စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 31, 2008

တရုတ်-ကချင်နယ်စပ် ကန်ပိုက်တီးမှာ နယ်စပ်ဂိတ်သစ်ဖွင့်ဖို့ ပြင်ဆင်

NEJ/ ၂၉ ဇူလိုင် ၂၀၀၈

တရုတ်နိုင်ငံမှ ကမ္ဘာလှည့်ခရီးသွားများ ၀င်ရောက်ရန် ကချင်ပြည်နယ် ကန်ပိုက်တီး၌ တရုတ်- မြန်မာနယ်စပ်ဂိတ်သစ် ဖွင့်လှစ်ရန် ရှိသည်ဟု ထိုဒေသတွင် အခြေစိုက်သည့် ဒီမိုကရေစီသစ် တပ်မတော်-ကချင် (NDAK) ဥက္ကဋ္ဌ ဦးဇခုန်တိန့်ယိန်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
၎င်းက “ဖွင့်ဖို့ အစီအစဉ်တော့ရှိတယ်။ ဆွေးနွေးနေတုန်းပဲ၊ အားလုံးပြင်ဆင်ပြီးတဲ့အချိန်ကျမှ ဖွင့်မယ်။ ခု လမ်းက သိပ်မကောင်းသေးပါဘူး။ လမ်းက ခဏခဏ ပြိုပြီး ပိတ်နေတယ်။ မိုးရာသီ လည်းဖြစ်တယ်။ လမ်းပိတ်တယ်။ တောင်ပြိုတယ်။ ဒါကြောင့်မို့လို့ သွားရေးလာရေး အစဉ်မပြေ သေးဘူး” ဟု ပြောသည်။
ကန်ပိုက်တီး နယ်စပ်ကို စစ်အစိုးရက ထိန်းချုပ်ထားပြီး အကောက်ခွန်မှရသည့် ငွေအချို့ကိုသာ ဒေသဖွံ့ဖြိုးရေး ရန်ပုံငွေအတွက် NDAK ကို ခွဲဝေပေးကြောင်း၊ ကမ္ဘာလှည့်ခရီးသည်များ၏ လုံခြုံ ရေးအတွက် စစ်အစိုးရနှင့် ကချင်လက်နက်ကိုင်အဖွဲ့များ ပူးပေါင်းဆောင်ရွက်သင့်သော်လည်း လက်ရှိအချိန်ထိ ယင်းအစီအစဉ် မရှိသေးဟု NDAK ခေါင်းဆောင်က ပြောသည်။
လာမည့် ပွင့်လင်းရာသီ နိုဝင်ဘာ၊ ဒီဇင်ဘာ သို့မဟုတ် ၂၀၀၉ ခုနှစ်ကူးပိုင်းတွင် ကမ္ဘာလှည့် ခရီးသွားများ ၀င်ရောက်လာနိုင်မည်ဟု NDAK က ခန့်မှန်းထားသည်။
ဦးဇခုန်တိန့်ယိန်း က “တရုတ်ဘက်က အရမ်းလောနေတယ်။ သူတို့ဆီမှာ တနှစ်တနှစ်မှာ ထိန်ချုံး မှာပဲ ၀င်ထွက်သွားလာနေတဲ့ ခရီးသွားတွေက သန်းနဲ့ချီရှိတယ်။ အဲဒီက တချို့တ၀က် (၁၀) ပုံ (၁) ပုံဖြစ်ဖြစ် မြစ်ကြီးနားကို လာတယ်ဆိုရင် သူအတွက် နှစ်ခါ အကျိုးရှိတာပေါ့။ မြစ်ကြီးနားအတွက် လည်း အကျိုးရှိနိုင်တယ်” ဟု ပြောသည်။
အဆိုပါ နယ်စပ်ဂိတ် ဖွင့်လှစ်နိုင်ပါက ကမ္ဘာလှည့်ခရီးသွားများအနေဖြင့် ကန်ပိုက်တီးမှ ၀ရှောင်၊ ၀ိုင်းမော်၊ မြစ်ကြီးနားနှင့် ရန်ကုန်ထိ ခရီးသွားရောက်နိုင်မည်ဖြစ်ပြီး တရုတ်ပိုင်နက် ထိန်ချုံးမှ ကူမင်းထိ ခရီးလမ်းပွင့်သွားမည်ဖြစ်သည်။ ။

No comments: