စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Friday, June 13, 2008

WFP ဆန်ဝယ်ယူနေခြင်းကို စစ်အစိုးရပိတ်ပင်

ကိုစိုး ဇွန် ၁၃၊ ၂၀၀၈

မုန်တိုင်း ဒုက္ခသည်များစားသုံးရန်အတွက် ပေးပို့လှူဒါန်းရာတွင် လိုအပ်သော ဆန်များကို မြန်မာပြည်တွင်း ဆန်လုပ်ငန်းရှင် များထံမှ ဝယ်ယူနေခြင်းအား ပိတ်ပင်လိုက်ကြောင်း မြန်မာအစိုးရက ကူညီကယ်ဆယ်ရေး အဖွဲ့များကို ပြောသည်ဟု ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP)အရာရှိတဦးက အတည်ပြုပြောဆိုသည်။

ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“ဒီကိစ္စက အခုလက်ရှိဖြစ်နေပြီဆိုတော့ ပြည်ပကနေ တင်သွင်းဖို့ ပြင်ဆင်နေပါတယ်”ဟု WFP ပြောရေး ဆိုခွင့်ရှိသူ ပေါလ် ရစ္စလေက ဆိုသည်။

ယခုကဲ့သို့ ပြည်ပက ဆန်များမတင်သွင်းမီ အစိုးရထံမှခွင့်ပြုချက်အကြောင်းကြားစာ ရရှိမှသာ လိုအပ်သော ဆန်များကို ဝယ်ယူနိုင်မည် ဟုလည်း ၎င်းက ထည့်သွင်းပြောကြားသည်။

လက်ရှိ WFP က ကူညီပေးနေသော ဆန်အရေအတွက်သည် နောက် ၆ ပတ် အတွက်သာ လုံလောက်မှုရှိ ကြောင်း၊ မုန်တိုင်းဒဏ် ဆိုးရွာစွာ ခံရသည့် ဧရာဝတီတိုင်း မြစ်ဝကျွန်းပေါ်မှ ဒုက္ခသည်များအတွက် စားနပ်ရိက္ခာ အထောက်အပံ့မှာ တနှစ် စာခန့် လိုအပ်ကြောင်း မကြာသေးခင်က ကမ္ဘာ့ကုလသမဂ္ဂ က ပြောဆိုထားသည်။

နာဂစ် မုန်တိုင်း တိုက်ခတ်မှုကြောင့် လယ်ယာစိုက်ခင်းများ ပျက်စီးဆုံးရှုံး၍ လယ်ယာသုံးပစ္စည်းများ လိုအပ်ချက် ကြောင့် ယခုနှစ် မုတ်သုန်ရာသီ ဆန်စပါး စိုက်ပျိုးချိန်တွင် လယ်သမားအများစုမှာ စိုက်ပျိုးနိုင်မည်မဟုတ်ကြောင်း လည်း သိရသည်။

ကမ္ဘာ့စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့(FAO)က မြစ်ဝကျွန်းပေါ်ဒေသ၌ စိုက်ပျိုးမြေ ဟက်တာ ၁.၃ သန်း ရှိရာ တွင် မုန်တိုင်းကြောင့် ဟက်တာ ၂ သိန်း ခန့် သို့မဟုတ် ၁၆ ရာခိုင်နှုန်း ပျက်စီးဆုံးရှုံးရသည့်အတွက် ယခုနှစ် စိုက်ပျိုး ရာသီတွင် စိုက်ပျိုးနိုင်မည်မဟုတ်ဟု ဆိုသည်။

အကူအညီပေးရေးနှင့်ပတ်သက်ပြီး မြန်မာ စစ်အစိုးရ၏ ခေါင်းမာနေမှုကြောင့် လာမည့်နှစ် မြန်မာနိုင်ငံ သည် စားနပ်ရိက္ခာ လိုအပ်ချက်နှင့် ရင်ဆိုင်ရဖွယ်ရှိသည့်အတွက် ကုလသမဂ္ဂ အကူအညီပေးရေးအဖွဲ့ကလည်း အလွန် စိုးရိမ်မိကြောင်း ထုတ်ဖော်ပြောကြားသည်။

အမျိုးသားစီမံကိန်းနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီး ဦးစိုးသာကမူ ဆန်စပါး မလုံလောက်မှုရှိသည်ဟူသော ပြောဆို နေခြင်းများသည် အခြေအမြစ်မရှိသော ကောလာဟလများဖြစ်ကြောင်း ပြောဆိုသည်ဟု ဗုဒ္ဓဟူးနေ့ထုတ် မြန်မာ့အလင်း သတင်းစာတွင် ဖော်ပြထားသည်။

သတင်းစာ၌ ဝန်ကြီးက ဧရာဝတီတိုင်းနှင့် ရန်ကုန်တိုင်းတို့တွင် မုန်တိုင်းကြောင့် ဆန်စပါးပျက်စီးမှုမှာ တပြည်လုံး ဆန် အထွက်၏ ၂.၃ ရာခိုင်နှုန်းသာရှိပြီး လာမည့် မိုးရာသီတွင် မုန်တိုင်းကြောင့် မစိုက်ပျိုးနိုင်မည့် လယ်ဧက မှာ လည်း တပြည်လုံး စပါးစိုက် ဧက ၏ ၁ ရာခိုင်နှုန်းပင် မပြည့်ကြောင်း ပြောဆိုသည်။

ယခုနှစ်အတွက် သီရိလင်္ကာနှင် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့သို့ ဆန် တန်ချိန် ၆ သိန်း တင်ပို့ မည့် အစီအစဉ်ကို မြန်မာ စစ်အစိုးရ ပယ်ဖျက်ထားသည်ဟုလည်း ဆိုသည်။
WFP အနေနှင့်မူ မုန်တိုင်း ဒဏ်သင့် ဒေသများသို့ ပြည်တွင်း ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ ဝယ်ယူရရှိထား သော ဆန်များထဲမှ ဆန်တန်ချိန် ၁၁၀၀၀ ကျော် ပေးပို့ပြီးဖြစ်သည်ဟု သိရသည်။

ယခုကဲ့သို့ ပုဂ္ဂလိက ဆန်လုပ်ငန်းရှင်များထံမှ WFP ကို ဆန်ယူခွင့်ပိတ်ပင်ခြင်းသည် တရားမျှတမှုမရှိကြောင်း ရန်ကုန် စီးပွားရေး အသိုင်းအဝန်းက ပြောဆိုသည်။

“အစိုးရက သီရိလင်္ကာနဲ့ ဘင်္ဂလားဒေ့ရှ်ကို ရောင်းဖို့ဖျက်လိုက်တဲ့ဆန်တွေက အရန်ဆန်တွေပါ၊ တကယ်လို့ အဲဒီဆန်တွေကို သူတို့က WFP ကို ပြန်ရောင်းမယ်ဆိုရင်လည်း ရောင်းမှာပေါ့”ဟု ရန်ကုန်မြို့မှ စီးပွားရေး လုပ်ငန်းရှင် တဦးကပြောသည်။

WFP သည် ယခုအခါ မုန်တိုင်းဒဏ်သင့် ဒေသများသို့ ထောက်ပံ့ရေး ပစ္စည်းများ သွားရောက်ပေးပို့ရန် ကုလ သမဂ္ဂ၊ အာဆီယံနိုင်ငံများနှင့် မြန်မာစစ်အစိုးရတို့မှ ကျွမ်းကျင်သူပေါင်း ၂၅၀ ပါဝင်သည့်အဖွဲ့အပါအဝင် ရဟတ်ယာဉ် ၆ စီးဖြင့် ဆောင်ရွက်ခွင့် ရနေပြီဖြစ်ကြောင်း သိရသည်။

၎င်းအဖွဲ့သည် ၂.၄ သန်းခန့်ရှိ မုန်တိုင်း ဒုက္ခသည်များအတွက် လိုအပ်သော ယာယီအမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်ရေ သန့်များအပါအဝင် မြစ်ဝကျွန်းပေါ် တလျှောက်ရှိ ပျက်စီးသွားသော အိုးအိမ်များနှင့် လယ်ယာလုပ် ငန်းများ ပြန်လည်ထူ ထောင်ရေးကို ထောက်ပံ့ကူညီပေးရန်ဆောင်ရွက်နေကြောင်း အေပီသတင်းတွင်လည်း ဖော်ပြထားသည်။

WFP ရဟတ်ယာဉ် ၂ စီး လာရောက်ကြောင်းနှင့် ရွာပေါင်း ၄၀၀ ခန့်ရှိ ဘိုကလေးမြို့နယ်မှ ၂၁ ရွာအတွက် စားနပ်ရိက္ခာများ ပို့ဆောင်သွားကြောင်း ဒေသခံတဦးက ပြောသည်။

လွန်ခဲ့သော ၃ ရက်ခန့်က ယင်းရဟတ်ယာဉ်များကို မြင်တွေ့လိုက်ရသည်ဟု ဒေသခံ ကူညီကယ်ဆယ်ရေး လုပ်နေသူ ကိုဘားကူ က ဆိုသည်။

ဘိုကလေးတွင် ရုံးဝန်ထမ်းများအပါအဝင် အကူအညီပေးရေးလုပ်သား ၆၂ ဦး ရှိသည့် WFP ရုံး တရုံး ကို ဖွင့် လှစ်ထား ကြောင်းလည်း သိရသည်။

ဘိုကလေးမြို့ခံတဦးက WFP ရဟတ်ယာဉ်နှင့် ဖြန့်ဝေသည့် စားနပ်ရိက္ခာများမှာ လတ်တလော စားသုံးရန် အတွက်ဖြစ်ပြီး ရေရှည်အတွက် များစွာလိုအပ်ချက်ရှိကြောင်း ပြောဆိုသည်။

“လယ်သမားတွေ ပြန်လည်ထူထောင်ရေးအတွက် သူတို့မှာ စားရေရိက္ခာ ရရှိမှဖြစ်မှာပါ”ဟု ၎င်းက ပြောသည်။

စားရေရိက္ခာအပြင် လယ်ယာလုပ်ငန်းအတွက် ကျွဲ နွား စက်ပစ္စည်းများလည်း မရှိမဖြစ်လိုအပ်ကြောင်း ၎င်းက ဆက်ပြောသည်။

ထို့အတူ လပွတ္တာမြို့ရှိ ကျေးရွာများမှ တခြားသောနေရာဒေသများသို့ ပြောင်ရွှေ့ခံရသည့် မုန်တိုင်း ဒုက္ခသည် များသည် လည်း တလ စာ အတွက်သာ ကူညီထောက်ပံ့ရေး ပစ္စည်းတချို့ကို ရရှိသည့်အတွက် လုံလောက်မှု မရှိကြောင်း သူက ပြောပြသည်။

ရန်ကုန်မြို့ရှိ မုန်တိုင်း ဒုက္ခသည် ၂၅ ဦးခန့်သည် အင်္ဂါနေ့တွင် နိုင်ငံတကာ ကြက်ခြေနီ ရုံး ICRC သို့ အကူအညီ သွားရောက် တောင်းခံ ရာ အာဏာပိုင်များက ဖမ်းဆီးလိုက်ကြောင်း အေပီသတင်းက ဖော်ပြသည်။

၎င်း ဒုက္ခသည်များသည် ဒဂုန်မြို့သစ် အရှေ့ပိုင်းမှဖြစ်ကြောင်း ICRC ပြောခွင့်ရ ခရစ် စထရက်တန်က ပြောသည်။

ဖမ်းဆီးခံထားသည့် ၎င်း ဒုက္ခသည်များထဲမှ ၁၆ ဦးကို ပြန်လွှတ်ပေးလိုက်ကြောင်း ယမန်နေ့က အေအက်ဖ်ပီ သတင်းတွင် ရေးသားထားသည်။

နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၁၃၄၀၀၀ ခန့်သေဆုံး၍ ၂.၄ သန်းခန့် အိုးမဲ့အိမ်မဲ့ ဖြစ်နေကြောင်း သိရသည်။
Rest of your post

No comments: