စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 26, 2008

မုန်တိုင်း ကယ်ဆယ်ရေးတွင် ဂီတအနုပညာရှင်များလည်း ပါဝင်

ကိုစိုး ဇူလိုင် ၂၅၊ ၂၀၀၈

နာဂစ် မုန်တိုင်း ဒုက္ခသည်များအတွက် လှူဒါန်းရန် ရည်ရွယ်ပြီး မြန်မာပြည်တွင်းရှိ နာမည်ကျော် ဂီတအနုပညာ ရှင်များက တေးစီးရီး သီဆို ထုတ်လုပ်ရန် စီစဉ်နေကြကြောင်း သိရသည်။

သီချင်းအများစု အသံသွင်းပြီးနေပြီဖြစ်သော အဆိုတော်ပေါင်း၂၀ ကျော် ပါဝင်သီဆိုထားသည့် အဆိုပါ တေးစီးရီး ထုတ်လုပ် ရောင်းချရာမှ ရရှိလာမည့် ငွေများ အားလုံးကို လေဘေးဒုက္ခသည်များသို့ တိုက်ရိုက် လှူဒါန်းသွားမည် ဖြစ်ကြောင်း စီစဉ်သူ ကိုဝေထွန်း (နဝရတ် စတူဒီယို) က ပြောပြသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အရင်လထဲက စပြီး အသံသွင်းနေတာပါ၊ အခုအထိ ဆိုတာ တီးတာတွေ အတော်ပြီးနေပါပြီ၊ ၂ ပုဒ်လောက်ပဲ ကျန်မယ်၊ အင်ပါယာ ၀ိုင်းက နည်းနည်းကျန်တယ်၊ ဒါပါပဲ၊ ဗီစီဒီ ရိုက်ကူးရေးအတွက်တော့ ကျန်သေးတယ်၊ အဲဒါတွေ ပြီးမှ စိစစ်ရေး တင်၊ ကျမှ ဖြန့်ချိရမှာဆိုတော့ ဖြန့်ချိဖို့တော့ နည်းနည်းလိုဦးမယ်၊ အဲဒီအခွေက ရရှိလာ မယ့် ငွေတွေ ကို အကုန်လှူကြမှာပါ၊ ဒုက္ခသည်တွေကို တိုက်ရိုက်လှူမှာပါ၊ ဒါပေမယ့် ပိုက်ဆံ ရမှပဲ အဆိုတော် တွေနဲ့တိုင်ပင်ပြီး သူတို့ ဘာလုပ်စေချင်လဲဆိုတာ၊ သူတို့ ဆန္ဒရှိတဲ့အပေါ်မှာ လုပ်ရမှာပါ”ဟု ကိုဝေထွန်း က ဧရာဝတီသို့ ပြောသည်။

ယင်းတေးစီးရီးတွင် ချစ်ကောင်း၊ ရင်ဂို၊ ထူးအယ်လ်လင်း၊ ဂရေဟန်၊ စည်သူလွင်၊ ဆောင်းဦးလှိုင်၊ နွဲ့ယဉ်ဝင်း၊ မေခလာ၊ ဟေမာနေဝင်း၊ ကော်နီ၊ လေးလေးဝါး၊ ကဗျာဘွဲ့မှူး၊ ချောစုခင်၊ မီးမီးခဲ၊ ဆုန်သင်းပါရ်၊ ရှင်ဘုန်း၊ခင်ဘုန်း၊ သံသာဝင်း၊ ဇန်နူး၊ မို့မို့ဇော်ဝင်း၊ အားမူ စသည့် ပရိသတ် နှစ်သက်မည့် အဆိုတော်ပေါင်း ၂၄ ဦးခန့် ပါဝင်ကြောင်း၊ အင်ပါယာ၊ ဥက္ကာ+၃ ၊ စပက်ထရန် တီးဝိုင်းများဖြင့် န၀တ်စတူဒီယိုတွင် အသံသွင်းယူနေခြင်း ဖြစ်ကြောင်းလည်း ၎င်းက ပြောပြသည်။

“အင်ပါယာ၊ ဥက္ကာ + ၃ နဲ့ စပက်ထရန် ၀ိုင်းတွေက တီးပေးတယ်၊ သီချင်းတွေက ကိုယ်ပိုင် သံစဉ်ရော၊ ကော်ပီ ရောပါပဲ၊ ကျနော့်ကို အတင်းဝင်တီးခိုင်းကြလို့ တပုဒ် ဝင်တီးပေးထားတယ်၊ အသံသွင်းတာကတော့ ကျနော့် စတူဒီယို မှာပါပဲ”ဟု ကိုဝေထွန်းက ဆက်ပြောသည်။

အဆိုတော် ဆုန်သင်းပါရ်ကလည်း ယခုတေးစီးရီးသည် လေဘေးဒုက္ခသည်များကို လှူဒါန်းမည့် မွန်မြတ်သော အစီအစဉ် ဖြစ်သောကြောင့် အကျိုးခံစားခွင့်များကိုလှူဒါန်းရန် ကိုယ်တိုင်လိုလားစွာပါဝင် သီဆိုလိုခြင်းဖြစ်ကြောင်း ပြောဆိုသည်။

“သီချင်းတော့ မပေးရသေးဘူး၊ ဆိုတော့ဆိုမှာပါ၊ ကောင်းတဲ့ကိစ္စ ဆိုတော့ ကိုယ်လည်း ပါချင်တာပေါ့”ဟု ဆုန်သင်းပါရ်က ပြောသည်။

ကိုဝေထွန်းက ဆက်လက်၍ ယခုအစီအစဉ်ကို ၎င်းအနေနှင့် စတင်လုပ်ဆောင်ဖြစ်ခြင်းမှာ မြစ်ဝကျွန်းပေါ် ဖျာပုံဘက်သို့ လေဘေး ကူညီရေး သွားရောက်လုပ်ကိုင်နေသည်ကို အဆိုတော်များက သိရှိပြီး ကူညီလိုကြရာမှ အကောင်အထည်ပေါ် လာခြင်းဖြစ်သည်ဟုလည်း ပြောပြသည်။

“ဘယ်လို စလုပ်ဖြစ်တာလဲ ဆိုတော့ ကျနော် ဖျာပုံဘက်ကို သွားပြီး ဒုက္ခသည်တွေ ပြန်လည်တည်ဆောက်ရေးတွေ လုပ်ပါ တယ်၊ ထူထောင်ရေး အပိုင်းတွေ ကိုင်ပေးနေပါတယ်၊ ကျနော်တို့ ခရစ်ယာန်အသင်းကနေ စာသင် ကျောင်းတွေ လှူပါတယ်၊ အဲဒီမှာ ကျနော် ကူညီပြီး လုပ်ပေးနေပါတယ်၊ လုပ်ပေးနေတဲ့အခါမှာ လိုအပ်တာလေး တွေ ထိရောက်အောင်ပေါ့၊ သူတို့တွေ က ပါဝင်ချင်တယ်၊ အားလုံးကလည်း လုပ်ပေးချင်ကြတယ်၊ အဆိုတော် တွေက ကူညီချင်တာနဲ့ ကျနော်က အခွေလေးသွင်း ပါလား ဆိုပြီးတော့ ကျနော်က စပွန်ဆာ လုပ်ပေးတာပါ”ဟု ၎င်းက ပြောဆိုသည်။

အလားတူ အဆိုတော် ခင်မောင်တိုးကလည်း လေဘေးသင့် ဒုက္ခသည်များကို ပေးလှူရန်ရည်ရွယ်၍ ၎င်း ကိုယ်တိုင် သီဆို မည့် တေးစီးရီးတခွေ ထုတ်လုပ်ရန် စီစဉ်နေကြောင်း ဇနီး ဖြစ်သူက ပြောသည်။

“အဲဒီ အခွေက သီချင်းနည်းနည်းပါးပါးတော့ စုပြီးနေပြီ၊ ခရီးအသွားအလာတွေ နည်းနည်းရှိနေတာနဲ့ အသံသွင်းတာတော့ မစရ သေးပါဘူး၊ အတီးသမားတွေကလည်း အလုပ်နည်းနည်းများနေသေးလို့၊ နာမည်တွေ ဘာတွေလည်း မရွေးရသေး ပါဘူး၊ သီချင်း အဟောင်းထဲကတော့ ကရုဏာ သီချင်းတို့ဘာတို့ကို ရွေးတော့ ရွေးထားပြီး ပါပြီ၊ သီချင်းက အဟောင်းရော အသစ်ရော ပါမှာပါ၊ ကိုယ်ပိုင် သံစဉ်တွေပါပဲ၊ အကုန်လုံးတော့ တိုင်ပင်ထားပြီးပါပြီ၊ တေးရေးတွေက ကိုနိုင်မင်း၊ ကိုအီးချိုနဲ့ အရင်ရေးနေကြ လူတွေပါပဲ”ဟု ၎င်းက ပြောပြသည်။

အဆိုတော် ခင်မောင်တိုးသည် အာဇာနည်၊ မေခလာ၊ ကိုမြတ်မင်း တို့နှင့်အတူ ဂျပန်နိုင်ငံတွင် စင်မြင့် ဖျော်ဖြေပွဲ သီဆိုရန် ယမန်နေ့က ထွက်ခွာသွားကြောင်းလည်း သိရသည်။

“မေခလာ၊ အာဇာနည်နဲ့ ကိုတိုးနဲ့ သုံးယောက်ပါ၊ တီးတာကတော့ ကိုမြတ်မင်း တယောက်ပဲပါတယ်၊ နာဂစ် ရန်ပုံ ငွေပွဲလို့ တော့ ပြောတယ်၊ တပတ် ၁၀ ရက်လောက် ကြာမယ်ဆိုတော့ အဲဒီက ပြန်လာမှပဲ အခု အခွေကို ဆက်လုပ်ရမှာပါ”ဟု အဆိုတော် ခင်မောင်တိုး၏ ဇနီး က ဆိုသည်။

အဆိုတော် ခင်မောင်တိုးသည် သီချင်းအဟောင်းများထဲက မထွက်ဘူးသေးသော Live Show အခွေ တခွေကို စိုးသက်အောင် တေးစီးရီးထုတ်လုပ်ရေးနှင့် ရိုက်ကူး စီစဉ်နေကြောင်းလည်း သိရှိရသည်။

No comments: