စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Tuesday, July 15, 2008

ဆန္ဒခံယူပွဲ (၉၂) ရာနှုန်းသည် စစ်အစိုးရကို ပြည်သူထောက်ခံခြင်းမဟုတ်

NEJ/ ၁၅ ဇူလိုင် ၂၀၀၈

ဖွဲ့စည်းပုံအခြေခံဥပဒေကို အတည်ပြုသည့်နေ့မှစ၍ လက်ရှိစစ်အစိုးရသည် (၉၂) ရာနှုန်း ပြည်သူ ထောက်ခံမှုရသည့် အစိုးရဖြစ်သွားသည်ဆိုသည့် မြန်မာ့အလင်း ဆောင်းပါးပါ အချက်များ မှားနေ ကြောင်း ရန်ကုန်နိုင်ငံရေး အသိုင်းအ၀န်းက ပြောသည်။
အဆိုပါ ဆောင်းပါးကို ဆောင်းပါးရှင် မောင်စေတနာ B.A. B. Ed ဆိုသူက ရေးသားခြင်းဖြစ်သည်။ ဆောင်းပါးရှင် မောင်စေတနာသည် အမည်ရင်း ဦးငြိမ်းမောင်ဖြစ်ပြီး ပခုက္ကူမြို့မှ အငြိမ်းစား ပညာရေးမှူးတဦးဖြစ်သည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် အန်အယ်လ်ဒီကို တိုက်ခိုက်သည့် ဆောင်းပါးများ မြန်မာ့အလင်းတွင် ရေးလေ့ရှိသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သူ့ဆောင်းပါးပါ အချက်များမှာ စစ်အစိုးရ ဖွဲ့စည်းပုံနှင့် စစ်တပ်အခန်းကဏ္ဍကို ထောက်ခံရေးသား ထားခြင်းဖြစ်ပြီး လွှတ်တော်မှာ စစ်ဗိုလ်လွှတ်တော်ကိုယ်စားလှယ် (၂၅) ရာနှုန်း ပါသည့်ကိစ္စကို ပြည်သူများ နားရှုတ်အောင် ရေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။
ဆန္ဒခံယူပွဲမှာ (၉၂) ရာနှုန်း ရရှိခြင်းသည် လူထုဆန္ဒပါသည်ဖြစ်စေ၊ မပါသည်ဖြစ်စေ စစ်အစိုးရ ရေးဆွဲထားသည့် ဖွဲ့စည်းပုံကို ထောက်ခံသည့်သဘောသာဖြစ်ပြီး လက်ရှိ စစ်အစိုးရအပေါ် လူထု ထောက်ခံမှု (၉၂) ရာနှုန်း ရသည်ဟု မှတ်ယူ၍မရကြောင်း အမည်မဖော်လိုသည့် ရန်ကုန်ရှေ့နေ တဦးက ခေတ်ပြိုင်သို့ ပြောသည်။ ရန်ကုန်နိုင်ငံရေးသမား အတော်များများကလည်း ဆန္ဒခံယူပွဲမှ ရသည့် (၉၂) ရာနှုန်းသည် စစ်အစိုးရကို လူထုက ထောက်ခံခြင်းမဟုတ်ကြောင်း ထောက်ပြသည်။
စစ်အစိုးရ မျှော်မှန်းသည့်အတိုင်း ၂၀၁၀ ပြည့်နှစ်မှာ ရွေးကောက်ပွဲလုပ်ဖြစ်သည်ဆိုလျှင် ပထမ အကြိမ် လွှတ်တော်ကို ရွေးကောက်ပွဲအပြီး ရက် (၉၀) အကြာတွင် ကျင်းပမည်ဖြစ်ကြောင်း စစ် အစိုးရက ကြေညာထားသည်။ ထို့ကြောင့် အစောဆုံး ထွက်ပေါ်လာမည့် အစိုးရသည် နောက်ထပ် (၂) နှစ်ကျော် လိုသေးပြီး ထိုအစိုးရကိုသာ (၉၂) ရာနှုန်းက အသိအမှတ်ပြုသည့်သဘော ဖြစ်သည် ဟု ရန်ကုန်ရှေ့နေတဦးက ပြောသည်။
ဝါရင့်နိုင်ငံရေးသမားတဦးကမူ “ဖွဲ့စည်းပုံမှာ နိုင်ငံဝန်ထမ်းချင်းအတူတူ အရပ်သားဝန်ထမ်းကို လွှတ်တော်ကိုယ်စားလှယ်ဖြစ်ခွင့် မရှိလို့ တားမြစ်ထားပေမယ့် စစ်သား စစ်ဗိုလ်ကိုတော့ လွှတ် တော်ကိုယ်စားလှယ် ဖြစ်နိုင်တယ်ဆိုပြီး ခြွင်းချက်နဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ (၁၂၁ ပုဒ်မခွဲ ည) မှာ ပြဋ္ဌာန်းထားပါတယ်။ လွှတ်တော်ကိုယ်စားလှယ် ဖြစ်ထိုက်သူ သတ်မှတ်ချက်ထဲမှာ စစ်ဗိုလ် စစ်သား ပါနိုင်တယ်လို့ ပြဋ္ဌာန်းလိုက်ရင် အရပ်ဘက်ဝန်ထမ်းတွေပါ အမတ်ဖြစ်လာနိုင်တာမို့ ခုလို ပြောင်ကျကျ အခြေခံဥပဒေကို အလွဲသုံးစားလုပ်ပြီး စစ်ဗိုလ်အမတ် (၂၅) ရာနှုန်းရအောင် ယူထားတာ ဖြစ်တယ်။ ဒါပေမယ့် ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၂၆ (က) မှာ နိုင်ငံ့ဝန်ထမ်းဟာ ပါတီနိုင်ငံရေးနဲ့ ကင်းရမယ်လို့ ဆိုထားတဲ့အတွက် စစ်ဗိုလ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်ရမယ် ဆိုတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း ပုဒ်မ၁၂၁ (ည) နဲ့ ၀ိရောဓိ ဖြစ်နေတယ်” ဟု ပြောသည်။

No comments: