စစ်အာဏာရှင်စနစ် ကျဆုံးပါစေ

Monday, June 23, 2008

စတစ်ကာကပ်ကား မောင်းသည့်ယာဉ်မောင်းကို ဖမ်းဆီးထောင်ချမည်

NEJ/ ၂၃ ဇွန် ၂၀၀၈

စတစ်ကာကပ်ထားသော မော်တော်ယာဉ် မောင်းနှင်သည့် ယာဉ်မောင်းအား ပုဒ်မ (၁၈၈) ဖြင့် ဖမ်းဆီးအရေးယူမည်ဟု ရန်ကုန်တိုင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှူးရုံးက တရားဝင် သတင်းထုတ်ပြန်လိုက်သည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အရေးယူမှု ပြုလုပ်ရခြင်းမှာ ဒုစရိုက်မှုများ၊ ရာဇ၀တ်မှုများ မကျူးလွန်ကြစေရန်ဖြစ်ကြောင်း၊ စတစ်ကာကပ်ထားသည်ကို အကာအကွယ်ယူ၍ မော်တော်ယာဉ်ပေါ်တွင် ပြစ်မှုကျူးလွန်ခြင်း မရှိစေရန်ဖြစ်ကြောင်း ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့မှ ဒုတိယ ရဲမှူးကြီး အောင်နိုင်ကို ကိုးကားပြီး ပြည်တွင်းဂျာနယ်အယ်ဒီတာတဦးက ပြောသည်။
ကားများတွင် စတစ်ကာကပ်သည်ကို ထားမြစ်ထားသော်လည်း ယာဉ်ပိုင်ရှင်များက လိုက်နာမှု မရှိဘဲ ယခုအခါ စတစ်ကာကပ်သည့်ကားများ ပိုများလာသည့်အတွက် ပုဒ်မ (၁၈၈) အရ ပြင်းထန်စွာ အရေးယူရန် သတင်းထုတ်ပြန်ခြင်းဖြစ်ကြောင်း သိရသည်။

မော်တော်ယာဉ် ဥပဒေအရ ထားမြစ်ထားသည်ကို ကျူးလွန်ပါက ဥပဒေပုဒ်မ (၂၄) ဖြင့် အရေး ယူခြင်း ခံရမည်ဖြစ်ပြီး ယင်းဥပဒေတွင် ဒဏ်ငွေသာ တပ်၍ရကြောင်း၊ ယခုပုဒ်မ (၁၈၈) မှာ (မြန်မာနိုင်ငံရဲတပ်ဖွဲ့) ဥပဒေဖြစ်ပြီး လူကိုပါ ဖမ်းဆီးထောင်ချမည့် ဥပဒေဖြစ်ကြောင်း အဆိုပါ အယ်ဒီတာက ရှင်းပြသည်။

ဥပဒေပုဒ်မ (၁၈၈) အရ ယာဉ်မောင်းကို ဖမ်းဆီးကာ သက်ဆိုင်ရာ မြို့နယ်ရဲစခန်းများတွင် အမှုဖွင့် အရေးယူမည့်စီမံချက်ကို ဇူလိုင်လ (၁) ရက်နေ့၌ စတင်မည်ဟု သိရသည်။

ယခုလအတွင်း မြန်မာနိုင်ငံ အနုပညာလောက၌ မူးယစ်ဆေးဝါးသုံးစွဲသော အနုပညာရှင်များ ခေါ်ယူစစ်ဆေးခံရသည့်သတင်း ပျံ့နှံ့နေပြီး ထိုသတင်းနောက်ပိုင်းတွင် ယခုဥပဒေပုဒ်မ ထွက်ပေါ်လာခြင်းဖြစ်သည်။

ပြည်တွင်း မီဒီယာတခုမှ ၀ါရင့် သတင်းစာဆရာတဦးက “ကျနော်တို့သိလောက်ကတော့ မင်းသမီး၊ မင်းသားတွေက စတစ်ကာကပ်တဲ့ကားကို စီးတာများတယ်ဗျ၊ ပြီးတော့ အရာရှိကြီးတွေရဲ့ သား သမီးတွေကပဲ ဒီစတစ်ကာကပ်ထားတဲ့ကားကို စီးတာလေဗျာ။ ကားကောင်းတွေစီးတဲ့ လူတန်း စားက ရန်ကုန်မှာ လက်ချိုးရေလို့ရပါတယ်” ဟုပြောသည်။

ဆေးသုံးသည်ဟု သတင်းထွက်နေသည့် သရုပ်ဆောင်အချို့နှင့် သူဌေးအချို့တို့က ဒရိုင်ဘာရှိ သည့်အတွက် ဥပဒေအရဖမ်းမည်ဆိုပါက လခနှင့်မောင်းသည့် ယာဉ်မောင်းသာ ဒုက္ခရောက်မည် ဖြစ်ကြောင်း ၎င်းကပြောသည်။

“ဥပမာဗျာ၊ ဇေကမ္ဘာ ဦးခင်ရွှေ၊ မောင်ဝိတ်တို့ဆို သူတို့ကားတွေမှာ စတစ်ကာနဲ့။ ယာဉ်မောင်းက အငှား၊ ဒါကို ဘယ်လိုလုပ်မလဲ၊ ဘာပဲဖြစ်ဖြစ် ပုဒ်မ (၁၈၈) ထုတ်ပြန်တာတောင် မော်တော်ယာဉ် ပိုင်ရှင်ကို လွှတ်ထားပေးတဲ့သဘော သက်ရောက်နေတာပဲ” ဟု အဆိုပါ သတင်းစာဆရာက ပြောသည်။

ရန်ကုန်မြို့တွင်း လမ်းမပေါ်တွင် စတစ်ကာကပ် မော်တော်ယာဉ်များကို ဖမ်းဆီးသည်ဟု ဆိုသော်လည်း ယာဉ်ထိန်းရဲများကို ပိုက်ဆံပေးလျှင် ကင်းလွတ်သည်ဟု အဲယားကွန်းဘတ်စ် ဒရိုင်ဘာတဦးက ပြောသည်။

၎င်းက “လမ်းတွေမှာ ရဲတွေက အဖွဲ့လိုက်စောင့်နေတယ်။ ကားတစီးကို ဖမ်းမယ်ဆိုရင် (စည်းကမ်း ဖောက်ဖျက်မှုနဲ့) တားလိုက်တယ်။ ဒါပေမယ့် အဲဒီကားဟာ နအဖနဲ့ပတ်သက်တာဆိုရင် ဘာမှ မလုပ်ဘူး။ နောက်တနည်းက ပိုက်ဆံလျှံတဲ့ကားဆိုရင် ငွေကိုသာ ပစ်ပေးလိုက် ဒီကောင်တွေ ဘာမှမလုပ်ရဲဘူး။ အခုလို စတစ်ကာကပ်တဲ့ကိစ္စတွေကို ဖမ်းတယ်ဆိုတာ ရဲတွေအတွက် တွက်ခြေ ကိုက်မယ့် စီးပွားရေးလို့ပဲမြင်တယ်” ဟု ပြောသည်။

စတစ်ကာကပ်သည့် မော်တော်ယာဉ်များကို ကြိုးမဲ့ကြေးနန်းနှင့် ယာဉ်ထိန်းတပ်ဖွဲ့က ၁၉၉၈ ခုနှစ်က ဒဏ်ငွေ (၅,၀၀၀) ကျပ် သတ်မှတ်ဖမ်းဆီးခဲ့ပြီး နောက်ပိုင်းတွင် ဒဏ်ငွေ (၅၀,၀၀၀) ကျပ်ထိ တိုးမြှင့်သတ်မှတ် ဖမ်းဆီးခဲ့သော်လည်း စတေကာကပ်မှုများ လျော့မသွားသည့်အပြင်
ပို၍ တိုးလာကြောင်း သိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

လူကုန်ကူးမှု၌ ပါဝင်သည်ဟု သံသယရှိသူများ ကော့သောင်းတွင် ဖမ်းဆီးခံရ

ကျော်ထင်/ ၂၃ ဇွန် ၂၀၀၈

ပြီးခဲ့သည့်ဧပြီလက ထိုင်းနိုင်ငံတောင်ပိုင်း၊ ဖူးခက်သို့အသွား အအေးခန်းကားပေါ်တွင် မြန်မာ နိုင်ငံသား (၅၄) ဦး လေမွန်းကျပ်ပြီး သေဆုံးပြီးနောက်ပိုင်း ကော့သောင်းမှ လူကုန်ကူးမှုနှင့် ပတ်သက်နေသူများကို ပြီးခဲ့သည့်လကုန်ပိုင်းမှစ၍ ဆက်တိုက်ဖမ်းဆီးလျက်ရှိသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
လက်ရှိအချိန်ထိ တည်းခိုခန်းပိုင်ရှင်များ၊ ငွေလွှဲလုပ်ငန်းလုပ်ကိုင်သူများနှင့် ဆိုင်ကယ်တက္ကစီ သမားများအပါအ၀င် လူကယ်ရီဟု ယူဆရသူ (၃၀) ကျော်ကို ကြပ်ပြေးနေပြည်တော်မှ တိုက်ရိုက် ဆင်းလာသည့် အထူးစုံစမ်းစစ်ဆေးရေး (အက်စ်ဘီ) မှ ခေါ်ယူစစ်ဆေးနေကြောင်း နယ်ခြား ကော်မတီနှင့်နီးစပ်သည့် ကော့သောင်းမှ မြန်မာကုန်သည်ကြီးတဦးက ပြောသည်။
၎င်းက “တချို့ကလည်း ငွေလွှဲနဲ့ပတ်သက်တယ်။ တချို့က ပက်ကေခ်ျ့နဲ့ပတ်သက်တယ်။ တချို့က တည်းခိုခန်းတို့၊ ဆိုင်ကယ်နဲ့ ပို့တာတို့ပေါ့။ အဲဒီလုပ်ငန်းကလည်း တမြို့လုံးလိုလို တခုမဟုတ်တခုနဲ့ပတ်သက်နေတော့ အဆွဲခံရမလားဆိုပြီး ရှောင်တဲ့သူလည်း တော်တော် များတယ်။ အရင် ကော့သောင်းက အက်စဘီဟောင်းဖြစ်တဲ့ ဦးသောင်းအေး၊ သူ့ကို ဘာသာ ပြန်ပေးနေတဲ့ ဦးအောင်တို့ဆိုတာ တိုက်ရိုက်ကိုပတ်သက်နေတယ်လေ။ အဲလို လူတွေက ပထမတော့ ဆန္ဒခံယူပွဲအမီ ကော့သောင်းပြန်လာပါမယ်ဆိုပြီးမှ လုံးဝမလာရဲတော့ဘူးလေ” ဟု ပြောသည်။

စောစောပိုင်းက နယ်မြေခံရဲ၊ စစ်တပ်နှင့် လူဝင်မှုကြီးကြပ်ရေးကဲ့သို့ အစိုးရ၀န်ထမ်းများလည်း လူကုန်ကူးမှုများတွင် တနည်းမဟုတ်တနည်း ပါဝင်ပတ်သက်သည်ဟု သတင်းများထွက် ပေါ်ခဲ့သော်လည်း လက်ရှိအချိန်ထိ ၎င်းတို့အား ခေါ်ယူစစ်ဆေးခြင်းမရှိသေးပေ။

“အခုအရေးယူတဲ့အထဲ ၀န်ထမ်းတွေတယောက်မှမပါဘူး။ ၀န်ထမ်းက မေးစရာကိုမလိုဘူး၊ လုံးဝကို ပါဝင်ပတ်သက်နေတာ။ ဒါပေမယ့် ဒီလူတွေက နည်းနည်းလည်တယ်ဗျ၊ ထိုင်းကို ကယ်ရီတွေနဲ့ ၀င်မယ်ဆိုတာသိသိနဲ့ အိမ်ထောင်စု စာရင်းပါပြီး ဘောင်ဝင်နေတယ်ဆိုရင် နည်းနည်းပါးပါးယူပြီး လုပ်ပေးလိုက်တာပဲ” ဟု ပြောသည်။

ကော့သောင်းသို့ ရောက်လာသူများသည် ၎င်းတို့သွားရောက်မည့် ဒေသခံများထံမှ နေရပ် လိပ်စာအပြည့်အစုံ သန်းကောင်စာရင်း (ပုံစံ-၁၀) စသည်တို့ ပြသနိုင်မှသာ မြို့တွင်းသို့
ဝင်ရောက်ခွင့်ရကြသည်။

ကော့သောင်းမှ မြို့မျက်နှာဖုံးတဦးဖြစ်သူ ရွှေကမ္ဘာတည်းခိုခန်းပိုင်ရှင် ဦးဝင်းနိုင်သည် မြန်မာ နိုင်ငံသား (၅၄) ဦး သေမှုများဖြစ်ပွားပြီးနောက် ထိုင်းဘက်ကမ်းသို့ သွားရောက်တိမ်းရှောင် နေရာမှ ဇွန်လ (၃) နေ့က လာရောက်ဖမ်းဆီးခံခဲ့ပြီး ၎င်း၏ဇနီးမှာ အခင်းဖြစ်ပွားပြီး ရက်ပိုင်း အတွင်း ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

လက်ရှိလည်း ရနောင်းတွင် တိမ်းရှောင်နေသူအချို့ကို မြန်မာဘက်မှ တောင်းဆိုမှုကြောင့် ထိုင်း အာဏာပိုင်များက ပြန်လည်ပို့ဆောင်ရန်စီစဉ်နေကြောင်း ကော့သောင်းမှ အဆိုပါကုန်သည်ကြီးက ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အိန္ဒိယက မြန်မာနိုင်ငံအတွက် ဒေါ်လာ ၈၄သန်း ချေးငှားမည်


23 June 2008

အိန္ဒိယနိုင်ငံက ထိပ်တန်း အစိုးရအရာရှိတဦး မြန်မာနိုင်ငံကို ရောက်ရှိနေစဉ် အခုအပတ်အတွင်း ရင်းနှီးမြုပ်နှံမှုဆိုင်ရာ သဘောတူညီချက် တရပ်ကို လက်မှတ်ထိုးဖို့ရှိပြီး၊ မြန်မာစစ်အစိုးရအတွက်လည်း အကြွေး အမေရိကန်ဒေါ်လာ ၈၄သန်း ပေးဖို့ ကမ်းလှမ်းချက်လည်း ရှိနေပါတယ်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အိန္ဒိယနိုင်ငံ စီးပွားရေးနဲ့စွမ်းအင်ဝန်ကြီး ဂျရမ်း ရာမတ်ရှ်ဟာ မနေ့က ရန်ကုန်မြို့ကို ထွက်ခွာသွားပါတယ်။ မြန်မာနိုင်ငံမှာ ရှိစဉ်အတွင်းမှာတော့ နှစ်နိုင်ငံ ရင်းနှီးမြုပ်နှံမှုတွေ တိုးများလာစေဖို့ ရည်ရွယ်တဲ့ ၁၀နှစ်ကြာ သဘောတူညီချက်ကို လက်မှတ်ထိုးဖို့လည်း ရှိပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို အမေရိကန် ဒေါ်လာ ၈၄သန်း အကြွေးပေးဖို့ အိန္ဒိယနိုင်ငံဖက်က ကမ်းလှမ်းချက်ကိုလည်း မစ္စတာ ရာမတ်ရှ်ရဲ့ ခရီးစဉ်အတွင်းမှာ ကြေညာမယ်လို့ မျှော်လင့်ရပါတယ်။ ဒါ့အပြင် နာဂစ်ဆိုက်ကလုံးမုန်တိုင်းလွန် ပြန်လည်ထူထောင်ရေးအစီအစဉ်အတွကလည်း အမေရိကန်ဒေါ်လာ နှစ်သန်း ပေးသွားဖို့ရှိပါတယ်။

ဒီနှစ်သန်းကိုတော့ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ လျပ်စစ်ဓါတ်အားပေးစက် ၁၆လုံး ကို ပြန်လည်ပြုပြင်ရေးအတွက် ပေးအပ်မှာဖြစ်ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ထိုင်းဝန်ကြီးချုပ်အပေါ် အယုံအကြည်မရှိအဆို လွှတ်တော်မှာ မဲခွဲတော့မည်


22 June 2008

ဒီသီတင်းပတ်ထဲ ထိုင်းနိုင်ငံ ပါလီမန်ရဲ့ အထက်လွှတ်တော်မှာ မနက်ဖြန် တနင်္လာနေ့ကစပြီး ၀န်ကြီးချုပ် စမတ် ဆွန်ဒရာဝေ နှုတ်ထွက်ရေးနဲ့ ပတ်သက်ပြီး အခြေအတင် ဆွေးနွေးသွားကြမှာဖြစ်ပြီး ၀န်ကြီးချုပ်ကို အယုံအကြည်မရှိ အဆိုတင်သွင်းမဲခွဲ ဆုံးဖြတ်တဲ့အခါမှာ အဆိုက အနိုင်ရသွားခဲ့ရင် သူ့အနေနဲ့ ရာထူးက နှုတ်ထွက်ပေးမယ်လို့ ၀န်ကြီးချုပ် ဆွန်ဒရာဝေက ဒီနေ့ ထုတ်လွှင့်တဲ့ အပတ်စဉ်ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားတဲ့ ရုပ်မြင်သံကြား အစီအစဉ်မှာ ကြေညာလိုက်ပါတယ်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မနေ့က ဆန္ဒပြကြသူတွေက ဆွန်ဒရာဝေ ရာထူးကမထွက်မချင်း ၀န်ကြီးချုပ် ရုံးရှေ့က မခွာဘူးဆိုတဲ့ သန္နိဌာန်နဲ့ စောင့်ဆိုင်း နေကြမယ်လို့ ကြေညာလိုက်ပြီး လက်ရှိ ထိုင်းအစိုးရ ဆန့်ကျင်ရေး ဟောပြောမှုတွေ အလံတွေ ဝှေ့ရမ်း သီချင်းဆိုမှုတွေ ပြုလုပ်ပြီး ဇွဲကောင်းကောင်းနဲ့ ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။


ဆွန်ဒရာဝေ ၀န်ကြီးချုပ်ရာထူးကနှုတ်ထွက်ပေးရေး တောင်းဆိုခဲ့ကြတဲ့ ပြည်သူ့ဒီမိုကရေစီ မဟာမိတ်များ(PAD) အဖွဲ့ဝင်တွေ ဟာ ဘန်ကောက်မြို့တော်ရဲ့ လမ်းမပေါ်တွေမှာ လွန်ခဲ့တဲ့ ရက်သတ္တပတ် သုံးပတ်ကတည်းက စုရုံးဆန္ဒပြ နေခဲ့ကြတာ ဖြစ်ပါတယ်။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

အိန္ဒိယမြန်မာ ရင်းနှီးမြှုပ်နှံမှု စာချုပ်ချုပ်ဆို

AFP/ ၂၃ ဇွန် ၂၀၀၈

အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံသည် ရင်းနှီးမြှုပ်နှံမှု စာချုပ်တခု ချုပ်ဆိုမည်ဖြစ်ပြီး နှစ်နိုင်ငံကြား ရင်းနှီးမှု တိုးချဲ့သည့်အနေဖြင့် နယ်စပ်ကုန်သွယ်မှု ကျယ်ပြန့်ရေးအတွက် ဆွေးနွေးနေဆဲ ဖြစ်သည်ဟု အိန္ဒိယအရာရှိများက ပြောသည်။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
အိန္ဒိယနိုင်ငံ အငယ်တန်း ကုန်သွယ်ရေးဝန်ကြီး ဂျိုင်ယန် ရာမက်ခ်ျ မြန်မာနိုင်ငံသို့ ရောက်ရှိနေ သည့် (၄) ရက်ကြာခရီးစဉ် ကာလအတွင်း မြန်မာအစိုးရသို့ အမေရိကန်ဒေါ်လာ (၈၄) သန်း ချေးငွေထုတ်ပေးမည်ဟုလည်း အိန္ဒိယကုန်သွယ်ရေးဝန်ကြီးဌာန အရာရှိများက ယမန်နေ့က ပြောသည်။

“၀န်ကြီးအနေနဲ့ ဆိုင်ကလုန်းမုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ ပါဝါ ထရန်စဖော်မာတွေအတွက် ဒေါ်လာ (၂) သန်း ပေးဦးမှာဖြစ်ပြီး မုန်တိုင်းကြောင့် ထိခိုက်ပျက်စီးခဲ့ရတဲ့ တန်ခိုးကြီးဘုရားကြီး ပြန်ပြုပြင်ဖို့အတွက်လည်း ဒေါ်လာ (၂) သိန်းပေးဦးမှာဖြစ်ပါတယ်” ဟု အိန္ဒိယအရာရှိတဦးက ပြောသည်။
နှစ်နိုင်ငံအကြား ငွေကြေးစီးဆင်းမှု ဖြစ်ထွန်းရေးအတွက် ရည်ရွယ်ကာ ဆယ်စုနှစ်ကြာ ရင်းနှီး မြှုပ်နှံခဲ့မှုကို တိုးမြှင့်ရန်နှင့် ကာကွယ်ရန် သဘောတူညီမှုများဖြစ်ထွန်းခဲ့သည်ဟု နယူးဒေလီရှိ အဆိုပါဝန်ကြီးဌာနမှ အရာရှိတဦးက ပြောသည်။

မြန်မာအစိုးရ၏ မုန်တိုင်းကယ်ဆယ်ရေးလုပ်ငန်းများနှင့် ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအ၀န်းမှ ဝေဖန်နေချိန်၊ စစ်အုပ်ချုပ်ရေးနိုင်ငံအား ဒီမိုကရေစီအသွင် ကူးပြောင်းရေးအတွက် နိုင်ငံတကာမှ အိန္ဒိယကို ဖိအားပေးနေချိန်တွင် ထိုသဘောတူညီမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။

အိန္ဒိယနိုင်ငံသည် ၁၉၉၀ ခုဝန်းကျင်အထိ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကို ထောက်ခံအားပေးခဲ့သည်။ သို့ရာတွင် မြန်မာနိုင်ငံသည် မြန်ဆန်သော စီးပွားရေး တိုးတက်မှုအတွက် စွမ်းအင် အရင်းအမြစ် သော့ချက်ဖြစ်သည်ဟု သဘောထားလာသည့်အတွက် စစ်အစိုးရနှင့် ပူးပေါင်းလုပ်ဆောင်မှုများ ရှိလာသည်။

အိန္ဒိယနိုင်ငံခြားရေး ၀န်ကြီးဌာန၏ ၂၀၀၅-၂၀၀၆ ခုနှစ် စာရင်းအရ နှစ်နိုင်ငံကြား ကုန်သွယ်မှုသည် စုစုပေါင်း ဒေါ်လာ (၅၉၀) သန်းအထိ ရှိသည်ဟု သိရှိရသည်။

အိန္ဒိယမှ အရှေ့တောင်အာရှသို့ ကုန်သွယ်မှုလမ်းကြောင်းသစ် ပွင့်စေနိုင်မည့် ဘင်္ဂလားပင်လယ် အော်ရှိ မြန်မာနိုင်ငံ စစ်တွေဆိပ်ကမ်းတွင် အိန္ဒိယမှ ဒေါ်လာ (၁၃၀) သန်း ရင်းနှီးမြှုပ်နှံမည် ဆိုသည့် သဘောတူညီ ချက်ကိုလည်း ပြီးခဲ့သည့် ဧပြီလတွင် နှစ်နိုင်ငံ သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။

ပြီးခဲ့သည့် နှစ်ပိုင်းကလည်း နယူးဒေလီသည် မြန်မာနိုင်ငံတွင် သဘာဝဓာတ်ငွေ့ ရှာဖွေတူးဖော် ရေးအတွက် ဒေါ်လာ (၁၅၀) သန်း ရင်းနှီးမြှုပ်နှံမည်ဟု ကတိပြုထားခဲ့သည်။

မြန်မာနိုင်ငံတွင် မေလ (၂) ရက်နှင့် (၃) ရက်တို့တွင် လူပေါင်း (၁) သိန်း (၃) သောင်းကျော် အသေအပျောက် ဖြစ်စေခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်း ဖြစ်ပြီးပြီးချင်း မြန်မာနိုင်ငံကို ကူညီသည့် နိုင်ငံများထဲတွင် အိန္ဒိယနိုင်ငံလည်း အပါအ၀င်ဖြစ်သည်။ ။

Rest of your post

အပြည့်အစုံဖတ်လိုလျှင်

မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ဒေ၀ူးက တရုတ်နိုင်ငံသို့ ရောင်းမည်

agencies / ၂၃ ဇွန် ၂၀၀၈
မြန်မာနိုင်ငံ သဘာဝဓာတ်ငွေ့လုပ်ကွက်များမှ သဘာဝဓာတ်ငွေ့များကို တရုတ်အမျိုးသား Petrolem ကော်ပိုရေးရှင်း (CNPC) သို့ ရောင်းချမည်ဟု တောင်ကိုရီးယားနိုင်ငံ ကုန်သွယ်ရေး ကုမ္ပဏီတခုဖြစ်သော ဒေ၀ူးအင်တာနေရှင်နယ် ကော်ပိုရေးရှင်းက ပြောသည်။ ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
မြန်မာ့ကမ်းလွန်လုပ်ကွက်များဖြစ်သည့် (A-1) နှင့် (A-3) လုပ်ကွက်တို့မှ သဘာဝဓာတ်ငွေ့များကို တရုတ်နိုင်ငံ၏ အကြီးမားဆုံး လောင်စာကုမ္ပဏီအား ထောက်ပံ့ရန် ပဏာမသဘောတူညီချက်ကို ဇွန်လ (၂၀) ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ပြီဟု ဆိုးလ်မြို့အခြေစိုက် ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်းက ယနေ့ ထုတ်ဖော်ပြောဆိုသည်။

မြန်မာ့ရေနံနှင့် သဘာဝဓာတ်ငွေ့အင်တာပရိုက်စ်မှလည်း လုပ်ကွက်များ ဖွံ့ဖြိုးတိုးတက်ရေးတွင် ပါဝင်ရန် သဘောတူညီခဲ့ပြီး ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်း၏ ရင်းနှီးမြှုပ်နှံငွေကို (၆၀) ရာခိုင် နှုန်းမှ (၅၁) ရာခိုင်နှုန်းသို့ လျှော့ချလိုက်သည်ဟုလည်း သဘောတူညီချက်အရ သိရှိရသည်။

မြန်မာ့ရေနံမှ ရင်းနှီးမြှုပ်နှံမှု (၁၅) ရာခိုင်နှုန်း၊ ရေနံနှင့်သဘာဝဓာတ်ငွေ့ ကော်ပိုရေးရှင်းမှ (၁၇) ရာခိုင်နှုန်း၊ GAIL အိန္ဒိယ လီမိတက်မှ (၈.၅) ရာခိုင်နှုန်းနှင့် ကိုရီးယား ဓာတ်ငွေ့ကော်ပိုရေးရှင်းမှ (၈.၅) ရာခိုင်နှုန်းတို့ ပါဝင်မည်ဖြစ်သည်။

ဒေ၀ူးသည် မြန်မာနိုင်ငံတွင် နောက်ထပ် သဘာဝဓာတ်ငွေ့လုပ်ကွက် (၄) ခုကိုလည်း စူးစမ်း ရှာဖွေနေဆဲဖြစ်ပြီး မြန်မာနိုင်ငံမှ သဘာဝဓာတ်ငွေ့များကို ဒီဇင်ဘာ (၅) ရက်နေ့မှ စတင်ပြီး ပိုက်လိုင်းများမှတဆင့် ပို့ဆောင်မည်ဟု ဒေ၀ူး နိုင်ငံတကာ ကော်ပိုရေးရှင်းက ပြောသည်။

သဘာဝဓာတ်ငွေ့ ထုတ်လုပ်နိုင်မည်ဟု ယူဆရသည့် ၂၀၁၂ ခုမှ စတင်ပြီး (၂၅) နှစ်ကာလအတွင်း အမေရိကန်ဒေါ်လာ (၁၀) ဘီလီယံ အကျိုးအမြတ်ရနိုင်မည်ဟု မျှော်လင့်ကြောင်း ဒေ၀ူး၏ အစီရင် ခံစာတ စောင်တွင် ဖော်ပြထားကြောင်း သိရသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်

ဆန္ဒပြမှုများကို လက်ခံမည်မဟုတ်ဟု ထိုင်းဝန်ကြီးချုပ်ပြော


ထိုင်းဝန်ကြီးချုပ် နုတ်ထွက်ရန် ဆန္ဒပြနေသူများ

AFP/Bangkok Post ၂၃ ဇွန် ၂၀၀၈
ထိုင်းဝန်ကြီးချုပ် စမတ်စန်ဒါရာဝက်က ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (ပီအေဒီ) ကဦးဆောင်၍ ၎င်းအားနုတ်ထွက်ပေးရန် တောင်းဆိုနေမှုများကို အလျှော့ပေးမည်မဟုတ်ဘဲ ပါလီမန်အတွင်း အယုံအကြည်မရှိ အဆိုတင်မှုကိုသာ ရင်ဆိုင်မည်ဖြစ်ကြောင်းပြောသည်။ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
ပြည်သူ့ဒီမိုကရေစီတပ်ပေါင်းစု (ပီအေဒီ) က အစိုးရရုံးအနီးတ၀ိုက်၌ စခန်းချ၍ ယင်းသို့ နုတ်ထွက်ပေးရန် တောင်းဆိုနေသည့်ကြားမှ ယနေ့ ပုံမှန်အစီအစဉ်အတိုင်း ရုံးတက်မည် ဖြစ်ကြောင်း ယမန်နေ့က ပြုလုပ်သည့် တနင်္ဂနွေ အပတ်စဉ် ရုပ်သံမိန့်ခွန်းအစီအစဉ်၌
ဝန်ကြီးချုပ်က ပြောသည်။

“ကျနော် တနင်္လာနေ့မှာ အစိုးရရုံးမှာ ရုံးပြန်တက်မှာပါ။ ကျနော်ဟာ တရားဝင် ရွေးကောက်ပွဲ ကနေ ရွေးချယ်ခံထားရတဲ့သူဖြစ်ပါတယ်” ဟု အဆိုပါရုပ်သံအစီစဉ်မှတဆင့် ထိုင်းပြည်သူများသို့ ပြောကြားခဲ့သည်။

ယခုလ (၂၀) ရက်နေ့၌ ပီအေဒီကဦးဆောင်၍ မြို့နေလူလတ်တန်းစားအများစုပါဝင်သော ဆန္ဒပြ သူ (၂၅,၀၀၀) ကျော်က ရဲများ၏ ကာရံတားဆီးမှုများကို ကျော်ဖြတ်ပြီးနောက် အစိုးရရုံး အဆောက်အအုံပြင်ပ၌ စခန်းချနေကြခြင်းဖြစ်သည်။

ဝန်ကြီးချုပ်မစ္စတာစမတ်အပါအ၀င် ဘဏ္ဍာရေးဝန်ကြီး (ဒု-၀န်ကြီးချုပ်)၊ ကုန်သွယ်ရေးဝန်ကြီး
(ဒု-၀န်ကြီးချုပ်)၊ သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ ဒု-သယ်ယူပို့ဆောင်ရေးဝန်ကြီး၊ တရားရေး
ဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးနှင့် ပြည်ထဲရေးဝန်ကြီးတို့အား အယုံအကြည်မရှိကြောင်း အဆိုတင် ထားခြင်းဖြစ်သည်။

မစ္စတာစမတ်အား စွပ်စွဲချက် (၉) ခုတင်ထားပြီး ၎င်းတို့အထဲတွင် ၀န်ကြီးချုပ်လုပ်ပိုင်ခွင့်အား အလွဲသုံး၍ ယခင်နိုင်ငံရေးသမားများ၏ အကျိုးစီးပွားများကို ဖန်တီးပေးခြင်း၊ နိုင်ငံ၏ ပြဿနာ များကို ဖြေရှင်းရာတွင် ညွန့်ပေါင်းအစိုးရကို လွဲမှားစွာဦးဆောင်ခြင်း၊ အရာရှိများ နေရာရွှေ့ပြောင်း ခြင်းနှင့် နိုင်ငံပိုင်အဖွဲ့အစည်းများ၏လုပ်ငန်းများတွင် ၀င်ရောက်စွပ်ဖက်ခြင်း၊ ပုဂ္ဂိုလ်ရေး အကျိုး စီးပွားအတွက် ရည်ရွယ်၍ နိုင်ငံတော်ဖွဲ့စည်းပုံအား ပြင်ဆင်ရန် တွန်းအားပေးခြင်းနှင့် ခေါင်းဆောင်မှုအရည်အချင်း မရှိခြင်းတို့ ပါဝင်သည်။

ထိုသို့ ပီအေဒီ၏ လူစုလူဝေးနှင့် ဆန္ဒပြနေမှုကို ကြုံတွေ့နေရသော ၀န်ကြီးချုပ်အပါအ၀င် ၀န်ကြီး (၇) ဦးအား အတိုက်အခံ ဒီမိုကရက်ပါတီကလည်း အယုံအကြည်မရှိကြောင်း ယခုလ (၁၈) ရက် နေ့က ပါလီမန်သို့ အဆိုတင်သွင်းခဲ့သဖြင့် မနက်ဖြန်တွင် ယင်းအဆိုကို ဆွေးနွေးရန် ပါလီမန် ဥက္ကဋ္ဌ ချိုင်းချစ်ချွတ်က သတ်မှတ်ပေးခဲ့သည်။

ဆန္ဒပြနေမှုများကို ရဲနှင့် စစ်တပ်သုံး၍ ဖြိုခွင်းမည်ဟု အစောပိုင်းက သတိပေးခဲ့သော်လည်း ရုန်းရင်းဆန်ခတ်မှုများ ဖြစ်ပွားမည်ကို ရှောင်ရှားလိုသောကြောင့် ဖြိုခွဲမည့် အစီအစဉ်ကို နောက်ပိုင်းတွင် ရုပ်သိမ်းခဲ့ခြင်းဖြစ်ကြောင်း ၀န်ကြီးချုပ်ကပြောသည်။

၎င်းက “ဆူပူအကြမ်းဖက်မှုတွေ မလိုလားလို့ ကျနော် စိတ်ရှည်ရှည်ထားခဲ့ပါတယ်။ ပီအေဒီနဲ့ ထိပ်တိုက်မတွေ့ဖို့ ရှောင်ရှားမှာပါ။ တိုင်းပြည်အနေနဲ့လည်း ပုံမှန်အနေအထားပဲဖြစ်ပါလိမ့်မယ်။ အစွမ်းအစကိုပြချင်တဲ့ ဘယ်သူ့ကိုမဆို ပြခွင့်ပေးရတာဟာလည်း ခိုင်လုံတဲ့အကြောင်းနဲ့ အချိန် ရှိလို့ပါ” ဟု ပြောသည်။

မြို့တော်ဘန်ကောက်မြို့လယ်၌ ယခင်လနောက်ဆုံးအပတ်မှစတင်ခဲ့သည့် စုဝေးဆန္ဒပြနေမှု များအား ဦးဆောင်နေသော ပီအေဒီကမူ ဒီမိုကရက်ပါတီက တင်သွင်းသည့် အယုံအကြည် မရှိအဆိုသည် လုံလောက်မှုမရှိသဖြင့် ၎င်းတို့၏ ဆန္ဒပြမှုများကို ဆက်လက်လုပ်ဆောင်သွား မည်ဟု ပြောသည်။ ။
Rest of your post

အပြည့်အစုံဖတ်လိုလျှင်