စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Sunday, August 3, 2008

မဇ္ဈိမ ဝဘ်ဆိုဒ် တိုက်ခိုက်ခံနေရ

မဇ္ဈိမသတင်းဌာန
ဗုဒ္ဓဟူးနေ့၊ ဂျူလိုင်လ 30 2008 13:50 - မြန်မာစံတော်ချိန်


နယူးဒေလီ။ ။ နယူးဒေလီ အခြေစိုက် မဇ္ဈိမသတင်းဌာန၏ မြန်မာဘာသာ ဝဘ်ဆိုဒ် www.mizzimaburmese.com သည် ပြင်းထန်စွာ ဆက်တိုက် တိုက်ခိုက်ခံနေရပြီး တင်္နလာနေ့မှစ၍ ဝဘ်ဆိုဒ်သို့ ဝင်ရောက်ကြည့်ရှု၍ မရတော့ပါ။ ယင်းတိုက်ခိုက်ခြင်းသည် နည်းပညာ အခေါ်အရ (Distributed Denial of Services – DDoS) attack ဖြစ်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မဇ္ဈိမဝဘ်ဆိုဒ်၏ မြန်မာဆာဗာသည် ၎င်းလက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သည့် ဒေတာများဖြင့် တိုက်ခံရပြီးနောက် ယခုကဲ့သို့ ရပ်ဆိုင်းသွားရခြင်း ဖြစ်သည်။

ဤတိုက်ခိုက်နည်း၏ အဓိက ရည်ရွယ်ချက်မှာ ဝဘ်ဆိုဒ်ကို ကြည့်ရှု၍မရအောင် ပြုလုပ်ရန် ဖြစ်သည်ဟု မဇ္ဈိမ၏ ဝဘ်မာစတာက ပြောဆိုသည်။ သတင်းအချက်အလက်များကို တပြိုင်တည်း အလွန်အကျွံ စုပြုံ၍ ပေးပို့လိုက်ခြင်းကြောင့် ဝဘ်ဆိုဒ်က လက်ခံနိုင်သည့် ပမာဏထက် ကျော်လွန်သွားစေကာ အချက်အလက်များကို ပြန်လည် မပေးပို့နိုင်ပဲ ရပ်ဆိုင်းသွားခြင်း ဖြစ်သည်။

စစ်ဆေးလေ့လာချက်များအရ သတင်းအချက်အလက်များမှာ ၁၅ မိနစ်အတွင်း ၅ ဂျီဂါဘိုက် (၅ Gigabytes) ခန့်အထိ ရှိကြောင်း တွေ့ရှိရသည်။ ဤပမာဏသည် သာမန် လက်ခံနေရသည့် ပမာဏထက် အဆပေါင်းများစွာ ပိုနေသည့်အတွက် ဤသို့ အလုပ်မလုပ်နိုင်ဘဲ ရပ်ဆိုင်းသွားခဲ့ရခြင်း ဖြစ်သည်ဟု မြန်မာဆာဗာကို ကူညီထိန်သိမ်း ကြည့်ရှုပေးသူ မဇ္ဈိမ၏ မိတ်ဆွေ နည်းပညာရှင်တဦးက ပြောဆိုသည်။

ဤသို့ တိုက်ခိုက်မှုမျိုး၏ မူရင်းကို ခြေရာခံ သိရှိနိုင်ရန် ခက်ခဲပြီး ဤတိုက်ခိုက်မှုသည် မဇ္ဈိမ မြန်မာဝဘ်ဆိုဒ်ကို အဓိက ချိန်ရွယ် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း ပြောသည်။

ဤသို့သော တိုက်ခိုက်မှုသည် လွန်ခဲ့သည့် ရက်ပေါင်း အတော်ကြာကတည်းက ဖြစ်ပေါ်တည်ရှိ နေခဲ့ခြင်းဖြစ်ပြီး တရုတ်၊ ရုရှ၊ ဟန်ဂေရီနိုင်ငံတို့မှ ဆာဗာများကို အသုံးပြု တိုက်ခိုက်ခဲ့ကြောင်း သူက ဆက်ပြောသည်။ မဇ္ဈိမ မြန်မာဘာသာ ဝဘ်ဆိုဒ်ကို တိုက်ခိုက်ခြင်းတွင် အနည်းဆုံး ဆာဗာ ၃ဝ ကို ပါဝင်ပတ်သက် အသုံးပြုထားသည်ဟု သူက ပြောသည်။

မဇ္ဈိမသတင်းဌာနသည် မြန်မာနိုင်ငံနှင့် ဆက်စပ် ပတ်သက်သည့် သတင်းများ၊ အမြင်များကို စုစည်း တင်ဆက်ပေးနေသည့် လွတ်လပ်သော မြန်မာ မာလ်တီမီဒီယာ သတင်းဌာနတခုဖြစ်ပြီး ပြည်ပအခြေစိုက် မြန်မာဂျာနယ်လစ်များက ဦးစီး လုပ်ကိုင်နေသည့် သတင်းဌာနတခု ဖြစ်သည်။ အဓိက ဝဘ်ဆိုဒ် ၄ ခုဖြစ်သည့် (mizzima.com, mizzimaburmese.com, mizzima.tv, mizzimaphoto.com) တို့မှ သတင်းများ၊ ဓာတ်ပုံများ၊ ဗီဒီယိုများကို နေ့စဉ် တင်ဆက်ပေးနေသည်။

သတင်းများကို မြန်မာဘာသာ၊ အင်္ဂလိပ် ဘာသာတို့ဖြင့် နေ့စဉ် တင်ဆက် ပေးနေသည့်အပြင် ဤသတင်း ဝဘ်ဆိုဒ်တွင် ဗီဒီယို သတင်းများကိုလည်း မဇ္ဈိမတီဗီ ဝဘ်ဆိုဒ် (mizzima.tv) တွင် တင်ဆက်ပေးလျက် ရှိသည်။ ဤဝဘ်ဆိုဒ်မှ သတင်းများကို အခြားသတင်းဌာနများကလည်း မကြာခဏ ဝင်ရောက်ကြည့်ရှု အသုံးပြုလေ့ ရှိသည်။

မဇ္ဈိမ မြန်မာဘာသာနှင့် အင်္ဂလိပ်ဘာသာ ဝဘ်ဆိုဒ်များကို နေ့စဉ် ဝင်ရောက်ကြည့်ရှုသည့် Unique Visitors ပျှမ်းမျှ တသောင်းမှ သောင်းငါးထောင်အထိ ရှိပြီး ယမန်နှစ် စက်တင်ဘာလအတွင်း မြန်မာနိုင်ငံတွင် ဖြစ်ပွားခဲ့သည့် ဆန္ဒပြပွဲများ အတွင်း နှင့် နာဂစ်ဆိုင်ကလုံး ဝင်ရောက် တိုက်ခတ်အပြီးနှင့် ယခုနှစ်မေလနှင့် ဇွန်လတို့တွင် ဝင်ရောက်ကြည့်ရှုသူ အရေအတွက်မှာ နှစ်ဆကျော်ခန့် ထိုးတက်သွားခဲ့သည်။

ဤတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူ ရှိနေမည် ဆိုသည်ကို သိရှိရှာဖွေရန်မှာ ခက်ခဲသော်လည်း ဤဝင်ရောက် တိုက်ခိုက်မှုများသည် တရုတ်၊ ရုရှ၊ ဟန်ဂေရီနိုင်ငံများရှိ ဆာဗာများကို အသုံးပြု တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည့်အတွက် ယင်းနိုင်ငံများတွင် အတတ်ပညာရှင်နှင့် အင်ဂျင်နီယာ အများအပြားကို ပညာသင်ရန် စေလွှတ်ထားသည့် မြန်မာစစ်အစိုးရ လူများလက်ချက် ဖြစ်နိုင်ကြောင်း ခန့်မှန်းရသည်။

မဇ္ဈိမဝဘ်ဆိုဒ်ကို မြန်မာနိုင်ငံတွင် ပိတ်ပင်ထား၍ ဝင်ရောက် ကြည့်ရှုနိုင်ခြင်း မရှိဘဲ ကြည့်ရှုလိုပါက မြန်မာအာဏာပိုင်များ မသိအောင် ဘရောက်ဇီ ဆာဗာများခံ၍ ဝင်ရောက်ကြည့်ရှုရပြီး သိသွားပါက ဒဏ်ငွေ အမြောက်အမြား ပေးရနိုင်သည်။

ဤသို့ တိုက်ခိုက်မှုတွင် မဇ္ဈိမ ဝဘ်ဆိုဒ်သာမက နော်ဝေနိုင်ငံ အော်စလို အခြေစိုက် ဒီမိုကရက်တစ် မြန်မာ့အသံ (DVB) ၏ ဝဘ်ဆိုဒ် www.dvb.no သည်လည်း ဇူလိုင်လ ၂ဝ ရက်နေ့ကတည်းက ဤသို့ ပြင်းထန်သည့် တိုက်ခိုက်မှုမျိုးကို ခံနေရကြောင်း သိရသည်။

လွန်ခဲ့သော ၄ ရက်အတွင်း ပိုမိုပြင်းထန်၍ ဆက်တိုက် တိုက်ခိုက် ခံခဲ့ရသည့်အတွက် တိုက်ခိုက်သူသည် (DVB) ဝဘ်ဆိုဒ်ကို ရပ်ဆိုင်းသွားစေရန် ကြိုးပန်းနေခြင်း ဖြစ်ကြောင်း DVB ၏ ဒုတိယအမှုဆောင် ညွှန်ကြားရေးမှူး ဦးခင်မောင်ဝင်း က သောကြာနေ့က သတင်းထုတ်ပြန်ချက်တရပ် ထုတ်ပြန်ခဲ့သည်။

“အခုထိ တိုက်ခိုက်ခံနေရဆဲပါပဲ” ဟု ဦးခင်မောင်ဝင်း က ပြောကြားသည်။

“နည်းပညာအရ တိုက်ခိုက်မှု၏ နောက်ကွယ်တွင် မည်သူရှိသည် ဆိုသည်ကို ပြောဆိုရန်မှာ ခက်ခဲသည်။ သို့သော် ဤတိုက်ခိုက်မှု၏ နောက်ကွယ်တွင် မြန်မာအစိုးရ ရှိကြောင်း အလွယ်တကူ ပြောနိုင်သည်” ဟု ဦးခင်မောင်ဝင်းက ပြောသည်။

No comments: