စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Thursday, July 31, 2008

ဗြိတိန်နိုင်ငံ လွိုဒ်အာမခံကုမ္ပဏီနှင့် စစ်အစိုးရပတ်သက်မှု ဖော်ထုတ်တော့မည်

The Observer/NEJ/ ၂၈ ဇူလိုင် ၂၀၀၈

မြန်မာစစ်အစိုးရပိုင် မြန်မာ့လေကြောင်းကုမ္ပဏီအား လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံကုမ္ပဏီ (၃) ခုက ယခုနှစ် အစောပိုင်းတွင် အာမခံပေးခဲ့ကြောင်း ဘားမားကန်ပိန်း (ယူကေ) အဖွဲ့က ယခုသီတင်းပတ်အတွင်း ဖော်ထုတ်တော့မည့်အကြောင်း လန်ဒန်မြို့ တနင်္ဂနွေနေ့ထုတ် The Observer သတင်းစာက ဖော်ပြထားသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံကုမ္ပဏီများမှာ Kiln, Atrium နှင့် Catlin တို့ ဖြစ်သည်ဟု The Observer သတင်းစာမှာ ဖော်ပြထားသည်။ အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လန်ဒန်အခြေစိုက် The Burma Campaign (U.K) ကို ခေတ်ပြိုင်က မေးမြန်းရာ အစီရင်ခံစာ အသေးစိတ်ကို ဇူလိုင် (၂၉) တွင် ထုတ်ပြန်မည်ဟုသာ ဖြေကြားခဲ့သည်။
လန်ဒန်အာမခံလုပ်ငန်းများက မြန်မာစစ်အစိုးရအား ကျားကန်ပေးနေခြင်းကို ဖော်ထုတ်နိုင်မှုသည် လန်ဒန်ငွေကြေးရပ်ကွက်မှ ကုမ္ပဏီကြီးများအား မျက်နှာပူစေမည့် ကိစ္စဖြစ်သည်။ ယင်းကိစ္စနှင့် ပတ်သက်၍ The Observer သတင်းစာကြီးက လွိုဒ်အာမခံကုမ္ပဏီကြီး၏ လန်ဒန်လက်ခွဲ အာမခံ ကုမ္ပဏီများအား ဆက်သွယ်ခဲ့သော်လည်း တစုံတရာ ပြောဆိုရန် အဆိုပါကုမ္ပဏီများက ငြင်းဆို ခဲ့သည်။
လွိုဒ်ကုမ္ပဏီအုပ်စုမှ အခြားကုမ္ပဏီများကလည်း မြန်မာစစ်အစိုးရ၏ ရေကြောင်းလုပ်ငန်းများ အတွက် အာမခံပေးရန် ပြင်ဆင်ခဲ့ပြီးဖြစ်သည်။ ရေကြောင်းနှင့် လေကြောင်းအာမခံများ မရှိပါက မြန်မာစစ်အစိုးရအနေဖြင့် ၎င်းတို့အတွက် နိုင်ငံခြားငွေအဓိက ရရှိစေသော ကျောက်မျက်၊ သစ်၊ အ၀တ်အထည်၊ ရေနံနှင့် သဘာဝဓာတ်ငွေ့တို့ကို တင်ပို့နိုင်တော့မည် မဟုတ်ပေ။
ဘားမားကန်ပိန်း (ယူကေ) အဖွဲ့၏ အဆိုပါလှုပ်ရှားမှုသည် လန်ဒန်ရှိ လွိုဒ်အာမခံလုပ်ငန်းကြီးက ၎င်း၏ အုပ်စုဝင်ကုမ္ပဏီများကို မြန်မာနိုင်ငံ၌ စီးပွားရေး မလုပ်ရန် တိုက်တွန်းချက်များ ဖြစ်ပေါ် လာစေရန် ရည်ရွယ်သည်။ လွိုဒ်အာမခံလုပ်ငန်းကြီး၏ ဥက္ကဋ္ဌ လော့ဒ် လီဗင်နှင့် ဆွေးနွေးနိုင် ရန်လည်း စည်းရုံးလှုပ်ရှားသူများက တောင်းဆိုနေသည်။
“လွိုဒ်အုပ်စုဝင်တွေအပါအ၀င် အာမခံကုမ္ပဏီတွေဟာ ကျင့်ဝတ်သိက္ခာထက် အကျိုးစီးပွားကို ဦးစားပေးနေတာပါ။ သူတို့က ကျင့်ဝတ်နဲ့အညီ လုပ်နေတဲ့ပုံစံ ဟန်ဆောင်နေကြပေမယ့် တကယ် ကတော့ ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အစိုးရဟာ လူမျိုးတုံးသတ်ဖြတ်ဖို့၊ လူထုကို ဖိနှိပ် အုပ်ချုပ်ဖို့အတွက် သူတို့ဆီကရတဲ့ ငွေတွေနဲ့ လက်နက်ခဲယမ်းနဲ့ တင့်ကားတွေ ၀ယ်မှာကို အဲဒီကုမ္ပဏီတွေက ဂရုစိုက်ကြတာ မဟုတ်ပါဘူး” ဟု ဘားမားကန်ပိန်း (ယူကေ) အဖွဲ့မှ တာဝန်ခံတဦးဖြစ်သူ ဂျော်နီ ချတ်တာတန်က ပြောသည်။
လွိုဒ်အာမခံကုမ္ပဏီကြီးကမူ ၎င်း၏အုပ်စုအဖွဲ့ဝင်များအနေဖြင့် မြန်မာစစ်အစိုးရ၏ ကူးသန်းသွား လာရေးလုပ်ငန်းများကို အာမခံပေးခြင်းသည် ဥပဒေကို ချိုးဖောက်ခြင်း မဟုတ်ကြောင်း၊ နိုင်ငံ တကာပိတ်ဆို့မှုများ တရားဝင် ချမှတ်ထားသော်လည်း ၎င်းတို့အနေဖြင့် မည်သည့်အခန်းကဏ္ဍ၌ စီးပွားရေးလုပ်နိုင် မလုပ်နိုင်ကို ဈေးကွက်အား လမ်းညွှန်ခြင်း မရှိကြောင်း ယမန်နေ့က ထုတ်ဖော် ခဲ့သည်။
ဗြိတိန်ဝန်ကြီးချုပ် ဂေါ်ဒန်ဘရောင်းက မြန်မာနိုင်ငံနှင့် ဆက်စပ်လုပ်ကိုင်နေသော မည်သည့်စီးပွား ရေးလုပ်ငန်းကိုမျှ ခွင့်ပြုမည်မဟုတ်ကြောင်း ယခင်ကဖော်ပြခဲ့ဖူးသဖြင့် လွိုဒ်အာမခံကုမ္ပဏီကြီး ယခုကဲ့သို့ အလျော့ပေးမှု မရှိခြင်းသည် ဗြိတိသျှအစိုးရအား ၀င်ရောက်စွက်ဖက်လာစေရန် တွန်းအားပေးသကဲ့သို့ ဖြစ်သွားနိုင်သည်။ သို့သော် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဆိုပါ ကိစ္စနှင့်ပတ်သက်၍ လွိုဒ်နှင့် ဆွေးနွေးမှုရှိမရှိမှာမူ မရှင်းလင်းသေးပေ။
ဘားမားကန်ပိန်း (ယူကေ) အဖွဲ့ကြီး၏ မကြာမီထုတ်ပြန်မည့် အစီရင်ခံစာ၌ မြန်မာနှင့်ပတ်သက် သည့် အခြားအာမခံကုမ္ပဏီ (၈) ခု၏ လုပ်ရပ်များကိုပါ ဖော်ထုတ်မည်ဖြစ်သည်။ ။

No comments: