ကြည်ဝေ ဇွန် ၂၅၊ ၂၀၀၈
အသက် သုံးဆယ်ကျော် မိန်းမတယောက်သည် ၃ နှစ်အရွယ်ကလေးငယ်ကို ချီလျက် တဲကလေးကို ငုံ့ပြီးဝင်လာ လေသည်။ အမျိုးသမီး တကိုယ်လုံးမိုးရေများဖြင့် ရွှဲရွှဲစိုလျက်ရှိသည်။ လုံချည်ကလည်း အနားတွင် ရေတစက်စက် ကျနေပြီး ဖိနပ် မပါသော ခြေဖျားတို့တွင် ပဲကြီးရေစိမ်တွန့်သလို ဖြူဖပ်ဖြူရော် ရှုံ့တွန့်နေကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နဂိုက အသားခပ်ညိုညိုတွင် ပေရေညစ်ပတ်နေသောကြောင့် ညစ်ထပ်ထပ်ကလေး ဖြစ်နေသော ကလေးငယ်သည် ခေါင်းတွင်ဦးထုပ်တလုံးကို စောင်းထားသော်လည်း ၀တ်ထားသော အင်္ကျီကလေးမှာ မိုးရေကြောင့် အသားနှင့် ကပ်ပြီး လှိုင်းတွန့်ထနေလေသည်။
ဒေါက်တာ သီဟကျော်သည် သူတို့သားအမိကို စိတ်မသက်သာစွာ ပြုံးပြလိုက်ရင်း ထိုင်ပါ ဟုဆိုလိုက်သောအခါ အမျိုးသမီး သည် ကလေးကိုလက်ပြောင်းချီလိုက်ပြီး ဒေါက်တာသီဟကျော် ရှေ့မှ ကုလားထိုင်ပေါ်တွင် ခပ်ရို့ရို့ ၀င်ထိုင်ကာ ကလေးကို ပေါင်ပေါ်တင်ထားလိုက်လေသည်။
သူတို့သားအမိဝင်ထိုင်လိုက်သည်နှင့်ပင် အမျိုးသမီး၏လက်မှ ၀ဲစိုများ၊ ကလေး၏ကိုယ်ပေါ်မှ ၀ဲတချို့နှင့် အဆုတ် အအေးမိ နေသော လက္ခဏာတချို့ကိုလည်း သတိပြုလိုက်မိလေသည်။
ဒေါက်တာသီဟကျော်သည် သက်ပြင်းချလိုက်သည်။ ဒီရွာမှ လူအတော်များများတွင် ၀ဲများပေါက် နေ၍ တချို့မှာ အာဟာရ ချို့တဲ့ကာ အအေးမိရောဂါ၊ အသက်ရှုလမ်းကြောင်း ပိုးဝင်သော ရောဂါများလည်း ခံစားနေကြရသည်ကို တွေ့ရသည်။
သူသည် သူမြင်တွေ့နေရသော လူနာများအတွက် အမိုးအကာ လုံလုံခြုံခြုံနှင့် ဆေးပစ္စည်းများ ပြည့်စုံသော ဆေးရုံများကို စိတ်တွင်းမှ ပြင်းပြင်းထန်ထန် တောင့်တမိလေသည်။
အမှန်တကယ်တော့ ဒေါက်တာ သီဟကျော်မှာ နာဂစ်မုန်တိုင်းသင့်ဒေသများသို့ လိုက်လံကုသပေးလျက်ရှိသော စေတနာ့ ၀န်ထမ်းဆရာဝန်များအဖွဲ့ တခုမှ ဆရာဝန်တဦးသာဖြစ်သည်။
သူ့အနေနှင့် မုန်တိုင်းသင့်ဒေသ အတော်များများကိုရောက်ခဲ့ပြီးပြီ။ သူတို့အဖွဲ့သည် ဧရာဝတီတိုင်းအတွင်းရှိ မုန်တိုင်းသင့် ဒေသများဖြစ်သော ဘိုကလေး၊ ဖျာပုံ၊ ဒေးဒရဲ၊ လပွတ္တာနှင့် အနီးအနားရှိ ရွာများသို့ မော်တော်ဘုတ် နှင့်နယ်လှည့်ဆေးကု သပေးခဲ့ပြီး ယခုအခါ ရန်ကုန်တိုင်းအတွင်းသို့ ပြန်ဝင်လာခဲ့ခြင်းဖြစ်သည်။
သူတို့အဖွဲ့တွင် မီးယပ်နှင့်သားဖွားအထူးကု ဆရာဝန်ကြီး ၁ ဦး၊ အထွေထွေရောဂါကု သမားတော်ကြီး ၁ ဦးနှင့် ဒေါက်တာ သီဟကျော်တို့လို လူငယ် အထွေထွေရောဂါကု ဆရာဝန် ၄ ဦး၊ သူနာပြုဆရာမ ၂ ဦးနှင့် အကူ ကျန်းမာရေးစေတနာ့ ၀န်ထမ်း ၄ ဦးပါဝင်သော အဖွဲ့ဖြစ်သည်။
ယခုသူတို့အဖွဲ့ရောက်နေသော နေရာမှာ ကော့မှူးမြို့နယ် ဆင်ခြံရွာဖြစ်သည်။ ထိုရွာသည် မုန်တိုင်းဖြစ်စဉ်က ရွာထဲသို့ ရေ၀င်ပြီး ၄ ရက်တိုင်တိုင် ရေပြန်မဆင်းခဲ့သောကြောင့် ရွာသားများမှာ ရေထဲတွင် နေကြရသော ရွာဖြစ်ကြောင်းသိရသည်။
ထို့ကြောင့်လည်း လာသမျှ ကလေးနှင့် လူကြီးတိုင်းလိုလိုတွင် ၈၀ ရာခိုင်နှုန်းလောက်က ၀ဲပေါက်နေကြတာကို တွေ့မြင်ရ ခြင်းဖြစ်သည်။ တချို့ဆိုလျှင် ၀ဲကြီးများက ခြေထောက်များနှင့်လက်များတွင်ပြွတ်သိပ်နေပြီး အနံ့ အသက်ပင် မကောင်း တော့။ သောက်ဆေးပေးရုံဖြင့် မရတော့ဘဲ ဆေးထိုးသင့်တဲ့သူ တော်တော်များများတွေ့ ရပြီး တချို့ကလည်း ပြည်တည် နာများပေါက်လျက်ရှိသည်ကို တွေ့ရသည်။
"သူတို့အနာတွေက သေချာအချိန်ယူပြီး ကုပေးမှ ပျောက်မယ့်အနေအထားဖြစ်နေတယ်၊ ပြီးတော့ သူတို့တွေ အားလုံး လုံလုံခြုံခြုံ နွေးနွေးထွေးထွေးနဲ့ နေသင့်ပေမယ့် သူတို့ နေနေကြတာက အမိုးအကာ မလုံမခြုံနဲ့ဗျာ၊ သူတို့မှာ ခြင်ထောင် တောင်မရှိကြဘူး" ဟု ဒေါက်တာ သီဟကျော်က စိတ်မကောင်းသော မျက်နှာမျိုးဖြင့် လေသံ တိုးတိမ်စွာ ပြောဆိုခဲ့သည်။
သူရောက်ရှိခဲ့သော မုန်တိုင်းသင့်ဒေသများမှ ကျေးရွာများတွင် ထိုရွာလို တရွာလုံး ၀ဲပေါက်သူများကိုတွေ့မြင်ရသလို၊ ကာလ၀မ်းရောဂါပုံစံ ၀မ်းပျက်ဝမ်းလျှောဖြစ်သူများ၊ အသက်ရှုလမ်းကြောင်းပိုးဝင်နေသူများ၊ အာဟာရ ချို့တဲ့ နေသူများနှင့် အအေးမိနေသူများလည်း တွေ့ရကြောင်း၊ တချို့မှာ ဆေးရုံတင်ပြီး ထိုးဆေးထိုးကာ စနစ် တကျ ကုသမှု ခံယူရန် လိုအပ်သော အနေအထားမျိုးဖြစ်လျက်ရှိကြောင်း သူက ပြောဆိုသည်။
ထို့ကြောင့်လည်းသူ့အနေနှင့် ထိုဒေသများတွင် ဆေးပစ္စည်းများနှင့် ပြည့်စုံသော၊ နွေးထွေးလုံခြုံသော၊ လူနာ အမြောက် အများဆန့်သော ဆေးရုံဆေးခန်းများကို တောင့်တမိခြင်းဖြစ်ကြောင်းပြောပြခဲ့သည်။
ဒေါက်တာသီဟကျော်က လူတိုင်းကို နွေးနွေးထွေးထွေးလုံလုံခြုံခြုံရှိသော အမိုးအကာများအောက်တွင် ရှိစေ ချင် သလို၊ တခြားသောနယ်လှည့်ဆေးကုနေခဲ့သည့် ဆရာဝန် တဦးကလည်း မုန်တိုင်းသင့်ဒေသများမှ ရေများကို အမြန်ဆုံးနည်းဖြင့် သန့်စင်ပစ်ချင်သည်ဟု ဆိုသည်။
"ကျနော်ရောက်ခဲ့တဲ့ မုန်တိုင်းသင့်ဒေသတွေမှာ ရေ မသန့်တဲ့ပြဿနာတော်တော်ကြီးနေတာ တွေ့ရတယ်၊ ရေ သန့် စင်ပေး ဖို့က အဓိက လိုအပ်ချက်ဖြစ်နေတယ်" ဟု နယ်လှည့်ဆေးကုသခဲ့သော အဆိုပါ ဆရာဝန်က ဆို သည်။
နယ်လှည့်ဆေးကုရာတွင် လိုက်လံကူညီပေးခဲ့သူ စေတနာရှင်တဦးကလည်း မုန်တိုင်းသင့်မိသားစုများအနေနှင့် ရေကောင်း ရေသန်ရရရှိရန် ခက်ခဲမှုရှိပြီး မသန့်ရှင်းသော ရေများကိုပင် သုံးစွဲနေရကြောင်း၊ တချို့ကို သုံးစွဲမည် ဆိုလျှင် ကလိုရင်း ဖျော်ရည် ဖြင့် သတ်မှတ်ထားသော သုံးစွဲပုံအညွှန်းအတိုင်းသုံးစွဲရန် သင်ကြားပေးနိုင်ခဲ့သော် လည်း၊ သူတို့အဖွဲ့ အပါအ၀င် အဖွဲ့အတော်များများသည် မြို့နှင့် အလှမ်းဝေးသော ကျေးရွာများထိ သွားရောက် ရန် အားနည်းသောကြောင့် အကန့် အသတ်ရှိကြောင်း၊ ထိြု့ပင် အများစုမှာ ရေကို ကျိုချက်ရန်ပင် ထင်းမီးအခက် အခဲ၊ အိုးခွက် အခက်အခဲတို့ကြောင့် ဒီအတိုင်းသာ သုံးစွဲကြသည်ကိုတွေ့မြင်ရကြောင်း ပြောပြသည်။
မုန်တိုင်းသင့်ဒေသများတွင်နေထိုင်ကြသူများအနေနှင့် ဗဟုသုတပိုင်းဆိုင်ရာ အားနည်းချက်များရှိသည်မှာ မှန်သော်လည်း၊ သူတို့ဒေသတွင် ရေချို ရေသန့်မရှိခြင်း၊ မရရှိခြင်းတို့ကြောင့် အဆိုပါ မသန့်ရှင်းသော ရေများ ကိုပင် သောက်သုံးနေရခြင်းဖြစ်ကြောင်း သိရှိရသည်။
မုန်တိုင်းသင့်ဒေသများမှ ရေများကို နမူနာယူကာ ရန်ကုန်တိုင်း သာကေတမြို့နယ်တွင်ရှိသော ငါးလုပ်ငန်းဦးစီး ဋ္ဌာနပိုင် ဓာတ်ခွဲစမ်းသပ်ရေးဋ္ဌာနတွင် ရေများကို စစ်ဆေးကြည့်ခဲ့ရာ ရေထဲတွင် Coliform ပိုးနှင့် E. coli ပိုးများ ပါဝင်နေသည်ဟု အဖြေထွက်ခဲ့ကြောင်း ငါးလုပ်ငန်းဦးစီးဋ္ဌာန အရာရှိတဦးထံမှ ကြားသိရသည်။
အဆိုပါပိုးများ ပါဝင်နေသောကြောင့် ရေကို ကျိုချက်သောက်သုံးမှသာ အန္တရာယ်ကင်းနိုင်မှာဖြစ်ပြီး မုန်တိုင်းသင့် ဒေသများ မှ ရေများကိုသောက်သုံးရန်ပင်မဆိုထားနှင့် သုံးစွဲရန်ပင်မသင့်ကြောင်း ဆရာဝန်များက ပြောဆိုသည်။
ပြည်တွင်းအလှူရှင်တချို့က ဧရာဝတီတိုင်း မုန်တိုင်းသင့် ဒေသတချို့မှ ရေငန်ဝင်ရောက်ခဲ့သော သောက်ရေ ကန်များရှိ ရေများကို စက်များဖြင့်စုပ်ထုတ်ခြင်း၊ ရေသန့်စင်ပေးခြင်းများ ပြုလုပ်လျက်ရှိကြောင်း ပြည်တွင်း ထုတ် ဂျာနယ်များတွင် ဖော်ပြကြသည်ကို တွေ့ရသည်။
ရေကန်များမှ မသန့်စင်သောရေများကို အခမဲ့ လိုက်လံ စုပ်ထုတ်ပေးနေသော ပြည်တွင်းစေတနာရှင် တဦးက ဧရာဝတီ တိုင်းရှိ ကမ်းရိုးတန်းဒေသအနီးမှ သောက်ရေကန်များကို ဦးစားပေး သန့်စင်လျက်ရှိသော်လည်း မသန့် စင်ရသေးသော ကျေးရွာများ ကျန်ရှိနေသေးကြောင်း၊ ထိုကျန်ရှိနေသော ရွာများတွင် ရေချိုရေသန့်ရရှိရန် အခက် အခဲရှိသည့်အတွက် ထိုမသန့်သောရေများကိုသာ သုံးစွဲနေလျှင် ရောဂါများ ဖြစ်ပွားနေဦးမှာ ဖြစ်ကြောင်း ပြောဆို သည်။
"အဲဒီ ဒေသတွေမှာ မသန့်ရှင်းသေးတဲ့ ရေတွေကိုမသုံးစွဲဖြစ်အောင် ၊ သူတို့မှာ ဒီရေကလွဲရင် တခြားသုံးစရာ ရေမရှိဘူး ဆိုတာမျိုးလည်း မဖြစ်ရအောင် အစိုးရက ပံ့ပိုးသင့်တယ်" ဟု ရေကန်များမှ မသန့်စင်သောရေများကို စေတနာဖြင့် အခမဲ့ လိုက်လံစုပ်ထုတ်ပေးနေသော ပြည်တွင်းစေတနာရှင် တဦးက သုံးသပ်သည်။
Rest of your post
Wednesday, June 25, 2008
နာဂစ်က ပေးသွားတဲ့ ရောဂါ … အရေပြားရောဂါ …
Posted by
54freedom
at
10:18 PM
0
comments
Labels: ဆောင်းပါး
မြန်မာနိုင်ငံ၏ ဗြူရိုကရေစီ ကပ်ဘေး
ရဲနည် ဇွန် ၂၅၊ ၂၀၀၈
မကြာသေးမီက မြန်မာစစ်အစိုးရက မြစ်ဝကျွန်းပေါ်ဒေသရှိ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ သွားရောက်အကူအညီ ပေးခွင့်ကို ထပ်မံ ပိတ်ပင်လိုက်ပြန်သည်။ ဤအခြအနေက မြန်မာနိုင်ငံအနေဖြင့် ကျရှုံးနိုင်ငံ (failed state) တခုအဖြစ်သို့ နစ်မြုပ် ကျဆင်းဖွယ် အခြေအနေကို ထပ်မံဖော်ပြလိုက်သည့် ၀မ်းနည်းဖွယ် သက်သေပြချက်တခု ဖြစ်နေတော့သည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဇွန်လ ၉ ရက်နေ့က မြန်မာစစ်ဗိုလ်ချုပ်များက ဗြူရိုကရေစီကန့်သတ်ချက်အသစ်များ ထပ်မံချမှတ်၍ မုန်တိုင်းကပ်ဘေးသင့် ပြည်သူများထံ အကူအညီများ မရောက်နိုင်ရန် ထပ်မံ၍ ချုပ်ချယ်ခဲ့ပြန်သည်။ ဤလမ်းညွှန်ချက်အသစ်များအရ ကုလသမဂ္ဂ အဖွဲ့အစည်းများနှင့် အကူအညီပေးရေးအဖွဲ့များ အားလုံးသည် ခရီးသွားလာရန်နှင့် အကူအညီပေးရန် သက်ဆိုင်ရာ အစိုးရ ၀န်ကြီးဌာနများမှ သီးသန့်ခွင့်ပြုချက်များ ကြိုတင်၍ တောင်းခံရမည်ဟု ဆိုထားပြန်သည်။
ကယ်ဆယ်ရေးအဖွဲ့အစည်းများတွင် တာဝန်ယူနေကြသည့် နိုင်ငံခြားသားများသည် ကာကွယ်ရေးဝန်ကြီးဌာန၊ နိုင်ငံခြားရေး ၀န်ကြီးဌာနနှင့် လူမှုဝန်ထမ်း ၀န်ကြီးဌာနတို့မှ တရားဝင်ခွင့်ပြုချက် လက်မှတ်များ ရယူကြရမည် ဖြစ်သည်။
မြန်မာအဖွဲ့အစည်းများသည်လည်း ဒေသခံ အာဏာပိုင်များ၊ ရဲများ၊ စစ်တပ် စစ်ဆေးရေးဂိတ်များနှင့် ကြုံတွေ့ဆက်ဆံနေ ကြရပြီး၊ ထိုသူများက နောက်ကွယ်တွင် လာဘ်တောင်းခံသည်နှင့်လည်း မကြာခဏဆိုသလို ကြုံနေရပြန်သည်။
တပ်မ (၆၆) နှင့် အနောက်တောင်တိုင်း စစ်ဌာနချုပ်မှ တပ်များကိုလည်း ဥပဒေစည်းကြပ်ရေးအတွက် မြစ်ဝကျွန်းပေါ်ဒေသ တွင် တာဝန်ပေးခဲ့ပြီး၊ ယခုအခါ ဒေသတွင်း ခရီးသွားလာရေးကိစ္စများကိုလည်း တင်းတင်းကျပ်ကျပ် ကိုင်တွယ် ထိန်းချုပ်နေ ကြပြီ ဖြစ်သည်။
တချိန်တည်းမှာပင် စစ်သားများက "ခရီးသွားလာခွင့် လက်မှတ် မရှိသူ" များကို ထိန်းသိမ်းဖမ်းဆီးခြင်းများ ပြုနေပြီး၊ မေလ ၂-၃ မုန်တိုင်းတိုက်ခတ်ပြီးစဉ် ကာလများကတည်းကစ၍ အရဲစွန့် ကူညီပေးခဲ့ကြသူများကိုလည်း ဖမ်းဆီးနေကြပြန်သည်။ နာမည်ကြီး အနုပညာရှင်တဦးဖြစ်သူနှင့် နိုင်ငံရေး တက်ကြွလှုပ်ရှားသူတဦး ဖြစ်သူ ကိုဇာဂနာမှာ မြစ်ဝကျွန်းပေါ်ဒေသ အတွင်း ကယ်ဆယ်ထောက်ပံ့ရေးလုပ်ငန်းများ ကိုယ်တိုင်ကိုယ်ကျ ဦးစီးလုပ်ကိုင်နေခဲ့သူတဦး ဖြစ်ပြီး ဇွန်လ ၄ ရက်နေ့မှ စ၍ ဖမ်းဆီး အကျဉ်းချခံထား ခံခဲ့ရသည်။
အလားတူပင်၊ ယခင် အားကစားဂျာနယ် အယ်ဒီတာတဦးဖြစ်သူ ကိုဇော်သက်ထွေးမှာလည်း မုန်တိုင်းကပ်ဘေးသင့် ပြည်သူများကို ကယ်ဆယ်ရေး အကူအညီများ ဝေငှပေးခဲ့ပြီး ဇွန်လ ၁၄ ရက်နေ့တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။ တနေ့တည်း မှာပင် "သေဆုံးသူများကို မြှုပ်နှံပေးသူအုပ်စု" ဟု သူတို့ကိုယ်သူတို့ အမည်ပေးထားကြသည့် အဖွဲ့မှ အခြားစေတနာ ၀န်ထမ်း ကယ်ဆယ်ရေးလုပ်သား ၇ ဦးလည်း မုန်တိုင်းဒဏ်ကြောင့် သေဆုံးခဲ့ရသူများ၏ အလောင်းများ မြှုပ်နှံပေးပြီး အပြန်တွင် ဖမ်းဆီးခံခဲ့ရပြန်သည်။
ယနေ့တိုင် စစ်အစိုးရက ဖမ်းဆီးထားသူများ မည်သည့်နေရာတွင် ရှိနေကြောင်း ထုတ်ဖော်ပြောကြားခြင်း မရှိသေးပါ။ သူတို့၏ မိသားစုဝင်များကလည်း ပျောက်ဆုံးသွားကြသူများအတွက် စိုးရိမ်ပူပန်နေကြရပါသည်။
လေ့လာသူများက သုံးသပ်ကြသည်မှာ ဤသို့ဖမ်းဆီးမှုများသည် ပြည်တွင်းမှ ကိုဇာဂနာကဲ့သို့သော လေးစားဖွယ် ရှိသူများ၊ လူအများ ယုံကြည်ခံရသူများထံသို့ ပြည်ပရှိ မြန်မာလူမျိုးများနှင့် နိုင်ငံတကာမှ ပံ့ပိုးလှူဒါန်းသူများက ငွေကြေးများ ဆက် လက်ထောက်ပံ့ပေးပို့နေသည်နှင့် စပ်ဆိုင်မှု ရှိမည်ဟု ယူဆကြပါသည်။ ထိုသူများက အစိုးရဦးဆောင်ဦးရွက်ပြုနေသည့် အဖွဲ့များထံသို့ မလှူဒါန်းကြဘဲ အောက်ခြေလူထုအဖွဲ့များထံသို့သာ လှူဒါန်းလိုကြသည်ကို အစိုးရက မကြည်ဖြူဖြစ်နေပုံ လည်း ရှိပါသည်။
အစိုးရ၏ အာဘော် မြန်မာ့အလင်းသတင်းစာတွင် ဇွန်လ ၁၆ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ၌ ပြည်တွင်းမှ လှူဒါန်းမှု များအားလုံးသည် အမျိုးသား သဘာဝဘေး ကာကွယ် စောင့်ရှောက်ရေး ဗဟိုကော်မတီ၏ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်တည်ဆောက်ရေး ဆပ်ကော်မီတီ၊ သို့မဟုတ် ၎င်း၏ ခရိုင်နှင့် မြို့နယ်ရုံးခွဲများသို့သာ လှူဒါန်းရမည်ဟုလည်း ဖော်ပြထားခဲ့သည်။
ယခုအခါ ပုဂ္ဂလိက စေတနာ့ဝန်ထမ်း အလှူရှင်အများစုက ပြောကြရာတွင် အစိုးရ၏ အတားအဆီး အကန့်အသတ်များ၊ အညိုအညင်ပေးမှုများကြောင့် ကယ်ဆယ်ကူညီရေး လုပ်ငန်းများ ဆက်လက်ဆောင်ရွက်ရန် သူတို့ စိတ်ကုန်နေကြပြီဟု ဆိုလာခဲ့သည်။
ဤအခြေအနေများအောက်တွင် ဗုဒ္ဓဘာသာ ရဟန်းတော်များက အရေးပါသော အရပ်ဖက်လူမှုအဖွဲ့အစည်းများအဖြစ် ပို၍ တက်ကြွသော အခန်းကဏ္ဍက ပါဝင်ဆောင်ရွက်လာခဲ့ကြသည်။ ၎င်းရဟန်းတော်များက ပုဂ္ဂလိကအလှူရှင်များနှင့် အမှန် တကယ် လိုအပ်နေသူများအကြား ကြားခံအဖြစ် ပေါင်းကူးဆောင်ရွက်ပေးနေကြသည်။ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီး ကျောင်းများမှာ မေလ ၂-၃ ရက်နေ့များ၊ မုန်တိုင်းတိုက်ခတ်ပြီးချိန် ကာလမှစ၍ ဒုက္ခသည် ကယ်ဆယ်ရေးနှင့် စောင့်ရှောက် ရေးစခန်းများအဖြစ် ခိုလှုံခွင့်ပေးထားခဲ့ကြသည်။ အစိုးရဌာနများက လျစ်လျူရှုထားကြသည့် အချိန်၌ ဒုက္ခရောက်လာသူ များက ဒေသတွင်းရှိ ဘုန်းကြီးကျောင်းများ၌ ခိုလှုံရာ နေစရာ၊ အစားအသောက်၊ ဆေးဝါးကုသမှုနှင့် နွေးထွေးမှု အကြင်နာ တရားတို့ကို ရရှိခံစားနိုင်ခဲ့ကြသည်။
ပို၍ စိုးရိမ်ဖွယ် ရှိနေသောကိစ္စတခုမှာ၊ အကယ်၍ မြစ်ဝကျွန်းပေါ်ဒေသတွင် ဆန်စပါးစိုက်ပျိုးရေးအတွက် လယ်သမားများ သာ အချိန်မီ ပြန်မစတင်နိုင်ခဲ့ပါက ယခုနှစ်တွင် ဆန်စပါးရှားပါး ပြတ်တောက်မှု ကြုံရနိုင်သေးသည့် အခြေအနေ ဖြစ်သည်။ စပါးစိုက်ရာသီမှာ ဇွန်လဆန်းပိုင်းတွင် စတင်လေ့ရှိကြပြီး၊ ကျွဲနွားများသုံး၍ ထွန်ယက် စိုက်ပျိုးကာ အောက်တိုဘာလတွင် ရိတ်သိမ်းလေ့ရှိကြသည်။ အခုအချိန်တွင် စပါးစိုက်ရန် အချိန်လွန်နေခဲ့ပြီဟု ကျွမ်းကျင်သူများကလည်း သတိပေးနေကြ သည်။
မြန်မာ စစ်အစိုးရက အတောမသတ်နိုင်သည့် ဟန့်တားမှုများ၊ ဗြူရိုကရေစီအရ တင်းကျပ်မှုများ၊ ပိတ်ဆို့မှုများ ဆက်လက် ဆောင်ရွက်နေသောကြောင့်လည်း မြစ်ဝကျွန်းပေါ်ဒေသရှိ ပြည်သူများအတွက် ထူထောင်ရေးလုပ်ငန်းများ ပို၍ အခက်အခဲ ဖြစ်နေစေရာ ဒုက္ခသည်များမှာ များမကြာမီကာလတွင် ထိုင်းနိုင်ငံတွင်းသို့ အစုအပြုံလိုက်ဝင်ရောက် ခိုလှုံကြတော့မည့် အရေးကို တွေး၍ အမှန်တကယ် ရင်မအေးဖွယ် ဖြစ်နေကြရပြီ။ ဤသို့သာ စစ်အစိုးရက တာဝန်မဲ့ ဆက်လက်၍ ဆောင်ရွက် နေပါက မူလကတည်းက ဆင်းရဲတွင်းနက်နေရသည့် မြန်မာ နိုင်ငံအဖို့၊ ပိုမို ပြင်းထန်သည့် လူမှုရေး၊ စီးပွားရေး ကပ်ဘေး ဒုက္ခများ ချောက်တွင်းသို့ ထိုးကျဆင်းရဖွယ် ရှိနေပါတော့သည်။
ရဲနည်ရေးသားသည့် Burma's Bureaucratic Abyss ကို ဆီလျော်အောင် ပြန်ဆိုပါသည်။
Rest of your post
Posted by
54freedom
at
10:16 PM
0
comments
Labels: ဆောင်းပါး
ဂျပန်လူမျိုးများ မြန်မာသံရုံးကို ဆန္ဒပြ
ဧရာဝတီ ဇွန် ၂၅၊ ၂၀၀၈
သံဃာတော်များ ပတ္တနိက္ကုဇ္ဇနကံ ဆောင်ခဲ့သည့် ၂၀၀၇ ခု စက်တင်ဘာလ အရေးအခင်းအတွင်း စစ်အစိုးရ လက်နက်ကိုင် တို့၏ ပစ်ခတ်မှုကြောင့် ရန်ကုန်မြို့တွင်သေဆုံးခဲ့သည့် ဂျပန်နိုင်ငံသား ဓာတ်ပုံသတင်းထောက် ကန်ဂျီနာဂါအိ၏ ဗီဒီယို ကင်မရာ ပြန်လည်ရရှိရေးအတွက် ဂျပန်လူမျိုး ၁၀ ဦးက လူလေးသောင်း၏ လက်မှတ်ထိုး တောင်းဆိုချက်များနှင့်အတူ တိုကျိုမြို့ရှိ မြန်မာသံရုံးကို ယမန်နေ့က ဆန္ဒပြခဲ့ကြသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ဆန္ဒပြတောင်းဆိုသူ ၁၀ ဦးတွင် သေဆုံးသွားသူ ကန်ဂျီ၏ ညီမတော်စပ်သူ နိုရီကို အိုဂါဝါလည်း ပါဝင်သည်ဟု အေအက်ဖ်ပီ သတင်းတရပ်က ဆိုသည်။
ဂျပန်လူမျိုး ဓာတ်ပုံသတင်းထောက် ကန်ဂျီနာဂါအိသည် လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ၂၇ ရက်နေ့က ရန်ကုန်မြို့ ဆူးလေ ဘုရားအနီးရှိ ဆန္ဒပြပွဲများကို သတင်းယူနေစဉ် အနော်ရထာလမ်းမပေါ်တွင် စစ်အစိုးရ၏ အကြမ်းဖက် ပစ်ခတ်မှုကြောင့် ပွဲချင်းပြီး သေဆုံးခဲ့သည်။
ကန်ဂျီနာဂါအိ သေဆုံးမှုနှင့်ပတ်သက်၍ နိုင်ငံတကာအသိုင်းအ၀န်းက စစ်အစိုးရအား အပြင်းအထန် ပစ်တင်ဝေဖန်ခဲ့ပြီး ဂျပန်အစိုးရကလည်း စစ်အစိုးရနှင့်ဆွေနွေးရန် ဂျပန်ရဲတပ်ဖွဲ့နှင့် နိုင်ငံခြားရေးဌာနရှိ တာဝန်ရှိသူများကို ယခုနှစ်ဆန်းပိုင်းက မြန်မာနိုင်ငံသို့ စေလွှတ်ခဲ့သည်။
ဂျပန် ရဲတပ်ဖွဲ့၏ စစ်ဆေးတွေ့ရှိချက်များအရ ကန်ဂျီနာဂါအိသည် အနီးကပ်ပစ်သတ်ခံလိုက်ရသဖြင့် ပွဲချင်းပြီး သေဆုံးရခြင်း ဖြစ်ပြီး စစ်အစိုးရက မတော်တဆ ထိမိခြင်းဖြစ်သည်ဟုသာ ဖြေရှင်းခဲ့သည်။
Rest of your post
Posted by
54freedom
at
10:14 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
လပ္ပတ္တာနယ်၏ စီးပွားရေး ယခုနှစ် နာလန်မထူနိုင်
ကိုသက် ဇွန် ၂၅၊ ၂၀၀၈
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့် ဆားလုပ်ငန်းများ အချိန်ကိုက်ပြန်လည်မလုပ်နိုင်သဖြင့် လပ္ပတ္တာမြို့နယ်၏ စီးပွားရေး အခြေအနေသည်လည်း ယခုနှစ်အတွင်း နာလန်ထူနိုင်မည် မဟုတ်ကြောင်း ဒေသခံများက ဧရာဝတီကို ပြောသည်။
လပ္ပတ္တာမြို့နယ်သည် လယ်ယာစိုက်ပျိုးရေးလုပ်ငန်း၊ ဆားလုပ်ငန်း၊ ရေလုပ်ငန်းနှင့် ကုန်ရောင်းကုန်ဝယ် လုပ်ငန်းများကို အဓိကထားလုပ်ကိုင်သည့် ဒေသဖြစ်ပြီး နာဂစ် မုန်တိုင်းတိုက်ခတ်အပြီး ၂ လ နီးပါးအထိ ရေလုပ်ငန်းတချို့မှလွဲ၍ ကျန်လုပ်ငန်းများ ပြန်မစနိုင်သေးပေ။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“လာမယ့်နှစ်အတွက် ဆားလုပ်ဖို့က မလွယ်ဘူး၊ ငွေးကြေးစရိတ်တွေက များတယ်။ ဆားဖိုတွေမှာ အရင်းအနှီးမရှိတော့ဘူး။ ဆားဖိုတွေက ဆားလှမ်းတဲ့လူအများစုကလည်း မုန်တိုင်းတိုက်လို့ သေကုန်ပြီ။ ဆားလှမ်းတဲ့လူတွေက အထက်မြန်မာပြည် ဘက်က လာလုပ်ကြတာများတယ်” ဟု လပ္ပတ္တာနယ်ခံတဦးက ပြောသည်။
ဆားဖိုတဖိုတွင် ဆားလှမ်းသည့်လုပ်သား ၅၀ မှ ၆၀ ခန့်အထိရှိကြသည်ဟုလည်း အဆိုပါဒေသခံက ပြောသည်။
ဆားချက်လုပ်ငန်းကို နှစ်စဉ် မိုးရာသီကုန်ချိန်တွင် စတင်လေ့ရှိပြီး ယခုနှစ်အတွက်သိုလှောင်ထားသည့် ဆားအားလုံးနီးပါး သည် မုန်တိုင်းကြောင့် ပျက်စီးသွားသည်။ လပ္ပတ္တာဒေသမှထွက်သည့် ဆားပမာဏသည် တနိုင်ငံလုံးအတိုင်းအတာ၏ လေးပုံတပုံရှိကြောင်း သိရသည်။
“ဆားဈေးက ပိဿာတရာကို ကျပ်သိန်း ၄၀ ကနေတက်သွားလိုက်တာ မုန်တိုင်းတိုက်ခါနီးမှာ သိန်း ၂၀၀ အထိ တက်သွား တယ်၊ တခါမှမကြုံဖူးဘူး။ ဒီနှစ်က ဆားအထွက်လည်းနည်းတော့ ရှိတဲ့ဆားတွေကို လှောင်ထားကြတာ မုန်တိုင်းတိုက်တော့ အကုန်ပါတော့တာပဲ” ဟုလည်း လပ္ပတ္တာနယ်ခံက ပြောသည်။
လယ်ယာစိုက်ပျိုးရေးလုပ်ငန်းနှင့်ပတ်သက်၍ လပ္ပတ္တာဒေသရှိ လယ်မြေ ၈၀ ရာခိုင်နှုန်းသည် ယခုအချိန်အထိ စပါးစိုက်ရန် မထွန်ရသေးကြောင်း လပ္ပတ္တာမြို့ခံ ဒေါက်တာ အေးကြူက ပြောသည်။
“လယ်ထွန်ဖို့ အခုအချိန်အထိ ဘာထွန်စက်မှမရကြသေးဘူး၊ ရယက နဲ့ စက်မှုလယ်ယာဌာနရယ်ပေါင်းပြီး တသိန်းခွဲပေးရင် ပေးမယ်လို့ပြောတယ် … နောက်တော့ အလကားပေးမယ်ပြောတယ်၊ လက်တွေ့ကျတော့ မရဘူး၊ အဲဒီလိုတွေဖြစ်နေတယ်။ အစိုးရပေးတဲ့ စပါးမျိုးကိုလည်း စိတ်မချကြဘူး၊ အနံ့တွေနံပြီး ကြည့်ရတာ ဖွယ်တယ်တယ်နဲ့ … ပျိုးပြီးမှ ဒုက္ခရောက်မှာစိုးလို့ အခုမှမျိုးရှာနေတဲ့လူတွေလည်းအများကြီးလို့ လယ်သမားတယောက်က ပြောတယ်” ဟု ဒေါက်တာ အေးကြူက ပြောသည်။
အရည်အသွေးကောင်းမွန်သော ထိုင်းနိုင်ငံထုတ် လက်တွန်းလယ်ထွန်စက်များသည် လယ်သမားများအတွက် အသုံးတည့် သော်လည်း တန်ဖိုးမှာ ကျပ်သိန်း ၂၀ ကျော်သဖြင့် ကျပ် ၈ သိန်းမှ ၁၀ သိန်းအကြား တန်ဖိုးရှိသည့် တရုတ်နိုင်ငံထုတ် လက်တွန်းလယ်ထွန်စက်များကိုသာ အားထားနေရကြောင်း သိရသည်။
လပ္ပတ္တာမြို့နယ်အတွင်းရှိပြည်သူများ ဘေးဒုက္ခမျိုးစုံနှင့်ကြုံတွေ့နေရသော်လည်း မြို့ပေါ်နေလူတချို့အတွက် အလုပ်အကိုင် နှင့် စီးပွားရေးအခွင့်အလမ်း ရရှိလာသည်ကိုလည်း တွေ့မြင်ရသည်။
ကမ္ဘာ့ကုလသမဂ္ဂ အပါအ၀င် ပြည်တွင်းပြည်ပမှ အန်ဂျီအို အဖွဲ့အစည်းများနှင့် ၎င်းတို့၏၀န်ထမ်းများသည် မုန်တိုင်း ကယ်ဆယ်ရေး လုပ်ငန်းများလုပ်ကိုင်ရန် လပ္ပတ္တာမြို့၌ ရုံးခန်းများဖွင့်လှစ်လုပ်ကိုင်နေကြသဖြင့် တည်းခိုခန်းများ၊ စားသောက်ဆိုင်များအဆင်ပြေသကဲ့သို့ အဆိုပါအဖွဲ့အစည်းများတွင် အလုပ်ရကြသည့် လူငယ်တချို့လည်း အဆင်ပြေကြ သည်ဟု ဒေါက်တာ အေးကြူက ပြောသည်။
“အန်ဂျီအို ရုံးတွေမှာအလုပ်ရတဲ့လူငယ်တွေကတော့ အတော်လေးအဆင်ပြေပါတယ်၊ လူများစုတော့မဟုတ်ဘူးပေါ့ … လစာလည်းကောင်းကြတယ်။ တခြားလူတွေကတော့ ဘာမှလုပ်စရာမရှိဘူး၊ မြို့ရဲ့ဖွံ့ဖြိုးမှုလည်းမရှိဘူး၊ အရောင်းအ၀ယ် လည်း မရှိဘူး” ဟု ဒေါက်တာအေးကြူက ဆက်ပြောသည်။
Rest of your post
Posted by
54freedom
at
10:12 PM
0
comments
Labels: ပြည်တွင်းသတင်းများ
အာဆီယံအတွင်းရေးမှူးချုပ် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် မြန်မာသတင်းစာ ဆရာများ နှင်ထုတ်ခံရ
ဧရာဝတီ ဇွန် ၂၅၊ ၂၀၀၈
အာဆီယံအတွင်းရေးမှူးချူပ် ဒေါက်တာ ဆူရာပစ်ဆူဝမ် ဦးစီးကျင်းပသည့် နာဂစ်မုန်တိုင်းသင့် ဒေသများ ပြန်လည်ထူထောင် ရေးနှင့် ပတ်သက်သော သတင်းစာ ရှင်းလင်းပွဲတခု ရန်ကုန်မြို့တွင် ကျင်းပခဲ့ရာ မြန်မာသတင်းစာဆရာ ၂၀ ကျော် နှင်ထုတ် ခံခဲ့ရပြီး အာဆီယံနိုင်ငံတချို့မှ သတင်းဌာနလေးခုကိုသာ တက်ရောက် သတင်းယူခွင့် ပြုခဲ့ကြောင်း သိရသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်မြို့၊ နတ်မောက်လမ်းရှိ ချက်ထရီရမ်ဟိုတယ်တွင် ဇွန်လ ၂၄ ရက်နေ့က အာဆီယံ၊ ကုလသမဂ္ဂနှင့် စစ်အစိုးရ အရာရှိများပါဝင်သော သုံးပွင့်ဆိုင် မုန်တိုင်းသင့်ဒေသများ ညှိနှိုင်းကူညီရေးအဖွဲ့နှင့် နိုင်ငံတကာအလှူရှင် နိုင်ငံများတက် ရောက်သည့် ASEAN ROUNTABLE ON POST NARGIS JOINT ASSESSMENT FOR RESPONSE, RECOVERY AND RECONSTRUCTION အစည်းအဝေးအပြီးတွင် သတင်းစာရှင်းလင်းပွဲ ဆက်လက်ကျင်းပခဲ့ရာ တက်ရောက်လာသည့် မြန်မာ သတင်းစာဆရာများ နှင်ထုတ်ခံခဲ့ရကြောင်း မြန်မာနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်းဝင် သတင်းထောက်တဦးက ပြောကြားသည်။
“အစည်းအဝေးက မနက် ၉ နာရီက စတယ်။ ဒီက မြန်မာသတင်းထောက်တွေ တက်ဖို့သွားတော့ အစည်းအဝေးအပြီး ညနေ ၆ နာရီမှာသတင်းစာ ရှင်းလင်းပွဲလုပ်ပေးမယ်ဆိုပြီး ပြန်လွှတ်တယ်။ အဲဒါနဲ့ မြန်မာသတင်းသမား တွေအားလုံးပြန်သွားကြ ရတယ်” ဟု ၎င်းနိုင်ငံခြားသတင်းထောက်က ပြောသည်။
အစည်းအဝေးအပြီး ညနေ ၆ နာရီတွင် မြန်မာသတင်းထောက်များအားလုံး ရောက်ရှိလာရာ အာဆီယံအတွင်းရေးမှူးချုပ်ရုံးမှ ဖိတ်ကြားထားသည့် စင်ကာပူ ချယ်နယ်နယူးအေးရှား သတင်းဌာန၊ မလေးရှားဘနားမား သတင်းဌာန၊ စင်ကာပူ စထရိတ် တိုင်း(မ်) သတင်းစာနှင့် အင်ဒိုနီးရှား ကွန်ပတ်သတင်းစာ စုစုပေါင်း မီဒီယာ ၄ ခုကိုသာ ၎င်းသတင်းစာ ရှင်းလင်းပွဲသို့ တက်ရောက်ခွင့်ပြုမည်ဖြစ်ပြီး အခြားသတင်းထောက်များအားလုံး ခန်းမအတွင်းမှ ထွက်ခွာကြရန်ပြောဆိုနှင်ထုတ်ခဲ့ကြောင်း သိရသည်။
“အာဆီယံ အတွင်းရေးမှူးချုပ်ရဲ့ အတွင်းရေးမှူးအမျိုးသမီးက သတင်းစာရှင်းလင်းပွဲကို ဖိတ်ထားတဲ့လူပဲတက်ရမယ်။ မဖိတ် ထားတဲ့သူတွေမတက်နဲ့လို့ ပြောတယ်။ မြန်မာ သတင်းထောက်တွေအားလုံး စိတ်ဆိုးပြီး ခန်းမထဲက ထွက်သွားတယ်” ဟု ရန်ကုန်အခြေစိုက် နိုင်ငံခြားသတင်းထောက် အသင်းဝင်တဦးက ပြောသည်။
သတင်းစာရှင်းလင်းပွဲမှထွက်ခွာသွားရသည့် မြန်မာသတင်းစာဆရာ ၂၀ ကျော်ကို မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ်ကြီး မစ္စတာ ရောဘတ်ချွာနှင့် မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးမှူး မစ္စတာ ဒန်းဘတ်ကာတို့ က ဟိုတယ်ဧည့်ခန်းတနေရာတွင် သီးခြားတွေ့ဆုံပြီး ရှင်းလင်းပွဲတရပ် ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
“သတင်းစာရှင်းလင်းပွဲက နှင်ထုတ်ခံရတဲ့ မြန်မာသတင်းထောက်တွေအတွက် သီးခြားရှင်းလင်းပွဲလုပ်ပေးတယ်။ အာဆီယံ အတွင်းရေးမှုးချူပ်နဲ့တော့ မတွေ့ရဘူးပေါ့” ဟု မြန်မာ သတင်းစာဆရာ တဦးက ဆိုသည်။
အာဆီယံ အတွင်းရေးမှုးချူပ်၏ ခွဲခြားဆက်ဆံမှုကို မြန်မာသတင်းသမားများက စိတ်ဆိုးလျှက်ရှိပြီး ဝေဖန်ပြောဆို နေကြသည်။
မြန်မာသတင်းသမားများအတွက် သီးခြားပြုလုပ်ပေးသည့် သတင်းစာရှင်းလင်းပွဲ၌ မြန်မာနိုင်ငံဆိုင်ရာ စင်ကာပူသံအမတ် ကြီးက မုန်တိုင်းသင့်ဒေသများနှင့် ပတ်သက်သော ပျက်စီးဆုံးရှုံးမှုများ စာရင်းကို ဇူလိုင်လ ၂၀၊ ၂၁ ရက်တွင် စင်ကာပူနိုင်ငံ ၌ ကျင်းပမည်ဖြစ်သော အာဆီယံ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးနှင့် နယူးယောက်တွင် ဇူလိုင်လအတွင်း ကျင်းပမည့် ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေးဆိုင်ရာ အစည်းအဝေးတို့တွင် နိုင်ငံတကာအလှူရှင် များသို့ ထုတ်ပြန်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရသည်။
အာဆီယံအတွင်းရေးမှူးချုပ်၏ သတင်းစာရှင်းလင်းပွဲမှ နှင်ထုတ်ခံခဲ့ရသည့် မြန်မာသတင်းစာဆရာများထဲတွင် တရုတ် ဆင်ဟွာ၊ အေပီ၊ ရိုက်တာ၊ အေအက်ဖ်ပီနှင့် တခြားသော နိုင်ငံတကာ သတင်းဌာနများမှ မြန်မာနိုင်ငံသား သတင်းစာဆရာ များပါဝင်ကြောင်း သိရသည်။
Rest of your post
Posted by
54freedom
at
10:11 PM
0
comments
Labels: ပြည်တွင်းသတင်းများ
‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟု ရေးသားသူ ကဗျာဆရာကို ရုံးထုတ်ပြန်
အင်္ဂါနေ့၊ ဇွန်လ 24 2008 20:33 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ အသက်အရွယ် ကြီးမြင့်လှပြီဖြစ်သော နအဖ ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေကို အာဏာရူးဟု လှောင်ပြောင် သရော်ခဲ့သူ နာမည်ရ ကဗျာဆရာ ကိုစောဝေကို ဗဟန်းမြို့နယ် တရားရုံးတွင် ယမန်နေ့က တတိယ အကြိမ်မြောက်အဖြစ် တရားရုံးတွင် အမှုစစ်ဆေးခြင်း ပြုခဲ့သည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယခုနှစ် ဇန်နဝါရီလ အတွင်းက ရန်ကုန်အခြေစိုက် အပတ်စဉ်ထုတ် အချစ်ဂျာနယ်တွင် ဖော်ပြခဲ့သည့် ချစ်သူများနေ့ အထိမ်းအမှတ်ကို ရည်ညွှန်း သော ‘ဖေဖော်ဝါရီဆယ့်လေး’ ခေါင်းစဉ်ဖြင့် ကိုစောဝေ၏ ကဗျာတွင် လျှို့ဝှက်ကုတ် သဘောမျိုး ရေးသားထားပြီး ထိပ်စီးစာလုံးများကို အပေါ်မှ သည် အောက်သို့ အစဉ်လိုက်ဖတ်ပါက ‘အာဏာရူးကြီး မှူးကြီးသန်းရွှေ’ ဟူသည့် စာသား ပေါ်ထွက်လာသည်။
ထို့နောက် နီးစပ်ရာအချင်းချင်း လက်သိပ်ထိုး ပြောကြားကာ ဟိုးလေးတကျော်ကျော် ဖြစ်ခဲ့ပြီးနောက် ဝေဖန်ခြင်းကို ဆတ်ဆတ်ထိမခံ အရေးယူ အပြစ်ပေးလေ့ရှိသည့် စစ်အစိုးရက ထုံးစံအတိုင်းပင် အလျင်အမြန် ဖမ်းဆီးခဲ့သည်။
အစိုးရဘက်က ကဗျာဆရာသည် ပြည်သူလူထုကို ဆူပူမှုဖြစ်စေရန် လှုံ့ဆော်သည်ဟု စွပ်စွဲပြီး ပုဒ်မ ၅ဝ၅ (ခ) ဖြင့် တရားစွဲဆိုထားသည်။ ကိုစောဝေအတွက် အကျိုးဆောင်ရှေ့နေ ငှားရမ်းခွင့်ပြုသော်လည်း တရားရုံးတွင် ခုခံလျှောက်လှဲခွင့် လွှဲစာကိုမူ ယခုထက်ထိ မထုတ်ပေးဘဲ ထားသည်။
“မနေ့ကနဲ့ဆို စောဝေ ရုံးထုတ်တာ ၃ ကြိမ်ရှိပြီ။ စာပေစိစစ်ရေးက တယောက်၊ အချစ်ဂျာနယ်က တယောက် သက်သေခံအဖြစ် စစ်ဆေး မေးမြန်းတယ်။ ရှေ့နေကလည်း ပါဝါ မကျတော့ ရှေ့နေ မပါသလို ဖြစ်နေတယ်။ ပါဝါ မကျတော့ ရှေ့နေရှိနေသားနဲ့ ဘာမှ ပြောခွင့်ချေပခွင့် မရဘူး။ ကိုစောဝေ သူ့ဖာသာသူပဲ မေးဖြေလုပ်တယ်လေ” ဟု တရားခွင်သို့ သွားရောက် နားထောင်ခဲ့သူ ကိုစောဝေ၏ ဇနီးသည် ဒေါ်နန်းစမ်းစမ်းအေးက မဇ္ဈိမကို ပြောသည်။
ပထမအကြိမ် ရုံးထုတ်စစ်ဆေးခြင်း မေလ ၂၇ ရက်နေ့က စတင်ခဲ့သော်လည်း မရမ်းကုန်းမြို့နယ်နေ ကိုစောဝေ၏ ရှေ့နေ ဦးစိုးမောင်ကို လွှဲစာခွင့်ပြုချက် ထုတ်မပေးသေးခြင်းနှင့် ပတ်သက်၍ အာဏာပိုင်များက ရည်ရွယ်ချက်ရှိရှိ အချိန်ဆွဲထားခြင်း ဖြစ်သည်ဟု ရန်ကုန်ရှေ့နေ အသိုင်းအဝိုင်းက ပြောသည်။
“ပါဝါတင်ထားတာ နှစ်ပတ်လောက် ရှိသွားပြီ။ ဒါပေမဲ့ မကျသေးတော့ ဘာမှ ချေပလို့ မရသေးဘူး။ နောက်အပတ်ထဲမှာ ရမယ်လို့တော့ ပြောတာပဲ။ ခါတိုင်းဆိုရင် ၃ ရက်၊ ၄ ရက်လောက်ပဲ စောင့်ရတယ်” ဟု အမည်မဖော်လိုသူ ရှေ့နေတဦးက ပြောသည်။
‘ဖေဖော်ဝါရီဆယ့်လေး’ အမည်ရှိ အချစ်ကဗျာ၏ ထိပ်ဆုံးစာလုံးများကို အထက်မှ အောက်သို့ အစဉ်လိုက် ဖတ်ပါက ‘အာ-နာ-ရူး-ကြီး-မှူး-ကြီး-သန်း-ရွှေ’ ဟူသည့် စာသား ပေါ်ထွက်နေသဖြင့် အာဏာပိုင်များက ယခုနှစ် ဇန်နဝါရီလ ၂၂ ရက်နေ့က ဖမ်းဆီးခဲ့သည်။
အမှုဖြစ်ပွားနေရသည့် ကဗျာမှာ အောက်ပါအတိုင်းဖြစ်သည်။
ဖေဖော်ဝါရီ ဆယ့်လေး
အာရင်ဘက်က ပြောတယ်
နာ နာခံစားတတ်မှ ခံစားမှ
ရူးရူးမူးမူးကို ဖြစ်နေမှ
ကြီးမြတ်တဲ့ အနုပညာလို့
မှူးမှုံမှိုင်းဝေစေတဲ့ ဓာတ်ပုံ မော်ဒယ်မလေးရေ
ကြီးကောင့်ကြီးမားကျမှ အသည်းကွဲတဲ့ရောဂါတဲ့
သန်းပေါင်းများစွာသော ချစ်တတ်သူများ
ရွှေအတိချထားသော လက်များဖြင့် လက်ခုပ်တီး၍ရယ်ပါ။ ။
ယမန်နေ့ တရားရုံးက ရမန်ကြီးတပတ်ခွါ၍ လာမည့်လ ၇ ရက်နေ့သို့ ရက်ချိန်းပေးလိုက်သည်။
Rest of your post
Posted by
54freedom
at
9:58 PM
0
comments
Labels: ပြည်တွင်းသတင်းများ
PONJA အစီရင်ခံစာက လေဘေး အကူအညီတွေ ရှာပေးနိုင်မှာလား
ဆော်လမွန်
အင်္ဂါနေ့၊ ဇွန်လ 24 2008 20:11 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နာဂစ်မုန်တိုင်းအလွန် ပူးတွဲ အကဲဖြတ် လေ့လာရေးအဖွဲ့ (PONJA) ၏ အစီရင်ခံစာကို အသုံးပြုပြီး မြန်မာ လေဘေး ဒုက္ခသည် များအတွက် နောက်ထပ် ရံပုံငွေများ ရှာမည်ဟု ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက တနင်္လာနေ့က ပြောကြားသွားသည်။
PONJA အစီရင်ခံစာသည် ဆိုင်ကလုံး တိုက်ခတ်အပြီး အခြေအနေမှန်ကို ထင်ရှားစွာ ပြသနိုင်လိမ့်မည်၊ ဒုက္ခသည်များ လိုအပ်သည့် အကူအညီ ပမာဏကိုလည်း ရောင်ပြန်ဟပ် ဖော်ပြနိုင်လိမ့်မည်ဟု မျှော်လင့်ပါကြောင်း မြန်မာနိုင်ငံရှိ ကုလသမဂ္ဂ ညှိနှိုင်းဆောင်ရွက်ရေးရုံး ပြောရေးဆိုခွင့် ရှိသူ Laksmita Noviera က ပြောဆိုခြင်း ဖြစ်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီ အကဲဖြတ် အစီရင်ခံစာ ရလဒ်တွေကို အလှူရှင်တွေဆီက နောက်ထပ် ရံပုံငွေ ထပ်မံတောင်းခံမယ့် ပြန်လည်ပြင်ဆင် ရေးဆွဲထားတဲ့ ပန်ကြားချက်တွေမှာ ထည့်သွင်း အသုံးချနိုင်မှာ ဖြစ်ပါတယ်” ဟု Noviera က ပြောသည်။
ကုလအဖွဲ့ဝင်များ၊ မြန်မာအစိုးရ ကိုယ်စားလှယ်များ၊ အရှေ့တောင်အာရှ နိုင်ငံများအသင်း (ASEAN) မှ ကျွမ်းကျင်သူများ ပါဝင်သည့် သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) က အဖွဲ့ဝင် ၂၅ဝ ဦးပါ အဖွဲ့ကို နာဂစ်မုန်တိုင်းကြောင့် ဖြစ်ပေါ်ခဲ့သည့် အပျက်အစီး၊ အထိအခိုက် ပမာဏကို လေ့လာ အကဲဖြတ်ရန် PONJA ကို စေလွှတ်ပေးခဲ့သည်။ အဆိုပါ မုန်တိုင်းကြောင့် လူပေါင်း ၁၃၃ဝဝဝ သေဆုံး၊ ပျောက်ဆုံးခဲ့ရသည်။
PONJA ၏ လုပ်ငန်းများကို ဇွန်လ ၉ ရက်နေ့က စတင်ခဲ့ပြီး ကမ္ဘာ့ဘဏ်နှင့် အာရှဖွံ့ဖြိုးရေးဘဏ် (ADB) တို့မှ နည်းပညာ ကျွမ်းကျင်သူများလည်း ပူးပေါင်း ပါဝင်ခဲ့သည်။ မုန်တိုင်းအတွင်း အထိအခိုက် အများဆုံး ရန်ကုန်နှင့် ဧရာဝတီတိုင်းမှ ဒေသများသို့ ကွင်းဆင်းလေ့လာခဲ့ရာ ကနဦး လေ့လာအကဲဖြတ်မှု လုပ်ငန်းများ ပြီးဆုံးပြီ ဖြစ်ကြောင်း PONJA က ဇွန်လ ၂ဝ ရက်နေ့က ကြေညာခဲ့သည်။
“အရေးအကြီးဆုံး အချက်ကတော့ ဒီလေ့လာ အကဲဖြတ်မှုကနေ အခြေအနေတွေနဲ့ ပတ်သက်ပြီး ပိုပြီး ရှင်းရှင်းလင်းလင်း၊ ထင်ထင်ရှားရှား ဖြစ်တာတွေ တွေ့လာလိမ့်မယ်လို့ မျှော်လင့်တာပါဘဲ” ဟု Noivera က ဆိုသည်။ ဤ အကဲဖြတ်ချက်ကို နောက်ထပ် ရံပုံငွေများ ရှာဖွေ တောင်းခံရာတွင်လည်း အသုံးပြုနိုင်လိမ့်မည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။
မုန်တိုင်းအပြီး ပြုလုပ်သော ဤအစီရင်ခံစာသည် ယုံကြည်ကိုးစားရမှု တစုံတရာ ရှိနိုင်သော်လည်း နောက်ထပ်ရံပုံငွေ ရရှိရန်နှင့် အလှူရှင် နိုင်ငံများကို ဆွဲဆောင်နိုင်ရန်မှာမူ မြန်မာ စစ်အစိုးရနှင့် နိုင်ငံတကာ အသိုင်းအဝိုင်းအကြား တည်ရှိနေသည့် ကွာဟချက်ကို နီးစပ်စေရန် လုပ်ပေးနိုင်သည့်အပေါ် မူတည်နေသည်ဟု မြန်မာ သုတေသီတဦးက ပြောသည်။
“သူတို့ (လေ့လာအကဲဖြတ်အဖွဲ့) က လုပ်ထားတဲ့ အလုပ်ဟာ အများ ယုံကြည်ကိုးစားခံရမှုတော့ ရှိမှာပါ။ ဒါပေမဲ့ ဒီအစီရင်ခံစာ ရလဒ်ကို ကြည့်ပြီး အလှူရှင်တွေက ငွေ ပေး၊ မပေး ဆိုတာတော့ ပြောဘို့လည်း ခက်ပါတယ်။ ခန့်မှန်းဘို့လည်း ခက်ပါတယ်” ဟု ဝါရှင်တန် အခြေစိုက် သုတေသီ ဦးဇော်ဦးက ပြောဆိုသည်။
TCG ရဲ့ အကဲဖြတ် လုပ်ငန်းဟာ တကယ့် ရလဒ်ကောင်းများ ရလာနိုင်သော်လည်း အလှူရှင်များထံမှ နောက်ထပ် ရံပုံငွေများ ရရှိရန်မှာမူ သေချာစွာ စေ့စပ်ဖျန်ဖြေပေးရန် လိုသေးကြောင်း ဦးဇော်ဦးက မဇ္ဈိမကို ပြောသည်။
“အလှူရှင်တွေနဲ့ မြန်မာအစိုးရကြားမှာ သေသေချာချာ စေ့စပ်ဖျန်ဖြေပေးဘို့ လိုသေးတယ်” ဟု ဦးဇော်ဦးက ပြောသည်။
ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီရန် လိုအပ်သည်ဟု ခန့်မှန်း တွက်ချက်ထားသည့် အမေရိကန်ဒေါ်လာ ၆၉ ဒဿမ ၅ သန်းအနက် ယခုအထိ ၄၅ ရာခိုင်နှုန်းကိုသာ လက်ခံရရှိသေးသည်ဟု ကုလသမဂ္ဂ၏ အဆိုအရ သိရသည်။
လော်ဘီ အဖွဲ့တခုဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာ ယှဉ်ပြိုင် အာဆီယံကွန်ရက် (AltASEAN) ၏ ညှိနှိုင်း ဆက်သွယ်ရေးမှူး ဒက်ဘီစတော့ဟတ် (Debbie Stothard) ကမူ မြန်မာ စစ်အစိုးရ၏ ပြုမူ ဆောင်ရွက်ပုံများသည် နိုင်ငံတကာ အလှူရှင်များ၏ မုန်တိုင်း ဒုက္ခသည်များကို ကူညီ ထောက်ပံ့ပေးလိုစိတ်ကို ရှုပ်ထွေးသွားစေသည်ဟု ဆိုလိုက်သည်။
“အတော်များများက သူတို့ ဘယ်လောက်ပေးပေး၊ အမှန်တကယ် လိုအပ်နေတယ်ဆိုတဲ့ လူတွေဆီ ရောက်မှာ မဟုတ်ဘူးလို့ စိုးရိမ်နေကြတာ” ဟု စတော့ဟတ်က ဆိုသည်။
နိုင်ငံတကာ အကူအညီများ လက်ခံရာ၌ စစ်အစိုးရဘက်မှ နှေးကွေးနေခြင်းနှင့် ဝန်လေးနေခြင်းတို့ကို စတော့ဟတ်က ပြစ်တင် ပြောကြားသည်။ ဤအချက်သည် ဒုက္ခသည်များကို အမှန်တကယ် ကူညီလိုစိတ် မရှိကြောင်း ပြသနေသည်ဟုလည်း သူမက ဆိုသည်။
“နအဖ က ဆိုင်ကလုံးအကြောင်းပြုပြီး ငွေဖန်ချင်နေတာတော့ ဒီတခါ အတော်ထင်ရှားတယ်” ဟု တိုင်းပြည်ကို အုပ်ချုပ်ရန် စစ်အစိုးရ ဖွဲ့စည်း ထားသည့် အဖွဲ့ဖြစ်သော SPDC ကို ရည်ညွှန်းကာ စတော့ဟတ်က ပြောကြားသွားသည်။
ဆိုင်ကလုံးအလွန် ကာလသည် စစ်အစိုးရကြောင့် ပိုမို ဆိုးရွားသွားခဲ့ရကြောင်းလည်း သူမက ဆက်ပြောသည်။
“ဆိုင်ကလုံးမုန်တိုင်း မတိုက်ခင်ကရော၊ မုန်တိုင်းတိုက်ပြီးမှရော အကြီးဆုံး ပြဿနာက (SPDC) ပဲ” ဟု စတော့ဟတ် က ဆိုသည်။
Rest of your post
Posted by
54freedom
at
9:55 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ