နန်းဒေဝီ
တနင်္လာနေ့၊ ဇွန်လ 16 2008 19:21 - မြန်မာစံတော်ချိန်
နယူးဒေလီ။ ။ တံငါသည်လုပ်ငန်း ပြန်စဖို့အရေး ငါးဖမ်းပိုက်ကွန်နှင့် လှေမရှိတော့သဖြင့် ဘိုကလေးမြို့ပေါ်မှာ ကျပန်း အလုပ်ရှာဖွေရင်း စားဝတ်နေရေးအတွက် ကိုသိန်းစိန်တယောက် ဘဝသစ်ကို အစပြုနေပါပြီ။
ဆက်ဖတ်ရန် အပြည့်အစုံ ကို Click နှိပ်ပါ။
“အရင်တုန်းက ကျနော့်ဘဝ ဒါမျိုး မဟုတ်ပါဘူးဗျာ။ ငါးဖမ်းတုန်းကဆို လက်ထဲမှာ ငွေ ၃ သိန်းဆိုတာ အမြဲရှိတယ်။ အခုတော့ သိတဲ့သူတွေဆီမှာ စားဖို့ တောင်းစားရတဲ့ ဘဝသာသာပဲ ကျန်ပါတယ်” ဟု အသက် ၃ဝ နှစ်အရွယ် ဇနီးသည်၊ ကလေး ၂ ယောက်နှင့် ဆွေမျိုးသားချင်း ဦးရေ ၂ဝ ကျော် နာဂစ် လေမုန်တိုင်းအတွင်း သေဆုံးသွားသဖြင့် သောကဗျာပါဒ များနေရှာသူ အသက် ၃ဝ နှစ်အရွယ် ကိုသိန်းစိန်က ပြောသည်။
ယခင်က လူဦးရေ ၈ဝဝ ကျော်ရှိသည့် ဘိုကလေးမြို့နယ် မုန်တိုင်းလေးကျေးရွာတွင် ကာရာအိုကေနှင့် ဗီဒီယိုရုံလေးများဖြင့် စည်ကားသိုက်òမိက်စွာ ရှိခဲ့ပြီး ရေလုပ်ငန်း၊ လယ်ယာလုပ်ငန်းများဖြင့် စီးပွားဖြစ်လုပ်ကိုင်ခဲ့ကြပါသည်။
မုန်တိုင်းတိုက်ခတ်ပြီးနောက်ပိုင်း လူဦးရေ ၁ဝ၆ ဦးသာ အသက်ရှင်သန် ကျန်ရစ်ခဲ့ပြီး လယ်ယာနှင့် ရေလုပ်ငန်းများ ပျက်စီးကုန်သွားခဲ့သည်။
“ရွာပြန်ဖို့ကျတော့လည်း ပိုက်ကွန်၊ လှေ မရှိတော့ဘူး။ ရွာမှာက မိသားစုဝင်တွေလည်း တယောက်မှ မရှိတော့ဘူး။ ဘာမှ စားစရာ မရှိဘူးလို့ ကြားတယ်။ ပြန်ရင်လည်း ကျနော့်ဘဝ ဘာမှ ထူးခြားလာမယ် မထင်တော့ဘူးဗျ” ဟု သူက တိမ်ဝင်နေသည့် အသံဖြင့် ပြောပြသည်။
မုန်တိုင်းအပြီး ၃၇ ရက်ကြာသည့်တိုင် လမ်းပန်း ဆက်သွယ်ရေး ခက်ခဲသည့် မုန်တိုင်းလေးကျေးရွာ အပါအဝင် ပေ ၄၅ဝ သာ ကွာဝေးသည့် ကျောချင်းကပ်ရွာ ဒညင်းဖြူရွာတွင်လည်း ယခင်က ရွာသား ၇ဝဝ ကျော် ရှိခဲ့သော်လည်း ယခုအခါ ၁ဝ၅ ဦးသာ ရှင်ကျန်ရစ်ခဲ့သည်။
ထိုသူများအတွက် မည်သည့် အဖွဲ့အစည်းမှ ကယ်ဆယ်ရေး လုပ်ငန်းများ လာရောက် လုပ်ကိုင်ခြင်း မရှိသေးပါ။
“ရွာရဲ့ မိုးကောင်ကင်မှာ ဟယ်ရီကော်ပတာတွေတော့ ဝဲပျံနေတာပဲ။ ဒါပေမဲ့ အခုထိ ဘာအကူအညီမှ လာပေးတာ မရှိသေးဘူး” ဟု ပြီးခဲ့သည့်အပတ် အင်္ဂါနေ့က အဆိုပါ ရွာများမှ ပြန်လည် ရောက်ရှိလာသည့် လေဘေး ကယ်ဆယ်ရေး လုပ်ကိုင်သူတဦးက ရွာသားများ၏ ပြောဆိုချက်များကို ကိုးကားပြီး ပြန်ပြောပြပါသည်။
လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ လေဘေးကယ်ဆယ်ရေး ကူညီပေးနေသူတဦးက “မုန်တိုင်းလေးရွာမှာ လူတွေက တဲ ၃ ခုထဲမှာ ကျပ်ကျပ်သိပ်သိပ် နေရတယ်။ အိပ်တဲ့အခါ ကျတော့လည်း ထိုင်နေရင်း ငုတ်တုတ်နဲ့ အိပ်နေကြတယ်။ အကူအညီ သွားပေးတော့လည်း ကျေးဇူးတင်ပါတယ် ပြောပေမယ့် သူတို့ကြည့်ရတာ ကြောင်တောင်တောင်ပဲ” ဟု လှိုက်မောတဲ့ အသံကို တဖွဖွ ထုတ်လွှင့်ရင်း ပြောလာပါသည်။
သူက “တလစာလောက်တော့ လောက်ပေမယ့် နောက်ထပ် စားသောက်ရေးနဲ့ ကျန်းမာရေး လိုအပ်ချက်တွေတော့ ဆက်လိုနေမှာပဲ။ ကျနော်တို့ မရောက်ခင်တော့ အဖွဲ့တဖွဲ့ ရောက်သေးတယ် ပြောတယ်။ သူတို့ ပေးခဲ့တာတော့ တယောက်ကို ဆန် ၂ ဗူး - ၃ ဗူးပဲ ပေးခဲ့တယ်လို့ ပြောတယ်” ဟု ဆက်ပြောသည်။
ရှင်ကျန်ရစ်သူ အများစုသည် သားကွဲ၊ မယားကွဲ၊ မိကွဲ၊ ဖကွဲများသာဖြစ်ပြီး၊ လေတဖြူးဖြူး တိုက်ပြီး မိုးရွာချလာပါက လေမုန်တိုင်းများ ထပ်မံ တိုက်ခတ်လေမလား ဆိုသည့် အတွေးဖြင့် အထိတ်တလန့် ဖြစ်နေသည်ဟု ကယ်ဆယ်ရေး လုပ်သားများက ပြောဆိုကြသည်။
နာဂစ်မုန်တိုင်းကြောင့် ကမ်းဝေး ငါးဖမ်းစက်လှေ၊ ကမ်းနီး ငါးဖမ်းစက်လှေ (စက်တပ်၊ စက်မဲ့) စုစုပေါင်း ၂ဝ၈၈ စီး နစ်မြုပ်ခဲ့ပြီး ကမ်းနီးကမ်းဝေး ငါးဖမ်းကိရိယာ ငွေကျပ်သိန်း ၂၇၆ဝ တန်ဖိုး ဆုံးရှုံးခဲ့ပြီး၊ ရေလုပ်သား ၁၇၈၇၆ ဦး သေဆုံးကာ ၉၆၁၂ ဦး ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်းအဖွဲ့ချုပ်၏ ကနဦး သတင်း ထုတ်ပြန်ချက်များက ဆိုသည်။
“ဖြစ်နိုင်ရင် ကျနော် ဒုက္ခ ရောက်နေတဲ့ သူတွေကို ကူညီပေးချင်တယ်။ ကျနော် ဝိုင်းလုပ်ပေးချင်တယ်။ ဒါပေမဲ့ ကျနော့်မှာ ငွေကြေးမရှိဘူး” ဟု ကိုယ်တိုင်က ဒုက္ခရောက်နေသော်လည်း ကူညီမှု ပေးချင်နေသည့် ကိုသိန်းစိန်က မချိတင်ကဲ ပြောလေသည်။
ယခင်က ဘိုကလေးမြို့ပေါ်တွင် မုန်တိုင်းသင့် ဒုက္ခသည်များအား နိုင်ငံတကာ အဖွဲ့အစည်းအချို့နှင့် ပုဂ္ဂလိက အလှူရှင်များက ပံ့ပိုး ကူညီမှု ပေးခဲ့သော်လည်း ယခုအခါတွင်မူ သိသာစွာ လျော့နည်း ကျဆင်းသွားပြီ ဖြစ်သည်။ ဒုက္ခသည် အများစုလည်း နေရင်းဒေသများသို့ ပြန်သွားကြပြီ ဖြစ်သည်။
“ဒုက္ခသည် တော်တော်များများက ရွာပြန်သွားကြတယ်။ ခက်တာက ရွာတွေမှာ ဘယ်လောက် အတိုင်းအတာအထိ စားဝတ်နေရေး အဆင်ပြေနိုင်မလဲ။ ဘယ်လို ရုန်းကန်ကြမလဲဆိုတာ မပြောတတ်တော့ပါဘူး။ လူတွေက အကူအညီ လိုနေသေးတာကတော့ အမှန်ပဲ” ဟု ဘိုကလေးမြို့ရှိ လူ့အခွင့်အရေး ကာကွယ်မြှင့်တင်သူများ ကွန်ယက်မှ ဒေါ်မြင့်မြင့်မူက ပြောသည်။
မေလ ၂-၃ ရက်နေ့များတွင် တိုက်ခတ်ခဲ့သည့် နာဂစ် မုန်တိုင်းကြောင့် မြန်မာနိုင်ငံ၊ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတွင် လူဦးရေ ထောင်ချီ သေဆုံးခဲ့ပြီး၊ ၂ ဒဿမ ၄ ရာခိုင်နှုန်းကျော် ဒုက္ခရောက်ဆဲဖြစ်ကာ လူသားချင်းစာနာမှု အကူအညီ လိုအပ်နေသေးကြောင်း နိုင်ငံတကာ အဖွဲ့အစည်းများက ပြောကြားကြသည်။
ဧရာဝတီတိုင်းသည် မြန်မာနိုင်ငံ၏ ဆန်စပါးထွက်ရှိသည့် ဒေသဖြစ်သည့်အပြင် ရေလုပ်ငန်းတွင်ပါ အားထားရသလို၊ ငါး၊ ငါးခြောက်၊ ပုဇွန်၊ ပုဇွန်ခြောက်နှင့် ငံပြာရည် စသည့် ရေထွက်ပစ္စည်းများ ထွက်ရှိရာ ဒေသလည်းဖြစ်သည်။
နာဂစ်လေမုန်တိုင်း ဖြစ်ပွားပြီးနောက် ငါးဖမ်းလှေများ အများအပြား ပျက်စီးသွားကာ ရေလုပ်ငန်း လုပ်ကိုင်ကြသော ဘိုကလေး၊ မော်လမြိုင်ကျွန်းနှင့် မြောင်းမြမြို့နယ်ရှိ ရေလုပ်ငန်း လုပ်ကိုင်သူအများစု ပိုင်ဆိုင်သည့် ငါးဖမ်းလှေ အများအပြား ပျက်စီးသွားခဲ့ပြီ ဖြစ်သည်။
“အခုလည်း လူတွေက ကိုယ်ထူကိုယ်ထပဲ လုပ်နေရတာ။ ကိုယ့်အချင်းချင်း ဘယ်လို အကူအညီ ပေးရမလဲ။ အခက်အခဲရှိတဲ့သူ အချင်းချင်းတော့ ဘယ်လို ကူညီနိုင်မလဲ” ဟု ကယ်ဆယ်ရေး လုပ်သားတဦးက ပြောသည်။
နအဖ စစ်ကောင်စီမှ ဒုတိယအကြီးအကဲ ဒုတိယ ဗိုလ်ချုပ်မှူးကြီး မောင်အေးကမူ “လက်ရှိ အခြေအနေသည် စားရေးအတွက် စိုးရိမ်ပူပန်ရန် မလိုတော့ဘဲ လေဘေးသင့် ဒေသများ၏ ပြန်လည် တည်ဆောက်ရေးနှင့် ဖွံ့ဖြိုးရေးအတွက် အဓိကကျသည့် လယ်ထွန်စက်၊ ဓာတ်မြေသြဇာ၊ စက်သုံးဆီ၊ ပဲ့ထောင်လှေ၊ ငါးဖမ်းပိုက် စတဲ့ လုပ်ငန်းခွင်သုံး ပစ္စည်းများ ကူညီပေးနိုင်ရေးသာ အလေးထား ဆောင်ရွက်ရန်ဖြစ်သည်” ဟု မကြာသေးခင်က မစားရ ဝခမန်း ပြောဆိုခဲ့သည်။
မုန်တိုင်းလေးနှင့် ဒညင်းဖြူ ကျေးရွာသားများသာ အနှီစကားကို ကြားရမည်ဆိုလျှင် မပြုံးဘဲ ဝါးလုံးကွဲအောင်ဖြင့် မရီမောနိုင်ဘဲ ရင်နာမဆုံး ရှိနေကြပါဦးမည်။ ယခုအချိန်အထိ မျှော်လင့်ချက် အရိပ်အယောင်ကဖြင့် မမြင်ရသေးပေ။ တာဝန်အရှိဆုံး အာဏာပိုင် အစိုးရအတွက်မူ တွက်ရေးက တကယ့်ကို စက်သူဋ္ဌေးသာ ဖြစ်နေပါတော့သည်။
Rest of your post
Showing posts with label ရင်တွင်းဖြစ်ဆောင်းပါး. Show all posts
Showing posts with label ရင်တွင်းဖြစ်ဆောင်းပါး. Show all posts
Monday, June 16, 2008
တွက်ရေးကတော့ စက်သူဋ္ဌေး
Posted by
54freedom
at
9:50 PM
0
comments
Labels: ရင်တွင်းဖြစ်ဆောင်းပါး
Subscribe to:
Posts (Atom)