11 July 2008
၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့ နိုင်ငံတကာ အလုပ်သမားနေ့မှာ အလုပ်သမား အခွင့်အရေးအကြောင်း ဟောပြောပွဲကို သွားတက်ခဲ့ရာက ဖမ်းဆီး အပြစ်ပေးခံထားရသူ ၆ ယောက်ရဲ့ အယူခံမှုကို မြန်မာဗဟိုတရာရုံးချုပ်က ပယ်ချလိုက်တဲ့ အပေါ် ILO နိုင်ငံတကာ အလုပ်သမားအဖွဲ့ချုပ်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။ အခု ဖမ်းဆီး အပြစ်ပေးခံထားရသူ ၆ ယောက်ဟာ အမေရိကန် စင်တာမှာကျင်းပတဲ့ အလုပ်သမားနေ့အခမ်းအနားကို သွားတက်ခဲ့ရာ အခုလို ဖမ်းဆီး အပြစ်ပေးခံခဲ့ရတာ ဖြစ်ပါတယ်။ ဒီ အယူခံမှုရဲ့ နောက်ဆုံးအခြေအနေနဲ့ပတ်သက်လို့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အခု အဖမ်းခံထားရတဲ့ ကိုသူရိန်အောင်၊ ကိုဝေလင်း၊ ကိုကျော်မင်း၊ ကိုမျိုးမင်း၊ ကိုညီညီဇော်နဲ့ ကိုကျော်ကျော်တို့ဟာ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် မေလ ၁ ရက်နေ့က အမေရိကန်စင်တာမှာ ကျင်းပတဲ့ နိုင်ငံတကာ အလုပ်သမားနေ့ အခမ်းအနားကို သွားတက်ရာက အဖမ်းခံခဲ့ကြရတာပါ။
ဒီအထဲက ကိုညီညီဇော် နဲ့ ကိုကျော်ကျော်တို့ ၂ ယောက်ကို ထောင်ဒါဏ် အနှစ် ၂၀ စီနဲ့ ကျန် ၄ ယောက်ကိုတော့ ၂၈ နှစ်စီ ပြီးခဲ့တဲ့ ၂၀၀၇ ခုနှစ် စက်တင်ဘာလ ထဲမှာပဲ ပြစ်ဒဏ်ပေးတာပါ။
အခုလို သူတို့ရဲ့ အယူခံလွှာကို ဗဟိုတရားရုံးချုပ်က ပယ်ချလိုက်တဲ့အပေါ် ILO နိုင်ငံတကာ အလုပ်အသမား အဖွဲ့ချုပ်အနေနဲ့ စိတ်ပျက်မိကြောင်း ILO အမှုဆောင် ညွှန်ကြားရေးမှူး တဦးဖြစ်တဲ့ ကရီ တာပီယိုးလာ (Kari Tapiola) က ဗွီအိုအေကို အခုလို ပြောပြပါတယ်။
"သူတို့ရဲ့ အယူခံလွှာကို ပယ်ချလိုက်တဲ့အပေါ် စိတ်ပျက်မိပါတယ်။ အစိုးရအနေနဲ့ သူတို့အမှုကို အသေအချာ ပြန်လည် ဆန်းစစ်ပြီး လွှတ်ပေးနိုင်မယ့် နည်းလမ်းကို ရှာဖွေလိမ့်မယ်လို့ ကျနော် မျှော်လင့်ပါတယ်၊ ဘာဖြစ်လို့လဲဆိုတော့ အထူးသဖြင့် ဒီကိစ္စက ဒီမှာတင် ဆုံးမှာ မဟုတ်ပါဘူး၊ ကျနော်တို့က ဒီအမှုကို အမြဲတမ်း စောင့်ကြည့် လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ "
အခု အယူခံလွှာ ပယ်ချခံလိုက်ရသူ ၆ ယောက်နဲ့ တခြား အဖမ်းခံထားရသူတွေ ပြန်လည် လွတ်မြောက်ရေးအတွက် ILO အနေနဲ့ ဆက်လက် လုပ်ဆောင်သွားမယ်လို့လည်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။
မြန်မာနိုင်ငံအတွင်းမှာ အဓမ္မ လုပ်အားပေး ခိုင်းစေမှုတွေ ဖြစ်ပေါ်ရင် လုပ်အားပေးခိုင်းစေခံရသူ ကိုယ်၌ပဲဖြစ်ဖြစ်၊ ဒါကို ကိုယ်တိုင် ကြုံတွေ့ရသူကပဲဖြစ်ဖြစ် ILO ထံမှာ လာရောက် တိုင်ကြားခွင့်ပြုဖို့ စစ်အစိုးရနဲ့ ILO အကြား ရရှိထားတဲ့ သဘောတူညီချက် ဆက်လက် အကျုံးဝင်နေပြီး နောက်ထပ် တိုင်ကြားမှုတွေ ရှိတယ်လို့လည်း မစ္စတာ တာပီယိုးလားက ပြောပါတယ်။
အခု နောက်ဆက်တွဲ ဖြစ်ပေါ်လာတဲ့ အဓမ္မ လုပ်အားပေးခိုင်းစေမှုဆိုင်ရာ တိုင်ကြားချက်တွေကို လာမယ့် နိုဝင်ဘာလမှာ ကျင်းပမယ့် ILO အလုပ်အမှုဆောင် အစည်းဝေးကျရင် တင်ပြပြီးတာနဲ့ ထုတ်ပြန်သွားမယ်လို့ မစ္စတာ တာပီယိုးလားက ပြောသွားပါတယ်။
Saturday, July 12, 2008
မေဒေးအဖမ်းခံရသူများ အယူခံပယ်ချမှု ILO ရှုတ်ချ
Posted by
54freedom
at
11:18 PM
0
comments
Labels: မြန်မာအရေးဆိုင်ရာ ပြည်ပသတင်းများ
အကျဉ်းထောင်အတွင်းက အလင်းရောင်များ
အကျဉ်းထောင်အတွင်းက အလင်းရောင်များ(အန္တိမ သန္နိဋ္ဌာန် - အမည်မသိ)
မိုးမခဇူလိုင် ၁၁၊ ၂၀၀၈
အကျဉ်းထောင်ထဲကနေ ပြင်ပကို ထွက်လာတဲ့ အနုပညာတွေဆိုတာ တန်ဖိုးကြီးလှပါတယ်။ သူတို့ကို စိတ်ရော ကိုယ်ပါ အကျဉ်းချ ချုပ်နှောင်ထားတဲ့ကြားက လွတ်လပ်တဲ့ လိပ်ပြာ၊ ပြင်းထန်တဲ့ မျှော်လင့်ချက်တွေနဲ့ သူတို့တွေရဲ့ အတွေးအမြင်၊ ခံစားချက်တွေကို ထုတ်ပြန်ကြရတာကိုး။ အမှတ်တရ ဖော်ပြလိုက်ပါရစေ။
အန္နိမ သန္နိဋ္ဌာန်
"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားကို
ငါတို့ မျိုးဆက်မှာ
ကျိုးပျက်စေရမယ်၊
ညိုလွင် နီစွေး
တော်လှန်ရေး သွေးစီးကြောင်းထဲက
အလောင်းချင်း ထပ်ခဲ့တဲ့
ပြည်သူဟာ …
ဝုန်းကနဲ
ထ ရပ်
စူးရှစွာ ကြွေးကြော်ခဲ့ပြီးပြီ။
"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားကို
ငါတို့မျိုးဆက်မှာ
ကျိုးပျက်စေရမယ်။
အို …
လေမုန်တိုင်းထဲ
ကြွေးကြော်ရဲတဲ့
ငါတို့ ပြည်သူ
တိုက်ပွဲရလဒ်
အောင်လံ အဆက်ဆက်ကို ကိုင်စွဲဖို့
နောက်တဖန် …
အားခဲ ရှေ့ထွက်ရတော့မယ်။
ဒါကြောင့်
"အားမတန် မာန်လျှော့"
ဆိုတဲ့ စကားဟာ
ငါတို့ မျိုးဆက်မှာ
ထပ်မကြားရတော့အောင်
ကျိုးပျက်သွားစေရမယ်။ ။
Posted by
54freedom
at
9:20 PM
0
comments
Labels: ကဗျာ
အလင်းအိမ် မဂ္ဂဇင်းလေး ဖတ်ကြပါဦး
Posted by
54freedom
at
7:23 PM
0
comments
Labels: ဖတ်စရာမှတ်စရာ
တကယ်ပဲ ဒီလို အားလုံး ဖြစ်ကုန်ကြပြီလား.....???
Posted by
54freedom
at
7:02 PM
0
comments
Labels: ကာတွန်း
ဒေါက်တာလွဏ်းဆွေ၏ အိတ်ဖွင့်အကြံပြုစာ (၈-ဇူလိုင်-၂၀၀၈)
ဒေါက်တာလွဏ်းဆွေ
မြန်မာ့ဒီမိုကရေစီရေးအတွက် တိုက်ပွဲဝင်လျက်ရှိသည့် ခေါင်းဆောင်များခင်ဗျား …
၁၉၉၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးခဲ့သည့် မဲဆန္ဒရှင်တစ်ဦးအနေနှင့် လည်းကောင်း၊ ဒီမိုကရေစီရေးတိုက်ပွဲဝင် မြန်မာပြည်သားတစ်ဦးအနေနှင့်လည်းကောင်း ဒီမိုကရေစီတိုက်ပွဲအား လူကြီးမင်းတို့ ဦးဆောင်ဦးရွက် ပြုပေးနေမှုများအပေါ် မထောက်မညှာ ဝေဖန်အကြံပြုစကား ပြောကြားလိုက်ရပါသည်။ တိုက်ပွဲအနေအထား ကျဉ်းထဲကျပ်ထဲတွင် ရောက်ရှိနေပြီး အဆုံးစွန်သော ဒုက္ခများနှင့် ရင်ဆိုင်ကြုံတွေ့နေရသည့် မြန်မာပြည်သူလူထုအတွက် မျှော်လင့်ချက် တစ်စုံတစ်ရာ ပေါ်လာလို ပေါ်လာငြား ဤသို့မထောက်မညှာ အမုန်းခံ ပြောကြားရခြင်း ဖြစ်ပါသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
နအဖစစ်အုပ်စု အုပ်ချုပ်နေသည့် လက်ရှိတိုင်းပြည်အခြေအနေသည် နူရာဝဲစွဲ လဲရာသူခိုးထောင်းအဆင့် မကတော့ဘဲ ယင်တလောင်းလောင်း လင်းတ(လဒ)တ၀ဲဝဲ အခြေအနေသို့ပင် ဆိုက်ရောက်နေသည်ကို လူကြီးမင်းတို့အသိ ဖြစ်ပါသည်။ ထိုသို့ အဆိုးဆုံး အခြေအနေကို ဆိုက်ရောက်ရခြင်းတွင် ဒီမိုကရေစီတိုက်ပွဲ မရှည်ကြာသင့်ဘဲ ရှည်ကြာခဲ့ရသည့် အကြောင်းတရားသည် အဓိက ဖြစ်ပါသည်။
ထိုသို့တိုက်ပွဲရှည်ကြာခြင်းသည် ပြည်သူလူထု ပါဝင်မှုအနေအထား အားနည်းသည့်အတွက်ကြောင့် လုံးဝမဟုတ်ပါ။ မြန်မာ့ဒီမိုကရေစီတိုက်ပွဲတစ်လျှောက် ၁၉၈၈ခုနှစ် ရှစ်လေးလုံး အရေးတော်ပုံမှ ယနေ့အထိ တာဝန်အကျေဆုံးနှင့် သတ္တိအရှိဆုံးသည် ရဟန်းရှင်လူ ကျောင်းသား ပြည်သူများပင် ဖြစ်ပါသည်။ ရှစ်လေးလုံး အရေးတော်ပုံ၊ ၁၉၉၀ ရွေးကောက်ပွဲရလဒ်နှင့် ရွှေဝါရောင် တော်လှန်ရေးကို ကြည့်လျှင် ပြည်သူလူထု၏ တာဝန်ကျေခဲ့မှုအပိုင်းကို အထင်းသား မြင်နိုင်ပါသည်။
တိုက်ပွဲရှည်ကြာရခြင်းသည် အဓိကအကြောင်းတရား နှစ်ချက်ကြောင့် ဖြစ်ပါသည်။
(၁) စစ်တပ်အာဏာ တည်မြဲရေးအတွက် န၀တ/နအဖစစ်အုပ်စုမှ နည်းမျိုးစုံ ဖိနှိပ်လုပ်ဆောင်နေမှု
(၂) အတိုက်အခံခေါင်းဆောင်များ (အဓိက ပြည်သူလူထုထံမှ Mandate ရထားသည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီဝင်များ) ၏ ဦးဆောင်ဦးရွက်ပြုမှုအပိုင်း ချွတ်ယွင်း အားနည်းမှု … စသည်တို့ကြောင့် ဖြစ်ပါသည်။
နအဖစစ်အုပ်စု၏ ဖိနှိပ်ရက်စက်မှုနှင့် ပတ်သက်၍ ပြောရလျှင် စစ်ခေါင်းဆောင်များသည် အာဏာလက်လွှတ်ချင်သူများ မဟုတ်သည့်အတွက် သူတို့အား တွေ့ဆုံဆွေးနွေးရေးနည်းလမ်းနှင့် စည်းရုံးဖျောင်းဖျ၍ ရမည့်အနေအထားမျိုး ယခင်ကလည်း မရှိခဲ့၊ နောင်လည်း ရှိမည်မဟုတ်ပါ။ တစ်လျှောက်လုံး သူတို့၏ မျက်နှာပြောင်တိုက် ဖိနှိပ်ရက်စက်ခဲ့မှုများကို ကြည့်လျှင် သူတို့အား ကုတ်နှင့် ကလော်ထုတ်မှသာ ရာဇာပလ္လင်ပေါ်မှ ဆင်းမည်ဆိုသည်ကို ရှင်းရှင်းလင်းလင်း သိမြင်သင့်ပြီ ထင်ပါသည်။ ဖိနှိပ်ရကောင်းလားဟု သူတို့အား သွားအပြစ်ဖို့နေခြင်းထက် မဖိနှိပ်အောင် မည်သို့တွန်းလှန်မည်လဲ ဆိုသည်ကိုသာ စဉ်းစားကြဖို့ရှိသည်ဟု မြင်ပါသည်။ ထိုသို့တွန်းလှန်ဖို့ မကြိုးစားခဲ့ဘဲ တွေ့ဆုံဆွေးနွေးရေး နည်းလမ်းနှင့် အဖြေရှာဖို့ (မစွန့်ချင်တာနှင့် သူရဲဘောကြောင်တာလည်း ရာခိုင်နှုန်း အတော်များများပါမည်) ကြိုးစားနေခဲ့၍သာ တိုက်ပွဲ အနှစ်နှစ်ဆယ်နီးပါး ကြာခဲ့ပြီး ပြည်သူလူထု အဆုံးအစွန်ထိ ဒုက္ခရောက်ခဲ့ကြရခြင်း ဖြစ်ပါသည်။
အနှစ်နှစ်ဆယ် တိုက်ပွဲကာလအတွင်း အတိုက်အခံအများစု (အဓိက ဦးအောင်ရွှေ၊ ဦးလွင် ဦးဆောင်သည့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ) အနေနှင့် သူတောင်းစားဝါဒ (Beggarism) နှင့် တိုက်ပွဲဝင်ခဲ့ကြခြင်းသည် အဓိက မဟာအမှားဟု သုံးသပ်မိပါသည်။ သူတောင်းစားဝါဒဆိုသည်မှာ ပြည်တွင်းပြည်ပ၌ အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အဖွဲ့အစည်း အတော်များများ တစ်ချိန်လုံး Statement ထုတ်ပြီး တောင်းဆိုနေခြင်းနှင့် ပြည်ပတွင် အတိုက်အခံ အများစုမှာ ဒုက္ခသည်အရေး၊ အလုပ်သမားအရေး၊ အမျိုးသမီးအရေး၊ လူ့အခွင့်အရေး၊ နိုင်ငံရေးအကျဉ်းသား စောင့်ရှောက်ရေး၊ ဗုတ်နိုး၊ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး၊ နာဂစ်ဒုက္ခသည်များ ကူညီရေး … စသည့် အရေးကိစ္စမှန်သမျှအတွက် ပရိုပိုဇယ်တင်တောင်ပြီး လှုပ်ရှားဆောင်ရွက် နေရခြင်းများကို ဆိုလိုပါသည်။
ထိုသို့ သူတောင်းစားဝါဒနှင့် ချီတက်နေကြသည့်အတွက် ဘောလုံးစကားနှင့် ပြောရလျှင် ဂိုးသွင်းခွင့် ရခဲ့သည့် အခွင့်အရေးများကို အမိအရ အသုံးမချနိုင်ဘဲ ဘန်ကေး (ဘေးကန်) ခဲ့သည့် ဖြစ်ရပ်များ ကြိမ်ဖန်များစွာ ကြုံခဲ့ရသည်ကို ပြန်လည်ဆန်းစစ်ကြည့်လျှင် တွေ့နိုင်ပါသည်။ တစ်ချပ်မှောက် ဖဲစကားနှင့် ပြောရလျှင်မူ နအဖ ဟောက်စားလုပ်သည်ကို အဲန်အယ်လ်ဒီ တာဝန်ရှိပုဂ္ဂိုလ်များ တစ်လျှောက်လုံး ငြိမ်ခံလာသည့်အတွက် ယခုအချိန်အထိလည်း နအဖက ဟောက်စားလုပ်ပြီး ၂၀၁၀သို့ ချီတက်ရန် စိတ်ကူးယဉ်နေနိုင်ခြင်းဟု သုံးသပ်မိပါသည်။ နောက်ဆုံးတွင် တောင်းလွန်းမက တောင်းနေသည့် အဲန်အယ်လ်ဒီကို “အခုအထိ တောင်းတုန်းပဲလား”ဟု အပြစ်မြင်လာကြပြီး တခါမှ မပေးခဲ့သည့် နအဖကို အပြစ်မပြောတော့သည့် အနေအထားနှင့် ရယ်သွမ်းသွေးဖွယ် ကြုံလာရပါသည်။ရသ
အတိုက်အခံအများစု ထိုသို့တောင်းစားရသည့် အခြေအနေများ ဖြစ်ကုန်ကြရုံမက တော်တော်များများလည်း တတိယနိုင်ငံများတွင် သွားရောက်ကျွန်ခံရသည့် အနေအထားတွေ ဖြစ်ကုန်ကြပါသည်။ ကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ၊ လက်ခံသည်ဖြစ်စေ လက်မခံသည်ဖြစ်စေ ဤအခြေအနေသည် ပကတိ ဆိုက်ရောက်နေသည့် အခြေအနေမှန်ပင် ဖြစ်ပါသည်။ ထိုပရိုပိုဇယ် guideline များ၊ resettlement programme များကြောင့် အင်အားစုများ ညီညွတ်မလာဘဲ ပို၍စိတ်ဝမ်းကွဲပြီး အပြိုပြို အလဲလဲ ဖြစ်ကုန်ပါသည်။ နအဖစစ်အုပ်စုကတော့ ထိုသို့ အင်အားများ ဖြိုခွဲပေးနေသည့် နိုင်ငံတကာမှ ကျေးဇူးရှင်များကို ဦးကုန်းချနေမည်မှာ အသေအချာပင် ဖြစ်ပါသည်။ တကယ်တော့ ပရိုပိုဇယ်ပေးသည့် သူများသည် ကျနော်တို့ မြန်မာပြည်သူပြည်သားများ ခံစားနေရသည့် ပကတိအခြေအနေနှင့် တိုက်ပွဲအနေအထားအကြောင်းကို ဂဃနဏ သိကြသူများ မဟုတ်ပါ။ သိချင်သူများလည်း မဟုတ်ပါ။ သိပြီး ပွဲပြီးအောင် ကူညီမည့်သူများလည်း မဟုတ်ကြပါ။ လုပ်စားကိုင်စား အဆင့်တွင်သာ အားပေးအားမြှောက် ပြုနေကြမည့်သူများ ဖြစ်ပါသည်။ သို့သော် ယူထားသည့် ပရိုပိုဇယ်မျက်နှာကြောင့် သူတို့က အကြမ်းမဖက်နှင့်ဆိုတိုင်း အကြမ်းမဖက်ကြဖို့ ကျွန်တော်တို့လူတွေ လိုက်အော်နေကြရသည်ကို ကြည့်ရသည်မှာ အတော့်ကို ကြေကွဲစရာ ကောင်းလှပါသည်။
ကျွန်တော်တို့၏ လက်ရှိတိုက်ပွဲအနေအထားကို ဖိနှိပ်ရက်စက်မှုမျိုးစုံ ခံနေရသည့် ကျွန်တော်တို့ မြန်မာပြည်သူ ပြည်သားများသာ အသိဆုံး ဖြစ်ပါသည်။ ကမ်းကုန်အောင် ရက်စက်ကြမ်းကြုတ်နေသည့် စစ်အာဏာရှင်အုပ်စုကို အကြမ်းမဖက်သည့် နည်းလမ်းတစ်ခုတည်းနှင့် တိုက်ပွဲဝင်ဖို့ မလုံလောက်တော့ကြောင်း ရွှေဝါရောင်တော်လှန်ရေးက ပြဋ္ဌာန်းပေးပြီး ဖြစ်သည်ကိုလည်း ကျွန်တော်တို့အားလုံး သိရှိကြပြီး ဖြစ်ပါသည်။
ထို့ကြောင့် အဲန်အယ်လ်ဒီ ဗဟိုကော်မတီ အပါအ၀င် အတိုက်အခံ အင်အားစုများအနေနှင့် အချိန်မနှောင်းမီ လက်ရှိကျင့်သုံးနေသည့် သူတောင်းစားဝါဒကို စွန့်လွှတ်ပြီး နအဖစစ်အုပ်စုကို ရင်ဆိုင်တိုက်ပွဲဝင်မည့် နည်းလမ်းများ အမြန်ဆုံး ရှာကြံကျင့်သုံးကြဖို့နှင့် ၉၀ ရွေးကောက်ပွဲရလဒ်ကို အလျင်အမြန် အကောင်အထည်ဖော်နိုင်အောင် အစွမ်းကုန် အားထုတ်ကြိုးပမ်းကြဖို့ အကြံပြု ပြောကြားလိုက်ရပါသည်။ သို့မဟုတ်ပါက အီးရောအီးရော၊ ယောင်တောင်ပေါင်တောင်၊ ဖင်လှည့်ခေါင်းလှည့်နှင့် ၂၀၁၀ သို့ ရောက်ရှိသွားပြီး တတိုင်းပြည်လုံး စစ်ကျွန်အဖြစ် နွံနစ်ဖို့သာရှိတော့မည့်အကြောင်း တပ်လှန့်သတိပေးလိုက်ရပါသည်။
ကြည့်လုပ်ကြပါဦး ခေါင်းဆောင်တို့ …။
တိုက်ပွဲသစ္စာဖြင့် …
ဒေါက်တာလွဏ်းဆွေ
(၁၉၉၀ပြည့် ရွေးကောက်ပွဲ မဲဆန္ဒရှင်တစ်ဦး)
Posted by
54freedom
at
6:58 PM
0
comments
Labels: အကြံပြုစာ
Friday, July 11, 2008
မောင်ဝိတ်ကုမ္ပဏီ၏ ပြန်လည်ထူထောင်ရေး လုပ်ငန်းများ မရေရာ
ကြာသပတေးနေ့၊ ဂျူလိုင်လ 10 2008 17:22 - မြန်မာစံတော်ချိန်
ချင်းမိုင်။ ။ မူးယစ်ဆေးဝါးမှုဖြင့် ကုမ္ပဏီအကြီးအကဲ ဖမ်းဆီးခံနေရပြီးနောက် မောင်ဝိတ်နှင့် မိသားစုကုမ္ပဏီ၏ နာဂစ်ဒဏ်သင့် ကျိုတ်လတ်မြို့တွင် ပြန်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ကိုင်ခွင့်မှာ မရေရာတော့သည့် အခြေအနေ ဖြစ်နေသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ရန်ကုန်တိုင်း လမ်းမတော်မြို့နယ်ရှိ မောင်ဝိတ်နှင့် မိသားစု ကုမ္ပဏီလိမိတက်မှ တာဝန်ရှိသူများက ပြန်လည်ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်မှုနှင့် ပတ်သက်၍ ဖြေကြားရန် ငြင်းဆန်နေသော်လည်း ကျိုတ်လတ် ဒေသခံများနှင့် ပြည်တွင်းဂျာနယ် သတင်းထောက်များက မောင်ဝိတ်၏ ကုမ္ပဏီသည် ပြန်လည်ထူထောင်ရေး လုပ်ငန်းများတွင် လုပ်ဆောင်ခြင်း မတွေ့ရတော့ဟု တညီတညာတည်း ပြောနေကြသည်။
နာဂစ်မုန်တိုင်းဒဏ် ဆိုးရွားစွာ ခံခဲ့ရသည့် ဧရာဝတီ မြစ်ဝကျွန်းပေါ်နှင့် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်အချို့တွင် ပြည်လည် ထူထောင်ရေး လုပ်ငန်းများ လုပ်ဆောင်ရန် ကြီးကြပ်ရမည့် ၀န်ကြီးများ၊ မြို့တော်ဝန် သတ်မှတ်ပေးပြီး စစ်အစိုးရနှင့် ရင်းနှီးသော စီးပွားရေး ကုမ္ပဏီကြီး ၃၀ ကျော်ကို တာဝန်ခွဲတမ်း ချထားပေးရာ မောင်ဝိတ်နှင့် မိသားစုမှာ ကျိုတ်လတ်တွင် လုပ်ရန် ရွှေမာလာ၊ သော်တာဝင်း ကုမ္ပဏီများနှင့်အတူ ခွဲတမ်းရရှိခဲ့သည်။

မေ ၂၅ ရက်နေ့က မောင်ဝိတ်ကိုယ်တိုင် ကျိုတ်လတ်တွင် မုန်တိုင်းဘေး ဒုက္ခသည်များကို ဆန်များ လှူတန်းနေစဉ်။
ဓာတ်ပုံ- အလင်းတန်းဂျာနယ်
သို့သော် ခေါင်းခါဆေး ဟု လူသိများသော မူးယစ်ဆေးပြားများ ရောင်းဝယ်ဖောက်ကား သုံးစွဲမှုဖြင့် အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီသူဌေး အဖမ်းခံရပြီးနောက် ကုမ္ပဏီ၏ လုပ်ဆောင်မှုများ သိသာစွာ လျော့နည်းသွားခဲ့သည်ဟု ဒေသခံများနှင့် ပြည်တွင်းဂျာနယ် သတင်းထောက်များက ပြောသည်။
သို့သော်ငြားလည်း မောင်ဝိတ် ကုမ္ပဏီက ဖြေကြားရန် ငြင်းဆန်နေခဲ့သည်။ အခြားတဖက်တွင်လည်း ကုမ္ပဏီများက စိုက်ထုတ်ထားသော ငွေပြန်ပေါ်ရန် မသေချာသည့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများကို စစ်အစိုးရ တာဝန်ပေး၍သာ လုပ်နေကြရသော်လည်း လက်တွန့်နေကြသည်။
မေလ ၂၅ ရက်နေ့က မောင်ဝိတ်ကိုယ်တိုင်ပင် ကျိုက်လတ်မြို့နယ် လှည်းဆိပ်ကျေးရွာအုပ်စုမှ မုန်တိုင်းဒဏ်သင့် ဒုက္ခသည်များအတွက် ဆန်များ လှူဒါန်းခဲ့သေးသည်။
မေ ၃၁ ရက်နေ့တွင် ဘီလီယံကြွယ်သူဌေး အဖမ်းခံလိုက်ရသည်။ သူနှင့် ရင်းနှီးသော အောင်ဇော်ရဲမြင့်၊ မင်းသမီး န၀ရတ်တို့လည်း အလားတူပင် ခေါ်ယူစစ်ဆေးမှု ခံခဲ့ရသော်လည်း ဒုတိယ ဗိုလ်ချုပ်ကြီး ရဲမြင့်၏သား အောင်ဇော်ရဲမြင့်က အမှုကို ဖွင့်ချခဲ့ပြီးနောက် ၀က်ထီးကန် မူးယစ်ဆေးဖြတ်စခန်းသို့ ပို့ဆောင်ခံခဲ့ရသလို မင်းသမီး န၀ရတ်ကိုလည်း ပြန်လွှတ်ပေးခဲ့သည်။ အမှုဖော်ထုတ်မှု လုပ်ငန်းစဉ်အရ မင်းသား၊ မင်းသမီးများနှင့် ရုပ်ရှင်၊ တေးဂီတမှ နာမည်ကျော်များလည်း ခေါ်ယူစစ်ဆေးခြင်း ခံခဲ့ရသည်။
အနုပညာရှင်များကို လက်ရှိအချိန်တွင် ဖမ်းဆီးထားခြင်း မရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့အကြီးအကဲ ဗိုလ်မှူးချုပ်ခင်ရီက နေပြည်တော်တွင် သတင်းထောက်များကို ဇွန် ၂၆ ရက်နေ့က ပြောကြားခဲ့သည်။
ယနေ့ထုတ် မြန်မာတိုင်းမ်ဂျာနယ်တွင် မောင်ဝိတ်နှင့် မူးယစ်ဆေးဝါးသတင်း ပါလာရာ သူနှင့်အတူ အမှုတွဲဖြစ်သည့် အခြား ၆ ဦးတွင် မလေးရှား နိုင်ငံသားတဦး ပါဝင်သည်ဟု ဖော်ပြထားသည်။
မလေးရှားနိုင်ငံသား ပီတာ၊ မောင်ဝိတ်၊ အောင်မင်း၊ နေထွန်းလွင်၊ ကျော်ဖုန်းနိုင်၊ ကျော်လှိုင်၊ အုန်းသီး (ခ) ကျော်ဝင်းတို့ကို Ecstasy၊ စိတ်ကြွဆေးပြားများနှင့် Ketamine တို့ ကိုယ်တိုင်သုံးစွဲခြင်း၊ ဖြန့်ဝေ တိုက်ကျွေးခြင်းတို့ကြောင့် လမ်းမတော်မြို့နယ် ရဲစခန်းက အမှုဖွင့် အရေးယူထားသည်ဟု မြန်မာတိုင်းမ် ဂျာနယ်က ရေးသားထားသည်။
Posted by
54freedom
at
12:10 AM
0
comments
Labels: ပြည်တွင်းသတင်းများ
နေဘုန်းလတ်ကို ပထမဆုံးအကြိမ် ရုံးထုတ်
ဖနိဒါ
ကြာသပတေးနေ့၊ ဂျူလိုင်လ 10 2008 17:08 - မြန်မာစံတော်ချိန်
“ပုဒ်မ ၅ ည မပါဝင်”
ချင်းမိုင်။ ။ စာရေးဆရာ ဘလော့ဂါ နေဘုန်းလတ်အား ယခုလ ၈ ရက်နေ့က အင်းစိန်ထောင်အတွင်း ပထမဆုံးအကြိမ် ရုံးထုတ်ပြီး နောက်ထပ် စွဲဆိုချက်များ တိုးမြှင့်ကြောင်း တရားရုံးက အသိပေးလိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အသက် ၂၈ နှစ်အရွယ် ကိုနေဘုန်းလတ် ခေါ် ကိုနေမျိုးကျော်အား အင်းစိန်ထောင်တွင်းရှိ အမှတ် ၂ တရားရုံးတွင် အနောက်ပိုင်းခရိုင် ဒုခရိုင်တရားသူကြီးက သီးသန့်ရုံးထိုင်ကာ ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ဖြင့်သာ မဟုတ်ဘဲ အခြားပုဒ်မများဖြင့်ပါ တရားစွဲဆိုကြောင်း ပြောဆိုလိုက်ခြင်း ဖြစ်သည်။
တရားရုံးက အစိုးရ သို့မဟုတ် နိုင်ငံတော် လုံခြုံရေးကို ထိခိုက် ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ)၊ ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ပုဒ်မ ၃၂ (ခ)/၃၆၊ အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ဖြင့် စွဲချက်တင်ထားကြောင်း ကိုနေဘုန်းလတ်၏ ရှေ့နေဖြစ်သူ တရားရုံးချုပ် ရှေ့နေကြီး ဦးအောင်သိန်းက ပြောသည်။
ဇူလိုင်လ ၂ ရက်နေ့ကမူ အရေးပေါ် စီမံချက် အက်ဥပဒေ ပုဒ်မ ၅ (ည) သို့ ပြောင်းလဲ တရားစွဲခဲ့ကြောင်း ထောင်အာဏာပိုင်များက ကိုနေဘုန်းလတ်ကို ထောင်တွင်း လာရောက် ပြောကြားခဲ့သဖြင့် ၇ ရက်နေ့ ထောင်ဝင်စာ တွေ့သည်အခါ မိခင်ဖြစ်သူ ဒေါ်အေးသန်းက ကိုနေဘုန်းလတ်ကို ပြန်လည် ပြောကြား အသိပေးခဲ့သည်။
ထို့ကြောင့် ထိုစဉ်က သတင်းများတွင် ကိုနေဘုန်းလတ်ကို စွဲဆိုထားသော အမှု ပြောင်းလဲသွားပြီဟု ပါရှိခဲ့သည်။ သို့သော်လည်း နောက်တရက် ရုံးချိန်းတွင်မူ တရားသူကြီးက ကိုနေဘုန်းလတ်၏ အမှုနှင့် စွဲချက်များကို အသိပေးပြောကြားရာတွင် အရေးပေါ် စီမခံချက်ဥပဒေ ပုဒ်မ ၅ (ည) မပါဝင်တော့ဘဲ အခြားသော နောက်တိုး စွဲချက်များသာ ပါလာခြင်း ဖြစ်သည်။
ဇန်နဝါရီလ ၂၉ ရက်နေ့တွင် အာဏာပိုင်များက ကိုနေဘုန်းလတ်အား ဖမ်းဆီးခဲ့ပြီးနောက် ဗီဒီယို အက်ဥပဒေ ၃၂ (ခ) ဖြင့်သာ စွဲချက်တင်ခဲ့ခြင်း ဖြစ်သည်။
သူက “အန်တီတို့ သွားတွေ့ခဲ့တာ ၇ ရက်ကပေါ့နော်။ ပုဒ်မပြောင်းတယ်လို့ပဲ ကြားခဲ့ရတာပေါ့နော်။ ၈ ရက်နေ့ကျတော့ ရုံးထုတ်မယ်ဆိုပြီး အန်တီတောင် အံ့သြသွားတာပေါ့နော်။ အဲဒါ ဘယ်လိုဖြစ်မှန်း နားမလည်တော့ဘူးကွယ်။ ပထမ ၂ ရက်နေ့မှာ သားကို လာပြောတယ်။ ပုဒ်မ ၅ (ည) က ပြန်မတပ်တော့ဘူး။ ၁၆ ရက်နေ့ ထပ်ချိန်းလိုက်တယ်။ ထုတ်မှာ မဟုတ်ဘူး။ ရမန်ပဲ ယူလိမ့်မယ်လို့ သားက သေချာပြောလိုက်တာ။ ဒါပေမဲ့ ၈ ရက်နေ့ကျတော့ ရုံးထုတ်တယ်လေ။ ပုဒ်မ သုံးခု တပ်လိုက်တယ်ဓ ဟု ဒေါ်အေးအေးသန်းက အံသြစွာဖြင့် ပြောသည်။
ကိုနေဘုန်းလတ်နှင့်အတူ ဖမ်းဆီးခံထားရသည့် ဒဂုံမြို့နယ်မှ မသင်းဂျူလိုင်ကျော်ကိုလည်း အစိုးရ သို့မဟုတ် နိုင်ငံတော် လုံခြုံရေးကို ထိခိုက်ပျက်ပြားစေရန် လှုံ့ဆော်မှု ပုဒ်မ ၅ဝ၅ (ခ) နှင့် ရုပ်မြင်သံကြားနှင့် ဗီဒီယို ဥပဒေ ပုဒ်မ ၃၂ (ခ)/၃၆ တို့ဖြင့် စွဲချက်တင်ထားကြောင်း သိရသည်။
Posted by
54freedom
at
12:08 AM
0
comments
Labels: ပြည်တွင်းသတင်းများ