ကိုစိုး ဇူလိုင် ၂၈၊ ၂၀၀၈
ကမ္ဘာပေါ်တွင် လက်ရှိကျင့်သုံးနေသောဥပဒေသည် လူမှုရေးစည်းကမ်းများကတဆင့် စတင်ပေါ်ပေါက်လာခြင်း ဖြစ်ကြောင်း ပညာရှင်များ၏ အဆိုအရ သိရသည်။
သမိုင်းဦး ဘုံမြေခေတ်နောက်ပိုင်းမှ ဥပဒေ သန္ဓေတည်ခဲ့သည်ဟုလည်း ဆိုသည်။
ခေတ်အဆက်ဆက် လူနေမှုအဆင့်အတန်းများ၊ ယဉ်ကျေးမှု အဆင့်အတန်းများ တိုးတက်မြင့်မားလာသည်နှင့်အမျှ စောင့်ထိန်းအပ်သည့် လူမှုရေးစည်းကမ်းများများပြားလာခဲ့ပြီး ဥပဒေပြဌာန်းချက်များလည်း တိုးလာခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက မှတ်တမ်းပြုခဲ့ကြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
သို့ဖြင့် စည်းမျဉ်းစည်းကမ်းသည် ရှောင်ရန်၊ ဆောင်ရန်၊ ပြုသင့်၊ မပြုသင့်သည်များကို ပြောခြင်းဖြစ်ပြီး ဥပဒေ မှာ ပြုလုပ် ခိုင်းသည်ကို မပြုလုပ်လျှင်သော် လည်းကောင်း၊ မပြုလုပ်ရန် တားမြစ်ထားသည်ကို ပြုလုပ်လျှင်သော် လည်းကောင်း အကျိုးဆက်အနေနှင့် အရေးယူ အပြစ်ဒဏ်ပေးမှုများ ပါဝင်လာသည်။ ဤသည်မှာ စည်းကမ်းနှင့် ဥပဒေ၏ ကွဲပြား ကွာခြား ချက်ဖြစ်ကြောင်း သိရသည်။
ယနေ့ မြန်မာနိုင်ငံ၏ ဥပဒေ ကျင့်ထုံးနှင့် တရားစီရင်ရေးနှင့် ပတ်သက်ပြီး လေ့လာကြည့်ရာတွင် ဘီစီ ၁၇၈၀ ခု (၁၈ ရာစု ခေတ်) က ပေါ်ပေါက်ခဲ့သော ဟန်မူရာဘီ ကိုဓ ဥပဒေအရ အပြစ်ဒဏ်ပေးခြင်းကို သတိရမိသည်။ ယင်း ဥပဒေသည် လက်စားချေသည့် သဘောမျိုး ပြစ်ဒဏ်ပေးခြင်းဖြစ်သည်။
မျက်လုံး တလုံး ဆုံးရှုံးလျင် မျက်လုံးတလုံး ပေးဆပ်စေခြင်း၊ သွားတချောင်း ဆုံးရှုံးလျင်သွားတချောင်း ပေးဆပ်စေခြင်း ဟူသည့် ပြစ်ဒဏ်ပေးမှု ကျင့်သုံးခဲ့ခြင်း ဖြစ်သည်။
လက်စားချေသည့် သဘောတွင် အငြိုးအတေးထားသည့် သဘောလည်း ပါဝင်မည်ဟု ထင်ပါသည်။ မြန်မာ စစ်အစိုးရက ၎င်းတို့ကို ဆန့်ကျင်သူများအပေါ် ကျင့်သုံးနေသည့် ဥပဒေ စနစ်သည်လည်း အငြိုးအတေးများ ပါဝင်နေသည်ဟု ယုံကြည် ရသည်။
ပြည်ပ အခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီအဖွဲ့ အတွင်းရေးမှူး ဦးအောင်ထူးက အစိုးရတရပ် လက်ထက်တွင် ဥပဒေ အသက်ဝင်မှု ၂ ပိုင်းရှိသည်ဟု ပြောသည်။
Rule of Law ဟု ခေါ်သော ဥပဒေ စိုးမိုးရေးအခြေခံနှင့် အသက်ဝင်သည့် ဥပဒေနှင့် Rule by Law ဟု ခေါ်သော ပြဌာန်း ထားသည့် ဥပဒေကို တရားမျှတမှု ရှိမရှိနှင့် မည်သူပြဌာန်းသည်ကို လေ့လာခြင်း ခွင့်မပြုဘဲ ယင်းဥပဒေကိုသာ လေးစား လိုက်နာခိုင်းသော အသက်ဝင်သည့် ဥပဒေဟူ၍ ဖြစ်ကြောင်း ဦးအောင်ထူးက ပြောပြသည်။
“အာဏာရှင်တွေက တိုင်းပြည်အာဏာကို သိမ်းယူအုပ်ချုပ်တဲ့ ပုံစံမျိုးနဲ့သွားတာတွေ အားလုံးက Rule by Law နဲ့ သွားတာ ချည်းပဲ၊ ဒါကို မလေးစား မလိုက်နာရင် အရေးယူမယ်”ဟု လည်း ဦးအောင်ထူး က ဆိုသည်။
လက်ရှိ မြန်မာနိုင်ငံတွင် ကျင့်သုံးနေသော ဥပဒေ ပုံစံသည် Rule by Law နှင့် ဖြစ်ကြောင်း သူက သုံးသပ်ပြသည်။
မြန်မာ စစ်အစိုးရသတင်းစာများတွင် အစိုးရကိုဆန့်ကျင်ပြီး ဒီမိုကရေစီအရေး၊ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းဆီးအရေးယူ အပြစ်ပေးနေမှုများနှင့် ပတ်သက်၍ မြန်မာနိုင်ငံ ဥပဒေများတွင် နိုင်ငံရေး ပြစ်မှုဆိုသည်ကို ပြဌာန်းခြင်း မရှိကြောင်းနှင့် ကာလကြာရှည်စွာကပင် ပြောဆိုခဲ့သော နိုင်ငံရေး ပြစ်မှုနှင့် အရေးယူသည့်နိုင်ငံရေးအကျဉ်းသား မရှိကြောင်း၊ ပြစ်မှုအကျဉ်း သားများသာ ရှိကြောင်းတို့ကို ဇူလိုင် ၂၂ ရက်မှ စပြီး ၃ ရက်ဆက် ၍ ဥပဒေ ပုဒ်မများနှင့်တကွ ရေးသားဖော်ပြထားသည်။
ထိုသို့ နိုင်ငံရေးလှုပ်ရှားမှုကြောင့် ဖမ်းဆီးအရေးယူခံထားရသူများ၏ အမှုအခင်းများကို အကျိုးဆောင်ပေးနေသည့် ရန်ကုန် မြို့က ရှေ့နေကြီး ဦးအောင်သိန်းကမူ နိုင်ငံရှိလျင် နိုင်ငံရေးနှင့် နိုင်ငံရေးသမား၊ နိုင်ငံရေးနှင့် သက်ဆိုင်သည့် အမှုအခင်း များ ရှိကြောင်းကို သိလျက်နှင့် မသိဟန်ပြု၍ သတင်းစာတွင် ရေးသားဖော်ပြခြင်း ဖြစ်သည်ဟု ပြောသည်။
နိုင်ငံရေးသမားအတွက် သတ်မှတ်ပြဌာန်းထားသည့် ပြစ်မှု ပုဒ်မ သီးသန့်မရှိသော်လည်း လုံခြုံရေး အကြောင်းပြ ချက်အရ သော်လည်းကောင်း၊ ဘိန်းပစ် ဖမ်းသကဲ့သို့ တခြားသော ရဲ အရေးပိုင်သည့် ပုဒ်မများတပ်၍သော်လည်းကောင်း ပြစ်မှု သတ်မှတ်၍ အဓိက လုပ်ဆောင်ချက်နှင့် မသက်ဆိုင်သော ဖမ်းဆီးအရေးယူမှုများကို စစ်အစိုးရက နိုင်ငံရေး လှုပ်ရှားသူ များအပေါ် ပြုကျင့်နေခြင်း ဖြစ်သည်ဟုလည်း ဦးအောင်သိန်းက ဆိုသည်။
“နိုင်ငံရေးသမားအတွက် ပုဒ်မ သတ်မှတ်ထားတာ မရှိသော်လည်း ဖမ်းဆီးရခြင်း အကြောင်းတရားကို ကြည့်၊ နိုင်ငံရေးအရ ဆန္ဒပြတယ်၊ သူ့မှာ နိုင်ငံရေးအရ ဆန္ဒပြခွင့် ရှိတာပဲ၊ လူသားအခွင့်အရေးရှိတာပဲ၊ သူ့ရဲ့ ပုဂ္ဂိလက ခံစားမှုကို သူပြတာမဟုတ် ဘူး၊ ကုန်ဈေးနှုန်းတက်တယ်၊ ကုန်ဈေးနှုန်းချပေးဖို့၊ လောင်စာဆီဈေးတက်တယ်၊ လောင်စာဆီဈေးချပေးဖို့ ဆန္ဒပြတယ်၊ တဦးတယောက်အကြပ်အတည်းကို သူပြောနေတာမဟုတ်ဘူး၊ တပြည် လုံးနဲ့ချီပြီးတော့ ပြောတဲ့ ကိစ္စရပ်၊ ဒါ နိုင်ငံရေး အလုပ်ကို သူဆောင်ရွက်နေတာ ဖြစ်တယ်”ဟု သူ က ပြောသည်။
ဦးအောင်သိန်း က ဆက်လက်ပြီး “ဒါပေမယ့် အဲဒီလူကို လမ်းပိတ်ဆို့မှုနဲ့ ပြစ်မှု စွဲမယ်၊ ကုန်ဈေးနှုန်းတက်လို့ တက်တယ် ပြောတာကို အစိုးရကို အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄ (က) နဲ့ စွဲမယ်ဗျာ၊ ဒီလို ပြစ်မှုပုဒ်မတွေနဲ့က ဘယ်လိုပဲ ဖြစ်ဖြစ် စွဲလို့ရတယ်၊ သူ့ရဲ့ အဓိက လုပ်ဆောင်ချက်က အများနဲ့ဆိုင်တဲ့ ကိစ္စရပ်ဆိုတော့ ဒါ နိုင်ငံရေး အလုပ်လုပ်တာပဲ၊ အဲဒီလူကို ဖမ်းပြီး ပြစ်မှုနဲ့ ထောင်ချတာပဲ”ဟု လည်း ပြောဆိုသည်။
ထို့အပြင် သတင်းစာ၌ ၁၉၅၀ ပြည့်နှစ် အရေးပေါ် စီမံမှု အက်ဥပဒေ တွင် ပုဒ်မ ၅ နှင့် ၅(ည)သည် အများပြည်သူ အေးချမ်း တည်ငြိမ်ရေး ထိပါးနှောင့်ယှက်သူကို ၀ရမ်းမပါဘဲဖမ်းဆီးနိုင်ပြီး ၂ လ အထိ ချုပ်နှောင်ထားနိုင်ကြောင်း၊ ယင်း ပုဒ်မအရ ခေါ်ယူထိန်းသိမ်း ခံရသူအများစုသည် နိုင်ငံရေးသမားများ ဖြစ်သောကြောင့် နိုင်ငံရေး ပုဒ်မအဖြစ် ကင်ပွန်းတပ်ကြခြင်း ဖြစ်ကြောင်း ရေးသားထားသည်။
“မြန်မာပြည် လွတ်လပ်ရေး ရပြီးကတည်းက နိုင်ငံရေးသမားကို သပ်သပ်စွဲတဲ့ ပုဒ်မရယ်လို့ သတ်မှတ်ပြဌာန်းထားတော့ မရှိဘူး၊ ပုဒ်မ ၅ ဆိုတာကို ဟိုတုန်းက နိုင်ငံရေးသမားတွေက ၅ စွဲတယ်လို့ ခေါ်ကြတယ်၊ အဲဒီလို ပုဒ်မ ၅ နဲ့ စွဲတဲ့ လူတွေက ဘယ်လို အဆင့်အတန်းရှိသလဲ ဆိုတော့၊ နိုင်ငံရေး အဆင့်အတန်း ရှိတယ်၊ တက္ကသိုလ် ကျောင်းသား အဆင့်အတန်းရှိ တယ်၊ ကျောင်းသားတွေဆိုရင် ထောင်ကနေ၊ အချုပ်ကနေ စာမေးပွဲဖြေလို့ရတယ်၊ အဲဒီလို အဆင့်အတန်းနဲ့ထားတာ၊ အဲဒီ ဂုဏ်သရေရှိတဲ့လူတွေ အချုပ်ခံရစဉ် အေ၊ ဘီ၊ စီ ကလပ်စ် တွေနဲ့ ထားတာ၊ နောက် ဦးနေ၀င်း တက်လာတော့မှ ထောင် တွေမှာ နောင် ဇိမ်နဲ့ နေရတော့မှာမဟုတ်ဘူး ဆိုပြီး ကလပ်စ် တွေကို ဖျက်ပစ်လိုက်တာ”ဟု ဦးအောင်သိန်းက ရှင်းပြသည်။
ယင်းသို့ နိုင်ငံရေးသဘောဆောင်သည့်မှုခင်းများ၊ အစိုးရကို ဆန့်ကျင်သည့် မှုခင်းများ၊ လူ့အဖွဲ့အစည်းတရပ် ပြောင်းလဲရန် ကြိုးစားသည့် မှုခင်းများနှင့်ပတ်သက်၍ နိုင်ငံတော် လုံခြုံရေးထိပါးသည်ဟူသော အကြောင်းပြချက်ဖြင့် အစိုးရက ကျူးလွန် သူအား ပုဒ်မ ၁၀(က) အရ ၁ နှစ်၊ ၁၀(ခ) အရ ၅ နှစ်အထိ တရားရုံး အမိန့်မယူ၊ ရမန် မယူဘဲ သက်တမ်းတိုး ချုပ်နှောင်မှု များကို လက်ရှိပြုလုပ်နေသည်ဟု ဦးအောင်ထူးကလည်း ပြောဆိုသည်။
ဦးအောင်ထူးကဆက်လက်ပြီး မြန်မာနိုင်ငံတွင် ဥပဒေ စိုးမိုးရေးအခြေခံမှာ ရာနှုန်းပြည့် နီးပါး လုံးဝ ပျက်စီးသွားကြောင်း၊ ဥပဒေကို ဥပဒေအတိုင်း ကျင့်သုံးခြင်းမရှိကြောင်းနှင့် တည်ဆဲဥပဒေများကိုပါ ဆန့်ကျင်၍ ဖမ်းချင်သည့် သူက ဖမ်းဆီးချင် သလို ဖမ်းနေကြောင်း ပြောသည်။
“စစ်သားက ဖမ်းခွင့်မရှိဘူး၊ အရပ်ဝတ် ၀တ်ထားတဲ့ လူ က ဖမ်းခွင့်မရှိဘူး၊ သူတို့က ဘယ်အခါမှာ ဖမ်းခွင့်ရှိ သလဲ ဆိုရင် ရဲ အရေးပိုင်တဲ့ ပြစ်မှုမျိုး၊ လူသတ်မှုအကြီးအကျယ် ကျူးလွန်တဲ့အခါမျိုးမှာ၊ ရဲက အကူအညီတောင်း ပြီး ဖမ်းခိုင်းတာမျိုးမှာ ၀င်ဖမ်းလို့ရတယ်၊ တခြားအမှုအခင်းတွေမှာ အရပ်ဝတ်နဲ့ လူတွေ ၀င်ဖမ်းခွင့်မရှိဘူး၊ ကြံ့ဖွံ့ တွေ ဖမ်းခိုင်းတာဟာ တည်ဆဲ ဥပဒေနဲ့ ဆန့်ကျင်ပြီး ဖမ်းချင်သလိုဖမ်းတာဖြစ်တယ်၊ အခုပဲ ဒေါ်အောင်ဆန်း စုကြည် ကို ၅ နှစ် ပြည့်ရင် လွှတ်ရမှာ ဆက်ချုပ်ထားတယ်၊ ဥပဒေကို ဥပဒေအတိုင်း မကျင့်သုံးဘဲ အာဏာနဲ့ လိုသလို ကျင့်သုံး နေတာပါ”ဟု ဦးအောင်ထူးက ဝေဖန်သည်။
ယခုကဲ့သို့ နိုင်ငံရေးလှုပ်ရှားသူများကို ဖမ်းချင်သလိုဖမ်း၍ ပုဒ်မများ တပ်ချင်သလို ပြောင်းတပ်နေခြင်းသည် Due process of law ဟု ခေါ်ဆိုသော ပြစ်မှုဆိုင်ရာ ကျင့်ထုံး ဥပဒေတွင် သတ်မှတ်ဖော်ပြထားသည့် ဥပဒေ လုပ်ထုံးလုပ်နည်း အဆင့်ဆင့် နှင့် အရေးယူအပြစ်ပေးရမည်ဟူသော အခြေခံပြဌာန်းချက်များကို ချိုးဖောက်ခြင်းဖြစ် ကြောင်းလည်း ဦးအောင်ထူးက သုံးသပ်သည်။ ။
ကိုးကား — ၁။ ရာဇသတ်ကြီး (Penal Code)
၂။ ဥပဒေ ဝေါဟာရများ
၃။ မြန်မာသတင်းစာများ
၎။ Hamurabi’s Code of Law
Thursday, July 31, 2008
အာဏာဖြင့်တည်သော ဥပဒေ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment