စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 3, 2008

ကူညီရေးအတွက် မြန်မာစစ်အစိုးရ၏ အဟန့်အတားများကို ကုလထိပ်တန်း အရာရှိက ပြစ်တင်ဝေဖန်


03 June 2008

မြန်မာနိုင်ငံက နာဂစ်ဆိုင်ကလုန်း မုန်တိုင်းဒုက္ခသည်တွေအတွက် ကမ်းလှမ်းတဲ့ နိုင်ငံတကာရဲ့ အကူအညီတွေကို ကန့်သတ်ပိတ်ပင်နေတဲ့ မြန်မာစစ်အစိုးရကို ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော်က ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ မြန်မာစစ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းတွေနဲ့ ပတ်သက်လို့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော က ကုလသမဂ္ဂ လူ့အခွင့်အရေး ကောင်စီမှာ သူ နောက်ဆုံးအနေနဲ့ အဆိုပြုချက် တွင်းသွင်းစဉ်မှာ အခုလို ပြစ်တင်ဝေဖန်သွားခဲ့တာပါ။ လူးဝီ(စ်) အာဘော ဟာ ဒီလကုန်မှာ သူ့ရဲ့ လက်ရှိ ရာထူးဖြစ်တဲ့ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရာထူးနဲ့ တာဝန်တွေကို အဆုံးသတ်တော့မှာ ဖြစ်ပါတယ်။ ဂျနီဗာမြို့ကနေ ဗီအိုအေ သတင်းထောက် Lisa Schlein သတင်းပေးပို့ထားတာကို မခင်ဖြူထွေးက အစီရင်ခံထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံနဲ့ တရုတ်နိုင်ငံမှာ ပြီးခဲ့တဲ့လအတွင်း ကြီးမားတဲ့ သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးကြီးတွေ ကြုံတွေ့ခဲ့ရတာတွေနဲ့ ပတ်သက်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး လူးဝီ(စ်) အာဘော က အလေးအနက်ထား ပြောကြားသွားခဲ့ပါတယ်။ တရုတ်နိုင်ငံက မြေငလျင်နဲ့ မြန်မာနိုင်ငံက မုန်တိုင်းကြောင့် သေဆုံးခဲ့ကြသူတွေနဲ့ ဒုက္ခရောက်ကြရသူ သန်းပေါင်းများစွာ တို့အတွက် အလွန် ၀မ်းနည်းကြေကွဲရတဲ့အကြောင်း သူက ပြောဆိုခဲ့ပါတယ်။ တဆက်တည်းမှာပဲ မြန်မာနိုင်ငံက မုန်တိုင်းဒုက္ခသည်တွေနဲ့ ပတ်သက်လို့ စစ်အစိုးရရဲ့ တာဝန်မဲ့ လုပ်ဆောင်ချက်တွေ၊ တုံ့ပြန်မှုတွေအပေါ် လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။
“အခုလို သဘာဝ ဘေးဒုက္ခကြီး ရင်ဆိုင်ရတဲ့အခါ ကိုယ့်နိုင်ငံသားတွေရဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ဘယ်နိုင်ငံရဲ့ အစိုးရက တခြား အကူအညီကို မလိုဘဲ ကိုယ်နိုင်တယ် ဆိုပြီး တုံ့ပြန်နိုင်စွမ်း မရှိကြပါဘူး။ ဒါကြောင့် နိုင်ငံတကာ အကူအညီ လက်ခံရေးဟာ အရေးကြီးလှပါတယ်။ ဘေးဒုက္ခရောက်သူတွေဖက်ကကြည့်ရင် အကူအညီ တောင်းပိုင်ခွင့် ရှိကြသလို အစိုးရတွေရော နိုင်ငံတကာ လူ့အဖွဲ့အစည်းကရော တတ်နိုင်သမျှ ကူညီကြရဖို့ တာဝန်လည်း ရှိပါတယ်။”
မြန်မာစစ်အစိုးရရဲ့ အခုလို တာဝန်မဲ့ လုပ်ဆောင်ချက်တွေနဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ နုတ်ဆိတ်နေကြတဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကိုလည်း သူက ပြစ်တင်ဝေဖန်လိုက်ပါတယ်။ “မြန်မာနိုင်ငံရဲ့ ဖြစ်ရပ်ကို ကြည့်မယ်ဆိုရင် အကူအညီကိုပေးဖို့ နိုင်ငံတကာက ကမ်းလှမ်းခဲ့တာကို မြန်မာအာဏာပိုင်တွေဖက်က လက်မခံဘဲ ဟန့်တားတဲ့ အခြေအနေကို ဆိုက်တာဟာ ကာလကြာရှည် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို နိုင်ငံတကာက သည်းခံပြီးနေခဲ့ကြတာကြောင့် မြန်မာစစ်အစိုးရဘက်က အခုလို ဟန့်တားရဲတဲ့ အနေအထားမျိုး ရောက်လာတာလို့ ဆိုရပါလိမ့်မယ်။”
ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်နာမင်းကြီးက အခုလို မြန်မာစစ်အစိုးရကို ပြင်းပြင်းထန်ထန် ဝေဖန် ပြောဆိုလိုက်တာနဲ့ပတ်သက်လို့ အမျိုးသားညွှန့်ပေါင်းအစိုးရရဲ့ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်းက အခုလို ပြောဆိုပါတယ်။
“ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး အနေနဲ့ရော၊ နောက် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံးကို ဦးဆောင်ခဲ့တဲ့ သက်တမ်းကာလမှာ မြန်မာပြည်နဲ့ပတ်သက်တဲ့ ဆုံးဖြတ်ချက်တွေ ချခဲ့တာတွေ ရှိပါတယ်။ အထူးသဖြင့် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးမှာ အရေးပေါ် အစည်းအဝေးတွေ ချမှတ်ခဲ့တယ်။ သံဃာ့အရေးအခင်းကြီးကို အကြမ်းဖက် ဖြိုခွဲခဲ့သလို ဖြစ်ခဲ့တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ပတ်သက်လို့ ပါမောက္ခ ပင်ညဲရိုးကလည်း စုံစမ်းလေ့လာမှုတွေ လုပ်ခဲ့တယ်။ နအဖကို အကြံပြုချက်တွေပေါ့နော်။ ဒါတွေ အများကြီး လုပ်ခဲ့တယ်။ ဒါပေမယ့် ဒီအကြံပြုချက်တွေကို အကောင်အထည် ဖော်တဲ့နေရာမှာ နိုင်ငံတကာ အစိုးရတွေအနေနဲ့ အထူးသဖြင့် ဒေသတွင်းက မြန်မာနိုင်ငံရဲ့ အိမ်နီးနားချင်းနိုင်ငံတွေကနေ ပူးပေါင်းဆောင်ရွက်မှုဟာ အားရလောက်စရာ မရှိဘူး။ ဒါကြောင့်မိုလို့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီရဲ့ ဆုံးဖြတ်ချက်တွေ အကောင်အထည် ဖော်မှုတွေဟာ တကယ်တမ်း ထင်သလောက် မအောင်မြင်ခဲ့ဖူးပေါ့နော်။ ဒါကြောင့်မိုလို့ လူးဝီ(စ်) အာဘော်က အခုလိုမျိုး နိုင်ငံတကာအစိုးရတွေကနေ ဒီထက်ပိုပြီးတော့ မြန်မာပြည် လူ့အခွင့်အရေးကိစ္စတွေကို ကြိုးစားပြီးတော့ ဆောင်ရွက်ဖို့လိုတယ်။ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်။ ဒါကို ကျနော် လက်ခံပါတယ်။ အခုလောလောဆယ် ဖြစ်နေတဲ့ အနေအထားကလည်းပဲ သူတို့ အခုဆိုရင် - ဥပမာ ကုလသမဂ္ဂနဲ့ အာဆီယံကနေ ပူးတွဲကျင်းပခဲ့တဲ့ မြန်မာနိုင်ငံဆိုင်ကလုန်း ဒုက္ခသည်တွေကို ကယ်ဆယ်ရေးနဲ့ပတ်သက်တဲ့ အစည်းအဝေး ဖြစ်သွားတာ တစ်ပတ်ရှိသွားပါပြီ။ နအဖ ဖက်ကနေပြီးတော့ အထွေထွေ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းနဲ့ ဆွေးနွေးပွဲမှာ ကယ်ဆယ်ရေးဆိုင်ရာ ကျွမ်းကျင်သူတွေ ပြည်ဝင်ခွင့်ဗီဇာတွေ မြန်မြန်ပေးပြီးတော့ ကယ်ဆယ်ရေးပစ္စည်းတွေ ဖြန့်ဝေမှုကိုလည်း မြန်မြန်သွက်သွက် ဆောင်ရွက်ပြီး လူ့အသက်တွေ ကယ်တင်ဖို့ကိစ္စဟာ ကတိတွေ ပေးခဲ့ပေမယ့် အကောင်အထည် ဖော်မှုတွေမှာ ကနေ့အထိ နှေးကွေးနေတယ်ဆိုတာကို ကျနော်တို့ တွေ့ရတယ်။ နှေးကွေးနေတာရဲ့ အခြေအနေမှာ ပိုပြီးတော့ စိုးရိမ်စရာဖြစ်လာတဲ့အပိုင်းက လက်ပွတ်တာတို့ ဘိုကလေးတို့ မြောင်းမြတို့ ရန်ကုန်မှာလည်းပဲ ကရင်ဘက်ပတစ် ကောင်စီကနေပြီးတော့ စောင့်ရှောက်ထားတဲ့ ကရင်ဒုက္ခသည်တွေကို ရွာတွေကို ပြန်ပို့တဲ့ အနေအထားပေါ့နော်။ ရွာတွေမှာကလည်း ကနေ့အထိ နိုင်ငံတကာ ကျန်းမာရေး စောင့်ရှောက်မှုတွေ၊ အကူအညီတွေ မရသေးဘူး။ နအဖကလည်းပဲ ဘာမှ ဖြန့်ဝေပြီးတော့ ကူညီနေတာတွေ မရှိဘူး ဆိုလို့ရှိရင် ရွာတွေကို ပြန်ရောက်တဲ့အခါမှာ ဒီဒုက္ခသည်တွေဟာ ပိုပြီးတော့ ဒုက္ခရောက်မယ်။ အစားအသောက် ပြတ်လပ်မယ်။ ရေကနေဖြစ်တဲ့ရောဂါတွေ၊ ယင်ကောင်တွေကနေ ဖြစ်တဲ့ရောဂါတွေ ပြန့်ပွားမယ့်အန္တရာယ်တွေက သိပ်စိုးရိမ်ရတယ်။ ဒါဟာ နအဖရဲ့ ဒီလိုမျိုး လူမှုရေး အကူအညီတွေကို ပိတ်ဆို့နေတာ တားဆီးနေတာ အင်မတန် ကြီးမားတဲ့ ရာဇ၀တ်မှု ဖြစ်ပါတယ်။ ဒါကို လူးဝီ(စ်) အာဘော်က ပြောတာရော၊ ဒီကနေ့ နိုင်ငံတကာ ခေါင်းဆောင်တွေကနေပြီးတော့ ပြောလာတာတွေရော ဒါကို ကျနော်တို့ အပြည့်အ၀ နားလည်တယ်။ ကျနော်တို့ ပြောယုံတင်မကဘူး၊ ထိထိရောက်ရောက် အရေးယူဖို့လည်း ကျနော်တို့ တိုက်တွန်းပါတယ်။” အမျိုးသားညွှန့်ပေါင်းအစိုးရ ကုလသမဂ္ဂရေးရာ တာဝန်ခံ ဒေါက်တာ သောင်းထွန်း ပြောသွားခဲ့တာပါ။
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကတော့ မြန်မာစစ်အစိုးရက ကန့်သတ်ချက် အချို့ကို လျော့ချပေး ခဲ့ပေမယ့်လည်း ဒုက္ခသည် သုံးပုံတစ်ပုံဟာ အခုထိ ဘယ် နိုင်ငံတကာ အကူအညီမှ မရသေးတဲ့အခြေအနေမှာ ရှိနေသေးတယ်လို့ ကုလသမဂ္ဂက ဆိုပါတယ်။
မြန်မာစစ်အစိုးရကတော့ မုန်တိုင်းဒုက္ခသည် ကယ်ဆယ်ရေးလုပ်ငန်းတွေ ပြီးစီးလို့ အခုဆိုရင် ပြန်လည် နေရာချထားရေး လုပ်ငန်းတွေကို လုပ်နေတယ်လို့ မြန်မာစစ်အစိုးရက ဆိုနေပါတယ်။ ဒါပေမယ့်လည်း မုန်တိုင်း တိုက်ခတ်ခဲ့တာ ၁ လ အထိ ကြာလာခဲ့ပြီ ဖြစ်ပေမယ့်လည်း တကယ်တမ်း လက်တွေ့မှာ မုန်တိုင်းဒုက္ခသည် အများစုဟာ ကူညီထောက်ပံ့မှု မရကြသေးသလို အစာပြတ်လပ်မှုနဲ့ နောက်ဆက်တွဲ ရောဂါဘယတွေနဲ့ပါ ကြုံတွေ့ရင်ဆိုင် နေကြရတယ်လို့ မုန်တိုင်းဒဏ် အဆိုးရွားဆုံး သင့်ခဲ့တဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို သွားရောက်ပြီး တနိုင်တပိုင် ကူညီကယ်ဆယ်ရေး လုပ်နေတဲ့ ရန်ကုန်မြို့က စေတနာ့ဝန်ထမ်းတစ်ဦးက အခုလို ပြောပါတယ်။
“ကျနော်တို့ နယ်ကို ဆင်းသွားတယ်ပေါ့နော်။ တပိုင်တနိုင် ဆေးတွေကို သွားပြီးတော့ လူထု လက်ထဲကို ထည့်တယ်။ ဒါပေမယ့် ပထမဆုံးရောက်တာ ဖြစ်နေတယ်။ အဲဒါက ဘိုကလေးမြို့နဲ့ ရေမိုင် ၁၄ မိုင် ၁၅ မိုင် လောက်ပဲ ဝေးတယ်။ အဲဒီလောက်နီးနီးလေးမှာတောင်မှပဲ ဘာ ကယ်ဆယ်ရေးမှ ရောက်မလာသေးဘူး။ မလော့ ဆိုတဲ့ရွာမှာ ဘုန်းကြီးကျောင်းကနေ သူတို့ ဆွမ်းဆန်တွေ ခံထားတယ်ပေါ့ဗျာ။ အဲဒီ ဆွမ်းဆန်ခံထားတဲ့ဟာတွေကို တရွာလုံးမှာ လူ ၄၀၀ လောက် တင်ပြီးတော့ ကျွေးထားတယ်ဗျာ။ သူတို့ အဲဒါ အလွန်ဆုံး ဆက်ကျွေးနိုင်ရင် တစ်ပတ်ပဲဗျာ။ ဘုန်းကြီးကျောင်းက တာဝန်ခံပြီး ကျွေးနိုင်တဲ့သူဆိုရင်တော့ နည်းနည်းလေး ဒီ ရက်ပိုင်းအတွင်းမှာ နေနိုင်သေးတယ်ဗျ။ ဒါပေမယ့် အဲဒီလို တာဝန်ယူပြီး မကျွေးနိုင်တဲ့နေရာတွေကတော့ အခုချိန်ကစပြီး ငတ်နေကြပြီ။ လောလောဆယ် လိုတာက သူတို့အတွက် ဆန်တို့၊ ဆေးဝါးတို့။ ဘာဖြစ်လို့လဲဆိုတော့ ၀မ်းရောဂါ ဖြစ်နေကြပြီ။ နောက်ပြီးတော့ ဆန် စားစရာ မရှိတော့ သူတို့ ကြံဖန်ပြီး စားရတာတွေ ရှိတယ်ဗျာ။ ဥပမာ အောက်နေတဲ့ဆန်တွေ၊ ရေမြှပ်သွားတဲ့ စပါးတွေကို ကြိတ်ခွဲတယ်။ ကြိတ်ခွဲတယ်ဆိုတာကလည်း စက်တွေနဲ့ ကြိတ်ခွဲတာ မဟုတ်ဘူးလေ။ ပုလင်းတို့ ဘာတို့နဲ့ ကြိတ်ခွဲပြီးတော့ ဆန်ကွဲလိုဟာမျိုးတွေကို ကြိတ်ခွဲပြီး သူတို့ သောက်ရတယ်။ နောက်ပြီးတော့ သူတို့ အုန်းရေ သောက်နေရတယ်။ အုန်းသီးတွေ စားနေရတယ်။ ဒါက သူတို့ နေ့စဉ်နဲ့အမျှ စားသောက်နေရတာ။”
ပြီးခဲ့တဲ့တစ်ရက်က မုန်တိုင်းသင့်ဒေသတွေမှာ သွားရောက်ကူညီခဲ့တဲ့ ရန်ကုန်မြို့က စတနာ့ဝန်ထမ်းက သူတွေ့မြင်ခဲ့ရတာကို ပြန်ပြောပြခဲ့တာ ဖြစ်ပါတယ်။

အပြည့်အစုံဖတ်လိုလျှင်

အမေရိကန်ထောက်ပံ့ရေးလေယာဉ် အခေါက်တရာမြောက် မြန်မာပြည်သို့ ပို့ဆောင်ပြီး


03 June 2008

ပြီးခဲ့တဲ့ အပတ်ကုန်မှာ မြန်မာနိုင်ငံကို အခေါက် ၁၀၀ မြောက် အဖြစ် ကယ်ဆယ်ရေးပစ္စည်းတွေ သယ်ယူ ပျံသန်းပေးခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ပြောပါတယ်။ မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးခဲ့ပါတယ်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာနိုင်ငံကို မက်ထရစ် တန်ပေါင်း ၈၉၇ တန် အကူအညီ ပစ္စည်းတွေ အမေရိကန် က ပို့ခဲ့ပြီးဖြစ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ က မနေ့က ဆိုပါတယ်။ ဒါပေမဲ့၊ အမေရိကန် ရေတပ်သဘောင်္ ၄ စင်းကတော့ မြန်မာ့ကမ်းလွန် ပင်လယ်ပြင်မှာ ရပ်စောင့်နေရပြီး၊ ကမ်းကပ်ခွင့် မရသေးပါဘူးလို့ သူက ဆက်ပြောပါတယ်။
တနင်္ဂနွေနေ့မှာတော့ အမေရိကန်ကာကွယ်ရေး ၀န်ကြီး ရောဘတ် ဂိတ် (Robert Gates) က မြန်မာစစ်အစိုးရ ဟာ ရာဇ၀တ် ကြောင်းသင့်တဲ့ လျစ်လျူပြုမှု ကို ကျူးလွန်ခဲ့တယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံခြား အကူအညီအပေါ် ကန့်သတ်ထားတာတွေ ကို ဖယ်ရှားမပစ်ခဲ့ရင်၊ လူတွေ ပို သေကြလိမ့်မယ်လို့ သူ က ပြောပါတယ်။ ရေတပ်သဘောင်္တွေကို ပြန်ခေါ်ဖို့ မကြာမီ ဆုံးဖြတ်မယ် လို့ ဆိုပါတယ်။
မုန်တိုင်းဘေးအန္တရယ် တုံ့ပြန်ခဲ့ပုံ နဲ့ ပတ်သက်ပြီး စစ်အစိုးရကတော့ လုပ်ဆောင်ချက်တွေ ကို တနင်္ဂနွေနေ့ က ကာကွယ်ပြောဆိုသွားခဲ့ပါတယ်။
မေလ ၃ ရက်နေ့ မှာ ကျခဲ့တဲ့ မုန်တိုင်းဘေးအန္တရာယ်ကို အာဏာပိုင်တွေ က ချက်ချင်း တုံ့ပြန်ဆောင်ရွက်ခဲ့ပြီး၊ နိုင်ငံခြား အကူအညီတွေကို ဘယ်လို သတ်မှတ်ချက် မထားဘဲ ကြိုဆိုခဲ့ပါတယ်လို့ စစ်အစိုးရ ရဲ့ ဒု ကာကွယ်ရေး ၀န်ကြီး ဗိုလ်ချုပ်အေးမြင့် က ဆိုပါတယ်။
စစ်အစိုးရဟာ မုန်တိုင်းကျပြီး ရက်သတ္တပတ် အတော်ကြာမှ နိုင်ငံခြား အကူအညီကို အကန့်အသတ် နဲ့ လက်ခံခဲ့ပါတယ်။ လူပေါင်း ၂ သန်း ကျော်ဟာ အစားအစာ၊ ရေ။ နဲ့ အမိုးအကာ တွေ လိုအပ်နေခဲ့ပါတယ်။
မုန်တိုင်းကျပြီးကတည်း က ပိတ်ထားခဲ့တဲ့ ကျောင်းတွေ ကို တနင်္လနေ့ မှာ စဖွင့်ပါတယ်။ ဒါပေမဲ့ လေဘေးသင့် ဒေသတချို့ က ကျောင်းတွေ ကို ဖွင့်ဖို့ နောက်တစ်လ ရွှေ့ထားပါတယ်။ မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွား ပျက်စီးသွားတဲ့ ဒေသတွေမှာ ကျောင်း ၈၀ % ကနေ ၉၀ အထိ ပျက်စီးသွားခဲ့တယ်လို့ ကုလသမဂ္ဂ ကလေးများ ရံပုံငွေ အဖွဲ့ UNICEF က ဆိုပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများမှ မောင်းထုတ်ခံရ


မုံပီး
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:43 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ အရေးပေါ် ကယ်ဆယ်ရေး အဆင့်များ ပြီးဆုံးကြောင်း ပြသလိုသည့် အနေနှင့် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေကြရသည့် လေဘေး ဒုက္ခသည်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်းရှိ ကယ်ဆယ်ရေး စခန်းများမှ ထွက်ခွါရန် စစ်အစိုးရက အတင်းအကြပ် လိုက်လံ မောင်းထုတ်လျက်ရှိကြောင်း ဒေသခံ အကူအညီပေးရေး လုပ်သားများနှင့် လေဘေး ဒုက္ခသည်များက ပြောဆိုသွားပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့မှ မကြာသေးမီက ပြန်လာခဲ့သော အကူအညီပေးရေး လုပ်သားတဦးကလည်း အလားတူ ပြောဆိုသွားပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံ အာဏာပိုင်များက ဒုက္ခသည်များကို စခန်းအသီးသီးမှ အတင်းအကြပ် မောင်းထုတ်နေပြီး၊ အကူအညီအချို့ ပေးလိုက်မည်ဟုဆိုကာ မိမိတို့ ကျေးရွာများသို့ အတင်းအကြပ် ပြန်ခိုင်းနေကြောင်း သိရသည်။“ဘုန်းကြီးကျောင်း တကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ သူတို့ ရွာတွေကို ပြန်နေကြတာ တွေ့ရတယ်။ မပြန်ချင်ဘူး ဆိုတဲ့လူတွေကို ကွင်းပြင်ထဲ အတင်းဆွဲထုတ်ပြီး ပစ်ထားလိုက်တယ်” ဟု သူ့အမည်နှင့် သူ့အဖွဲ့အစည်း အမည်ကို ထုတ်ဖေါ် ပြောကြားခြင်း မပြုပါရန် မေတ္တာရပ်ခံချက်ဖြင့် အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောဆိုသွားပါသည်။အစိုးရက ဒုက္ခသည်များအတွက် ယာယီ ဆောက်လုပ်ပေးထားသည့် စခန်းများမှာ ယခုအခါ ရှင်းလင်းနေပြီး ဒုက္ခသည်များမှာ အစိုးရက အတင်းအကြပ် ပြန်ပို့သဖြင့် မိမိတို့ ကျေးရွာများသို့ ပြန်သွားခဲ့ကြရသည်ဟု ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှ မတ်လ ၃၁ ရက်နေ့က ပြန်လာခဲ့သည့် ရန်ကုန်မြို့သား တဦးက ပြောဆိုပါသည်။“ဒုက္ခသည်တွေ သူတို့ စခန်းတွေမှာ မရှိတော့ဘူးဗျ၊ အားလုံးကို သူတို့ရွာတွေကို ပြန်ပို့လိုက်ပြီ” ဟု အဆိုပါ ဒေသခံက ပြောသွားပါသည်။ယခုအခါ အရေးပေါ် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးသွားပြီ ဖြစ်ပြီး ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဖြင့် မြန်မာစစ်အစိုးရက ကြာမြင့်စွာ ကတဲကပင် ကြေညာ ထားခဲ့သည်။သို့သော် လေဘေး ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ကုလသမဂ္ဂ၊ ဒေသခံ အကူအညီပေးရေး လုပ်သားများနှင့် ဒုက္ခသည်များကမူ အရေးပေါ် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးရန်မှာ အဝေးကြီး လိုသေးသည်ဟု ပြောဆိုကြပါသည်။နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ မေလအတွင်းက သွားရောက် လည်ပတ် ကြည့်ရှုခဲ့သည့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကမူ “အရေးပေါ် ကယ်ဆယ်ရေး အဆင့်” ကို နောက်ထပ် အနည်းဆုံး ၆ လကြာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများနှင့် တွဲဘက် လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိလာနေပြီ ဖြစ်သော်လည်း နိုင်ငံတကာနှင့် ပြည်တွင်း အကူအညီများ လုံးဝ မရောက်ရှိသေးသည့် ဒေသ အများအပြား ကျန်နေသေးသည်ဟု ဒေသခံ အကူအညီပေးရေး လုပ်သားတဦးက ပြောပါသည်။“ကျနော်တို့ ကွမ်းခြံကုန်းမှာ ရောက်နေတုံး ရွာသားတချို့ ကျနော်တို့ဆီ ရောက်လာပြီး သူတို့ဆီလဲ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးပါဦးလို့ လာပြောတယ်။ သူတို့ ရွာတွေကို ခုထိ ဘယ်ကမှ ဘာကယ်ဆယ်ရေးပစ္စည်းမှ မရောက်သေးဘူးလို့ ပြောကြတယ်” ဟု အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောသွားပါသည်။သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် အရောက် မသွားနိုင်သည့် ကျေးရွာ အများအပြား ရှိသေးသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။“လမ်းမရှိလို့ ဒီရွာတွေကို ကားနဲ့ အရောက်သွားဘို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ ရေလမ်းနဲ့ လေကြောင်းကသာ ဒီရွာတွေကို သွားလို့ရမှာ” သူက ထပ်မံ ပြောကြားသွားပါသည်။သို့သော် ဤဝေးလံ ခေါင်ဖျား ချောင်ကျလှသည့် ကျေးရွာများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ပိုင် ရဟတ်ယဉ်များဖြင့် ပို့ဆောင်ပေးရန် စီစဉ်ရာတွင်လည်း အစိုးရ၏ လုပ်ထုံးလုပ်နည်းများ ကြိုးနီစနစ်များကြောင့် ကြန့်ကြာရသည်ဟု လွန်ခဲ့သော ရက်သတ္တပတ် ကုန်က မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Josette Sheeran က ပြောဆိုလိုက်ပါသည်။ဤအတောအတွင်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများမှ လယ်သမားများကို စစ်အစိုးရက အတင်းအကြပ် လယ်ထဲ ဆင်းခိုင်းနေသည်။ လယ်များမှာ ယခုအထိ ရေလွှမ်းနေဆဲ ဖြစ်ပြီး မုတ်သုန်မိုးကလည်း စတင်ရွာသွန်းနေပြီ ဖြစ်သည်။“အာဏာပိုင်တွေက တရွာကို ထွန်စက် ၂ စီးပေးမယ်လို့တော့ ပြောတာဘဲ။ ဒါပေမဲ့ ခုထိတော့ တစီးမှ မရသေးဘူး။ အလုပ်စဘို့ သိပ်ခက်ပါတယ်” ဟု မုန်တိုင်းအတွင်း ကျွဲနွားအားလုံး ဆုံးရှုံးခဲ့ရသည့် ကွမ်းခြံကုန်းမှ လယ်သမားတဦးက ပြောသွားပါသည်။လယ်အလုပ်ဆိုသည်မှာ သူတို့ မက်မောတွယ်တာသောအလုပ်ပင်ဖြစ်ပြီး ယခုကဲ့သို့ အကူအညီလည်း ဘာမှမပေး၊ လယ်လုပ် ကိရိယာလဲ ဘာမှမရှိဘဲနှင့် လယ်ထဲ အတင်း ပြန်ဆင်းခိုင်းခြင်းသည် အဓိပ္ပါယ် ကင်းမဲ့ကြောင်း၊ မုန်တိုင်းအတွင်း မိသားစုများ၊ ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟများ ဆုံးရှုံး၍ စိတ်သောက ရောက်နေကြရရှာသည့် ဒုက္ခသည်များကို ထပ်မံ နှိပ်စက်သလိုသာ ဖြစ်နေကြောင်းဖြင့်လည်း အဆိုပါ လယ်သမားကပင် ဆက်လက် ပြောဆိုသွားပါသည်။“ဒါပေမဲ့ ခုတော့ ကျနော်တို့ လယ်ထဲ ပြန်ဆင်းပြီး အလုပ် ပြန်စရတော့မှာပေါ့” ဟု အဆိုပါ လယ်သမားက ဆိုလိုက်ပါသည်။ပင်လယ်ဆားငံရေ ဝင်သွားသော လယ်များ အနေဖြင့် မြေဆီမြေနှစ်များ ပျက်စီးသွားပြီး ဆားငံရေများ လျော့ကျမသွားမချင်း၊ ဆားငံရေးများကို ထုတ်မပစ်နိုင်မချင်း ချက်ချင်း အသုံးပြု၍ ရနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ သဘာဝကပ်ဘေး စီမံခန့်ခွဲမှုဌာန နယူးဒေလီအခြေစိုက် အရေးပေါ် အခြေအနေ လေ့လာသုံးသပ်သူ၏ အပြောအရ သိရပါသည်။“လယ်ထဲမှာ ဆားပါဝင်မှုနှုံး သိပ်မြင့်ပြီး ဆားပေါက်နေလို့ ထွန်ယက် စိုက်ပျိုးဘို့ မဖြစ်နိုင်ပါဘူး၊ ဒီဒေသမှာ ထုတ်လုပ်ရေးကို ထိခိုက်နိုင်ပါတယ်” ဟု (UNDP) ၏ အရေးပေါ် အခြေအနေ လေ့လာသုံးသပ်သူ G. Padmanabham က မဇ္ဈိမသို့ အစောပိုင်းက ပြောဆိုသွားပါသည်။မြန်မာ အာဏာပိုင်များသည် ဆိုင်ကလုံး မုန်တိုင်းဒုက္ခသည် အားလုံးကို ကယ်ဆယ်ရေး ပစ္စည်းများ အလျင်အမြန်ပင် ပေးအပ်ခဲ့ပြီးပြီ ဖြစ်ပြီး ယခုအခါ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်က စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှလုံခြုံရေး အစည်းအဝေးတွင် မြန်မာ ဒုတိယကာကွယ်ရေးဝန်ကြီး အေးမြင့်က ပြောဆိုသွားပါသည်။သို့သော် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အခြားနိုင်ငံများမှ ခေါင်းဆောင်များကမူ စစ်အစိုးရ ပြောသည်ကို လက်မခံကြပါ။ မြန်မာအစိုးရကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကျရေး အဆိုပြု တင်ပြရန် မိမိတို့ ပြင်သစ်အစိုးရကို တွန်းအားပေးသွားမည်ဟု ပြင်သစ် ကိုယ်စားလှယ်များက ခြိမ်းခြောက် ပြောဆိုသွားပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လမ်းပြမြေပုံသည် အပြစ်အနာအဆာ ပြည့်နေဟု အတိုက်အခံများက ပြော


မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:34 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး လမ်းပြမြေပုံကို သူတို့ ခိုင်ခိုင်မြဲမြဲ ဆက်လက် ဆန့်ကျင်လျက်ပင် ရှိကြောင်းဖြင့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောကြားလိုက်ပါသည်။ အတင်းအကြပ် ရေးဆွဲ အတည်ပြုထားသော 'ဖွဲ့စည်းပုံ ဥပဒေ' ကို သူတို့ ထောက်ခံမည် မဟုတ်ကြောင်းလည်း ဆိုလိုက်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
"ဒီဖွဲ့စည်းပုံက ဒီမိုကရေစီစနစ်ကို သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ဘူးဗျ၊ တလျှောက်လုံး တရားဝင်မှုမှ မရှိဘဲ" ဟု ဒီချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် တခဲနက်ထောက်ခံမဲရရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် ဒီချုပ်ကအတင်းတွယ်ကပ် ဆုပ်ကိုင်ထားည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြည်သူများကလက်မခံတော့ကြောင်း ပြလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရကပြောနေချိန်မှာပင် ဤသို့ (NLD) ၏ ကြေညာချက်ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဆန္ဒခံယူပွဲတွင် စစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံးက သောင်းသောင်းဖျဖျထောက်ခံခဲ့ခြင်း က မြန်မာပြည်သူများ အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့်အစိုးရသစ်ကို ကြိုဆိုနေကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရ၏ တနင်္လာနေ့ထုတ် မြန်မာ့အလင်းသတင်းစာ ဆောင်းပါးရှင်က ရေးသားထားပါသည်။ "ဒီချုပ်က ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ပြည်သူများက ဆက်လက်အသိအမှတ် မပြုတော့ကြောင်း ပြသ လိုက်ခြင်းပင် ဖြစ်သည်။ ဤရလဒ်မှာ ခေတ်မမီတော့သောကြောင့် ပြည်သူများကသင်္ချိုင်းတွင် စွန့်ပစ်ခဲ့ကြပြီဖြစ်သည်" ဟု ဆောင်းပါးရှင်က ရေးသားထားသည်။ မေလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင်ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ၉၈.၁၂% လာရောက်မဲပေးခဲ့ကြ ပြီး ၉၂.၄၈% က ဖွဲ့စည်းပုံအခြခံဥပဒေကို ထောက်ခံဆန္ဒမဲပေးခဲ့ကြသည်ဟု စစ်အစိုးရက သောကြာနေ့ကကြေညာခဲ့သည်။ စစ်အစိုးရကကြေညာထားသော အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံအရ နောက်အဆင့်သည် ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။ ဆန္ဒခံယူပွဲတွင်ပြည်သူများကထောက်ခံခဲ့ခြင်းသည် "၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမည့် အစိုးရသစ်ကိုသာ ပြည်သူများက လိုလားကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်" ဟု အဆိုပါ သတင်းစာဆောင်းပါးက ဆိုထားပါသည်။ သို့သော် (NLD) ကမူ ဤသို့စစ်အစိုးရက မိမိတို့၏အုပ်စိုးမှုပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဇွတ်အတင်းအကြပ် အတည်ပြုလိုက်ခြင်းအတွက် ဝမ်းနည်းရပါကြောင်း ပြောဆိုသွားပါသည်။"ဒီဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်ခြင်းလဲမရှိဘူး၊ စစ်အစိုးရက သူလိုချင်သလိုလုပ်သွားတာဘဲ" ဟု ဦးဥာဏ်ဝင်းကဆိုပါသည်။ ဤသို့ မဲဆန္ဒရှင်များကို ခြိမ်းခြောက်ခြင်း၊ ဆန္ဒခံယူပွဲတွင် မဲလိမ်မဲခိုးခြင်းဖြင့် အနိုင်ရရှိခြင်းသည်လည်း ဂုဏ်ယူစရာမဟုတ်ပါဟု သူကဆက်လက် ပြောဆိုသွားပါသည်။ အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် (NLD) ပါတီသည် စစ်အစိုးရက ကျင်းပရန်စီစဉ်ထားသည့် ၂ဝ၁ဝ ခုနှစ်အထွေထွေရွေးကော်ပွဲနှင့်စပ်လျဉ်း၍ ထင်မြင်ချက်ပေးရန်ကိုမူ ငြင်းဆန်သွားပါ သည်။ ဤအတောအတွင်း ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP)ကလည်း စစ်အစိုးရ၏ဖွဲ့စည်းပုံဥပဒေကို သူတို့မထောက်ခံကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက်မည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားသွားခဲ့ပါ သည်။ (CRPP) နှင့်သူတို့၏မဟာမိတ်အဖွဲ့များအနေနှင့် စစ်အစိုးရက အနာဂါတ်အစိုးရအဖွဲ့တွင် မိမိတို့၏အခန်းကဏ္ဍကို ကြိုတင်သတ်မှတ်ပြီးဖြစ်သည့် အတွက် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဦးအေးသာအောင်က မဇ္ဈိမသို့ တနင်္လာနေ့က ပြောကြားသွားခဲ့ပါသည်။ "စစ်အစိုးရက သူတို့လိုချင်တာအကုန်လုံးရထားပြီး အားလုံကိုချုပ်ကိုင်ထားမှတော့ ရွေးကောက်ပွဲမှာဝင်ပြိုင်လဲ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ" ဟု (CRPP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က ပြောသွားပါသည်။ စစ်အစိုးရကကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအနည်းငယ်ကို ပေါ်ထွက်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သော်လည်း အကန့် အသတ်များနှင့်သာ ဖြစ်လိမ့်မည်ဟု သတင်းရပ်ကွက်များကပြောကြားကြပါသည်။ စစ်အစိုးရ၏အစီအစဉ်အရ စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း (USDA) သည် အင်အား အကြီးဆုံးပါတီ ဖြစ်လာလိမ့်မည်ဟု ရန်ကုန်ရှိ ရဲသတင်းရပ်ကွက်တခုက ဆိုပါသည်။ "ဗိုလ်ချုပ်တွေကိုယ်တိုင် အနီးကပ်စောင့်ကြည့်ပြီး လမ်းညွန်မှုပေးနေတာဗျ" ဟု လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်ရ၍ အမည်မဖေါ်လိုသည့် အဆိုပါ သတင်းရပ်ကွက်က ပြောသွားပါသည်။ ဤဖြစ်စဉ်တရပ်လုံးသည် အပြစ်အနာအဆာများနှင့်ပြည့်နှက်နေပြီး မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမရောက်ရှိနိုင်ကြောင်းဖြင့် ဦးအေးသာအောင်က ဆိုလိုက်ပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အကန့်အသတ်များက ကယ်ဆယ်ရေးတွင် အဟန့်အတားဖြစ်နေဟု စားနပ်ရိက္ခာအဖွဲ့ပြော


ဆော်လမွန်
တနင်္လာနေ့၊ ဇွန်လ 02 2008 22:43 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသရှိ ဝေးလံသော ဒေသများသို့ အကူအညီ ပစ္စည်းများ သယ်ပို့ပေးရေး အတွက် သူတို့၏ ရဟတ်ယာဉ် တစီးကို အသုံးပြုခွင့်ရရန် မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရသေးဟု ကမ္ဘာ့အဖွဲ့အစည်း တရပ်ဖြစ်သော ကမ္ဘာ့ စားနပ်ရိက္ခာအဖွဲ့ (WFP) က ပြောကြားလိုက်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ကျနော်တို့ ရဟတ်ယာဉ်တစီး အခု ရန်ကုန်မှာ ပစ္စည်းတွေ သယ်ဘို့ အဆင်သင့် ဖြစ်နေပါပြီ၊ ဒါပေမဲ့ ခုအချိန်အထိ သုံးလို့ မရသေးဘူးဗျာ” ဟု ဘန်ကောက် (WFP) ရုံး ပြောရေးဆိုခွင့်ရှိသူ ပေါလ်ရစ်စလေ Paul Risley က ပြောကြား သွားပါသည်။ “ဘာဘဲဖြစ်ဖြစ် ဒီရဟတ်ယာဉ်က သုံးဘို့ အဆင်သင့် ဖြစ်နေပါပြီ” ဟု သူက ဆက်လက် ပြောဆိုလိုက်ပါသည်။သယ်ယူပို့ဆောင်ရေး အခက်အခဲကြောင့် မြစ်ဝကျွန်းပေါ် ဒေသရှိ ဝေးလံသော ကျေးရွာ အများအပြားသို့ ပစ္စည်းများ သယ်ပို့ပေးရန် ရဟတ်ယဉ်များ အသုံးပြုခွင့် ရရေးမှာ အလွန်အရေးကြီးသည်ဟု ရစ်စလေက ပြောဆိုပါသည်။“ထိုင်းနိုင်ငံမှာလည်း နောက်ထပ် ကျနော်တို့ ရဟတ်ယာဉ် ၉ စီး အဆင်သင့် ရှိနေပါတယ်။ ရက်ပိုင်းအတွင်း ဘန်ကောက်ကနေ မြန်မာပြည်ကို ယူလာဘို့ အသင့် ဖြစ်နေမှာပါ” ဟု ရစ်စလေက ပြောဆိုပါသည်။ WFP သည် ယခုအထိ ခန့်မှန်းခြေ ဆိုင်ကလုံး လေဘေးဒုက္ခသည် ၅၇၅ဝဝဝ ဦးထံသို့ ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်။ သို့သော် အစိုးရ၏ ကန့်သတ်ချက်များကြောင့် နိုင်ငံတကာ အကူအညီပေးရေး လုပ်သားများ၏ ကယ်ဆယ်ရေး လုပ်ငန်းများ နှောင့်နှေးရသည်ဟု ဆိုလိုက်ပါသည်။ ယခု လောလောဆယ် အဆိုပါ ကယ်ဆယ်ရေး လုပ်သားများမှာ မြစ်ဝကျွန်းပေါ်ဒေသတွင် နေနေရသည်ဟု ဆိုသည်။“ကျနော်တို့ ဝန်ထမ်းတွေကို မြစ်ဝကျွန်းပေါ် ဒေသမှာ နေပြီး အလုပ် လုပ်နေစေချင်ပါတယ်။ ဒါပေမဲ့ လိုအပ်တဲ့ ခွင့်ပြုချက်က မရသေးဘူး။ ဒါ ကျနော်တို့ မြစ်ဝကျွန်းပေါ်မှာ လုပ်နေတဲ့ အလုပ်တွေအတွက် တကယ့် စိန်ခေါ်မှုတရပ်ပါဘဲ” ဟု ရစ်စလေ က ပြောဆိုသွားပါသည်။ဤအတောအတွင်း မြန်မာအစိုးရထံမှ ခွင့်ပြုချက် မရရှိသဖြင့် လွန်ခဲ့သော ၂ ပတ်လုံးလုံး ပင်လယ်ပြင်တွင် ကယ်ဆယ်ရေးပစ္စည်း အမြောက်အမြား၊ ရဟတ်ယာဉ် အများအပြား တင်ဆောင်ကာ စောင့်ဆိုင်းနေခဲ့သည့် မိမိတို့၏ ရေတပ် သင်္ဘော ၄ စီးကို ပြန်လည်ထွက်ခွါရန် အမိန့်ပေးတော့မည် ဖြစ်သည်ဟု အမေရိကန် ကာကွယ်ရေးဌာန အရာရှိများက ပြောဆိုသွားပါသည်။“စစ်အစိုးရက ကျနော်တို့ကို ကူညီခွင့်ပေးမှာ မဟုတ်ဘူးဆိုတာ ဒီအချိန်မှာ အတော်ကို ရှင်းလင်းနေပါပြီ။ ကျနော်တို့ ခုအချိန်အထိတော့ ဘာမှ မဆုံးဖြတ်ရသေးပါဘူး။ ဒါပေမဲ့ ကျနော်တို့ သင်္ဘောတွေ အဲဒီနေရာမှာ ပတ်ချာလည် လှည့်ပြီး စောင့်နေရတာ အတော်ကို ကြာနေပါပြီ” ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ် Robert M. Gates က စင်္ကာပူနိုင်ငံတွင် ကျင်းပသည့် အာရှလုံခြုံရေး ကွန်ဖရင့်တွင် တနင်္ဂနွေနေ့က ပြောဆိုသွားပါသည်။ယခင်အပတ်ကလည်း အလားတူ ကယ်ဆယ်ရေးပစ္စည်းများ တင်ဆောင်ကာ မြန်မာ့ရေပိုင်နက် အပြင်တွင် စောင့်ဆိုင်းနေခဲ့သည့် ပြင်သစ် ရေတပ်သင်္ဘော 'Mistral' ကလည်း စစ်အစိုးရထံမှ ခွင့်ပြုချက် မရသဖြင့် ထိုင်းနိုင်ငံသို့ ပြန်သွားကာ မုန်တိုင်း ဒုက္ခသည်များအတွက် ကယ်ဆယ်ရေး ပစ္စည်းများကို ချထားပေးခဲ့သည်။မြန်မာနိုင်ငံအတွင်းရှိ ဆိုင်ကလုံးဒဏ် ခံခဲ့ရသော ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့သည့် WFP အမှုဆောင် ညွှန်ကြားရေးမှူး ဂျိုးဆက်ရှီးရန်း (Josette Sheeran) က မြစ်ဝကျွန်းပေါ်သို့ ကယ်ဆယ်ရေး လုပ်သားများ ချထားရေးကို နှောင့်နှေး ကြန့်ကြာစေသည့် ကြိုးနီစနစ်များ လျှော့ချပေးပါရန် စစ်အစိုးရကို တိုက်တွန်းသွားသည်။ကယ်ဆယ်ရေး လုပ်သားများ စေလွှတ်ရေးအတွက် အစိုးရက ချမှတ်ထားသော လုပ်ထုံးလုပ်နည်းများသည် အနှောင့်အယှက် ဖြစ်မြဲဖြစ်နေပြီး ကယ်ဆယ်ရေး လုပ်ငန်း၏ ထိရောက်မှုကို ထိခိုက်စေသည် ဟု မြန်မာနိုင်ငံ ခရီးစဉ်မှအပြန် တနင်္ဂနွေနေ့တွင် ထုတ်ပြန်ခဲ့သော ကြေညာချက်၌ သူမက ပြောဆိုသွားပါသည်။ လူပေါင်း ၆၆၃ဝဝဝ ဦးကို ပထမအသုတ် ဆန်ရိက္ခာများ ပေးအပ်နိုင်ရန် ရည်မှန်း လုပ်ဆောင်ခဲ့ရာ ယခုအထိ လူပေါင်း ၅၇၅ဝဝဝ ဦးကို အဆိုပါဆန်များ ပေးအပ်နိုင်ခဲ့ပြီး ဖြစ်သည်ဟု (WFP) က ပြောပါသည်။ ဒါပေမဲ့ လူအတော်များများ အဲဒီ ရိက္ခာကို မရသေးဘူးဟုလည်း ဆက်လက် ပြောဆိုသွားပါသည်။ ယခုအခါ အဆိုပါ ဒုက္ခသည်များကို ဒုတိယအသုတ် ဆန်များဝေရန် အချိန်ရောက်နေပြီဟု ဆိုသည်။မြို့များပေါ်ရှိ ဆိုင်ကလုံး လေဘေး ဒုက္ခသည်များထံ အဆိုပါ ကယ်ဆယ်ရေးပစ္စည်းများ ရောက်ရှိပြီး ဖြစ်သော်လည်း သယ်ယူ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် ကျေးရွာ အများအပြားထံ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်သေးဘဲ ကျန်နေသေးသည်ဟု ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့နယ်မှ ပြန်လာခဲ့သူ ရန်ကုန်မြို့မှ အကူအညီပေးရေး လုပ်သားတဦးက ပြောသွားပါသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ကွမ်းခြံကုန်းရှိ ကျေးရွာအများစုမှ ကလေးများ ကျောင်းဖွင့်သော်လည်း မတက်ရောက်နိုင်သေး


ဝိုင်းပီး၊ ဖနိဒါ
တနင်္လာနေ့၊ ဇွန်လ 02 2008 18:45 - မြန်မာစံတော်ချိန်
ချင်းမိုင်-နယူးဒေလီ။ ။ မြန်မာနိုင်ငံရှိ ကျောင်းများ ယနေ့တွင် စတင် ဖွင့်လှစ်နေသော်လည်း ရန်ကုန်တိုင်းအတွင်း ကွမ်းခြံကုန်းမြို့နယ်ရှိ ကျေးရွာ အများစုတွင် ကလေးများ ကျောင်းတက်ရောက်နိုင်ခြင်း မရှိသေးပါ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကွမ်းခြံကုန်းမြို့နယ်နှင့် ၆ မိုင်လောက် ဝေးသည့် အင်းကွတ်၊ ကျိုက်ပတ်၊ ဘီလင်း၊ စမ်းကောက် စသည့် ကျေးရွာများရှိ လူအများစုသည် စားသောက်ရန်ပင် အလှူရှင်များကိုသာ အားကိုးနေရသည့်အတွက် ကလေးငယ်များ ကျောင်းမတက်နိုင်သေးခြင်း ဖြစ်သည်။“ကျောင်းအပ်ဖို့ ငွေပေးနိုင်မယ်ဆိုရင်တောင် ကျောင်းသွားဖို့ အဝတ်အစား မရှိဘူး။ ကျောင်းမှာ စားဖို့ ဘာမှမရှိဘူး” ဟု လေဘေး ဒုက္ခသည်များကို ကူညီနေသည့် အလှူရှင်များကို လိုက်လံ ပို့ဆောင်ပေးနေသူ ကွမ်းခြံကုန်း ဒေသခံတဦးက ပြောသည်။ ကွမ်းခြံကုန်းမြို့နယ်ရှိ ဒုက္ခသည်များ ယာယီနေထိုင်သည့် အထက ၁၊ အလက ၂ နှင့် ဆရာတော် ဦးဘောဇ ဘုန်းကြီးကျောင်းမှ ဒုက္ခသည်များကို အာဏာပိုင်များက မည်သည့် အကူအညီ၊ အထောက်အပံ့မှ မပေးသည့်အပြင် ပြီးခဲ့သည့်လ ၂၂ ရက်မှ စတင်ပြီး ၃ ရက်အချိန်ပေးကာ နေရပ် ဒေသများသို့ ရွှေ့ပြောင်းခိုင်းနေသည်။ ရပ်ရွာဒေသသို့ မပြန်နိုင်သည့် သူများကို ယာယီတဲများတွင် နေခိုင်းသည်။ အခြေခံပညာကျောင်းများ ပြန်ဖွင့်နေရာတွင် ရန်ကုန်တိုင်းအတွင်းရှိ အချို့ကျောင်းများတွင် ကျောင်းအပ်ကြေး အပြင် ကျောင်းပြင်ဆင်ရန်ဟု ဆိုကာ အလှူငွေ ကျပ် ၂ သောင်း တောင်းခံနေသည်။ ဗိုလ်တထောင် အထက ၅ ကျောင်းတွင် ကျောင်းသွားအပ်ခဲ့သည့် မိဘတဦးက အထက်တန်း ကျောင်းသားတဦးလျှင် ကျပ် ၄၅ဝဝဝ ပေးရကာ ကျောင်းပြင်ဆင်ရေးအတွက် ထပ်မံ ပေးဆောင်ရမည်ဟု ဆိုသည်။ “ကျောင်းက အမိုးတွေ ပြင်ဖို့ဆိုပြီးတော့ ကျောင်းသားတယောက်ကို ၂ သောင်း တောင်းနေတယ်၊ နောက်တော့ ပေးရမယ်ပြောတယ်။ အခုတော့ မကောက်သေးဘူး။ တကယ်တမ်းတော့ အမိုးတွေက အဲဒီလောက်ကြီး ပျက်တာ မဟုတ်ဘူး။ ကျမ သား ၉ တန်း အပ်တာ ၄၅ဝဝဝ ကျော် ကုန်သွားတယ်။ စာအုပ်ဖိုး၊ ကျောင်းလခတွေ အပါအဝင် မနှစ်ကတော့ ဒီလောက်မကုန်ဘူး” ဟု သူက ပြောသည်။ ထို့အပြင် ရန်ကုန်တိုင်း သန်လျင်မြို့တွင်လည်း ကျောင်းများ စတင်ဖွင့်နေပြီ ဖြစ်ရာ ၅ တန်း ကျောင်းသားတဦး ကျောင်းအပ်ကြေးငွေမှာ ၃၅ဝဝ ကျပ် ထည့်ပြီးသော်လည် စာအုပ်ဖိုးအဖြစ် ထပ်မံ ပေးဆောင်ရမည်ဟု ဟု သံလျင် မြို့ခံတဦးက ပြောသည်။ သို့သော် ကျောင်းအပ်ကြေးငွေ မပေးရသည့် ကျောင်းလည်း ရှိနေသည်။ ရန်ကုန်မြို့ပေါ်ရှိ ပုဇွန်တောင် အထက ၄ ကျောင်းတွင်မူ ကျောင်းအပ်ရာ၌ လျှောက်လွာကြေး ၅ဝဝ ကျပ်သာ ပေးဆောင်ရသည်ဟု ပုဇွန်တောင် ကျောင်းတွင် ကျောင်းအပ်ခဲ့သူ မိဘတဦးက ပြောသည်။ “တပြားမှ မပေးရဘူး။ ရခိုင်ဘက်က အသစ် အသစ်တွေကအစ မပေးရဘူး။ ဘယ်သူ့ကိုမှ မပေးဘူး။ ပုဇွန်တောင် အထက ၄ ကျောင်းအပ်တာ ဖေါင်တစောင် ၅ဝဝ ပဲ ပေးရမှာ။ နယ်ကလာတဲ့ လူတွေကအစပေါ့နော်။ အစတော့ ပေးရမယ် အောက်မေ့လို့ လုပ်တာ မပေးရဘူး။ ဒါပေမဲ့ တခြား နာမည်ကြီးကျောင်းတွေကတော့ မသိဘူး။ နာမည်ကြီး ဗိုလ်တထောင်ကျောင်းဆိုရင် ကျောင်းသားသစ်ဆို ၁ သိန်းအထိ ပေးရတယ်လေ” ဟု သူက ပြောသည်။ မုန်တိုင်းသင့်ဒဏ်ခံနေရသည့် ကော့မှူးမြို့နယ်ရှိ မျက်စံနီကျေးရွာတွင် ကျောင်းများ ပြင်ဆင်မှုမရှိသေးသဖြင့် ကျောင်းသားများ အပ်နှံပြီးသော်လည်း ကျောင်းများ ဖွင့်လှစ်ခြင်း မရှိသေးကြောင်း ကျေးရွာ ဒေသခံတဦးက ပြောသည်။ “ဒီရွာမှာတော့ မဖွင့်သေးဘူး။ ဒလဘက်မှာတော့ ဒီနေ့ ဖွင့်မယ်လို့ ပြောတယ်။ မျက်စံနီ ကျေးရွာမှာတော့ မဖွင့်သေးဘူး။ ကျနော်တို့ ကျောင်းဝင်ကြေးတော့ ဘာမှ မပေးရသေးဘူး။ နောက်မှ ပြန်တောင်းလာမလားတော့ မသိသေးဘူး။ ကျောင်းဝင်းကြေးကို ၈ လပိုင်းမှ ပေးပါလို့ ပြောနေတယ်။ ဘယ်လောက် ကျမလဲတော့မသိဘူး” ဟု ပြောသည်။ မြောင်းမြမြို့တွင်လည်း ကျောင်းများ ဖွင့်နေသော်လည်း ယခင်နစ်လိုသာ ကျောင်းဝင်ကြေး ပေးဆောင်ရကာ အလှူငွေများ ကောက်ခံမည်ဟု ကျောင်းအပ်ခဲ့စဉ်က ပြောပြခဲ့သည်ကို ကျောင်းသားမိဘ တဦးက ပြောသည်။“မြောင်းမြမှာ ဒီနေ့ စဖွင့်ပြီ။ ကျောင်းအပ်ခတော့ ခါတိုင်းလိုပဲ။ အလယ်တန်းက ၃ဝဝဝ လောက်ပဲ ကျတယ်။ အမိုးပျက်တဲ့ ကျောင်းတွေလည်း ပြင်ပြီးသွားပြီ။ အလှူငွေတွေ ဘာတွေတော့ အခု မကောက်သေးဘူး။ နောက် ဘယ်တော့ ကောက်မလဲ မသိဘူး” ဟု မြောင်းမြမြို့ ဒေသခံက ပြောသည်။ စစ်အစိုးရက ပြီးခဲ့သည့် မေလ ၂၆ ရက်တွင် ကျောင်းများ ဖွင့်ရန် အဆင်သင့် မဖြစ်သေးသဖြင့် ဧရာဝတီတိုင်း လေဘေးဒဏ်သင့် ငပုတော၊ ကျိုက်လတ်၊ ဘိုကလေး၊ ဖျာပုံ၊ လပွတ္တာ၊ မော်လမြိုင်ကျွန်းနှင့် ဒေးဒရဲမြို့နယ်များ အတွင်းက အခြေခံပညာ ကျောင်းဖွင့်ရက်များကို ရွှေ့ဆိုင်း လိုက်သည်။ ပညာရေးဝန်ကြီးဌာနမှ ၂ဝဝ၇ ခုနှစ် မေလ ၂၈ ရက်တွင် ကျောင်းအပ် လက်ခံချိန်တွင် အလှူငွေ မကောက်ခံရန်နှင့် ကောက်ခံပါက တိုင်းကြား နိုင်သည်ဟု ကြေညာချက် ထုတ်ပြန်ခဲ့သည်။ “ဝန်ကြီးဌာနက အလှူငွေမကောက်ရဘူးဆိုတာ မနှစ်ကတည်းက ကြေညာထားတော့ ကျောင်းအုပ်တွေ၊ ဆရာ၊ ဆရာမတွေက မကောက်ကြဘူး။ အလှူငွေကောက်လို့ တိုင်တယ်ဆိုတာတော့ မကြားမိသေးဘူး။ နောက်ပြီး ကျောင်းမအပ်နိုင်တာလည်း မရှိသေးဘူး။ ဘာကြောင့်လဲဆိုတော့ ဒီ ပုဇွန်တောင်မှာက ကျောင်းအပ်ရင် ဘာမှ မကုန်သေးဘူးဆိုတော့လေ” ဟု ပုဇွန်တောင်မှ ကျောင်းသားမိဘတဦးက ပြောသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဒုက္ခသည်အကူအညီ ဇူလိုင်လလယ်တွင် ပြတ်လပ်မည်ဟု ကုလ ပြောကြား


နေသွင်
တနင်္လာနေ့၊ ဇွန်လ 02 2008 17:24 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များအတွက် နိုင်ငံတကာမှ ပေးထားသော အကူအညီသည် ဇူလိုင်လလယ်တွင် ပြတ်လပ်သွားမည် ဖြစ်ရာ ရေရှည် အကူအညီများ လိုအပ်နေသည်ဟု ကုလသမဂ္ဂက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြီးခဲ့သည့် စနေ၊ တနင်္ဂနွေနေ့များက ရန်ကုန်တိုင်းရှိ မုန်တိုင်းဒဏ်သင့် ဒေသများသို့ သွားရောက်ခဲ့သူ ကုလသမဂ္ဂ အေဂျင်စီ၏ အကြီးအကဲက သူတို့အဖွဲ့သည် ယခုအချိန်အထိ မုန်တိုင်းဒဏ် အဆိုးရွားဆုံး ခံခဲ့ရသော ဒေသတွင် လူပေါင်း ၅၇၅ဝဝဝ ကို ရိက္ခာများ ဖြန့်ဝေနိုင်ခဲ့သော်လည်း အများစုမှာ ရိက္ခာ အထောက်အပံ့ မရကြသေးသလို ဇူလိုင် လလယ်နောက်ပိုင်း ရေရှည်အတွက် ဆက်လက် လိုအပ်ချက် ရှိနေသည်ဟု ပြောဆိုလိုက်ခြင်း ဖြစ်သည်။ကုလ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အကြီးအကဲ Josette Sheeran က “နိုင်ငံတကာက ရေရှည် အကူအညီတွေရဖို့ လုပ်စရာတွေ အများကြီး ရှိနေပါတယ်။ လက်ရှိ အထောက်အပံ့တွေနဲ့ ဆိုရင် ဇူလိုင်လလယ်မှာ အားလုံး ပြတ်လပ် ကုန်ပါလိမ့်မယ်” ဟု ပြောသည်။ကုလ အေဂျင်စီသည် မုန်တိုင်းဒဏ် အဆိုးဆုံးခဲ့ရသော ဒေသတွင် ဒုက္ခသည် ၆၆၃ဝဝဝ ကို အထောက်အပံ့ပေးရန် ရည်ရွယ်ထားသည်။မုန်တိုင်းဒဏ်ခံရသော ဒေသများတွင် လူပေါင်း ၂ သန်းခွဲသည် အစားအစာ၊ နေရာထိုင်ခင်းနှင့် သောက်သုံးရေ အရေးတကြီး လိုအပ်ပြီး ၎င်းတို့အနက် ၆ဝ ရာခိုင်နှုန်းသည် အကူအညီ မရကြသေးဟု ရန်ကုန်အခြေစိုက် ကုလသမဂ္ဂရုံးက ခန့်မှန်းထားသည်။ကုလသမဂ္ဂ ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် အကြီးအကဲသည် ကယ်ဆယ်ရေး လုပ်ငန်းများ ကြီးကြပ်ရေးအတွက် အသစ်ဖွဲ့ထားသော သုံးပွင့်ဆိုင် ကြီးကြပ်ရေးအဖွဲ့၏ ခေါင်းဆောင် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဦးကျော်သူနှင့် စနေနေ့က တွေ့ဆုံခဲ့သည်။ဆွေးနွေးပွဲတွင် Josette Sheeran က အကူအညီပေးရေး အဖွဲ့များကို ဗီဇာထုတ်ပေးသည့် အစိုးရ၏ လုပ်ရပ်ကို ကျေးဇူးတင်စကား ဆိုခဲ့ပြီး အကူအညီပေးရေး လုပ်ငန်းများကို နှောင့်နှေးစေသော ဗျူရိုကရေစီ ယန္တယားများကို ရုပ်သိမ်းပေးရန်လည်း တိုက်တွန်းခဲ့သေးသည်။ဆိုင်ကလုန်းဒဏ် ခံခဲ့ရသော ဒေသများမှ ဒုက္ခသည်များသည် ရိက္ခာရရှိရေးကို ပထမဦးစားပေးအဖြစ် တောင်းဆိုနေသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် ဝန်ထမ်းများက ပြောကြောင်း Josette Sheeran က ပြောသည်။“တိုးတက်မှုတွေ ရှိနေပါပြီ။ ဒါပေမဲ့ အရေးတကြီး ကိစ္စတွေ လုပ်ဆောင်ဖို့အတွက် နောက်ဆုံးခြေလှမ်းကို မလှမ်းရသေးပါဘူး” ဟု သူက ပြောသည်။မုန်တိုင်းကျရောက်ပြီး တလကျော်လာသည့်အထိ နိုင်ငံတကာ အကူအညီ ပေးရေးတွင် စစ်အစိုးရဘက်က အကန့်အသတ်ဖြင့်သာ လက်ခံနေသည်။ အရေးပေါ် ကယ်ဆယ်ရေး ပစ္စည်းများဖြင့် မြန်မာ့ရေပိုင်နက် အနီးတွင် ၂ ပတ်ကျော်ကြာ စောင့်ဆိုင်းနေသော အမေရိကန်မှ USS Essex အပါအဝင် စစ်သင်္ဘော ၃ စင်းသည် မကြာမီတွင် နောက်ကြောင်း လှည့်ပြန်တော့မည်။အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်စ် က စစ်အစိုးရဘက်က လက်ရှိပေါ်လစီကို အပြောင်းအလဲ မလုပ်လျှင် နောက်ထပ် လူပေါင်းများစွာ သေဆုံးမည်ဟု ယမန်နေ့က သတိပေးသည်။အမေရိကန် စစ်သင်္ဘောများ၏ နောက်ကြောင်းပြန်မည့် အစီအစဉ်သည် ပြင်သစ်သင်္ဘော၏ နောက်ကြောင်းပြန် ခရီးနှင့် ရှေ့ဆင့်နောက်ဆင့် ဖြစ်သည်။ပြင်သစ်သဘောင်္သည် မြန်မာပြည်သို့ ဝင်ရောက်ခွင့် မရသဖြင့် ထိုင်းကမ်းခြေသို့ လမ်းကြောင်းပြောင်းကာ မုန်တိုင်းဒုက္ခသည်များအတွက် ရည်ရွယ်သော ကယ်ဆယ်ရေးပစ္စည်း တန်ချိန် တသောင်းကို ကုလ စားနပ်ရိက္ခာ အဖွဲ့သို့ လွှဲပြောင်းပေးခဲ့သည်။ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ကြီးက မုန်တိုင်း ဒုက္ခသည်များအား အကူအညီပေးရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၇ဝ လိုအပ်လျက်ရှိရာ ယခုအချိန်အထိ အမှန်တကယ် လိုအပ်သော ပမာဏ၏ သုံးပုံတပုံသာ ရရှိ သေးသည်ဟု ဆိုသည်။မေလ ၂-၃ ရက်နေ့များတွင် လူပေါင်း တသန်းကျော် အသေအပျောက် ရှိခဲ့သော မုန်တိုင်းအလွန် အရေးပေါ် ကယ်ဆယ်ရေး လုပ်ငန်းများအတွက် ကုလသမဂ္ဂက အမေရိကန်ဒေါ်လာသန်း ၂ဝဝ တောင်းခံထားရာ ယခုအချိန်အထိ သန်း ၁၅ဝ ကျော်တန်ဖိုး ကတိကဝတ် ရရှိထားသည်ဟု ကုလသမဂ္ဂက ဆိုသည်။စစ်အစိုးရက မုန်တိုင်းကြောင့် ပျက်စီးဆုံးရှုံးမှုမှာ အမေရိကန်ဒေါ်လာ ၂ ဘီလီယံ ရှိသည်ဟု ဆိုသည်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်