စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 31, 2008

ပြည်တွင်းဂျာနယ်များ မုန်တိုင်းနောက်ဆက်တွဲသတင်းရေးခွင့် စာပေစိစစ်ရေးပိတ်

NEJ/ ၂၈ ဇူလိုင် ၂၀၀၈

နာဂစ်မုန်တိုင်း ကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ပြည်တွင်းထုတ် ဂျာနယ်များတွင် ဖော်ပြချက်များကို နအဖစစ်အစိုးရ စာပေစိစစ်ရေးက ပိတ်ပင်လိုက်ကြောင်း ပြည်တွင်း သတင်း ရပ်ကွက်မှ ပြောကြားသည်။
နာဂစ်မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ပျက်စီးမှု ဓာတ်ပုံများ၊ ကိုယ်တွေ့ကြုံရသည့် လေဘေး ဒုက္ခသည်များ၏ အသံများ၊ ကယ်ဆယ်ရေးလုပ်ငန်းများ ပြုလုပ်ကြသည့် အလှူရှင်များ၏ အသံ များကို ပြည်တွင်းဂျာနယ်များတွင် တပတ်ခန့် ဖော်ပြခွင့် ရရှိခဲ့ကြပြီးနောက် ယခုကဲ့သို့ ပိတ်ပင် လိုက်ခြင်းဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လေဘေးသင့်ဒေသများတွင် အလှူရှင်များ ကွင်းဆင်းလှုပ်ရှားမှု အတွေ့အကြုံများ၊ စာသင်ကျောင်း များတည်ဆောက်ရန် လိုအပ်သည့် ပညာရေးသတင်းများ အစရှိသည့် နာဂစ်နှင့်ပတ်သက်သော သတင်းများကို ပြည်တွင်းဂျာနယ်များတွင် ဖော်ပြခွင့် မရတော့ကြောင်း ဂျာနယ်တိုက်များမှ စုံစမ်း သိရှိရသည်။
အပတ်စဉ်ထုတ် ဂျာနယ်များက နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ မူကြမ်းရေးသား တင်ပြချက်များကို ပြန်ကြားရေးဝန်ကြီးဌာန လက်အောက်ရှိ စာပေစိစစ်ရေးအဖွဲ့က ယခုရက်ပိုင်းအတွင်း ပိုမိုပယ်ချ လာခြင်းဖြစ်ကြောင်း စာပေစိစစ်ရေးရုံးသို့ သွားရောက်ရုံးတင်နေသည့် ဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ပြီးခဲ့သည့် ဇူလိုင် (၂၂) ရက်က ပြုလုပ်ခဲ့သည့် နာဂစ်ရန်ပုံငွေ ကာတွန်းပြပွဲသတင်းနှင့် လာမည့် သြဂုတ် (၃) ရက်တွင် ကျင်းပမည့် နာဂစ်ရန်ပုံငွေ မြန်မာနိုင်ငံ Hip Hop ပွဲတော် သတင်းကြိုတင် ရေးသားမှုများကိုလည်း စာပေစိစစ်ရေးက သတင်းဂျာနယ်အားလုံးကို ပယ်ချခဲ့ကြောင်း သိရသည်။
ပြည်တွင်းမှ သတင်းအယ်ဒီတာတဦးက “Hip Hop ပွဲတော်သတင်းကို သတင်းဂျာနယ်တွေမှာတော့ ထည့်ခွင့်မရဘူး၊ ဒါပေမယ့် အနုပညာဂျာနယ် တချို့မှာတော့ ရတယ်ကြားတယ်။ ဒီလိုမဖြစ်သင့် ဘူး။ အားလုံး မထည့်စေချင်လည်း မထည့်နဲ့ပေါ့၊ ခုတော့ အနုပညာကျရေး၊ သတင်းဂျာနယ်ကျ မရေးနဲ့ဆိုတာ လုံးဝမတရားတဲ့ ကိစ္စပဲ” ဟု ပြောသည်။
နာဂစ်သတင်းနှင့် ပတ်သက်၍ ခွင့်ပြုချက်မရဘဲ ရေးသားသည့် သတင်းဂျာနယ်များကို စာပေစိစစ် ရေးက ခေါ်ယူကာ နောက်နောင် ခွင့်မပြုသည့် ရေးသားချက်များကို ကိုယ့်သဘောနှင့်ကိုယ် မရေး သားပါဟု ၀န်ခံလက်မှတ် ထိုးခိုင်းကြောင်း သိရသည်။
သတင်းဂျာနယ်များအနေဖြင့် အစိုးရဌာနဆိုင်ရာသတင်းများ ရေးသားရာတွင် ဌာန၏ ဘက်တခု တည်းအမြင်ကို ရေးသားခွင့် ရသော်လည်း သတင်းအချက်အလက်ပြည့်စုံရန် အခြားအမြင်များ ထည့်သွင်းရေးသားပါက စာပေစိစစ်ရေးက ဖြုတ်ခိုင်းကြောင်း အဆိုပါ သတင်းအယ်ဒီတာက ပြောသည်။
၎င်းက “ကျနော်တို့ သတင်းထောက်တွေဟာ အမှန်ကို အမှန်အတိုင်း ရေးသားခွင့် မရှိတဲ့အတွက် သတင်းတွေဟာ ကြာလေလေ သတင်းတန်ဖိုးကျလာလေ ဖြစ်နေပြီ” ဟု ပြောသည်။
ရန်ကုန်အခြေစိုက် သတင်းဆောင်းပါးများ ဖော်ပြရေးသားနေသော ဇူလိုင်လထုတ် နာမည်ကြီး မဂ္ဂဇင်းတခုတွင်လည်း သတင်းထောက်များ ရေးသားသော မြင်ကွင်း ဆောင်းပါးများ အပုဒ်လိုက် အဖြုတ်ခံရကြောင်း သိရသည်။
“ဒီမြင်ကွင်းကတော့ အဆိုးအကောင်း ဒွန်တွဲပါတာပေါ့။ ဒါကို စာပေစိစစ်ရေးက စာစစ်မှူးတွေက ဖြုတ်တယ်။ သတင်း၊ ဆောင်းပါးတွေရေးပြီး ဘ၀ရပ်တည်နေရသူတွေအတွက် အခုလို သတင်း တွေအဖြုတ်ခံရတာဟာ ထိခိုက်တာပဲ” ဟု ပြည်တွင်းမှ သတင်းထောက်တဦးက ပြောသည်။
စာပေစိစစ်ရေးက သတင်းဂျာနယ်များကို အပြုသဘောဆောင်သည့် ရေးသားချက်များကိုသာ လိုလားပြီး ဌာနဆိုင်ရာအချို့၏ လုပ်ဆောင်ချက်များကို ရေးသားပါက သက်ဆိုင်ရာဌာန၏ ထောက်ခံချက်များကို တောင်းဆိုကြောင်း သတင်းဂျာနယ်များမှ သိရသည်။
အစိုးရသည် သတင်းသမားများကို အမြဲစောင့်ကြည့်ကာ ဖမ်းဆီးမှုများ ပြုလုပ်လေ့ရှိပြီး ယခုအခါ ပြည်တွင်းရှိ Ecovision ဂျာနယ်မှ မအိမ့်ခိုင်ဦးနှင့် မြန်မာထရီဗြူးဂျာနယ်မှ ဦးအောင်ကျော်ဆန်း၊ ဘလော့ဂ်ရေးသည့် ဇာဂနာ၊ ကဗျာရေးသည့် စောဝေ၊ ဘလော့ဂါ နေဘုန်းလတ်၊ ဂျာနယ်လစ် ကိုဇော်သက်ထွေး၊ ပြည်တွင်းအနုပညာ သတင်းဂျာနယ်များတွင် အယ်ဒီတာလုပ်ခဲ့သော ဥာဏ် လင်းအောင်တို့ကို ဖမ်းဆီးထားသည်။ ။

No comments: