စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 3, 2008

လမ်းပြမြေပုံသည် အပြစ်အနာအဆာ ပြည့်နေဟု အတိုက်အခံများက ပြော


မဇ္ဈိမသတင်းဌာန
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:34 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ စစ်အစိုးရ၏ ဒီမိုကရေစီစနစ်သို့ ပြောင်းလဲရေး လမ်းပြမြေပုံကို သူတို့ ခိုင်ခိုင်မြဲမြဲ ဆက်လက် ဆန့်ကျင်လျက်ပင် ရှိကြောင်းဖြင့် မြန်မာနိုင်ငံ၏ အဓိက အတိုက်အခံ ပါတီဖြစ်သော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) က ယနေ့ ပြောကြားလိုက်ပါသည်။ အတင်းအကြပ် ရေးဆွဲ အတည်ပြုထားသော 'ဖွဲ့စည်းပုံ ဥပဒေ' ကို သူတို့ ထောက်ခံမည် မဟုတ်ကြောင်းလည်း ဆိုလိုက်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
"ဒီဖွဲ့စည်းပုံက ဒီမိုကရေစီစနစ်ကို သွားနိုင်လိမ့်မယ်လို့ ကျနော်တို့ မမျှော်လင့်ဘူးဗျ၊ တလျှောက်လုံး တရားဝင်မှုမှ မရှိဘဲ" ဟု ဒီချုပ်ပြောရေး ဆိုခွင့်ရှိသူ ဦးဥာဏ်ဝင်းက ပြောပါသည်။ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် တခဲနက်ထောက်ခံမဲရရှိခဲ့သည်ကို ကြည့်ခြင်းဖြင့် ဒီချုပ်ကအတင်းတွယ်ကပ် ဆုပ်ကိုင်ထားည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲရလဒ်ကို ပြည်သူများကလက်မခံတော့ကြောင်း ပြလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရကပြောနေချိန်မှာပင် ဤသို့ (NLD) ၏ ကြေညာချက်ပေါ်ထွက်လာခြင်း ဖြစ်သည်။ ဆန္ဒခံယူပွဲတွင် စစ်အစိုးရ၏ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြည်သူလူထုတရပ်လုံးက သောင်းသောင်းဖျဖျထောက်ခံခဲ့ခြင်း က မြန်မာပြည်သူများ အနေဖြင့် ၂ဝ၁ဝ ရွေးကောက်ပွဲအပြီး ပေါ်ထွက်လာမည့်အစိုးရသစ်ကို ကြိုဆိုနေကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်ဟု စစ်အစိုးရ၏ တနင်္လာနေ့ထုတ် မြန်မာ့အလင်းသတင်းစာ ဆောင်းပါးရှင်က ရေးသားထားပါသည်။ "ဒီချုပ်က ဆက်လက်စွဲကိုင်ထားဆဲဖြစ်သည့် ၁၉၉ဝ ရွေးကောက်ပွဲရလဒ်ကို ပြည်သူများက ဆက်လက်အသိအမှတ် မပြုတော့ကြောင်း ပြသ လိုက်ခြင်းပင် ဖြစ်သည်။ ဤရလဒ်မှာ ခေတ်မမီတော့သောကြောင့် ပြည်သူများကသင်္ချိုင်းတွင် စွန့်ပစ်ခဲ့ကြပြီဖြစ်သည်" ဟု ဆောင်းပါးရှင်က ရေးသားထားသည်။ မေလ ၁ဝ ရက်နှင့် ၂၄ ရက်နေ့များတွင်ကျင်းပခဲ့သည့် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲတွင် ၉၈.၁၂% လာရောက်မဲပေးခဲ့ကြ ပြီး ၉၂.၄၈% က ဖွဲ့စည်းပုံအခြခံဥပဒေကို ထောက်ခံဆန္ဒမဲပေးခဲ့ကြသည်ဟု စစ်အစိုးရက သောကြာနေ့ကကြေညာခဲ့သည်။ စစ်အစိုးရကကြေညာထားသော အဆင့် ၇ ဆင့်ပါလမ်းပြမြေပုံအရ နောက်အဆင့်သည် ၂ဝ၁ဝ ခုနှစ်တွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲ ဖြစ်သည်။ ဆန္ဒခံယူပွဲတွင်ပြည်သူများကထောက်ခံခဲ့ခြင်းသည် "၂ဝ၁ဝ ခုနှစ်ရွေးကောက်ပွဲအပြီးပေါ်ထွက်လာမည့် အစိုးရသစ်ကိုသာ ပြည်သူများက လိုလားကြကြောင်း ပြသလိုက်ခြင်းပင်ဖြစ်သည်" ဟု အဆိုပါ သတင်းစာဆောင်းပါးက ဆိုထားပါသည်။ သို့သော် (NLD) ကမူ ဤသို့စစ်အစိုးရက မိမိတို့၏အုပ်စိုးမှုပိုမိုခိုင်မာရေးအတွက် ရည်ရွယ်ရေးဆွဲထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို ဇွတ်အတင်းအကြပ် အတည်ပြုလိုက်ခြင်းအတွက် ဝမ်းနည်းရပါကြောင်း ပြောဆိုသွားပါသည်။"ဒီဆန္ဒခံယူပွဲဟာ ပြည်သူ့ဆန္ဒကို ထင်ဟပ်ခြင်းလဲမရှိဘူး၊ စစ်အစိုးရက သူလိုချင်သလိုလုပ်သွားတာဘဲ" ဟု ဦးဥာဏ်ဝင်းကဆိုပါသည်။ ဤသို့ မဲဆန္ဒရှင်များကို ခြိမ်းခြောက်ခြင်း၊ ဆန္ဒခံယူပွဲတွင် မဲလိမ်မဲခိုးခြင်းဖြင့် အနိုင်ရရှိခြင်းသည်လည်း ဂုဏ်ယူစရာမဟုတ်ပါဟု သူကဆက်လက် ပြောဆိုသွားပါသည်။ အထိန်းသိမ်းခံ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ခေါင်းဆောင်သည့် (NLD) ပါတီသည် စစ်အစိုးရက ကျင်းပရန်စီစဉ်ထားသည့် ၂ဝ၁ဝ ခုနှစ်အထွေထွေရွေးကော်ပွဲနှင့်စပ်လျဉ်း၍ ထင်မြင်ချက်ပေးရန်ကိုမူ ငြင်းဆန်သွားပါ သည်။ ဤအတောအတွင်း ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲ အနိုင်ရကိုယ်စားလှယ်များဖြင့် ဖွဲ့စည်းထားသည့် ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မီတီ (CRPP)ကလည်း စစ်အစိုးရ၏ဖွဲ့စည်းပုံဥပဒေကို သူတို့မထောက်ခံကြောင်းနှင့် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲ ကိုလည်း သပိတ်မှောက်မည်ဖြစ်ကြောင်း ထုတ်ဖေါ်ပြောကြားသွားခဲ့ပါ သည်။ (CRPP) နှင့်သူတို့၏မဟာမိတ်အဖွဲ့များအနေနှင့် စစ်အစိုးရက အနာဂါတ်အစိုးရအဖွဲ့တွင် မိမိတို့၏အခန်းကဏ္ဍကို ကြိုတင်သတ်မှတ်ပြီးဖြစ်သည့် အတွက် ၂ဝ၁ဝ ခုနှစ်တွင် ကျင်းပရန်စီစဉ်ထားသည့် ရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်မဟုတ်ကြောင်း ဦးအေးသာအောင်က မဇ္ဈိမသို့ တနင်္လာနေ့က ပြောကြားသွားခဲ့ပါသည်။ "စစ်အစိုးရက သူတို့လိုချင်တာအကုန်လုံးရထားပြီး အားလုံကိုချုပ်ကိုင်ထားမှတော့ ရွေးကောက်ပွဲမှာဝင်ပြိုင်လဲ ဘာအဓိပ္ပါယ်ရှိတော့မှာလဲ" ဟု (CRPP) ၏ ပြောရေးဆိုခွင့်ရှိသူ ဦးအေးသာအောင်က ပြောသွားပါသည်။ စစ်အစိုးရကကျင်းပပေးမည့် အထွေထွေရွေးကောက်ပွဲတွင် နိုင်ငံရေးပါတီအနည်းငယ်ကို ပေါ်ထွက်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သော်လည်း အကန့် အသတ်များနှင့်သာ ဖြစ်လိမ့်မည်ဟု သတင်းရပ်ကွက်များကပြောကြားကြပါသည်။ စစ်အစိုးရ၏အစီအစဉ်အရ စစ်အစိုးရကျောထောက်နောက်ခံပြုထားသည့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး အသင်း (USDA) သည် အင်အား အကြီးဆုံးပါတီ ဖြစ်လာလိမ့်မည်ဟု ရန်ကုန်ရှိ ရဲသတင်းရပ်ကွက်တခုက ဆိုပါသည်။ "ဗိုလ်ချုပ်တွေကိုယ်တိုင် အနီးကပ်စောင့်ကြည့်ပြီး လမ်းညွန်မှုပေးနေတာဗျ" ဟု လက်တုံ့ပြန်ခံရမည်ကို စိုးရိမ်ရ၍ အမည်မဖေါ်လိုသည့် အဆိုပါ သတင်းရပ်ကွက်က ပြောသွားပါသည်။ ဤဖြစ်စဉ်တရပ်လုံးသည် အပြစ်အနာအဆာများနှင့်ပြည့်နှက်နေပြီး မည်သည့်နည်းနှင့်မျှ ဒီမိုကရေစီစနစ်သို့ ကူးပြောင်းမရောက်ရှိနိုင်ကြောင်းဖြင့် ဦးအေးသာအောင်က ဆိုလိုက်ပါသည်။
Rest of your post

No comments: