စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 31, 2008

ကချင် အပစ်ရပ်ခေါင်းဆောင်များ နိုင်ငံရေးအဖွဲ့သစ်ဖွဲ့

ကချင်ပြည် လွတ်လပ်ရေး တပ်သားများ ဟူးကောင်းချိုင့်ဝှမ်း၌ ကင်းလှည့်နေစဉ်(Photo: Steve Winter / National Geographic Image Collection)
ဧရာဝတီ ဇူလိုင် ၂၉၊ ၂၀၀၈

ကချင်တိုင်းရင်းသား အပစ်အခတ်ရပ်စဲရေး ခေါင်းဆောင်များက ကချင်လူထုကို ကိုယ်စားပြုမည့် နိုင်ငံရေး အဖွဲ့သစ် တဖွဲ့ကို ဖွဲ့စည်း လိုက်ကြောင်း သိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ကချင်ပြည်လွတ်လပ်ရေးအဖွဲ့(KIO)၊ ကချင် ဒီမိုကရေစီသစ် တပ်မတော် (NDA-K) နှင့် ကချင် အတိုင်ပင်ခံ ကောင်စီ (KCC) တို့ပါဝင်သည့် အဆိုပါ အဖွဲ့ကို ယခုလအတွင်း ဖွဲ့စည်းလိုက် ခြင်းဖြစ်ပြီး KIO ဒု ဥက္ကဌ (၂) ဒေါက်တာ တူးဂျာက ဦးဆောင်သည်ဟု ယင်းအဖွဲ့ နှင့် နီးစပ်သူများက ပြောသည်။
KIO နိုင်ငံခြားရေးတာဝန်ခံနှင့် ဒု ဥက္ကဌ (၁) ဗိုလ်ချုပ် ဇော်ဆိုင်းက “ကချင်လူထု အနေနဲ့ နိုင်ငံရေးပါတီ ဖွဲ့စည်း လှုပ်ရှား မှုမှာ ပူးပေါင်း ပါဝင်လာနိုင်ရေးအတွက် အခု ဖွဲစည်းမှုက ပထမ ခြေလှမ်းဖြစ် ပါတယ်”ဟု ဧရာဝတီသို့ ပြောသည်။
ယခုဖွဲ့စည်းလိုက်သော အဖွဲ့တွင် အဖွဲ့ဝင် အနည်းဆုံး ၅၀ ခန့်ပါဝင်ပြီး KIO နှင့် NDA-K အဖွဲ့များမှ ကိုယ်စား လှယ် ၁၀ ဦး စီ ပါဝင် ကြောင်း၊ KCC အဖွဲ့နှင့် တခြားသော အရပ်သားအဖွဲ့များက ဆက်သွယ်ပါဝင်လာရန် ကျန် ရှိသေးကြောင်း၊ အဖွဲ့၏ အမည်ကိုလည်း မရွေးချယ်ရသေးကြောင်း ၎င်းက ဆိုသည်။
“ဒီ အဖွဲ့ကို တရားဝင် နိုင်ငံရေးပါတီအဖြစ် ဖွဲ့စည်းခွင့်ရခဲ့ရင်တော့ အဖွဲ့အမည် ပေးရမှာပါ”ဟု ဗိုလ်ချုပ်ဇော်ဆိုင်း က ပြောဆိုသည်။
အဖွဲ့ဝင်များအနေနှင့် အသွင်ကူးပြောင်းရေးကာလ တခုအတွက် နောက်ဆုံးအချိန်အထိ နိုင်ငံရေး ပါတီတရပ်၏ တာဝန် များကို ထမ်းဆောင်ပြရမည်ဖြစ်ကြောင်းနှင့် ကချင်လူထု၏ စည်းလုံးမှုနှင့် ကူညီထောက်ပံ့မှုများရရှိရေး အတွက် စည်းရုံး ဆောင်ရွက်သွားရန် အစီစဉ်ရှိသည်ဟုလည်း ဆိုသည်။
ယင်းအဖွဲ့သည် ၂၀၁၀ ခုနှစ်တွင် မြန်မာ စစ်အစိုးရက ပြုလုပ်မည့် ရွေးကောက်ပွဲ အတွက် ပြင်ဆင်နေခြင်း ဖြစ်ကြောင်းနှင့် စစ်အစိုးရအနေနှင့် ယခုကဲ့သို့ နိုင်ငံရေး ပါတီဖွဲ့စည်းခွင့် ပေးမည်မပေးမည် ဆိုသည်ကို မသေချာ သေးကြောင်းလည်း သိရသည်။
ဇူလိုင်လ ၂၃ ရက်နေ့တွင် တရုတ် မြန်မာ နယ်စပ် အနီး ကချင်ပြည်နယ် လိုင်ဇာ မြို့၌ ကချင် ခေါင်းဆောင်များက ယခု အဖွဲ့သစ်နှင့် ကချင်လူထု မိတ်ဆက်ပွဲ ပြုလုပ်ခဲ့ရာ KIO ၊ NDA-K နှင့် KCC အဖွဲ့ဝင်များ အပါအ၀င် ပရိသတ် ၈၀၀ ခန့် တက်ရောက်ခဲ့သည်ဟု တက်ရောက်ခဲ့သူတဦးက ဆိုသည်။
ယခုအဖွဲ့သစ်သည် နိုင်ငံရေးပါတီအနေနှင့် ဦးတည်ရည်မှန်းသည့်အတိုင်း လွယ်ကူချောမွေ့စွာဖြင့် အောင် အောင်မြင်မြင် လုပ်ဆောင်သွားနိုင်ရန် ထောက်ပံ့ကူညီမှုများရရှိနိုင်မည်ဟု မထင်မြင်မိကြောင်းကို KIO ခေါင်း ဆောင်များနှင့် နီးစပ်သူ တဦးဖြစ်သည့် မာဂရမ် က ပြောသည်။
ပြီးခဲ့သော မေလ ကပင် ဖွဲ့စည်းနေသည်ဟု ယူဆရသော ယင်းအဖွဲ့နှင့် ပတ်သက်ပြီး KIO လက်အောက်ခံ ကချင်ပြည် လွတ်လပ်ရေး တပ်မတော် KIA တပ်ဖွဲ့ဝင်များနှင့် KIO အောက်ခြေ အဖွဲ့ဝင်များ၏ အတိုက်အခံ ပြုလုပ်လိုမှုများကိုတွေ့မြင် ရကြောင်းနှင့် ထိုသို့ သဘောထားကွဲလွဲမှုများ ရှိနေသောကြောင့် KIO ခေါင်းဆောင် များအနေနှင့် နိုင်ငံရေးပါတီဖွဲ့စည်းရေး အတွက် တခြားသော နည်းလမ်းကို ရှာဖွေရဖွယ်ရှိကြောင်းလည်း ၎င်းက ပြောဆိုသည်။
KIO အဖွဲ့သည် ၁၉၉၀ ခုနှစ်တွင် စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေး ပြုလုပ်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တဖွဲ့ဖြစ်ပြီး ၁၉၆၁ ခုနှစ်တွင် ဖွဲ့စည်းတည်ထောင်ခဲ့ခြင်းဖြစ်သည်။
အပစ်အခတ်ရပ်စဲထားသော တိုင်းရင်းသားအဖွဲ့များအနေနှင့် နိုင်ငံရေးပါတီ အဖြစ် ပြောင်းလဲဖွဲ့စည်း လိုပါက လက်နက် စွန့်လွှတ်ရမည်ဖြစ်ကြောင်းနှင့် စာရင်းရှိ လက်နက်ကိုင် တပ်ဖွဲ့ဝင်များအားလုံးကို အထူး ရဲ တပ်ဖွဲ့ (ပြည်သူ့စစ်) ပုံစံ ပြောင်းလဲရမည်ဖြစ်ကြောင်း စစ်အစိုးရက တိုက်တွန်းမှုများရှိသည်ဟုလည်း KIO နှင့် နီးစပ် သူများက ပြောဆိုသည်။တိုင်းရင်းသား အပစ်ရပ်အဖွဲ့များအနှေင့် ယင်းသို့ လက်နက်စွန့်ရန် မဆုံးဖြတ်ပါက စစ်အစိုးရပြုလုပ်မည့် ရွေးကောက်ပွဲ ၀င်ခွင့်နှင့် နိုင်ငံရေးပါတီ ဖွဲ့စည်းခွင့်ကို ငြင်းပယ်ခံရဖွယ်ရှိကြောင်း သိရှိရသည်။

No comments: