လာရီဂျေဂင်
သောကြာနေ့၊ ဇွန်လ 06 2008 22:23 - မြန်မာစံတော်ချိန်
ဘန်ကောက်။ ။ ကြောက်မက်ဘွယ် ဆိုင်ကလုံးမုန်တိုင်းကြီး ဧရာဝတီ မြစ်ဝကျွန်းပေါ်ဒေသကို ဝင်ရောက်မွှေနှောက် တိုက်ခတ် သွားခဲ့သည်မှာ ၁ လ ကြာမြင့်ခဲ့ပြီ ဖြစ်သော်လည်း ၁ သန်းကျော်မျှသော မုန်တိုင်း ဒုက္ခသည်များမှာ ယခုထိ နည်းနည်းမျှ မရသေးသူနှင့် နည်းနည်းပါးပါးသာ ရသေးသူ တို့သာ ဖြစ်နေဆဲပင် ရှိသည် ဟု မြန်မာနိုင်ငံတွေင် လုပ်ကိုင်နေသော ကယ်ဆယ်ရေး အေဂျင်စီများက ပြောကြားကြပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နိုင်ငံတကာ အသိုင်းအဝိုင်းက အကြီးအကျယ် ကူညီရန် အသင့်ပြင်ထားခဲ့သော်လည်း စစ်အစိုးရကမူ နိုင်ငံတကာ အကူအညီ ပေးရေး လုပ်သားများနှင့် သဘာဝ ကပ်ဘေးအန္တရာယ် ကျွမ်းကျင်သူများ နိုင်ငံတွင်း ဝင်ရောက်ခွင့်ကို တားဆီး ပိတ်ပင်နေဆဲ ရှိသေးသည်။ လက်ဆုပ်စာကိုသာ မြစ်ဝကျွန်းပေါ် အောက်ပိုင်းဒေသ မုန်တိုင်းဒဏ် ဆိုးဆိုးဝါးဝါး ခံခဲ့ရသော ဒေသများသို့ ဝင်ရောက်ခွင့် ပြုခဲ့သည်။ စစ်အစိုးရသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများနှင့် ပူးပေါင်း ဆောင်ရွက်ပါမည် ဟူသော သူ့ကတိကို ချိုးဖျက်၍ လာမည့် ရက်သတ္တပတ် အနည်းငယ်အတွင်း ၎င်းတို့၏ လုပ်ငန်း ဆောင်ရွက်မှုများကို ကန့်သတ်မှုများ ပြုလုပ်တော့မည်ဟု မြန်မာစစ်တပ်၏ ယုံကြည် စိတ်ချရသော သတင်းရပ်ကွက်၏ အဆိုအရ သိရသည်။ “အမေရိကန်နဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေက ငါတို့ နိုင်ငံကို ကျွန်လုပ်ချင်နေတာ။ ငါတို့ ပြည်သူတွေကို ကူညီချင်တာ မဟုတ်ဘူး” ဟု ဗိုလ်ချုပ်ကြီး မောင်အေးက ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ တာဝန်ယူ လုပ်ဆောင်နေသည့် ဝန်ကြီးများအား ယခု ရက်သတ္တပတ် အစောပိုင်းက ပြောကြားခဲ့သည်ဟု ဆိုသည်။ ဒေသခံ ရပ်ကျိုးရွာကျိုး ဆောင်ရွက်နေသည့် အဖွဲ့အစည်းများကိုလည်း အလှူရှင်များ၏ ကျေးကျွန်များအဖြစ် မြင်နေကာ သူတို့ကိုလည်း ပစ်မှတ်ထား စောင့်ကြည့် နေသည်ဟု အဆိုပါ သတင်း ရပ်ကွက်ကပင် ဆက်လက် ပြောကြားသွားသည်။ မြစ်ဝကျွန်းပေါ် ဒေသရှိ အကူအညီ အပူတပြင်း အရေးတကြီး လိုအပ်နေသော ဒုက္ခသည်များကို ဝင်ရောက် အကူအညီပေးရန် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ အားလုံးက အသည်းအသန် ကြိုးပန်းနေရချိန်၌ ဒေသခံ မြန်မာ စေတနာရှင်များက မိမိတို့ဖာသာပင် ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို ဆက်လက် လုပ်ဆောင်နေကြရသည်။ သုံးပတ် ကျော်ကြာမျှ ရေသန့်နှင့် အစားအစာ ဘာမျှ မရခဲ့သည့် ကျေးရွာသားများထံ သူတို့၏ အကူအညီများ စတင် ရောက်ရှိနေကြပြီ ဖြစ်သည်။ သို့သော် ယခုအခါ သူတို့ကိုလည်း မြန်မာ စစ်အာဏာပိုင်များက အမြင်မကြည်လင်တော့။ ထိုသို့ ကူညီ ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ကိုင်နေသည့် အဓိက ပုဂ္ဂိုလ်တဦး ဖြစ်သော ရုပ်ရှင်ဒါရိုက်တာနှင့် ဟာသ သရုပ်ဆောင် ဇာဂနာကို ယခု ရက်သတ္တပတ် အစောပိုင်းက ထိန်းသိမ်းလိုက်သည်။ ကမ္ဘာ့ ကုလသမဂ္ဂအဖွဲ့ကြီးက သတိကြီးစွာ ထား၍ အကောင်းမြင်ပါသည်ဟု လူသိရှင်ကြား ပြောဆိုနေသော်လည်း ဆိုင်ကလုံး မုန်တိုင်းက ဖျက်ဆီးခဲ့သော အပျက်အစီးများမှ မြန်မာနိုင်ငံ ပြန်လည် နာလန်ထလာနိုင်ရေး အတွက် ပေါ်ပေါက် လာတော့မည့် ပြဿနာကြီးများကို ကိုင်တွယ် ဖြေရှင်းရန် လိုသည်ဟု နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ နှင့် လူ့အခွင့်အရေး အုပ်စုများက သတိပေးလိုက်ကြသည်။ မုန်တိုင်း ဒုက္ခသည်များ၏ စိတ်ဒဏ်ရာနှင့် ပရိဒေဝ သောကများသည် မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး လုပ်ငန်းတွင် အဓိက အဟန့်အတားများ ဖြစ်လာဘွယ် ရှိသည်ဟု ဥရောပ အခြေစိုက် နယ်စည်းမထား ဆရာဝန်များ အဖွဲ့ (MSF) ကပြောဆိုလိုက်ပြီး၊ ယူကေ အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ ဖြစ်သည့် နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ (AI) ကမူ တိုးပွါးလာနေသော လူ့အခွင့်အရေး ချိုးဖောက်မှု တိုင်တန်းချက်များကြောင့် စိုးရိမ် ပူပန်မိသည်ဟု ဆိုလိုက်သည်။ သူတို့ ခိုလှုံရာ နေရာများမှ အတင်းအကြပ် မောင်းထုတ်ခြင်း၊ နေရာ ရွှေ့ပြောင်းခိုင်းခြင်း၊ အဓမ္မ လုပ်အားပေး ခိုင်းစေခြင်း၊ အတင်းအကြပ် စစ်တပ်ထဲ ဝင်စေခြင်း၊ လူကုန်ကူးခြင်း နှင့် လယ်မြေများ အဓမ္မ သိမ်းပိုက်ခြင်း စသည်တို့က မြန်မာနိုင်ငံ ပြန်လည် တည်ဆောက်ရေး ကြိုးပန်းမှုများအား အတားအဆီး အနှောင့်အယှက် ဖြစ်စေမည်ကို စိုးရိမ်ကြောင်း ပြောဆိုကြသည်။ ဤကယ်ဆယ်ရေး လုပ်ငန်းတွင် ပါဝင်နေသူ အားလုံးအတွက် အဓိက ပြဿနာမှာ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝင်ရောက်ခွင့် ရရှိရေး ဖြစ်သည်။ “ညှိနှိုင်း အစည်းအဝေးတွေမှာ လူတွေတော့ အများကြီး တွေ့နေရတာဘဲ။ ဒါပေမဲ့ အဖွဲ့အစည်းတွေတော့ အများကြီး မတွေ့ရဘူး” ဟု (MSF) ၏ မြန်မာနိုင်ငံတွင်း လုပ်ငန်းများဆိုင်ရာ အကြီးအကဲ (Frank Smithuis) က မဇ္ဈိမကို ပြောကြားသွားပါသည်။ ယခုအခါ သူတို့၏ နိုင်ငံတကာဝန်ထမ်း ၂ဝ ကျော်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ အရောက် ပို့နိုင်ခဲ့ပြီ ဖြစ်ပြီး မြန်မာဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးလုပ်သား ၂၅ဝ ခန့်နှင့်အတူ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသမှ မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် လုပ်ငန်းများ လုပ်ဆောင်လျက် ရှိနေပြီဟု ဆိုသည်။ “နေ့တိုင်းဘဲ ကျနော်တို့ အဖွဲ့သားတွေ မုန်တိုင်း တိုက်ပြီးကတဲက ဘာအကူအညီမှ မရသေးပါဘူးလို့ ပြောတဲ့ ရွာသားတွေနဲ့ တွေ့နေရတယ်။ လုံလုံလောက်လောက် ပြည့်ပြည့်စုံစုံတော့ ဘာမှ မလုပ်နိုင်သေးပါဘူး။ ခုထိ အရေးပေါ် အခြေအနေ အဆင့်မှာဘဲ ရှိနေပါသေးတယ်” ဟု သူက ဆက်လက် ပြောကြားသွားသည်။ အမေရိကန် အခြေစိုက် (World Vision) နှင့် သြစတြေလျ အခြေစိုက် (CARE) တို့ အပါအဝင် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီ အတော် များများသည် မုန်တိုင်းဒဏ် အဆိုးဝါးဆုံး ခံခဲ့ရသော ဒေသများတွင် သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများကို စေလွှတ် ချထားနိုင်ခဲ့ပြီး ဖြစ်သည်။ အခြား ဝေးလံ ခေါင်သီလှသည့် မြစ်ဝကျွန်းပေါ် ဒေသတနေရာသို့ (CARE) အဖွဲ့ သွားရောက်ခဲ့ရာ ကျေးရွာသားများက “ကျနော်တို့ ဝမ်းစာစပါးတွေလဲ အကုန် ပျက်စီးသွားပြီ။ အုန်းသီးတွေ ကောက်စားနေရတယ်၊ ရေစိုဆန်အောက်တွေ စားပြီး အသက်ရှင်နေရတယ်” ဟု သူတို့ကို ပြောကြားခဲ့ကြသည်။ ဤအကြောင်းကို သတင်းထောက်များအား (CARE) အဖွဲ့ကြီး၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်ပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ဤကျေးရွာသို့ ယခု ရက်သတ္တပတ် အစောပိုင်းက သွားရောက် လေ့လာအပြီး ပြောကြားခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ ကုလသမဂ္ဂ အဖွဲ့ကြီးက သူတို့၏ နိုင်ငံတကာ ဝန်ထမ်း ၂ဝ ခန့်ကို မြစ်ဝကျွန်းပေါ် ဒေသသို့ စေလွှတ်နိုင်ခဲ့ပြီ ဖြစ်သော်လည်း ထိုဒေသတွင် ကြာရှည်နေခွင့် မရသေးဟု ဆိုသည်။ “မြစ်ဝကျွန်းပေါ် ဒေသကို အရောက်သွားရရေးဟာ စိန်ခေါ်မှုကြီး တရပ်ဖြစ်ဆဲပါဘဲ” ဟု ပေါလ်ရစ်စလေ (Paul Risley) က ယခု ရက်သတ္တပတ် အစောပိုင်းက ကျင်းပခဲ့သည့် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားခဲ့သည်။ “လွန်ခဲ့တဲ့ ၂ ပတ်က မစ္စတာ ဘန်ကီမွန်းနဲ့ သန်းရွှေတို့ တွေ့ပြီးကတဲက မြစ်ဝကျွန်းပေါ် ဒေသကို သွားခွင့်ရရေးဟာ သိသိသာသာ တိုးတက်မှု ရှိလာခဲ့ပါတယ်။ ခရီးသွားခွင့် ခွင့်ပြုမိန့် ရရေးအတွက် နှေးကွေး လေးလံလှတဲ့ ဗျူရိုကရက် ဆန်သည့် လုပ်ထုံးလုပ်နည်းများကို အဆင်ပြေ ချောမွေ့အောင် လုပ်နိုင်ခဲ့ပါသည်” ဟု လူသားချင်း စာနာမှုဆိုင်ရာ ကုလသမဂ္ဂ ညှိနှိုင်း ဆောင်ရွက်ရေးရုံး (UNOCHA) ၏ ပြောရေးဆိုခွင့်ရှိသူ ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောဆိုလိုက်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသသို့ သူတို့၏ နိုင်ငံတကာ ဝန်ထမ်းများ စေလွှတ်နိုင်ရေးအတွက် ကုလသမဂ္ဂ အနေဖြင့် ယခုအထိ ဆောင်ရွက်နိုင်ခဲ့ပြီ ဖြစ်သော်လည်း သူတို့ကို ကြီးမားစွာ ကန့်သတ် တားဆီးမှုများ လုပ်သည်ကို ခံနေရဆဲ ရှိသည်။ သူတို့ သွားလေရာ အစိုးရက ထည့်ပေးသည့် အစောင့်အရှောက်များ ပါနေသည်။ ကယ်ဆယ်ရေး လုပ်ငန်းတွင် သွားလိုရာ ဒေသသို့ အရောက်သွားခွင့် ရရေးသည် အဓိက ပြဿနာ ဖြစ်မြဲပင် ရှိသေးသည်။ ဤပြဿနာကို အာဆီယံ၊ ကုလသမဂ္ဂ၊ မြန်မာအစိုးရတို့၏ အကြီးတန်း ကိုယ်စားလှယ် ၉ ဦး ပါဝင်သည့် သုံးပွင့်ဆိုင် အစည်းအဝေးတွင် တင်ပြ ဆွေးနွေးခဲ့သည်။ မေလ (၃၁) ရက်နေ့ စနေနေ့တွင် တကြိမ်၊ ဇွန်လ (၂) ရက်နေ့ တနင်္လာနေ့တွင် တကြိမ် စုစုပေါင်း ၂ ကြိမ် တွေ့ဆုံခဲ့ပြီး ဖြစ်သည်။ ကယ်ဆယ်ရေး လုပ်ငန်းကို ထိထိရောက်ရောက် လုပ်နိုင်ရန် ကုလဝန်ထမ်းများ မြစ်ဝကျွန်းပေါ် ဒေသတွင် ကြာရှည်စွာ နေခွင့်ရရေးမှာ တကယ့် ပြဿနာတရပ် ဖြစ်သည်။ “နိုင်ငံတကာ ကျွမ်းကျင်သူတွေ ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေကို အရောက်သွားနိုင်ဘို့ လိုတယ်။ အခုအထိတော့ တံခါးက ကျယ်ကျယ် ဖွင့်မပေးသေးဘူး” ဟု ရစ်ချတ်ဟော်ဆေး (Richard Horsey) က ပြောကြား လိုက်ပါသည်။ မြစ်ဝကျွန်းပေါ် ဒေသသို့ နိုင်ငံတကာ ဝန်ထမ်းများ သွားရောက်၍ ကြာကြာနေခွင့် ရရေးအတွက် ကုလသမဂ္ဂက ကြိုးစားလျက် ရှိသည်။ သို့သော် မြန်မာအစိုးရက မည်သို့ တုံ့ပြန်မည်ဆိုသည့် အရိပ်အယောင် တစုံတရာ မတွေ့ရသေးပါ။ ကုလသမဂ္ဂက အကောင်း မျှော်လင့်နေသော်လည်း ခွဲခြမ်းစိတ်ဖြာ သုံးသပ်သူများကမူ ယခုအခါ ကယ်ဆယ်ရေး လုပ်ငန်း၏ ပင်မ နေရာများအဖြစ် သတ်မှတ်ထားသည့် လပွတ္တာနှင့် ဘိုကလေး မြို့များသို့သာ သွားခွင့် ပေး၍ အဆိုပါ ဝန်ထမ်းတို့၏ လှုပ်ရှားမှုကို ကန့်သတ်ထားလိမ့်မည်ဟု ယုံကြည်နေကြသည်။ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသရှိ သန်းပေါင်း များစွာသော လူတို့၏ အသက်မှာ ကုလသမဂ္ဂ၊ နိုင်ငံတကာ အေဂျင်စီများ၊ ဒေသခံ မြန်မာအုပ်စုများ၏ မုန်တိုင်းဒဏ်ခံ ဒေသများ၌ ကယ်ဆယ်ရေး လုပ်ငန်းကို ကြီးကြီးမားမား ထိထိရောက်ရောက် လုပ်ပေးနိုင်မှု အပေါ်တွင် မူတည်နေသည်။ သို့သော် အစိုးရဘက်မှ ပြသခဲ့သော လက္ခဏာများမှာမူ မကောင်းပါ။ ယခု ရက်သတ္တပတ် အစောပိုင်းက တိုင်းပြည်၏ ဒုတိယ အာဏာအရှိဆုံး ဗိုလ်ချုပ်ကြီး မောင်အေးနှင့် အခြား အဓိကကျ အရေးပါသည့် ဗိုလ်ချုပ်တယောက် ဖြစ်သော အတွင်းရေးမှူး ၁ တို့ မြစ်ဝကျွန်းပေါ် ဒေသသို့ သွားရောက် ကြည့်ရှုခဲ့ကြသည်။ ထို့နောက် ဒေသမြို့တော် ပုသိမ်တွင် ပြန်လည် တည်ဆောက်ရေးနှင့် ပြန်လည် ထူထောင်ရေး လုပ်ငန်းများကို ညှိနှိုင်းဆောင်ရွက် ပေးနေသည့် အစိုးရ အဖွဲ့ဝင် ဝန်ကြီးများအား “အစိုးရက အလှူရှင်တွေဆီက အလှူငွေတွေ လက်ခံ ရယူနေတဲ့ နိုင်ငံတကာ အန်ဂျီအို (INGOs) တွေနဲ့ ဒေသခံ အဖွဲ့အစည်းတွေကို စစ်ကြေညာထားပြီ” ဟု လွန်ခဲ့သော ၂ ရက်က ပြောကြားခဲ့သည်။ မောင်အေးသည် နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများအပေါ် ကြာမြင့်စွာ ကတဲကပင် သင်္ကာမကင်း ဖြစ်နေခဲ့သူ ဖြစ်သည်။ ၂ဝဝ၄ ခုနှစ် အောက်တိုဘာလတွင် စစ်ထောက်လှမ်းရေး အကြီးအကဲ ခင်ညွန့်ကို ဖမ်းဆီးခဲ့စဉ်က နိုင်ငံတကာ အန်ဂျီအိုများ၏ ဝင်ထွက်သွားလာ လှုပ်ရှားနိုင်မှု အတိုင်းအတာ အထူးသဖြင့် ရှမ်းပြည်နယ်တွင် ရရှိနေသည့် လုပ်ကိုင် ဆောင်ရွက်ခွင့်များကို တွေ့ရှိသွားပြီး အတော် တုန်လှုပ် ခြောက်ခြားသွားခဲ့သည်။ ဤတိုင်းရင်းသားများ အများစု နေထိုင်သည့် ဒေသများတွင် အစိုးရနှင့် ငြိမ်းချမ်းရေး ရယူထားသည့် တိုင်းရင်းသား အုပ်စုများကို လက်နက် ဖြုတ်ရန် အစိုးရ၏ ကြိုးပန်းမှုများကို (INGOs) များက မတည်မငြိမ် ဖြစ်စေလိမ့်မည်ဟု သူစိုးရိမ် ထိတ်လန့်ခဲ့သည်။ “ခုလဲ ဇာဂနာ နဲ့ ကိုကျော်သူလို ဒေသခံ မြန်မာ စေတနာရှင် အဖွဲ့တွေက လုပ်နေတဲ့ ကယ်ဆယ်ရေး လုပ်ငန်းတွေရဲ့ အတိုင်းအတာကို ကြည့်ပြီး သူလန့်နေမှာဘဲ။ စစ်အစိုးရက လုပ်နေတာက သူတို့ လုပ်နေတာနဲ့ နှိုင်းယှဉ်လိုက်ရင် ဘာမှ အရေးမပါဘူး ဖြစ်နေတယ်” ဟု လွတ်လပ်သော မြန်မာပညာရှင် ဦးဝင်းမင်းက မဇ္ဈိမကို ပြောကြားသွားပါသည်။ အကူအညီပေးရေး အေဂျင်စီ အများအပြားက ကားများ၊ ထရပ်ကားများ၊ လှေငယ်များကို ငှါးရမ်းကာ ဆိုင်ကလုံး ဒုက္ခသည်များကို ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးနေကြသည်။ ၎င်းတို့ထဲမှ အများအပြားမှာ ယခုထိ အရောက် မသွားနိုင်သေးသည့် ဒေသများတွင် ရှိနေသေးသည်။ ကယ်ဆယ်ရေး ပစ္စည်းများ ဖြန့်ဝေပေးပို့ရာတွင် အကူအညီ ရစေရန် ရဟတ်ယာဉ်များ သုံးဘို့ ကုလသမဂ္ဂက ကြိုးစားခဲ့သေးသည်။ သို့သော် ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ် (WFP) အနေနှင့် သူတို့ ကိုယ်ပိုင်ရဟတ်ယာဉ် တစင်းကိုသာ သုံးခွင့်ရသေးသည်။ လွန်ခဲ့သော ၂ ပတ်ကျော်က ကွာလာလမ်ပူမြို့မှ ရောက်ရှိလာခဲ့ခြင်း ဖြစ်ပြီး ယခုအထိ လပွတ္တာမြို့သို့ နေ့စဉ်ပျံသန်း ပို့ဆောင်ပေးနေသည်။နောက်ထပ် (WFP) ၏ ရဟတ်ယဉ် ၉ စင်းမှာ ရန်ကုန်သို့ ပျံသန်းခွင့်ရရန် ထိုင်းနိုင်ငံတွင် စောင့်ဆိုင်းနေဆဲ ရှိသေးသည်။ ယင်းတို့အနက်မှ ၂ စင်းမှာ တောင်အာဖရိကနိုင်ငံမှ သြစတြေလျ ကုန်တင် လေယဉ်ဖြင့် သယ်ဆောင်လာခဲ့ခြင်း ဖြစ်ပြီး ပြန်လည် တပ်ဆင်ပြီး စောင့်နေသည်မှာ တပတ် ကျော်သွားပြီ ဖြစ်သည်။ “ကယ်ဆယ်ရေး ပစ္စည်းတွေ ဖြန့်တဲ့ လုပ်ငန်းမှာ ရဟတ်ယာဉ်တွေက မြန်မြန်ဆန်ဆန် လုပ်ပေးနိုင်မှာ သေချာပါတယ်” ဟု (Smithuis) က ပြောကြားပါသည်။ သို့သော် စစ်အစိုးရကမူ နိုင်ငံတကာ လေယာဉ်များကို မြန်မာနိုင်ငံ နယ်နိမိတ်တဝိုက် ပျံသန်းခွင့် ပေးရန် ဝန်လေးနေဆဲပင် ရှိသည်။ မြန်မာစစ်တပ်သည် ကယ်ဆယ်ရေး လုပ်ငန်းတွင် အသုံးပြုရန် မြန်မာ စစ်တပ်၏ ရဟတ်ယဉ် ၄ စင်းကိုမူ အသုံးပြုခွင့် ပေးထားသည်။ နိုင်ငံတကာ အကူအညီပေးရေး အေဂျင်စီများ၏ အဓိက ဦးစားပေး လုပ်ငန်းမှာ သန်းနှင့်ချီရှိသည့် မုန်တိုင်းဘေးမှ လွတ်မြောက်ခဲ့သည့် ဒုက္ခသည်များထံ ကယ်ဆယ်ရေး ပစ္စည်းများ အရောက်ပို့ရေး ဖြစ်သည်။ အများစုမှာ လွန်ခဲ့သော ရက်သတ္တပတ် ၅ ပတ်လုံးလုံး အစားအစာသော် လည်းကောင်း၊ ရေသော် လည်းကောင်း မရဘဲ ရှိခဲ့သည်။ သူတို့ကို အမိုးအကာအောက်သို့ အရောက်ပို့ရန်လည်း လိုသည်။ အချို့မှာ ရေရှည် လိုအပ်ချက်များ ရှိနေကြောင်း ပြသနေသည်။ “သူတို့ အစာစားရဘို့ လိုတယ်။ အခုအတွက်ဘဲ မဟုတ်ဘူး၊ နောက်လ အတော်တော်များများ အတွက်ပါ လိုတာ။ သူတို့ စပါးပြန်စိုက်နိုင်မယ်လို့ ထင်ပါတယ်၊ ဒါပေမဲ့ မျိုးစပါး လိုတယ် လို့ ဒီလူတွေက ကျနော်တို့ကို ပြောကြတယ်။ အခု စိုက်မဲ့ စပါးတွေ အောင်မယ်ဘဲထားဦး၊ အဲဒီ စပါးတွေမပေါ်ခင် ၅ လလောက် စားဘို့က လိုသေးတယ်။ မြစ်ဝကျွန်းပေါ် အနှံ့ ကျေးရွာတွေအတွက် အစားအစာ အကူအညီတွေ ပေးဘို့ဟာ အဓိက ရေရှည် ဦးစားပေး လုပ်ငန်းပါ” ဟု (CARE) ၏ အရေးပေါ် တုံ့ပြန် ဆောင်ရွက်မှုပေးရေး ညွှန်ကြားရေးမှူး ဂျွန်မစ်ချဲလ် (Jon Mitchell) က ပြောကြား သွားပါသည်။ (MSF) အဖွဲ့ကြီးအတွက်မူ နောက်ထပ် ပို၍ကြီးမားသည့် အခြေခံ ပြဿနာ အခက်အခဲကြီး တရပ် ရှိသေးသည်။ မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများ၏ စိတ်ကျန်းမာရေး ပြဿနာ ဖြစ်သည်။ “မြစ်ဝကျွန်းပေါ်မှာ ကျနော် တွေ့ခဲ့တဲ့ သူတိုင်း စိတ်ခြောက်ခြားမှုလွန် စိတ်ဖိစီးမှုတွေ၊ သောကတွေ၊ ပရိဒေဝမီးတွေ တောက်လောင် ခံစားနေရတာကို တွေ့ခဲ့ရတယ်” ဟု မြစ်ဝကျွန်းပေါ်တွင် ၂ ပတ်ကြာ နေထိုင်ခဲ့သည့် (MSF) ၏ စိတ်ကျန်းမာရေး အကြံပေး Kaz de Jong က ပြောကြားသွားသည်။ “သူတို့ဟာ သိသိသာသာဘဲ ကြောက်လန့်နေတယ်၊ စိုးရိမ်နေတယ်၊ ဝမ်းနည်းပူဆွေး နေကြတယ်။ ကလေးတွေက တယောက်နဲ့တယောက် ဖက်ထားကြတယ်။ မုန်တိုင်း မကျခင် နောက်ဆုံး သူတို့လက်ထဲ ရှိနေခဲ့တဲ့ အရာတွေကို တင်းတင်းကြီး ဆုပ်ထားကြတယ်” ဟု သူက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။ “သူတို့ အိပ်မရဘူး၊ အိပ်မက်ဆိုးတွေ မက်တယ်၊ ဆိုင်ကလုံး မုန်တိုင်းမတိုက်ခင် နောက်ဆုံး အချိန်လေးကို သူတို့ စိတ်တွေက ပြန်ပြန် ရောက်သွားကြတယ်၊ မုန်တိုင်းအတွင်း အသက်ဆုံးပါးသွားကြတဲ့ သူတို့ ဆွေမျိုးတွေနဲ့ နောက်ဆုံးရှိခဲ့တဲ့ အချိန်လေးကို ပြန်ပြန်မြင်နေတယ်လို့ သူတို့က ကျနော်တို့ကို ပြောပြကြတယ်” ဟု သူက မဇ္ဈိမကို ပြောကြားသွားပါသည်။ သူတို့မှာ ခွန်အားတွေလဲ ဆုံးရှုံးသွားပြီ၊ လုပ်ချင်ကိုင်ချင်စိတ်လဲ မရှိတော့ဘူး၊ ဤအချက်များသည် သူတို့ဘဝများကို ပြန်လည် တည်ဆောက်ရာတွင် အဟန့်အတား ဖြစ်စေလိမ့်မည်။ “ဒါ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေနဲ့ ကြုံရတဲ့ အခါ ပုံမှန် တုံ့ပြန်မှု တရပ်ပါဘဲ” ဟု de Jong က ပြောပါသည်။ သို့သော် ဤလူ့အသိုင်းအဝိုင်း တခုလုံး အပြည့်အဝ ပြန်လည် နာလန်ထူလာဘို့ ဆိုလျှင် ဤရောဂါကို ကုသမှ ရမည်။ မြစ်ဝကျွန်းပေါ်အနှံ့ စိတ်ပျက် အားငယ်မှုများကို တွေ့နေရသည်။ အတွေ့ရ အများဆုံးမှာ အသက်ရှင် ကျန်ရစ်ခဲ့ရသည်ကို စိတ်မသန့် ဖြစ်နေခြင်း ဖြစ်သည်။ ကလေးများက ငူငူကြီးထိုင်ပြီး မိမိတို့ မိဘများက အသက်ရှင် ကျန်မနေခဲ့ဘဲ မိမိတို့က အသက်ရှင် ကျန်နေခဲ့သလဲဟု စဉ်းစား တွေးတောနေကြသည်။ “ဘယ်ကများ ဆန်ရပါ့မလဲလို့ တွေးပြီး ကျမတို့ စိတ်ပူနေရတယ်။ ဒါပေမဲ့ စားတော့ စားရမှာဘဲ၊ စားတော့ စားချင်တာဘဲ။ မုန်တိုင်းထဲမှာ အားလုံး ဆုံးရှုံးသွားပြီ၊ ကျမက ဘာလို့ စားနေဦးမှာလဲ” ဟု အဖွားအို တဦးက (MSF) ဆရာဝန်တဦးကို ပြောပြပါသည်။ဤစိတ်ဒဏ်ရာကို ကုသရန် မြန်မာ နှစ်သိမ့်ဆွေးနွေးရေး ပညာရှင်များကို (MSF) က သင်တန်းပေးနေသည်။ သို့သော် ဤဝေဒနာသည် အားလုံးကို ကုသရမည့် အရေးမှာ အတော့်ကို ခက်ခဲသည့် လုပ်ငန်းကြီးတရပ် ဖြစ်နေသည်။ အချိန်များစွာ ယူရမည်။ သူတို့၏ နေအိမ်များ၊ သူတို့ လယ်ယာများ၊ သူတို့ ငါးကန်များကို ပြန်လည် တည်ဆောက် လုပ်ကိုင်နိုင်သည့်တိုင်အောင် ဤဆင်းရဲလှသော လူထုအတွက် ဆိုင်ကလုံး မုန်တိုင်းက ချန်ထားခဲ့သည့် စိတ်ဒဏ်ရာမှ ကျော်နင်းလွန်မြောက်နိုင်ရန်မှာ တဘဝစာလဲ ကြာချင်ကြာလိမ့်မည်။
လာရီဂျေဂင်
Rest of your post
Sunday, June 8, 2008
ဆိုင်ကလုံးနာဂစ် ပြန်လည် တည်ဆောက်ရေးရဲ့ မမြင်ရတဲ့ အဖိုးအခများ
Posted by
54freedom
at
8:53 AM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
ဇာဂနာ ပျောက်ဆုံးနေ
ဝိုင်းပီး
သောကြာနေ့၊ ဇွန်လ 06 2008 21:45 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ နှစ်ရက်သာ ကြာမြင့်မည်ဆိုကာ ဖမ်းဆီးသွားခဲ့သော သရုပ်ဆောင် ကိုဇာဂနာ ကို မည်သည့်နေရာတွင် ထိန်းသိမ်းထားသည် ကိုပင် စုံစမ်းမရဘဲ ပျောက်ဆုံးနေကြောင်း မိသားစုဝင်များနှင့် မိတ်ဆွေများက ပြောကြသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အထူးရဲသတင်း တပ်ဖွဲ့များက ဇွန် ၄ ရက်နေ့က မေးမြန်းစရာရှိသဖြင့် ခေါ်ဆောင်ခြင်း ခံရပြီးနောက် ပျောက်ဆုံးနေခြင်း ဖြစ်သည်။နာဂစ်မုန်တိုင်း လေဘေး ဒုက္ခသည်များကို အနုပညာ လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အင်တိုက်အားတိုက် ကူညီ စောင့်ရှောက်နေရင်း အဖမ်းခံရခြင်း ဖြစ်သည်။ရဲများက စမ်းချောင်းမြို့နယ်ရှိ သူ၏ နေအိမ်တွင် ဝင်ရောက် ရှာဖွေပြီး စိန်စီသောည၊ ရမ်ဘိုအပိုင်း ၄ ၊ နာဂစ်ရဲ့ ဘဝဆိုးည စသည့် ဗီစီဒီခွေများ၊ နာဂစ်မုန်တိုင်းနှင့် ပတ်သက်၍ ကလေးသူငယ်များ သီဆိုသည့် သီချင်းခွေ၊ စာရင်းစာအုပ် ၂ အုပ်နှင့် ငွေများ သိမ်းဆည်းသွားသည်။လွန်ခဲ့သည့် နှစ်ပေါင်း ၂ဝ အတွင်း ကိုဇာဂနာသည် အာဏာပိုင်များ၏ ဖမ်းဆီးခြင်းကို ၅ ကြိမ်မြောက် ခံခဲ့ရပြီး၊ အနုပညာ လုပ်ငန်းများတွင် ဖျော်ဖြေ တင်ဆက်ခွင့် ပိတ်ပင်ထားခံရသည်။
Posted by
54freedom
at
8:50 AM
0
comments
Labels: ပြည်တွင်း သတင်းများ
ဒီချုပ် လူငယ် ၁၇ ဦးကို အောင်သပြေတွင် ထိန်းသိမ်းထား
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 06 2008 20:08 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ နေအိမ် အကျယ်ချုပ် ကျခံနေရသော အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှေ့သို့ သွားရောက်ရန် ကြိုးစား၍ အဖမ်းခံခဲ့ရသူ လူငယ် ၁၇ ဦးကို ရဲစစ်ကြောရေး စခန်းတခုတွင် ထိန်းသိမ်းထားသည်။
ဒီချုပ်ပါတီဝင် လူငယ်များသည် ပါတီ အနိုင်ရခဲ့သည့် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲ နှစ်ပတ်လည်နေ့တွင် ဒေါ်စု နေအိမ်သို့ ချီတက်ခဲ့ကြရာ လမ်းခုလတ်တွင်ပင် ရဲများက ဖမ်းဆီးခဲ့သည်။ ထို့နောက် သမိုင်းလမ်းဆုံအနီး အောင်သပြေ စစ်ကြောရေး စခန်းတွင် ချုပ်နှောင်ထားပြီး မိသားစုဝင်များနှင့်လည်း တွေ့ဆုံခွင့် မပြုဘဲထားသည်။ဖမ်းဆီးထားသူများကို ရုံးတင် တရားစွဲဆိုလျှင် အဖွဲ့ချုပ် အနေဖြင့် ရှေ့နေငှားရမ်းကာ တရား ရင်ဆိုင်သွားရန် ပြင်ဆင်လျှက် ရှိသည်ဟု အတိုက်အခံ နိုင်ငံရေးပါတီ သတင်းရပ်ကွက်က ပြောသည်။
Posted by
54freedom
at
8:46 AM
0
comments
Labels: ပြည်တွင်း သတင်းများ
မြန်မာသံရုံးရှေ့ ဆန္ဒပြသူများ ရဲကဖြိုခွင်း
မဇ္ဈိမသတင်းဌာန
သောကြာနေ့၊ ဇွန်လ 06 2008 18:28 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တက်ကြွလှုပ်ရှားသူများ၏ နယူးဒေလီသံရုံးရှေ့ ရှားရှားပါးပါး ဆန္ဒပြပွဲ တရပ်ကို အိန္ဒိယရဲများက ဝင်ရောက် တားဆီးကာ ဆန္ဒပြသမားများကို သောကြာနေ့က လူစုခွဲလိုက်သည်။
နယူးဒေလီ ချနကျာပူရီ အရပ်ရှိ မြန်မာသံရုံးရှေ့တွင် မြန်မာနှင့် အိန္ဒိယနိုင်ငံသား တက်ကြွလှုပ်ရှားသူ ၃၅ ဦးခန့် စုရုံးကာ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးရေးအတွက် တောင်းဆို ဆန္ဒပြခဲ့ကြသည်။ သို့သော် ဆန္ဒပြပွဲမှာ ခဏတာမျှသာ ခံပြီး အိန္ဒိယ ရဲတပ်ဖွဲ့ဝင်များ ရောက်ရှိလာသဖြင့် ဆန္ဒပြသူများ အမြန် အဆုံးသတ် လိုက်ကြရသည်။ “ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဘို့နဲ့ အကူအညီပေးရေး အုပ်စုတွေကို ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို လွတ်လွတ်လပ်လပ် ဝင်ရောက်ခွင့်ပေးဘို့ မုန်တိုင်း ဒုက္ခသည်တွေကို ကယ်ဆယ်ခွင့် ပေးဘို့ စစ်အစိုးရကို တောင်းဆို ဆန္ဒပြခဲ့ကြတာပါ” ဟု ဆန္ဒပြရာတွင် ပါဝင်သူတဦး ဖြစ်သည့် ကင်မ် (Kim) က မဇ္ဈိမသတင်းဌာနကို ပြောကြားသွားပါသည်။ သို့သော် ဆန္ဒပြသူများက သံရုံးနံရံတွင် မှုတ်ဆေးဖြင့် ‘မြန်မာပြည် လွတ်မြောက်ရေး’၊ ‘အောင်ဆန်းစုကြည်ကို လွှတ်ပေး’ စသည်တို့ကိုရေးသားနိုင်ခဲ့ကြပြီး၊ မေလ ၂ ရက်နှင့် ၃ ရက်နေ့များက မြန်မာနိုင်ငံကို ဝင်ရောက် တိုက်ခတ်သွားခဲ့သော နာဂစ် ဆိုင်ကလုံး မုန်တိုင်းဒဏ်က အသက်မသေ လွတ်မြောက် ကျန်ခဲ့သူများကို ကယ်တင်ရေးအတွက် လွတ်လပ်စွာ ဝင်ရောက်သွားလာခွင့် ပေးရေး တောင်းဆိုသည့် ပိုစတာများကို ကပ်နိုင်ခဲ့ကြသည်။ ကုလသမဂ္ဂ၏ စာရင်းဇယားများအရ နာဂစ် ဆိုင်ကလုံး မုန်တိုင်းကြောင့် လူပေါင်း ၁၃ဝဝဝဝ သေဆုံး သို့မဟုတ် ပျောက်ဆုံးနေပြီး အနည်းဆုံး ၂.၄ သန်းမှာ မုန်တိုင်းဒဏ် ခံခဲ့ကြရသည်ဟု ဆိုသည်။ မြေပြင် သတင်းများအရ မြစ်ဝကျွန်းပေါ် ဒေသသို့ ဝင်ရောက် လှုပ်ရှားခွင့်ကို စစ်အစိုးရက ကန့်သတ်ထားခြင်းကြောင့် မုန်တိုင်းဘေးမှ အသက်မသေ လွတ်မြောက်ခဲ့သူများကို ကယ်တင်ရေးတွင် အတားအဆီး တရပ် ဖြစ်နေသည်ဟု ဆိုသည်။ “အစားအစာ၊ ရေ၊ ဆေးဝါး နှင့် အမိုးအကာများကို အရေးတကြီး အပူတပြင်း လိုအပ်နေသည့် မြန်မာနိုင်ငံ ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒုက္ခသည်များသည် စစ်အစိုးရက နိုင်ငံတကာ ကယ်ဆယ်ရေး အကူအညီများကို တားဆီး ကန့်သတ်မှုများ လုပ်ဆောင်နေခြင်းကြောင့် ငရဲတမျှ ဆိုးဝါးသော အခြေအနေနှင့် ရင်ဆိုင်နေရသည်။ သဘာဝ ကပ်ဘေး အန္တရာယ်မှာ ယခုအခါ လူကလုပ်သည့် ကပ်ဘေးကြီး ဝမ်းနည်းဘွယ် အဖြစ်ဆိုးကြီးသို့ ပြောင်းလဲသွားရသည်” ဟု သံရုံးသို့ ပေးပို့ သည့် ဆန္ဒပြသူများ၏ ပေးစာတွင် ရေးသားထားသည်။ ဤနေရာသည် တရားဝင် တားဆီး ကန့်သတ်ထားသည့်ဒေသ ဖြစ်သည့်အတွက် သံရုံးရှေ့မှ ဆန္ဒပြသူများကို ဖြိုခွဲရခြင်း ဖြစ်သည်ဟု အိန္ဒိယရဲများက ပြောပါသည်။
Posted by
54freedom
at
8:41 AM
0
comments
ကုလ လူ့အခွင့်အရေး ကိုယ်စားလှယ်က ပြည်ဝင်ခွင့်ပေးရန် တောင်းဆို
နေသွင်
သောကြာနေ့၊ ဇွန်လ 06 2008 16:25 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ လက်ရှိ မြန်မာ့ လူ့အခွင့်အရေး အခြေအနေကို စုံစမ်း လေ့လာနိုင်ရန်အတွက် ပြည်ဝင်ခွင့် ထုတ်ပေးရန် မြန်မာပြည်ဆိုင်ရာ ကုလ လူ့အခွင့်အရေး အထူး ကိုယ်စားလှယ်သစ်က တောင်းဆိုသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မတ်လအတွင်း အသစ် ခန့်အပ်ခံခဲ့သော အာဂျင်တီးနား နိုင်ငံသား Tomás Ojea Quintana သည် ကုလ လူ့အခွင့်အရေး ကောင်စီသို့ တင်ပြသော ပထမဆုံး အစီရင်ခံစာတွင် ယခုလို ထည့်သွင်း တောင်းဆိုခြင်း ဖြစ်သည်။ကောင်စီက မြန်မာပြည်၏ လူ့အခွင့်အရေး အခြေအနေကို ဆက်လက် စုံစမ်းရန် သက်တမ်း တနှစ်တိုးပြီးနောက် မစ္စတာ ပီညဲရိုး၏ တာဝန်ကို လွှဲပြောင်းယူသော မစ္စတာ Tomás Ojea Quintana သည် မေလ ၁ ရက်နေ့ကတည်းက လုပ်ငန်း စတင်နေပြီ ဖြစ်သည်။သူသည် မေလ ၆-၇ ရက် နေ့များတွင် မြန်မာ စစ်အစိုးရထံ စာနှစ်စောင် ပေးပို့ရာ ပထမတစောင်တွင် မုန်တိုင်းဒဏ်သင့် ပြည်သူများအတွက် ဝမ်းနည်းကြောင်းနှင့် ဒုတိယစာတွင် မြန်မာပြည်သို့ သွားရောက်ခွင့် ပေးရန် တောင်းဆိုထားသည်ဟု သိရသည်။နအဖ က ပထမစာကို အကြောင်းပြန်သော်လည်း ဒုတိယစာနှင့် ပတ်သက်၍ အကြောင်းမပြန်သေးဟု မစ္စတာ Quintana က သူ၏ ဇွန်လ ၄ ရက် နေ့စွဲနှင့် အစီရင်ခံစာတွင် ရေးသားထားသည်။ စာမျက်နှာ ၁၆ မျက်နှာရှိပြီး မတ်လ ၂၆ ရက်မှ စတင် စုဆောင်းရရှိသော အချက်အလက်များ အရ မြန်မာ့ လူ့အခွင့်အရေး အခြေအနေသည် မစ္စတာ ပီညဲရိုး လက်ထက်ကအတိုင်း မပြောင်းလဲဟု ဆိုသည်။နအဖ ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ “ယုံကြည်လောက်သော၊ ကျယ်ပြန့်စွာ လက်ခံနိုင်သော အခြေအနေသည် စိတ်မကောင်းစရာ ဝေဝါးနေသည်” ဟု ဆိုသည်။ ဆန္ဒခံယူပွဲ ကျင်းပခဲ့ပုံနှင့် ရရှိသော သင်ခန်းစာများကို လူသိရှင်ကြား အစီရင်ခံစာ ထုတ်ပြန်ရန်လည်း နအဖကို တောင်းဆိုသည်။ဆန္ဒခံယူပွဲ မတိုင်ခင် ဖမ်းဆီးခံရမှုများ၊ ဆန္ဒမဲပေးရာတွင် မဲပေးသူများ၏ ဆန္ဒကို မလေးမစား ပြုလုပ်ခြင်း၊ မကျေနပ်သော တိုင်ကြားချက်များ၊ ထောက်ခံမဲ တောင်းခံသည့် ပိုစတာများကို မဲရုံတွင် ကပ်ထားသည် ဟူသော တိုင်တန်းချက်များကို ရရှိထားသည်ဟု သူက ပြောဆိုသည်။အစီရင်ခံစာတွင် ပြည်သူများသည် လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့် မရဘဲ အဖမ်းခံရသော လူ့အခွင့်အရေး လှုပ်ရှားသူများ အခြေအနေ၊ ပြည်တွင်းမှ စာနယ်ဇင်းသမားများ၊ နိုင်ငံရေး လှုပ်ရှားသူများနှင့် နိုင်ငံရေး အကျဉ်းသားများ အခြေအနေနှင့် ပတ်သက်သော စိုးရိမ်သောကကို ဖော်ပြထားသည်။မုန်တိုင်းဒဏ်ခံ ဒေသများရှိ အမျိုးသမီးများနှင့် အုပ်ထိန်းသူမဲ့ ကလေးငယ်များ၊ အေအိုင်ဒီအက် ဝေဒနာရှင်များ၊ လူနည်းစု တိုင်းရင်းသားများကို ကူညီရန်အတွက် အစိုးရအနေနှင့် ပူးပေါင်း ဆောင်ရွက်မည့်အဖွဲ့ ဖွဲ့ရန်အပြင် ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ရန်၊ နိုင်ငံရေး အကျဉ်းသားများကို ပြန်လွှတ်ရန်၊ စက်တင်ဘာ အရေးအခင်းတွင် ပျောက်ဆုံးနေသူများအတွက် စုံစမ်းရေးအဖွဲ့ ဖွဲ့ပြီး လုပ်ငန်း တိုးတက်မှုကို အစီရင်ခံရန်နှင့် နိုင်ငံရေး အကျဉ်းသားများ၏ ကျန်းမာရေး စောင့်ရှောက်မှုကို အာမခံရန် နအဖထံ အကြံပြုသည်။ကုလ အထွေထွေ အတွင်းရေးမှူးချုပ်ကို ပေးထားသော ကတိအတိုင်း နိုင်ငံတကာမှ လူသားချင်းစာနာသည့် အဖွဲ့များကို မဟန့်အတားမရှိ မုန်တိုင်းဒဏ်ခံ ဒေသများသို့ ဝင်ရောက်ခွင့်ပေးပြီး အကူအညီပေးရေး လုပ်ငန်းအတွက် လိုအပ်သော အချက်အလက်များ စုဆောင်းခွင့် ပေးရန်လည်း ပြောဆိုသည်။ယခု အစီရင်ခံစာကို နေရာစုံမှ ရရှိထားသော သတင်း အချက်အလက်များပေါ် အခြေခံ ရေးသားခြင်း ဖြစ်ပြီး တိကျသော အစီရင်ခံစာ ဖြစ်စေရန် မြန်မာ စစ်အစိုးရဘက်မှ အတည်ပြုချက်ကို တောင်းခံလိုက်သည်။
Posted by
54freedom
at
8:27 AM
0
comments
Thursday, June 5, 2008
မြန်မာ့ ကာမိကာဇေ၊ သို့မဟုတ် ကိုယ်တိုင်ရေး သမိုင်း
နေသန်မောင်
ကြာသပတေးနေ့၊ ဇွန်လ 05 2008 13:23 - မြန်မာစံတော်ချိန်
မြန်မာ့ရေပိုင်နက်အနီး နိုင်ငံတကာ ရေပိုင်နက်အတွင်း နာဂစ် လေမုန်တိုင်းဒဏ် ခံရသူများအတွက် အရေးပေါ် အကူအညီ ပေးနိုင်ရေး သီတင်းပတ်ပေါင်း များစွာ စောင့်ဆိုင်းနေခဲ့တဲ့ အမေရိကန် ရေတပ်သင်္ဘောတွေ ပြန်လည် ဆုတ်ခွါလိုက်တာနဲ့အတူ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာရဲ့ ၀င်ရောက် စွက်ဖက်ရေးအတွက် မျှော်လင့်ချက် အသီးသီးဟာလည်း နောက်ထပ်တကြိမ် ပြိုလဲသွားခဲ့ပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အမေရိကန် ကာကွယ်ရေးဝန်ကြီး ရောဘတ်ဂိတ်ရဲ့ “နိုင်ငံတနိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ကျနော်တို့ လေးစား လိုက်နာရပါမယ်” ဆိုတဲ့အပြောနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ပြည်သူတွေအပေါ် ရက်စက် ဖိနှိပ်နေတဲ့ မြန်မာ စစ်အစိုးရအပေါ် ထားတဲ့ အမေရိကန်လူသန်ကြီးရဲ့ နောက်ဆုံး ပေါ်လစီက လူအများအပြားကို အံ့အား သင့်သွားစေခဲ့ပါတယ်။ မေလဆန်းပိုင်းကစပြီး နာဂစ် လေမုန်တိုင်းကြောင့် ဧရာဝတီတိုင်းနဲ့ ရန်ကုန်တိုင်းတို့မှာ လူပေါင်း (၁) သိန်းခွဲ နီးပါး အသက် ဆုံးရှုံးခဲ့ရမှုအပေါ် စစ်အစိုးရရဲ့ ကိုင်တွယ်ပုံနဲ့ ပတ်သက်ပြီး ပြင်သစ်နဲ့ ဗြိတိသျှ အစိုးရတို့ရဲ့ သဘောထားက အတော်ကလေးကို ပြင်းပြင်းထန်ထန် ရှိခဲ့ပြီး လူသားချင်း စာနာရမယ့် ၀င်ရောက် စွက်ဖက်မှုဆိုတဲ့ စကားလုံးကို ကျယ်ကျယ်လောင်လောင် သုံးနှုံးခဲ့ပါတယ်။ ဒါ့အပြင် နိုင်ငံတကာ ကူညီ ကယ်ဆယ်ရေးအဖွဲ့တွေ ၀င်ရောက်ခွင့်ကို ပိတ်ဆို့ထားတာနဲ့ ပတ်သက်ပြီး စစ်အစိုးရဟာ လူမဆန်တဲ့ ရာဇ၀တ်မှုကို ကျူးလွန်နေတယ်လို့ စွပ်စွဲခဲ့ပါတယ်။ နိုင်ငံတကာမှာ ဥပေဒအရ ပြင်းထန်တဲ့ အရေးယူမှုတွေ လုပ်ဆောင်နိုင်တဲ့ ဒီစွဲချက်ဟာ လုံခြုံရေး ကောင်စီရဲ့ ဗီတိုအာဏာပိုင် ဥရောပနိုင်ငံ (၂) နိုင်ငံက ဆောင်ရွက်ခဲ့တာမို့ မြန်မာပြည် အကျပ်အတည်းဟာ နေ့လားညလား ဖြစ်ခဲ့ရတာပါ။နာဂစ်မုန်တိုင်းလွန် ကာလတွေမှာ အမေရိကန်အစိုးရဲ့ မြန်မာ့အရေး ချဉ်းကပ် လုပ်ဆောင်မှုတွေဟာ လုပ်နိုင်တဲ့ အတိုင်းအတာ တခုအတွင်း တတ်နိုင်သမျှ အကောင်းဆုံး လုပ်ခဲ့တယ် ဆိုတာကတော့ သံသယ မရှိပါဘူး။ စစ်အစိုးရနဲ့ သံခင်းတမန်ခင်း တိတ်တိတ်ပုန်း ညှိနှိုင်းပြီး အမေရိကန် ကယ်ဆယ်ရေး ထောက်ပံ့ ပစ္စည်းတွေကို လေယာဉ်တွေနဲ့ ရန်ကုန်မြို့ကို အကြိမ်ကြိမ် ပေးပို့နိုင်ခဲ့ပါတယ်။ စစ်အစိုးရအပေါ် အာဆီယံ အပါအ၀င် အနောက်နိုင်ငံတွေက အကြီးအကျယ် စိတ်ပျက်လက်ပျက် ဖြစ်နေချိန်မှာ အမေရိကန်ဟာ ခပ်မဆိတ် နေခဲ့ပါတယ်။ ရှင်းရှင်းပြောရရင် ဒီပွဲမှာ ၀ါရှင်တန်ဟာ လက်ရှောင်နေခဲ့ပါတယ်။ ဒီအတွက် ရလဒ်ကောင်းတခုကတော့ မြန်မာ စစ်အစိုးရအပေါ် အစဉ်တစိုက် ပိတ်ဆို့ဖိအားပေး တိုက်ခိုက်နေခဲ့တဲ့ အမေရိကန် ပေါ်လစီဟာ အလုပ်မဖြစ်ဘူးဆိုတဲ့ တရုတ်အပါအ၀င် မြန်မာ့ အိမ်နီးချင်းတွေကို ကဲ ... ကြည့်ကြပါ၊ ဘယ်သူက မှားနေတာလဲလို့ ထုတ်ပြပြီး စစ်အစိုးရရဲ့ ဗီလိန်ရုပ် အသွင်မှန်ကို ဘွင်းဘွင်းကြီး ချပြလိုက်နိုင်တာပါ။ မြန်မာပြည်သူတွေရဲ့ ဒုက္ခတွေအပေါ် အမေရိကန်က လျစ်လှူပြု မထားပါဘူးဆိုတဲ့ ပေါ်လစီကိုတော့ ကောင်းကောင်းကြီး ပြသခဲ့ပါတယ်။ဒါပေမယ့် အမေရိကန်ရဲ့ သရုပ်မှန်ဝါဒ ချဉ်းကပ်မှုဟာ မြန်မာပြည်သူတွေရဲ့ မျှော်လင့်ချက် ရွှေတောင်ကြီး တအိအိ ပြိုကျခဲ့တယ် ဆိုတာကတော့ ငြင်းပယ်လို့ မရပါဘူး။ ၁၉၈၈ ဒီမိုကရေစီရေး အုံကြွဆန္ဒပြမှု နောက်ပိုင်း၊ ၂၀၀၅ ခုနှစ် သန်းရွှေ စစ်အစိုးရ နေပြည်တော်ကို ဆိုင်းမဆင့်ဘုံမပါ ပြောင်းပြေးမှု၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင် တော်လှန်ရေးနဲ့ နာဂစ်မုန်တိုင်းဒဏ် ပြဿနာ အရပ်ရပ်တိုင်းမှာ အမေရိကန် ဦးဆောင်တဲ့ နိုင်ငံတကာ တပ်တွေ စစ်အစိုးရကို ၀င်ရောက် တိုက်ခိုက်ပါဆိုတဲ့ မျှော်လင့်ချက်တွေက (ကျူးကျော်မှု ထောက်ခံရေး၊ ဆန့်ကျင်ရေး သဘောထားတွေ ရှိနေလင့်ကစား) ပြည်သူတွေအကြား သက်သေ သကာယတွေအဖြစ် ထင်ထင်ရှားရှား ရှိခဲ့တာပါ။၂၀၀၈ အမေရိကန်မှာ သမတ ရွေးကောက်ပွဲတွေ အတွက် ပဏာမ ပြင်ဆင်မှုတွေ အရှိန်ရနေချိန်၊ လက်ရှိ အစိုးရအဖွဲ့ရဲ့ ရာထူးသက်တမ်း လအနည်းငယ်သာ ကျန်တော့တဲ့အချိန်၊ အမေရိကန် ပြည်ထောင်စုမှာ စီးပွါးရေး ကျဆင်း၊ ရေနံဈေးတွေ ကြောက်ခမန်းလိလိ ထိုးတက်နေပြီး လူထုတွေ ညည်းငြူနေချိန်မှာ အမေရိကန်ဟာ နိုင်ငံတကာ နိုင်ငံရေး နယ်ပယ်မှာ စွန့်စားခန်းတွေ လုပ်ဖို့ အကန့်အသက်တွေ တင်းကြပ် ပြည့်နေပါတယ်။ မြန်မာပြည် မုန်းတိုင်းဘေးသင့်လို့ သိန်းချီပြီး လူတွေ အသက်ဆုံးချိန် ပြင်သစ်နဲ့ ဗြိတိန်အစိုးရတို့ လောက်တောင် လေသံဟဟ မထွက်ခဲ့တဲ့ အမေရိကန်ဟာ သန်းရွှေ စစ်အစိုးရဲ့ လုပ်ရပ်အပေါ် “လျစ်လျူပြု ခံနေရတဲ့ ရာဇ၀တ်မှု” အဖြစ်သာ ရောဘတ်ဂိတ်က ပြောပြီး အမေရိကန် ပါဝင် ပက်သက်မှုကို တခန်းရပ်စေခဲ့ပါတယ်။မြန်မာ စစ်အစိုးရရဲ့ လူမဆန်တဲ့ လုပ်ရပ်တွေနဲ့ ပတ်သက်လို့ နိုင်ငံတကာရဲ့ ခြေလှမ်းတိုင်းအပေါ် မြန်မာပြည်သူတွေ စိတ်ပျက်လက်ပျက် ဖြစ်နေခဲ့တာ နှစ် (၂၀) ကြာခဲ့ပါပြီ။ အထူးသဖြင့် ကုလသမဂ္ဂနဲ့ အာဆီယံ၊ တရုတ်နဲ့ အိန္ဒိယတို့ရဲ့ မြန်မာပြည်အပေါ် သဘောထားတွေကြောင့် လူထုဟာ ခြေကုန်လက်ပန်း ကျသလောက် ဖြစ်တာပါ။ မြန်မာပြည်သူတွေဟာ နိုင်ငံတကာ အကူအညီကို နေ့နေ့ညည မျှော်လင့်ချက်တွေ အပြည့်နဲ့ စောင့်ဆိုင်းခဲ့ရတာတွေဟာ တခါမျှ အရာမထင်ခဲ့ပါဘူး။ နောက်ဆုံးတော့လည်း ရှိသမျှ ဒုက္ခ အ၀၀ကိုသာ ခါးစည်း ခံတော့မယ်ဆိုတဲ့ စိတ်တွေနဲ့ ဆက်ပြီး အသက်ရှင်နေကြဆဲပါ။ ကုလသမဂ္ဂဟာ မြန်မာပြည်သူတွေ စိတ်အပျက်ရဆုံး အယုံအကြည် ထားဖို့ မသင့်တော့တဲ့ ကမ္ဘာ့ အဖွဲ့အစည်းကြီး တစ်ခုအဖြစ် ပြည်သူတွေက ထင်မြင်လာပါတယ်။ ဒီအခြေအနေတွေဟာ ၁၉၈၈ ခုနှစ်နောက်ပိုင်း မြန်မာနိုင်ငံရေး လှုပ်ရှားမှုတိုင်းမှာ နိုင်ငံတကာရဲ့ ထောက်ခံကူညီမှုကို အဆက်အပြတ် တောင်းခံရင်း တဆင့်ပြီးတဆင့် ပေါ်ပေါက်လာခဲ့ရတဲ့ ပြည်သူတွေရဲ့ မျှော်လင့်ချက်တွေ ဖြစ်ပြီး ဒီမျှော်ကိုးမှုတွေဟာ ဘယ်တော့မှာ အစစ်အမှန် ဖြစ်မလာခဲ့ပြန်ပါဘူး။စစ်တပ်ရဲ့ ဆိုးရွားတဲ့ ဖိနှိပ်မှုအောက်မှာ လူထုတရပ်လုံးဟာ ထွက်ပေါက်ပိတ်ပြီး ပြင်ပကမ္ဘာရဲ့ ဒဏ္ဍာရီဆန်ဆန် ကယ်တင်မှုကို ငံ့လင့်လာပါတယ်။ ကိုယ့်အားကိုယ်ကိုးမှု အခြေခံတွေ တစတစ ဆုတ်ယုတ်လာပြီး စစ်ဖိနပ်အောက်မှု ဘ၀တွေကို စတေးနေကြရပါတယ်။ဒီအခြေအနေမှာ စစ်အုပ်စုကို အမြစ်ဖြုတ် ခြေမှူန်းရေး လူထုတိုက်ပွဲတွေ အတွက် မျှော်လင့်ချက်ဟာ လက်တွေ့ ဖြစ်မလာခဲ့ပါဘူး။ ကြပ်တည်းမှုကြီး လာတိုင်း လူထုအုံကြွမှု ပေါ်ပေါက်ရမယ် ဆိုတဲ့ သီအိုရီတိုင်းဟာ မမှန်ပါဘူး။ လက်ရှိ မြန်မာစစ်တပ်ရဲ့ အုပ်စိုးမှုဟာ ခပ်ယိုင်ယိုင်ပဲ ရှိတယ်ဆိုတာ အားလုံး သိထားကြပေမယ့် ၀ုန်းခနဲ ပြိုလဲသွားအောင် ဖြိုလှဲနိုင်တဲ့ အားအပေါ် မေးခွန်း ထုတ်စရာပါ။ နှစ်ပေါင်း (၄၀)ကျော်ကြာ ဖိနှိပ်မှုတွေအောက် ပြားပြားဝပ်နေရတဲ့ မြန်မာပြည်သူတွေဟာ မျိုးဆက် တခုပြီးတခု စနစ်တကျ ဖျက်ဆီးခံခဲ့ရပြီး လူထုအာဏာ လှုပ်ရှားမှုအတွက် အားမှန်သမျှကလည်း တစစီ လွင့်စင်အောင် လုပ်ခံခဲ့ရပါတယ်။ အကောင်းဆုံးသော ဥပမာကတော့ ရွှေဝါရောင် တော်လှန်ရေးရဲ့ သင်ခန်းစာအရ စစ်အုပ်စုအပေါ် ကြောက်ရွံ့စိတ်တွေ၊ မုန်းတီးမှုတွေ အမြင့်ဆုံး ဒီဂရီကို ရောက်ခဲ့ပေမယ့် စစ်ဗိုလ်တွေရဲ့ အာဏာ ဆုပ်ကိုင်ထားမှုအပေါ် အပြီးသတ် တွန်းလှန်နိုင်ဖို့ အတွက်တော့ နောက်တွန့်ခဲ့ပါတယ်။ ဒါတွေဟာ ပကတိ အမှန်တရားတွေ ဖြစ်ပါတယ်။ အဲဒီကနေ နောက်တဆင့်ကို မရောက်ခဲ့ပါဘူး။နာဂစ်မုန်တိုင်း ဖြစ်ပြီး ရက်အနည်းငယ် လောက်ကစပြီး ပြည်တွင်းပြည်ပက တက်ကြွ လှုပ်ရှားသူ အများစုက လေဘေးကပ်ဆိုးကို နိုင်ငံရေးနဲ့ မရောထွေးဖို့ကို ကြွေးကြော်ပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေအတွက် အကူအညီတွေ တောင်းခံခဲ့ကြပါတယ်။ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာ မိသားစုကလည်း မြန်မာပြည်က သဘာဝ ကပ်ဘေးကြီးကို နိုင်ငံရေး ပြဿနာတွေနဲ့ မရောထွေးဖို့ သတိကြီးကြီးထားပြီး ခြေလှမ်းတွေ စခဲ့ပါတယ်။ အားလုံးရဲ့ မျှော်လင့်ချက်တွေဟာ ပွဲဦးထွက်မှာကတည်းက တပ်လန်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ သန်းရွှေ ဦးဆောင်တဲ့ ခေါင်းမာ ဂိုဏ်းသားတွေဟာ နာဂစ်အရေးကို နိုင်ငံရေးနဲ့ ပေါင်းစပ်ပြီး ပြည်တွင်းပြည်ပကို တုံ့ပြန်ခဲ့ပါတယ်။ ရလဒ်အနေနဲ့ ပြည်တွင်းပြည်ပက စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးတွေ မုန်တိုင်းဒဏ် ခံရတဲ့နေရာကို သွားရောက်နိုင်ရေး၊ ကူညီရေး လုပ်ငန်းစဉ်တွေက ရက်ပေါင်း (၃၀) နီးပါး နောက်ကျခဲ့ရပြီး အသေအကြေ၊ အပျက်အစီးတွေက ပိုပြီး မြင့်မားခဲ့ပါတယ်။နိုင်ငံတကာ ကယ်ဆယ်ရေး အဖွဲ့တွေ တပ်တွေကို အလုံးအရင်းနဲ့ ၀င်ရောက်ခွင့်သာ ပေးလိုက်ရင် ပြည်တွင်းမှာ သူထင်သလိုကြဲမယ့် ဆန္ဒခံယူပွဲအတွက် အခက် တွေ့နိုင်မယ့်အရေး၊ ၀င်ခွင့်ပေးပြီးရင် ချက်ချင်း ပြန်မောင်းထုတ်လုပ်လို့ မရနိုင်တာမို့ လက်ရှိ စစ်တပ်ရဲ့ စစ်ရေး၊ နိုင်ငံရေး၊ စီးပွါးရေး၊ လူမှုရေး မဟာဗျူဟာ လမ်းကြောင်း မှန်သမျှ နိုင်ငံတကာ သတင်းမီဒီယာတွေနဲ့ ကုလအဖွဲ့တွေ၊ တပ်တွေ သိရှိသွားနိုင်မယ့်အရေး၊ ရန်ကုန်နဲ့ ဧရာဝတီတခွင် နိုင်ငံတကာအဖွဲ့တွေ ပြဲပြဲစင် ဒိုးယိုပေါက် ၀င်ထွက်နေပြီး အခြေအနေ မှန်သမျှ ကမ္ဘာကို အသိပေးနေမှုဟာ သူ့အစိုးရရဲ့ တည်ရှိမှုကို အကြီးအကျယ် စိန်ခေါ်လာနိုင်ပြီး ပြည်တွင်း နိုင်ငံရေး အင်အားစုတွေ ကယ်ဆယ်ရေး လုပ်ငန်းတွေနဲ့အတူ စည်းရုံးရေး မြင့်တက်လာရင်း နိုင်ငံတကာ မျက်စိရှေ့ စစ်တပ်ရဲ့ အာဏာကို စိန်ခေါ်မယ့် လှုပ်ရှားမှုတွေ ဟန့်တားနိုင်ရေး စတဲ့ စတဲ့ ပြဿနာပေါင်း များစွာနဲ့ ယှဉ်တွဲ စဉ်းစားခဲ့ပါတယ်။သက်သေ အထောက်အထား အနေနဲ့ မုန်တိုင်းဒဏ် ခံခဲ့ရတဲ့ ဒေသတွေမှာ မေလ (၂၄) ရက်နေ့ ဆန္ဒခံယူမှု ဖြစ်တဲ့နည်းဖြင့် ကျင်းပပြီးမှ ကုလသမဂ္ဂ အဖွဲ့တွေကို ၀င်ရောက်ခွင့်၊ ရန်ကုန်မှာ ကယ်ဆယ်ရေး ရန်ပုံငွေ နိုင်ငံတကာ အစည်းအဝေး ကျင်းပခွင့်တွေကို ဆက်တိုက် အချိန်ကိုက် ဆောင်ရွက်ခဲ့တာပါ။သောက ဗျာပါဒတွေ ဝေနေတဲ့ ပြည်သူတွေဟာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဆန်၊ ဆီ၊ ဆားလောက်တောင် တပ်မက်မှု မရှိခဲ့ပါဘူး။ နောက်ဆုံးမတော့ (၉၂)% ကျော်နဲ့ တစ်ဖက်သတ် အတည်ပြုလိုက်ပြီလို့ သန်းရွှေက လက်သီးလက်မောင်းတန်း ကြွေးကြော်ခဲ့တာတောင်မှ လူထုဟာ တုပ်တုပ်မျှ မလုပ်ဘဲ ဝေဒနာတွေကို သက်သာရာရရေး နည်းလမ်းတွေ ရှာနေဆဲပါ။ သန်းရွှေအတွက်ကတော့ ဒီတောင်ကို အမောင်ကျော်နိုင်ခဲ့ပြီလို့ တထစ်ချ တွက်လိုက်ပုံ ရပါတယ်။ ပါးစပ်ပိတ်နေတဲ့ လူထုက သူနဲ့ တသဘောထဲ ရှိနေတယ်လို့ စိတ်ချလက်ချ ရှိနေပုံလည်း ရပါတယ်။ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး စစ်အာဏာရှင် ဖြုတ်ချရေး အန္ဒိမအောင်ပွဲအတွက် အဖြေတခုထွက်ဖို့က ၀မ်းနည်းစရာ ကောင်းလောက်အောင် ကို အခွင့်အလမ်း နည်းပါးနေပါတယ်။ ကုလသမဂ္ဂ အပေါအ၀င် နိုင်ငံတကာရဲ့ အကူအညီကို မျှော်လင့်နေတာက ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး အတွက် လမ်းကြောင်းပိုပြီး လွဲသွားစေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သန်းရွှေ စစ်အစိုးရ ဖြုတ်ချရေး ဘယ်နိုင်ငံကမှ ထိထိရောက်ရောက် ကိုယ်ကျိုးစွန့် လုပ်ပေးနိုင်မှာ မဟုတ်လို့ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်သူတွေဟာ ကိုယ့်လမ်းကြောင်းကို ကိုယ့်ဖာသာ ပီပီပြင်ပြင် မရွေးချယ်နိုင်ဘဲနဲ့ ဘယ်သူ့ ကူညီမှုကိုမှ တကယ်တမ်းရဖို့ မလွယ်ဘူးဆိုတာ ကိုယ်တွေ့ သင်ခန်းစာတွေထဲကနေ ယူဖို့ အချိန်ရောက်နေပါပြီ။လွတ်မြောက်ရာလမ်းကို သွားဖို့ဆိုတာ သွားချင်တဲ့ ဆန္ဒတစ်ခုတည်း ရှိယုံနဲ့ ပြီးပြည့်စုံတာ မဟုတ်ဘဲ တကယ်တမ်း ကိုယ်ထိလက်ရောက် အစွန့်လွှတ် အပင်ပန်းခံ လျှောက်လှမ်းဖို့က ပိုပြီး ပဓါန ကျပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ လွတ်လပ်ရေးဆိုတဲ့ အသီးအပွင့်ဟာ ကောင်းကင်ဘုံက ချပေးလိုက်တဲ့ နတ်ပန်းတပွင့် မဟုတ်လို့ပါပဲ။စိတ်ဓါတ်ဟာ ရုန်းကန်ရေးတိုင်းအတွက် အရေးအကြီးဆုံး အင်အားတခု ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ မြန်မာ့ ဒီမိုကရေစီရေး လှုပ်ရှားမှုဟာ အဲဒီစိတ်ဓါတ်နဲ့ ပန်းတိုင်ကို ချီတက်နေကြတာ ဖြစ်ပါတယ်။ လမ်းတလျှောက်မှာ ခြေထိုးခံရသူတွေ၊ မှောက်လျက် လဲသူတွေ၊ အနာတရ ဖြစ်သူတွေ ထုနဲ့ဒေး ရှိနေတဲ့ကြားက ယုံကြည်မှုဆိုတဲ့ စိတ်ဓါတ်လေး တခုတည်းနဲ့ကို စွန့်လွှတ် အနစ်နာခံနေကြတာ ဖြစ်ပါတယ်။ ဒီလို စိတ်ဓါတ်မျိုးကို မြန်မာပြည်သူတွေ အားလုံး မွေးဖို့ လိုပါတယ်။အရင်တုန်းက စကားတစ်ခွန်း ရှိပါတယ်။ တော်လှန်ရေးတရပ် အောင်မြင်ဖို့အတွက် လူသောင်းနဲ့ချီ မလိုအပ်ပါဘူး၊ လူတရာလောက်ရှိရင်ပဲ အနိုင်ရပါပြီတဲ့။ ဒီကနေ့ မြန်မာပြည်ရဲ့ လွတ်မြောက်ရေး ရုန်းကန်ရေး ခရီးရှည်ကြီး အတွက်ကတော့ မြန်မာပြည်သူ တဦးတယောက်တိုင်းဆီရဲ့ ဦးဆောင်မှု၊ လွတ်မြောက်ရမယ်ဆိုတဲ့ ယုံကြည်ချက် မြင့်မားမှု၊ စွန့်လွှတ် အနစ်နာခံမယ်ဆိုတဲ့ စိတ်ဓါတ်ရှိမှုတွေက အရေးပါတဲ့ မောင်းနှင်အားတွေ ဖြစ်ပါတယ်။၁၃ ရာစုနှောင်းပိုင်းမှာ မွန်ဂိုလီးယန်းတွေဟာ ဂျပန်ကျွန်းတွေကို သိမ်းပိုက်ဖို့ လှေတွေ၊ သင်္ဘောတွေနဲ့ ကြိုးစားပြီး တိုက်ခိုက်ခဲ့ပါတယ်။ ဂျပန်တွေဟာ ပြည်ပ ကျူးကျော်မှုကို တွန်းလှန်ဖို့အား မရှိခဲ့ပေမယ့်လည်း ကံကြမ္မာက ဂျပန်တွေကို ကယ်တင်ခဲ့ပါတယ်။ အဲဒါကတော့ ဒီကနေ့ အချိန်ထိ ဂျပန်လူမျိုးတွေကြားထဲ တသသ ပြောနေရဆဲ “ကာမိကာဇေ” ဆိုတဲ့ စကားလုံးပါပဲ။ မွန်ဂိုတွေ အင်အား အလုံးအရင်းနဲ့ ဂျပန်ကျွန်းတွေဆီ စစ်အင်အားအပြည့် ရေကြောင်းကနေ အကြိမ်ကြိမ် ချီတက်နေတုန်း ပစိဖိတ် သမုဒ္ဒရာရဲ့ အင်အားကြီးလှပြီး ကြောက်မက်ဖွယ် ကောင်းတဲ့ မုန်းတိုင်းနဲ့အတူ ရေလှိုင်းလုံးတွေက မွန်ဂိုတပ်တွေကို တ၀ုန်းဝုန်းနဲ့ ရိုက်ချခဲ့လို့ မွန်ဂိုတွေဟာ ဂျပန်ကို ကျူးကျော် သိမ်းပိုက်မယ့် အစီအစဉ်ကို ဖျက်သိမ်းခဲ့ရသလို ဂျပန်ဟာလည်း မွန်ဂိုတွေအောက်က လွတ်မြောက်ခဲ့ပါတယ်။ နတ်ဘုရားက ဖန်ဆင်းတဲ့ လေမုန်တိုင်းလို့ မြန်မာပြန်ဆိုနိုင်မယ့် ကာမိကာဇေဟာ ဂျပန်တွေအတွက်ကတော့ ကယ်တင်ခြင်း နတ်ဘုရားသဖွယ် ဖြစ်ခဲ့ပါတယ်။နာဂစ်ဟာ ဒုက္ခ ပင်လယ်ဝေနေတဲ့ မြန်မာပြည်သူတွေကို ကယ်တင်ဖို့ မဟုတ်ဘဲ ပိုမိုဆိုးရွားတဲ့ ဘ၀တွေအထိ ရောက်အောင် တွန်းပို့ခဲ့တာမို့ မြန်မာ့ ကာမိကာဇေလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် ဒီမုန်တိုင်းနဲ့အတူ ပါလာတဲ့ စစ်အစိုးရဲ့ တာဝန်ကင်းမဲ့မှု၊ ရက်စက် ယုတ်မာမှုတွေကို နိုင်ငံတကာ အလယ်မှာ ဘွားခနဲ ဖွင့်ချနိုင်ခဲ့ပါတယ်။ သူတော်ကောင်း ယောင်ဆောင်ပြီး မျိုးချစ်စစ်သား အမည်ခံနေတဲ့ ဘီလူးဇာတ် ခင်းနေတဲ့ နေပြည်တော်က မင်းသားကြီးတသိုက်ရဲ့ နေ၀င်ချိန်ကို ရေးဆွဲဖို့ မြန်မာပြည်သူတိုင်းဟာ တာဝန်အသီးသီး ယူကြမယ် ဆိုရင်ဖြင့် နာဂစ်ဟာ ကောင်းကင်ဘုံရဲ့ လေမုန်တိုင်း မြန်မာပြည်ရဲ့ ကာမိကာဇေအဖြစ် အသွင်ပြောင်းနိုင်ပါတယ်။ပြောင်းလဲမှုတွေ သယ်ဆောင်လာမယ့် ကောင်းကင်ဘုံရဲ့နိမိတ်၊ ဖိနှိပ်မှုတွေကို အဆုံးသတ်စေမယ့် နိမိတ်အဖြစ် မှတ်ယူမယ်ဆိုရင် မြန်မာပြည်သူတွေဟာ ၂၀၁၀ ရွေးကောက်ပွဲ ကာလအထိ စောင့်ဆိုင်းနေဖို့ မသင့်ပါဘူး။ သန်းရွှေ သေဆုံးမယ့်နေ့ကို လက်ပိုက် စောင့်ဆိုင်းနေလို့ မဖြစ်ပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ ငကန်းသေရင် ငစွေပေါ်လာမှာမို့ ဒီစစ်ဘုရင်ရူး မျိုးဆက်ကို ဒီအချိန်မှာပဲ နိတိတံစေဖို့ နိုင်ငံရေး အသိစိတ်တွေ နိုးကြားဖို့က အင်မတန်မှကို အရေးပါနေပါပြီ။ ။
Rest of your post
Posted by
54freedom
at
9:41 PM
0
comments
Labels: ရင်တွင်းဖြစ် ဆောင်းပါး
လေဘေးကယ်ဆယ်ရေး စေတနာဝန်ထမ်း ဇာဂနာ ဖမ်းဆီးခံရ..(ခေတ်ပြိုင်မှ)
နာဂစ်ဆိုင်ကလုန်းမုန်တိုင်းဘေး ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည့် လူရွှင်တော် ဇာဂနာခေါ် ကိုသူရကို ယမန်နေ့ည၌ အာဏာပိုင်များက ရန်ကုန်မြို့ မြေနီကုန်းရှိ ရှမ်းကုန်းလမ်း နေအိမ်မှ ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မိသားစုဝင်တဦးက ပြောသည်။
၎င်းက “ညက (၇) နာရီ (၄၅) လောက်မှာ အက်စ်ဘီရယ်၊ စရဖ ခေါ်လားမသိဘူး၊ ခရိုင်မှူး ဦးဆောင်ပြီး လာတာပဲ။ လာပြီးတော့ ရှာမယ်တဲ့၊ နာဂစ်ကို လုပ်တာနဲ့ မပတ်သက်ပါဘူးတဲ့၊ အဲဒီအတွက်လည်း ဂုဏ်ယူပါတယ်တဲ့။ အဲဒါဆို ရှာပါလို့ ကိုသူရက ပြောတော့ ကိုသူရ အခန်းထဲရှာတယ်။ နောက် သူတို့ဖုန်းတွေ ၀င်ဝင်လာတယ်၊ အဘဆိုတာနဲ့ သူတို့ စကား ပြောပြီးတော့မှ ည (၁၀) နာရီလောက်မှာ ခေါ်သွားရမယ်တဲ့၊ (၂) ရက် လောက်ပါပဲတဲ့၊ အ၀တ်အစား ထည့်ပေးပါလို့ပြောတယ်၊ ဘယ်ခေါ်သွားမလဲ မပြောဘူး” ဟု ပြောသည်။
အာဏာပိုင်များက ဇာဂနာ၏ နေအိမ်မှ စိန်စီသောည၊ ရမ်ဘို အပိုင်း (၄)၊ နာဂစ်ဘ၀ဆိုးညများ၊ နာဂစ်သီချင်း စီဒီများနှင့် စာရင်း စာအုပ် (၂) အုပ်၊ တယ်လီဖုန်းဖိုးအတွက် ပြင်ဆင်ထားသည့် အက်ဖ်အီးစီ (၃၀)၊ ဒေါ်လာ (၁၀၀၀) နှင့် ကွန်ပျူတာ system box တခု တို့ကို သိမ်းယူသွား သည်ဟု သိရသည်။
လူရွှင်တော် ဇာဂနာသည် ဦးအောင်လွင်၊ ငှက်ပျောကျော်၊ အရိုင်း၊ ညှောင်ညှောင် စသည့် အနုပညာရှင်များနှင့် ပူးပေါင်းကာ မုန်တိုင်းဘေးသင့် ဒုက္ခသည်များထံ အစားအစာနှင့် ကယ်ဆယ်ရေးပစ္စည်များ ကိုယ်တိုင်သွားရောက် အကူအညီပေးနေသူဖြစ်ပြီး လွန်ခဲ့သည့် ရက်ပိုင်းကမှ ဧရာဝတီတိုင်း ဖျာပုံမြို့နယ် မိန်းမလှကျွန်းဘက်ရှိ ချောင်းရိုးတလျှောက်ရှိ အကူ အညီမရဘဲ ဖြစ်နေသည့် ဒုက္ခသည်များကို အကူအညီပေးပြီး ပြန်ရောက်လာခြင်းဖြစ်သည်။
ဇာဂနာသည် ရန်ကုန်သို့ ပြန်ရောက်လာပြီးနောက် ၎င်းမြင်တွေ့ခဲ့ရသော လေဘေးဒဏ်ခံနေရ သည့် ပြည်သူများ ရင်ဆိုင်နေရသည့် ဒုက္ခအခက်အခဲများ အပါအ၀င် စစ်အစိုးရနှင့် နိုင်ငံတကာ အကူအညီများ လူထုထံ မရောက်ရှိပုံတို့ကို ပြည်ပမီဒီယာများမှ ပွင့်ပွင့်လင်းလင်း ဝေဖန်ပြောဆိုခဲ့ သူဖြစ်သည်။
ဇာဂနာ ဖမ်းဆီးခံရသဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ထိခိုက်ရပုံကို မိသားစုဝင်တဦးက “ကိုသူရရဲ့ ကယ်ဆယ်ရေး အလုပ်တွေအားလုံး အနှောင့်အယှက်ဖြစ်ကုန်တယ်။ သူ့ကို လာလှူမယ့်လူတွေက စောင့်နေ၊ သူလာလှူမယ်ဆိုလို့ စောင့်နေတဲ့လူတွေက စောင့်နေနဲ့ ကျမတို့လည်း ဘာလုပ်လို့လုပ်ရမှန်း မသိဘူးဖြစ်နေတယ်” ဟု ပြောသည်။
ယမန်နှစ် စက်တင်ဘာအရေးအခင်းကာလကလည်း သပိတ်မှောက်သံဃာတော်များကို ဆွမ်းကပ် လှူဒါန်းခဲ့ သဖြင့် ဇာဂနာကို အာဏာပိုင်များက ဖမ်းဆီးအကျဉ်းချထားခဲ့သည်။ နိုင်ငံရေးအကျဉ်း သားဟောင်း ဇာဂနာသည် ရုပ်ရှင်၊ သဘင်၊ ဂီတ၊ စာပေတို့တွင် ဘက်စုံထူးချွန်သည့် စွယ်စုံရ အနုပညာရှင်တဦးဖြစ်ပြီး စစ်အစိုးရက ၎င်းအား အနုပညာလုပ်ငန်းများ လုပ်ကိုင်ခွင့် ပိတ်ပင် ထားသည်။ ။
Rest of your post
Posted by
54freedom
at
9:30 PM
0
comments
Labels: ပြည်တွင်း သတင်းများ