထိန်းသိမ်းရေးဆိုင်ရာ အစိုးရမဟုတ်သော အဖွဲ့အစည်း ဖရီးဒါ (FREDA) ၏ အထွေထွေ အတွင်းရေးမှူး ဖြစ်သည်။ ယခုအခါ ၎င်းအဖွဲ့အစည်းက နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဒဏ် ခံခဲ့ရသည့် ဧရာဝတီမြစ်ဝကျွန်းပေါ် ဒေသတွင် ဒီရေတောများ ပြန်လည်စိုက်ပျိုးရန် ကျိုးစားလျှက် ရှိသည်။
ဦးအုန်းက မြန်မာစစ်အစိုးရကော ပြည်သူများပါ ယခင်က သဘာဝပတ်ဝန်းကျင်ကို အလေးထား ဂရုစိုက်သင့်ကြောင်း အသိမရှိခဲ့သော်လည်း ယခုကဲ့သို့ နာဂစ် ဆိုင်ကလုန်း မုန်တိုင်းကြောင့် ဆိုးရွားစွာ ပျက်စီးဆုံးရှုံးခဲ့ပြီးသည့်အချိန်တွင် သဘာဝပတ်ဝန်းကျင်ကို အလေးထားရကောင်းမှန်း သိရှိလာသဖြင့် အဆိုးထဲမှ အကောင်းတခု ဖြစ်သည်ဟု ဆိုသည်။
စစ်အစိုးရပိုင် သတင်းစာတစောင်ဖြစ်သည့် ဇူလိုင် ၉ ရက်နေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဒီရေတောများ ထိန်းသိမ်းရန် ဆောင်းပါးတပုဒ် ထည့်သွင်းရေးသား လာသည်ကို တွေ့ရသည်။
မြစ်ဝကျွန်းပေါ်ဒေသတွင် ယခင်က ဒီရေတောများ ထူထပ်များပြားစွာ ပေါက်ရောက် ရှင်သန်လျှက်ရှိသော်လည်း လယ်မြေ အတွက် ဒီရေတောများရှင်းလင်းခြင်း၊ ငါးပုစွန် ကန်များအတွက် ဒီရေတောများကို တမန်တုတ်ကာ ပျက်သုဉ်းစေခြင်း၊ စီးပွားဖြစ် မီးသွေးဖုတ်ရန်အတွက်သော်လည်းကောင်း ထင်းအတွက်သော်လည်းကောင်း ဒီရေတောများကို ခုတ်ထွင်ခဲ့သဖြင့် ဒီရေတောများ ရှားပါးမျိုးသုဉ်းပျောက်ကွယ် ခဲ့ရသည်ဟု သဘာဝပတ်ဝန်းကျင် ပညာရှင်များက သုံးသပ်သည်။
“ခု အဖြစ်အပျက်က သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်ဖို့ပျက်ကွက်ခဲ့တဲ့အတွက် တိုက်ရိုက်ဆိုးကျိုးခံစားရတယ် ဆိုတာ ထင်ထင်ရှားရှားပြလိုက်တာပဲ။ ကျနော်တို့ရဲ့ ဒီရေတောတွေကို ဆက်မထိန်းသိမ်းဘူးဆိုရင် နောက်တခါကျ ဒီထက် ဆိုးဆိုးရွားရွား ခံစားရလိမ့်ဦးမယ်” ဟု ဦးအုန်းက ပြောသည်။
မြန်မာပြည်၏ သဘာဝ သစ်တောကြိုးဝိုင်းဧရိယာမှာ ဟက်တာ ၃၄ သန်း ရှိပြီး အရှေ့တောင် အာရှနိုင်ငံများတွင် အင်ဒိုနီးရှားနိုင်ငံပြီးလျင် အကြီးဆုံးဖြစ်သည်။ သို့ရာတွင် ဧရာဝတီတိုင်း၌ သစ်တော ပြုန်းတီးမှုမှာ အဆိုးရွားဆုံးဖြစ်ပြီး လွန်ခဲ့သည့် ၁၀ နှစ်ကျော်ကာလအတွင်း ဒီရေတောပမာဏ ၂၀ ရာခိုင်နှုန်းကျော် မျိုးသုဉ်းပျောက်ကွယ်ခဲ့ကြောင်း ဝါရှင်တန် ဒီစီ အခြေစိုက် အကျိုးအမြတ်မရရှိသော အဖွဲ့အစည်း Conservation International ၏ လေ့လာတွေ့ရှိချက်အရ သိရသည်။
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ကျန်ရှိနေသည့် ဒီရေတောများစွာ ပျက်သုဉ်းခဲ့သည့် အပြင် ရန်ကုန်မြို့ရှိ နှစ် ၅၀ မှ ၁၀၀ အတွင်းသက်တမ်းရှိသည့် သစ်ပင်ကြီးများစွာ ပျက်စီး ပြိုလဲခဲ့ရသည်။
“ပြည်သူ့ဥယျာဉ်ထဲက သစ်ပင်တွေဆို မရှိတော့သလောက်ဘဲ။ ဟိုးဘက်လမ်းကို ဒီဘက်ပြည်လမ်းကနေ တိုးလျှိုပေါက် မြင်နိုင်လောက်အောင် ဖြစ်သွားတယ်။ ရန်ကုန်တက္ကသိုလ်ထဲက သစ်ပင်တွေလည်း ဒီတိုင်းပဲ။ အရင်က သီရိဆောင်တို့ မာလာဆောင်တို့ကို ကွယ်ထားတဲ့ အပင်ကြီးတွေ ဘာတပင်မှ မရှိတော့ဘူး” ဟု ရန်ကုန် မြို့ခံတဦးကဆိုသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ပန်းဥယျာဉ်နှင့် အားကစားကွင်းများ ဌာနက တာဝန်ရှိသူတဦး၏ ပြောကြား ချက်အရ နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်မြို့ရှိ နှစ် ၅၀ နှင့် အထက် သက်တမ်းရင့် သစ်ပင် ၅၃၁ ပင် အပါအဝင် အပင်ပေါင်း ၁၀၀၀၀ နီးပါးခန့် ပြိုလဲ ပျက်စီးခဲ့ရကြောင်း ပြည်တွင်းဂျာနယ် တချို့တွင် ရေးသား ဖော်ပြထားသည်။
ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအနေနှင့် ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပြိုလဲပျက်စီးခဲ့ရသည့် သစ်ပင်ကြီး များကို သိမ်းဆည်းသွားပြီး မည်ကဲ့သို့ အသုံးချသည်ကို မသိရကြောင်း ရန်ကုန်မြို့ခံတဦးကပြောသည်။
ရန်ကုန်အခြေစိုက် ယခုတပတ် ဆဲဗင်းဒေး နယူးစ် အပတ်စဉ်ဂျာနယ်တွင်မူ စစ်အစိုးရက နာဂစ် ဆိုင်ကလုံးကြောင့် ပြိုလဲ ကျခဲ့သည့် ရန်ကုန်စည်ပင်သာယာ နယ်နိမိတ် အတွင်းမှ သစ်ပင်များနှင့် သစ်မြစ်ဆုံများကို ပုံစံပြောင်းကာ ပြည်တွင်းနှင့် နိုင်ငံခြား စီးပွားရေး လုပ်ငန်းရှင် များအတွက် လေလံပစ်တော့မည်ဟု ဖော်ပြပါရှိသည်။
ပုံစံပြောင်းကာ ပန်းပုထုရန်အတွက် ပဲခူးနှင့် ဒါးပိန်တို့မှ ပန်းပုဆရာ ၄၅ ဦးခန့်ကို ရွေးချယ် ခေါ်ယူထားသည်ဟု ၎င်းဂျာနယ် တွင် ရေးသားထားသည်။
ယခုအခါတွင် စစ်အစိုးရအနေနှင့် မုန်တိုင်းကြောင့် ပြိုလဲပျက်စီးသွားသော သစ်ပင်များ နေရာတွင် သစ်ပင်ပေါင်း ၃၀၀၀၀ ကျော် စိုက်ပျိုးသွားမည် ဖြစ်ကြောင်း ၎င်းတို့ပိုင် သတင်းစာများတွင် ရေးသားထားသည်ကို တွေ့ရသည်။

No comments: