ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ
စင်္ကာပူနိုင်ငံရှိ မြန်မာ့အရေးတက်ကြွသူများသည် မကြာခင်ကျင်းပတော့မည့် ဆန္ဒခံယူပွဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ဖတ်ရှုလေ့လာနိုင်ရန် ယနေ့ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၂ နာရီခန့်က စင်္ကာပူနိုင်ငံသံရုံးသို့ သွားရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။
သံရုံးသို့ရောက်ရှိချိန် နေ့လည် ၂ နာရီ ခန့်မှာ သံရုံးဝန်ထမ်းများ အစည်းအဝေးလုပ်နေသောကြောင့် နေ့လည် ၂ နာရီ ၃၀ ခန့်မှာ အလုပ်ပြန်လည်စတင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား မည်သို့မည်ပုံ မဲပေးကြရမည်ဆိုသည့် စာများကို သံရုံးနံရံများမှာ ကပ်ထားတာတယ်လို့လဲသတင်းရရှိပါတယ်။
သံရုံးရှိ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား မဲပေးရမည့်ပုံစံ မဲရုံနဲ့ပတ်သက်သော အသေးစိတ်အချက်အလက်များကို မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။သို့သော်လည်း ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်ပြီး ဦးမြင့်ထွန်းအား ၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီ ခန့်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခွင့် ရရှိခဲ့ပါတယ်။
ဦးမြင့်ထွန်းမှပြောကြားရာမှာ - အခြေခံဥပဒေမူကြမ်းစာအုပ်များဖတ်ရှုလေ့လာနိုင်ရန် သံရုံး၌ ထားရှိကြောင်းနှင့် စင်္ကာပူနိုင်ငံ မြန်မာသံရုံးအနေနှင့် မဲရုံမှူးများလမ်းညွန် အတိုင်း မဲပေးမည့်သူများကို လျို့ဝှက်မဲပေးနိုင်ရန် စီစဉ်ထားကြောင်း ဖြေကြားခဲ့ပါတယ်။
ကြိုတင်ဆန္ဒမဲပေးရန်လာရောက်သူများ အနေနှင့် သံရုံးမှ ပေးသော လျှောက်လွှာကို ဖြည့်စွက်ပြီး၊ မဲပြားနှင့် စာအိတ်ကို ရယူရမှာဖြစ်ကြောင်း၊ မိမိပေးလိုသောဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် လျှို့ဝက်မဲပေးနိုင်ရန် သံရုံးမှ စီစဉ်ပေးထားမည်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ယနေ့မြန်မာသံရုံးတွင် ခွန်လာရောက်ပေးဆောင်နေကြသူများနှင့် အခြားသံရုံးနှင့်ပတ်သက်သော ကိစ္စများအတွက် ရောက်ရှိနေသူများ အားလုံး စုစုပေါင်း လူဦးရေ ၁၂၀ ကျော်ဝန်းကျင်ခန့် ရှိနိုင်တယ်လို့သတင်းရရှိပါတယ်။
မြန်မာအရေးတက်ကြွသူများအနေနှင့် ဦးမြင့်ထွန်း၏ လမ်းညွန်မှုကြောင့် အခြေခံဥပဒေမူကြမ်းစားအုပ်ကို ဖတ်ရှုရန် Consular Section မြန်မာသံရုံးအခေါ် ကောင်စစ်ဌာနတွင် တောင်းဆိုခဲ့ပေမယ့်လည်း မြန်မာသံရုံးဝန်ထမ်းများမှ အထက်အရာရှိသို့ အဆင်ဆင့်တင်ပြကာ အချိန်ဆွဲထားခဲ့တယ်လို့သိရပါတယ်၊ ညနေ ၃နာရီ ခွဲ နောက်ပိုင်းမှသာ အခြေခံဥပဒေမူကြမ်းစာအုပ်ကို ဖတ်ခွင့်ရခဲ့ပါတယ်။
၂၀၀၈ အခြေခံဥပဒေမူကြမ်းစာအုပ်နှင့်အတူ (၁၉၄၇ ခုနှစ် ၁၉၇၄ ခုနှစ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်ချက်များ စာအုပ်ငယ်) ၊ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျဉ်းချုပ်ရှင်းလင်းတင်ပြချက် စာအုပ်ငယ်) တို့ကို ရယူရန် သက်သေခံအဖြစ် စင်္ကာပူနိုင်ငံမှ မိမိအား တရားဝင်ထုတ်ပေးထား အိုင်စီ ကဒ်ပြားကို ကောင်စစ်ဌာနမှာ အပေါင်းထားပြီးမှ ဖတ်ခွင့်ရတယ်လို့ သတင်းရရှိပါတယ်။
သံရုံးတွင်ဖတ်ရှုနိုင်သော အခြေခံဥပဒေမူကြမ်းစာအုပ်၊ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း အပိုဒ် ၄၃၆။(က) တွင်ဖေါ်ပြထားသော "ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။
ဆိုတဲ့နေရာမှာ လက်ရေးဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ (ထက်ဝက်ကျော်) ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ထက်ဝက်ကျော်) ကိုလက်ရေးမူဖြင့် ပြင်ဆင်ရေးသားထားသည် ကိုဖတ်ရှုကြရတယ်လို့သတင်းရရှိပါတယ်။ ၄င်းကိစ္စနှင့်စပ်လျဉ်းပြီး ဖတ်ရှုသူများမှ သံရုံးဝန်ထမ်းများကို မေးမြန်းခဲ့ရာမှာ သံရုံးဝန်ထမ်းများအနေနဲ့ သိပ်နားမလည်ကြောင်း စာအုပ်ထဲတွင်ဖေါ်ပြထားသော အရာများအားလုံးမှာ အမှန်ဖြစ်ကြောင်း ဖြေကြားပေးခဲ့ပါတယ်။
ထူးဆန်းတာကတော့ မြန်မာ့အရေးလှုပ်ရှားသူများ မြန်မာသံရုံးသို့ရောက်ရှိချိန်တွင် စင်္ကာပူနိုင်ငံမီးသတ်မှ မြန်မာသံရုံးမှာ မီးလောင်ကြောင်းသတင်းပေးလာသောကြောင့် မီးငြိမ်းသတ်ရန် ရောက်ရှိလာကြောင်းကို သံရုံးသို့ယနေ့ရောက်ရှိခဲ့သူ မျက်မြင်သက်သေများပြောပြချက်အရ သိရှိခဲ့ရပါတယ်။ တယ်လီဖုန်း Message ရရှိသူများလဲ ထိုသတင်းအား ဖတ်မိကြမယ်ထင်ကြောင်းနှင့် မည်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုပြောကြားနိုင်တာမျိုးမရှိသေးပါဘူး။
မြန်မာ့အရေးတက်ကြွသူများအနေနဲ့လည်း လာမည့် (၂၇) ရက်နေ့ တနင်္ဂနွေနေ့ မှာအားလုံးပြိုင်တူ မြန်မာသံရုံးကို မဲသွားရောက်ပေးကြမယ်ဆိုတဲ့ သတင်းတွေလည်း ရရှိနေပါတယ်။ သံရုံးမှ ပေးပို့ထားသောစာများမှာ အရေအတွက်အားဖြင့် ၁၃၀၀၀ ခန့်ရှိပြီး စာတိုက်မှ သံရုံးသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသော စာများမှာ အစောင်၄၀၀ခန့်ရှိကြောင်းသတင်းရရှိပါတယ်။
သံရုံးသို့ဆန္ဒမဲပေးရန်လာရောက်သူများကို သံရုံးမှပေးပို့ထားသော စာရင်းနှင့်တိုက်ကာ မဲပေးခွင့်ပြုမှာဖြစ်ကြောင်းနှင့် သံရုံးနှင့်ဆက်သွယ်ထားဖူးသူများဖြစ်သော်ငြားလည်း ဖိတ်ကြားစာမရရှိသူများအတွက်ကိုမူ သံရုံးမှ မှတ်တမ်းများပြုစုရယူထားပြီး နောက်ရက်များမှာ လာရောက်မဲပေးနိုင်ရန် စီစဉ်ပေးမည်လို့ ဦးမြင့်ထွန်းကိုယ်တိုင် ဖုန်းမှတဆင့် ဖြေကြားပေးထားပါတယ်။
ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်ပြီး အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုများ သံရုံးဖက်မှ ကြိုတင်ပြင်ဆင်ထားခြင်း ရှိပါသလားလို့ မေးမြန်းခဲ့တာကိုတော့ ကျန်းမာရေးနှင့်ပတ်သက်တဲ့ ၀န်ဆောင်မှုများ ပေးနိုင်လောက်အောင် ပြင်ဆင်ထားခြင်းမရှိပေမယ့်လည်း မြန်မာသံရုံးမှ စင်္ကာပူနိုင်ငံအာဏာပိုင်များ အကူအညီဖြင့် သံရုံးလုံခြုံရေးများစီစဉ်ထားကြောင်းကိုတော့ ဦးမြင့်ထွန်းမှ ရှင်းလင်း ပြောကြားသွားကြောင်း သတင်းရရှိပါတယ်။
(၂၄)ရက် ကြာသပတေးနေ့မှ စတင်ကာ စင်္ကာပူနိုင်ငံမြန်မာသံရုံးမှ နေ့စဉ်လုပ်ဆောင်လျှက်ရှိသော အခွန်အကောက်လုပ်ငန်းများနှင့် သံရုံးနှင့်သက်ဆိုင်သော အခြားလုပ်ငန်းများ အားလုံးကို ရန်တန့်ထားမည်ဖြစ်ပြီး ဆန္ဒမဲပေးရန် အတွက် လိုအပ်သည်များကိုသာ စတင်ပြင်ဆင်ကြမည်ဖြစ်ကြောင်း ဦးမြင့်ထွန်းမှပြောပြသွားကြောင်း စုပေါင်းတင်ပြလိုက်ရပါတယ်။
ဂျေမိုး ဧပြီ ၂၃ ရက် ၂၀၀၈။
Showing posts with label ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ. Show all posts
Showing posts with label ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ. Show all posts
Friday, April 25, 2008
ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ
Posted by
54freedom
at
10:24 PM
0
comments
Subscribe to:
Posts (Atom)