စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 15, 2008

မဲဆောက်တံတားအနီး အဖမ်းခံရသူမှာ မိမိတို့တပ်ဖွဲ့ဝင် မဟုတ်ကြောင်း ကေအန်ယူ ငြင်းဆို

NEJ/ ၁၄ ဇူလိုင် ၂၀၀၈

မြ၀တီ-မဲဆောက် ချစ်ကြည်ရေးတံတားအနီး ထိုင်းဘက်ခြမ်းတွင် သောကြာနေ့က အမည်မသိ အဖွဲ့တဖွဲ့၏ ဖမ်းဆီးခြင်းခံရပြီး မြန်မာဘက်ခြမ်းသို့ ခေါ်ဆောင်သွားခြင်းခံရသူ ကရင်အမျိုးသား သည် မိမိတို့တပ်ဖွဲ့မှ အရာရှိတဦးမဟုတ်ကြောင်း ကရင်အမျိုးသား ရဲတပ်ဖွဲ့မှ ရဲဗိုလ်မှူး စောအိုက် ဇက်က ခေတ်ပြိုင်သို့ ပြောကြားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကရင်အမျိုးသားအစည်းအရုံး (ကေအန်ယူ) ဘားအံခရိုင် ရဲမှူး စောအိုက်ဇက်က “အဖမ်းခံရတဲ့ စောပုပုကို အဖွဲ့က ဘာတာဝန်မှ ပေးထားတာ မရှိပါဘူး။ အခုကိစ္စ သူ့ကိုယ်ရေးကိုယ်တာကိစ္စနဲ့ ဟိုဘက်ကမ်းက လူတွေနဲ့ ဆက်သွယ်ပြီး ဖြစ်သွားတာလို့ ထင်တယ်” ဟု ပြောသည်။
၎င်းက “ပုပုဟာ အရင်က ကျနော်တို့ ခရိုင်ရဲတပ်ဖွဲ့မှာ တပ်ကြပ်ကြီးအဆင့်ရှိတယ်။ မနှစ်က အဖွဲ့ပိုင် လက်နက်ငယ် (၅) လက် ယူဆောင်သွားပြီး ဒီကေဘီအေကနေတဆင့် ဗိုလ်ဌေးမောင်ရဲ့ ငြိမ်းချမ်း ရေး ကောင်စီအဖွဲ့ဆီမှာ သွားရောက်ခဲ့တယ်။ လွန်ခဲ့တဲ့ (၆) လလောက်က သူမှားပါတယ်၊ သူ့ကို ခွင့်လွှတ်ပါ ပြန်လာပါရစေဆိုလို့ လူကြီးတွေက သဘောထားကြီးကြီးနဲ့ ပြန်လက်ခံတာပါ၊ သူ့ကို စောင့်ကြည့်တဲ့အဆင့်ပါ” ဟု ဆက်ပြောသည်။
ကရင်အမျိုးသားအစည်းအရုံး ဘားအံခရိုင်ဥက္ကဋ္ဌ ပဒိုစောအာတိုးက “သူ့ကို တာဝန်ရယ်လို့ ပေး ထားတာ မရှိဘူး။ အရင်ကလည်း စည်းကမ်းဖောက်ဖျက်လို့ သူ့ကို အရေးယူရတာတွေရှိတယ်။ ကျနော်တို့က ဒီကေဘီအေတို့၊ ကေအန်ယူ/ကေအန်အယ်လ်အေ ငြိမ်းချမ်းရေးကောင်စီတို့က ပြန်လာတဲ့လူတွေကို ဘာတာဝန်မှမပေးဘူး၊ ၀န်ခံချက်တွေနဲ့ အရပ်သားပုံစံတွေနဲ့ နေသွားကြ တာပဲ” ဟု ပြောသည်။
စောပုပု အဖမ်းခံရပုံနှင့် ပတ်သက်၍ ချစ်ကြည်ရေးတံတားအနီး ပရိဘောဂပစ္စည်း ရောင်းချသူ မျက်မြင်သက်သေ မြန်မာအမျိုးသမီးတဦးက “အဲဒီနေ့က လူတယောက်ကို လူလေးငါးယောက်က ၀ိုင်းထိုးကြပြီး မှန်လုံကားထဲ ထည့်သွားတာ တချက်တွေ့လိုက်တယ်” ဟု ပြောသည်။
စောပုပု ဖမ်းဆီးခံရမှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ (၇) တပ်ရင်း (၁၀၁) တပ်ရင်းမှူး ဒု-ဗိုလ်မှူးကြီးစောဖောဒို့က“ဒီကိစ္စ သေချာတယ်ဆိုတာ ကျနော်တို့ အခိုင်အမာ ပြောနိုင်ပါတယ်။ ဒီနေ့ ထပ်ရတဲ့ သတင်းအရ သူ့ကို သတ်လိုက်ပြီလို့ သိရတယ်။ မြန်မာဘက် ခြမ်းက မျက်မြင်သက်သေကတော့ မနက်ဖြန်ရောက်မယ်” ဟုခေတ်ပြိုင်သို့ အတည်ပြု ပြော ကြားသည်။
စောပုပုကို မည်သည့် လက်နက်ကိုင်အဖွဲ့အစည်းက ဖမ်းဆီးမှန်း တိတိကျကျ မသိရသော်လည်း တိုးတက်သော ဗုဒ္ဓဘာသာ ကရင်အမျိုးသားတပ်မတော် (ဒီကေဘီအေ) လက်နက်ကိုင်အဖွဲ့ ဖြစ်နိုင်သည်ဆိုသည့် ထင်ကြေးပေးမှုများ ထွက်ပေါ်လာသည်။ သို့ဖြစ်၍ ဒီကေဘီအေအဖွဲ့မှ အရာရှိတဦးဖြစ်သူ ဗိုလ်ပြည်သိမ်းကို ဒီကေဘီအေက ဖမ်းဆီးထားခြင်း ဟုတ်မဟုတ် မေးမြန်းရာ ဗိုလ်ပြည်သိမ်းက မဟုတ်ကြောင်း ငြင်းဆိုသွားသည်။
ယခင်က လက်နက်ကိုင် ကရင်အဖွဲ့အစည်းများကြားနှင့် စစ်မက်ဖြစ်ပွားရာ ဒေသများတွင်သာ ၀င်ရောက်ဖမ်းဆီးမှုများ ဖြစ်ပွားခဲ့သော်လည်း ယခုကဲ့သို့ ဆန့်ကျင်ဘက် အဖွဲ့အစည်းများကြား တွင် နှစ်နိုင်ငံချစ်ကြည်ရေးတံတားကို အသုံးပြု၍ ဖမ်းဆီးခေါ်ဆောင်မှုသည် ဒေသအတွင်း ပထမဦးဆုံး ဖြစ်ရပ်တခု ဖြစ်သည်။ ။

No comments: