စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, July 13, 2008

ရန်ကုန်စက်မှုဇုန်မှ စက်ရုံအချို့ဈေးကွက်မရှိသဖြင့် ပိတ်ထားရ

NEJ/ ၁၁ ဇူလိုင် ၂၀၀၈

ရန်ကုန်ရှိ စက်မှုဇုန်များတွင် စက်ရုံအချို့ကို ရပ်နားထားရကြောင်း မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်တဦးက ပြောသည်။
၎င်းက “အထူးသဖြင့် အော်ဒါမရဘူး။ တချို့က စက်တွေပျက်နေတယ်။ အရင်းအနှီး ထပ်ထည့်ပြီး ပြန်မပြင်ချင်ကြတော့ဘူး။ ဘာလို့လဲဆိုတော့ စီးပွားရေးက မကောင်းဘူးလေ” ဟု ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြည်ပသို့ ပို့သော Export အ၀တ်အထည်များ ရန်ကုန်တွင် ဈေးပေါပေါဖြင့် ဆိုင်ဖွင့်ရောင်းချ နေကြရသည့် အနေအထား ရောက်နေကြောင်း သိရသည်။
“ပြည်ပကို တင်ပို့မယ့် အထည်ဈေးထဲမှာ အနာအဆာတွေ ပါတာကိုမှ အရင်တုန်းက ဒီလိုဆိုင် တွေမှာ တင်ရောင်းတာ၊ အခုက တင်ပို့မယ့် အကောင်းတွေကိုပါ ရောင်းပါတယ်” ဟု လှည်းတန်း အနီး အင်းစိန်လမ်းမပေါ်မှ Export အထည်ဆိုင်တဆိုင်က ပြောသည်။
လွန်ခဲ့သော (၇) နှစ်ခန့်က ဂျပန်သို့ ဆရာဝန်ယူနီဖောင်းများ အော်ဒါရရှိသော လှိုင်သာယာမှ အထည်ချုပ်စက်ရုံ တရုံဆိုလျင် ယခုအခါ အဆိုပါ ယူနီဖောင်းများကို ဂျပန်သို့ မပို့တော့ဘဲ ရန်ကုန်ရှိ ဆေးရုံ ဆေးခန်းများသို့ အသိများမှတဆင့် ကမ်းလှမ်းရောင်းချနေကြောင်း သိရသည်။
ရန်ကုန်တိုင်းအတွင်းတွင် စက်ရုံပေါင်း (၅,၃၈၀) ကျော် ရှိသည်ဟု စစ်အစိုးရထုတ် သတင်းစာ များတွင် ဖော်ပြထားပြီး နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသော စက်ရုံများကို ပြင်ဆင်ပြီးဖြစ်၍ ရာနှုန်းပြည့်နီးပါး စက်ရုံများ ပြန်လည်ပြီဟု သတင်းစာတွင် ရေးသားဖော်ပြသည်။
သို့သော် နာဂစ်မုန်တိုင်းကြောင့် ပျက်စီးသွားသော စက်ရုံများအားလုံး ပြင်ဆင်လည်ပတ်နေပြီ ဆိုသည်မှာ မမှန်ကန်ကြောင်း ရွှေပြည်သာမြို့နယ် စက်ရုံတရုံမှ အလုပ်သမားတဦးက ပြောသည်။
“နာဂစ်ကြောင့် စက်ရုံပေါင်း (၄,၀၀၀) ပျက်စီးသွားတာလို့ ကျနော်တို့ လူကြီးက ပြောတယ်ဗျ။ ဘယ်ကလာ အားလုံးပြီးမှာလဲ။ ပြင်ဆင်ရင် ကုန်ကျမယ့်စရိတ်နဲ့ စက်ရုံကို အမှာတွေ မလာဘူး။ အထူးသဖြင့်တော့ အထည်ချုပ်လုပ်ငန်းတွေ အမှာမရကြဘူးလေ။ ၀န်ထမ်းတွေတောင် လျှော့တဲ့ သူလျှော့နေကြတယ်” ဟု ၎င်းက ပြောသည်။
ရန်ကုန်တိုင်းတွင် အရှေ့ပိုင်းခရိုင်၊ တောင်ပိုင်းခရိုင်၊ မြောက်ပိုင်းခရိုင်၊ အနောက်ပိုင်းခရိုင်ဟူ၍ ခရိုင် (၄) ခုရှိပြီး အနောက်ပိုင်းခရိုင်နှင့် တောင်ပိုင်းခရိုင်တို့တွင် စက်ရုံများ မရှိကြောင်း ၎င်းက ပြောသည်။
အစိုးရက အပြင်းအထန် အကောင်အထည်ဖော်နေသော တောင်ပိုင်းခရိုင် သီလ၀ါစက်မှုဇုန်တွင် လောလောဆယ် မည်သည့်ကုန်ထုတ်လုပ်မှုမှ မလုပ်နိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်။

No comments: