ကိုစိုး ဇွန် ၁၃၊ ၂၀၀၈
မုန်တိုင်း ဒုက္ခသည်များစားသုံးရန်အတွက် ပေးပို့လှူဒါန်းရာတွင် လိုအပ်သော ဆန်များကို မြန်မာပြည်တွင်း ဆန်လုပ်ငန်းရှင် များထံမှ ဝယ်ယူနေခြင်းအား ပိတ်ပင်လိုက်ကြောင်း မြန်မာအစိုးရက ကူညီကယ်ဆယ်ရေး အဖွဲ့များကို ပြောသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)အရာရှိတဦးက အတည်ပြုပြောဆိုသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီကိစ္စက အခုလက်ရှိဖြစ်နေပြီဆိုတော့ ပြည်ပကနေ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်”ဟု WFP ပြောရေး ဆိုခွင့်ရှိသူ ပေါလ် ရစ္စလေက ဆိုသည်။
ယခုကဲ့သို့ ပြည်ပက ဆန်များမတင်သွင်းမီ အစိုးရထံမှခွင့်ပြုချက်အကြောင်းကြားစာ ရရှိမှသာ လိုအပ်သော ဆန်များကို ဝယ်ယူနိုင်မည် ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။
လက်ရှိ WFP က ကူညီပေးနေသော ဆန်အရေအတွက်သည် နောက် ၆ ပတ် အတွက်သာ လုံလောက်မှုရှိ ကြောင်း၊ မုန်တိုင်းဒဏ် ဆိုးရွာစွာ ခံရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အထောက်အပံ့မှာ တနှစ် စာခန့် လိုအပ်ကြောင်း မကြာသေးခင်က ကမ္ဘာ့ကုလသမဂ္ဂ က ပြောဆိုထားသည်။
နာဂစ် မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံး၍ လယ်ယာသုံးပစ္စည်းများ လိုအပ်ချက် ကြောင့် ယခုနှစ် မုတ်သုန်ရာသီ ဆန်စပါး စိုက်ပျိုးချိန်တွင် လယ်သမားအများစုမှာ စိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း လည်း သိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က မြစ်ဝကျွန်းပေါ်ဒေသ၌ စိုက်ပျိုးမြေ ဟက်တာ ၁.၃ သန်း ရှိရာ တွင် မုန်တိုင်းကြောင့် ဟက်တာ ၂ သိန်း ခန့် သို့မဟုတ် ၁၆ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးရသည့်အတွက် ယခုနှစ် စိုက်ပျိုး ရာသီတွင် စိုက်ပျိုးနိုင်မည်မဟုတ်ဟု ဆိုသည်။
အကူအညီပေးရေးနှင့်ပတ်သက်ပြီး မြန်မာ စစ်အစိုးရ၏ ခေါင်းမာနေမှုကြောင့် လာမည့်နှစ် မြန်မာနိုင်ငံ သည် စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ရင်ဆိုင်ရဖွယ်ရှိသည့်အတွက် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ကလည်း အလွန် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။
အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာကမူ ဆန်စပါး မလုံလောက်မှုရှိသည်ဟူသော ပြောဆို နေခြင်းများသည် အခြေအမြစ်မရှိသော ကောလာဟလများဖြစ်ကြောင်း ပြောဆိုသည်ဟု ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။
သတင်းစာ၌ ဝန်ကြီးက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မုန်တိုင်းကြောင့် ဆန်စပါးပျက်စီးမှုမှာ တပြည်လုံး ဆန် အထွက်၏ ၂.၃ ရာခိုင်နှုန်းသာရှိပြီး လာမည့် မိုးရာသီတွင် မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်မည့် လယ်ဧက မှာ လည်း တပြည်လုံး စပါးစိုက် ဧက ၏ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်း ပြောဆိုသည်။
ယခုနှစ်အတွက် သီရိလင်္ကာနှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ဆန် တန်ချိန် ၆ သိန်း တင်ပို့ မည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရ ပယ်ဖျက်ထားသည်ဟုလည်း ဆိုသည်။
WFP အနေနှင့်မူ မုန်တိုင်း ဒဏ်သင့် ဒေသများသို့ ပြည်တွင်း ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ ဝယ်ယူရရှိထား သော ဆန်များထဲမှ ဆန်တန်ချိန် ၁၁၀၀၀ ကျော် ပေးပို့ပြီးဖြစ်သည်ဟု သိရသည်။
ယခုကဲ့သို့ ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ WFP ကို ဆန်ယူခွင့်ပိတ်ပင်ခြင်းသည် တရားမျှတမှုမရှိကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းက ပြောဆိုသည်။
“အစိုးရက သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောင်းဖို့ဖျက်လိုက်တဲ့ဆန်တွေက အရန်ဆန်တွေပါ၊ တကယ်လို့ အဲဒီဆန်တွေကို သူတို့က WFP ကို ပြန်ရောင်းမယ်ဆိုရင်လည်း ရောင်းမှာပေါ့”ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။
WFP သည် ယခုအခါ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက်ပေးပို့ရန် ကုလ သမဂ္ဂ၊ အာဆီယံနိုင်ငံများနှင့် မြန်မာစစ်အစိုးရတို့မှ ကျွမ်းကျင်သူပေါင်း ၂၅၀ ပါဝင်သည့်အဖွဲ့အပါအဝင် ရဟတ်ယာဉ် ၆ စီးဖြင့် ဆောင်ရွက်ခွင့် ရနေပြီဖြစ်ကြောင်း သိရသည်။
၎င်းအဖွဲ့သည် ၂.၄ သန်းခန့်ရှိ မုန်တိုင်း ဒုက္ခသည်များအတွက် လိုအပ်သော ယာယီအမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်ရေ သန့်များအပါအဝင် မြစ်ဝကျွန်းပေါ် တလျှောက်ရှိ ပျက်စီးသွားသော အိုးအိမ်များနှင့် လယ်ယာလုပ် ငန်းများ ပြန်လည်ထူ ထောင်ရေးကို ထောက်ပံ့ကူညီပေးရန်ဆောင်ရွက်နေကြောင်း အေပီသတင်းတွင်လည်း ဖော်ပြထားသည်။
WFP ရဟတ်ယာဉ် ၂ စီး လာရောက်ကြောင်းနှင့် ရွာပေါင်း ၄၀၀ ခန့်ရှိ ဘိုကလေးမြို့နယ်မှ ၂၁ ရွာအတွက် စားနပ်ရိက္ခာများ ပို့ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။
လွန်ခဲ့သော ၃ ရက်ခန့်က ယင်းရဟတ်ယာဉ်များကို မြင်တွေ့လိုက်ရသည်ဟု ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်နေသူ ကိုဘားကူ က ဆိုသည်။
ဘိုကလေးတွင် ရုံးဝန်ထမ်းများအပါအဝင် အကူအညီပေးရေးလုပ်သား ၆၂ ဦး ရှိသည့် WFP ရုံး တရုံး ကို ဖွင့် လှစ်ထား ကြောင်းလည်း သိရသည်။
ဘိုကလေးမြို့ခံတဦးက WFP ရဟတ်ယာဉ်နှင့် ဖြန့်ဝေသည့် စားနပ်ရိက္ခာများမှာ လတ်တလော စားသုံးရန် အတွက်ဖြစ်ပြီး ရေရှည်အတွက် များစွာလိုအပ်ချက်ရှိကြောင်း ပြောဆိုသည်။
“လယ်သမားတွေ ပြန်လည်ထူထောင်ရေးအတွက် သူတို့မှာ စားရေရိက္ခာ ရရှိမှဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။
စားရေရိက္ခာအပြင် လယ်ယာလုပ်ငန်းအတွက် ကျွဲ နွား စက်ပစ္စည်းများလည်း မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။
ထို့အတူ လပွတ္တာမြို့ရှိ ကျေးရွာများမှ တခြားသောနေရာဒေသများသို့ ပြောင်ရွှေ့ခံရသည့် မုန်တိုင်း ဒုက္ခသည် များသည် လည်း တလ စာ အတွက်သာ ကူညီထောက်ပံ့ရေး ပစ္စည်းတချို့ကို ရရှိသည့်အတွက် လုံလောက်မှု မရှိကြောင်း သူက ပြောပြသည်။
ရန်ကုန်မြို့ရှိ မုန်တိုင်း ဒုက္ခသည် ၂၅ ဦးခန့်သည် အင်္ဂါနေ့တွင် နိုင်ငံတကာ ကြက်ခြေနီ ရုံး ICRC သို့ အကူအညီ သွားရောက် တောင်းခံ ရာ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အေပီသတင်းက ဖော်ပြသည်။
၎င်း ဒုက္ခသည်များသည် ဒဂုန်မြို့သစ် အရှေ့ပိုင်းမှဖြစ်ကြောင်း ICRC ပြောခွင့်ရ ခရစ် စထရက်တန်က ပြောသည်။
ဖမ်းဆီးခံထားသည့် ၎င်း ဒုက္ခသည်များထဲမှ ၁၆ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ယမန်နေ့က အေအက်ဖ်ပီ သတင်းတွင် ရေးသားထားသည်။
နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ ခန့်သေဆုံး၍ ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။
Rest of your post
Friday, June 13, 2008
WFP ဆန်ဝယ်ယူနေခြင်းကို စစ်အစိုးရပိတ်ပင်
Posted by
54freedom
at
9:37 PM
0
comments
Labels: ပြည်တွင်း သတင်းများ
လေဘေး ကယ်ဆယ်ရေး သံဃာတော် အရှင်သူမြတ်များလည်း ပါဝင်
နေသွင်
သောကြာနေ့၊ ဇွန်လ 13 2008 17:22 - မြန်မာစံတော်ချိန်
(အရှင်ပညာသီဟ - ရွှေညဝါ ဆရာတော်နှင့် အင်တာဗျူး)
နာဂစ်မုန်တိုင်းအပြီး လေဘေး ကယ်ဆယ်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် စေတနာရှင် မြန်မာပြည်သူများနှင့် လူသားချင်း စာနာသည့် နိုင်ငံတကာ အသိုင်းအဝိုင်း နည်းတူ မြန်မာ သံဃာတော်များကလည်း ပြည်တွင်းပြည်ပမှ နေ၍ တတ်စွမ်းသမျှ ကြိုးပမ်း ကူညီနေပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မကြာသေးခင်က ဧရာဝတီတိုင်း အတွင်းရှိ လေဘေးသင့် ဒေသများသို့ ကြွရောက်ကာ ကယ်ဆယ်ရေး အကူပစ္စည်းများ သွားရောက် ပေးလှူခြင်း၊ ရေသန့်ရရှိရေးနှင့် အခြားဝေယျဝစ္စ လုပ်ငန်းများ လုပ်ဆောင်ပေးခြင်း၊ မရှင်းလင်းရသေးသော လေဘေးဒဏ်သင့် ရုပ်အလောင်း များကို ရှင်းလင်းဖယ်ရှား သဂြုင်္ိဟ်ပေးခြင်းနှင့် မကျွတ်မလွတ်သေးသည့် မုန်တိုင်းအတွင်း သေဆုံးခဲ့သူများအတွက် အမျှအတန်း ပေးခြင်းများကို လုပ်ဆောင်ပေးနေသည့် သံဃာတော်များလည်း ရှိပါသည်။
ထိုကိစ္စများနှင့် ပတ်သက်ပြီး မုန်တိုင်းသင့် ဒေသများတွင် သံဃာနှင့် အရပ်သားများ ၁ဝဝ ခန့်ကို ဦးဆောင်ကာ အကူအညီပေးပြီး မကြာသေးခင်က ပြန်လည် ကြွရောက်လာသည့် ရန်ကုန်တိုင်း ကြည့်မြင်တိုင်မြို့နယ် နတ်စင်လမ်းရှိ သာဓု ပရိယတ္တိစာသင်တိုက် ဆရာတော် အရှင်ပညာသီဟ (သက်တော် ၄၄၊ ဝါတော် ၂၄) ကို လျှောက်ထား မေးမြန်းချက်များကို တင်ပြလိုက်ပါသည်။
ဆရာတော်ကြီးသည် နှစ်စဉ် မြန်မာတပြည်လုံးရှိ သံဃာပေါင်း ၁ဝဝဝ ကျော်ကို စိစစ်ပြီး အဘိဓမ္မာကို သင်တန်းဖွင့် ပို့ချပေးသူဖြစ်ကာ ပရိယတ္တိ လုပ်ငန်းများကြောင့် ရွှေညဝါ ဆရာတော်အဖြစ် ကျောဇောထင်ရှားသူ ဖြစ်ပါသည်။
မေး။ ။ ဘယ်နေ့က ရန်ကုန် ပြန်ရောက်တာလဲ ဘုရား။
ဖြေ။ ။ ၁ဝ ရက်နေ့က ပြန်ရောက်တယ်။ ဦးဇင်းတို့ တက်သွားတာ ၅ ရက်နေ့က လပွတ္တာနယ် တနယ်လုံးမှာရှိတဲ့ ရွာတွေဆီ စက်လှေတွေ၊ ပဲထောင်တွေနဲ့ သွားပြီးတော့ ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးတယ်။ ပေါက်တူး၊ ပေါက်ပြား၊ ဒန်အိုး၊ ဒယ်အိုး၊ ဇွန်း၊ ဓား၊ ယောက်မ၊ အဝတ်အထည်၊ ဆေး အဲဒါတွေ ရွာပေါင်း ၆ဝ ကျော်လောက် ဘုန်းကြီးတို့ လှူနိုင်ခဲ့တယ်။
မေး။ ။ လူဦးရေက ဘယ်လောက်ကို တွေ့ခဲ့ပါသလဲဘုရား။
ဖြေ။ ။ လူဦးရေက တချို့က ရွာလုံးကျွတ်၊ တရွာလုံးမှာ ၃ ယောက်လောက် ကျန်တာလေ။ ပျမ်းမျှဆိုရင် တရွာမှာ ၂ဝဝ-၃ဝဝ။ ရွာပေါင်း ၆ဝ ကို ကိုယ်ဘာသာ တွက်ကြည့်တော့။
မေး။ ။ အရှင်ဘုရားတို့ သံဃာအင်အားဘယ်လောက်နဲ့ သွားခဲ့တာလဲဘုရား။
ဖြေ။ ။ ဦးဇင်း အပါး ၄ဝ၊ ကပ္ပိယ လူပုဂ္ဂိုလ် ၇ဝ ကျော်၊ အားလုံးပေါင်း ၁ဝဝ ကျော်ပေါ့။
မေး။ ။ ရွာတွေမှာ အခြေအနေ ဘယ်လို ရှိသလဲဘုရား။ လူတွေ ကယ်ဆယ်ရေး ပစ္စည်းတွေ ဘယ်လောက် ရနေပြီလဲ။
ဖြေ။ ။ ကယ်ဆယ်ရေး ပစ္စည်းတွေက လိုအပ်ချက်တွေ အများကြီး ရှိသေးတယ်၊ မရပါဘူး။ မယ်မယ်ရရ မရပါဘူး။ ရတာတွေကလည်း ဆန်လိုလို ပဲလိုလို၊ အာလူးလိုလို ဒီလောက်ပါပဲ။ တောရွာတွေက ဆိုးဆိုးရွားရွား ခံစားရပါတယ်။ မြို့ပြတွေမှာ ခိုအောင်းနေတဲ့ လူတွေက အတော်အတန် ရတယ်လို့ ဆိုရမှာပေါ့။ မြင်ရတာက လက်ရှိ အနေအခြေမှာ လုံလုံလဲလဲ၊ လောက်လောက်လားလား မရှိပါဘူး။ ပြောရရင်တော့ လူလိုတောင် မနေရပါဘူး။ ရေညစ်ရေညမ်းတွေ ဖယ်ထုတ်ပြီးတော့ သန့်ရှင်းရေး လုပ်နိုင်တာ ဘာမှ မရှိသေးပါဘူး။
မေး။ ။ အရှင်ဘုရားတို့ ရောက်သွားတဲ့အချိန်မှာ အခြား ဘယ်လိုအဖွဲ့တွေ ရှိနေသလဲ။
ဖြေ။ ။ မရှိပါဘူး။ မန္တလေး မစိုးရိမ်တို့၊ ပဲခူးသာမဏေကျော်တို့၊ ပခုက္ကူတို့ ဘာတို့ ပြောသံတော့ ကြားတယ်။ ကျုပ်တို့နဲ့တော့ တည့်တည့် မတိုးပါဘူး။
မေး။ ။ အစိုးရပိုင်းကရော ဘယ်သူတွေနဲ့ ဆုံခဲ့ပါသလဲ ဘုရား။
ဖြေ။ ။ အစိုးရပိုင်းကတော့ အစကတည်းက ပတ်သက်မှုမရှိတော့ မတွေ့ခဲ့ပါဘူး။ လပွတ္တာရောက်တော့ လာပြီး လျှောက်ထားတာပေါ့။ ဘုန်းကြီးပြောတာ နားထောင်တာပါပဲ၊ ဘာမှသိပ်ပြီး ရှည်ရှည်ဝေးဝေး မပြောပါဘူး။
မေး။ ။ သူတို့ရော ကယ်ဆယ်ရေး လုပ်နေကြလား ဘုရား။
ဖြေ။ ။ စိတ်လည်း မဝင်စားဘူး။ လေ့လည်း မလေ့လာဘူး။ စိတ်အနှောင့်အယှက် ထပ်ဖြစ်မှာစိုးလို့၊ ဘာမှ မဖတ်တော့၊ ဘာမှ မသိတော့ ပိုမကောင်းဘူးလား။ ဒုက္ခရောက်နေတဲ့ လူတွေဆီက အရောက်သွားမယ်ဆိုတဲ့ အဓိဋ္ဌာန်နဲ့ သွားတာပဲ၊ ပေးနိုင်သမျှ ပေးမယ်။ ကြည့်ရှုပေးတယ်။ ရေကန်တွေ သန့်ရှင်းပေးပြီး၊ ကူဘူတာစက်နဲ့ စုပ်ပေးတယ်။ အလောင်းကောင်တွေ မီးရှို့ သဂြုင်္ိဟ်ပေးတယ်။ ဗုဒ္ဓဘာသာ ထုံးတမ်း အစဉ်အလာအရ သရဏဂုံ တင်ပေးပြီး အမျှဝေရေစက်ချ၊ သာဓုခေါ်တယ်။ ဘယ်ရွာ ဘယ်ရပ်ရောက်ရောက် ဘုန်းကြီးတို့ အဲဒါ လုပ်တယ်။ အဲဒါတွေက ဘုန်းကြီးတို့ရဲ့ ရည်ရွယ်ချက်ပဲ။
မေး။ ။ အရှင်ဘုရားတို့က အလောင်းတွေကို မီးရှို့ သဂြုင်္ိဟ်ပေးခဲ့တယ် ဆိုတော့ အရှင်ဘုရားတို့ ပြန်လာတော့ ဒီလုပ်ငန်းတွေ ပြီးပြတ်သွားပြီလား ဘုရား။
ဖြေ။ ။ အလောင်းတွေက ခွေးသေသေပြီး၊ ခွေးလို ပစ်ထားတာလေ။ အဲဒီ ကိစ္စနဲ့ ပတ်သက်ပြီး ဘာမှ မလုပ်ပေးဘူး။ ဘယ်အဖွဲ့မှ မလုပ်ပေးဘူး။ ဦးကျော်သူတို့ အဖွဲ့က လုပ်နေတယ်လို့ ကြားရတာပဲ။ ဒါပေမဲ့ဗျာ၊ အလောင်းက မရေမတွက်နိုင်အောင် များနေတဲ့ အခြေအနေဆိုတော့ ဘာမှ အရာမရောက်ဘူး။ ကိုယ် တတ်နိုင်သလောက် လုပ်ခဲ့တယ်။ အလောင်း ၇ဝ၊ ကျွဲ ၄ ကောင်၊ နွား ၁ ကောင်၊ မြေမြှုပ်တန်တာ မြှုပ်၊ မီး မီးသဂြုင်္ိဟ်တန် မီးရှို့သဂြုင်္ိဟ်ခဲ့တယ်။ ဘုန်းကြီးတို့ ပါသွားတဲ့ လောင်စာက ဒီလောက်ပဲလေ။ အလောင်းတွေက ကိုင်လို့တောင် မရတော့ဘူး။ ကိုင်လိုက်ရင် ခြေထောက်ကဆွဲရင် ခေါင်းက ပြုတ်ကျန်ခဲ့။ အဲဒါတွေ ကောက်ပြီး မီးရှို့၊ အဲလို လုပ်ရတာ။ အဲဒါတွေက ရေထုရော၊ လေထုရော အကုန်ကို ညစ်ညမ်းစေတယ်လေ။ ပတ်ဝန်းကျင် ညစ်ညမ်းမှု ပြဿနာကတော့ ဆင့်ပွားဆိုးကျိုးတွေ ဖြစ်ပေါ်လာနိုင်တာလေ။
မေး။ ။ ပြန်လာတော့ အရှင်ဘုရားတို့ အားလုံး ပြန်ကြွလာကြတာလား။
ဖြေ။ ။ ရေစုပ်စက် ၁၃ လုံးနဲ့၊ ကပ္ပိယ ၁၁ ယောက်ထားခဲ့တယ်။ ဆက်ပြီးတော့ စာရင်းပေးထားတဲ့ ရပ်ရွာတွေ၊၊ အားကိုး အားထားပြုတဲ့ ရေကန်တွေကို အကုန်ဆက်လုပ်နေတယ်။ ဘုန်းကြီးတို့ ရောက်တာက အကြိမ် ၅ ခေါက်ရှိပြီး၊ ကွမ်းခြံကုန်း၊ ဖျာပုံ၊ ဒေးဒရဲ၊ မော်ကျွန်း ရောက်ပြီးပြီ။ လပွတ္တာက ထဲထဲဝင်ဝင် ဒေသတွေကို မရောက်သေးလို့ သွားခဲ့တာ။
မေး။ ။ ဒေသထဲက သာသနိက အဆောက်အဦတွေ၊ ဘုန်းကြီးကျောင်းတွေ အခြေအနေ ဘယ်လိုရှိပါသလဲ။
ဖြေ။ ။ ဘုန်းကြီးတွေ သေတဲ့ ကျောင်းတွေက အများကြီး။ ကျောင်းတွေက မရှိတာ များပါတယ်။ ပြိုပျက်ကုန်ကြတာ များပါတယ်။ တချို့တိုင်တောင် မကျန်ဘူး။ အဲဒါတွေ ပြန်လည် ထူထောင်ဖို့ဆိုတာ တော်တော် မလွယ်တဲ့ ကိစ္စပဲ။
မေး။ ။ ဝါတွင်းကျတော့ အရှင်ဘုရားတို့ လုပ်ငန်းတွေ ဘယ်လို ဖြစ်သွားမလဲဘုရား။
ဖြေ။ ။ ပုံမှန်အတိုင်းပေါ့ဗျာ။ ကျုပ်ကလည်း ဗုဒ္ဓ တက္ကသိုလ် ဖွင့်ထားတော့ အချိန်ရသလောက်တော့ ကယ်ဆယ်ရေး လုပ်ငန်းတွေကို အချိန်လုပြီးတော့ တက်နိုင်သလောက် လုပ်ပေးမယ်။ ဒါပေမဲ့လည်း ပြည်တွင်းအနေနဲ့ စေတနာ့ရှင်၊ အလှူရှင်တွေက လာရောက် လှူဒါန်းတာတွေ လက်ပမ်းကျလာတဲ့ သဘောရှိပါတယ်။ တဖြည်းဖြည်း သွေးအေးလို့ လက်ပမ်းကျသွားလို့ ရှိရင် ဒုက္ခသည်တွေ ရှေ့ရေးက ရင်လေးစရာ ကောင်းပါတယ်။ ပြန်လည် ထူထောင်ရေးက တော်တော်ကို မလွယ်သေးတဲ့ ကိစ္စပါ။ ပြည်တွင်းက အလှူရှင်တွေ ပေးနိုင်ကမ်းနိုင်လို့ရှိရင် နောက်ဆုံး ၆ လပိုင်း မကုန်ခင်ပေါ့ဗျာ။
မေး။ ။ ပုံမှန် အသက်မွေးဝမ်းကျောင်း လုပ်ငန်းတွေက ပြန်စနေတာ တွေ့ခဲ့လားဘုရား။
ဖြေ။ ။ စဖို့ နေနေသာသာ၊ လယ်တွေက ဆားငန်ရေတွေ ဝင်နေတယ်။ ဘယ်လို နိုင်ငံတကာ ပံ့ပိုးမှုတွေ ဘယ်ပုံရမယ်ဆိုရင် အားရစရာပေါ့ဗျာ။ အဲလို မဟုတ်ဘူး ဆိုရင်တော့ တောင်သူလယ်သမားတွေက လက်ရှိ ဘုန်းကြီးပေးတဲ့ ပေါက်တူးလေး တလက်တောင် အားရဝမ်းသာနဲ့ တော်တော်လေး ပေါက်တူးလေးဖက်ပြီး ဝမ်းသာနေကြတာ။ အဲလောက်လေးရတာ ဝမ်းသာတယ်ဆိုတော့ ကျွဲတွေ၊ နွားတွေမှ မရှိတော့ပဲ။ ကြားခဲ့တာက တအုပ်စုက ရေကန် သန့်ရှင်းရေး လုပ်ကိုင်နိုင်ဖို့ ၅ ရွာ၊ ၆ ရွာ စုထားတဲ့ ကျေးရွာအုပ်စုတွေ ရှိတယ်။ ဓာတ်ဆီအင်ဂျင်နဲ့ ရေစုပ်စက်၊ ၃ လက်မပိုက်နဲ့ တလုံးရတယ် ပြောတာပဲ။ ရနေတာ မဟုတ်ဘူး၊ ရမှာ ပြောတာ။
အနည်းစုတော့ အဆောက်အဦ ပုံသဏ္ဍာန်တော့ ကျန်ပါသေးတယ်။ ပြိုလဲသွားတာ များပါတယ်။ ဘာမှ မကျန်တာ များပါတယ်။
မေး။ ။ ရွာသားတွေက ဘယ်လို နေနေကြလဲဘုရား။
ဖြေ။ ။ ရွာသားတွေက အသက်ရှင် ကျန်နေတဲ့ သူတွေက စုစည်းပြီး တနေရာမှာ ကိုယ့်အိမ့် ကိုယ့်နေရာ မရွေးတော့ဘူး။ စုစုရုံးရုံးနေမှလည်း ကိုက်မှာလေ။ ညဘက်တွေမှာ တစုတဝေးထဲ ရှိမှကိုး။ အဲဒီမှာ တာပေါ်လင်စတွေနဲ့ ကာထားတာတို့၊ မိုးထားတာတို့ အဲလိုစုနေမှ ဖြစ်မှာကိုး။ စုမနေရင် ညဘက်ဆို အန္တရာယ် ရှိတာကိုး။ အဲဒီမှာက ညဘက်ကျတော့ သေသွားတဲ့ လူတွေက သေချင်းဆိုးတွေနဲ့ သေတာဆိုတော့ မကျွတ်မလွတ်တာတွေ များတယ်လေ။ ညဘက်ကျတော့ ကယ်ပါ၊ ယူပါ အသံဗလံတွေက တော်တော်များများ ကြားနေရတယ်။ အဲဒီအတွက် ဘုန်းကြီးတို့က အမျှအတန်း ဝေခဲ့တာပဲ။ ရနိုင်သူတော့ ရမှာပေါ့ဗျာ။ အကုန်ရမယ်လို့တော့ မဆိုလိုပါဘူး။ ကံနည်းလို့ ဒီဘဝရတာကိုး။ အဘိဓမ္မာလို ပြောရင်တော့ ဘဝပေါင်းများစွာက ကံတခုကလည်း သာသနာနဲ့ ကြုံပြီး သာဓုခေါ်ဖို့ သတိရရင်တော့ ကျွတ်မှာပေါ့။ အဲလိုမှ မဟုတ်ရင် ဘယ်တတ်နိုင်မှာလဲ။ မဟုတ်ဘူးလား။
မေး။ ။ တပည့်တော်တို့လည်း ကြားပါတယ်ဘုရား။ ဒီကိစ္စတွေ။
ဖြေ။ ။ မနက်မိုးလင်း အာရုံဆွမ်း စားပြီးရင် သင်္ဘောကျောက်ချ၊ နှစ်စီး တွဲထားတာကိုး။ တပည့်တို့ တို့လာတာ ကယ်ဆယ်ရေး လုပ်ဖို့လာတာ။ မွန်မြတ်တဲ့ စိတ်စေတနာကို သစ္စာဓိဋ္ဌာန် ပြုပြီးတော့၊ ပဲ့ထောင်မှာ ဘယ်နှစ်ပါးတက်ကြ။ ကပ္ပိယ ဘယ်နှစ်ယောက်သွားကြ။ ပစ္စည်း ပစ္စယ တင်ကြ။ သွားကြ။ ညနေ ၆ နာရီမှ ပြန်မရောက်ရင် မင်းတို့ကိုတော့ ငါရေစက်ချ အမျှဝေလိုက်မယ်။ ငါတို့ ထိုနည်းလည်းကောင်း ဒီအတိုင်းပဲ ထွက်မှာကိုး။ လှိုင်းတွေ လှေတွေ၊ တံပိုးတွေကြားမှာ သွားရမှာကိုး။ သစ္စာတရား မှန်ကန်လို့လား မသိဘူး။ ဘေးမသီ၊ ရန်မခ အကုန် ပြန်ရောက်တယ်။ သွားတဲ့ နေရာတွေက သိပ်ဝေးလံတော့ လှိုင်းလေတွေက ကြီးတော့ မော်တော်သမား၊ ပဲ့ထောင်တွေက ကျွမ်းကျင်မှုနည်းရင် မပို့ရဲဘူး။ ထိုက်တန်တဲ့ အဖိုးအခတော့ ဘုန်းကြီးက ပေးပါတယ်။ ဝတ်ရွတ်တယ်။ ပရိတ်ရွတ်တယ်။ အမျှဝေပေးတယ်လေ၊ ညတိုင်း လုပ်ပေးတယ်။ ဘုန်းကြီးတို့ တခါတလေ အနံအသက်ဆိုးတွေ ရတယ်။ အမျှယူချင်လို့ လာကြတယ် ထင်တာပဲ။ တချို့ ဦးပဉ္စင်းတွေဆိုရင် ထင်ထင်ရှားရှားကြီးတွေ တွေ့ရ။ အနံ့အသက်တွေ ရကြ။ ဒါတွေက သူတို့ဘဝရဲ့ ဘဝအကျိုးပေးတွေပေါ့။ သူတို့ လာတယ်ဆိုတဲ့ အထောက်အထားတွေပေါ့။
မေး။ ။ ဘာများ မိန့်ကြားချင်သေးလဲ ဘုရား။
ဖြေ။ ။ လုပ်တဲ့ကိုင်တဲ့ သံဃာတွေလည်း ထိထိရောက်ရောက် သွားပြီးမှာတော့၊ ကိုယ်ပင်ပမ်းတာကို ပဓာနမထားဘဲနဲ့ ဒုက္ခသည်တွေ လက်ထဲကို ကိုယ်ထိလက်ရောက် သွားပေးနိုင်ရင် ကောင်းမှာပဲ။ ကြားပါတယ်။ ဘယ်ဆရာတော်က ဘယ်မြို့ကို ဦးတည်သွားပြီး ပုံအောပြီး အပ်ပစ်ခဲ့တာတို့၊ ကြားပါတယ်။ ငါ့လာအပ်ရင် ကောင်းမှာလို့၊ အပ်ပစ်ခဲ့တာ မသေချာဘူး။ ၅ဝ ရာခိုင်နှုန်း ရောက်ဖို့တောင် မသေချာဘူး။ တကယ့် နေရာတွေကို ပြောတာပါ။ ဘယ်သူ့ကိုမှ မရည်ရွယ်ပါဘူး။
Rest of your post
Posted by
54freedom
at
9:25 PM
0
comments
Labels: ပြည်တွင်း သတင်းများ
ပူတာအိုထောင်အတွက် ရိက္ခာဆန် ကုန်သည်များ ထောက်ပံ့
မျိုးကြီး
သောကြာနေ့၊ ဇွန်လ 13 2008 19:01 - မြန်မာစံတော်ချိန်
ရွှေလီ။ ။ နာဂစ်မုန်တိုင်းနောက်ပိုင်း ကချင်ပြည်နယ် မြောက်ဖျားရှိ ပူတာအို အကျဉ်းထောင်အတွက် လိုအပ်သည့် ဆန်များကို ခရိုင်အတွင်းရှိ ဆန်ကုန်သည်များက ထောက်ပံ့နေရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အကျဉ်းသားများ စားသုံးရန် ရိက္ခာဆန် အခက်အခဲ ရှိနေသဖြင့် ဆန်ကုန်သည်များ အသင်းမှ ဆန်ထောက်ပံ့ပေးရန် ပြည်ထဲရေးဌာနမှ ညွှန်ကြား သောကြောင့် ယခုလို ထောက်ပံ့နေရခြင်း ဖြစ်ကြောင်း ခိုင်လုံသော ပူတာအို ထောင်ဝန်ထမ်း သတင်းရပ်ကွက်က မဇ္ဈိမကို ပြောပြခြင်း ဖြစ်သည်။
ပြီးခဲ့သည့် မေလကုန်ပိုင်းမှ စတင်ကာ ယခုလကုန်အထိ ဆန်ကုန်သည်များက ထောင်အတွက် တတင်းခွဲ ဆန်အိတ် ၂၈ဝ ကျော် ထောက်ပံ့ ပေးရမည်ဟု ထောင်အာဏာပိုင်များဘက်က သတ်မှတ်ပေးခဲ့ပြီး၊ မေလ ၃၁ ရက်နေ့က ဆန် ၄၅ အိတ်ကို စတင်ထောက်ပံ့ခဲ့ပြီး ကျန်ရှိသည့် ဆန်အိတ်များကို အရစ်ကျနည်းဖြင့် ထပ်မံ ပေးသွင်းရမည်ဟု သတင်းရပ်ကွက်က ဆိုသည်။
ပူတာအိုရှိ ဆန်ကုန်သည် တဦးကလည်း ဆန်ပေးရကြောင်း အတည်ပြု ပြောဆိုသော်လည်း ဆန်ကုန်သည်များက မည်ကဲ့သို့ အချိုးကျ ထည့်ဝင် ရမည်နှင့် အသေးစိတ် အချက်အလက်များကိုမူ ပြောဆိုခြင်း မပြုပါ။ ဌာနဆိုင်ရာ လိုအပ်ချက်များရှိရင် အာဏာပိုင်များက ပတ်သက်ရာ နီးစပ်ရာ ကုန်သည် စီးပွား လုပ်ငန်းရှင်များထံမှ အလှူ ကောက်ခံလေ့ ရှိသည်။
ယခင်က ထောင်တွင်းသို့ ဆန်၊ ဆီ၊ ဟင်းသီးဟင်းရွက်၊ အသားငါး စသည့်ရိက္ခာများကို ပုဂ္ဂလိက လုပ်ငန်းရှင်များနှင့် ကုမ္ပဏီများက တာဝန်ယူ ပေးပို့ရန်အတွက် သတင်းစာများတွင် ကြော်ငြာထည့်၍ တင်ဒါ ခေါ်ယူလေ့ရှိပြီး၊ တင်ဒါရသူများက တင်ပို့ ရောင်းချခွင့် ရသည်။ နာဂစ် နောက်ပိုင်းတွင် ဟင်းသီးဟင်းရွက်သာ တင်ဒါခေါ်ယူပြီး ဆန်ကို ခေါ်ယူခြင်း မရှိတော့ပါ။
ပူတာအိုတွင် ဆန်အကောင်းစား လုံးသွယ်မွှေး ခတ်ချိုဆန်သည် တအိတ်လျှင် ကျပ် ၆ဝဝဝဝ ဝန်းကျင်၊ ငစိန်ဆန်ကဲ့သို့ အညံ့စားဆန်က တပြည် ၁၃ဝဝ ခန့် ဈေးပေါက်နေပြီး၊ ၂ ဆနီးပါး ခုန်တက်လာကြသည်။ ကချင်လွတ်မြောက်ရေး တပ်မတော် (ကေအိုင်အေ) ထိန်းချုပ်ရာ လိုင်ဇာမြို့တွင် ဆန်ဈေးသည် ၂ ဆနီးပါး တက်နေသည်။
ဒေသတွင်း၌ ဆန်ဈေး တက်နေကာ တရုတ်နိုင်ငံဘက်သို့ မြန်မာမှ ဆန်သယ်ယူရောင်းချမှုကို အာဏာပိုင်များက ပိတ်ပင်ထားပြီး ရှာဖွေ ဖမ်းဆီးမှုများ လုပ်နေသည်။
နှစ်နိုင်ငံနယ်စပ်တွင် ဆန်ရောင်းဝယ်နေသည့် ကုန်သည်တဦးက “အာဏာပိုင်တွေဘက်ကတော့ တရားဝင် ပိတ်ထားတာပဲ။ အခုဝင်တာက အောက်လမ်းလို့ ခေါ်တာပေါ့။ ဂိတ်နဲ့ ကားသမားနဲ့ ညှိပြီး သွင်းကြတာ” ဟု ပြောသည်။
မုန်တိုင်းသင့် ဧရာဝတီတိုင်းက လယ်ယာမြေများတွင် ဆန်စပါးကို အချိန်မီ မစိုက်ပျိုးနိုင်ပါက မြန်မာနိုင်ငံတွင် စားနပ်ရိက္ခာ မလုံလောက်မှု ကြုံတွေ့နိုင်ကြောင်း ကုလသမဂ္ဂ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့က FAO က ထောက်ပြထားသည်။
နအဖ စီမံကိန်းဝန်ကြီးဌာနမှ ဦးစိုးသာက FAO ၏ ပြောဆိုချက်ကို အခြေအမြစ်မရှိဟု တုံ့ပြန် ပြောဆိုခဲ့သည်။
ပူတာအို အကျဉ်းထောင်တွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံထားရသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးခွန်ထွန်းဦး အပါအဝင် နိုင်ငံရေး အကျဉ်းသားများကလည်း အကျဉ်းကျနေသည်။
Rest of your post
Posted by
54freedom
at
9:23 PM
0
comments
Labels: ပြည်တွင်း သတင်းများ
63rd Birthday of Daw Aung San Suu Kyi
Posted by
54freedom
at
7:23 PM
0
comments
Labels: ကူးယူဖော်ပြခြင်း
ပြည်တွင်းမှ စေတနာ့ဝန်ထမ်းအချို့ အလှူငွေ လက်မခံရဲတော့
ဇွန် ၁၃။ ရဲအောင်သော်
အဆိုတော် ဇာဂနာကို ဖမ်းဆီးသွားပြီးနောက်ပိုင်း နာဂစ်ဒုက္ခသည်များအတွက် ပြည်တွင်းမှ ကယ်ဆယ်ရေးလုပ်နေကြသော စေတနာ့ဝန်ထမ်း အလှူရှင် အဖွဲ့အချို့သည် ရပ်ဝေးမှ အလှူငွေ လက်ခံရန် အခက်ကြုံလျက် ရှိသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဘိုကလေးက ပြန်လာတဲ့ အဖွဲ့တခုဆို အလှူငွေ လက်မခံတော့ပါဘူး။ လှူချင်တဲ့လူရှိရင် သူတို့ လူအားပဲ စိုက်ပြီး ကူညီပါ့မယ်လို့ ကြေညာထားရတယ်။ ကိုဇာ့ဂနာ့လဲ ခေါ်တုန်းက ခဏပါ၊ အ၀တ်အစားတွေပါ ယူခဲ့ပါဆိုပြီး ခုထိ ပြန်မလွှတ်သေးတော့ အခြေအနေက သိပ်မလွယ်ဘူး”ဟု အလှူရှင် အုပ်စုတခုက ပြောကြားသည်။
ဘလော့ဂါဒေါ့ကွန်းကို ပြည်တွင်းတွင် ပိတ်ဆို့ထားပြီး နာဂစ်ဒုက္ခသည်များနှင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်နေသည့် ဓာတ်ပုံများကို အမြောက်အများ တင်ပေးနိုင်သည့် ဖလစ်ကာနှင့် ပီကာဆာ ဒေါ့ကွန်းများကိုလည်း ပိတ်ဆို့လိုက်သဖြင့် လှူဒါန်းသည့် အထောက်အထား ဓာတ်ပုံများကို ပြည်ပအလှူရှင်များအား ပြန်လည်မျှဝေရန် မလွယ်ကူတော့ကြောင်း သိရသည်။
“ဂျီတော့ကိုတော့ ပိတ်လို့မလွယ်လို့ သူတို့ မပိတ်ဘူး။ ဒါပေမယ့် ရန်ကုန်ကနေ ဂျီတော့က ဓာတ်ပုံပို့ရတာ အရမ်းကြာတယ်။ ပို့နေတုန်း ပြန်ပြန်ပြုတ်ကျသွားတယ်။ ကော်နက်ရှင် နှေးတာလဲ ပါတယ်။ အလှူလုပ်တယ်ဆိုတာလဲ ရှင်းရှင်းလင်းလင်း ရှိမှ ကောင်းတော့ ဓာတ်ပုံမှတ်တမ်းတွေ၊ စာရင်းတွေ ပြန်ပို့ပေးတယ်ဆိုတာလဲ လိုကို လိုတယ်။ ဒါ ကိုယ်တွေသိက္ခာပဲ”ဟု စေတနာ့ဝန်ထမ်း တဦးက ပြောပြသည်။ ကုလသမဂ္ဂ၊ ဝေါလ်ဗစ်ရှင်း၊ အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ၊ နယ်စည်းမထား ဆရာဝန်များ အဖွဲ့တို့က ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ပြည်တွင်း ကိုယ်ထူကိုယ်ထ အလှူရှင်များမှာ အရေးပါသော အခန်းကဏ္ဍမှ ပါဝင်လျက် ရှိပါသည်။
“အကောင်းဆုံးနည်းက ဒါတွေ(ကယ်ဆယ်ရေးတွေ) လုပ်နေရင် အိမ်မှာ ချဲစာရွက်ကအစ မရှိစေနဲ့။ အိမ်ဝင်ရှာရင် ငြိနိုင်တဲ့ပစ္စည်းမှန်သမျှ အကုန်ရှင်းထား။ အလှူငွေ ဖြတ်ပိုင်းတွေ တခြားမှာ သွားထား။ လှူနေတဲ့ပုံတွေ စီဒီခုတ်ထားတာတို့၊ ကွန်ပျူတာထဲမှာ သိမ်းထားတာတို့က ခုထိတော့ ပြဿနာ မရှိသေးဘူး ထင်တာပဲ။ ကိုဇာဂနာက လွဲရင်ပေါ့”ဟု FNG အဖွဲ့နှင့် ပူးပေါင်း ကယ်ဆယ်ရေးလုပ်နေသူ တဦးက ပြောသည်။
အမျိုးသားစီမံကိန်းနှင့် ဖွံ့ဖြိုးတိုးတက်မှုဝန်ကြီး ဦးစိုးသာက အန်ဂျီအိုများအား ကယ်ဆယ်ရေး ဆောင်ရွက်ရာတွင် ဒေသခံ အစိုးရ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရန်၊ လှူဒါန်းမည့်ပစ္စည်းစာရင်း ဒေသခံ အာဏာပိုင်များသို့ ပေးအပ်ရန်နှင့် လေဘေးသင့်သူများ အမှန်တကယ် လိုအပ်သည့် ပစ္စည်းများသာ ဖြစ်ရန် ဗုဒ္ဓဟူးနေ့က ပြောကြားသည်။ မလိုအပ်သည့် ပစ္စည်းဖြစ်၍ ပြန်လည် ရောင်းချပါက နိုင်ငံဂုဏ်သိက္ခာ အထိခိုက် မခံနိုင်ဟု ဆိုသည်။ မင်္ဂလာဈေး၊ မင်္ဂလာဒုံဈေး ဈေးကွက်များသို့ ရောက်ရှိလာသော ခေါက်ဆွဲခြောက်များ၊ စောင်များမှာ မြန်မာဒုက္ခသည်များ လိုအပ်သော ပစ္စည်းများ ဟုတ်မဟုတ်ကို ဦးစိုးသာက မပြောပါ။
Posted by
54freedom
at
7:20 PM
0
comments
Labels: ပြည်တွင်း သတင်းများ
တောင်ပြိုသဖြင့် မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံး
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 13 2008 14:31 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ မိုးသည်းထန်စွာ ရွာသွန်းရာမှ မိုးကုတ်တွင် အနည်းဆုံး လူ ၁ဝ ဦး သေဆုံးပြီး လူနေအိမ်ခြေ အများအပြား ပျက်စီးသွားသည် ဟု ပြည်တွင်းမှလာသော သတင်းများအရ သိရသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ယနေ့ နံနက် ၁ နာရီခန့်မှ စတင်ကာ မိုးသည်းထန်စွာ ဆက်တိုက် ရွာသွန်းပြီး နံနက် ၅ နာရီခန့်တွင် ရေနီချောင်းတလျှောက် တာရိုးများ ကျိုးပေါက်ကာ လူနေရပ်ကွက်များ၊ လမ်းများအတွင်း ရေများ အရှိန်အဟုန်နှင့် စီးဆင်းခဲ့ပြီးနောက် အဖိုးတန် ပတ္တမြားထွက်ရှိ၍ နာမည်ကျော် မိုးကုတ်မြို့တွင် ယခုလို ပျက်စီး သေဆုံးမှုများ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
လူအသေအပျောက် အနည်းဆုံး ၁ဝ ဦးရှိမည်ဖြစ်ကြောင်း ဒေသခံ ကူညီ လုပ်ကိုင်ပေးနေသူ တဦးက ပြောသည်။ တယ်လီဖုန်းလိုင်း အများအပြား ပြတ်တောက်နေခဲ့၍ သီးခြား အတည်ပြုချက်များ ယခု သတင်းပေးပို့ချိန်တွင် မရနိုင်ဘဲ ဖြစ်နေသည်။
ချောင်းတလျှောက် နေအိမ် အဆောက်အဦများ ရေလွှမ်းမိုးခဲ့သည့်အပြင် တောင်ကမ်းပါးယံ အနီးရှိ နေအိမ်များ ကမ်းပါးပြိုကျမှုကြောင့် ထိခိုက် ပျက်စီးရာ၌ အုန်းကိုင်းရွာသစ်၊ ပန်းခြံထာပွဲ ဝန်းကျင်နှင့် မိုးကုတ် မိုတယ်နေရာများ အထိအခိုက် အများဆုံး ဖြစ်သည်။
ကျောက်လုပ်ငန်း အဓိက လုပ်ကိုင်ရာ ပန်းခြံထာပွဲ တကွင်းလုံး ကနယ်မုံများ၊ အမှိုက်များ ထူထပ်စွာ ပြည့်လျှံ ပိတ်ဆို့နေပြီး လုပ်ငန်းလုပ်ကိုင်ရန် နေရာအခက်အခဲ အချိန်အတန်ကြာ ဖြစ်နိုင်သည်။
Rest of your post
Posted by
54freedom
at
7:18 PM
0
comments
Labels: ပြည်တွင်း သတင်းများ
သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး
သုံးပွင့်ဆိုင်အဖွဲ့ကို စောင့်ကြည့်ရန် ထောက်လှမ်းရေးများကို တာဝန်ပေး
မဇ္ဈိမသတင်းဌာန
ကြာသပတေးနေ့၊ ဇွန်လ 12 2008 23:25 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မုန်တိုင်းဒဏ် ခံခဲ့ရသည့် ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းအတွင်း အပျက်အစီးများကို လေ့လာ အကဲဖြတ်မှုများ ပူးတွဲ ပြုလုပ်လျက် ရှိကြသည့် သုံးပွင့်ဆိုင် ပင်မအုပ်စု 'Tripartite Core Group' (TCG) နှင့်အတူ ပူးတွဲလိုက်ပါ တာဝန် ထမ်းဆောင်ရန် မြန်မာ စစ်အစိုးရက ထောက်လှမ်းရေး အရာရှိ ၂ ဒါဇင်ကျော်ကို တာဝန်ပေးအပ်ခဲ့သည် ဟု ဤအဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက်၏ အပြောအရ သိရပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“မြန်မာ အကြီးတန်းအရာရှိ အတော်များများကတော့ စစ်အစိုးရက ခုလို နာဂစ်အလွန် ပူးတွဲ အကဲဖြတ် လေ့လာမှု လုပ်ငန်း (PONJA) မှာ ထောက်လှမ်းရေး အရာရှိတွေနဲ့ တွဲပြီး လေ့လာ စူးစမ်းမှုတွေ လုပ်မယ်ဆိုတဲ့ ကိစ္စကို တော်တော့်ကို မချင့်မရဲ ဖြစ်နေကြတယ်” ဟု (TCG) တွင် ပါဝင်သည့် လယ်ယာ စိုက်ပျိုးရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန သတင်းရပ်ကွက်က ပြောကြားသွားပါသည်။
ဆိုင်ကလုံး ဒုက္ခသည်များကို ကူညီရန် ပင်မအုပ်စု (Core Group) ဟု သိကြသည့်အဖွဲ့ကို အာဆီယံ အဖွဲ့ကြီး၏ အကူအညီဖြင့် အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံ၊ ကုလအေဂျင်စီများ၊ ဝန်ကြီးဌာန အသီးသီးမှ မြန်မာအရာရှိများဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။
အဆိုပါ ထောက်လှမ်းရေး အရာရှိ အများစုမှာ ပြည်ထဲရေး ဝန်ကြီးဌာနမှ ဖြစ်ကြပြီး သူတို့ ဝင်လာနိုင်ရန်အတွက် ဤလုပ်ငန်းတွင် မူလက တာဝန်ပေးထားသော အရာရှိများမှာ နေရာ ဖယ်ပေးခဲ့ကြရသည်ဟု အဆိုပါ သတင်းရပ်ကွက်များက ဆက်လက် ပြောကြားပါသည်။
ဤမစ်ရှင်အဖွဲ့၏ အဖွင့် အခမ်းအနားကို အင်္ဂါနေ့က ရန်ကုန်မြို့ Chatrium ဟော်တယ်၌ ကျင်းပပြီးနောက် အဆိုပါ အမြင်များ ပေါ်ထွက်လာခဲ့ခြင်း ဖြစ်သည်။ ဤအခမ်းအနားသို့ နိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီးနှင့် TCG အဖွဲ့၏ ဥက္ကဌဖြစ်သူ ဦးကျော်သူ တက်ရောက်ခဲ့သည်။
အာဆီယံအဖွဲ့ အတွင်းရေးမှူးချုပ်နှင့် ထိုင်းနိုင်ငံခြားရေး ဝန်ကြီး မစ္စတာ ဆူရင်း ပစ်ဆူဝမ်း Mr. Surin Pitsuwan လည်း အဆိုပါ အစည်းအဝေး သို့ တက်ရောက်ခဲ့သည်။
ထိုနေ့တွင်ပင် မုန်တိုင်း ဖျက်ဆီးမှုဒဏ် ခံခဲ့ရသည့် ဧရာဝတီတိုင်းသို့ အစိုးရ လိုလားသည့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးအဖွဲ့ (USDA) မှအဖွဲ့ဝင် ၂၅ဝ ကျော်ကိုလည်း စေလွှတ်ခဲ့သည်။
အဆိုပါ ကြံ့ဖွံ့ အဖွဲ့ဝင်အချို့သည် အစိုးရ သတင်းပေးများ အဖြစ်လည်း ဆောင်ရွက်ကြလိမ့်မည်ဟု လေ့လာသူများက ပြောဆို နေကြပါသည်။ စစ်အစိုးရ၏ အခြေအမြစ် မရှိသည့် စိုးရိမ်ကြောင့်ကြမှုများကြောင့် ကယ်ဆယ်ရေး ပစ္စည်းများ ပေးအပ်ခြင်း မရှိဘဲ အမေရိကန် ရေတပ် စစ်သင်္ဘော ၄ စင်း ပြန်လည် ထွက်ခွါသွားပြီး နောက်မှာပင် နိုင်ငံခြား အကူအညီပေးရေး လုပ်သားများအပေါ် စစ်အစိုးရက သင်္ကာမကင်းဖြစ်ဆဲ ရှိသေးသည် ဟု သူတို့က ဆက်လက် ပြောဆိုသွားကြပါသည်။
မည်သည့် နိုင်ငံခြားသားများကိုမျှ ကြိုတင်ခွင့်ပြုချက် မရရှိဘဲ လူနေ ရပ်ကွက်များ အတွင်းသို့ ဝင်ရောက်ခွင့် မပေးရန် ရပ်ကွက်နှင့် မြို့နယ် အဆင့် ဒေသခံ အာဏာပိုင်များကို အမိန့်ပေးထားသည်ဟု ရန်ကုန်မြို့ခံတဦးက ပြောကြားခဲ့ပါသည်။
“မြန်မာအစိုးရက သူတို့ ကတိပေးထားသလို နိုင်ငံခြားသား အကူအညီပေးရေး ဝန်ထမ်းတွေကို ပိုမို ဝင်ရောက်ခွင့် ပြုမယ်လို့ မျှော်လင့်ခဲ့တာ ပါဘဲ။ ဒါပေမဲ့ ခုလို နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်ရှည်လက်ရှည် စောင့်နေသေးပေမဲ့ ထင်ထားသလို ခွင့်မပြုသေးပါဘူး” ဟု အမည် မဖေါ်လိုသူ ထိုပုဂ္ဂိုလ်က ဆက်လက် ပြောကြားပါသည်။
မေလ ၂ ရက်နှင့် ၃ ရက်နေ့က တိုက်ခတ်ခဲ့သော မုန်တိုင်းကြောင့် လူပေါင်း ၁၃၃ဝဝဝ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့သည်မှာ တလကျော် ကြာမြင့်သည့်တိုင်အောင် လူတသန်းကျော်မှာ မည်သည့် နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီမျှ ယခုတိုင် ရရှိခြင်း မရှိသေးဟု ကုလသမဂ္ဂက ခန့်မှန်းထားပါသည်။
အဆိုပါ လေ့လာအကဲဖြတ်ရေး အဖွဲ့သည် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သည့် လူပေါင်း ၂.၄ သန်းအတွက် လိုအပ်မည့် အစားအစာ၊ သောက်ရေသန့်၊ ယာယီ အမိုးအကာများကို လေ့လာ တွက်ချက်သွားမည် ဖြစ်ပြီး၊ အိမ် များ၊ ကျောင်းများ၊ လယ်ယာ စိုက်ပျိုးရေး အခြေခံ စီးပွါးရေးတို့ကို ပြန်လည်ပြုပြင် တည်ဆောက်ရာတွင် ကုန်ကျမည့် စရိတ်စကများကို ခန့်မှန်း တွက်ချက်သွားမည် ဖြစ်သည်။
ကျွမ်းကျင်သူ ၂၅ဝ ခန့် ပါဝင်သည့် အဆိုပါ အဖွဲ့သည် ပင်မအုပ်စု (Core Group) ၏ ခေါင်းဆောင်မှုဖြင့် ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသသို့ ထရပ်ကားများ၊ လှေသင်္ဘောများ၊ ရဟတ်ယဉ်များဖြင့် လေ့လာ စူးစမ်းမှုများ ပြုလုပ်ရန် အင်္ဂါနေ့က ထွက်ခွါသွားပြီ ဖြစ်သည်။
Rest of your post
Posted by
54freedom
at
7:12 PM
0
comments
Labels: ပြည်တွင်း သတင်းများ



