စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 13, 2008

ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကေအန်ယူသို့ ပြန်လည်ဝင်ရောက်လာသည့် ဒု-ဗိုလ်မှူးကြီးစောဂေထူးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း

ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီအဖွဲ့မှ ကေအန်ယူသို့ ပြန်လည်ဝင်ရောက်လာသည့် ဒု-ဗိုလ်မှူးကြီးစောဂေထူးနှင့် ခေတ်ပြိုင်တွေ့ဆုံမေးမြန်းခန်း

ယခင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) မှ တပ်မဟာမှူး ဗိုလ်မှူးချုပ်စောဌေးမောင်သည် ယမန်နှစ် ဖေဖော်ဝါရီ (၁၁) ရက်က ကေအန်ယူမှ ခွဲထွက်ကာ အင်အား (၃၀၀) ခန့်နှင့်အတူ ကေအန်ယူ/ ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီကို ဖွဲ့စည်းခဲ့ပြီး နအဖနှင့် ပူးပေါင်းသွားခဲ့သည်။ ဗိုလ်မှူးချုပ်စောဌေးမောင်နှင့် ထော့ကိုကိုးစခန်းသို့ လိုက်ပါသွားသူ ဒု-ဗိုလ်မှူးကြီး စောဂေထူးသည် မကြာခင်က ကေအန်ယူသို့ ပြန်လည်ဝင်ရောက်ခဲ့သည်။ ကေအန်ယူအဖွဲ့မှ ခွဲထွက်ပြီး (၁) နှစ်ကျော်အကြာတွင် ပြန်လည်အလင်းဝင်လာသူ ဒု-ဗိုလ်မှူးကြီး စောဂေထူးအား မိခင် ကေအန်ယူတပ်မဟာ (၇) သို့ ပြန်လာရသည့်အကြောင်းရင်းကို ခေတ်ပြိုင်ကမေးရာ ဒု-ဗိုလ်မှူးကြီးစောဂေထူးက ယခုကဲ့သို့ စတင်ဖြေသည်။
ဖြေ။ ။ ဟိုမှာဆက်နေရင် နအဖရဲ့သွေးထိုးသပ်လျှိုမှုကြားမှာ ကောက်စားခံရမှာကို စိုးရိမ်ပြီး နောက်ကျောမလုံတဲ့အတွက် ဒီဘက်ကို ပြန်လာရတာဖြစ်တယ်။ ဟိုမှာလည်း စိတ်ကုန်ပြီး ပြန်လာ ချင်တဲ့လူတွေ အများကြီးရှိပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးကောင်စီမှာ ဘာရာထူးနဲ့ တာဝန်ယူခဲ့ပါသလဲ။

ဖြေ။ ။ ငြိမ်းချမ်းရေးကောင်စီမှာ ဒု-ဗိုလ်မှူးကြီး ဆက်သွယ်ရေးဌာနတာဝန်ခံ (ဗဟို) ဖြစ်ပါတယ်။
မေး။ ။ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ရဲ့ လက်ရှိအခြေအနေ ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ လက်ရှိအင်အား (၈၀၀) ခန့်ရှိတယ်။ ကုလား၊ ကရင်၊ ရခိုင်၊ ဗမာ အစုံပဲ။ လက်နက် အင်အားက (၂၀၀) လောက်ရှိတယ်။ ရောက်ကာစက နအဖက လက်နက်ငယ် (၂၀၀) ပေးမယ် လို့ပြောတယ်။ အခုထိ တလက်မှ မပေးဘူး။ ကြည့်ရတာ ကျနော်တို့ကို မယုံဘူးနဲ့တူတယ်။ အဖွဲ့ ရပ်တည်ဖို့အတွက် နအဖက မြ၀တီနဲ့ မော်လမြိုင်ကို နော်တရာ ကားလိုင်းအမည်နဲ့ ကားဆွဲခွင့် ပေးတယ်။ အဲဒါကို တာဝန်ယူရတာက ကျနော်တို့အဖွဲ့က ဗိုလ်မှူးမောင်ကျော် ဖြစ်တယ်။ ဒီလူက ရတဲ့ပိုက်ဆံတွေကို ကိုယ်ကျိုးအတွက်သုံးပြီး အဖွဲ့ကို တ၀က်လောက်ပဲပေးတော့ ပြဿနာတွေ ဖြစ်ပြီး ဗိုလ်ဌေးမောင်က သူ့ကို အဖွဲ့က ထုတ်ဖို့အထိ လုပ်တယ်။ အဲဒါကို မောင်ကျော်နဲ့ ဝေစား မျှစားလုပ်တဲ့ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီးမင်းချစ်ဦးက ဗိုလ်ဌေးမောင်ကို သွားပြီး တကြိမ်တခါမှားတာ ခွင့်လွှတ်ပေးပါ၊ နောက်ကို မဖြစ်စေရပါဘူး၊ သူတာဝန်ယူပါတယ်လို့ သွား ပြောတဲ့အတွက် သူ့ကိုမထုတ်တာ။ နအဖ စစ်ဦးစီး ပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးကတော့ မောင်ကျော်ကို လုံးဝကြည့်လို့မရဘူး။ သူတို့ ပရိယာယ်လုပ်တာလားတော့ မသိဘူး။ အခုကြား တာကတော့ မောင်ကျော် ဂျာမနီပြန်သွားတယ်။ ကျနော်ထင်တယ် သူပြန်လာရဲတော့မှာ မဟုတ် ဘူး။ သူ့ကို မကြိုက်တဲ့လူ အဖွဲ့ထဲမှာ အများကြီးရှိတယ်။
မေး။ ။ အဖွဲ့ခေါင်းဆောင် ဗိုလ်ဌေးမောင်ရဲ့ အနေအထား သိပါရစေ။

ဖြေ။ ။ ဗိုလ်ဌေးမောင်ကတော့ ငြိမ်းချမ်းရေးလိုချင်တာ တခုပဲသိတယ်။ အခြားဟာတွေ သိပ် မတွေးဘူး။ သူထင်တာက ကရင်နဲ့ ဗမာ တိုက်တာ ကရင်လည်းမနိုင်ဘူး၊ ဗမာလည်းမနိုင်ဘူး။ ကရင်နဲ့ ဗမာ မတိုက်ခိုက်ကျရင် ငြိမ်းချမ်းရေးရပြီလို့ သူထင်တယ်။ အဖွဲ့ကို စောင့်ကြည့်တာဝန် ယူရတဲ့ နအဖ စစ်ဦးစီးပထမတန်း ဗိုလ်မှူးကြီး မြထွန်းဦးနဲ့ မင်းချစ်ဦးဟာ ဗိုလ်ဌေးမောင် ဘယ်ကိုပဲ သွားသွား အနောက်က အမြဲလိုက်တယ်။ သူဘာလုပ်လုပ် သူ့နားမှာ ထောက်လှမ်းရေးတွေ အမြဲရှိတယ်။ ဗိုလ်ဌေးမောင် နေထိုင်မကောင်းဖြစ်ရင် နအဖ ကောင်းကောင်းမွန်မွန် ဆေးဝါး ကုသပေးတယ်။ ဗိုလ်ဌေးမောင် သေမှာကို သူ့တို့ စိုးရိမ်တယ်။ ဗိုလ်ဌေးမောင် သေရင် ကျန်တဲ့ လူတွေ အကုန် တောပြန်ခိုမယ်လို့ သူတို့ယုံကြည်ထားတယ်။ ဗိုလ်ဌေးမောင်ကို နယ်စပ်ဘက် ပေးမလာတော့ဘူး။ ထော့ကိုကိုးနဲ့ ဘားအံ၊ ရန်ကုန်၊ မော်လမြိုင်၊ ဧရာဝတီတိုင်းတွေကိုပဲ ပေးသွားတယ်။ သူ့ကို ပညာသားပါပါနဲ့ နအဖက ချုပ်ကိုင်ထားတယ်။
မေး။ ။ ယခင်နှစ်က ဗိုလ်ဌေးမောင်ရဲ့သမက် စောလယ်မူးလုပ်ကြံရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သိပါရစေ။

ဖြေ။ ။ ကျနော်ထင်တာကတော့ ဒီကိစ္စ နအဖလက်ချက်ပဲ။ ပြီးခဲ့တဲ့နှစ် ဇန်န၀ါရီ (၂၉) ရက်နေ့ ည (၁၂) နာရီမှာ လယ်မူးဟာ မယ်လမှာရှိတဲ့ သူ့အိမ်မှာ အိပ်နေရင်း အိပ်ယာအောက်မှာ ထောင် ထားတဲ့ဗုံးပေါက်ကွဲပြီး သေသွားတယ်။ ဗုံးမပေါက်ကွဲခင် စပ်ကြားမှာ မောဖားသူးစခန်းမှာ ထိုင်တဲ့ နအဖ တပ်ဖွဲ့တွေကနေ အကြောင်းကြားလာတယ်။ ခင်ဗျားတို့ သတိထားကြပါ။ ခင်ဗျားတို့ စခန်း အနီးအနားမှာ တစုံတခု ဖြစ်လိမ့်မယ်လို့ ပြောတယ်။ သူပြောပြီး မကြာဘူး၊ ဗုံးပေါက်ပြီး လယ်မူး သေသွားတယ်။ နအဖက ထပ်ပြောတယ်။ ဒီလုပ်ကြံမှုဟာ ငြိမ်းချမ်းရေးကောင်စီအဖွဲ့ တပ်ရင်း (၇၀၃) က တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီး ကျော်အေးရဲ့ လက်ချက်ဖြစ်တယ်။ ကျော်အေးနဲ့အတူ နောက်ထပ် ပတ်သက်နေသူတွေရှိသေးတယ်လို့လည်း ပြောတယ်။ ဒီကိစ္စ ကျော်အေးနဲ့ မပတ်သက်ဘူးဆိုတာ အားလုံးသိတယ်။ ဒါကို လယ်မူးမိန်းမနဲ့ လယ်မူးတူတွေက မသိဘူး။ ဗိုလ်ကျော်အေးကို သွားဖမ်းလာပြီး ၀ိုင်းဝန်းရိုက်နက် ထိုးကြိတ်ကြပြီး ပစ်သတ်လိုက်တယ်။ အဲဒီအဖြစ်ကိုကြည့်ပြီး ကျနော်တို့ ဆီမှာရှိတဲ့ တပ်မှူးတွေဟာ သြော်.. နအဖကတော့ ငါတို့ကို တကောင်ပြီး တကောင် ကောက်စားကြတော့မယ်ဆိုပြီးတော့ ပြောဆိုကြတယ်။ အဲဒီထဲက ကျနော်တို့လည်း နောက်ကျောသိပ်မလုံတော့ဘူး။ ကိုယ့်အလှည့် ဘယ်တော့ရောက်မလဲ ဆိုပြီးတော့ တွေးပူနေရတယ်။ ဒါကြောင့် အခွင့်သာတာနဲ့ အခုလို ထွက်လာတာပါ။
မေး။ ။ ပဒိုမန်းရှာ လုပ်ကြံခံရတာနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင်ရဲ့အမြင် ဘယ်လိုရှိပါသလဲ။

ဖြေ။ ။ ပဒိုမန်းရှာ သေတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဗိုလ်ဌေးမောင် ပြောတာကတော့ ပဒိုမန်းရှာဟာ မဲဆောက်မှာနေတာ ဘယ်လိုဖြစ်လို့ လွယ်လွယ်ကူကူနဲ့ သူများသွားကြံလို့ရတာလည်းလို့ ပြော ဖူးတယ်။ အခြားတော့ ပဒိုမန်းရှာနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား ပြောတာဆိုတာတွေတော့ မကြားမိပါဘူး။
မေး။ ။ ကရင်လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘာများပြောချင်ပါသလဲ။

ဖြေ။ ။ ကျနော်လေ့လာကြည့်သလောက် ကေအန်ယူ၊ ကေအန်ဒီအို၊ ဒီကေဘီအေနဲ့ အခြား ကရင်အဖွဲ့တွေဟာ ကိုယ့်အမျိုးကိုတော့ အားလုံးချစ်ကြတယ်။ အဓိက ညီညွတ်ရေးကို မတည် ဆောက်နိုင်တာ အဆိုးဆုံးပြဿနာပဲ။ နအဖကတော့ ခွဲမှာပဲ။ အဲဒါကို အားလုံး သတိရှိဖို့လိုတယ်။
မေး။ ။ ရှေ့ဆက် ဘာလုပ်ဖို့ ရည်ရွယ်ထားပါသလဲ။

ဖြေ။ ။ ကျနော်အသက် (၆၈) နှစ် ရှိပါပြီ။ ကေအန်ယူထဲကို ၁၉၅၈ ခုနှစ်မှာ ၀င်တယ်။ အဲဒီကနေ ဗိုလ်ဌေးမောင် ငြိမ်းချမ်းရေးကောင်စီနဲ့ မနှစ်က ဖေဖော်ဝါရီလမှာ ထော့ကိုကိုးပါသွားတယ်။ ကျနော် တို့ လိုချင်တာနဲ့ နအဖ ပေးတာတွေဟာ တခြားစီဖြစ်နေပါတယ်။ ကျနော်အသက်လည်း ကြီးပြီ။ တော်လှန်ရေးလည်း ဆက်မလုပ်ချင်တော့ဘူး။ မိန်းမလည်း ကျန်းမာရေးမကောင်းဘူး။ သားသမီး တွေနဲ့အတူ အေးအေးဆေးဆေးပဲ နေတော့မယ်။ ကျနော့်ကို ကောင်းကောင်းမွန်မွန် ကြိုဆိုပြီး နားလည်မှုပေးခဲ့ကြတဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် တပ်မဟာ (၇) က တပ်မ ဟာမှူး ဗိုလ်မှူးချုပ် ဂျော်နီနဲ့ အားလုံးကို ကျေးဇူးတင်ပါတယ်။

No comments: