စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 26, 2008

ရွှေဝါရောင်တော်လှန်ရေးတွင်ပါသည့် မြန်မာမွတ်စလင်များကို ရဲဘက်စခန်းပို့

ကိုသက် ဇူလိုင် ၂၅၊ ၂၀၀၈

လွန်ခဲ့သည့်နှစ် စက်တင်ဘာလတွင် ပေါ်ပေါက်ခဲ့သော ရွှေဝါရောင် တော်လှန်ရေးတွင် ပါဝင်ခဲ့သည့် ကျောင်းသား လူငယ် ၁၀ ဦးကို စစ်အစိုးရက ထောင်ဒဏ် ၂ နှစ်စီချမှတ်၍ ရဲဘက်စခန်းများသို့ပို့ရာ ၎င်းတို့အနက် အများစုသည် မွတ်စလင် ဘာသာဝင်များဖြစ်ကြောင်း ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအဖွဲ့ (အေအေပီပီ) က ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်အစိုးရက ယခုအပတ်အတွင်း ထောင်ဒဏ် ၂ နှစ်စီချမှတ်ပြီး ပြည်ထဲရေးဝန်ကြီး ၏ အမိန့်ဖြင့် ဒေါက်ခြေချင်းများခတ်ကာ ရဲဘက်စခန်းအသီးသီးသို့ ပို့ဆောင်လိုက်ခြင်းဖြစ်သည်ဟု ယနေ့ထုတ် အေအေပီပီ ကြေညာချက်တွင် ဖော်ပြထားသည်။

မွတ်စလင်အများစုပါဝင်သည့် အဆိုပါ နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို ကျိုက်မရော ဘ၀သစ် (၆) ရဲဘက်စခန်း၊ ဘားအံ ဘ၀သစ် (၇) ရဲဘက်စခန်း၊ ဇင်းကျိုက် ကျောက်စခန်း၊ ရင်းငြိမ် ကျောက်စခန်းနှင့် တောင်စွန်း ရဲဘက်စခန်းများသို့ ပို့ဆောင်ခြင်း ဖြစ်သည်။

အေအေပီပီ ကြေညာချက်တွင် “ယေဘုယျအားဖြင့် နိုင်ငံရေးအကျဉ်းသားများကို ရဲဘက်စခန်းသို့ပို့ဆောင်၍ အလုပ်ကြမ်း များ ခိုင်းစေခြင်း မရှိခဲ့ပေ။ သို့သော်လည်း ၁၉၉၀ ခုနှစ် အောက်တိုဘာလတွင် ပတ္တနိက္ကုဇ္ဇန ကံဆောင်ခဲ့သော သံဃာတော် များကို ရဲဘက်စခန်းများသို့ ပို့ဆောင်၍ အလုပ်ကြမ်းများ ခိုင်းစေခဲ့ခြင်းကြောင့် သံဃာတော် ၁၉ ပါးမှာ အလုပ်ကြမ်းဒဏ် မခံနိုင်၍ ထိုနေရာများတွင်ပင် ပျံလွန်တော်မူခဲ့ရသည်” ဟု ဖော်ပြထားသည်။

အေအေပီပီ အတွင်းရေးမှူး ဦးတိတ်နိုင်က “ပြည်ထဲရေးဝန်ကြီးရဲ့အမိန့်နဲ့ ရဲဘက်စခန်းကိုပို့လိုက်တာဟာ ဘာသာရေးအရ နှိပ်ကွပ်မှုတခုဖြစ်တဲ့အပြင် ဒီကျောင်းသားလူငယ်တွေရဲ့ အသက်အန္တရာယ် စိုးရိမ်ရတဲ့အနေအထားမှာ ရှိနေပါတယ်” ဟု ပြောသည်။

ရွှေဝါရောင် တော်လှန်ရေးနောက်ပိုင်း စစ်အစိုးရက ဘာသာရေးဖိနှိပ်မှုများကို အလွန်အကျွံလုပ်လာသည်ကို တွေ့ရသည်ဟု လည်း ဦးတိတ်နိုင်က ပြောသည်။

လွန်ခဲ့သည့် ၂ ပတ်ခန့်က မန္တလေးဘူတာတွင် နာဂစ်မုန်တိုင်းကယ်ဆယ်ရေး သွားရောက်လုပ်ကိုင်မည့်သံဃာတော် ၉ ပါးကို အာဏာပိုင်တို့က ဖမ်းဆီးလိုက်ပြီး ၎င်းတို့အား ယမန်နေ့က ရုံးထုတ်သည်ဟု ကြားသိရသည်။

“၁၉၈၈ ခု အရေးအခင်းကာလတုန်းက ရန်ကုန်ဆေးရုံကြီးကို ဖမ်းလာတဲ့ မွတ်စလင်တွေ ရှိခဲ့ဖူးတယ်။ အဲဒီအထဲက တချို့ ဆိုရင် လုံးဝပျောက်သွားတဲ့ အဆင့်အထိ ရှိတယ်” ဟုလည်း ဦးတိတ်နိုင်က ပြောသည်။

No comments: