စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, June 3, 2008

လေဘေးဒုက္ခသည်များ ကယ်ဆယ်ရေး စခန်းများမှ မောင်းထုတ်ခံရ


မုံပီး
အင်္ဂါနေ့၊ ဇွန်လ 03 2008 11:43 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ အရေးပေါ် ကယ်ဆယ်ရေး အဆင့်များ ပြီးဆုံးကြောင်း ပြသလိုသည့် အနေနှင့် ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများတွင် ဖွင့်လှစ်ထားသည့် ကယ်ဆယ်ရေး စခန်းများတွင် ခိုလှုံ နေကြရသည့် လေဘေး ဒုက္ခသည်များကို ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်း အတွင်းရှိ ကယ်ဆယ်ရေး စခန်းများမှ ထွက်ခွါရန် စစ်အစိုးရက အတင်းအကြပ် လိုက်လံ မောင်းထုတ်လျက်ရှိကြောင်း ဒေသခံ အကူအညီပေးရေး လုပ်သားများနှင့် လေဘေး ဒုက္ခသည်များက ပြောဆိုသွားပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်တိုင်း ကွမ်းခြံကုန်း မြို့မှ မကြာသေးမီက ပြန်လာခဲ့သော အကူအညီပေးရေး လုပ်သားတဦးကလည်း အလားတူ ပြောဆိုသွားပါသည်။ မြို့နယ်အတွင်းရှိ ဒေသခံ အာဏာပိုင်များက ဒုက္ခသည်များကို စခန်းအသီးသီးမှ အတင်းအကြပ် မောင်းထုတ်နေပြီး၊ အကူအညီအချို့ ပေးလိုက်မည်ဟုဆိုကာ မိမိတို့ ကျေးရွာများသို့ အတင်းအကြပ် ပြန်ခိုင်းနေကြောင်း သိရသည်။“ဘုန်းကြီးကျောင်း တကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်းမှာ ခိုလှုံနေတဲ့ ဒုက္ခသည်တွေ သူတို့ ရွာတွေကို ပြန်နေကြတာ တွေ့ရတယ်။ မပြန်ချင်ဘူး ဆိုတဲ့လူတွေကို ကွင်းပြင်ထဲ အတင်းဆွဲထုတ်ပြီး ပစ်ထားလိုက်တယ်” ဟု သူ့အမည်နှင့် သူ့အဖွဲ့အစည်း အမည်ကို ထုတ်ဖေါ် ပြောကြားခြင်း မပြုပါရန် မေတ္တာရပ်ခံချက်ဖြင့် အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောဆိုသွားပါသည်။အစိုးရက ဒုက္ခသည်များအတွက် ယာယီ ဆောက်လုပ်ပေးထားသည့် စခန်းများမှာ ယခုအခါ ရှင်းလင်းနေပြီး ဒုက္ခသည်များမှာ အစိုးရက အတင်းအကြပ် ပြန်ပို့သဖြင့် မိမိတို့ ကျေးရွာများသို့ ပြန်သွားခဲ့ကြရသည်ဟု ဧရာဝတီတိုင်း ဒေးဒရဲမြို့နယ်မှ မတ်လ ၃၁ ရက်နေ့က ပြန်လာခဲ့သည့် ရန်ကုန်မြို့သား တဦးက ပြောဆိုပါသည်။“ဒုက္ခသည်တွေ သူတို့ စခန်းတွေမှာ မရှိတော့ဘူးဗျ၊ အားလုံးကို သူတို့ရွာတွေကို ပြန်ပို့လိုက်ပြီ” ဟု အဆိုပါ ဒေသခံက ပြောသွားပါသည်။ယခုအခါ အရေးပေါ် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးသွားပြီ ဖြစ်ပြီး ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဖြင့် မြန်မာစစ်အစိုးရက ကြာမြင့်စွာ ကတဲကပင် ကြေညာ ထားခဲ့သည်။သို့သော် လေဘေး ဒုက္ခသည်များကို အကူအညီ ပေးနေသည့် ကုလသမဂ္ဂ၊ ဒေသခံ အကူအညီပေးရေး လုပ်သားများနှင့် ဒုက္ခသည်များကမူ အရေးပေါ် ကယ်ဆယ်ရေးအဆင့် ပြီးဆုံးရန်မှာ အဝေးကြီး လိုသေးသည်ဟု ပြောဆိုကြပါသည်။နာဂစ် ဆိုင်ကလုံးမုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသည့် မြန်မာနိုင်ငံ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ မေလအတွင်းက သွားရောက် လည်ပတ် ကြည့်ရှုခဲ့သည့် ကုလ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းကမူ “အရေးပေါ် ကယ်ဆယ်ရေး အဆင့်” ကို နောက်ထပ် အနည်းဆုံး ၆ လကြာ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများနှင့် တွဲဘက် လုပ်ဆောင်ရဦးမည် ဖြစ်ကြောင်း ပြောဆိုသွားခဲ့ပါသည်။ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ကယ်ဆယ်ရေး ပစ္စည်းများ ရောက်ရှိလာနေပြီ ဖြစ်သော်လည်း နိုင်ငံတကာနှင့် ပြည်တွင်း အကူအညီများ လုံးဝ မရောက်ရှိသေးသည့် ဒေသ အများအပြား ကျန်နေသေးသည်ဟု ဒေသခံ အကူအညီပေးရေး လုပ်သားတဦးက ပြောပါသည်။“ကျနော်တို့ ကွမ်းခြံကုန်းမှာ ရောက်နေတုံး ရွာသားတချို့ ကျနော်တို့ဆီ ရောက်လာပြီး သူတို့ဆီလဲ ကယ်ဆယ်ရေး ပစ္စည်းတွေ ပို့ပေးပါဦးလို့ လာပြောတယ်။ သူတို့ ရွာတွေကို ခုထိ ဘယ်ကမှ ဘာကယ်ဆယ်ရေးပစ္စည်းမှ မရောက်သေးဘူးလို့ ပြောကြတယ်” ဟု အဆိုပါ အကူအညီပေးရေး လုပ်သားက ပြောသွားပါသည်။သယ်ယူပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး အခက်အခဲကြောင့် အရောက် မသွားနိုင်သည့် ကျေးရွာ အများအပြား ရှိသေးသည်ဟု သူက ဆက်လက် ပြောဆိုသွားပါသည်။“လမ်းမရှိလို့ ဒီရွာတွေကို ကားနဲ့ အရောက်သွားဘို့ဆိုတာ လုံးဝ မဖြစ်နိုင်ဘူး၊ ရေလမ်းနဲ့ လေကြောင်းကသာ ဒီရွာတွေကို သွားလို့ရမှာ” သူက ထပ်မံ ပြောကြားသွားပါသည်။သို့သော် ဤဝေးလံ ခေါင်ဖျား ချောင်ကျလှသည့် ကျေးရွာများသို့ ကယ်ဆယ်ရေး ပစ္စည်းများကို ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ပိုင် ရဟတ်ယဉ်များဖြင့် ပို့ဆောင်ပေးရန် စီစဉ်ရာတွင်လည်း အစိုးရ၏ လုပ်ထုံးလုပ်နည်းများ ကြိုးနီစနစ်များကြောင့် ကြန့်ကြာရသည်ဟု လွန်ခဲ့သော ရက်သတ္တပတ် ကုန်က မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒေသများသို့ သွားရောက် ကြည့်ရှုခဲ့သည့် ကမ္ဘာ့စားနပ်ရိက္ခာ အဖွဲ့ (WFP) ၏ အမှုဆောင်ညွှန်ကြားရေးမှူး Josette Sheeran က ပြောဆိုလိုက်ပါသည်။ဤအတောအတွင်း မုန်တိုင်းဒဏ် ခံခဲ့ရသော ဒေသများမှ လယ်သမားများကို စစ်အစိုးရက အတင်းအကြပ် လယ်ထဲ ဆင်းခိုင်းနေသည်။ လယ်များမှာ ယခုအထိ ရေလွှမ်းနေဆဲ ဖြစ်ပြီး မုတ်သုန်မိုးကလည်း စတင်ရွာသွန်းနေပြီ ဖြစ်သည်။“အာဏာပိုင်တွေက တရွာကို ထွန်စက် ၂ စီးပေးမယ်လို့တော့ ပြောတာဘဲ။ ဒါပေမဲ့ ခုထိတော့ တစီးမှ မရသေးဘူး။ အလုပ်စဘို့ သိပ်ခက်ပါတယ်” ဟု မုန်တိုင်းအတွင်း ကျွဲနွားအားလုံး ဆုံးရှုံးခဲ့ရသည့် ကွမ်းခြံကုန်းမှ လယ်သမားတဦးက ပြောသွားပါသည်။လယ်အလုပ်ဆိုသည်မှာ သူတို့ မက်မောတွယ်တာသောအလုပ်ပင်ဖြစ်ပြီး ယခုကဲ့သို့ အကူအညီလည်း ဘာမှမပေး၊ လယ်လုပ် ကိရိယာလဲ ဘာမှမရှိဘဲနှင့် လယ်ထဲ အတင်း ပြန်ဆင်းခိုင်းခြင်းသည် အဓိပ္ပါယ် ကင်းမဲ့ကြောင်း၊ မုန်တိုင်းအတွင်း မိသားစုများ၊ ရင်းနှီးသော ဆွေမျိုးမိတ်သင်္ဂဟများ ဆုံးရှုံး၍ စိတ်သောက ရောက်နေကြရရှာသည့် ဒုက္ခသည်များကို ထပ်မံ နှိပ်စက်သလိုသာ ဖြစ်နေကြောင်းဖြင့်လည်း အဆိုပါ လယ်သမားကပင် ဆက်လက် ပြောဆိုသွားပါသည်။“ဒါပေမဲ့ ခုတော့ ကျနော်တို့ လယ်ထဲ ပြန်ဆင်းပြီး အလုပ် ပြန်စရတော့မှာပေါ့” ဟု အဆိုပါ လယ်သမားက ဆိုလိုက်ပါသည်။ပင်လယ်ဆားငံရေ ဝင်သွားသော လယ်များ အနေဖြင့် မြေဆီမြေနှစ်များ ပျက်စီးသွားပြီး ဆားငံရေများ လျော့ကျမသွားမချင်း၊ ဆားငံရေးများကို ထုတ်မပစ်နိုင်မချင်း ချက်ချင်း အသုံးပြု၍ ရနိုင်မည် မဟုတ်ကြောင်း ကုလသမဂ္ဂ ဖွံ့ဖြိုးရေး အစီအစဉ် (UNDP) ၏ သဘာဝကပ်ဘေး စီမံခန့်ခွဲမှုဌာန နယူးဒေလီအခြေစိုက် အရေးပေါ် အခြေအနေ လေ့လာသုံးသပ်သူ၏ အပြောအရ သိရပါသည်။“လယ်ထဲမှာ ဆားပါဝင်မှုနှုံး သိပ်မြင့်ပြီး ဆားပေါက်နေလို့ ထွန်ယက် စိုက်ပျိုးဘို့ မဖြစ်နိုင်ပါဘူး၊ ဒီဒေသမှာ ထုတ်လုပ်ရေးကို ထိခိုက်နိုင်ပါတယ်” ဟု (UNDP) ၏ အရေးပေါ် အခြေအနေ လေ့လာသုံးသပ်သူ G. Padmanabham က မဇ္ဈိမသို့ အစောပိုင်းက ပြောဆိုသွားပါသည်။မြန်မာ အာဏာပိုင်များသည် ဆိုင်ကလုံး မုန်တိုင်းဒုက္ခသည် အားလုံးကို ကယ်ဆယ်ရေး ပစ္စည်းများ အလျင်အမြန်ပင် ပေးအပ်ခဲ့ပြီးပြီ ဖြစ်ပြီး ယခုအခါ ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို အဓိကထား လုပ်ဆောင်နေပြီ ဖြစ်ကြောင်းဖြင့် ပြီးခဲ့သည့် ရက်သတ္တပတ်ကုန်က စင်္ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အာရှလုံခြုံရေး အစည်းအဝေးတွင် မြန်မာ ဒုတိယကာကွယ်ရေးဝန်ကြီး အေးမြင့်က ပြောဆိုသွားပါသည်။သို့သော် အစည်းအဝေးသို့ တက်ရောက်လာကြသည့် အခြားနိုင်ငံများမှ ခေါင်းဆောင်များကမူ စစ်အစိုးရ ပြောသည်ကို လက်မခံကြပါ။ မြန်မာအစိုးရကို နိုင်ငံတကာ ရာဇဝတ်ခုံရုံးသို့ တရားစွဲဆို တင်ပို့နိုင်ရေးအတွက် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဆုံးဖြတ်ချက်ကျရေး အဆိုပြု တင်ပြရန် မိမိတို့ ပြင်သစ်အစိုးရကို တွန်းအားပေးသွားမည်ဟု ပြင်သစ် ကိုယ်စားလှယ်များက ခြိမ်းခြောက် ပြောဆိုသွားပါသည်။
Rest of your post

No comments: