စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Saturday, July 26, 2008

ဓာတ်မြေသြဇာဈေး ယခင်နှစ်ကထက် နှစ်ဆ ခန့် မြင့်တက်

ကြည်ဝေ ဇူလိုင် ၂၅၊ ၂၀၀၈

စပါးစိုက်တောင်သူလယ်သမားများအနေနှင့် လက်ရှိ ဓာတ်မြေသြဇာဈေးမှာ ယခင်နှစ်ကထက် ၂ ဆ ၀န်းကျင် ခန့်မြင့်တက် လာမှုကြောင့် ဓာတ်မြေသြဇာ ၀ယ်ယူသုံးစွဲရန် အခက်အခဲဖြစ်လျှက်ရှိကြောင်း သိရှိရသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လက်ရှိ ရန်ကုန်ဈေးကွက်အတွင်း ၅၀ ကီလိုအိတ်တအိတ် ဓာတ်မြေသြဇာပေါက်ဈေးမှာ ကျပ် ၅၀၀၀၀ ၀န်းကျင် အထိ ပေါက်ဈေးရှိပြီး ပိုတက်မှာ ကျပ် ၄၈၀၀၀ ဈေး၊ မြေသြဇာနက် ဟုခေါ်သော GTSP မှာ ၄၁၀၀၀ ဈေး ပေါက် လျက်ရှိသည်ဟု ဓာတ်မြေသြဇာ အရောင်းအ၀ယ်သမားများက ပြောသည်။

ယခင်နှစ်က ဓာတ်မြေသြဇာပေါက်ဈေးမှာ တအိတ်လျှင် ကျပ် ၂၀၀၀၀ ၀န်းကျင်ဈေးမှ ကျပ် ၂၆၀၀၀ ဈေး အထိ အမြင့်ဆုံး ရှိခဲ့ကြောင်း သိရှိရသည်။

လက်ရှိပေါက်ဈေးကြောင့် ဓာတ်မြေသြဇာကို ကုန်သည်များနှင့်တောင်သူလယ်သမားတချို့ကသာ ၀ယ်ယူကြကြောင်း မြေသြဇာအရောင်း အ၀ယ်လုပ်ငန်းသမားများက ဆိုသည်။

လက်ရှိမြင့်တက်လျှက်ရှိသော ဓာတ်မြေသြဇာဈေးကြောင့် တနိုင်ငံလုံးရှိ တောင်သူလယ်သမားများအနေနှင့် ဓာတ်မြေသြဇာ ၀ယ်သုံးရန်အတွက် စဉ်းစားချင့်ချိန်နေရသော အခြေအနေမျိုးဖြစ်ပြီး မုန်တိုင်းဒဏ်သင့် လယ်သမားများမှာအနေနှင့်မူ အလှူရှင်မရှိပါက ၀ယ်ယူသုံးစွဲနိုင်သည့် အခြေအနေမရှိကြောင်း ရန်ကုန်တိုင်း ကွမ်းခြံ ကုန်းမြို့နယ်မှ တောင်သူလယ် သမားများ၏ ပြောပြချက်များအရ သိရှိရသည်။

“စိုက်ပြီးတဲ့ စပါးကိုအောင်မြင်အောင်ဆိုရင် ဓာတ်မြေသြဇာက မထည့်မဖြစ်ကို ထည့်ရတော့မှာ၊ ဓာတ်မြေသြဇာ သုံးမှပဲ စပါးအထွက်ကောင်းတာပါ။ ကျနော်တို့ အနေနဲ့ ဓာတ်မြေသြဇာကို ၀ယ်သုံးရမယ်ဆိုရင် ဘယ်လိုမှကို ၀ယ်သုံးနိုင်မှာ မဟုတ်ပါဘူး” ဟု ကွမ်းခြံကုန်းမြို့နယ် တောကျောင်းကျေးရွာမှ တောင်သူလယ်သမားတဦးက ပြောဆိုသည်။

ဓာတ်မြေသြဇာကို စပါးစိုက်ပျိုးချိန်တွင် ပထမအကြိမ်ထည့်ရပြီး စိုက်ပျိုးပြီးနောက်ပိုင်းတွင် ဒုတိယအကြိမ် စုစု ပေါင်း ၂ ကြိမ်တိုင်တိုင်ထည့်ပေးရကြောင်း ၊ ပထမအကြိမ်ကို စိုက်ပျိုးချိန်တလအတွင်း ထည့်ရမည်ဖြစ်ကြောင်း၊ ဓာတ်မြေသြဇာ မသုံးပါက တဧကလျှင် တင်း၂၀ မှ ၄၀ ခြားသာထွက်နိုင်ကြောင်း ၊ သုံးစွဲပါက တင်း ၇၀ မှ တင်း ၁၀၀ အထိ ထွက်နိုင် ကြောင်း တောင်သူလယ်သမားများက ပြောသည်။

တဧက အတွက် ဓာတ်မြေသြဇာလိုအပ်ချက်မှာ ၂ အိတ် ခွဲမှ ၃ အိတ်ထိ ကုန်ကျသည်ဟု လည်း ၎င်းတို့က ပြောပြသည်။

လက်ရှိအနေအထားအရ မုန်တိုင်းသင့်ဒေသများမှ တောင်သူလယ်သမားများအနေနှင့် အဓိက လိုအပ်ချက်မှာ မျိုးစပါးအပြင် ဓတ်မြေသြဇာလည်း လိုအပ်လျှက်ရှိကြောင်း သိရှိရသည်။

ယခုကဲ့သို့ ပြည်တွင်းဈေးကွက်အတွင်း ဓာတ်မြေသြဇာဈေးမြင့်လာခြင်းမှာ ယခင်တင်သွင်းဈေးနှင့်ယခုတင်သွင်း ဈေး မှာ ၂ ဆခန့်မြင့်တက်လာသည့်အတွက် ဈေးကွက်တွင်းမှာလည်း နှစ်ဆနီးပါးမြင့်တက်လာခြင်းဖြစ်ကြောင်း ဓာတ်မြေသြဇာရောင်းချသူများက ပြောဆိုသည်။

ဓာတ်မြေသြဇာ ပြည်ပမှ တင်သွင်းဈေးမှာ တအိတ်လျှင် အနည်းဆုံးကျပ် ၂၆၀၀၀ မှ ကျပ် ၃၁၀၀၀ ဈေးနှင့် တင်သွင်းရ ခြင်းကြောင့် ရန်ကုန်အရောက်ပေါက်ဈေးမှာ ၄၈၀၀၀ မှ ၅၀၀၀၀ ကျော်ဈေးအထိ မြင့်တက်ရခြင်း ဖြစ်ကြောင်း သိရှိရသည်။ ယခင်နှစ်က တင်သွင်းဈေးမှာ တအိတ်လျှင် ကျပ် ၁၇၀၀၀ ၀န်းကျင်ဈေးရှိသည်ဟု ဓာတ်မြေသြဇာ ရောင်းသူများက ပြောသည်။

မြန်မာနိုင်ငံတွင်းသို့ ဓာတ်မြေသြဇာတင်သွင်းရာတွင် နယ်စပ်ဂိတ်များ ဖြစ်သောမူဆယ်၊ မြ၀တီ၊ မောင်းတောဂိတ်များမှ တင်သွင်းကြခြင်းဖြစ်ပြီး တရုတ်နိုင်ငံမှ ဓာတ်မြေသြဇာများကို အများဆုံးဝယ်ယူတင်သွင်းကြကြောင်း ကုန်သည်များက ပြောပြသည်။

မြန်မာနိုင်ငံတွင် စပါးစိုက် ဧက ၁၉ သန်းရှိပြီးအမှန်တကယ်သုံးစွဲမည်ဆိုပါက ဓာတ်မြေသြဇာ အိတ်ရေ ပေါင်း ၁၉ သန်း လိုအပ်ကြောင်း မြန်မာ့စိုက်ပျိုးရေးဌာန စာရင်းများအရ သိရသည်။

လက်ရှိ ပြည်တွင်းဈေးကွက်အတွင်းသို့တင်သွင်းပြီး ပမာဏမှာ လိုအပ်ချက်၏ ၂၅ ရာခိုင်နှုန်း ခန့်တင်သွင်းပြီးဖြစ်ကြောင်း လည်း သိရှိရသည်။
ယခုနှစ် အစိုးရ စိုက်ပျိုးစရိတ်ချေးငွေမှာ တဧကလျှင် ကျပ် ၈၀၀၀ ဖြစ်ပြီး ယခင်နှစ်က ကျပ် ၆၀၀၀ ဖြစ်ကြောင်း တောင်သူ များက ပြောသည်။

No comments: