နာဂစ်မုန်တိုင်းထိဒေသများကြောင့် မြန်မာနိုင်ငံ၌ ဆန်ပြတ်လပ်မှာ စိုးရိမ်စရာ မရှိကြောင်း စစ် အစိုးရက ကြေညာ၏။ သို့သော် လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာမှစ၍ ရန်ကုန်မှာ ဆန်ပြတ်လပ်ပြီး တပြည်လုံး လူမှုရေးအုံကြွမှုများ ဖြစ်လာနိုင်သည်ဟု ပကတိ စီးပွားရေး ကိန်း ဂဏန်းများကို အခြေပြုပြီး ခေတ်ပြိုင်က ထောက်ပြထား၏။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
တဘက်ကလည်း သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာ၊ သုံးလအတွက် ဆန်ကို ဈေးမတင်ဘဲ ထိန်းရောင်းပေးရန် ရန်ကုန် ဒုတိယမြို့တော်ဝန် မောင်ပါက ရန်ကုန်ဘုရင့်နောင် ဆန်ကုန်သည် ကြီးများကို မကြာခင်က ကြိတ်ပြီး အမိန့်ထုတ်ထားပြန်၏။ ထိုအချက်က ဆန်ပြတ်လပ်မည့်ကိစ္စ စစ်အစိုးရ မည်မျှပူပန်နေသည်ကို ထင်ထင်ရှားရှား ပြနေ၏။ ဈေးကွက်ကို အမိန့်ဖြင့် ၀င်ရောက် စွက်ဖက်ခြင်းသည် စင်စစ် ဈေးကွက်စီးပွားရေးကို ဆန့်ကျင်ခြင်းဖြစ်၏။
ဒုတိယမြို့တော်ဝန် မောင်ပါ၏ အမိန့်ကြောင့် ဘုရင့်နောင် ဆန်ကုန်သည်ကြီးများ လုပ်စားရန် မဖြစ် တော့ဘဲ ဆန်ပွဲရုံများ ပိတ်ရမည့်ကိန်း ဆိုက်နေ၏။ လက်တွေ့အခြေအနေကို ကြည့်လျှင်လည်း စပါး ဈေးက အောက်မြန်မာနိုင်ငံတွင် တင်း (၁၀၀) ကို ကျပ် (၄) သိန်းဝန်းကျင်ထက် လျော့ခြင်းမရှိ။ ဆန်ဈေးကလည်း ထိပ်စဆန်ဈေးက တတင်းခွဲ တအိတ်ကို (၃၆,၀၀၀) ကျော်နေသည့်အတွက် ၂၀၀၆ ခုနှစ် ယခုအချိန် ဈေးထက် (၂) နှစ်အတွင်း (၁၂၅) ရာနှုန်း တက်လာ၏။ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO) က ထုတ်ပြန်သည့် စာရင်းအရ မုန်တိုင်းဒဏ် ပြင်းပြင်းထန်ထန် ခံရသည့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း (၁၁) မြို့နယ်တွင် စပါးစိုက်နိုင်သည့် ဧကမှာ ထို (၁၁) မြို့နယ်ရှိ စုစုပေါင်း စိုက်ဧက၏ (၄၄) ရာနှုန်းသာရှိ၏။ ၂၀၀၈ မိုးစပါး စိုက်ရန် လိုသည့် မျိုးစပါးတန်ချိန်မှာ အဆိုပါ (၁၁) မြို့နယ်အတွက် တန်ချိန် (၃) ထောင်ကျော် လို၏။ အဆိုပါ (၁၁) မြို့နယ်၏ ခိုင်းကျွဲ၊ ခိုင်းနွား ဆုံးရှုံးမှုမှာ မုန်တိုင်းမတိုက်မီကာလ အရေအတွက်၏ (၃၄) ရာနှုန်းရှိ၏။
လက်တွေ့အခြေအနေကို ကြည့်လျှင် ဆားငန်ရေ၀င်သည့် ပြဿနာ၊ ခိုင်းကျွဲ၊ ခိုင်းနွား မလုံလောက် သည့်ပြဿနာ၊ လယ်လုပ်သား ရှားပါးသည့်ပြဿနာ စသည်တို့ကြောင့် (၄၄) ရာနှုန်းပြည့်အောင် ပြန်စိုက်နိုင်ရန်မလွယ်။ လိုအပ်သည့် မျိုးစပါးလည်း အပြည့်အ၀ မရသည့်ပြင် မိုးစပါးစိုက်ချိန်လည်း လွန်နေပြီဖြစ်၏။
မိုးစပါးအထွက်ကို မျှော်ကိုး၍ မရသည့်အခြေအနေတွင် ကုန်သည်ကို စစ်အစိုးရက ဓားကြိမ်းကြိမ်း ပြီး လာမည့် သြဂုတ်၊ စက်တင်ဘာ၊ အောက်တိုဘာအတွက် ဆန်ဈေးထိန်းရန်ဆိုသည်မှာ ရယ်စရာ ဖြစ်နေ၏။ မြန်မာစစ်အစိုးရ ကြိတ်ပြီး ချောက်ချားနေသည်မှာ ပေါ်လွင်၏။
စင်စင် ခုတ်ရာတခြား ရှရာတလွဲ ဖြစ်နေခြင်းကို စစ်အစိုးရ သဘောမပေါက်။ ပြည်သူတရပ်လုံး ယူကျုံးမရ ဖြစ်နေသည့် နာဂစ်မုန်တိုင်းဖြစ်သည့်ကိစ္စ အခွင့်ကောင်းယူပြီး အန်အယ်လ်ဒီနှင့် ပူးပေါင်း နိုင်ငံရေးအဖြေရှာခဲ့လျှင် ပြည်သူကလည်း ထောက်ခံမည်၊ နိုင်ငံတကာမှာလည်း မျက်နှာပွင့်မည်ကို စစ်ခေါင်းဆောင်များ သိဖို့ကောင်း၏။ကမ္ဘာ့အတွေ့အကြုံကိုကြည့်လျှင် နိုင်ငံရေးနှင့် သဘာဝဘေးအန္တရာယ်တို့ ဆက်စပ်မှုရှိ၏။ သဘာဝ ဘေးအန္တရာယ်ဒဏ် ဆိုးရွားလေ နိုင်ငံရေးမတည်ငြိမ်မှု ပိုများလေဖြစ်သည်ဟု နိုင်ငံတကာ လေ့လာ သူတွေက ယူဆ၏။ အထူးသဖြင့် နိုင်ငံရေး၊ စီးပွားရေး တိုးတက်မှုနည်းသည့် နိုင်ငံများတွင် ပို၍ မတည်ငြိမ်မှုများလေဟု ထောက်ပြကြ၏။
၂၀၀၄ ဆူနာမီ မတိုင်ခင်ကဆိုလျှင် အင်ဒိုနီးရှားအစိုးရနှင့် ဆူနာမီဒဏ်ခံရသည့် အာချဲပြည်နယ်ကြား နိုင်ငံရေး ပဋိပက္ခကြီးမား၏။ အာချဲခွဲထွက်ရေးသမားများနှင့် အင်ဒိုနီးရှား အစိုးရကြား နှစ် (၄၀) ကျော် ဖြေရှင်းမရသည့် နိုင်ငံရေးပြဿနာဖြစ်၏။ အာချဲပြည်နယ်ကို ကမ္ဘာနှင့်အဆက်ဖြတ်ထားပြီး စစ်အုပ်ချုပ်ရေး ပြဋ္ဌာန်းထားသည့်အချိန် ဆူနာမီဝင်လာခြင်းဖြစ်၏။ ထိုအချက်ကို အခွင့်ကောင်းယူ၍ ဆူနာမီမတိုင်မီ (၂) လအလိုမှာ အင်ဒိုနီးရှားသမ္မတဖြစ်လာသူ ဆူဆီလိုဘန်ဘန်းက အာချဲလက်နက် ကိုင် ခွဲထွက်ရေးသမားများနှင့် ဆွေးနွေး၏။
ဆွေးနွေးမှုရလဒ်အဖြစ် ဆူနာမီဒဏ်ခံရသည့် အာချဲကို နိုင်ငံတကာက အချိန်မီ ကယ်ဆယ်ခွင့် ရသကဲ့သို့ ပြန်လည်တည်ဆောက်ရေးကိုလည်း အလုံးအရင်းနှင့် ကူညီခွင့်ရ၏။ နောက်ဆုံး အင်ဒို နီးရှားအစိုးရနှင့် အာချဲခွဲထွက်ရေးသမားများကြား ငြိမ်းချမ်းရေးစာချုပ် ချုပ်နိုင်၏။ အာချဲခွဲထွက် ရေးခေါင်းဆောင်ကို အာချဲပြည်နယ် အုပ်ချုပ်ရေးမှူးအဖြစ် တင်မြှောက်နိုင်ခဲ့၏ ထိုအချက်ကို ကမ္ဘာက ဥပမာကောင်းအဖြစ် ယူဆ၏။
မြန်မာနိုင်ငံကို နာဂစ်မုန်တိုင်းတိုက်ပြီဆိုတော့ အာချဲမှာ ကူညီခဲ့သည့် နိုင်ငံတကာ စစ်သင်္ဘောများ ကယ်ဆယ်ရန် အချိန်မီရောက်လာ၏။ မြန်မာစစ်အစိုးရက အန်အယ်လ်ဒီနှင့် ဆွေးနွေးပြီး ဧရာဝတီ တိုင်း ကယ်ဆယ်ရေး ဖွင့်ပေးလေမလား ကမ္ဘာက မျှော်လင့်၏။ အာချဲကဲ့သို့ ဖြစ်နိုးနိုးအများက စိတ်ကူးယဉ်၏။ ပိတ်နေသည့် မြန်မာ့နိုင်ငံရေးကို နာဂစ်က ဖွင့်လေမလား အိပ်မက်မက်သူများက မက်၏။
လက်တွေ့အခြေအနေတွင်မူ အန်အယ်လ်ဒီသည် အာချဲခွဲထွက်ရေးသမားများကဲ့သို့ ဧရာဝတီတိုင်း လွတ်မြောက်ရေးအတွက် လက်နက်ကိုင် တိုက်ပွဲဝင်နေသည့် ပါတီမဟုတ်။ တပြည်လုံးက မဲဆန္ဒ ရှင်များလိုလားသည့်အချက် အကောင်အထည်ဖော်ရန် တာဝန်ရှိသည့် ပါတီဖြစ်၏။ အကြမ်းမဖက် လမ်းစဉ် စွဲကိုင်သည့်ပါတီဖြစ်၏။ ပါတီခေါင်းဆောင်ကလည်း အကျယ်ချုပ်ကျနေ၏။
ဗိုလ်ချုပ်မှူးကြီးသန်းရွှေကလည်း ဆူနာမီကာလ အင်ဒိုနီးရှားသမ္မတ ဆူဆီလိုဘန်ဘန်းကဲ့သို့ စိတ်ရင်းမျိုးထားနိုင်သူမဟုတ်။ နာဂစ်ကြောင့် အလောင်းများ သိန်းသန်းချီနေသည်ကိုပင် သတင်း ပတ်အတော်ကြာသည်ထိ လှည့်မကြည့်ဘဲ နေရက်သူဖြစ်၏။ ပြည်သူနှင့် အတိုက်အခံအပေါ် ရက်စက်ရန် ၀န်မလေးသူဖြစ်၏။ ထို့ကြောင့်လည်း ဧရာဝတီတိုင်း ကယ်ဆယ်မည့် နိုင်ငံတကာ စစ်သင်္ဘောများကို လက်ညိုးထိုးပြီး ရန်လုပ်တော့၏။ ခေတ်သစ် ငရမာန်ကန်းနှင့် စောလူးမင်း ပုံပြင်ဟုပင် ဆိုနိုင်၏။
ဇာတ်ပေါင်းသော် ကယ်ဆယ်ရေးထက် ပြည်သူအလောင်းများပေါ် စစ်ဖိနပ်နင်း၊ ဆန္ဒခံယူပွဲလုပ်ပြီင်္း စစ်အစိုးရက တဖက်သတ်အနိုင်ယူသွား၏။ ပြည်သူများ မျက်ရည်မစဲခင် စစ်အုပ်ချုပ်ရေးကို အာမခံ ချက်ပေးမည့် ရွေးကောက်ပွဲခြေလှမ်းသစ်ကို စစ်အစိုးရက ပြင်၏။ အန်အယ်လ်ဒီကလည်း စစ်အစိုးရ ဆန္ဒခံယူပွဲကို ကန့်ကွက်ရင်း အသံတိမ်သွား၏။ ဤတွင် မြန်မာ့နိုင်ငံရေးအတွက် အာချဲအိပ်မက် ပျက်လေပလားဟု တွေးရန်ရှိ၏။
စစ်အစိုးရအခြေအနေမှာလည်း အာဏာ လက်နက်နှင့် အုပ်ချုပ်ခွင့်ရနေသည့်တိုင် နိုင်ငံရေးအရ အသာစီးမဟုတ်၊ စစ်အစိုးရမျှော်မှန်းသည့် ပထမကြိမ် လွှတ်တော်ခေါ်ပြီး အစိုးရဖွဲ့ပြီးမှသာ စိတ် အေးရမည့် အနေအထားဖြစ်၏။ အန်အယ်လ်ဒီမှာလည်း စစ်အစိုးရနှင့် ဆွေးနွေးခွင့် မရသေးသည့် တိုင် နိုင်ငံရေးအရ နာလန်မထူတော့သည့် အနေအထားမဟုတ်။
အာချဲအိပ်မက် ပျက်မပျက်ဆိုသည်မှာ မြန်မာစစ်ခေါင်းဆောင်များအပေါ်တည်၏။ ဆန်အကျပ် အတည်းရောက်မှ အန်အယ်လ်ဒီနှင့် ဆွေးနွေးရသည်ဆိုလျှင် တိုင်းပြည် ပိုနာမည်။ မြန်မာစစ်ခေါင်း ဆောင်များ အမြင်မှန်ရရန် ခေတ်ပြိုင်က တိုက်တွန်းလိုပါ၏။ ။
Tuesday, July 15, 2008
အာချဲအိပ်မက် ပျက်မပျက် (ခေတ်ပြိုင် အယ်ဒီတာအာဘော်)
Subscribe to:
Post Comments (Atom)
No comments:
Post a Comment